Tuesday, January 4, 2011

လက်ထပ်စာချုပ် နဲ့ မြို့

လက်ထပ်စာချုပ် နဲ့ မြို့

သိပ်တော့မဆိုင်သလို ထင်ရပေမယ့် ယောက်မ ပို့စ် ကွန်မန့်တွေ ရေးရင်း ကျင်လည်ကြီးပြင်းခဲ့ရာ အတွေ့အကြုံတွေကလည်း ခံစားမှုကို လွှမ်းမိုးပြုပြင်တယ်လို့ ဆက်တွေးမိတယ်။ (အမှန်တော့ ပြောဖြစ်တာက အနုပညာ ဘာညာကွိကွ အကြောင်းပါ)

အလယ်တန်းလောက်မှာ bestseller စာရေးသူတစ်ယောက်ရဲ့ ဝတ္ထုတအုပ် ကျောင်းပိတ်ရက် အိမ်ပြန်ချိန်မှာ ဖတ်မိတယ်။ ၇ တန်း၊ ၈ တန်း ဖြစ်မှာပါပဲ။ အကြောင်းအရာက အမျိုးသားဇာတ်ကောင်က ငယ်ငယ်ကတည်းက စည်းတွေဘောင်တွေကြားမှာ ကြီးခဲ့ရလို့၊ လူလားမြောက်တော့ လူ့လောက က စည်းဘောင်တွေကြားမှာကို မနေတော့ဘူး ဆိုတာမျိုး စထားတယ်။

နောက် ကောင်မလေးနဲ့ ချစ်သူဖြစ်၊ မိန်းကလေးဘက်က သဘောမတူ၊ နှစ်ဦးသဘောတူ လက်ထပ်ကြမယ်ဆိုတော့ စာချုပ်တွေ မလိုဘူးလို့ သူ (အမျိုးသားဇာတ်ကောင်) က ဆိုတယ်။ သူက ချုပ်ချယ်တာတွေ၊ စည်းတားတာတွေ မကြိုက်သူမို့၊ သူ့ကိုချစ်ရင် သူ့ကိုယုံရင် သူတို့ကြားမှာ စာချုပ်ဆိုတာ မလိုဘူးလို့ ဆိုတယ်။ (စာချုပ်ဆိုတာ ချုပ်နှောင်တာအပြင်၊ ယုံကြည်မှု မရှိကြလို့သာ လိုတဲ့အရာလို့ သူက ယူဆပုံမျိုး ရေးထားတယ်)။ လိုရင်းကတော့ ဒါနဲ့ပဲ သူတို့နှစ်ယောက် ကွဲရော။


စာရေးသူက လူနှစ်ယောက် လက်ထပ်တာမှာ စာချုပ်ကိစ္စကို အလေးပေးရေးတာလည်း သူ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံအရ ဖြစ်မှာပဲ။ ဇာတ်ကြောင်းကလည်း ဇာတ်ကောင်ရဲ့ ငယ်ငယ်က အတွေ့အကြုံတွေနဲ့ သူ ကြီးပြင်းအရွယ်ရောက်လာတော့ အဲဒါတွေရဲ့ လွှမ်းမိုးမှုအရ တုန့်ပြန်ပုံကို ရေးထားတဲ့သဘောလို ဖြစ်နေပြန်တယ်။

ကိုယ့်အနေနဲ့ ကြိုက်တာ မကြိုက်တာထက် (ကိုယ်ပိုင်အတွေ့အကြုံနဲ့ လွှမ်းမိုးခံခဲ့ရတာတွေအရ ပြောရမယ်ဆိုရင်) ဇာတ်ကောင်မိန်းကလေးအတွက် လန့် လောက်စရာဖြစ်သွားတဲ့ ဇာတ်ကောင်အမျိုးသားရဲ့ လက်ထပ်စာချုပ်နဲ့ဆိုင်တဲ့ အတွေးအခေါ် (စာရေးသူက လက်ထပ်စာချုပ်ဆိုတာကိုပဲ အထူးသဖြင့် ပြောသွားတယ်) က ကိုယ် ဖတ်တော့ ဘာမှမဟုတ်ဘူး။ (ကိုယ့် ခံစားမှုကို ဘာမှ မသက်ရောက်စေလိုက်ဘူး)။

(တကယ် ရေးချင်တာက ဖတ်ဖူးတဲ့ အဲဒီဝတ္ထုကြောင်းလည်း မဟုတ်၊ ကိုယ့်အယူအဆကြောင်းလည်း မဟုတ်၊ အနုပညာကြောင်းလည်း မဟုတ်၊ ငယ်ဘဝနဲ့ လွှမ်းမိုးခံရတာလည်း မဟုတ်။ တကယ် ရေးချင်တဲ့ အကြောင်းက ခဏနေမှ လာမှာ။ ရေးလက်စနဲ့ အတွေးတွေနောက်လိုက်ပြီး ဆက်ရေးလိုက်ဦးမယ်)

ဂျူး ဝတ္ထုတိုတွေကို နားလည်နိုင်စွမ်း မရှိခင်မှာပဲ "မြ ရဲ့ လ" ကို ဖတ်တော့ ချက်ချင်း နားလည်တယ်။ အဲဒါကလည်း အတွေ့အကြုံက ခံစားမှုကို လွှမ်းမိုးလို့ပါပဲ။ ခုချိန်မှာ ပြန်တွေးမိတာတစ်ခုလည်း ရှိတယ်။ ဂျူး ဟာ အညာမှာ ကြီးပြင်းခဲ့ရလို့ကို အဲဒီဝတ္ထုကို အဲဒီတင်ပြပုံနဲ့ ရေးဖြစ်တာ။ မဟုတ်ရင် အဲဒီ ဝတ္ထုရဲ့ presentation က တခြား တပုံစံ ဖြစ်ကောင်းဖြစ်နေမှာပဲ ဆိုတာ... (ဟုတ် မဟုတ်ကတော့ စမ်းကြည့်လို့မရဘူး။ အထင်အမြင်တွေပါပဲ။ အနုပညာဖြစ်နေတာကိုး)

အဲလိုပဲ။ ကိုယ်လည်း ကိုယ် ကြီးပြင်းထိတွေ့လာရတဲ့ ပတ်ဝန်းကျင်ကြောင့် အထက်က ဘတ်ဆဲလားစာရေးသူ အဲဒီဝတ္ထုကို ရေးသလို ရေးနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် လက်ထပ်စာချုပ် ကိစ္စကို ဘယ်လိုမှ သူတွေးသလိုတွေးပြီး သူရေးသလို ရေးဖြစ်မှာမဟုတ်ဘူး။ အဲဒီဝတ္ထုကို ဖတ်တဲ့အခါမှာလည်း တလျှောက်လုံး သယ်လာတဲ့ ဇာတ်ကောင်စရိုက်က စာရေးသူ အထူးသဖြင့်ပြောသွားတဲ့ လက်ထပ်စာချုပ် ကိစ္စအရောက်မှာ ကိုယ့်အတွက် nothing ပဲ ဖြစ်သွားပြီ။

10 တန်းရောက်တော့ ရန်ကုန်ရောက်ပြီ။ 10 တန်းမှာ အတော် ခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ အဲဒီ စာအုပ်အကြောင်း ပြောဖြစ်ကြတယ်။ အဲဒီ ဘတ်ဆဲလားစာရေးသူ ပစ်တဲ့ အချက်က သူ့ကိုတော့ ထိတယ်။ လက်ထပ်စာချုပ်ဆိုတာကြောင့် ဇာတ်ကောင်စရိုက်က သူ့ခံစားမှုမှာ တိမ်းစောင်းမသွားဘူး။ အဲလိုသာ စာချုပ်မချုပ်ချင်တဲ့ လူတယောက်နဲ့များ သူ တွေ့ရရင် ဒုက္ခပါပဲ ဆိုတာမျိုးထိ သူ ခံစားရပုံပဲ။ (တကယ်တော့ အကြားအမြင်လည်း မများတဲ့ အရွယ်တွေမို့လို့ပါ)

***
ခုတလော ဒေါက်တာ ခင်မောင်ဝင်း အညာကြောင်းရေးတဲ့ ဆောင်းပါးတွေ ဖတ်ရရင် သိပ်ကြိုက်တာပဲ။ အညာမို့လို့ဆိုတာမျိုး မဟုတ်ဘဲနဲ့ကို သူ စာရေးပုံ၊ အကြောင်းအရာတွေကို ကြိုက်တာမျိုးပါပဲ။

အဲဒီမတိုင်ခင်တည်းက မြို့အကြောင်းရေးဦးမှလို့ တွေးနေမိတာ။ သူ့ဆောင်းပါးတွေ ဖတ်ရတဲ့အခါတိုင်း ကိုယ်သိတာတွေလည်း ချရေးထားဦးမှလို့ ခဏခဏ တွေးမိတယ်။ တွေးသာတွေးတာ၊ သိတာကလည်း ဘာမှ မရှိဘူး။ သိအောင် အားထုတ်ချင်စိတ်ကို မရှိတာ ဆိုရင် ပိုမှန်မယ်။ နှစ်တိုင်း မြို့ကိုပြန်ဖြစ်တယ် ဆိုပေမယ့် ပြန်သွားတဲ့ တခဏမှာ စားဖို့၊ အိပ်ဖို့၊ စာဖတ်ဖို့၊ သူငယ်ချင်းဟောင်းတွေနဲ့ လည်ဖို့ ပတ်ဖို့လောက်ပဲ ဆိုတော့ သိသမျှတောင် မေ့ကုန်ပြီ။ မသေချာတဲ့ အချက်အလက်တွေ မေးမယ်ဆိုတာမျိုးတောင်မှ မလုပ်ဖြစ်ဘူး။


ဒါပေမဲ့ မြို့အကြောင်းကို ရေးဦးမှ လို့ စဉ်းစားတိုင်းမှာ လက်ထပ်စာချုပ်ကိစ္စနဲ့အတူ ဖတ်ခဲ့ဖူးတဲ့ အဲဒီစာအုပ်ရယ်၊ စာတအုပ်တည်းဖတ်ပြီး တုန့်ပြန် ခံစားရပုံချင်းမတူတဲ့ 10 တန်းတုန်းက သူငယ်ချင်းရယ် အရင်ဆုံး အတွေးထဲ ဝင်လာတယ်။

"ဖေဖေနဲ့ မေမေမှာလည်း လက်ထပ်စာချုပ်မရှိဘူး" လို့ ကိုယ်ပြောတော့ အဲဒီ သူငယ်ချင်းက အင်မတန် အံ့သြတယ်။

ကိုယ် ကျင်လည်ကြီးပြင်းခဲ့ရုံတင်မက ဆင်းသက်လာတဲ့မြို့လို့ ဆိုနိုင်ပေမယ့် မသိတာတွေ၊ အမှတ်တမဲ့နေခဲ့တာတွေ၊ နီးလွန်းလို့ ဝါးသွားတာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီတစ်ခုတော့ သေချာသိတယ်။ မြို့မှာ လက်ထပ်တယ်၊ မင်္ဂလာဆောင်တယ် ဆိုတာကို ဘယ်လိုပုံစံနဲ့ပဲ လုပ်လုပ် ရုံးတက်လက်မှတ်ထိုးပြီး စာချုပ်ချုပ်တာတော့ ဘယ်သူ့မှာမှ ထုံးစံမရှိဘူး။

လွန်ခဲ့တဲ့ အနှစ် 30 လောက်ကဆို ဖိတ်စာမှာ သတို့သား၊ သတို့သမီး ဘာဘွဲ့ရရ ထည့်လည်း မရိုက်ကြဘူး။ ထည့်ရိုက်ရင်လည်း အတော်ကို ကြောင်တဲ့ကိစ္စ ဖြစ်သွားမှာပဲ။ အဲလိုပြောရင် ခေတ်အခါနဲ့ အနေအထားကို သေချာမသိရတဲ့သူ၊ နယ်မှာ မကြီးပြင်းဖူးတဲ့သူတွေက ကြောင်တယ်ဆိုတာကို ခံစားလို့ ရချင်မှ ရမှာ။


အညာက မြို့နယ်အဆင့် မြို့ကလေးမှာ တသက်လုံး မွေးစကနေ သေသည်ထိ ဒီလူ ဒီလူ၊ ဒီပတ်ဝန်းကျင် ဒီပတ်ဝန်းကျင်၊ မြို့တောင်ဖျားက လူတစ်ယောက်နာမည် ပြောလိုက်တာနဲ့ မြောက်ဖျားကရော၊ အရှေ့ဖျား အနောက်ဖျားကရော၊ မြို့လယ်ကောင်ကရော အားလုံးသိတဲ့ အပြင်၊ အဲဒီလူတင်မက အဲဒီလူရဲ့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ပါ ရာဇဝင်ကြောင်းနဲ့တကွ အကုန်အစင်သိနိုင်လောက်တယ်။ အနှစ် 20/30 လောက် နီးနီးနားနားနေလာတဲ့ မှတ်ဉာဏ်လည်းကောင်းတဲ့ ရပ်ဆွေရပ်မျိုးတယောက်ယောက်ကို မေးလိုက်မိလို့ကတော့ မူလတန်းတုန်းက ဘာဖြစ်တာ၊ အလယ်တန်းတုန်းက ဘာဖြစ်တာကစ အသေးစိတ်တောင် ပြောပြနိုင်လိမ့်မယ် ထင်တယ်။

အဲဒီလိုအနေအထားမျိုးမှာ လက်ထပ်ထိမ်းမြားတော့မယ့် လူနှစ်ယောက်အတွက် နှစ်ပေါင်းများစွာ သိမှတ်ကျွမ်းဝင်လာတဲ့ ကိုယ့်ပတ်ဝန်းကျင်က လူအများထက် ပိုပြီး၊ စာချုပ်စာတမ်းပေါ်က စာလုံးတွေက အရေးမပါနိုင်ဘူးဆိုတာ အံ့သြစရာတော့ မရှိဘူး။

***
နှစ်တွေ ကြာလာတော့လည်း တချို့ကိစ္စတွေ ပြောင်းလဲကုန်ပြီ။
မင်္ဂလာဆောင်ဖိတ်စာတွေ ကြည့်လိုက်ရင်၊ နောက်က အမြီးတွေ မထည့်မဖြစ် ထည့်လာကြပြီ။ ဟိုးတနှစ်ဆီက အိမ်ပြန်တုန်းမှာ ကိုယ့် မောင်ဝမ်းကွဲတယောက် ဘာတက်နေတယ်ဆိုတာ ကိုယ့် သူငယ်ချင်း အရင်းခေါက်ခေါက်တယောက်က ကိုယ်နဲ့တွေ့မှ မေးရင်း ပြောရင်းနဲ့ သိပြီး တအံ့တသြ ဖြစ်သွားတာလည်း ကြုံဖူးတယ်။ 10 တန်းအောင်တယ်၊ တက္ကသိုလ်တက်တယ်ဆိုတာလည်း ထူးခြားဖြစ်စဉ်မှ မဟုတ်တော့တာလေ။ ဘယ်သူ ဘယ်နှစ်က ဘယ်လိုအောင်လို့၊ ဘာကျောင်းတက်ပြီး ဘာနဲ့ပြီးသွားတယ်ဆိုတာ တော်ရုံမသိကြတော့ဘူး။

မနှစ်ကတော့ အညာကို ရောက်တုန်း ကိုယ့် 3rd cousin နဲ့ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းကို မေးကြည့်မိတယ်။ နင်တို့ မင်္ဂလာဆောင်တော့ လက်ထပ်စာချုပ်ချုပ်သလားလို့။ သူက ပြောတယ်။ "ထုံးစံမရှိတာတွေ... ဒီလူနဲ့ ဒီလူ ဘာစာချုပ် ချုပ်စရာလိုသလဲ" တဲ့။

***
အထက်မှာ ပြောခဲ့တဲ့ဝတ္ထုက ပစ်သွားတဲ့အချက် ကိုယ့်ကို မထိတာလည်း အံ့သြစရာ မရှိဘူးပေါ့။

***
(မှတ်ချက် - နယ်မြို့တော်တော်များများ အဲဒီတိုင်းပဲလို့ ထင်ပါတယ်)

ဖတ်မိတာလေး