Wednesday, December 29, 2010

စိတ်ကူးယဉ်ကောင်းကင်



လွန်ခဲ့သော 14 နှစ် လောက်ဆီက သူ အတွေးထဲ ဝင်လာခဲ့သည် ထင်၏။

အဲဒီအချိန်မှာ ဒါကို တွေးဖို့ သိပ်စောခဲ့သလား၊ ဒါမှမဟုတ် ပုံမှန်ပဲလေလား ကိုယ် မသိပါ။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ ပုံမှန်ဖြစ်စေ ဒါကို ဆုံးဖြတ်နိုင်မည့် ပညာရှင်တို့အတွက်သာ ဒီအချက်က အရေးကြီးချင်ကြီးမည်။ စိတ်ကူးထဲက ဒီအကြောင်းတွေ ပြန်ရေးမည့် ကိုယ့်အတွက်တော့ ဘယ်အချိန်မှာ ကိုယ့်အတွေးထဲ ဝင်လာသလဲဆိုတာသာ
အဓိကကျတော့သည်။

ပြာလွင်သော အိပ်မက်တစ်ခုလို့သာ တင်စားချင်မိ၏။
ပန်းရောင်လွှမ်းသော ကိုယ်ပိုင်အခန်းထဲ ချဉ်းနင်းလာမည့် ကောင်းကင်မျက်နှာကျက်လေးတစ်ခုလိုပေါ့။ ကိုယ့်ကမ္ဘာထဲ နောက်ထပ်ဝင်လာမည့် အသွေးအရောင်ကလေး။ အသစ်အဆန်း အပြောင်းအလဲကိုသာ အလိုရှိတတ်လို့ ကိုယ်ဟာ အပြာရောင်ကောင်းကင်ကလေးအဖြစ် စိတ်ကူးတွေးထင်လိုချင်ခဲ့မိသည်လား မသိ။

နူးညံ့ပျော့အိကာ မွေးညင်းနုများဖုံးနေမည့် လက်တဖက်ကို ဖွဖွ ပွတ်သတ်ကြည့်မိလျှင် အနည်းငယ် ကြမ်းရှသော အထိအတွေ့ကြောင့် ထိတ်လန့်လေမည်လား။ သူ ဆတ်ခနဲ လှုပ်သွားမည်ဆိုလျှင်တော့ ကိုယ်ပါ ရောယောင်လန့်ကာ ခဏကြာမျှ မထိရက် မတို့ရက် မထိရဲ မကိုင်ရဲ ဖြစ်နေဦးမည်။ အလင်းရောင်ကို ကျင့်သားမရသေးသည့် မျက်လုံးများဖြင့် ကိုယ့်ကို လှမ်းကြည့်လေမည်လား။ ဒါဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကိုယ်အပိုင်ရလိုက်သလို ဖြစ်တော့မည်။ သေချာတာကတော့ သူ့အသံသဲ့သဲ့အားဖြင့် တညီးညီးတောက်လောင်ချင်သော ဘဝင်စိတ်များငြိမ်းသွားပေလိမ့်မည်။ ကိုယ့် လက်သန်းကလေးတစ်ချောင်းကို သူလက်ဖဝါးပြင်ထဲထည့်ကာ ဆုတ်ကိုင်စေချင်မိသည်။ ဘယ်လောက်များ နုအိနွေးထွေးလေမလဲ။

ကိုယ်နှင့်တူသည့် နှုတ်ခမ်းပါးလေးများရှိလိမ့်မည်။ မဟုတ်လျှင်တော့ ခပ်စူစူ ထူတွဲသည့် နှုတ်ခမ်းကလေးနှင့် ဖြစ်မှာပေါ့။ နှာတံပေါ်ပေါ်... ဒါတော့ သေချာသည်။ ပြီးတော့ ကိုယ်နှင့် မတူလျှင် နဖူးပြင်ကျယ်လိမ့်မည်။ ကိုယ်နဲ့ဘယ်နှစ်ရာခိုင်နှုန်းတောင် တူမှာလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းက မတူဘဲ ဖြစ်မှာလဲ၊ ဘယ်နှစ်ရာနှုန်းလောက် တူမှ ဒါမှမဟုတ် မတူဘဲနေမှ ပြီးပြည့်စုံတဲ့ ကောင်းကင်လေးဖြစ်မှာလဲဟု တစိမ့်စိမ့် တွေးမိပြန်သည်။

အင်းလေ ဒါတွေ သိပ်အရေးမကြီးပါဘူး။ ကိုယ်နဲ့ မတူလည်း ချစ်ရသူနဲ့ တူနေမှာပေါ့။ သူ့မှာ ဘာများ ရွေးစရာရှိလို့လဲ။ တစ်ခုပဲ၊ မျက်ခုံးထူထူတော့ မဖြစ်နိုင်ချေ။

ကိုယ် လုံးဝ မကြိုက်သည့် သကြားလုံး၊ ချော့ကလက်တွေကို သူ သိပ်များကြိုက်နေမလား။

အစဦးဆုံးနေ့ရက်တွေမှာ သူ လိုအပ်တာတွေ လုပ်ပေးနိုင်ဖို့ ကိုယ့်အတွက် အခက်အခဲတွေ အများကြီး ရှိလိမ့်ဦးမည်။ သို့သော်လည်း ဒါတွေ တွေးလို့ မစိုးရိမ်ချင်သေး။ ကိုယ့်ကို ဘာမှန်းမသိသည့် တစိမ်းသက်သက်ကနေ သိသိမှတ်မှတ်ကြည့်ကာ မှတ်သားပြီး၊ မှတ်မိလာတဲ့ အပြုံးကလေးတွေလည်း ကြည့်မြင်ရလိမ့်မည်။ တကယ့်ကိုပဲ ကိုယ့်လိုအင်ဆန္ဒတွေကို နှစ်သိမ့်စေလိမ့်မလားကွယ်။

ဒီလိုနဲ့ပဲ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာချိန်ကျလေမည်။

သူကလေးဟာ ပျော်မြူးစရာကိုသာ ရှာတတ်လေမည်လား၊ ကိုယ့် အနှစ်သက်ဆုံး စာအုပ်ထဲက Tai-chan (Taiji Yamanouchi) လို စူးစိုက်တည်ကြည်ကာ ရည်မှန်းချက် ကြီးလေမည်လား။

သူဘာလဲဆိုတာ စောစီးသေချာစွာ ရိပ်မိသိရှိနိုင်ဖို့၊ ပြီးတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ထိရောက်စွာ ဖေးမပေးနိုင်သူ ကိုယ် ဖြစ်လိုလှသည်။ ဘာပဲဖြစ်ဖြစ် ထိုအခိုက်အတန့်မှာတော့ နှစ်ပေါင်းများစွာ မသက်ဆိုင်သလိုဖြစ်နေခဲ့သည့် ပစ္စည်းပစ္စယများ၊ ကစားကွင်း နဲ့ ပန်းခြံ၊ ဆီးဆော၊ လျှော နဲ့ ဒန်းလို ပစ္စည်းများက သူနှင့်တွဲကာ ကိုယ့်ကို တရင်းတနှီး ပတ်သတ်လာလေဦးမည်။ အမှတ်တမဲ့ဖြတ်ကျော်လာနေကျ ထိုပစ္စည်းများအား အမှတ်ထင်ထင် ပြုံးရယ် ငေးကြည့်မိစေဦးမည်။

သူ့ကို သင်ကြားဖို့ ကြိုးစားရင်း၊ သူ့ဆီကလည်း မဆုံးနိုင်အောင် ပြန်လည်သင်ယူရပေဦးမည်။ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုယ်ဟာ တလွဲတချော် အမှားများလည်း လုပ်မိဦးမည်။ ချစ်ခြင်းဆိုတာကိုက သင်ကြားတတ်မြောက်ရတာ မဟုတ်လားလေ။ ချစ်ခင်နှစ်လိုစိတ်နဲ့ ယှဉ်တော့ တာဝန်ဆိုတာ သူမတူအောင် ချိုမြိန်မှာပါပဲဟု ထိုတခဏမှာ ဘယ်သူမှ အတည်ပြုပေးစရာမလိုအောင် ယုံကြည်မိပြန်၏။

ဒီလိုနဲ့ပဲ အချိန်ကာလတွေ ကုန်ဆုံး၊ သူဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရမည့် ချစ်မြတ်နိုးစရာ အဖြစ်ကနေ၊ အားကိုးတွယ်တာရမည့် ဂုဏ်ယူဝံ့ကြွားစရာ အဖြစ်သို့ ပြောင်းလဲသွားမည်။ သွားလေရာ ကိုယ်မပါနိုင်သော်လည်း ကိုယ့်မေတ္တာတရားများ ပါသည်ဟူသော ယုံကြည်စိတ်ဖြင့် သူ့အား ခိုင်မတ်စေလိုလှ၏။ သူ နာကျင်လေတိုင်း နှစ်သိမ့်မည့်၊ သူ လဲကျလေတိုင်း ထူမတ်မည့်၊ သူ ပြန်လာချိန်တိုင်း ကြိုဆိုမည့် နေရာတစ်ခုအဖြစ် လုံခြုံစေလိုလှ၏။

နောက်ဆုံးတော့ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာရုံသာမက၊ ကိုယ့်မျက်စေ့အောက်ကနေပါ ထွက်ခွာသွားပေလိမ့်မည်။

တကယ်တော့ ဒီဖြစ်စဉ်တွေကို လူပေါင်းများစွာ ကြုံဖူးခဲ့ကြပြီးပြီ။
သို့သော် ကိုယ့်ကျမှ ထူးဆန်းနေလေမည်လားဆိုတာ ထုံးစံအတိုင်း တွေးမိပြန်သည်။ ဘယ်သူတွေ ဘယ်လို သက်တောင့်သက်သာ ဖြတ်ကျော်လို့၊ ဘယ်သူတွေ ဘယ်လို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါသလဲ။ ဒါကိုက ဘဝထဲက ဖြစ်ရပ်မှန်အနုပညာတရပ် ဖြစ်ပေမည်။

အရိပ်ကြည့် ချစ်မြတ်နိုးခဲ့ရသည့် အရာတစ်ခုကို လက်လွှတ်ရမည့်အချိန်မှာ နှစ်သိမ့်ဖြေသာစရာ အကြောင်းတစ်ခု ရှိဖို့တော့ အနူးအညွတ် မျှော်လင့်ချင်မိသည်။

***
သူ့ကို တချိန်ချိန်မှာ တွေ့မြင်ထွေးပွေ့ရမည်ဟု စိတ်ကူးဖြင့် ကြိုရူးခဲ့ရုံမျှသာ...

***
pic from here

Monday, December 20, 2010

အိုင်စီ / သံမဏိကြက်ခြေ

ရှိုးသွားမယ် ဆိုတော့ မျက်မှန်ရှုပ်ပါတယ်လေဆို ထားပစ်ခဲ့တယ်။ ကားဂိတ်မှာ ကားစောင့်တော့မှ ဒုက္ခရောက်တော့တယ်။ အဝေးကလာနေတဲ့ကား နံပါတ်တွေ ဝါးနေလို့။

လင်းလင်း
လင်းလင်း သီချင်းတွေ ဘာမှ မရဘူး။ သွားတဲ့ ၄ ယောက်ထဲက တယောက်ပြောတာတော့ မြန်မာပြည်မှာတော့ အတော် ပေါက်တယ်ဆိုပဲ။ လင်းလင်းဆိုနေတဲ့စတိုင်က ကလေးတွေ သီချင်းဖွင့်ပြီး လုပ်ချင်တာလုပ်နေတာနဲ့ တူတယ်။ ဒါပေမဲ့ IC အစွဲနဲ့ ဆိုတော့လည်း နှစ်လိုစရာလေးတော့ ဖြစ်နေပြန်တယ်။ အတူသွားတဲ့ ပိတ်ပိတ်က လင်းလင်းခမျာ အခွေပေါက်ပေမယ့် စင်ပေါ်မှာကျ ဝါနုရှာတော့ မျက်နှာလေး ပြုံးပြီး ဆိုနေရတာ သနားလိုက်တာလို့ ဆိုတယ်။ ကိုယ်တော့ သေချာ မမြင်ရလို့ မသနားလိုက်ရဘူး။

ကိုယ်တွေသာ ဒိတ်အောက်နေလို့ မရတာ။ ကျန်တဲ့လူတွေအကုန်လုံးနီးပါးကတော့ လင်းလင်း သီချင်းတွေ ရပုံပါပဲ။ အကုန် လိုက်ဆိုနိုင်ကြတယ်။

ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ လင်းလင်း။

အာဇာနည်
ဇာနည့်ကိုတော့ "မိုးလင်းသွားအောင် ည ည ဖုန်းဆက်ဖို့ ကိုယ် ကြိုးစားရင်းနဲ့ အိပ်ရေးပျက်မယ် ဒါပါပဲ" ဆိုစေချင်မိတာ။ ဆိုမသွားဘူး။ "ကိုယ့်အနားရှိစေချင်" တော့ ဆိုသွားတယ်။ ဒါကလည်း နိုင်ငံခြားပွဲဆို မပါမဖြစ်များလား မသိ။ စစချင်း "စည်းတဘက်ခြား" ဆိုတယ်။

~~~ တားဆီးတဲ့ စည်းများရဲ့ ကြားမှာ ခြားနားခဲ့ပြီမဟုတ်လား ~~~

ညက အိပ်မက်ဆိုးမက်တာ သူ့ကြောင့်နေမှာ။

ဝိုင်ဝိုင်း
စစချင်း အဲဏီ ဆိုတယ်။ အဲဒီ ပထမအခွေထဲက သီချင်းတွေ နားစွဲပေမယ့် မကြိုက်လှဘူး။ အဲဒီအခွေ စနားထောင်ပြီးတော့ ဒီအဆိုတော် "မြစ်" ဆိုတဲ့ အသံ ပီအောင်လည်း မဆိုနိုင်ဘူးလို့ ထင်ခဲ့သေးတယ်။ long long ago ကျောင်းတုန်းက သီချင်း။

နန်းညီ ထင်တာ မှန်တယ်။ "ထာဝရ" ဆိုလိမ့်မယ်ဆိုတာ...
အဲဒီသီချင်းက ငြိမ့်ငြိမ့်ညောင်းညောင်း ဖြည်းဖြည်းဆိုမှ ပိုအရသာရှိမှာ၊ ဒါပေမဲ့ ဆူနေသလိုပဲ။ chorus ပိုဒ်ရောက်မှ အဲဒီသီချင်း ထာဝရမှန်းသိတာလည်း ပါတယ်။ သိပ်အရသာ မခံလိုက်ရဘူး။ နည ပြောတာတော့ အဲဒီသီချင်းဆိုရင် နှစ်ယောက်လက်ချင်းတွဲပြီး နားထောင်မှ အရသာပိုရှိဆိုပဲ။ ရှေ့ကအတွဲတော့ ပိုကပ်သွားကြတယ် (စတည်းကလည်း ကပ်ပြီးသားပါ သူတို့က) =D

ဝိုင်ဝိုင်း မဆိုသွားဘဲ နားထောင်ချင်မိတာ "စည်း"၊ "နင်ရှိနေသေးတယ်"။

မျိုးကြီး
ဘယ်သူမှ ဝိုင်းမဆဲကြပါဘူး။ သတိတောင်မှ မရကြပါဘူး ထင်တယ်။ အခွေသစ်ထဲက သီချင်းတွေ ဆိုသွားတယ်။ "ယူလိုက်" "လက်ခံပေးပါ" ကလွဲလို့ သိပ်မကျက်မိဘူး။ အဟောင်းတွေကျတော့လည်း ဆူဆူညံညံတွေ ဆိုသွားတယ်။

ဆိုပါလားကွယ် "ရန်သူတစ်ထောင်" တို့၊ "လမင်းနဲ့ ကြယ်စင်များ" တို့၊ "မင်းသိဖို့ကောင်းတယ်" တို့၊
"ဆန့်ကျင်ဘက်" တို့။ ကိုယ်လည်း အဟောင်းထဲကကို မထွက်ပါလား။ အဲဒီအဟောင်းတွေ ထွက်စ အသစ်တုန်းကလည်း တခါနားထောင်တာနဲ့ တန်းပြီး နားစွဲသွားတာ။ နောက်ပိုင်း အသစ်တွေကျ အဲလို မစွဲလွယ်တော့ဘူး။ ကိုယ်ကပဲ ပြောင်းသွားတာနေမယ်။ လာသမျှလူ အကုန်နီးပါး လိုက်ဆိုနေကြတာပဲ။

အငဲ
အငဲ သီချင်းတွေက စတည်းက သိပ်အများကြီး မသိတာ။ "လမ်းပြပါဦး" ဆိုသံ ကြားရတော့ ၁၅ နှစ်လောက် ပြန်ငယ်သွားသလိုပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်က သီချင်းကိုး...
9 ထဲက သီချင်းတွေ တခါနားထောင်ပြီး ဘာမှ မစွဲတာနဲ့ ဆက်နားမထောင်ဘူး။ အဲတော့ ဘာမှ မရဘူး။ "အိမ်" သီချင်းကတော့ မဆိုးပါ။ ကောင်းရှာသား။ ပြန်ရှာပြီး နားထောင်ကြည့်ဦးမယ်။

လေးဖြူ
ဆံပင်အတိုနဲ့လို့ ထင်ထားတာ၊ ဆံပင်တွေ အတော်ရှည်နေပြီ။

"အမဲလိုက်အက" နဲ့ စတက်တော့ မတ်တပ်ထရပ်မိတယ်။ ထိုင်ရတာ ညောင်းနေတာကြောင့်လည်းပါတယ်။ "စုန်းမ" ဆိုတော့ အငဲ "လမ်းပြပါဦး" ဆိုလိုက်တုန်းကလိုပဲ။ ဪ အဲ့ထက် ပိုငယ်တာပေါ့။ ၁၂ နှစ်/ ၁၃ နှစ်လောက် ပြန်ဖြစ်သွားတယ်။ "သံယောဇဉ်" "အိပ်မက်ကဗျာ" လည်း ဆိုတယ်။ နောက် "အလင်းရောင်"။ ကိုယ့်တွက်တော့ "အလင်းရောင်" က နားထောင်ရပါများလို့ ဟုန်သွားပြီဖြစ်တဲ့ သီချင်း။

"ငါ့ရဲ့ လမင်း" အတွက်တော့ ကျေးဇူးတင်ပါတယ်။ အတူလာတဲ့ထဲက ညီမလေးနှစ်ယောက်က စင်ကာပူသီချင်းတော့ မဆိုဘူးလို့ ပြောနေကြတယ်။ "တန်ဖိုး" ကိုပြောတာ။

"စာမျက်နှာ ၁၅" ဆိုစေချင်တာ။ ဆိုမသွားဘူး။
အဲဒီသီချင်းသာ အနားမှာ တခေါက်လောက် လာဆိုပြရင် မပြီးသေးတဲ့ ပန်းချီကားကို တထိုင်တည်း အပြီး ဆက်ဆွဲပစ်လိုက်မယ် တကယ်။

ပွဲသိမ်းခါနီးမှာ အငဲပြောသလား လေးဖြူပြောသလားမသိ။
ခင်ဗျားတို့ဆီမှာက ဝအောင်မဆိုရပါဘူးဗျာ... တဲ့။

ခင်ဗျားတို့ဆီမှာ...ခင်ဗျားတို့ဆီမှာ...ခင်ဗျားတို့ဆီမှာ...

မြရဲ့လ ထဲက အကြောင်းအရာတခုကို သတိရမိတယ်။

မြသည် မြို့တော်ကြီးနဲ့ ပတ်သတ်သမျှ မကောင်းသည့်အရာများအကြောင်း ပြောလိုသည့်အခါတိုင်း မြို့တော်ကြီးကို ကျွန်တော်ပိုင်ဆိုင်သကဲ့သို့ စွပ်စွဲတတ်သည်။
အစ်ကိုတို့မြို့ကြီး... တဲ့။

***
မမချစ်ကြည်နဲ့ တွေ့တယ်။ မြိုးနဲ့ တွေ့တယ်။
ပိတ်ပိတ်က ကင်မရာတွေ့တိုင်း လန့်နေတယ်။ (သူ ခိုးလုပ်တာ လူမိမှာစိုးလို့)
ညီမလေးတယောက်ယူလာတဲ့ ပဲပြားအဆာသွပ် အရမ်းကောင်းတယ်။ (သူများလုပ်တာဆို အကုန်ကောင်းတာချည်းပဲ)
စတိတ်နောက်ခံမှာ စပွန်ဆာနာမည်ထည့်တာ ပို ပေါ်နေတယ်။ IC show လား One Tea show လား ဖြစ်နေတယ်။

6~10 ကြေညာပေမယ့် 6:30~10:30 ဖြစ်တယ်။ 11 နာရီ လောလောဆယ်နေတဲ့ mrt ကို ရောက်တယ်။ taxi stand မှာ လူတွေ များတယ်။ on call ခေါ်နေကြတယ်။ အနည်းဆုံး မိနစ် 20 လောက် စိတ်ရှည်လက်ရှည် ဆက်ပြီးမှ comfort ကို ဝင်တယ်။ ဝင်ပြီးတဲ့နောက်တော့ ဘယ်လောက်မှ မကြာပါဘူး။ ကားရောက်လာတယ်။ အိမ်ပြန်ရောက်တော့ 12 နာရီ။ အင်း အိမ်ရှင်ရိုက်တာတော့ ခံရတော့မှာပဲ။

12 နာရီကျော်မှ ရေချိုးပြီး အိပ်လိုက်တာ အိပ်မက်ဆိုးတွေ မက်တယ်။ (အိပ်မက်ထဲမှာ နေပါဦး။ ခဏလောက် စောင့်ပါဦး လို့ ပြောချင်မိတယ်။ ပြောလို့မရဘူး)

***
ဒီလို အပျော်အပါးတွေ စိတ်မဝင်စားတော့ပါဘူး။ အဖော်ကောင်းလို့သာ။ သီချင်းသစ်တွေ ဘာမှ မရတော့ဘူးဆိုတဲ့နောက်တော့ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပြီ။

***
(စာကြွင်း။
မေ့လို့။ မြရဲ့လ စာသားတွေရဲ့နောက်မှာ "အို ဘုရားရေ ကျွန်မ ရင်တွေ ခုန်လိုက်တာ" ဆိုတာလေး ထည့်ဖတ်လိုက်နော်။ တဆက်တည်း ယောက်ပြားသံကြီးပါ ကြားယောင်လိုက်ပါဦး။)

Thursday, December 16, 2010

Sweet December! 16th December!


(၁)

အချိန်တချို့ကို လက်ချိုးရေမိတယ်။
'98 မှာ အသက် 18 နှစ်။ 2010 မှာ 30။
12 နှစ်ကြာတဲ့ အချိန်တွေ... ကျန်နေခဲ့ပြီဆိုတော့လည်း ဖျတ်ခနဲပဲ။

ကျောင်းတုန်းကတော့ တတွဲတွဲနေခဲ့တာ မဟုတ်ပါဘူး။ ဒီမှာလည်း တတွဲတွဲ မနေဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ အနီးဆုံးရှိပါတယ်။ တခုခုဆို ကောင်းတာကြုံကြုံ ဆိုးတာကြုံကြုံ သတိတရတွေးမိ တိုင်ပင်မိ နားညည်းအောင်အနှောင့်အယှက်ပေးမိတတ်တယ်။

ကျောင်းတုန်းကတော့ သူက ဆရာကြီးပေါ့။ စာအမြဲ ရှင်းပြတတ်တယ်။ စာရှင်းလည်း ကောင်းပါတယ်။ (ကောင်းပင်ကောင်းသော်ငြား ဘာမှ မမှတ်မိတော့ဘူး)

ဒီရောက်ပြီး ရည်းစားနဲ့အခြေအတင်ဖြစ်တဲ့ ကိစ္စတခု ပြန်ပြောပြမိတဲ့တခါတုန်းက "နင်က မိန်းကလေးပဲ၊ အလျှော့ပေးလိုက်ပါ" လို့ နောက်သလိုလိုနဲ့ အတည်ပြောဖူးတယ်။ အဲဒီတုန်းက အူကြောင်ကြောင်ဖြစ်ပြီး "အချစ်၏နောက်ဆက်တွဲ..." ထဲက စကားတခွန်းကို ပြေးပြီး သတိရမိသေးတယ်။ အဲလိုကြီးပြောလိမ့်မယ် မထင်ထားတော့ အူတူတူ ဖြစ်သွားရာက"ငါသာ နင့်ညီမဆို နင် ဒီလို ပြောမလား" ဘာလားနဲ့ ထအော်မိတယ်။ "ငါ့ညီမသာဆို နင့်ကို ငါကိုယ်တိုင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့လိုက်ဦးမယ်" တဲ့။

"အဲဒီလိုလူတစ်ယောက်နဲ့ ပတ်သတ်တယ်ဆိုရာမှာ တော်တော်ကို သည်းညည်းခံနိုင်မှဖြစ်မှာ .... ရဲ့" လို့ မှတ်လောက်သားလောက်တဲ့ လက်ချာပေးဖူးတယ်။

ဘုရား ဘုရား။ နောက် ဘယ်တော့မှ ယောက်ျားလေးသူငယ်ချင်းတယောက်ကို ဒီအကြောင်းတွေ မပြောတော့ဘူး တွေးမိတယ်။ (ဒါပေမဲ့ မနေနိုင်ပါဘူး)

အဲဒါတွေ ပြောခဲ့ဆိုခဲ့တုန်းက အမှတ်တမဲ့ပါပဲ။ နောက်ပိုင်း ပြန်သတိရနေတတ်တယ်။ သတိရတိုင်းလည်း ရီချင်တယ်။

မနှစ်ကတော့ သူ့မွေးနေ့အပြီးမှာ အတော်ကို စိတ်အခန့်မသင့်စရာတခု ဖြစ်ခဲ့တယ်။ သူပြောတဲ့စကားကို အတော်မကျေမနပ်ဖြစ်ပြီး "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိတယ်။ "ဘယ်တော့မှ ဒင်းကို ဂရုမစိုက်တော့ဘူး" တွေးမိတယ်။ ဒါပေမဲ့ ၃/၄ ရက်ရှိတော့ တော်တော် စိတ်ပြေလာပြီ။ christmas ရောက်တော့ နေ့လည်ဘက်မှာ သူများပို့ပေးတဲ့ fwd msg လေး ဖုန်းနဲ့ လှမ်းပို့မိတယ်။

အဲဒီချိန် သူ အလုပ်သစ် ပြောင်းကာစ။ အလုပ်ထဲမှာ ညလုံးပေါက် မအိပ်ရသေး၊ စားတောင် မစားရသေးဘဲ ခုမှ အိမ်ပြန်နေတယ် လို့ reply ပြန်လာတော့ ဖုန်းခေါ်ပြီး "ဘာလို့ မစားတာလဲဟဲ့။ ကေအက်ဖ်စီ မက်ဒေါ်နယ် မှာစားကြပါလား" ပြောမိတယ်။ "သင်္ဘောပေါ်ကို ဘယ် ကေအက်ဖ်စီ မက်ဒေါ်နယ်က လာပို့မှာလဲဟ" လို့ ပြန်ပြောတယ်။ (တချို့သင်္ဘောတွေ ကျွေးပေမယ့် တချို့သင်္ဘောတွေ မကျွေးဘူး။ အဲဒီနေ့ကလည်း ချော့ကလက်တွေ ဘာတွေတော့ ကျွေးထားတယ် ဆိုလား ပြောပါတယ်)။

ကြည့်စမ်း။ နိုင်ငံခြားရောက်နေပြီး၊ ဒေါ်လာတွေလည်း စားနေပြီး၊ သူများထက်လည်း လခတွေများသေး၊ အိမ်တိုင်ရာရောက် မှာစားလို့ရတဲ့ service တွေ ရှိတဲ့နိုင်ငံမှာ...
သူတော်ကောင်းကို ပစ်မှားတာများ... တယ် ကြောက်စရာကောင်း...

တော်တော့်ကို ဝမ်းသာသွားမိတယ်။ တကယ်ပြောတာ။ ငါ့ကို ပြောထားတဲ့ ဒင်း ခုတော့ ထိပြီဆိုပြီး ပျော်လိုက်တာ။ အဲဒါကိုလည်း စိတ်ထဲ မထားဘူး။ ထုတ်ပြောလိုက်သေးတယ်။ "နင် ငါ့ကို တခုခု ပြောပြီးရင် အဲလိုထိတာ ၂ ခါ ရှိပြီ" လို့။


ပထမတခါလည်း အဲလိုပဲ။ ကိုယ့်ကို ပြောချင်တာတွေပြောပြီး သိပ်မကြာဘူး။ သင်္ဘောပေါ်မှာ ညဉ့်နက်တဲ့ထိ အလုပ်ရှုပ်၊ အလုပ်ပြီးတဲ့အချိန် ကမ်းပြန်မယ့်လှေ မမီလိုက်၊ နောက်တခေါက်ကို တနာရီကြာအောင် ပြန်စောင့်ရမယ် လို့ msg ပို့တော့ ဘုရားရှိခိုးနေရက်က ဝမ်းသာအားရနဲ့ "အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ၊ နင် မစောင့်နိုင်ရင် ရေကူးလာပေါ့" လို့ ပြန်လိုက်တယ်။ "ငါ ခုထိ ထမင်းမစားရသေးဘူး" ပြောတော့ ဖုန်းကောက်ဆက်ပြီး "ဝမ်းသာလိုက်တာ နင် ငါ့ကို ပြောလို့ ဖြစ်တာ" နဲ့ ဝါးကူထိုးလိုက်မိတယ်။

မကျေမနပ်ဖြစ်တုန်းမှာ "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိပေမယ့် စိတ်ပြေသွားတော့လည်း "ဒီလို သူငယ်ချင်းမျိုးကို ဘာဖြစ်လို့များ ဒေါသတကြီး စိတ်ဆိုးမိပါလိမ့်" လို့ တွေးမိတယ်။ "နောက်ဆို သူ ဘာပြောပြော စိတ်မဆိုးဘဲ နေမယ်" လို့ တွေးမိတယ်။ ဒါပေမဲ့ အဲလိုတွေးတာ ဘယ်တော့မှ နောက်ဆုံးအကြိမ်ဖြစ်မှာ မဟုတ်မှန်းလည်း သိပါတယ်။

***
Bishan အိမ်မှာနေတုန်းက အလုပ်နဲ့ အိမ်လည်းဝေး၊ ဘလော့လည်း ဒီလောက် မရေးဖြစ်သေး၊ အိမ်မှာလည်း အိမ်ရှင်ထားခဲ့တဲ့ crt desktop တလုံးရှိတာမို့ ကိုယ်ပိုင် laptop ဝယ်ဖို့ဆိုတာ မစဉ်းစားခဲ့ဘူး။ AJ ကို ပြောင်းမယ့်အချိန်ကျတော့ ဘလော့ရေးတာလည်း နည်းနည်းအရှိန်ရ၊ အိမ်မှာကလည်း အရင်အိမ်လို ကွန်ပျူတာ မရှိတာမို့ ဝယ်ချင်လာတယ်။ အဟောင်းလဲ မဝယ်ချင်၊ လက်ထဲမှာလည်း ကွန်ပျူတာတလုံး ပက်ခနဲ ဝယ်ရလောက်အောင် ပိုက်ဆံမရှိ။ အဲဒီတော့ သူ ဝယ်ပေးမယ် ပြောပြီး၊ ချက်ချင်း မှာပေးတယ်။



အိမ်မပြောင်းခင်လေးတင် laptop တလုံး လက်ထဲရောက်လာပြီး၊ ဘလော့ကို အရှိန်မပျက် ရေးနိုင်သွားတယ် (ဒင်းကြောင့် ဒင်းကြောင့်)

နောက်မှ သူ့ကို ပိုက်ဆံ ဖြည်းဖြည်း ပြန်ပေးတယ်။ တကယ်တော့ laptop ကို မကြိုက်ပါဘူး။ အိမ်ပိုင် မရှိလို့၊ ရှိရင် desktop ပဲ ဝယ်ခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် တချိန်မှာ အသစ်လိုချင်လို့ ဝယ်မိရင်တောင် ဒီစက်ကိုတော့ ပြန်မရောင်းဘဲထားမယ်လို့ တွေးမိတယ်။



အဲဒီအချိန်က ကိုယ့်မှာ ကွန်ပျူတာ အသစ်တလုံးဝယ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိတာကို ပြန်တွေးလိုက်တိုင်း ကျေနပ်မိတယ်။ ပိုက်ဆံသာရှိရင် သူငယ်ချင်းက ကွန်ပျူတာဝယ်ပေးတယ်ဆိုတဲ့အဖြစ်ဟာ ကိုယ့်အတွက် ရှိလာမှာမဟုတ်ဘူး။ ဒီတော့ ခုလို ကြွားလို့ရမှာ မဟုတ်ဘူး။

အခြေအနေကို စိတ်ကြိုက်ပြန်ရွေးခွင့် ရမယ်ဆိုရင်တောင် လက်ထဲမှာ လိုချင်တာ ဝယ်ဖို့ ပိုက်ဆံရှိတာနဲ့ မရှိတာမှာ အဲဒီအခိုက်အတန့်အတွက် မရှိတာကိုပဲ သေသေချာချာ မလွဲမသွေ ရွေးပါမယ်။

အဲဒီစက် ဝယ်ဖြစ်တာလည်း ဒီလိုချိန်မှာပေါ့။ ဒီဇင်ဘာလကြီး။ သူ မြန်မာပြည် မပြန်ခင်လေးမှာ မှာပေးသွားတာ။ နောက် တပတ်ဆယ်ရက်ရှိတော့ ရောက်လာတယ်။ အဲဒီတုန်းက သူ့မွေးနေ့ဆုတောင်းကို ဘလော့မှာ ဖားပြီး တင်ပေးလိုက်သေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်။

ဒုတိယအကြိမ်တုန်းကတော့ သူ တင်းသွားသေးတယ်။ ဥ နဲ့ ဉ ခွဲမသိဘူး ပြောမိလို့။ အဲဒီ ပို့စ်ကို အီးမေးလ်နဲ့ ပို့ပေးတော့မှ ဖတ်ပြီး "ငါ မြန်မာစာ အရမ်းတော်တာ" ဘာညာနဲ့ လာလုပ်သွားသေးတယ်။ "နင် ကျောင်းတုန်းက ငါ့ စာအုပ်ထဲမှာ နင့်နာမည်ကို ဉ နဲ့ မပေါင်းဘဲ ဥ နဲ့ ပေါင်းထားတယ်" လို့ ပြန်ငြင်းရသေးတယ်။

ပထမအကြိမ်တုန်းက schedule နဲ့ အချိန်ကိုက်ပြီး တင်ခဲ့တာ။ ဒီနှစ်တော့ ကြိုရေးဖို့ အချိန်မရလို့၊ ရုံးမှာ မအားတဲ့ကြားက မဖြစ်မနေရေးရတယ်။

"မင်္ဂလာ မွေးနေ့ပါ သူငယ်ချင်း"
"နင် တဖြည်းဖြည်း အိုလာပြီနော်"


*********************************************
(၂)

"ရေစက်ဆိုတာ အံ့သြစရာကောင်းသလား" မေးရင် "ကောင်းတာပေါ့" လို့ပဲ မဆိုင်းမတွ ပြန်ဖြေမိမယ်။

"မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို သူရေးတဲ့ စာကလေးဖတ်ပြီး နှစ်လိုခင်မင်နိုင်သလား" မေးရင် "ဒါပေါ့" လို့ပဲ ပြန်ဖြေမိမယ်။

သူ ငယ်ငယ်က ရှုပ်ခဲ့တဲ့အကြောင်းလေး ရေးထားတာ ဖတ်ပြီး ကိုယ့်စိတ်ထဲ သဘောတကျနဲ့ နှစ်လိုမိတယ်ဆိုတာ ပြန်တွေးရင် ကိုယ့်ဘာသာတောင် အံ့သြမိသေးတယ်။

(ကိုယ့်အတွေ့အကြုံအရတော့ ရီးစားများတဲ့လူတွေဟာ အတော်နှစ်လိုစရာကောင်းတယ်။ ချွင်းချက်တော့ ရှိမှာပါ။ အုံ့ပုန်းရှုပ်တဲ့ မလည်ရှုပ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းများတဲ့လူတွေကို ပြောတာပါ။ ကိုယ့်အထုပ်လည်း ကိုယ်ဖြေရဲတယ်၊ အဲဒီအတွက် ဘယ်သူ ဘာထင်ထင် (ဘာအတင်းချချ) စိတ်ထဲမထည့်ဘူးဆိုတဲ့ လူတွေက (ကိုယ့်အတွက်) ပိုလို့ နှစ်လိုစရာကောင်းတယ်)


အော့ဖ်လိုင်း နဲ့ အွန်လိုင်းက ကိုယ် ချစ်ခင်နှစ်လိုတဲ့ လူနှစ်ယောက် မွေးနေ့တူနေတာလည်း ကျေနပ်စရာပါ။ (တခါတည်း ပေါင်းရေးလိုက်လို့ ရတာပေါ့)

"မင်္ဂလာ မွေးနေ့ပါ မမ"
"တချိန်ချိန်မှာတော့ မမနဲ့ လူချင်းတွေ့မှာပဲ လို့ စိတ်ထဲ ထင်နေတယ်"

***

Sunday, December 12, 2010

ယောက်မ

ယောက်မ
(ရေး - မြို့မငြိမ်း၊ ဆို - လေဘာတီ မမြရင်၊ မာမာအေး၊ ဖြူသီ)



ခြေဆင်း
(မကောင်းမြစ်တာ ကောင်းရာညွှန်ပါတဲ့ မိခင်

နားဝင်ငြိမ့်ညောင်း သံချိုလောင်းရင်
သံပြားကျောက်စောင်း ကျိုပျော့ပျောင်းသတဲ့ရှင်
ကိုယ့်သမီး ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံစေချင်)

မျက်စေ့အောက်တွင် အမြဲမြင်ချင် အရိပ်တကြည့်ကြည့်နှင့် သမီးကိုပင်
မိခင်တိုင်းတွင် အရွယ်ကလေး ငယ်သေးတယ်ထင်
မောင့်အပေါ် ခင်မင်တွယ်တာ သနားမညှာ
မေတ္တာဧကန် သွေလှန်ဖေါက်ပြား ယောက်ျားတစ်ပါးမမြင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

အမေကတော့ သဘောတူပါတယ်ရှင်
ဒါပေမဲ့လည်း သူငယ်နှပ်စား ကလေးထင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်
တကယ်ပင် မပယ်ချင် ယုံပါရှင်
သီးချိန် ပွင့်ချိန် မောင်ကပြောတော့
မိဘ သဘောတူတာ
မတူတာနှင့်စာရင် ပေါင်းဖို့ရန် ထင်သလောက်မလွယ်ပေဘူးရှင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို
ကားနှင့်ခိုးဖို့ လိုမယ် ပျိုမထင်
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

ဂျာမဏီတွင် အရွယ်မနှောင်းစေချင်

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့

သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ပုဆိုး နှစ်ပတ်လောက်ရှိတဲ့အပြင်
ရုက္ခစိုးလည်း ငိုက်လျက်ပင်
သူ့တစ်ကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

download လုပ်ရန်။

***
မြို့မငြိမ်း သီချင်းတွေ နားထောင်မိရင် ပြုံးမနေဘဲကို မနေနိုင်ဘူး။
ဒီသီချင်း ငယ်ငယ်တည်းက ဟိုက ဒီက အိမ်က နားထောင်ဖူးပါတယ်။
ဒါပေမဲ့ စာသားတွေ သေချာ မသိခဲ့ဘူး။

"
အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်" ဆိုတာကလွဲရင် ဘာမှသေချာမသိဘူး။

ခုမှပဲ
post အဟောင်းတွေလာဖတ်မိတဲ့ တစ်ယောက် email ကနေ link ရော mp3 file ပါ ပို့ပေးတာမို့ တင်လိုက်ပါတယ်။

စာသားတွေ ပြန်မရိုက်ဖြစ်ပါဘူး။ သူပေးတဲ့ ဒီနေရာက ပဲ ယူပါတယ်။

စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

ဆိုတာလေးတွေ
သူဘယ်လိုများ တွေးပြီး ရေးနိုင်ပါလိမ့်နော်။

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်

ကိုဇက်တီတို့လိုပဲ။ သူလည်း လတ်တလောအဖြစ်အပျက်တွေ ဆွဲထည့်တတ်ပုံရတယ်။ ဒါပေမဲ့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်

ဒါမျိုးလေးတွေ ကြားမိရင် အဲဒါ မြို့မငြိမ်းလို့ ပြောစရာမလိုတဲ့ သင်္ကေတ တစ်ခုလိုပဲ။
"သူ (အမေ) ပြောတာလည်း ဟုတ်မှာပဲရှင်" ဆိုတာရဲ့ နောက်မှာ အမေပြောစကားကို ထောက်ခံသလိုလိုနဲ့ နောက်က ထည့်လိုက်တဲ့ "ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်" ငေါ့လုံးကလေးကို နားထောင်ရတော့ တကယ်လို့များ သီချင်းရေးစားဖို့ စိတ်ကူးမိပြီး၊ ဒီစာသားတွေ နားထောင်မိရင် ရှေ့ဆက်ဖို့ တွန့်သွားတော့မှာပဲလို့ တွေးမိပြန်တယ်။

"ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင် " ဆိုတာ... ချစ်သူကလည်း ပူဆာနေပြီ၊ သူကလည်း ပါနေပြီမှာ အမေက ငယ်သေးတယ်ဆိုလို့ စောင့်ပါဦးပြောနေတဲ့ မိန်းကလေးရဲ့ အတွင်းက မကျေနပ်စိတ်ကလေးများလား တွေးမိတယ်။

အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

***
သီချင်း နဲ့ စာသားအတွက် link ပို့ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်။


***

Thursday, December 9, 2010

ရေအိုး

((KOM said: သောက်ရေအိုးပေါ်zif ခုထိုင်တာတော့မကောင်းပါဘူး နိုင်ငံခြားသားများက မေးခဲ့ရင်ဘယ်လိုရှင်းပြရမလဲ။။ ထွင်တာကတော့ထွင်ကြပါ. ဒါပေမဲ့ မြန်မာရိုးရာကို ထိပါးသလိုဘဲခံစားရပါတယ်။ အဲဒီထဲကရေက အမွန်တမြတတ်နဲ့ထားပြီးခတ်သောက်ရတဲ့ရေပါ။ ကြည့်လုပ်ကြပါဦး ပုံ ကြီးတော်ကြီး.))

***
နည်းနည်းဝင်ပြီး လျှာရှည်ပါရစေ။ =D

နေ့လည်က စီဘောက်မှာ တယောက်ပြောသွားသလိုပဲ။ ရေလောင်းအိမ်သာထဲမှာ ထည့်တာလည်း ဒီလိုအိုးမျိုးပါပဲ။ အရင်ကဆို နယ်တွေမှာ ထမင်းရည်ငှဲ့ချက်တော့... အဲလိုအိုးဟောင်းထဲမှာ ထမင်းရည်ကို ထည့်၊ ဝက်မွေးတဲ့လူတွေက လာသယ်တတ်တယ်။

နိုင်ငံခြားသားကတော့ ဘာမှ တွေးမယ်မထင်ပါဘူး။ ယေဘုယျ အသုံးအဆောင်ပစ္စည်းတစ်ခုကို အမွန်အမြတ်ဆိုတဲ့ စကားလုံးနဲ့ တွဲပြောမှသာ နားရှုပ်သွားရင်သွားမှာ။

ဒီလိုပါပဲ။ သစ်သားကနေ တံတားခင်းတော့ နင်းလျှောက်၊ ဆင်းတုတော်ထုတော့ ထိုင်ရှိခိုး။
အိုးထဲ သောက်ရေထည့်တော့ ခပ်သောက်၊ ထမင်းရည်ထည့်တော့ ဝက်စာ၊ အိမ်သာရေထည့်တော့ အိမ်သာရေအိုးပါပဲ။ တက်ထိုင်တော့ ထိုင်ခုံဖြစ်ရော။

အဲဒီပုံကို ကြည့်တာ ဘာဖီလင်ရလဲဆို တစ်ခုပဲ။
အောက်က အိုးများ မတော်လို့ ကွဲသွားရင် ဒုက္ခ။ =D

Ref: http://www.facebook.com/photo.php?fbid=472462599554&set=a.472458389554.261028.780329554

***

Friday, December 3, 2010

ထိခိုက်လာသော စကားလုံးများ




"... တစ်ယောက်ကို တစ်ယောက် အကဲခတ်ရင်း ကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့် မျက်လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲ ရှိကြလေသည်။ သည်တဒင်္ဂသည်ပင် မအိမ်ကံ၏ ဘဝတွင် အရိပ်များစွာ ထိုးခဲ့ပါ၏။ ဘဝ ဘဝက ပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခဏအတွင်း၌ပင် ဝင်းကနဲ ပြက်လိုက်သော လျှပ်စီးကဲ့သို့ ရှိလေပြီ။...
ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြ၏။"

(ခင်ခင်ထူး ရဲ့ မအိမ်ကံ)

Bishan မှာနေတုန်း blog တောင် စမရေးခင်မှာ ရွှေအမြုတေ ဖတ်ဖြစ်တုန်းကပေါ့။

အစကတည်းက မီပေမယ့် အခန်းဆက်ကို မျှော်တလင့်လင့် မလုပ်ချင်တာနဲ့ စ မဖတ်ဖြစ်ဘူး။ ဒါပေမဲ့ တစ်လပြီး တစ်လ ဝယ်မိရင်းနဲ့ လနည်းနည်းကျော်ပြီးမှ အမြည်းဖတ်မိတယ်။ နောက်ထပ် ၃ ပိုင်းလောက်ထိ ဖတ်ပြီး စာအုပ်လည်း ဆက်မဝယ်ဖြစ်တော့ပါဘူး။

အထက်က စာပိုဒ်က မအိမ်ကံ နဲ့ ကျောင်းဆရာလေး ကိုပြေသိမ်း စတွေ့တဲ့ အခန်းကို ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ 2001 လောက်က စလို့ ခံစားချက်နဲ့ ယှဉ်ပြီး၊ စာရော ကဗျာရော မရေးဖြစ်တော့တာဆိုတော့ ၇ နှစ်လောက်တောင် အဆက်ပြတ်နေပြီ ပြောလို့ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ပြန်ရေးဖို့ စိတ်မဝင်စားတော့ဘူးလို့ ထင်နေမိတယ်။

အဲဒီအခန်းလေးကို ဖတ်ရတော့ စိတ်ထဲကို ထိထိခိုက်ခိုက်ရောက်သွားပြီး စာပြန်ရေးချင်စိတ်နဲ့ ရင်တောင်ခုန်လာသလို။

"
ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသလို" ဆိုတာကို မကြာခဏ သတိရမိတယ်။

နောက် အခန်းဆက်ရေးဖြစ်တော့ အဲဒီစာသားလေး ဖတ်ရတုန်းက emotion ကို ပြန်သတိရပြီး အခန်းတခန်း ထည့်ရေးမိတယ်။ ဇာတ်ကောင်နှစ်ယောက် စတွေ့တဲ့ အခန်းမှာ။

***
တခါတခါ ဘာမှဟုတ်တဲ့ အကွက်လေးတွေက မိမိရရ ထိခိုက်လာတာ ရှိတယ်။ အဲဒီအခါ အချိန်တွေ အကြာကြီး မေ့မသွားဘဲ ပြန်ပြန်သတိရပြီး၊ စိတ်ထဲစွဲနေတော့တယ်။

"
ဘာဖြစ်မှန်းတစ်ကယ်ကိုယ်မသိခဲ့ပါဘူး. ကြာလာတော့စိတ်ထိခိုက်လာတယ်။ ဘာဖြစ်တာလဲ။ ဘာသဘောလဲ .တစ်ကယ်နားမလည်နိုင်ပါဘူး. မှတ်မှတ်ရရ..ကျောင်းစာသင်ခန်း theater ထဲက စားပွဲခုံတစ်ခုမှ မှောက်ပြီး တော်တော်ကြာအောင်ငြိမ်သက်ဝမ်းနည်းဘူးခဲ့တယ်။ နားမလည်နိုင်လွန်းလို့။"

အဲဒီ အကွက်ကလေးကိုလည်း ဖတ်ပြီးကတည်းက ခဏခဏ သတိရမိအောင် စွဲနေတယ်။ မိန်းကလေးတစ်ယောက်ရဲ့
ဘာမှ မတတ်သာဘဲ လက်လျော့လိုက်ရတဲ့ အားမလိုအားမရ ခံစားမှုကို အဲဒီ တကွက်တည်းကနေ ဖောက်ထွင်းပြီး မြင်ယောင်လိုက်မိလို့။

***
နောက် ခုလောလောဆယ်
Boku No Imoto ဆိုတဲ့ ဂျပန်ကားတစ်ကားကြည့်မိတော့ (ကား သိပ်မကောင်း) ပြကွက်ကလေးတချို့က လာထိတယ်။

အစ်ကိုဖြစ်သူ surgeon ကို ညီမကလေးက "ငယ်ငယ်တုန်းကပေါ့..." "ဟိုးတုန်းကပေါ့..." "အဲဒီတုန်းကဆိုရင်လေ..." ဆိုပြီး အကြောင်းအရာတခုခုကို ပြန်ပြန်ပြောတဲ့ အခန်းတချို့ပါတယ်။

အဝေးမှာရောက်နေတုန်း (ကိုယ်တိုင်လည်း အဝေးမှာ၊ ကိုယ်နဲ့ သိကျွမ်းပတ်သတ်ခဲ့သူတွေလည်း သိကျွမ်းခဲ့ကြတဲ့ နေရာဌာနတွေနဲ့ အဝေးမှာ) ဆိုတော့ ဟိုးတုန်းကလို့ အစချီပြီး လွမ်းလို့ကောင်း၊ ပြောလို့ကောင်းနေချိန်မှာ ကြည့်မိတော့ အဲဒီလိုပုံစံမျိုးနဲ့ စာပြန်ရေးချင်လိုက်တာလို့ ဖြစ်မိတယ်။

***
တခါတခါ စွဲမိတာတွေက ဘယ်ကဆိုတာ မှတ်မိပြီး သိနေရင်တော့ ကောင်းပါရဲ့။
တခါတခါကျ စိတ်ထဲမှာ စွဲနေတာတွေကို ကိုယ့်ဟာလို အထင်ရောက်ပြီး ထည့်သုံးမိတာ ရှိသေးတယ်။

ခုပဲ ဝိုင်ဝိုင်းသီချင်း နားထောင်ရင်းနဲ့ ဖျတ်ခနဲ ကြားမိတယ်။

***
အဲလိုပဲ ပြီးခဲ့တဲ့ အပိုင်းဟောင်းတွေထဲမှာ ဝင်းဝင်းလတ် "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" ထဲက စကားတလုံး ပါသွားဖူးသေးတယ်။

"လတ်တလောရထားသော ဘဝပေး အသိဖြင့် ကိုယ့် နားထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့၏။" ဆိုတာ...

အကုန်လုံး မတူပေမယ့် အဲဒီသဘောမျိုးပါပဲ။

***
emotion တွေ ထိခိုက် ကူးစက်ပြီး စာရေးဖြစ်ရတာမှာ အရသာတမျိုးရှိတယ်။

***
photo from here

Sunday, November 28, 2010

ဘလက်ခ်ကော်ဖီ

ကျွန်တော့်အမေက မနက် ကျွန်တော်ကော်ဖီသောက်တိုင်း ပြောလေ့ရှိတာကတော့ “မင်းဟာလေ ဘိုရူးပဲ၊ ကိုယ့်ကိုယ်ကို အင်္ဂလန်ပြန် ဘိုဆန်တယ်ဆိုပြီး ကော်ဖီကို သကြားမပါ၊ နို့မပါ၊ ဘာ အရသာမှမရှိဘဲ သောက်တတ်တယ်။ သိပ်ကြီးကျယ်မနေနဲ့၊ သကြားလေး၊ နို့လေး နည်းနည်း ထည့်သောက်စမ်းပါကွယ်။”

အဲဒီလို နေ့တိုင်းနီးပါး ကျွန်တော်ကော်ဖီသောက်တိုင်း ပြောလေ့ရှိပါတယ်။ အမေဟာ သေသာသွားတယ်။ ကျွန်တော် ဘလက်ကော်ဖီရဲ့အရသာကိုကြိုက်လို့ သကြား၊ နို့ မထည့်ဘဲသောက်တယ် ဆိုတာကို ယုံကြည်မသွားဘူး။ အနောက်တိုင်းဆန်တယ်လို့ အထင်ခံချင်လို့ ဘလက်ပဲ သောက်တယ်လို့ ထင်သွားရှာပါတယ်။

(ဒေါက်တာ ခင်မောင်ဝင်း - အသည်း/ "နိုင်ငံခြားဆိုတာ ဆောင်းပါးစုမှ")

***

Wednesday, November 24, 2010

ခုတ်ရာ နဲ့ ရှရာ

ဖတ်ဖူးတာ တစ်ခုပါ။ အသေးစိတ်အချက်တွေကိုတော့ မေ့ကုန်ပြီ။
အနောက်နိုင်ငံတစ်ခုက အားလပ်ရက် ခရီးထွက် အပန်းဖြေကြတဲ့ နေရာတစ်ခုမှာလို့ ဆိုပါတယ်။

နှစ်တိုင်း အဲဒီအချိန်ဆိုရင် အဲဒီနေရာမှာ လူစည်ကားပြီး လူငယ် လူရွယ်တွေ ခိုက်ရန်ဖြစ်ပွားနှုန်းကလည်း မြင့်တယ်။ ဒေသခံ ရဲစခန်းမှာ အဲဒီကိစ္စနဲ့ ပတ်သတ်လို့ ခေါင်းကျိန်းနေရတယ် ဆိုတယ်။ အမှုဖြစ်လို့ ဖမ်းချုပ်ရတဲ့ လူငယ်လူရွယ်ဆိုတာလည်း အချုပ်နဲ့ အပြည့်။ ဒီတော့ အမှုဖြစ်နှုန်းကျအောင် ဆိုပြီး အပြစ်ပေးတဲ့နည်းတွေကို ပြောင်းကြည့်တယ်။ ပြင်းထန်ကြည့်တယ်။ အဲဒါလည်း မရဘူးဆိုတယ်။ (လူငယ်ချင်း ရန်ဖြစ်တာမျိုး၊ တားမြစ်စည်းကမ်း ဖောက်ဖျက်တာမျိုးဆိုတော့ လိုတာထက် ပို ပြင်းထန်လို့တော့လည်း ရမှာ မဟုတ်ဘူးပေါ့လေ)

နောက်ဆုံးတော့ ရဲအရာရှိတစ်ယောက်က ဖြေရှင်းနည်း တွေ့သွားတယ်။
ပြဿနာရဲ့ အရင်းအမြစ်ကို စဉ်းစားရင်းနဲ့ အပန်းဖြေလာကြတဲ့ လူငယ်တွေ အချင်းချင်းကြားမှာ အမှုဖြစ်လို့ အချုပ်ထဲ ဝင်ရတဲ့ ကိစ္စဟာ ဂုဏ်ယူစရာလိုလုပ်နေကြတယ် လို့ သူက နားလည်သွားလို့တဲ့။ အဲဒီနေရာကို အပန်းဖြေသွားလို့မှ အချုပ်ထဲ မဝင်ခဲ့ရရင် ခေတ်မမီဘူးဆိုတာမျိုး လူငယ်တွေကြားမှာ ဖြစ်နေတာ။ ဒီတော့ သူက အချုပ်ထဲမှာ အပြစ်ပေးပုံ ပေးနည်းကို ပြောင်းလိုက်တယ်။ အချုပ်ထဲရောက်လာတဲ့ လူငယ်တွေကို အရွယ်မရောက်သေးတဲ့ ကလေးတွေ ဆက်ဆံသလိုမျိုး ဆက်ဆံပြီး အရှက်ရစေမယ့် မာန်ချပစ်နိုင်တဲ့ နည်းတွေသုံးတယ်။ ဒီတော့မှ အဲဒီဒေသမှာ အချုပ်ထဲထည့်ရလောက်တဲ့ အမှု မဖြစ်သလောက် နည်းသွားတယ်။

***
အသိ အင်ဂျင်နီယာအန်တီ တစ်ယောက် ပြောဖူးတာ။
သူက '84 ဆင်း(ep က ပါ)။ သူတို့ဆရာက ဗုဒ္ဓဘာသာအသင်းပွဲတခုမှာ ပြောဖူးတယ်တဲ့။
"ခြင် လာကိုက်ရင် မရိုက်ကြပါနဲ့။ ဒီခြင်ကို ကိုယ်က ရိုက်လိုက်ပေမဲ့ နောက်ခြင်တွေက လာကိုက်ဦးမှာပဲ"

အဲဒီ အန်တီက အဲဒီနောက်ပိုင်း ခြင် မရိုက်ဖြစ်တော့ဘူး လို့ ပြောတယ်။

ကိုယ့်လာပြောရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ ကိုယ့်လာကိုက်တဲ့ ခြင်ကို ရိုက်မိတာ ကိုက်ရကောင်းလားရယ်လို့ ဒေါသနဲ့ ရိုက်မိတာ။ နောက်ထပ် ခြင်တွေက လာမကိုက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်တာ မဟုတ်လို့။ (တကယ်တော့ အဲဒီစကားပြောတဲ့ ဆရာရဲ့ ရည်ရွယ်ချက်ဟာ ကောင်းပါတယ်။ တပည့်တွေကို အကုသိုလ်မလုပ်ဖို့ တားတာ ဆရာလုပ်ရမယ့် အလုပ်ပါပဲ)

တွေးမိတာက လုပ်ရပ်တစ်ခုကို တားနိုင်ဖို့ဆိုရင် လုပ်တဲ့လူရဲ့ ရည်ရွယ်ချက် အရင်းအမြစ်ကို အရင် မိ ဖို့လိုတယ်။

(အသက် တဖြည်းဖြည်း ကြီးလာတော့ ခြင်လာကိုက်ရင်လည်း မရိုက်မိတော့ဘူး။
ဘာကြောင့်မှ မဟုတ်ဘူး။ သတိထားပြီး ကြည့်မိလို့။)

***
ခပ်ငယ်ငယ်တုန်းကဆို သူငယ်ချင်းတစု မချက်တတ် မပြုတ်တတ်တာ ဂုဏ်ယူစရာလို့ ထင်တယ်။
အဲဒီအခါ ကိုယ့်ထက်အကြီးတွေက ဒီမချက်တတ်တဲ့ကိစ္စ ဝေဖန်ရင် (သူတို့ကတော့ မိန်းကလေးတွေတန်မဲ့ မချက်တတ်တာ ကိုယ်တွေ ရှက်ပါစေတော့လို့ ရည်ရွယ်တာ) စူဠလိပ် ရေထဲလွှတ်သလိုပဲလို့ အနီးစပ်ဆုံးပြောရမယ်ထင်တယ် (သိပ်မဆီလျော်မှန်း သိပေမဲ့ ဒီထက် ဆီလျော်တာ မသိတော့လို့)။ မချက်တတ်ဘူး မပြုတ်တတ်ဘူး စိတ်မဝင်စားဘူးဆိုတာကို ဂုဏ်လုပ်ချင်တာကိုး။ "မတတ်ဘူး မတတ်ဘူး" ဆိုတာကိုပဲ ခေါင်းတခါခါနဲ့ ပြောချင်ကြတာ။ ဆိုတော့... သူတို့အပြောတွေက အဲဒါတွေ လှည့်မကြည့်ချင်အောင် "ဆွ" ပေးတာနဲ့ ပိုတူတယ်။

သူငယ်ချင်းတစ်ယောက် ပြောဖူးတဲ့ အတန်းကြီး အစ်မတယောက်ဆို လက်ဖက်သုပ်ထဲ ထည့်စားဖို့ ကြက်သွန်ဖြူ အခွံနွှာတာ အခွံတခုလုံး ပါသွားအောင် ပြောင်အောင် မခွာရဘူး။ အပေါ်ယံ အမှေးပါးလေး ကျန်နေရမယ်လို့ လက်ချာပေးဖူးတယ် ဆိုပဲ။ သူငယ်ချင်းတွေကြားမှာ အဲဒီစကားက တမင်လုပ်ပြောရတဲ့ ပေါ်ပျူလာစကား ဖြစ်သွားရုံကလွဲပြီး တခြား ဘာသက်ရောက်မှုမှတော့ မရှိပါဘူး။

***
ဒီလိုပဲ ဝိဇ္ဇာဘာသာရပ်တွေနဲ့ ပတ်သတ်ရင်လည်း သဘောထားက အဲလိုဆန်ဆန်တွေ ရှိကြတယ်။

(သိပ်မကြာသေးခင်က အင်တာနက်မှာပဲ ဖတ်မိတယ်ထင်တယ်။ မြန်မာဆိုဒ်တခုမှာပဲလို့ ထင်ပါတယ်။

အမေရိကားမှာလည်း လူငယ်တွေ သမိုင်းကို ဆိုးဆိုးရွားရွားမသိကြတော့ဘူး ဆိုတဲ့အကြောင်း...
အမေရိကန်လူငယ်တချို့ကို ပြည်တွင်းစစ်အကြောင်းမေးတာ တော်တော်များများက ပြည်တွင်းစစ် ဖြစ်ခဲ့လို့ဖြစ်ခဲ့မှန်းတောင် မသိဘူးတဲ့။ တချို့ကဆို အမေရိကန်နိုင်ငံမှာ ဘယ်တုန်းကမှ ပြည်တွင်းစစ် မဖြစ်ခဲ့ဖူးပါဘူးလို့တောင် လာမေးတဲ့လူကို ပြန်ပြောလွှတ်တယ် ဆိုတယ်)

အမေရိကန်ပညာရေးစနစ်တော့ ဘယ်လိုဆိုတာ မသိဘူး။

ကိုယ်တွေတုန်းကလည်း ဝိဇ္ဇာဘာသာရပ်တွေ ညံ့တာ ဂုဏ်လုပ်စရာလိုလို ထင်ခဲ့တာပဲ။
မြန်မာပြည် ပညာရေးစနစ်အရ သမိုင်း ပထဝီဆိုတာ ခုကြည့် ခုရတာပဲ။ ကြက်တူရွေးနှုတ်တိုက်စွမ်းရည်ရှိရင် အမှတ်ကောင်းလို့ ရတဲ့ ဘာသာတွေပဲ။ ဘာခက်လဲ။ ဘာဦးနှောက်သုံးရလို့လဲ။ အဲဒီလိုအတွေးမျိုးဆိုတာ ငယ်တုန်းကတော့ မသိဘူး။ ခု ဒီအရွယ်ရောက်တော့ ထင်ထင်ရှားရှား မြင်လာတယ်။

နောက် ဂျူး "မိန်းမတစ်ယောက်..." ထဲမှာ ယုမော်နဲ့ နှင်း မော်လမြိုင်က ဟိုတယ်တခုမှာ တည်းနေတုန်း ယုမော်က သူ့စာတမ်းအကြောင်း ပြောရင်းနဲ့ "နှင်း ငယ်ငယ်က ပထဝီတော်သလား" လို့ မေးတယ်။ နှင်းက ခေါင်းယမ်းပြီး "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" တဲ့။ (ဒီအကြောင်းထည့်ရေးရတာ "အို... ဘုရားရေ ကျွန်မ ရင်တွေ ခုန်လိုက်တာ") <<< ယောက်ပြားနှာသံဖြင့် ဖတ်ရန်။

အဲဒီစာအုပ်ဖတ်တော့ ငယ်သေးတယ်။ ၈ တန်းထက် မပိုဘူး။ နားလည်း မလည်ဘူး။ ဖတ်ရင်းနဲ့ ပျင်းလည်းပျင်းတယ်။ အဲဒီစာအုပ်ထက် စောထွက်တဲ့ "နံရံ၏ အခြားတဘက်" ဖတ်တုန်းက နားလည်ပေမယ့် "မိန်းမတစ်ယောက်..." ကျတော့ သဘောတရားရေးရာတွေက ပိုမြင့်တယ်လေ။ ပြောရရင်တော့ နှစ်အုပ်လုံး သိပ်ကြိုက်တဲ့ စာအုပ်စာရင်းထဲမှာ မပါဘူး။ ထားပါတော့။

ပြောချင်တာက "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" လို့ သူများအပြောကို ဖတ်လိုက်ရတာကိုပဲ အရသာရှိလိုက်တာ။ ကိုယ်တိုင်လည်း ပြောချင်လိုက်တာ။ ဒါတောင်မှ တကယ်တမ်း ကိုယ်က ဘယ်ဘာသာရပ်ရယ်လို့မှ အထူးတလည် အထင်ကြီးတာ အထင်သေးတာ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ မသိစိတ်ထဲမှာတော့ ရှိပုံရတယ်။

နောက် ကျောင်းအပြီးမှာ ၆ တန်းနဲ့ ၄ တန်းကလေးကို လပိုင်းလေး စာသင်ဖြစ်တာရယ်၊ တခြားကလေးတွေကို စပ်စုမိသလောက်ရယ်နဲ့ ကြုံသလောက်ကတော့ ဝိဇ္ဇာဘာသာရပ်တွေကို အလေးမထားစိတ် ရှိတယ်။ အဲဒါလည်း ကိုယ်တွေတုန်းကလိုပဲ၊ သူ့တို့ဘာသာ သိသိကြီးနဲ့ ရှိနေတာ မဟုတ်ဘူး။ မသိလိုက်ဘဲ ရှိနေတာ။ အတန်းငယ်တွေမှာ မသိသာဘူး။ အလယ်တန်းလောက်က စလို့ သိသာတာ။ နောက်ပိုင်း အဲဒီလူတွေ သိပ္ပံလိုင်းသပ်သပ် (ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာလို) ရောက်သွားရင်တော့ ပြီးရော။ (အားလုံးတော့ မဆိုလိုပါဘူး။ ချွင်းချက်တော့ ရှိမှာပါ)

ကလေးတို့/ လူငယ်တို့ မပြောနဲ့ ကိုယ်တွေမှာတောင် အဲလိုစိတ် ရှိနိုင်တယ်။ ကိုယ်က ဘယ်ပညာရပ်ကို အဓိကထား သင်ထားပါစေ၊ တခြား ကိုယ်နဲ့ မတူတဲ့ ပညာရပ်ကို အလေးမထားစိတ်ရှိတယ်ဆိုတာတော့ မကောင်းဘူး။ မကောင်းဘူးလို့ သိတဲ့ အသိက တခြား၊ "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" လို့ ပြောပြီး ဂုဏ်လုပ်ချင်တာက တပိုင်းပေါ့။


အဲဒီအခါ ညံ့ရပါ့မလားလို့ သွားအပြစ်တင်ရင် ပိုဆိုးသွားမယ်ထင်တယ်။ သူတို့က ညံ့တာကိုပဲ ဂုဏ်လုပ်ချင်နေတာလေ။ နောက် နိုင်ငံရဲ့ အနေအထားကလည်း အကြောင်းတချက်ပေါ့။ ဘယ်ဟာက solution ပါလို့ ပြောနေတာတော့ မဟုတ်ဘူး။ ဘယ်ဟာက solution မဟုတ်နိုင်ဘူး ဆိုတာကိုပဲ ပြောတာပါ။ တစုံတရာကို တန်ဖိုးထားစေချင်ရင်တော့ တန်ဖိုးသိအောင် လုပ်မှပဲ၊ အပြစ်ဆိုတဲ့နည်းနဲ့ မရဘူး။

(သိပ္ပံလိုင်းကလူ (အထူးသဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ) ကို ဝိဇ္ဇာပိုင်းနဲ့ ပတ်သတ်လို့ မသိရကောင်းလားတော့ သွားမပြောမိစေနဲ့။ "ကြက်သွန်ဖြူ အခွံကို အကုန်ပြောင်အောင် မနွှာရဘူးနော်" ဆိုတာထက် ပိုဆိုးသွားလိမ့်မယ်)

***
 
ဘာရယ်မဟုတ်ဘူး ပျင်းလို့။

***

Thursday, November 18, 2010

လက်ရှိ အတွေးများ

၁) ဟင်းချက်စရာ ဈေးဝယ်မယ်ဆိုရင် ဗိုက်ဆာနေတဲ့ချိန် ဝယ်မှသာ ဟိုဟာလဲ ဝယ်ချင် ဒီဟာလဲ စားချင်နဲ့ ပြည့်ပြည့်စုံစုံ ပါလာတယ်။ ရုံးဆင်း ညနေစာ အရင်ဝင်စား ဗိုက်ပြည့်ပြီးမှ ntuc ဝင်ရင် ဘာမှ မယ်မယ်ရရ ပါမလာဘူး။

အဆာခံပြီးမှ ဈေးဝယ်တာကောင်းတယ်။

၂) ခုတလော သတင်းပလင်းတွေ ဖတ်မိတယ်။ တချို့တွေ ကိုယ်ဘာလုပ်လို့ လုပ်နေတာလဲဆိုတာ မသိကြဘူးထင်တယ်။ သူတို့ကိုယ်တိုင် ဆန့်ကျင်နေပါတယ်ဆိုတဲ့ အမူအကျင့် စနစ်အတိုင်းပဲ လုပ်ပြ ကိုင်ပြ ဆက်ဆံပြ သရုပ်ပြနေကြသလိုပဲ။ အဲဒီစနစ်ကို ဆန့်ကျင်ပါတယ် ဆန့်ကျင်ပါတယ် ဘယ်လိုမကောင်းတာပါလို့ အတိအလင်းအော်နေတဲ့ အများစုက ပိုပြီး အဲဒီစနစ်က အချိုးအတိုင်း ချိုးပြတတ်တယ်။ ကြာလာတော့ 'ဆန့်ကျင်တယ်' ဆိုတဲ့ ဗမာစကားက 'ပုံတူကူးတယ်' လို့တောင် အဓိပ္ပါယ်ပေါက်နေသလား ထင်မိတော့တယ်။ ပါးစပ်ဖျားမှာ တင်ထားတဲ့ စံက တစ်မျိုး၊ စိတ်ရင်းမှာ စွဲပြီး လိုက်လုပ်မိနေတဲ့ စံက တစ်မျိုးထင်တယ်။

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်တယ် ဆိုတာ နွားတွေအတွက်ပဲ မှန်သလားမသိ။ လူတွေကျ ရှေ့ဆောင်လမ်းပြက ဖြောင့်နေအောင် သွားပြလည်း နောက်ကနေ ကွေ့ကောက်ပြီး လိုက်ချင်လိုက်တာပဲ။

ရှေ့ဆောင်သူအနေနဲ့ သူ့အဝေးကလူတွေထက် သူ့လက်တကမ်းက လူတွေကို သူနဲ့ တထပ်တည်းကျနေအောင် (သူ့ခြေရာနင်းနိုင်အောင်) အရင်လုပ်ဖို့ ပိုလိုလိမ့်မလား တွေးမိတယ်။

၃) 'လေးစားတယ်' ဆိုတာ နောက်ကျောဘက်မှာ ကွယ်ပုန်းဖို့ အားကိုးရှာတာကို ခေါ်တာမဟုတ်ဘူး။ ကိုယ့်ရှေ့ကနေ ခံပေးလို့ ခံတပ်ကြီးလို သဘောထားတာကို ခေါ်တာမဟုတ်ဘူး။ ကိုယ်လေးစားတဲ့ လူရဲ့ (သတ္တိကို လိုက်မမီတောင်) စိတ်နေသဘောထား၊ အမူအကျင့်ကို ခြေရာနင်းနိုင်မှပဲ 'လေးစားတယ်' လို့ပြောတာ အဓိပ္ပါယ်ရှိတယ်ထင်တယ်။ ခု ခက်နေတာက ခြေရာနင်းဖို့ထားလို့ အဲဒီလူ သွားနေတဲ့ လမ်းကို အနီးကပ်နေတဲ့တချို့တွေ နားတောင်လည်ကြရဲ့လား မသိဘူးလို့ တွေးမိတယ်။

တကယ်နားမလည်တာက ကိုယ်တိုင်ပဲလားတော့ မသိ။

၎) ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး စိတ်အခန့်မသင့်စရာနဲ့ ကြုံရပြီဆိုရင် ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ နှမြောစရာကောင်းတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ 'ပိုက်ဆံ' မဟုတ်ဘူး။ လွယ်လင့်တကူ ထွက်လာတဲ့ 'ကူညီချင်တဲ့ စိတ်စေတနာ'။ ငွေရေးကြေးရေးအကူအညီဆိုတာ လိုအပ်နေတာ၊ အခက်အခဲဖြစ်နေတာကို မြင်တွေ့ကြားသိလို့ ပေးတာ။ ဘယ်သူမှ မတိုက်တွန်းဘဲ ကိုယ့်ဘာသာ လုပ်ချင်လို့လုပ်တဲ့ ပရဟိတလုပ်ငန်း မဟုတ်ဘူး။

နိုင်ငံခြားရောက်ပြီး ငွေကြေးနဲ့ ပညာအတွက် ရုန်းကန်နေကြတဲ့ လူချင်းအတူတူ ဘယ်သူကမှ ပိုပြီး သနားစရာ မကောင်းဘူး။ ပြီးပြီးရော ပစ်စလက်ခတ်သဘောထားရအောင် ဘယ်သူ့ပိုင်ဆိုင်မှုကမှလည်း ပိုပြီး တန်ဖိုးမနိမ့်ဘူး။

၅) မနှစ်ကရောက်လာတဲ့ 'လေရူးသုန်သုန်' ကို ဒီနှစ်မှ ဖတ်ဖြစ်ပြီး စစ်ပွဲတွေအကြောင်း စိတ်ထဲမှာ တွေးမိတယ်။ လူတွေ အများကြီးရဲ့ အသက်အိုးအိမ်စည်းစိမ် စိတ်ဓါတ်၊ ဘဝတွေ အပျက်ခံ စစ်ဖြစ်ပြီးမှသာ တခုခု ဖန်တီးနိုင်စွမ်းရှိတယ် ဆိုသရွေ့ (တနည်း စစ်ကိုရှောင်ပြီး လိုချင်တဲ့အနေအထားကို မဖန်တီးနိုင်သရွေ့) လူ့အဖြစ်ဟာ ဂုဏ်ယူစရာမကောင်းသေးဘူး။

ဒါပေမဲ့ အေးရာအေးကြောင်းလမ်းကို တဖက်တည်းက ရွေးလို့မရပေမယ့်၊ စစ်ဖြစ်ဖို့တော့ တဖက်တည်းက ရွေးလိုက်လို့ရတယ်။ ဒီတော့လည်း ခက်သားပဲ။

၆) အရင်က ရုပ်ရှင်ထဲမှာ actor တွေ ဆေးလိပ်သောက်ပြတာဟာ ကြည့်တဲ့ပရိသတ်ကို လိုက်သောက်ဖို့ ဆွဲဆောင်ရာရောက်တယ်တို့ ဘာတို့ သိပ်လက်ခံလို့ မရဘူး။ ကိုယ့်မှ မဆွဲဆောင်နိုင်တာ။ ခုတော့ တမျိုးတွေးမိတယ်။ ကြည့်တဲ့လူက အဲဒီဘက်ကို ကိုင်းညွှတ်နေရင် ကိစ္စရှိတယ်။ အလကားနေရင်း သောက်ပြတာထက် အကြောင်းတခုခုနဲ့ သောက်ပြရင် ပိုတောင်မှ ကိစ္စရှိသေးတယ်။ Long Vacation ဆိုတဲ့ ဂျပန်ဇာတ်လမ်းတွဲကို ကြည့်ပြီး အတွေးပေါက်လာတာ။

***

Friday, November 12, 2010

ကာတွန်း



facebook က တွေ့တာ။
လတ်တလောအတွက် ဟာသတွေ ကာတွန်းတွေ ဖတ်ရင် ရီတော့ ရီရပါရဲ့။ အောင့်သက်သက်နဲ့။

ဒါပေမဲ့ ဒီတခုတော့ အရမ်းဟားရလို့ share ချင်စိတ်ပေါက်လာတာ။

ပိုင်ရှင် ကန့်ကွက်ရင်တော့ ပြန်ဖြုတ်ပေးပါမယ်။

***

Tuesday, November 9, 2010

မမ နှင့် ဆက်စပ်ရာ

ရေးရင်းနဲ့ မမအကြောင်းတင်မကဘဲ ဆက်စပ်ရာတွေ တွေးမိလာတာ ချရေးထားလိုက်တယ်။ မမအကြောင်းတော့ နောက်မှ ပြန်ဆက်တော့မယ်။

***
ဖြစ်နိုင်ချေ၊ တွန်းအား၊ ပြီးမြောက်မှု

မမက ကိုယ့်မှာ ဖြစ်နိုင်စွမ်းတွေ ရှိတယ်လို့ ယူဆပုံရတယ်။ နောက် ဖြစ်အောင်လုပ်ဖို့ အခြေအနေတွေလည်း ရှိတဲ့အခါ မမတောင်မှ ဒီကျောင်းကို ရောက်သေးတာပဲ ဆိုတဲ့ စကားကို သူပြောတယ်။
တကယ်တော့ ဖြစ်တန်စွမ်းဆိုတာ တခုခုကို ရအောင်ယူဖို့ တွန်းအား မဟုတ်ဘူး။ တခုခုကိုရအောင် ကြိုးစားဖို့ ကာယကံရှင်မှာ အဲဒီအရာနဲ့ပတ်သတ်လို့ တန်ဖိုးထားစိတ်နဲ့ ယုံကြည်စိတ် ရှိဖို့လိုတယ်။

တန်ဖိုးထားစိတ် ဆိုတာကို ထပ်ရှင်းလို့ မတတ်တော့ဘူး။ ယုံကြည်စိတ် ဆိုတာတော့ သူများတွေအတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မယ် မသိ။ ကိုယ့်အတွက်တော့ တစုံတရာကို ကြိုးစားပြီး ရအောင်ယူနိုင်ခဲ့ရင် ကျေနပ်နှစ်သိမ့် နေပျော်နိုင်မှာပဲလို့ သေချာယုံကြည်နိုင်တဲ့စိတ်ပဲ။ ဘယ်လိုအရာမျိုးနဲ့ပတ်သတ်သည်ဖြစ်စေ အဲဒီစိတ်နှစ်ခုရှိမှ ရအောင်ကြိုးစားလိုတဲ့ ဆန္ဒပေါ်မယ်။ ဆန္ဒရှိပြီဆိုရင် နည်းလမ်းကို သူများက လာပေးဖို့ မလိုဘူး။ ဆန္ဒရှိတဲ့သူအဖို့ သူလိုချင်တာရဖို့ နည်းလမ်းကို သူ့ဘာသာ မရ, ရအောင်ရှာတယ်။ အခြေအနေကိုလည်း သူ့ဘာသာ မရ, ရအောင်ဖန်တီးတယ်။ အဲဒီအတွက် ကိုယ့်မှာ အကောင်းဆုံးသက်သေပြစရာရှိတယ်။ အဲဒါ မမ ကိုယ်တိုင်ပဲ။

10 တန်း result ထွက်လာတော့ အကြောင်းသိ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက် မထူးဆန်းပါဘူး။ ကိုယ့်တွက်လည်း မထူးဆန်းဘူး။ (အဲဒါအတွက် ခံစားတာ ၂ ယောက်ပဲ ရှိတယ်) မမကတော့ သူရှိရက်နဲ့ အမှတ်မကောင်းရလေလို့ ဖြစ်တယ်။ ကိုယ်ကတော့ မမရှိလို့သာ ချောချောမောမောအောင်တာလို့ သိနေပါတယ်။ (မလုပ်ချင်လို့ကို မလုပ်ဘူးလို့ မျက်နှာလွှဲထားတဲ့ ဘာသာတွေ ရှိနေတာ သိကြားမင်း ဆင်းလာသင်လည်းပဲ ဒီထက်တော့ ပိုစရာမရှိဘူးထင်တယ်)

ကိုယ့်ကို အနီးကပ်စာသင်ပေးခဲ့ရတဲ့သူတွေ စိတ်ပင်ပန်းခဲ့ကြမယ်ဆိုတာ နောက်ပိုင်း ပြန်နားလည်လာတယ်။ နားလည်ပြန်တော့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ဘဝကို 10 တန်းကနေ နောက်တခါပြန်စလည်း ကိုယ်ကတော့ ဒီအတိုင်းပဲ ပြန်လုပ်မိမှာပဲ။

ကိုယ့်အနေနဲ့ကတော့ ကိုယ်ယုံကြည်စိတ်မထားနိုင်တဲ့အရာအတွက် အထင်ကြီးစိတ် မရှိသလို၊ အထင်သေးစိတ်လည်း မရှိ။ ဘေးပတ်ဝန်းကျင်ရဲ့ အထင်အမြင်ကောင်းဖို့ဆိုတာ ထည့်မစဉ်းစားရင်၊ လူရယ်လို့ဖြစ်လာပြီး အခြေအနေပေးရင် ဘွဲ့တစ်ခုတော့ ယူရမှာပဲလို့ သတ်မှတ်ချက်မရှိခဲ့ရင်၊ ပညာကို ဂုဏ်ပကာသနတရပ်အနေနဲ့ မမက်မောတတ်ရင် (ပညာရေးကို အသုံးချပြီး မရပ်တည်ချင်တဲ့လူတွေအတွက်) ဘွဲ့ဆိုတာ ယူစရာကိုမဟုတ်ဘူး။

သူငယ်ချင်းထဲမှာ ထိပ်ဆုံးနားက တက္ကသိုလ် ၂ ခုကို ကြိုက်တာရွေးတက်လို့ရရက်နဲ့ ဘာကျောင်းမှ ဆက်မတက်တော့တဲ့တစ်ယောက်ကို မှားလိုက်လေလို့ ခုချိန်ထိ မထင်ဘူး။ (တခုတော့ ရှိတာပေါ့လေ။ ဘွဲ့မယူဘဲ အလကားထိုင်နေတာမဟုတ်လို့ပေါ့။ သူ စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိနေလို့ပေါ့။ ဆိုလိုတာက ကျောင်းပရဝုဏ်က မဟုတ်ဘဲ ပြင်ပကမ္ဘာကနေ သူ များစွာ သင်ယူနိုင်ခဲ့လို့ပေါ့)


ဒီလိုပြောတာ ပညာဟာ အလကားလို့ ဆိုချင်တာမဟုတ်ဘူး။

***
အဆောင်

ကျောင်းမှာ မမတို့က နောက်ဆုံး အဆောင်နေရတဲ့ batch ပေါ့။ 96 မပိတ်ခင်မှာ အဆောင်ထမင်းဆိုတာ ကြုံလိုက်ရပြီး၊ နောက်တခေါက်ပြန်ဖွင့်တော့ အဆောင်မှာ နေပဲ နေရတယ်။ ထမင်းမကျွေးတော့ဘူး။

မမပြောတဲ့ အဆောင်က အစဉ်အလာတချို့ကို မှတ်မိတယ်။ ပါလာထဲမှာ တီဗွီဆင်းကြည့်ကြပြီဆို အတန်းကြီးတွေအတွက် အငယ်တွေက အလိုက်တသိနဲ့ နေရာကောင်းချန်ထားပေးကြတာမျိုး၊ အတန်းကြီးတွေ စာမေးပွဲဖြေချိန်မှာ အငယ်တွေက ဝေယျာဝစ္စသွားလုပ်ပေးတတ်ကြသလို၊ အငယ်တွေ ဖြေချိန်မှာလည်း အတန်းကြီးသမားတွေက စာကူကျက်ပေး၊ မှတ်စုထုတ်ပေး၊ စပေါ့လိုက်ပေးတာမျိုး။ ကျောင်းဝန်းထဲ ဖြတ်သွားဖြတ်လာ တွေ့ကြရင်တောင် တယောက်နဲ့ တယောက်ကြားမှာ ပတ်သတ်မှုရှိတဲ့ သိသိမှတ်မှတ် ပုံစံတွေနဲ့။


နောက်တော့ အရောင်တွေ ပြောင်းကုန်တယ်။ လူတွေက အုပ်စုကြီးတစ်ခုဆိုတဲ့ သဘောကနေ အုပ်စုလေးတွေ ဖြစ်ကုန်တယ်။ ကိုယ့် အစုကလွဲရင် ကျန်တာတွေ စိတ်ထဲ မထည့်ကြတော့ဘူး။ ခုချိန်မှာတော့ ယှဉ်ကြည့်စရာမရှိတော့ မသိသာဘူးပေါ့။ မမတို့ batch က ရှေ့မီ နောက်မီဖြစ်ခဲ့တာဆိုတော့ အပြောင်းအလဲက သိသာခဲ့တယ်

ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတဲ့လူတွေက သေချာသိလိမ့်မယ်။

***
ရူးလို့မရပါ

မမ အိမ်လာအိပ်တဲ့ ရက်တွေမှာ သူ စာလုပ်နေတာ ကြည့်၊ သူ့စာအုပ်တွေကြည့်ပြီး ကိုယ်ပြောတတ်တယ်။ ကိုယ့်အတွက်တော့ သူတို့ကျောင်းသာ တက်ရရင် ရူးရင်ရူး၊ မရူးရင် ကျ ဒီ ၂ လမ်းပဲရှိတယ်လို့။ (ဘာဖြစ်လို့မှန်းမသိ အဲလောက်သာ စာလုပ်ရရင် ရူးမှာပဲချည်း ထင်နေတာ)

သူတို့ကျောင်းကို မကြာမကြာရောက်ဖြစ်ပြီးတဲ့နောက်တော့ သဘောပေါက်သွားတယ်။ စာကြောင့် စိတ်မှာ ပြဿနာဖြစ်တယ် (ပေါက်ထွက်သွားတယ်) ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်လို့မရဘူး။ သူ့အဆင့်နဲ့သူ လိုအပ်ချက်တွေရှိတယ်။ စာကို ဖြစ်ချင်ဇောနဲ့ သည်းကြီးမည်းကြီး လုပ်ရမယ်။ အဲလို လုပ်ပြီး သူလုပ်သလောက် ရလဒ်က ပြန်မရရင် အဲဒီအပေါ်မှာ အလွန်အကျွံ ခံစားပြီးမှ စိတ်က မခံမရပ်နိုင်ဖြစ်တဲ့အခါ ဇာတ်လမ်းစတာ လို့ ထင်တယ်။ (အထူးသဖြင့်တော့ သူတို့ကျောင်းတွေမှာ စာမေးပွဲ ကျရင်ပေါ့လေ၊ တချို့လည်း ဖြေနေတုန်းတန်းလန်းမှာ ဖြစ်တတ်ကြတယ်) သိရသလောက်တော့ အဲဒီအဆင့်အတိုင်း သွားတာပဲ။

ကိုယ့်ဘာသာလည်း နားလည်သွားတယ်။ ဘယ်ကျောင်းတက်သည်ဖြစ်စေ စာကြောင့်တော့ ရူးမှာမဟုတ်ဘူး၊ ဖျာလိပ်ပြီးသာ ပြန်လာရမှာ။

***

Saturday, October 30, 2010

မမ

ဘဝထဲက တချို့အမှတ်တရတွေကို မေ့မေ့ပျောက်ပျောက် နေရတာ ကောင်းတယ်။
အဲဒီအဖြစ်အပျက်တွေကို ထားခဲ့ရပြီဆိုရင်၊ မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ လူတွေနဲ့ ဝေးနေခဲ့ပြီဆိုရင်...(တနည်းအားဖြင့်) ပစ္စုပ္ပန်နဲ့ အတိတ်က အဟပ်ကွာသွားပြီ ဆိုရင်ပေါ့။

အဲဒီအမှတ်တရတွေကို ချရေးထားမယ်လို့ စိတ်ကူးပြီး ပြန်စဉ်းစားရတာ ချိုမြိန်သလောက် လစ်ဟာတယ်။ အိပ်မက်ကောင်းတခုကို မက်လိုက်ရသလိုပါပဲ။ မက်နေချိန်မှာ မသိတတ်တဲ့စိတ်နဲ့ ပေါ့လွင့်ပျော်ပါး၊ နိုးလာတော့ တမ်းတစိတ်ကလွဲလို့ ဘာမှ မကျန်ခဲ့ဘူး။

***
မမအကြောင်း ဆက်ရေးမယ်လို့ ပြန်စဉ်းစားချိန်မှာ ခုတလောလေးမှာ ဖတ်ခဲ့ရတဲ့ ကြည်အေး စာသားတချို့ ခေါင်းထဲဝင်လာတယ်။

"ကျွန်မကတော့ အဲဒီသာယာလှတဲ့ ဂီတတမြုံကို ကြုံရင် သီတို့ ခရစ်ယာန်တွေ ဘုရားသခင်ကို ကျေးဇူးတင်တာ နားလည်မိတယ်။ ဂီတပေးတဲ့ ပျော်ရွှင်မှုကို ကိုယ်နဲ့ မတန်တဆ ရလေတော့ ဘုရားသခင်ရဲ့ ဆုလာဘ်ပဲလို့သာ ဆိုချင်တာ အံ့ဩစရာ မဟုတ်ဘူးလေ"

(သီတို့ ရွာ - ကြည်အေး)

ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ မသတ်မှတ်တော့ တခါတလေ ကိုယ်နဲ့ မထိုက်တန်လောက်အောင် ကောင်းမွန်တဲ့လူတွေနဲ့ ကြုံကြိုက်တဲ့အခါ ဘဝမှာ မတန်တဆရတဲ့ ဆုလာဘ်လို့သာ ကိုယ်လည်းပဲ ထင်ချင်တတ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဖြစ်လေတော့ တခုခု ကြုံရပြီဆို (ပညာသိနဲ့ မဟုတ်တောင်၊ သညာသိနဲ့ ဖြစ်ဖြစ်) ကံ ကံ၏အကျိုးကိုပဲ တွေးမိလာတတ်တယ်။


ဒီတော့ ကျေးဇူးတင်စရာရှိ လက်တွေ့ ဆက်စပ် ပတ်သက်ရာတွေကိုသာ ကျေးဇူးတင်ရတယ်၊ ပြီးရင် ကိုယ့်ဘာသာ မပျက်မကွက် ကျေးဇူးတင်တယ်။ ဒီလို လူတွေနဲ့ ဆုံဖို့ အကြောင်းတရားတွေကို အဓိက ဖန်တီးခဲ့တာ (ဗုဒ္ဓဘာသာအလိုအရ) ကိုယ် ကိုယ်တိုင်ပဲ မဟုတ်လား။ (အဲဒီလို အကောင်းအမွန်တွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ ကြုံရတာတွေတော့ ချန်ထားလိုက်တယ်။ ထည့်မပြောတော့ဘူး။ အတိတ်နဲ့ ခု ကိုယ် မကောင်းခဲ့တာတွေ ပေါ်ကုန်မှာစိုးလို့)

***
မမနဲ့ စတွေ့တဲ့အချိန် သူ့မျက်နှာပေါ်က အပြုံးကို မြင်တာနဲ့ သိလိုက်တယ်။ တစိတ်တည်း တဝမ်းတည်း ပေါင်းလို့ရမယ့်သူ... လို့။ ကိုယ်တိုင် ဘာသာရေးအကျင့်အကြံ ဘယ်လောက်တောင်နည်းလည်း ရေစက် ဆိုတာကိုတော့ လက်ခံမိတဲ့သူ ဖြစ်နေလို့ပါ။ (လက်ခံတာနဲ့ ယုံကြည်တာဟာ မတူဘူးလို့ ထင်တယ်။ လက်ခံတယ်ဆိုတိုင်း ယုံကြည်စိတ်ကြောင့် ဟုတ်ချင်မှဟုတ်မှာ။ ကိုယ်လို စရဏအား နည်းတဲ့သူအတွက် မဖြစ်မနေ လိုအပ်လို့ လက်ခံတာဖြစ်ဖို့ ပိုများပါတယ်)

တကယ်တမ်းကျ ကိုယ်က အပေါင်းအသင်းများများဆံ့တဲ့လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ချင်တော့ တနေရာတည်း နေ၊ တသမတ်တည်း လူတွေနဲ့ ပေါင်းလာခဲ့ရတာ မဟုတ်ပြန်ဘူး။ ဒီတော့ အရည်အချင်းကြောင့် မဟုတ်ဘဲ၊ အခြေအနေပေးတာကြောင့် လူ တော်တော်များများနဲ့ တွေ့သိဆက်ဆံခဲ့ရတယ်။ အဲဒီအခါမှာ ရေစက် ဆိုတာကို ပိုပိုပြီး လက်ခံမိဖို့ အကြောင်းတွေ ဖြစ်လာရပြန်တယ်။

အချိုးအကွေ့၊ အပြောင်းအလဲတွေ တွေ့တိုင်းမှာ ပထမဆုံး ရင်းနှီးသိကျွမ်းခဲ့ရသူတွေဟာ အဲဒီလို ရေစက်ရှိတဲ့သူတွေ ဖြစ်နေတတ်တာ များတယ်။

***
1996
မမနဲ့ စတွေ့ရတဲ့နှစ်က ကိုယ့်အတွက်တော့ အချိုးအကွေ့တစ်ခုမှာပေါ့။

သွားရေးလာရေးခက်တဲ့ ပြည်နယ်သူကလေး။ အသားညိုညို၊ လူမျိုးကို တန်းခနဲသိသာစေမယ့် အသံဝဲဝဲ၊ အရပ်ခပ်ပျပ်ပျပ်နဲ့ ရုတ်တရက် ကြည့်ရင် ဘာမှ မထူးခြားသလို သာမန်မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပါပဲ။ သူ့မျက်လုံးတွေကို သေချာကြည့်ပြီး၊ စကား သေချာပြောဖူးရင်တော့ ရိုးသားတာ၊ အေးဆေးတာအပြင်၊ ခိုင်မာတာ ထက်မြက်တာတွေ မြင်သာမယ် ထင်တယ်။

"ရိုးသားအေးဆေး" လို့ ဝိသေသ ပြုပြီး ပြောရမယ့်သူတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အများကြီးကို ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ဂုဏ်ပုဒ်က တချို့လူတွေအတွက် သာမန်မျှသာဆိုရမယ့် မပြောပလောက်တဲ့ စရိုက်လက္ခဏာဖြစ်ပြီးတော့၊ တချို့လူတွေနဲ့ ပေါင်းလိုက်တဲ့အခါ ထူးခြားတဲ့အရည်အသွေးတစ်ခု ဖြစ်သွားတယ်လို့ ခံစားရတယ်။ ဒါကို ဒီထက်ရှင်းသွားအောင် ပြောပြဖို့တော့ခက်တယ်။

အသက် ၂ နှစ် ပိုကြီးတာဆိုတော့ အစ်မတစ်ယောက်လို၊ စာသင် (guide) ပေးခဲ့တာဆိုတော့ ဆရာတစ်ယောက်လို၊ ၈ နှစ်နီးနီးလောက် အတူနေ အတူစား အတူသွားတွေ လုပ်ခဲ့တော့ သူငယ်ချင်းတစ်ယောက်လိုပါပဲ။

* ဘာကိုမဆို စိတ်အေးလက်အေး လုပ်တတ်ပြီး ဇွဲကောင်းတာ
* စိတ်အလိုမလိုက်ဘဲ လုပ်သင့်တာ လုပ်ဖို့၊ မလုပ်သင့်တာ မလုပ်ဖို့ သတိ အမြဲရှိတာ
* တည်တည်ကြည်ကြည် ချိုချိုသာသာရှိတာ အဲဒါတွေက စလို့...
* လမ်းလျှောက်ရင်တောင် ခြေလှမ်း ဖွဖွလှမ်းတာအဆုံး
ကိုယ် လိုက်အတုယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ဖြစ်မလာခဲ့ဘူး။ နည်းနည်းကလေးတောင် တူမလာခဲ့ဘူး။ ဘယ်တူပါ့မလဲ သူက သူပဲ။ ကိုယ်က ကိုယ်ပဲ။

(ခုလောလောဆယ် စကားလက်အိုဟာရာ အကြောင်း ဖတ်နေမိတယ်။ စကားလက်က အများအမြင်မှာ သူ့အမေလို ချိုသာသိမ်မွေ့ နူးညံ့ပြီး အစဉ်အလာတွေ ထိန်းသိမ်းတဲ့သူ၊ ကြင်နာတတ်သူ၊ ရက်ရောတဲ့သူ ဖြစ်ချင်တယ်။ တကယ်တမ်းကျ သူက အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ သူ့မှာ ရှိတဲ့၊ မရှိတဲ့ ဗီဇစိတ်ကို မရိပ်မိဘဲ သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က စံလို့ သတ်မှတ်တဲ့ အရည်အချင်းတွေဟာ (သူ အလိုရှိရာ အားလုံးရမယ့်) တချိန်ကျရင် အလိုလို ပြည့်ဝသွားမယ်လို့ အထင်ရောက်နေရှာတယ်)

ဆက်ပြောရရင် တက္ကသိုလ်ဝင်ခွင့်တွေကျတော့ မမလျှောက်တဲ့ဆီကို အတူတူဝင်တာ တပြည်နယ်လုံးမှာမှ သူ့အပြင် တခြားမြို့က မိန်းကလေးတယောက်ပဲ ရှိတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက် ဆက်သွယ်ပြီး ရန်ကုန်မှာ ၂ ခုတည်းသာ ရှိတဲ့ ကျောင်းထဲက မတော်လို့များ မြို့ထဲကျောင်းမှာကျခဲ့ရင် မြို့စွန်က ကျောင်းကို ပြန်ပြောင်းကြမယ် လို့ တိုင်ပင်ထားကြတယ် တဲ့။

တကယ်တော့ သူတို့ စိုးရိမ်သလိုလည်း ဖြစ်မလာခဲ့ပါဘူး။ အဲဒီ တပြည်နယ်တည်း သူ့သူငယ်ချင်းနဲ့လည်း သူတို့တက်ချင်တဲ့ ကျောင်းမှာပဲ ကျောင်းပြီးတဲ့ထိ တတန်းတည်း၊ တခန်းတည်း အတူတူနေသွားခဲ့ကြတယ်။ ကိုယ်ကသာ မမ မြို့ထဲကျောင်းကို ပြောင်းပြီး တက်ပါလားလို့ ခဏခဏ အကြံပေးမိတယ်။ (အမှန်တော့ ဘာမှမဟုတ်ဘူး။ ကိုယ့် guide က ဘယ်ကျောင်းမှာ တက်နေတာလေ လို့ ကြွားချင်တာနဲ့ ပိုကြွားလို့ကောင်းမယ့်ကျောင်း ပြောင်းခိုင်းမိတာ)

မမတို့နှစ်က 10 တန်းအောင်ပြီး ဘယ်လောက်မှ မစောင့်ရဘဲ တက္ကသိုလ် တက်ရတယ် (သူတို့ရှေ့က စီနီယာတွေနဲ့စာရင်ပေါ့လေ)။ ဒါပေမဲ့ ဘယ်လောက်မှ မတက်လိုက်ရဘဲ အကြာကြီး ပြန်ပိတ်သွားပြန်တယ်။ 2 နှစ်တိတိကြာအောင် ပိတ်လိုက်တယ်။ သူတို့ပြည်နယ်ကလဲ သွားဖို့လာဖို့ခက်၊ ကျောင်းကလဲ ခုပဲ ပြန်ဖွင့်မလို၊ တော်ကြာပဲ ပြန်ဖွင့်မလိုဖြစ်တော့ မပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲနေပြီး စာလည်းသင်ရင်း၊ အထည်ချုပ်တစ်ခုမှာလည်း အလုပ်ဝင်လိုက်သေးတယ်။ အဲဒီ အထည်ချုပ်မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေက မမ ဘယ်က ကျောင်းသူဆိုတာ အတူလုပ်နေတုန်းက လုံးဝ မသိလိုက်ကြဘူး ဆိုတယ်။

ကိုယ့် guide ဖြစ်လာချိန်မှာလည်း ရေစက်ရှိလို့သာ ဆုံရတယ်၊ စရိုက်သဘာဝချင်းက တခြားစီဖြစ်တော့ နှစ်ယောက်ကြားမှာ ချော်နေတာတွေ အများကြီးပဲ။

မမတို့မြို့မှာ အဲဒီအချိန်ထိ လျှပ်စစ်မီးမရှိဘူး။ ဒီတော့ သူ့ကျောင်းသူဘဝ တလျှောက်လုံးမှာ ညစောစောအိပ်၊ မနက်လေးနာရီလောက်ထပြီး စာကျက်လာခဲ့တာ။ ကိုယ့်ကျတော့ ညဘယ်လောက် ညဉ့်နက်နက် နေနိုင်ပြီး၊ မနက် စောစောထဖို့ဆို သေတော့မလို ကြောက်တယ်။

သူက စာတပုဒ်ကို ဘယ်လောက်ကြာကြာ ဇွဲကောင်းကောင်းနဲ့ ကျက်၊ ပြီးရင် အကုန် စာရွက်ကြမ်းပေါ် ပြန်ချရေး။ ချောချောမွေ့မွေ့ အမှားကင်းတဲ့ထိ ပြန်ချရေးပြီးမှ လက်လွှတ်တယ် ဆိုတယ်။ ကိုယ့်ကျတော့ ပါးစပ်က ဗလွတ်ဗလွတ်ရွတ်ပြီး သဘောတရားလောက်ရတယ်ဆိုရင်ပဲ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေတာ။


မမက သူ မလာမယ့် ၃ ရက်အတွက် စာကျက်ဖို့ အချိန်ဇယားဆွဲပေးသွားရင်၊ သူပြန်လာသင်တဲ့ရက်မှာ ကိုယ်က အဲဒီစာရင်းကနေ ကျက်ဖို့ ကျန်နေတဲ့ စာကြွေးစာရင်းကို အမြဲ ပြန်ထုတ်ပေးတတ်တယ်။ ခု အဲဒီအကြောင်းတွေ ပြန်တွေးရတာ စာရိုက်နေရင်းနဲ့တောင် မပြုံးဘဲ မနေနိုင် ဖြစ်မိတယ်။

မမက ကိုယ့်ကို သူတက်တဲ့ ကျောင်းကို တက်စေချင်တယ်။
"ညီမလေး ကျောင်းကို ရောက်လာရင် မမနဲ့ အဖော်ရမှာ" လို့ အမြဲ ပြောတတ်တယ်။ (မမက ကိုယ့် ညီမလေးလို့ မခေါ်ပါဘူး။ အမျိုးတွေနဲ့ ငယ်ငယ်က သူငယ်ချင်းတွေခေါ်တဲ့ အိမ်နာမည်ကိုပဲ ခေါ်တာပါ။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ဘူးစိတ်ကူးလို့ နာမ်စားပြောင်းလိုက်တယ်)

ကိုယ်က "10 တန်းစာလောက်တောင် မလုပ်ချင်တာ မမတို့ကျောင်းကို တက်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ရောက်မှာလည်း မဟုတ်ဘူး" လို့ ပြောရင် သူ အမြဲ ပြောတတ်တဲ့စကားရှိတယ်။

"ဘာလို့ မရောက်ရမှာလဲ။ မမတောင် ရောက်သေးတာပဲ"
"မမလိုလူမျိုးတောင် ရောက်သေးတာပဲ"

အဲဒီခါတိုင်း ကိုယ်က မမပြောစကားကို မလုံမလဲစိတ်ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် လှောင်တဲ့အနေနဲ့ အော်ရယ်တတ်တယ်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ ရယ်ချင်လို့ ရယ်လိုက်တာပဲလို့သာ သိတာပါ။ ခုတော့ သဘောပေါက်လာတယ်။ အော်ရယ်မိတာက မမပြောစကားပေါ်မှာ သေချာစိတ်နဲ့ နားမထောင်နိုင်ခဲ့လို့ ဆိုတာကို။ ကိုယ့် ကြိုးစားလိုစိတ်၊ ပညာရေးကို တန်ဖိုးထားစိတ်အကြောင်း ကိုယ့်ဘာသာ သိနေတာကိုး။

***
2008 ဘလော့စကာစမှာ ကိုယ်နဲ့ ရင်းနှီးသူတွေ အကြောင်းကို ရေးမယ်ဆိုပြီး စ ခြစ်ထားခဲ့တာ။ 2 နှစ်လောက်တောင် ရှိပြီ။ မိုင်သီ့ အကြောင်းကလွဲလို့ ဘယ်သူ့အကြောင်းမှ ဘလော့ပေါ်ရောက်မလာသေးဘူး။ မရယ်ကြေး မလွမ်းကြေး ကျတော့ အကြောင်းအရာလေးတစ်ခုကို ချဲ့ရေးမိတဲ့ ပို့စ်မျိုးဖြစ်နေတယ်။


2008 လောက်ကသာ အပြီး ရေးဖြစ်ခဲ့ရင်တော့ ဒီပို့စ်ရဲ့ တင်ပြပုံက တမျိုးဖြစ်လိမ့်မယ်။ ခုရေးမိတော့ တပုံစံ ဖြစ်နေတယ်။ လတ်တလော တိမ်းညွှတ်ဝင်စားရာတွေက စာထဲမှာ အရိပ်လာထင်နေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မမအတွက် အမှတ်တရဖြစ်လိုစိတ်နဲ့ ရေးပါတယ်။

ရေးမယ် ဆိုတော့လည်း မမအကြောင်းမှာ ဘာကို ဆွဲထုတ်ရေးရမယ် ဆိုတာ မသိပါဘူး။ ခုနေ
ဂျူး ရဲ့ အမှတ်တရ အကြောင်း ရီဗျူး ရေးပါဆိုရင်လည်း ဘာကို ဆွဲထုတ် ရေးရမှန်း သိမှာ မဟုတ်ဘူး၊ အဲဒီလိုပဲ။ စိတ်ထဲ ပေါ်လာတာတွေ ချရေးလိုက်တာ အတော်ကို ရှည်လျားသွားလို့ နောက်တပိုင်း နောက်မှပဲ ဆက်တော့မယ်။ စိတ်တိုင်းလည်း မကျ ဘာလိုနေမှန်းလည်း မသိဘူး။


to be continued

***
(ချစ်သောမမ သို့)

pic from google

Friday, October 22, 2010

ဘိုဘိုလန်းစင် နှင့် စစ်ကူများ

printscreen ဖမ်းထားတာ (၁)
facebook က note ကို pdf ပြောင်းထားတာ (၂)

ကိုယ့် ဦးလေးက သူ့အဒေါ်ဆိုင် စောင့်ပေးတာ ဆိုပဲ။ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လိုက်ကြည့်ရင် ပြည့်ရှင်မင်းအစ သူဖုန်းစားအဆုံးရှိနိုင်တာ ကိုယ်သိနိုင်တာ မှတ်လို့။ ကိုယ့်ဘာသာတော့ သူတို့ ကြားဖူးရုံရှိတာ... ဒီလို ဆွေကြီးမျိုးကြီးတွေနဲ့ မပတ်သတ်ဖူးပါဘူး ထင်နေမိတာ။

facebook က ကိုယ့် friend list မှာ သူ့လို ဆွေကြီးမျိုးကြီးတွေ လိုက်အဒ် ထားတာလည်း မဟုတ်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဘလော့မှာ fb ကနေ အဝင်များနေတာ ပုံမှန်မဟုတ်ဘူးလို့တော့ သိနေတယ်။ ဒါ အသိတယောက်က မေးလ်နဲ့ ပို့ပေးလို့ ဖတ်ရတာပါ။

ကိုဝတုတ်ကိုတော့ ကြောက်လို့ ပြန်မပြောရဲဘဲ သူ့ရမ်းတယ်လို့ ဆိုပါတယ်။
ကိုဝတုတ်ဟာ တိုက်ရိုက်ပြောရမယ့်သူဖြစ်လို့ တိုက်ရိုက် မေးလ်နဲ့ပြောပြီးဆိုတာ ထည့်ရေးခဲ့ပြီးဖြစ်ပါတယ်။ သိချင်ရင် ဘာတွေပြောလဲ ကိုဝတုတ်ကိုသာ တိုက်ရိုက်မေးပေတော့...

ကြောက်မလားဆိုပြီး ဘာမှလည်း မဆိုင်ဘဲ ဆွမ်းကြီးဝင်လောင်းတဲ့ အထာနဲ့ ခြောက်ကြည့်တာ မရတော့ ရမ်းတယ်ဖြစ်ရပြန်ရော။ သူနဲ့လည်း ဖြစ်တာမဟုတ်ဘဲ မနေနိုင်မထိုင်နိုင် ဆွမ်းကြီးဝင်လောင်းတဲ့ စိတ်ဓါတ်ကို ဒီလိုအတိုင်းလေးပဲ ခေါင်းငုံ့ပြီး ခံနေမယ်လို့ ထင်တာများ အံ့တောင်သြယူတယ်။ တကယ်။

သူ့ကြောက်ရအောင် သူ့မှာ လူတွေကြောက်ရမယ့် သေနတ်ရှိလို့လား။
ဒါမှမဟုတ် လေးစားပြီး ကြောက်ရွံ့ရမယ့် ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာရှိလို့လား။
အဲဒါလေးပဲဖြေ။ အဲဒီနှစ်ခုထဲက တစ်ခုခု ရှိအောင်လုပ်။
ဒါမှ လူရှိန်မှာ။

အဘိုးအဘွား ကောင်းမှုနဲ့ လူထု ဆိုတဲ့ နာမည်ရှိရုံ၊ ဘိလပ်မှာ ကျောင်းတက်ရုံနဲ့တော့ (အထင်ကြီးတဲ့လူလည်း ရှိမှာပေါ့လေ) ဘယ်သူကမှ ရှိန်ပြီး ကြောက်သွားမှာ မဟုတ်ဘူး။ မယုံရင် အဲဒီလို ဆွမ်းကြီးဝင်လောင်းတဲ့ နည်းမျိုးနဲ့ ဘယ်သူ့မဆို သွားစမ်းကြည့်ပါလား။ အကုန် ပြန်ပက်တာ ခံရမှာပဲ။ သတ္တိရှိရင် လုပ်ကြည့်လိုက်။

word file နဲ့ ကူးထားတာလေး ဖတ်ပြီးတော့ ဘယ်သူက ဘယ်သူ့ကို ပြန်မပြောရဲလို့ ဘယ်သူ့ရမ်းတယ်ဆိုတာ စဉ်းစားဖို့ပါပဲ။

မှတ်တမ်း သက်သက်ပါ။ လုံးဝ (လုံးဝ) စိတ်မဆိုးပါ။

ကိုယ်ကတော့ လူတယောက်ကို မကျေနပ်တာနဲ့ သူ့အမူအကျင့်မကြိုက်တာနဲ့ အဲဒါလေးကြည့်ပြီး၊ သူနဲ့ပတ်သတ်တဲ့ ဆွေမျိုးတစ်စုလုံး တန်ဖိုးဖြတ်လိုက်တာမျိုး အဓိပ္ပါယ်ရှိတယ် မထင်ပါ။ ဒါကြောင့်မို့ ကိုယ်တောင်မသိတဲ့ ကိုယ့်ဆွေမျိုးထည့်ပြီး စော်ကားမော်ကားပြောလည်း ဘာမှ မဖြစ်။ (သူ့ဘာသာသူ လုပ်ချင်လည်း လုပ်နေမှာပေါ့။ တကယ်သာဆိုရင် အဲဒီလူကဖြင့် လူထုမှာလုပ်ရလို့ ဂုဏ်တောင်ယူနေဦးမလားမသိ။ အမှန်ကတော့ ဘာမှ ထူး ဂုဏ်ယူစရာ မရှိပါဘူး။ လူထုမျိုးဆိုတာလည်း လူပြောသူပြောနဲ့ပဲ သိတာ။ ဘာ ဆိုတာ နောက်ကြုံမှ အပျင်းပြေ စုံစမ်းကြည့်ဦးမယ်။) ဆွေ ၇ ဆက် မျိုး ၇ ဆက်မှာ မြင့်တာရော နိမ့်တာရော အုတ်အရော ကျောက်အရောရော ကိုယ်လည်း အကုန် မသိနိုင်။ ဒီထက်ဆိုးတာတွေလည်း ရှိနိုင်တာပဲ။


(Update: ကိုယ့်အမျိုးထဲက လူထုအမျိုးဆီ ဆိုင်စောင့်လုပ်တယ်ဆိုတာနဲ့ ကိုယ့်မှာ အရှက်မှရပါစေတာ့ သိက္ခာမှကျပါစေတော့လို့ စေတနာထားပုံရပါတယ်။ ဂုဏ်သိက္ခာကျရအောင် လူထုမျိုးဆိုတာ အဆင့်မရှိလို့လား၊ မဟုတ်တာလုပ်နေလို့လား၊ အဲဒီဆိုင်ဆိုတာက လူ့ကျင့်ဝတ်နဲ့ မညီတဲ့ဆိုင်မျိုးဖြစ်နေလို့လား။

သူပြောချင်တဲ့ စကားလည်း သူ့ဘာသာ ဘယ်ရောက်လို့ ရောက်မှန်းသိပုံမပေါ်ဘူး။ ဆိုင်စောင့်တာဟာ ကိုယ့်တို့မျိုးရိုးကို အိုးမဲသုတ်နေတာ မဟုတ်ဘူး။ မျိုးရိုးကို အိုးမဲသုတ်တဲ့လုပ်ရပ်ဆိုတာ ဘာလဲလို့ မသိရင် fb မှာ သူ့ဘာသာတင်ထားတဲ့ Note ကို သူ့ဘာသာပြန်ဖတ်နေဖို့ပဲ ရှိတယ်။ စိတ်ဓါတ်တင် မရှိဘူးထင်တာ။ တကယ်က ဦးနှောက်ပါ မရှိတာကို)

ဒါပေမဲ့ မဆီမဆိုင် ဂျူး ပါ ပါသွားတာတော့ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။
သို့သော်လည်း စကားဆိုတာ ပြောတဲ့လူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့လူကို ပြဋ္ဌာန်းလို့မရဘူး ဆိုတာပဲ ပြန်စဉ်းစားလိုက်ပါတယ်။ ကိုယ့်ကိစ္စနဲ့ မဆီမဆိုင်ပါသွားလေတဲ့ ဂျူးအတွက် အဲလိုပဲ ဖြေလိုက်တယ်။

(သူများက သူ့ရေးပို့တဲ့ ပုံစံနဲ့ ရေးထားပေမယ့် တကယ်က သူ့ဘာသာပဲ ရေးထားတာလည်း ဖြစ်နိုင်သေးတယ်)

***

မှတ်တမ်းသက်သက်ပါ။

လူထု မျိုးဆက်ပါဆိုတဲ့ ဘိုဘိုလန်းစင်ရဲ့ ပုံကတော့ တဖြည်းဖြည်း ပေါ်သထက် ပေါ်လာတယ်။ ကိုယ်ကတော့ "နှုတ်ကြမ်းရင် ဘာ ကိုယ်ကြမ်းရင် ဘာ" ဆိုတဲ့ ဆိုရိုးတွေကို လက်ကိုင်သုံးပြီး သားသမီးမကောင်းတာ မိဘပုံချတဲ့ ဗမာတွေရဲ့အကျင့်ကို ကြိုက်သူ လက်ခံသူ မဟုတ်ဘူး။ ဒါ ဗမာတွေ အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဆိုရိုးတွေ လို့ ထင်တယ်။

သူ လုပ်တဲ့ကိစ္စဟာ သူ့ကိစ္စပဲ။ သူ့အမျိုးကိစ္စ မဟုတ်ဘူး။

တခုပဲ ရှိတယ်။
တမျိုးလုံးက တသက်လုံး ထူထောင်လာတဲ့ ဂုဏ်သိက္ခာအောက်မှာ နေဖို့ မထိုက်တန်တဲ့ အမူအကျင့်ရှိသူလို့ပဲ သတ်မှတ်ရမယ် ထင်တယ်။

Sunday, October 17, 2010

ဘိုဘိုလန်းစင် analysis

ဘိုဘိုလန်းစင် analysis

Nyo
said...


I do not surprise his self-righteous words that often seen online in several places.


“အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...”

လှိုင်ဘွားမောင် 2010-09-25 10:23


http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63


October 13, 2010 12:15 PM

***

Rita
said...


ဒီနေရာမှာ ဟိုသတ္တဝါကဏ္ဍ ပါလာပြီ။

ကိုယ် လွဲတယ်ထင်ရင် သူ့အနေနဲ့ လွဲတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး ပြောရမယ်။

ခုဟာက ဆွမ်းကြီးဝင်လောင်းချင်တာ သက်သက်။ ဒါ ရင့်သီးတာလို့ ပြောလို့မရဘူး ယူဆမိတယ်။

* လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊
ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။

* တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊
သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။

* သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့၊ လိပ်ပြာမှ ငယ်ပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။

* အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။
သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။

အဲဒါ ကိုယ့်တွက်တော့ မှတ်တမ်းတင်စရာ အချက်ပဲ။

October 13, 2010 12:57 PM

***
လိုအပ်လို့ comment က အချက်တွေ ပြန် ဆွဲထုတ်လိုက်မယ်။ comment မှာဆို သိပ် မလေးနက်သလိုလဲ ဖြစ်တယ်။ ခုလို post မှာတင်တော့ နောက်ပိုင်း ဖတ်မယ့်သူတွေ မြင်လွယ် တွေ့လွယ်ရှိတယ်။ ပြီးတော့ အရင် post ထဲမှာက ဘယ်သူဆိုတာ ပြောရုံလောက် ပြောမိပြီး စိတ်ဓါတ်နဲ့ သဘောထားကို ဒီလောက် ကွက်ကွက်ကွင်းကွင်း ထည့်မရေးခဲ့မိဘူး။

***
ဒီကိစ္စ ဖြစ်ပြီးပြီးချင်း အဲဒီ သတ္တဝါ ဘာ ဆိုတာကို အရေးတကြီး အတည်ပြုဖို့ လုပ်နေရလို့ ချက်ချင်း post မတင်နိုင်ဘူး။

အဲဒီအချိန် KOM cbox မှာ နဂိုအတိုင်း ဆက် စကားပြောနေတုန်းပဲဆိုတော့ အဲဒီမှာ အတူ စကားပြောတဲ့ထဲက တယောက်က စကားဝိုင်းထဲကို zizawa က link ကို ခဏခဏ လာချတယ်။ ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်စေချင်လို့ လာချတယ် ဆိုတာ အထူး ပြောဖို့မလိုဘူး။ စိတ်ဓါတ်နဲ့ သဘောထား ရည်ရွယ်ချက်က ဟိုသတ္တဝါနဲ့ တူတူပဲ။

ဘာကွာလဲဆိုတော့ကာ...
* အထက်တန်းမအောင်တဲ့ Singapore က work permit သမား၊ အမျိုးအမည် မထင်ရှားတာနဲ့

* ဆေးကျောင်းပြီး၊ ဘိလပ်တက္ကသိုလ်တခုမှာ သမိုင်းသင်၊ (တခုခု မဟုတ်တာ လုပ်မိတော့မယ် ဆိုတာနဲ့ ဂုဏ်သိက္ခာကို ပြန်စောင်းငဲ့ကြည့်သင့်တဲ့) ဆွေမျိုးအကြီးစားထဲက ဖြစ်တာကွာတယ်။

***
ငယ်ငယ်က မဂ္ဂဇင်းတော်တော်များများ ဖတ်ခဲ့မိတာတွေ တချို့လည်း မှတ်မိ၊ တချို့လည်း မမှတ်မိတော့... အကြောင်းတိုက်ဆိုင်မှသာ ပေါ်လာတော့တယ်။

ခုလည်း ပေါ်လာတဲ့ အကြောင်းအရာတစ်ခုပေါ့။
ကိုတာ ရေးသလား၊ မောင်သစ်ဆင်း ရေးသလားတော့ မသိ။
မောင်သစ်ဆင်း "ကလေးတို့ရဲ့ မနက်ဖန်" ဆိုတဲ့ ဆောင်းပါးစုထဲက ဖြစ်ဖို့ ပိုများပါတယ်။

နာမည်၊ နိုင်ငံစတဲ့ အသေးစိတ်တွေ မမှတ်မိတော့ပါဘူး။
ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေကို လေ့ကျင့် သင်ကြားပေးရာမှာ အင်မတန်ပါရမီထူးတဲ့ ဆရာမတစ်ယောက် ရှိတယ်။ သူ လေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေနဲ့ ပုံမှန်ကျောင်းမှာ ပုံမှန်ဉာဏ်ရည်ရှိတဲ့ ကလေးတွေ မေးခွန်းတူ စာမေးပွဲဖြေဖို့ စီစဉ်ကြတယ်။

သူ့ရဲ့ ဉာဏ်ရည်နိမ့် ကလေးတွေက ပုံမှန်ကျောင်းကို သွားပြီး ဖြေရတယ်။ ကလေးတွေရဲ့ ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်နဲ့ အိနြေ္ဒက ပုံမှန်ကလေးတွေနဲ့ သိသာအောင် ခြားနားလွန်းတော့ ဘေးလူတွေမှာ ဒါ မိုက်မဲတဲ့ စတန့်ထွင်မှုသက်သက်လို့ ထင်တဲ့လူက ထင်တယ် ဆိုတယ်။

လိုရင်းပြောရရင်... စာမေးပွဲ စစ်လိုက်ပြီး ရလဒ်တွေ ထွက်လာတဲ့အခါမှာ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေက၊ ပုံမှန်ကလေးတွေကို ဘယ်နေရာမှာမှ မနိမ့်ဘဲ ယှဉ်နိုင်တယ်ဆိုတယ်။ အုပ်စု နှစ်ခုရဲ့ ရလဒ်က တန်းတူညီမျှပဲတဲ့။

ပညာရေးက လူကြီးတွေရော၊ ကလေးမိဘတွေရောက ဆရာမကို တအံ့တသြ ချီးကျူးပြီး "ဒီလို ဉာဏ်ရည်မမီတဲ့ ကလေးတွေကို ပုံမှန် ဉာဏ်ရည်ရှိတဲ့ ကလေးတွေနဲ့ တန်းတူဖြစ်အောင် ဘယ်လိုများ သင်ကြားလေ့ကျင့်ပေးထားတာလဲ" လို့ ဝိုင်းမေးကြတယ်။

အဲဒီမှာ ဆရာမက ပြန်မေးပါတယ်တဲ့။

"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"

***
အကြောင်းက တိုက်ဆိုင်လွန်းလို့ ပြန်မှတ်မိလာတာကို ချရေးလိုက်တာ။

***
မှတ်ချက်။

ဒီနေရာမှာ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောတာမို့ အဲဒီ ဆရာမရဲ့ တန်ပြန်မေးခွန်းကို အသုံးပြုလိုက်တာပါ။ အင်မတန်လည်း ဆီလျော်နေလို့။

ကလေးတွေကိစ္စ သက်သက်ကို ရည်ရွယ်ပြောရမယ်ဆိုရင်တော့ အဲဒီဆရာမရဲ့ မေးခွန်းကို ဆောင်းပါး စဖတ်မိကတည်းက ကိုယ် မနှစ်မြို့ မထောက်ခံပါဘူး။ ဒါကို post မှာ ထည့်မရေးတော့ဘူး။ ဆိုလိုရင်းနဲ့ ရှုပ်ထွေးသွားမှာစိုးလို့။ comment မှာပဲ ချလိုက်မယ်။

ဒါပေမဲ့ ခု ကိုယ် ယှဉ်ပြတဲ့ ကွာခြားတဲ့ အခြေအနေနှစ်ခုက ဆင်းသက်လာတဲ့ အဆင့်အတန်းတူတဲ့ စိတ်ဓါတ် ၂ ခုမှာတော့ သူမေးတဲ့ စကားလုံးဟာ ဆီလျော်သင့်တော်လွန်းလို့ ပြန်သတိရပြီး ချရေးလိုက်တာပါ။

"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"

***
အဲဒါတွေ ချက်ချင်းရေးဖို့ပဲ။
မအားတာရယ်၊ အားတော့လည်း ပျင်းနေတာရယ်နဲ့ ခုမှ ရေးတင်ဖြစ်တယ်။

နောက် အဲဒီသတ္တဝါရဲ့ နာမည်အရင်းကို မတပ်ချင်ဘူး။ ဒါပေမဲ့ search engine မှာ ရှာရင် တွေ့လွယ်အောင်လို့ ဆိုတဲ့ စေတနာနဲ့ တပ်လိုက်တာ။

***
တွဲဖတ်ရန် post

"ဘီအို ဘီအို ဟု ခေါ်ပါသည်"
http://ritako.blogspot.com/2010/10/blog-post_10.html

***
ထပ်ဆင့်မှတ်ချက်။
သက်ရှိမှန်သမျှ သတ္တဝါ ဖြစ်သည်။

***
facebook link

Sunday, October 10, 2010

ဘီအိုဘီအို ဟု ခေါ်ပါသည်

Bo Bo 08/10/2010 at 10:44 Reply ဆရာတုတ်က နွားပလာတာကျွေးသကိုးဗျ ယောင်ယောင်အိုးတွေ အဖက်မလုပ်ပါနဲ့ဗျာ .. ကာလကုန်တယ် သွားပေါ့

zizawa 08/10/2010 at 11:06 Reply ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။

Bo Bo 08/10/2010 at 12:11 Reply ကျွတ်မုန်းဝင် ဖြစ်နေပါပီး) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။

တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။

သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့  နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲး)


***
ကိုယ်သိတာ မမှားဘူးဆိုရင်တော့ အဲဒါ လူထု မျိုးဆက် ပဲ။
ဘာရယ် မဟုတ်ပါဘူး။

သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းက မျိုးဆက်တစ်ယောက်ရဲ့ မျိုးရိုးဂုဏ်ကို upgrade လုပ်ထားတဲ့ စကားလုံးလေးတွေကို ကိုယ့် ဘလော့မှာ အမှတ်တရ မှတ်တမ်းတင်ထားလိုက်ချင်လို့။
=)

အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆွမ်းကြီးဝင်လောင်းတာ အတော်ဝါသနာပါပုံပဲ။

(နောက်ဆုံးမင်းနေပြည်တော်သားစစ်စစ်မို့ ဘိလပ်ရောက်သည့်တိုင် မြန်မာဆန်လွန်းတာကို ဖျောက်မရတာလည်း ဖြစ်နိုင်တယ်)

သာမန်လူဆိုရင်တော့ ကိုယ်နဲ့လည်း တိုက်ရိုက်ဖြစ်တာ မဟုတ်ဘဲ သူ့ဘာသာ ဘာပြောပြော ဒီဘလော့ပေါ် တင်ချင်မှ တင်မိမယ်။
ဆွေကြီးမျိုးကြီးထဲက လာပြောတာဆိုတော့လည်း သမိုင်းမှတ်တမ်း မပြတ်ရလေအောင် မှတ်တမ်းတင်ထားလိုက်ချင်လို့ပါ။

သူတပါးကိစ္စကို ကြည့်ပြီး၊ ဝင်ပြီး နှစ်ထောင်းအားရတွေ ဖြစ်ပြီး
လှိုက်လှိုက်လှဲလှဲ စကားလုံးတွေ ထွက်နေတဲ့ သူ့လိပ်ပြာထဲထိတော့ ကိုယ် ဝင်ကြည့်လို့ မရနိုင်ခဲ့ဘူး။ ဘေးကပဲ ကြည့်ခဲ့မိတယ်။

ပြီးတော့ ထုံးမမီစံမရ ချာတူးလန်သူတစ်ယောက်ကို ရက်ရက်ရောရော မှတ်ချက်ပေးရဲတဲ့ သူ့ရဲ့ ထုံးမီစံရ ဂန္ထဝင်မြောက်တဲ့ စိတ်ဓါတ်အတွက် သူနဲ့ သက်ဆိုင်သူတွေ သက်ရှိတွေရော၊ တမလွန်ကနေရော အပြတ် ဂုဏ်ယူနေမှာပဲလို့ တွေးမိပြန်ပါတယ်။ (အသက်ရှိစဉ်က ဒါမျိုးလုပ်ရပ် မကြုံလိုက်ရတာ ကံကောင်းလှပါရဲ့ဆိုပြီး...)

ဒီနေရာမှာ print screen ဖမ်းထားတဲ့ မူရင်း

***
ကြည့်ရတာတော့ သူ ဒါမျိုးစကားတွေ ပြောထွက်လိုက်တာနဲ့ ကိုယ် ကြောက်ပြီး ငြိမ်ဝပ်သွားမှာပဲလို့ တွေးပြီး ပီတိဖြစ်နေပုံရတယ်။ စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။ ... ဆိုတော့ သူ့ဘာသာသူတောင် မကြောက်မရွံ့ ပြဋ္ဌာန်းရဲ ပြောရဲသေးတာ ကိုယ်က အပြောခံရမှာ ဝင်ကြောက်နေလိမ့်မယ်ထင်ရင်တော့ ထင်တဲ့လူကို တခွန်းပဲ ပြောစရာရှိတယ်။

"လဲသေလိုက်"

ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့ ဆိုတာ သဘောပေါက်ပေမယ့် သဘောပေါက်တာက တခြား လိုက်နာနိုင်တာက တခြားမို့ ဒီ post ကို ရေးတင်လိုက်တယ်။ ရေးနေတဲ့ တချိန်လုံးလည်း ပြုံး..... ပြီး ရေးခဲ့တယ်။ (ဖြစ်နေမယ့် ပုံစံကို မြင်ယောင်ပြီး ပြုံးတာ)

ချက်ချင်းလက်ငင်း အချိန်မဆိုင်းဘဲ ရေးထားတာ ဖြစ်ပေမယ့် အတည်ပြုဖို့ အချိန်တခုကို မဖြစ်မနေ စောင့်ရမှာမို့ အတော်ကိုသည်းညည်းခံ စောင့်လိုက်ရသေးလို့ ဒီနေ့မှပဲ တင်ရတယ်။

ထုံးမီစံရတဲ့ ပါးစပ်တစ်ပေါက်က စကားလုံးအကောင်းစားလေးတွေကို မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက်တော့ ကျေနပ်စရာပဲ။ ဖြစ်နိုင်ရင် သူ့ ancestor များရှိရာ တမလွန်ထိတောင် ဒီ post ကို စာပို့ပြီး ဖတ်ခိုင်းလိုက်မိချင်သေးတယ်။
=)

***
အဲဒီ blog က အကြောင်းအရာမှာ မူရင်းရေးသူ ဘာပြောလို့ ကိုယ်ဘာပြောချင်တယ်။ ဆိုလိုရင်း ချော်တယ် မချော်တယ် ဆိုတာက ကဏ္ဍတစ်ခုပါပဲ။ အဲဒါကို ကာယကံရှင်နဲ့ ကိုယ်နဲ့ မေးလ်ကနေ ဆက်ဆွေးနွေးထားတယ်။ post က ကွန်မန့်မှာဆို ဆွမ်းကြီးဝင်လောင်းချင်တဲ့ မဟာဗမာတွေက များလွန်းလို့ ဆက်မရေးတာ။ ခုကျမှ ကောက်ကာငင်ခါဆိုသလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို အတင်းကြီးကို ဝင်ပြီး နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း များလာလွန်းလို့။

***
ရန်လုပ်တယ် ရမ်းတယ်လည်း မထင်ပါနဲ့။
မကျေမနပ်ဖြစ်တယ်လည်း မထင်ပါနဲ့။

သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်း
ကဖြစ်လို့
မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။

=)

***

Wednesday, October 6, 2010

ဆူးတွေပါတဲ့ လှည်း


ဆူးတွေပါတဲ့ လှည်း


ဆူးတွေအပြည့်ပါပြီး ခရီးထွက်လာတဲ့
လှည်းကလေး တစ်စီးပါ တဲ့

ဘယ်သူ့လမ်းကိုမှ မတောင်းဘူး
ဘေးဘီမမြင်တဲ့ အရှိန်ကောင်းနဲ့
ကိုယ့်လမ်းကြောင်းပဲ ကိုယ်မောင်းတယ်

ရှေ့တူရှုကို တည့်တည့်ကြည့်
မချိန်ညှိဘဲလည်း ပြေးချင်ပြေးတယ်

ဘယ်သူ့ကိုမှ မချည်နှောင်
သယ်ဆောင်ရာချင်း မတူရင်တော့
လာ မထိနဲ့
ကိုယ့်ပြေးလမ်းပေါ်က မလွတ်တာမှန်သမျှ
မတော်တဆ ရှမိမယ်

မရည်ရွယ်ခဲ့တဲ့အတွက် ဝမ်းနည်းပါတယ်
ကိုယ့်ဒုက္ခ ကိုယ်ရှာလာရင်တော့
သနားတယ် ဆိုတာကလွဲ
ဘာမှလည်း မတတ်နိုင်ဘူး

တခြားကို မချိန်ရွယ်တဲ့
တနိုင်သာသယ်တဲ့ ဆူး
ဒါပေမဲ့
အပိုင်နာအောင်တွယ်မယ့် ဆူး

***
တခုတော့ ရှိပါရဲ့ကွယ်

ဘေးလူကို ထိခိုက်မယ့် ဆူး
ချစ်သူကို ငြိလိုက်မယ့် ဆူး

တူတာတော့ မတူဘူးပေါ့

***
နာမည်တစ်ခု လာပေးတဲ့သူကို ကျေးဇူးပါ။
ပြောတဲ့သူက အပြစ်တင်ပြီး ပြောတာမို့ ဒီလောက် ကဗျာမဆန်ပေမယ့် ချစ်တဲ့မျက်စေ့နဲ့ (ကိုယ့်ကိုယ်ကို ချစ်တဲ့ မျက်စေ့နဲ့) ကြည့်မိတော့ ကဗျာဆန်သွားတာ။


ပြီးတော့ အဲဒီနာမည်ကို သူက ကိုယ့်လာပေးတာပေမယ့်၊ သူပေးတဲ့ နာမည်ကနေ ရေးဖြစ်တာပေမယ့်၊ ကိုယ့်ဘာသာ ပြန်မြင်ယောင်ပြီး ရေးထားတာတော့ မဟုတ်ဘူး။
;)

Tuesday, September 14, 2010

ယဉ်ကျေးမှုဆိုတာ ???

from Ko Phyoe L'Etranger

"ကျွန်တော်၏ ဓာတ်ပုံခရီးတွင် ..."

ယခု ရက်ပိုင်းအတွင်း ကျွန်တော်ရိုက်သည့် မြန်မာမော်ဒယ်တဦး၏ ဘီကီနီဓာတ်ပုံများကြောင့် ဆူဆူညံညံ အသံတော်တော်ထွက်သည်။

မေးခွန်းများ

- မြန်မာမိန်းခလေးများ ဘီကီနီဝတ်လျှင် အရှက်မရှိဖြစ်ပြီလော။
- ထိုသို့ ဘီကီနီဝတ်ပြီး ဓာတ်ပုံအရိုက်ခံလျှင် အရှက်မရှိဖြစ်ပြီလော။

အဖြေက ရှင်းသည်။ အရှက်ဆိုသည်မှာ ကိုယ်ကျင့်သိက္ခာနှင့်သာ ဆိုင်သည်။ အဝတ်အစားနှင့် မဆိုင်။ ဆိုင်သည်ဟု ဖင်ပိတ်၍ ငြင်းချင်သူများ ကမ်းခြေတွင် မြန်မာရင်ဖုံး၊ ချိတ်ထမီနှင့်သာ သွား၍ ရေကူးကြပေရော့။

အဆိုပါ ဓာတ်ပုံများကို ကူး၍ ယူ၍ ဖြန့်ကြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ မေးကြမြန်းကြသည်။ ဖြေရရှင်းရသည်။

အများစု တူညီကြသည်မှာ -

- သတင်းပေးကြခြင်းဖြစ်သည်။

ကိုဖြိုးရဲ့ဓာတ်ပုံတွေတော့ ဘယ်ဆိုဒ်တွေမှာ ရောက်ကုန်ပြီ စသည်ဖြင့် သတင်းပေးကြခြင်း ဖြစ်သည်။ ကျွန်တော် ထိုဆိုဒ်များကို သိလည်းမသိပါ။ စိတ်လည်း မဝင်စားပါ။ မြန်မာတွေ Sexy ကျသည်ဆိုသည်မှာ ကျွန်တော့်အတွက်ကတော့ မြို့သားတယောက် ရွာထဲမှ ကွမ်းတောင်ကိုင် မြို့စတိုင် ဖမ်းထားရုံလောက်သာ ခံစားရသည်။ မြန်မာလိင်ဗီဒီယို စသည့်များမှာလည်း မှုန်ဝါးဝါးနှင့် သူများအတွင်းရေးများကို အသည်းအသန်စပ်စု၍ ခိုးရိုက်ထားသည်များလောက်သာဖြစ်သည်ဟု ခံစားရသည်။ မိမိသည်လည်း ရှောင်နိုင်သည်မဟုတ်ပါဘဲ ကိုယ်ချင်းစာနာစိတ် မရှိဘဲ သူများအထုပ် လိုက်ဖြေချနေကြသည်များဟုသာ ခံစားရသည်။ ထိုကဲ့သို့ ပြုကြသူများ ကိုယ့်အလှည့် မကြုံရလေအောင်သာ ဆုတောင်းကြပါကုန်။

- သတင်းပေးပြီး သတိထပ်ပေးကြခြင်းဖြစ်သည်။

တချို့လူတွေက ကိုဖြိုးကိုယ်တိုင် ဖြန့်သည်ဟု ထင်ကြရင် မကောင်းဘူးလေဟု သတိပါထပ်ပေးသည်။ အဆိုပါ ကိစ္စမှာလည်း ရှင်းပါသည်။ ကျွန်တော်သာ ဖြန့်ချင်ပါက ထိုပျံ့နှံ့နေသော ပုံများအပြင် များစွာ ကျန်နေသေးသည်။ အဆိုပါပုံများကို ရင်းနှီးသူများပင်လျှင် မတွေ့မမြင်ဖူးကြပေ။ Fine Art Album ကို မှတ်မိကြပေဦးမည်။ အဆိုပါ မော်ဒယ် မည်သူနည်းဟု မေးသူ မနည်းပါ။ မည်သူတဦးတယောက်ကိုမျှ အရိပ်အမြွက်လောက်မျှ ကျွန်တော် မပြောခဲ့ဖူးပေ။ မေးခဲ့ကြသူများ သက်သေခံကြလိမ့်မည်။ ဒါက ကျွန်တော့်၏ ကိုယ်ကျင့်တရားဖြစ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဓာတ်ပုံဆရာ၏ ကျင့်ဝတ်ဖြစ်သည်။

- အကြံဥာဏ်များ ပေးကြသည်။

ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား စသည်ဖြင့် အကြံကောင်းဉာဏ်ကောင်းများ ကျွန်တော့်အား ကိုယ်ချင်းစာ၍ ပေးကြသည်။ အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ၊ ထိုသူများအား လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ သူတို့၏ စိတ်၊ အချိန် စသည်တို့အား ကျွန်တော့်အတွက် ဝေမျှပေးခြင်းဖြစ်သဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

- အူကြောင်ကြောင် မေးခွန်းများ မေးကြသည်။

ခိုးတယ်လို့ ဘာလို့ ပြောနိုင်ရတာလဲ။ ဘယ်သူက ဘယ်လို စ ခိုးသွားတာလဲ။ ယူသွားတာ ဘယ်သူလဲ။ စသည်ဖြင့် အတော့်ကို အူတိအူကြောင်နိုင်သော မေးခွန်းများကို မေးကြသည်။ ဘယ်လိုရယူသွားသည်ဆိုသည်ကတော့ ကျွန်တော်က ပေးလိုက်ခြင်း မဟုတ်သဖြင့် ယူသွားသူအားသာ သွားမေးကြပါကုန်။

ဤနေရာတွင် ကျွန်တော် ဖေ့ဘုတ်ပေါ် ဓာတ်ပုံများတင်ရာတွင် မည်သည့် ကန့်သတ်တားမြစ်ချက်များမှ သတ်မှတ်မထားသည်ကို အသိပေးခဲ့ချင်ပါသည်။

အချို့သူများက Privacy များ ထားရှိပြီး တားမြစ်ကြသည်မှာ သူတို့၏ ခံစားချက်အရသာ ဖြစ်သည်။ ကျွန်တော်နှင့် မဆိုင်။ ကျွန်တော် မသတ်မှတ်ထားရခြင်းမှာ မြန်မာပြည်ဖွားတယောက်က ဒါမျိုးတွေ ဖန်တီးထားသည်ကို မည်သူမဆို လွတ်လပ်စွာ ခံစားနိုင်ရန်ဖြစ်ပါသည်။ ကြိုက်သလိုခံစား၍ ကြိုက်သလို ဝေဖန်နိုင်ပါသည်။ မိုက်မိုက်ရိုင်းရိုင်း ဝေဖန်သမှု ပြုသူများမှာ သူ၏ လိပ်ပြာကို သူ သိပါလိမ့်မည်။

- ရက်ရက်ရောရော မှတ်ချက်များ ပေးကြသည်။

ဟိုဆိုဒ်တွေကို ရောက်နိုင်လောက်အောင် မဝတ်စားထားရင် မရောက်ပါဘူး ဆိုတဲ့ မှတ်ချက်မျိုးကတော့ အတော့်ကို ဆန်းသည်။ ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီးကာမှ လူတယောက်၏ ဝတ်စားဆင်ယင်မှုကအစ လိုက်ပြောနေလျှင် ဒီလိုလူမျိုးတွေရဲ့ လက်ထဲ အနာဂတ်တိုင်းပြည် ရောက်မသွားသည်က ပိုကောင်းမည်ဟု အမုန်းခံ ပြောပါရစေ။

ဖန်တီးသူတယောက်က ဖန်တီးချင် ဖန်တီးမည်ဖြစ်ပြီး ခိုးယူသူတယောက်ကလည်း ခိုးချင်ခိုးမည်ဖြစ်သည်။ အကုန်လုံး သူ့ကိစ္စ သူလုပ်နေကြသည်။ မဆိုင်ရာဆွဲထည့်ပြီး မယောင်ရာဆီလူးသည့် မှတ်ချက်မျိုးတွေကို ဖောဖောသီသီပေးတတ်သူများကတော့ သူများအလုပ်ကို အဆင်းဘီးတပ်သူများဟုသာ ခံစားရသည်။
သားပြော၊ မယားပြော ပြောကြသည်။ နှမသားချင်း မစာနာဘဲ မှတ်ချက်ပေးကြသည်။ မအေ နှမ မရှိသူများဟုသာ ထင်မိပါသည်။ ထွေထွေထူးထူး မရှိပါ။ အသိဉာဏ်နည်း၍သော်လည်းကောင်း၊ အသိဉာဏ်လွန်လွန်းသွား၍သော်လည်းကောင်း တခုခုသာ ဖြစ်ပါလိမ့်မည်။ ကပ်သီးကပ်ဖဲ့ပြောရပါလျှင် သူတို့လည်း သူတို့ပါးစပ်နှင့်သူတို့ ငါဘာကောင်ကွဟု ဖော်ကျူးပြနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။

- မဆိုင်သလို နေကြသည်။

သူတို့တွေ အေးချမ်းကြပါသည်။

***
ကျွန်တော် ဘာဆက်လုပ်မှာလဲ။
ထွေထွေထူးထူး လုပ်ရန် မရှိပါ။ ဘယ်ခြေဖဝါးက မြေကြီးတွင်နင်းထားလျက်၊ ညာခြေဖဝါးက လှေကားတထစ်တက်လျက် အနေအထားတွင် နောက်တထစ် ထပ်တက်မည်ဆိုပါက အဆိုပါ မြေကြီးအား စွန့်ထားခဲ့ရမည်သာ ဖြစ်သည်။ အဆိုပါ အသိကို သတိပေးခဲ့သော ကျွန်တော့်မိတ်ဆွေ ကိုဝဏ္ဏအား ကျေးဇူးစကားဆိုအပ်ပါသည်။

မှတ်ချက်။
ကျွန်တော် ရှင်သန်နေထိုင်နေပါသည်။ ကျွန်တော် အနုပညာကို ဝါသနာပါသည်။ ကြိုက်လျှင် အားပေးပါ။ မကြိုက်လျှင် အားမပေးရုံပါပဲ။ ဆရာလိုလို ကြောသလို မောသလိုနှင့် ပြောသည်များကိုလည်း ရိပ်မိပါသည်။ စေတနာအရင်းခံ၍ ထောက်ပြဝေဖန်သည်များကိုလည်း ရိပ်မိပါသည်။ လိုအပ်သည်ဟုခံစားရလျှင် ကျွန်တော် ယူသုံးပါမည်။ သုံးချင်သုံးမည် မသုံးချင်လည်း မသုံးဟူသော သဘောဖြစ်ပါသည်။ အဆိုပါအချက်အတွက် သဘောထားကြီးစွာထား၍ စိတ်မခုကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားနေသူများ ဖြစ်ပါသည်။ ကျွန်တော် မည်သူ့ကိုမှ ခွမစီးသလို၊ မည်သူကမျှ လာခွစီးသည်ကိုလည်း မကြိုက်နိုင်ပါ။

လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုပါလျှင် ကျွန်တော်တတ်နိုင်တာ ကူညီပေးနိုင်ပါသည်။ လက်တွဲပူးပေါင်း ခေါင်းစဉ်တပ်ပြီး လစ်ရင်တွယ်မည်ဟု ကြံထားသူများလည်း သူ၏ သဘောသာရှိပါစေ။
အချုပ်အားဖြင့်ဆိုရလျှင် အဆိုပါ ကိစ္စများအပေါ်တွင် ခံစားမှုကို ကျွန်တော့်ဘက်က ပြီးပါပြီဟု စာတမ်းထိုးပါသည်။ မိတ်ကောင်းဆွေမွန်များ စိတ်ချမ်းမြေ့ကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားကြရုံသာ။

လေးစားစွာဖြင့်
ကိုဖြိုး

***
fb မှာတွေ့တဲ့ NOTE တစ်ခုပါ။
အသုံးပြုခွင့်ပေးလို့ မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်။
သူ့ကို မသိပါဘူး။ သူ့ NOTE ကို မတော်တဆ သူများဆီက တဆင့် မြင်တာပါ။
ခုထိလည်း ဒီ NOTE မှာ ပါတဲ့ ဓါတ်ပုံတွေဆိုတာကို မကြည့်မိသေးပါဘူး၊ စိတ်မဝင်စားလို့။
ခဏနေရင်တော့ ကြည့်ချင်ကြည့်မယ်။

ရိုးရာယဉ်ကျေးမှုလို့ ဆိုလိုက်ရင် တော်တော်များများက အဝတ်အစားပဲ ပြေးမြင်ကြတယ် ထင်ပါတယ်။

ကိုယ့်အနေနဲ့ကတော့ မကြိုက်ရင် မလုပ်ရုံပါပဲ။
ကိုယ့်လည်း မထိခိုက်၊ သူများလည်း မထိခိုက်တဲ့ ဝတ်ချင်လို့ ဝတ်၊ ရိုက်ချင်လို့ ရိုက်တဲ့လူတွေကို ဝင်စွက်ဖက်စရာအကြောင်း မရှိပါဘူး။

ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်မပြချင်ပါ။ (မဖွင့်တတ်လို့၊ ပြီးတော့ ပျင်းလို့)
တစ်ခုပဲ မေးစရာရှိပါတယ်။

"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"

***