Thursday, March 11, 2010

ရွှေလိပ်ပြာလေး မရှပ်တေး

ငယ်ငယ်တုန်းကပေါ့။ ၃/ ၄ နှစ်မှာ...
အိမ်နောက်ကျောဘက် လမ်းမပေါ်မှာ အထက်တန်းကျောင်းရှိတယ်။
အိမ်ကနေဆိုရင် ၁ဝ မိနစ်လောက်ပဲ လျှောက်ရင် ရောက်ပြီ။
အိမ်ကနေ ဘယ်ဘက်ကိုထွက်၊ ပြီး ဘယ်ပြန် ထောင့်မှန်ချိုး၊ လမ်းမကိုကူး၊ ညာပြန်ထောင့်မှန်လျှောက် zip zag ပုံ သွားရင် ရောက်ရော။

အဲဒီကျောင်းထဲမှာ အားကစားပွဲ လုပ်တော့ အိမ်ကနေ အသံတွေ ကြားရတယ်။
ကိုယ်က သွားကြည့်ချင်တယ် လိုက်ပို့ပေး ပူဆာတော့ ဖေဖေက စက်ဘီးနဲ့ လိုက်ပို့တယ်။
ကျောင်းထဲ ရောက်လို့ ၅ မိနစ် မပြည့်ခင်မှာပဲ မကြည့်ချင်တော့ဘူး။
ပြန်မယ် လုပ်ပြန်ရော... ကလေးအတွက် စိတ်ဝင်စားစရာလဲ မကောင်း၊ ကောင်းကောင်းလဲ မမြင်ရလို့ နေမယ်။

အဲဒါ ဖေဖေက "ခုပဲ လာချင်တယ်။ ခုပဲ ပြန်ချင်တယ် လုပ်ပြန်ပြီ။ ပြန်ချင်ရင် ကိုယ့်ဘာသာကိုယ် ပြန်။ ဖေဖေက နေခဲ့ဦးမယ်။" လို့ ပြောတယ်။ အဲဒါနဲ့ ဂျီကျမယ် ထင်လား။ မကျဘူး။ "အင်း ပြန်မယ်။" လို့ ပြောပြီး ထွက်လာခဲ့တယ်။

ဖေဖေက စက်ဘီးတွန်းပြီး နောက်ကနေ အသာ လိုက်ကြည့်ခဲ့တယ်။
ကိုယ်က နောက်တောင် လှည့်မကြည့်ဘူး ဆိုတယ်။

အိမ်နားရောက်တော့ တောဘက်က လာရောင်းတဲ့ ဈေးသည်တချို့နဲ့ ဆုံတော့ "ဟဲ့ ကလေးလေး တယောက်တည်းလား" ကိုယ့်ကို ကြည့်မေးတော့ ကိုယ်က လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး သူတို့ကို လှမ်းထိနှုတ်ဆက်တယ် ပြောတယ်။ လမ်းမှာ ရပ်ထားတဲ့ ကားတို့ ဆိုင်ကယ်တို့ သစ်ပင်တို့ တွေ့ရင် ကလေးတွေ လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး ထိသွားကြတယ် မဟုတ်လား။

ပြီးတော့ အိမ်ထဲ ဝင်ချသွားရော...

***
အဲဒီအရွယ်လောက်မှာပဲ ၁၅ မိနစ်၊ မိနစ် ၂ဝ စာဝေးတဲ့ ဖေဖေ့ဘက် အဘိုးအဘွားအိမ်ကနေ၊ မေမေ့ဘက်အဘိုးအဘွားအိမ်ကို ဘယ်သူ့မှ မပြောဘဲ တစ်ယောက်တည်း ထွက်သွားဖူးတယ်။
အဲဒါကိုတော့ ကိုယ့်ဘာသာ မှတ်မိတယ်။

တမင် မသိအောင် ထွက်တာတော့ မဟုတ်ဘူး။
ဒီအိမ်နဲ့ ဒီအိမ်သွားတာ ဘယ်သူ့မှ လေကုန်ခံပြောစရာ မလိုဘူးများ ထင်နေခဲ့လား မသိဘူး။

ဟိုဘက်အိမ်ရောက်တော့မှ "ဟင် တစ်ယောက်တည်း လာတာလား။ ဘယ်သူပါသေးလဲ။ ဘယ်သူမှ မပါဘူးလား" နဲ့ ပျာယာတွေခတ်ပြီး... ဟိုအိမ်ကို တစ်ယောက်သွားပြော။ မပြောခင်မှာပဲ ဟိုအိမ်က လိုက်လာပြီ။ လမ်းမှာလည်း ကိုယ့်ကို တစ်ယောက်တည်း ထွက်သွားတာ မြင်လိုက်တဲ့ အသိ ဦးလေးကြီးတစ်ယောက်က နောက်က လိုက်လာကြည့်ပေးတယ် ပြောတယ်။ (အညာမှာတော့ ဒီလိုပါပဲ။)

***
အဲဒါနဲ့ ဖေဖေ့ဆီမှာ ပုံပြင်တစ်ပုဒ် ထွက်လာတယ်။
"ရွှေလိပ်ပြာလေး မရှပ်တေး" တဲ့။
သူ့မေမေ မသိအောင် တိတ်တိတ်လေး အပြင်ခိုးထွက်လို့ စုန်းမကြီးဆီ ရောက်သွားတဲ့ အကြောင်း။ စုန်းမကြီး မသိခင် လွတ်အောင် ပျံပြေးလာရလို့ အိမ်ရောက်တော့ အတောင်တွေတောင် ညောင်းကုန်တဲ့ အကြောင်း။

ဇာတ်ကြောင်းအကုန်တော့ မမှတ်မိတော့ပါဘူး။ မေ့ကုန်ပြီ။

***
အဲဒီ "ရွှေလိပ်ပြာလေး မရှပ်တေး" က သမီးလား ဖေဖေ လို့ ဖေဖေ့ကို မမေးလိုက်ရဘူး။

***

7 comments:

ကျော်နှင်းဆီလွင် said...

အဟားဟား
ငယ်ငယ်ကရီတာက သတ္တိခဲပဲ
ရီတာရေးတော့ ငယ်ဘ၀ကိုနည်းနည်းလွမ်းသွားတယ်။
;)

ချစ်ကြည်အေး said...

တချို့သော မေးခွန်းတွေက အဖြေမလိုဘူး ညီမရီတာရေ....လိပ်ပြာမလေးရေ...မရှပ်တေးလေးရေ....:)

သိင်္ဂါကျော် said...

သေချာတာပေါ့ ရွှေလိပ်ပြာလေး မရှပ်တေး က ရီတာပဲပေါ့..။ ငယ်ဘဝတွေကို ပြန်တွေးရတာ ပျော်စရာပဲနော်..

little brook said...

တစ်ပုဒ်လုံးက ငယ်ဘ၀ကို လွမ်းမောစေတယ်
မရီတာမှမဟုတ်ဘူး ကလေးတိုင်းလိုလိုကို အဲ့လိုလေးမြင်သွားတယ် ...

နောက်ဆုံးစာကြောင်းက ပိုထိထိခိုက်ခိုက်ခံစားစေသလိုပဲ
" အဲဒီ ရွှေလိပ်ပြာလေး မရှပ်တေးက သမီးလား ဖေဖေလို့ ဖေဖေ့ကို မမေးလိုက်ရဘူး " ...

ဇွန်မိုးစက် said...

း)

Bino said...

အဲဒီ "ရွှေလိပ်ပြာလေး မရှပ်တေး" က သမီးလား ဖေဖေ လို့ ဖေဖေ့ကို မမေးလိုက်ရဘူး။
I absorbed your beautiful word.
Not necessary to make a question.
That is surely "you".

BINO

khet myint myint said...

ငယ်ငယ်က ကလေး ဘဝကို ပြန်မြင်မိပါတယ်



ခမမ