မီး
ဒီပုံကို ရိုက်တော့ ညနေတစောင်း မီးမလာဘူး။
ဒီမီး (လာလိုက် ပျက်လိုက်) နဲ့ ရေခဲသေတ္တာတွေရော ကောင်းကြသေးရဲ့လား လို့ ကိုယ်မေးမိတော့... "ကောင်းပါတယ်။ မီးမှ မလာတာ ရေခဲသေတ္တာက ဒီတိုင်း တင်ထားရုံပဲ" လို့ပဲ ပြောပြီး ဟားနေကြတယ်။
လူတွေ အရမ်းကို ပြည့်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ဟား နေကြတော့တာပဲ။ <<< TZA style
အဲဒီနေ့ကတော့ ၆ ယောက် ဆုံဖြစ်တယ်။ အိမ်က အရင် post တွေမှာ ဆိုင်ကယ်စီးနေတုန်းပုံတင်ထားတဲ့ သူငယ်ချင်းရဲ့ အိမ်မှာ...။ ဟိုဟာထွက်ဝယ်လိုက် ဒီဟာထွက်ဝယ်လိုက် လုပ်ကြတာရော... မီးပျက်နေတာရောနဲ့ လူစုံပုံကို မရိုက်မိခဲ့ဘူး။
***
2010
"2010 က နောက်နှစ်ရွှေ့တယ်ဆို"
"ဟမ် ရွှေ့တာ မဟုတ်ဘူး။ လုပ်ကို လုပ်မှာ မဟုတ်ဘူး။ ထင်မနေနဲ့။"
"ဟဲ့ကောင်ရဲ့ ယောက်ျားကတိကွ"
အဲဒီအချိန် အိမ်ကို အလည်ရောက်လာတဲ့ အန်တီတစ်ယောက်က နားစွန်နားဖျားနဲ့...
"ဟင် ရွှေ့တယ်တဲ့လား။ ကောင်းတယ် ကောင်းတယ်။ ငါ့မှာ ကလေးတွေ ကျောင်းတိုးလို့တန်းလန်း ဖြစ်မှာ ရင်မောလွန်းလို့။ ရွှေ့တယ်ဆို လွတ်လွတ်ကျွတ်ကျွတ်ပဲ။"
သူ့ကလေးက နောက်နှစ် ၁ဝတန်းမို့။ :D
"ဘာမှ ယောက်ျားကတိမနေနဲ့။ ငါတော့ မထင်ဘူး။"
"အစ်မ အစ်မ ခဏလောက်လိုက်ခဲ့ပါ။ စခန်းကို"
ဟီးဟီးဟီး ဟားဟားဟား
လူတွေ အရမ်းကို ပြည့်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ဟား နေကြတော့တာပဲ။ (နောက်တခေါက်)
"အာလူးစိမ်းသုတ်က အရမ်းကောင်းတယ်နော်။ မထင်ရဘူး။"
ကိုယ်အဲဒီရောက်မှ စားဖူးခဲ့တာ။ ကောင်းတယ်။ အစကတော့ အာလူးစိမ်းသုတ်ဆိုတော့ ဘာကြီးလဲလို့။ လျှာတွေ ယားမလားမှတ်တာ။ ဘာမှ မဖြစ်ဘူး။
***
ဗြဟ္မာ့ပြည်က အပ် နဲ့ လူ့ပြည်က အပ်
ဒါနဲ့ မီးကိစ္စ ဆက်ပြောပါရစေဦး။ နေ့ခင်း မီးကို မမြင်ရတာ ကြာလှပြီလို့ ပြောတယ်။ ဒီကြားထဲမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဘယ်တော့မှ နေ့ဘက်မလာတဲ့ မီးက တစ်ရက်မှာ ၇ စက္ကန့်လောက် လာသွားတယ်တဲ့။ အဲဒီမှာ ရေစိုနဲ့ မီးခလုတ်သွားကိုင်မိတဲ့ လူတစ်ယောက် ဓါတ်လိုက်ပြီး ဆုံးတယ်။
နေ့ဘက် ဘယ်တော့မှ မလာတဲ့ မီး
၇ စက္ကန့်
လူတစ်ယောက်
ဓါတ်လိုက်
ဘာဖြစ်လို့များ အကြောင်းတွေက ဒီလောက်တိုက်ဆိုင်ရပါသလဲ။
ကိုယ်သိတဲ့လူ မဟုတ်လို့ ဝမ်းတော့ မနည်းပါဘူး။
***
ပုံမှန်၊ နေသားတကျ၊ ကျင့်သားရ
တချို့တွေ သူတို့ကတော့ ဘယ်မှ မသွားဘူး။ ဒါပေမဲ့ သူတို့ မောင်၊ အစ်ကို၊ ဦးလေး စသဖြင့် မိသားစုဝင်တွေထဲက အရွယ်ကောင်း အနည်းဆုံး တယောက်ယောက်လောက်ကတော့ နိုင်ငံခြားမှာ ရှိတတ်ကြပါရဲ့။ ဒါပေမဲ့ မီးကိစ္စနဲ့ ပတ်သတ်ရင် "စင်ကာပူမှာ မီးတော့မှန်တယ်ပေါ့" ဆိုတဲ့ စကားကို ၃/ ၄ ယောက်ထက်မနည်း မေးတာခံရတယ်။
အဲဒီနေရာမှာ အဲဒီလိုဖြစ်နေတာကို ပုံမှန်လို့ ထင်နေရုံမကဘူး။ ကျန်တဲ့နေရာတွေမှာပါ ဒီအတိုင်း ဖြစ်နေတယ် လို့ ထင်နေကြတော့တာ။ တကယ်က သူတို့ သိပါတယ်။ မသိလို့မေးတဲ့ မေးခွန်း မဟုတ်ဘူး။ မသိစိတ်ထဲမှာ စွဲနေလို့ လွှတ်ခနဲ မေးထွက်မိတဲ့ မေးခွန်းမျိုး။
လူတွေ အင်မတန် ကျင့်သားရကုန်ကြပြီ။ ဒါတင်မကသေးဘူး။
သူများတွေမှာပါ သူတို့လို ဒုက္ခမျိုးရှိတယ်လို့ (အနည်းဆုံးတော့ မသိစိတ်ထဲမှာ) ထင်ကုန်ကြပြီ။
***
ပေးစာများ
အမှတ်ရမိသေးတယ်။
စတုတ္ထတန်းအရောက်မှာ အဲဒီက ပြောင်းတော့ သူငယ်ချင်းတတွေ စာတွေ အပြန်ပြန် အလှန်လှန် ရေးခဲ့ကြတာ။ ၆ တန်း၊ ၇ တန်းလောက်ရောက်တဲ့ထိပဲ။ ၈ တန်း၊ ၉ တန်းကျတော့ အတော် စာရေးကျဲသွားပြီ။
၉ တန်းရောက်တော့ ဖြူးက ပြောင်းရပြန်ရော။ အဲဒီတော့ ဖြူးက သူငယ်ချင်းတွေနဲ့ ဆက်ရေးကြပြန်ရော။ ၁ဝ တန်းထိ။ အဲဒီမြို့နှစ်မြို့က သူငယ်ချင်းတွေနဲ့ ရေးခဲ့ပြန်ခဲ့ကြတဲ့ စာတွေဟာ ကိုယ့် စာအုပ်ဗီရိုထဲမှာ ခုထိ အထုတ်လိုက် ရှိနေတုန်းပဲ။ ခုတော့လည်း email မရှိတဲ့သူတွေနဲ့ စာ အဆက်အသွယ် ပြတ်ကုန်တာပါပဲ။ ဖုန်းတော့ အခါအားလျော်စွာ ဆက်ဖြစ်တယ်။ သတင်းတွေ နားထောင်ဖြစ်တယ်။
ဘယ်အကြောင်းအရာကို ဘယ်လိုပုံစံနဲ့ ပြောရမယ်၊
ဘယ်စကားကို ဘယ်လိုရေးပြီး ပြောရတယ်၊
ဘယ်မြင်ကွင်းကို ဘယ်ဝါကျနဲ့ တန်ဆာဆင်ရမယ် ဆိုတာတွေကို လေ့ကျင့်ခဲ့ရတဲ့ ကွင်းကြီးဟာ ကိုယ့် ငယ်သူငယ်ချင်းတွေ အားလုံးပဲပေါ့။
***
ငယ်ပေါင်းကြီးဖော် (သို့) အလျော်အစားများ
သူတို့နဲ့ ပြောရင် အရင်က အကြောင်းတွေ ပြောတယ်။ personal affair တွေ သူတို့ပြောတာ နားထောင်တယ်။ ဒီကအကြောင်း သူတို့မေးရင် ပြောပြတယ်။ များသောအားဖြင့်ကတော့ ဘာမှ မဟုတ်လဲ ဟာသလုပ်ပြီး ဟားနေမိတာပါပဲ။
တကယ်တမ်း သူတို့လက်ရှိဘဝ ကိုယ့်လက်ရှိဘဝကို သတင်းစကားဖြစ်ရုံလောက်ပဲ ပြောလို့ရတာကတော့ အမှန်ပဲ။ သူတို့လျှောက်နေတဲ့လမ်းကြောင်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို ကိုယ်မသိသလို၊ ကိုယ့်လမ်းကြောင်းက အကျိုးအကြောင်း အဆိုးအကောင်းကိုလည်း သူတို့ မသိဘူး။
ငယ်ငယ်က သူငယ်ချင်းတွေမှာ အမှတ်ရစရာတွေနဲ့ သံယောဇဉ်တွေ ပိုများကောင်းများမယ်။ ဒါပေမဲ့ ကြီးမှတွေ့ဖြစ်ပြီး လမ်းကြောင်းတူတူ လျှောက်ဖြစ်နေတဲ့ သူငယ်ချင်းတွေကတော့ နားလည်မှုတွေ ပိုများတယ်။
ကိုယ်ပြောချင်တာတစ်ခုကို နိဒါန်းမပျိုးဘဲ၊ မဆိုင်တဲ့ အကြောင်းအရာတစ်ခုကနေ ဖျတ်ခနဲ ပြောချလိုက်လဲ ဒက်ခနဲ နားလည်နိုင်တာမျိုးကတော့ နောက်ပိုင်း တွဲဖြစ်ကြတဲ့ သူငယ်ချင်းချင်းမှာပဲ တွေ့ရမယ်။
ဘာပဲဖြစ်ဖြစ် ကိုယ့်စည်းဝိုင်းထဲက မများလှတဲ့ ငယ်ပေါင်းကြီးဖော်တွေကို ကိုယ် တကယ်ပဲ ချစ်ခင်ပါတယ်။ သူတို့နဲ့ ခုချိန်ထိ ခင်မင်မပျက် ရှိနိုင်ခဲ့တာကိုလည်း ကိုယ့်ဘာသာ ကျေနပ်မိပါတယ်။
***
18th Feb 2010 (Thur)
အဲဒီနေ့က ဘုရားပေါ်တက်ပြီး မြစ်ကို ဓါတ်ပုံရိုက်ခဲ့တဲ့နေ့။ ရန်ကုန်ကို မပြန်ခင်တရက်။
ဒီနေရာတွေ ဒီလူတွေနဲ့ တစ်နှစ်တစ်ခါ ပြန်လာလိုက်၊ ပြန်သွားလိုက်၊
တွေ့လိုက် ကြုံလိုက်၊ ဆုံလိုက် ခွဲလိုက်၊ ဝမ်းနည်းလိုက် ဝမ်းသာလိုက်။ ဘဝမှာ တွေ့ဆုံ ကြုံကွဲတွေ အများကြီးကို ခဏခဏ ကြုံခဲ့ရတယ်။ ကြာတော့လည်း ကိုယ် ဘာကိုမှ အသစ်အဆန်း မဖြစ်တော့ဘူး။
နေရာဟောင်းတခုကို စွန့်ရတယ်။ နေရာသစ်တစ်ခုကို ရောက်မယ်၊ အဲဒီမှာ အသားတကျဖြစ်ပြီးရင် နောက်အသစ်တခုနဲ့ တွေ့ဖို့ ဒါတွေကို ချန်ထားခဲ့ဖို့ ပြင်ဆင်ရဦးမယ်။ ခွဲလာခဲ့ရတဲ့ နေရာကို ပြန်သွားရတယ်၊ နောက် ပြန်ခွဲလာရပြန်တယ်။ ဘဝမှာ ဒါတွေနဲ့ပဲ အသားကျခဲ့ရတယ်။
ဒီအချိန်မှာတော့ ချန်ခဲ့ရတာတွေနဲ့ ပြန်တွေ့ရင် စိတ်ကို သိပ်လွှတ်ပြီး ပျော်ရွှင်လိုက်မိတာမျိုး မဖြစ်တော့ဘူး။ ကိုယ့်ဘာသာ သတိမထားလိုက်မိခင်မှာပဲ အလိုလို သတိရှိသွားပြီ။ အဲဒီလိုဖြစ်လာတော့ သိပ်မကြာခင် ချန်ရစ်ခဲ့ရပြန်ရင် ပြင်းပြင်းထန်ထန် မခံစားမိတော့ဘူး။ ဟုန် သွားတာလည်းပါမှာပေါ့။ ကလေးဘဝကတော့ ဒါတွေ နားမလည်ဘူး။
ပြီးတော့ ကိုယ်ကြုံခဲ့ရသမျှမှာ ကိုယ် ဘယ်လောက်တောင် လောဘကြီးလည်းပဲ အရာရာတိုင်းဟာ ကိုယ့်အတွက် အလျော်အစားပုံစံနဲ့ပဲလာတယ်။ အသစ် အသစ်တွေကို ပိုင်ဆိုင်ဖို့ဆို ဆုပ်ကိုင်မိပြီးသား အရာတွေကို အမြဲ လက်လွှတ်ရတယ်။ အဲဒီထဲမှာ သံယောဇဉ်တွေက အများဆုံးပဲ။
မြန်မာပြည်ကို ပြန်ရတာ၊ ဇာတိမြို့ကို ပြန်လာရတာ ပျော်သလား လို့ မေးရင် ဒီလိုပါပဲ လို့ ကိုယ် ဖြေမိမယ်။ ဒါပေမဲ့ အချိန်စေ့လို့ အဲဒီက ပြန်သွားရတော့မယ် ဆိုတော့ ဝမ်းနည်းတယ်။
ပိုပြီး ဝမ်းနည်းစရာကောင်းတာက အဲဒီမှာ ကိုယ့်ဘဝ မရှိဘူး လို့ ခံယူမိတာပဲ။
***
ဝတ္တရားမကျေတဲ့သူ
သူတို့ကပြောတယ်။ ဖုန်းတော့ မကြာခဏ လှမ်းဆက်ပါဟာ တဲ့။ အေးပါ လို့ ကိုယ်ပြောခဲ့တယ်။ မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းရဲ့ အဖေကို စကားနဲ့ပဲ နှုတ်ဆက်စကားပါးရတယ်။
အဲဒီညက ညဉ့်နက်မှ ထမင်းထပ်စားသေးတယ်။ ညနေပိုင်း အပြင်မထွက်ခင်ကတည်းက ရန်ကုန်ကို ဘယ်နေ့ပြန်လာမယ် ဖုန်းဆက်ထားတော့ အဲဒီညမှာတော့ ခါတိုင်းညတွေလို အောက်ထပ်ဆင်းပြီး အမှောင်ထဲမှာ ဖုန်းထိုင်မပြောဖြစ်တော့ဘူး။
အိမ်မှာနေတဲ့အချိန် မေမေနဲ့ပဲ တူတူအိပ်တော့ မအိပ်ခင်ထိ စကားပြောမိနေသေးတယ်။ အိမ်မှာနေခဲ့တဲ့အချိန် ၁ဝ ရက်ပဲ ရှိတယ်။ မေမေနဲ့ ဆက်နေချင်သေးတယ် လို့ ကိုယ်တွေးမိတယ်။
***
19th Feb 2010 (Friday)
အဲဒီနေ့ မနက်စောစော ရန်ကုန် ပြန်လာခဲ့တယ်။ 24th ကျရင် သူ ခရီးထွက်ရမယ်။
***
11 comments:
သူဆိုတာ..
ပျော်စရာကြီး
ပြန်ခါနီးကျတော့နည်းနည်းလွမ်းသွားတယ်
:)
ခြောက်တန်းနှစ်ကစပြီး နွေရာသီကျောင်းပိတ်ရက်တိုင်း မေမြို့မှာသွားနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အမြဲစာရေးတယ်။ ကျောင်းပိတ်ရက်ဆို စာပို့သမားလာရင် ကိုယ့်အတွက်စာများပါမလားလို့ မျှော်ရတာအမော။ ကိုယ်ဘယ်နိုင်ငံရောက်ရောက် ဘယ်တော့မှအဆက်အသွယ်မပြတ်သွားဘဲ အပြန်အလှန်စာတွေဆက်ရေးဖြစ်တယ်။ ဖြတ်သန်းရတဲ့ အသက်အရွယ် အတွေ့အကြုံက ကိုယ်တို့ရေးတဲ့စာတွေမှာ ထင်ဟပ်နေခဲ့တာ။ ကိုယ်တို့နှစ်ယောက်လုံးမှာ စာတွေတစ်ထုပ်လိုက်ကြီးရှိတယ်။ ကိုယ်တို့နှစ်ယောက်လုံးက အီးမေးလ်နဲ့ရေးရတာထက် လက်နဲ့ရေးပြီးဖတ်ရတဲ့စာကို ပိုသဘောကျတယ်။
ဒီရောက်ပြီး ဆယ်နှစ်ကျော်ကြာနေတဲ့ သူငယ်ချင်းတစ်ယောက် ပြောပြတာ။ ငါရန်ကုန်ပြန်ရောက်တဲ့အခါ ဧည့်သည်လိုဖြစ်နေတာတဲ့။ လက်ရှိဘ၀က ဒီမှာပိုအသားကျသလိုဖြစ်နေတယ်တဲ့။ ရီတာပြောတဲ့ “အဲဒီ့မှာ ကိုယ့်ဘ၀မရှိဘူးလို့ ခံယူမိတယ်ဆိုတာ” ကိုယ်သဘောပေါက်တယ်။
စာမရေးဖြစ်ပေမယ့် ကွန့်မန်တွေမှာ ရေးဖြစ်သွားပြီ။း)
ဓာတ်လိုက်တဲ့အကြောင်း ဖတ်နေရင်း ခွိကနဲ ရီမိတယ်၊ စိတ်မကောင်းဖြစ်ပေမယ့် အဲဒီအဖြစ်အပျက်က ရီဖို့လည်းကောင်းတာ အမှန်ပဲ။
အဲဒါကြောင့်ပြောတာ လူတွေ အရမ်းပြည့်ကုန်ကြပြီ။ ဘာဖြစ်ဖြစ် ခွိ နေကြတော့တာပဲ။ :)
ညီမရေ
ဘ၀ ဟာ ကျင်လည် ရာမှာ ဘဲရှိတယ်.... ညီမ ပြောတာမှန်တယ်...
ငယ်သူငယ်ချင်း.. ငယ်ဘ၀တွေဟာ ခင်တွယ်စရာ ကောင်းပေမဲ့ ကျန်ခဲ့ပြီ...
ညီမ ဘ၀တွေ ဒို့ပြည်မှာ ရှိပါစေလို့ ဆုတောင်းတယ်
ချစ်တဲ့
ရွှေစင်
ညီမ မေးတာ မဖြေရသေးလို့ ပြန်လာခဲ့တယ်
အမ တို့ အဖိုးအဖွား တွေ အမေအဖေ တွေက ပခုက္ကူ ဆက်တွေပါ အမတို့ကတော့ မန်းသူ အစစ်တွေပါ
မသိစိတ်ထဲမှာ စွဲနေလို့ လွှတ်ခနဲ မေးထွက်မိတဲ့ မေးခွန်းမျိုး။
I like that words.
BINO
ည ၁၂ နာရီကျေိာသွားပြီ
ငယ်ငယ်ကကြည့်ရတဲ့ လွင်မိုးတို့ ကင်းကောင်တို့ပါတဲ့ သရဲလေးကောင် ပြဇာတ်သတိရတယ်။ ၊ သရဲတစ်ကောင်က မီးခဏလေးလာတဲ့အချိန်မှာ ပလပ်ပေါက်သွားကိုင်မိလို့ သေသွားပြီး သရဲဖြစ်တာလေ...။
"သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်.....
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်.....
ပလပ်ပေါက်ကိုကိုင်.... " ဆိုပြီးတောင် ဗဒင်သီချင်းဖျက်ဆိုကြသေးတယ်။
ဟုတ်တယ် မမစင်
အဲ့သတင်းကြားတော့ အဲဒီ ပျက်လုံး သွားသတိရတယ်။ ခေါင်းစဉ်ကိုတောင် "ကင်းကောင်" လို့ ရေးထားသေးတာ။ ပြီးမှ ပြန်ပြောင်းလိုက်တာ။ :)
Post a Comment