Sunday, April 29, 2012

120429



တွေ့လိုက်ပြီးလျှင်ပြီးချင်း ကြင်လို့ ချစ်တာပါပဲဆိုတာ မပြောရက်နိုင်သလိုရှိလှတာကို သူတပါးနှင့်တကွ 'သူ' ပါ နားလည်မည်မထင်။ အရင့်အရင် မမြင်ဖူးခင် မကြားဖူးခင်က ချစ်ရတယ်ထင်သည်။ သည်လိုပင် ကိုယ်သေဆုံးပြီးသည့်နောက်အထိလည်း ကိုယ့်ရဲ့အချစ်က ထူးဆန်းသောနည်းတနည်းနှင့် ကျန်ရစ်ဦးမည်ထင်သည်။

တခါတရံတော့လည်း ချစ်ခြင်းမေတ္တာဆိုသည့် ကမ္ဘာမြေပေါ်မှာနေ၍ မိုးတိမ်ဗွေနှင့်လည်း လှမ်းမီသော အင်အားကြီးတစ်ခုသည် ကိုယ်၌ လာ၍ဖြစ်ပေါ်ပြီး 'သူ' ဟူသည့် ရုပ်တစ်စုံကို ဖန်ဆင်းသည်လို့ပင် ဆန်းပြားစွာထင်သည်။

ထို့ကြောင့် 'သူ' သည် ကိုယ်ပိုင်သော၊ ကိုယ်ကဖြစ်သော၊ သံသရာအစအဆုံးက ရင်းနှီးခဲ့သော 'သူ' ပါ ဟု ပြောပြရလျှင် အနည်းငယ် စိတ်ကျေနပ်သည်။

(ကြည်အေး - တမ်းတတတ်သည်)

*** 
photo from here

Friday, April 20, 2012

စကားလုံးများနှင့် sense

ကျွန်

သတ်ပုံကျမ်းမှာဆို 'ကျွန်တော်၊ ကျွန်မ' လို့ ပါတယ်။

သို့သော် အဲဒီစကားလုံးတွေကနေ ကျေးကျွန်ဆိုတဲ့ sense ကြီးကို ခံစားမိတဲ့သူတချို့က 'ကျတော် ကျမ' စသဖြင့် ပြောင်းရေးကြတယ်။ ကိုယ်တော့ အဲလိုမရှိဘူး။ (ရှေ့ကလူများ ဘာကိုရည်ရွယ်သည်ဖြစ်စေ) သတ်ပုံဆိုတာ ဘာသာစကားတခုကို အတူအသုံးပြုသူတွေကြား တပြေးညီ တူဖို့သတ်မှတ်တဲ့ နည်းစနစ်တစ်ခုမျှသာပဲ။ ဒီတော့ ကျွန်မ ဆိုတဲ့ အသုံးသာ သုံးဖြစ်ခဲ့ရင် 'ကျွန်မ' လို့ပဲ ရိုက်တယ်။ ကျမ လို့ မရိုက်ဘူး။ ဒီနေ့ သတ်ပုံကျမ်းမှာ 'ကျမ' လို့ ပြောင်းခဲ့မယ်ဆိုရင် နက်ဖန် သုံးစရာရှိတာနဲ့ 'ကျမ' လို့ ပြောင်းရိုက်၊ ပြောင်းသုံးမယ်။

(မှတ်ချက်။ သတ်ပုံကျမ်းအတိုင်း အမြဲလိုက်နာသည် မဆိုလို)

မိန်းမလို မိန်းမရ

လွန်ခဲ့တဲ့နှစ်တွေလောက်က ဘယ်မှာလဲ မသိ၊ (Addy Chen ဆီမှာလို့ ထင်တယ်။)
နောက်ပိုင်းမှာ မိန်းမတွေတင်မက ယောက်ျားတွေကပါ 'အမျိုးသမီး အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး' အော်လာကြတာ၊ သူတို့ တာဝန်တွေအေးရာအေးကြောင်းဖြစ်ဖို့၊ ပုခုံးပြောင်းဖို့ ဆိုတဲ့ လျှို့ဝှက်အကြံအစည် ဖြစ်နိုင်တယ် ဆိုတဲ့ သဘောမျိုးရေးထားတာ။ သူ ကိုယ်တိုင်ကတော့ မိန်းမဝါဒီ ထင်ပါတယ်၊ အရေးအသားကြည့်ရတာ။ (အထူးမှတ်ချက်။ ကိုယ်ကတော့ ဒီတသက် ဖြစ်မည်မထင်။)

အဲဒီကနေ ဆက်တွေးလိုက်မိလို့။

ဆိုပါစို့။ 
ယောက်ျားတွေကို 'ဒီလူကတော့ မိန်းမလို မိန်းမရနဲ့၊ မိန်းမစိတ်' 'ထမီ ဝတ်ထားပါလား' စသဖြင့်ပြောတာ မိန်းမတွေကို စော်ကားရာကျတယ်။ အဆင့်နှိမ့်ရာကျတယ် ဆိုကြတယ်။

ဒါလည်း ယောက်ျားတွေအနေနဲ့ ဒီလိုပြောတာ မခံချင်လို့၊ မခံရအောင် တဘက်လှည့်နဲ့ မိန်းမတွေကိုပဲ မနှိမ်စေချင်သလိုလို လုပ်ပြောတာ ဖြစ်နိုင်တာပဲ။

စကားလုံးဆိုတာ အသုံးကြာလာရင် မူရင်းအနှစ်ပျောက်ပြီး၊ အပေါ်ယံညွှန်းဆိုရင်းစွဲလေးပဲ ဂရုပြုမိကြတာ များတယ်မဟုတ်လား။ 'ကျွန်တော် ကျွန်မ' ဆိုတာလိုပေါ့။ အဲဒီစကားလုံး သုံးတိုင်း ဒါ ငါ့ကိုယ်ငါ ဆိုတာကလွဲလို့ 'ကျွန်' ဆိုတဲ့ အနက်ဟာ ကိုယ့်စိတ်ထဲ ပေါ်မလာဘူး။ ပေါ်လာတဲ့လူလည်း မသုံးဘဲ နေရုံပဲမဟုတ်လား။

ဒီလိုပဲ ယောက်ျားတစ်ယောက် အလုပ်မဟုတ်ဘဲ အူကြောင်ကြားကွက်နင်းနေလို့ 'မိန်းမလို မိန်းမရ' တို့ 'မိန်းမဉာဏ်' တို့ 'မိန်းမကျင့် မိန်းမကြံ' တို့ လို့ ပြောတာလည်း မိန်းမတွေ ဆိုတဲ့ sense ထိ ပေါ်မလာဘူး။ ဒါ တိုက်ရိုက်ပြောချင်သူကိုသာ ထိထိမိမိ နှိပ်ကွပ်နည်း တမျိုးပဲ။ (ဒါမျိုး သူတို့ မခံချင် မခံနိုင်လို့ မိန်းမတွေကိုပါ သွယ်ဝိုက် နှိမ်ရာရောက်တယ်ဆိုပြီး တဖက်လှည့်နဲ့ ထွက်တာ ပို ဖြစ်နိုင်တယ်။)

တချို့သော ယောက်ျားတွေ အမျိုးသမီးအခွင့်အရေး ဘာညာ ခေါင်းတပ်ရေးတာ စေတနာနဲ့ဆိုတာထက်၊ ထမီမပြီး ရန်တွေ့နေတာနဲ့ ပိုတူတတ်လို့၊ ဒါ အမျိုးသမီးခေါင်းစဉ်တပ်ပြီး သူတို့အထိနာတတ်တဲ့ စကားလုံးတွေ ပပျောက်အောင်များ တဖက်လှည့်နဲ့ ပြောသလား ထင်မိတယ်။

ဒီတော့ မိန်းမတွေကို ထိခိုက်တယ်လို့ စိတ်မှာထင်ရင် မသုံးဘဲ နေရုံပဲ။ ကိုယ့်စိတ်က ဒီစကားလုံးသုံးတာ ရည်ရွယ်သူကလွဲလို့ မိန်းမတွေကို သွယ်ဝိုက် ထိခိုက်စေလိုတယ်လို့ မဟုတ်ရင် ဆက်သုံးရုံပဲ။

အဲလို အူကြောင်ကြားကွက်တွေအတွက် ဒီ့ထက် ထိရောက်မယ့် စကားလုံးလည်း မှတပါး အခြားမရှိမဟုတ်လား။ ရှိလာခဲ့ရင် အချိန်မရွေးပြောင်းသုံးမယ်။ 

မရှိမချင်းတော့ ဒါအကောင်းဆုံးပဲ။

***
ဘာမှတော့ မဆိုင်ဘူး။
ရုံးက ပြန်ရောက်ပြီး Addy Chen ပို့စ် ဖတ်၊ နောက် ကွန်ဒိုလီဇာရိုက်ဇ်အကြောင်းဖတ်တော့ လူမည်းတို့၊ ကျွန်တို့ အကြောင်းတွေရောက်၊ စကားလက်အိုဟာရာတို့ခေတ်က လူမည်း၊ ရိုက်ဇ်တို့ခေတ်က လူမည်းနဲ့ ကျွန် ဆိုတဲ့ စကားလုံးကနေ ချရေးမိတာ။

ဖြည့်စွက်

ဗမာပြည်မှာ အမျိုးသမီးရေးရာ နဲ့ အမျိုးသမီးအခွင့်အရေးအကြောင်းတွေ ခေတ်စားတုန်းကဆိုရင်
မြန်မာဥပဒေမှာ ယောက်ျားတွေ တရားဝင် မိန်းမတစ်ယောက်ထက် ပိုယူခွင့် ရတာနဲ့ ပတ်သတ်လို့ ဆရာမကြီး ခင်နှင်းယု တို့တောင်ပါသေးလား မသိ၊ ရှင်းကြတာကို ဖတ်ဖူးတယ်။ အဲဒီမှာ အဲဒါက ဘာသာခြား လူမျိုးခြားအမျိုးသားနဲ့ လက်ထပ်တဲ့ ဗမာအမျိုးသမီးတွေကို ကာကွယ်ဖို့ လုပ်ရတာပါဆိုပြီး ဥပမာ၊ ဥပမေယျ မျိုးစုံနဲ့ ရှင်းကြတာ ကြားဖူးတယ်။

ကိုယ်တော့ ဥပဒေကြောင်း နားမလည်ပါဘူး။ လတ်တလော မလိုအပ်တော့ စိတ်လည်းမဝင်စားဘူး။ ဒါပေမဲ့ အဲဒီမှာ ပြသွားတဲ့ ဥပမာတွေ အကြောင်းပြချက်တွေကိုတော့ ဘဝင်မကျဘူး။ အဓိကနဲ့ သာမညနဲ့ ချော်နေတယ်လို့ ခံစားရတယ်။

ပြောချင်တာက မိန်းမတွေကို ကာကွယ်ဖို့လို့၊ မနှိမ်မိဖို့လို့ ရည်ရွယ်ချက်ဖြင့် 'မိန်းမလို မိန်းမရ ဖြစ်သော' ယောက်ျားတွေကို 'မိန်းမလို မိန်းမရ' ဆိုတဲ့ စကားလုံးမျိုး သုံးပြီး မပြောသင့်ဘူးဆိုတာလည်း အထက်က ဥပဒေလိုများ ဖြစ်နေမလား တွေးမိသေးတယ်။

***

Friday, April 13, 2012

Yangon (9th Mar ~ 31st Mar 2012) (Part - 2)

အင်းလျားလမ်း

အင်းလျားဆောင်

Yes Smoking!


37 လမ်း (ထင်တယ်)
သဇင်
ဂန္ဓမာ
MES
T8
အင်းလျား (စိမ်းလန်းစိုပြေ)
အင်းလျား (ကမ္ဘာအေးဘုရားလမ်း)
airport

Yangon (9th Mar ~ 31st Mar 2012)

ကမ္ဘာအေးဘုရားလမ်းထောင့်၊ 
တက္ကသိုလ်ရိပ်သာလမ်းပေါ်က ငု
စိမ်းလန်းစိုပြေ
city mart ရန်ကင်းစင်တာ
မြန်မာပြည်ရဲ့ M1 roaming
facebook အသုံးပြုနည်း
policeman who was awarded 
7days' national hero award (not so sure =D)

Friday, April 6, 2012

Bangkok Trip (9th Dec ~ 12th Dec 2011)

Cathay Pacific (ငယ်ငယ်က အဲဒီကြော်ညာစာမျက်နှာတွေကို ခဏခဏ စာအုပ်အဖုံးလုပ်ခဲ့ဖူးတယ်)
Suvanabhumi Airport
ကျိုင်းတုံမြီးရှည် (cooked by Addy Chen)
တည်းတဲ့အိမ် (ဂျူ နဲ့ စနိုးရဲ့အိမ်) ၁၂ ထပ်မှ
အညာမှာ ထားဝယ်မှိုင်းလို့ ခေါ်တဲ့ပန်းပင် (မြဘုရားဝင်း)
My first

&nf;pm;vkbuf

***
2011 မှာ ပျော်စရာအကောင်းဆုံး ၄ ရက်။
ဂျူ၊ စနိုးနဲ့ အက်ဒီတို့ကို သိပ် ကျေးဇူးတင်ပါတယ်။
ခုဆို ဂျူ ပြန်သွားပြီ။ အက်ဒီလည်း ပြန်တော့မယ် ဆိုတယ်။

Wednesday, April 4, 2012

Books (2)

စာဖတ်သူတစ်ဦး၏ ဒိုင်ယာရီ

အဲဒီစာအုပ်ကို ရောက်ပြီးနောက်တနေ့မှာ ဝယ်ဖြစ်တယ်။
ခုထိ ၃/၄ ရွက်ပဲ ဖတ်ပြီးသေးတယ်။ ငယ်ငယ်က ဟန်သစ်မှာ ဆရာရေးတဲ့ ဖတ်ကြည့်ကဏ္ဍ ဆောင်းပါးတွေ ဖတ်ခဲ့ရတာ အမှတ်ရမိတယ်။ အဲဒီတုန်းကတော့ ကိုယ်နဲ့မမီတဲ့ တချို့အကြောင်းအရာတွေလည်း ကျော်ဖတ်ခဲ့တာပေါ့။

နောက် ဟန်သစ်မဂ္ဂဇင်းက နိုင်ငံတကာဝတ္ထုတိုများ ဆိုပြီး လုံးချင်းထွက်နေတာ တွေ့ခဲ့တယ်။ အဲဒါတော့ စိတ်မပါလို့ မဝယ်ဖြစ်ဘူး။ ပိုက်ဆံတွေ သိပ်ပေါလာခဲ့ရင်တော့ စောဟိန်းရဲ့ အခန်းဆက်ဝတ္ထုရှည်လေး ပြန်ထုတ်ဦးမှ။

ဝင်းငြိမ်းနှင့် စာရေးဆရာများ (၁)/ (၂)

အဲဒါတွေ့တော့ ဂျူးပါတဲ့ အတွဲ (၂) ကို အရင် ဝယ်ဖြစ်တယ်။

တကယ်တော့ အတွဲ (၂) မှာ ပါတဲ့ စာရေးဆရာတွေ အတော်များများကို မသိဘူး (ဖတ်ဖူးဖို့ ဝေးစွ၊ နာမည်တောင် မကြားဖူးတာ)။ အတွဲ (၁) ကလူအတော်များများကတော့ အသိတွေချည်းပဲ (ကိုယ့်ဘာသာ တဖက်သတ်သိခြင်း)။ သို့သော်လည်း တစ်အုပ် ငွေ 6000 ကျော်မို့ တွန့်ပြီး ဂျူးပါတဲ့ အတွဲလေးပဲ အရင် ဝယ်ဖြစ်တယ်။ အဲဒီထဲက မသိတဲ့လူတွေရဲ့ အင်တာဗျူးဖတ်တာကိုပဲ အတော် စိတ်ဝင်စားစရာကောင်းတော့ နောက်ပိုင်း အတွဲ (၁) ကိုပါ ထပ်ဝယ်လိုက်တယ်။

လူတွေရဲ့ ဘဝအကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကြားထဲ စာရေးဆရာကလည်းဖြစ်ပြန်၊ သူတို့ဖြတ်သန်းလာသမျှ တင်ပြတတ်ကြပြန်တော့ ပိုလို့ စိတ်ဝင်စားစရာကောင်းတာပေါ့။ တကယ်တမ်း အင်တာဗျူယာရဲ့ မေးခွန်းတွေက ဒီလောက်မဟုတ်ဘူး။ အဖြေတွေကြောင့်သာ စိတ်ဝင်စားစရာကောင်းတာ။ ဒါပေမဲ့ စာအုပ်တွေရဲ့ အစမှာ ဗျူးခဲ့စဉ်အခါက အဖြစ်အပျက် အမှတ်တရ အပိုင်းအစလေးတွေကို ဦးဝင်းငြိမ်းပြန်ရေးထားတာ အတော်စိတ်ဝင်စားစရာကောင်းတယ်။

နှစ်အုပ်လုံး ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ပြီးအောင်မဖတ်နိုင်ခဲ့ဘူး။ ထားခဲ့ရတယ်။ နောက်တစ်ခေါက်ပေါ့။

နုနုရည် (အင်းဝ) အင်တာဗျူးမှာဆို ဆရာမက အဲဒီတုန်းက အကြောင်းအရာ စကားလုံး အတော်ချွေတာချင်ပုံရတယ်။ နောက် ဆု ဇာတ်ကောင်နဲ့ တွဲမြင်မိနေတဲ့ ဆရာမ မြနှောင်းညို အင်တာဗျူးကျတော့လည်း သူက သပ်သပ်၊ ဆုက သပ်သပ်ပါလားလို့ သဘောပေါက်ရတယ်။

ဘလော့မှာတင်ဖူးတဲ့ ဂျူး အင်တာဗျူးတပိုင်းတစကလွဲလို့ အဲဒီ အင်တာဗျူးတွေ မဖတ်ဖူးခဲ့ပါဘူး။ ခု တခြားစာရေးဆရာတွေရဲ့ အင်တာဗျူးတွေပါဖတ်မိတော့ (ကိုယ့်ဘာသာ) အတော် အံ့အားသင့်ရတာတွေ ပါတယ်။

စိတ်ဝင်စားတတ်ရင်တော့ ၂ အုပ်ပေါင်းမှ ငွေ တစ်သောင်းကျော်ဟာ ဈေးများတယ် မဆိုနိုင်ဘူး။

မောင်ထွန်းသူ ကတော့ ခရိုနင်ဘာသာပြန်တွေ အကုန် ရချင်တာနဲ့ လုံးဝကို မဖတ်နိုင်မှာမှန်း သိပေမယ့် ဝယ်ထားခဲ့တယ်။ အဲဒါလည်း နောက်နှစ်ပေါ့။

ကြည်အေး တမ်းတတတ်သည် က ebook ရှိရက်နဲ့ နှစ်မျက်နှာက မတက်လို့ အဲဒီတော့မှပဲ ဖတ်ပြီးသွားတယ်။ သိပ်မကြိုက်လှသေး (ကြာမှ ကြိုက်ချင်ကြိုက်မည်)။

မြနှောင်းညို ကိုတော့ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် နဲ့ ငုပွင့်ဝါခိုင် ကလွဲရင် စွဲစွဲငြိငြိ ကြိုက်ရတာ ထပ်မတွေ့တော့။

လူထဲက လူနဲ့တူတဲ့ လူတွေအကြောင်း ရေးသော်လည်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို unique ဖြစ်အောင်တော့ရေးမှ ဆိုတဲ့ သီအိုရီ မှန်များမှန်သလား မသိ။ ထာဝစဉ်ချစ်ခြင်း... ထဲက ဇာတ်ကောင် စန္ဒီတို့၊ သည်ဘက်ကမ်းက... ထဲက ဇာတ်ကောင် ကြွေတို့ မထူးခြားသလို ဖြစ်လွန်းလှတယ်။ ကိုယ်တော့ ဆုတို့ ငုတို့ပဲ ကြိုက်လို့ရတယ်။

ခင်နှင်းယု စာတွေကို ခုနောက်ပိုင်း ပို ပို သဘောကျလာတယ်။ အထူးသဖြင့် သူ့ဘဝအကြောင်းကို စိတ်ဝင်စားလာတာ။ သို့သော်လည်း မွှေးကို ဝယ်မဖတ်ချင်။ ဘာလို့ဆိုတော့ မေဆွိနဲ့ သူ့သရုပ်ဆောင်ပုံပြန်မြင်နေရင် ဖတ်လည်း စိတ်ပျက်ရုံသာ။ ရှေးကားကိုတော့ မကြည့်ဖူးပါဘူး။ သို့သော် မွှေး ကို ဘယ်လို အနုပညာအမြင်နဲ့ ကြည့်လိုက်လို့ မေဆွိ ဖြစ်ရတယ် တွေးမရဘူး။ (ဟိုခေတ်က အမေသရုပ်ဆောင်ရင်၊ ဒီခေတ်ကျ သမီးသရုပ်ဆောင်ရမယ်လား)

အဲဒီမှာရှိနေတုန်း အိမ်ကဝယ်ထားတဲ့ ဖေဖေ စာအုပ်ကိုလည်း ဖတ်ဖြစ်တယ်။ ဆရာမကြီးရဲ့ အဖေအကြောင်းရေးထားတဲ့ စာအုပ်။ အဲဒါတွေကို စိတ်ဝင်စားပြီး ထီလာစစ်သူရဲ့ ခင်နှင်းယု သူမ၏ဘဝ စာပေပတ်ဝန်းကျင် ဝယ်ဖတ်တော့ ထင်သလောက် မဟုတ်ပြန်။ သူရေးဖူးတဲ့ စာတွေအကြောင်းလိုလို ဘာလိုလိုနဲ့ ဝေဝေဝါးဝါးပဲ။ တကယ်တမ်း ထည့်မယ်ဆို စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်။

နီကိုရဲ လည်း အရင်ဟာတွေ ခြေဖျားတောင် မမီဘူး။

မင်းလူ ခိုးခိုးခစ်ခစ် ထဲမှာ ရွှေကြည်နဲ့ မောင်ဝ မင်္ဂလာဆောင်ဖြစ်သွားတာ အတော် ဝမ်းသာစရာပဲ =D

အောင်မြင်သော နေ့ ကတော့ ခင်နှင်းယု အတတ်ပညာ (ဦးနှောက်) နဲ့ ရေးထားတာလို့ ဆိုပေမယ့် အတော်ကောင်းပါတယ်။ ဗမာကားကိုလည်း မကြည့်ဖူးလို့ ဖြစ်မယ်။

ပိုးဇာ ကတော့ 88 အရှေ့ပိုင်းထွက်တဲ့ ရွှေသွေးအဟောင်းတွေလိုက်ရှာတာ ရမလိုလိုနဲ့ မရတော့လို့ အဲဒီအစား ဝယ်ဖတ်ပစ်လိုက်တာ။ ကောင်းတယ်။ ဘယ်တော့ဖတ်ဖတ် ကြိုက်နေတာပဲ။

မစန္ဒာနဲ့ လင်္ကာရည်ကျော် ဝတ္ထုတို/ ရှည်တွေ ဝယ်ဖြစ်ခဲ့ပေမယ့် မရိုက်ဖြစ်ခဲ့ဘူး။

***
ကျောင်းပြီးကာစ ညီမနှစ်ယောက်အတွက် ဂျူး စောင့်နေမယ်လို့ မပြောလိုက်ဘူး ဝယ်ပေးခဲ့ရတယ်။ သူ မင်းကို ဘယ်တော့မှ လည်း ဝယ်ဖတ်လိုက်လို့ ညွှန်းခဲ့တယ်။ အဲဒါတွေဖတ်တုန်းက ဖတ်တုန်းခဏ ကြိုက်ပြီး နောက် ခေါင်းထဲမရှိတော့ဘူး။ ကိုယ် ကြိုက်တဲ့စာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပြောဆို ညွှန်ပြ အကြံပေးဖို့ အချိန်မရှိ၊ အခွင့်အရေးမရှိတဲ့အခိုက်၊ ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုတာလေး တာဝန်ရှိသူကိုယ်တွေအစား စကားတွေအများကြီး ဝင်ပြောပေးမယ့်စာမျိုး ရေးထားတာအတွက် အခုမှပဲ ကျေးဇူးတွေ တင်မိတယ်။

ဖတ်တုန်းကတော့ လူငယ်တွေနဲ့ လက်ရှိခေတ်ကာလနဲ့ ပတ်သတ်တာတွေအကြောင်း၊ နောက် ခက်နဲ့ ဒေါက်တာတို့ အချစ်ဇာတ်လမ်းတွေ စသဖြင့် ရောရေးထားတာတွေကို သိပ်လည်းမဆိုင်ဘူး အရသာပျက်တယ် ထင်မိပေမယ့်၊ စာဖတ်ကျင့်မရှိလှသူတွေကို ပြီးအောင်ဖတ်ဖို့လည်း ဆွဲဆောင်နိုင်ရမယ်၊ ပြောချင်သမျှကိုလည်း နားထောင်စေရမယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ ရေးနည်းမျိုး မရှိတော့ဘူးလို့ ခုမှ သဘောပေါက်ရတယ်။

နောက်ထပ် သဘောပေါက်သွားတာတစ်ခုက ဂျူးဟာ ခုနောက်ပိုင်း စာအုပ်တွေကို မလိုအပ်တဲ့သူတွေအတွက် ရေးနေတာမဟုတ်ဘူး လိုအပ်တဲ့သူတွေအတွက် ရေးနေတာဆိုတာပဲ။ ကိုယ်တွေစိတ်မှာ စွဲငြိပြီး ကျန်ရစ်အောင် ရေးတာမဟုတ်ဘူး။ လိုအပ်တဲ့လူတွေ ပြီးအောင်ဖတ်နိုင်ဖို့၊ လိုအပ်တဲ့ အချက်အလက်တွေကို သိမြင်နားလည်စေဖို့ ရေးတာပဲ။

စာရေးဆရာဟာ သူ့စိတ်ကြိုက်အနုပညာကို ဖန်တီးဖို့ကလွဲလို့ ခေတ်ကြီးရဲ့ ဘာတာဝန်မှမယူဘူးဆိုလည်း သူ့အနုပညာကို နှစ်သက်နေသရွေ့ ကိုယ့်အနေနဲ့ကတော့ ကျေနပ်လက်ခံနေဦးမှာပဲ။ ဘာမှ ထပ် တောင်းဆိုစရာမရှိဘူး။ သူ့သဘောနဲ့သူ တာဝန်ယူလာပြန်တော့ (အစက ကိုယ့်အကြိုက်နဲ့ မကိုက်တော့လို့ ပြီးပြီးရော သဘောထားခဲ့ပေမယ့်) ကိုယ့်အတွက် အသုံးဝင်လာတဲ့အခါ သူ တာဝန်ယူလိုက်တာကို ကျေးဇူးတင်ရပြန်တယ်။ (ကိုယ် ပြောရဆိုရသက်သာလို့)။

***

Sunday, April 1, 2012