စ သိလို့မှ မကြာခင် "ကိုယ် အသက်လည်း သိပ်ရှည်မယ် မထင်ဘူး" လို့ အဆက်အစပ်မရှိ သူ ပြောချလိုက်တော့ ကိုယ် အံ့သြသွားခဲ့သည်။ ဒါ့ထက် အံ့သြစရာကောင်းတာက သူ့စကားအဆုံးမှာ ကိုယ့်အတွက် လက်လွှတ်ဖို့ ခဲယဉ်းသော တစုံတရာကို ဆုံးရှုံးရတော့မလို ဝမ်းနည်းခံခက်သွားခြင်းပင်။
"ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ အဲလိုပြောရတာလဲ"
"အော် ကိုယ့်ကိုယ်ကိုယ် သိနေလို့ပေါ့"
ဘယ်လိုလုပ်ပြီး သိနေရပြန်တာလဲ လို့ ကိုယ် ဆက်မမေးဖြစ်ခဲ့ဘူး ထင်သည်။
"မင်း သေသွားရင် ကိုယ်တော့ သိပ်ဝမ်းနည်းမှာ"
သူ ဘာမှ မတုန့်ပြန်ပါ။
"မသေပါနဲ့။ အသက်ရှည်ရှည်နေစမ်းပါ"
"ဘာလဲ မြန်မြန်သေသွားရင် ဒုက္ခတွေက မြန်မြန် လွတ်သွားမှာ စိုးလို့လား၊ သိပ်မနာကျင်လိုက်ရမှာ စိုးလို့လား"
"ကိုယ် အဲဒီလိုပြောတာ မဟုတ်မှန်း မင်းသိပါတယ်"
သူ တိတ်ဆိတ်နေပြန်သည်။
"အသက်အရှည်ကြီး အကြာကြီးလည်း မနေချင်ပါဘူး။ ဘဝမှာ လုပ်စရာရှိတာတွေ လုပ်ပြီးသွားရင် မြန်မြန်ဆန်ဆန်ပဲ သေသွားလိုက်ချင်တယ်"
"ဟင့်အင်း... မင်း သေသွားရင် ကိုယ်တော့ ငိုမှာပဲ"
"မငိုနဲ့။ ငိုတတ်တဲ့ မိန်းမတွေကို မုန်းတယ်။ မိန်းမတွေရဲ့ မျက်ရည်ကို မုန်းတယ်"
***
တခုခုဆို ဖတ်ခဲ့ဖူးတဲ့ စာတွေကို သတိရနေကျ ကိုယ့်မှာ "Dr Jose Rizal" အတ္ထုပ္ပတ္တိထဲက အကြောင်းအရာတစ်ခုကို ပြေးမြင်တော့သည်။
Rizal ဟာ သူ့ကိုယ်သူ အချိန်မတန်ခင် ခပ်ငယ်ငယ်မှာပဲ သေရလိမ့်မယ် လို့ သိသည်တဲ့။
ငယ်စဉ်ကတည်းက ရုပ်ထုတွေလုပ်တမ်း ကစားရင်း အစ်မတွေကို ပြောတတ်သည်တဲ့။
"နောင်တစ်နေ့ကျရင် လူတွေဟာ ငါ့ရုပ်ထုကို ခုလိုပဲ ထုထားကြလိမ့်မယ်"
တကယ်ပဲ Rizal အသက် ၃၅ နှစ်မှာ ဖိလစ်ပိုင်နိုင်ငံက သူ့ကို ဆုံးရှုံးခဲ့ရသည်။
ဟင့်အင်း...
တက်ကြွသော၊ လွတ်လပ်သော၊ ထက်မြက်ရဲရင့်သော၊ ထူးချွန်ဖြောင့်မတ်သော...
ဒါ့အပြင် လောက ပတ်ဝန်းကျင်ကို ထိရောက်စွာ အကျိုးပြုနိုင်သော၊ ငယ်ရွယ်ကျန်းမာသော လူငယ်လေးတစ်ယောက် လူ့လောက,ကနေ စောစောစီးစီး ထွက်ခွာသွားရတယ် ဆိုတာ ဘယ်လောက် မချိတင်ကဲ ဖြစ်စရာ အဖြစ်ပါလဲ။
***
စသိကြတဲ့ အခိုက်အတန့်မှာပဲ ဒီအကြောင်းအရာကို ဘာလို့ ရွေးချယ်ပြောဖြစ်ခဲ့တာလဲ ခု ပြန်တွေးတော့လည်း အဖြေမရှိပါ။
ကိုယ်ကရော ဘာဖြစ်လို့ သူနဲ့ ပတ်သတ်သည့် ဝမ်းနည်းထိခိုက်စိတ်ကို အမှန်တိုင်း ဖွင့်အံခဲ့ရတာလဲ မသိပါ။ တကယ်တော့ ကိုယ်သည် သူတစိမ်းတစ်ယောက်ကို ရင်းနှီး ကျွမ်းဝင်လွယ်သော၊ ရင်ထဲရှိသမျှ ဖွင့်ဟ ပြောဆိုလွယ်သောသူလည်း မဟုတ်ပါ။
ဒါဖြင့် ဘာကြောင့်များ ပြောထွက်ခဲ့တာလဲ။
မျက်မှောင်ကြုတ်လျက် ထပ်ကာ စဉ်းစားသောအခါ အဖြေတစ်ခုက တိကျစွာ၊ မှန်ကန်စွာ...
ထို့ပြင် ဆန်းကြယ်လင်းချင်းစွာ ထွက်လာခဲ့၏။
"သူဟာ ကိုယ့်အတွက် စတွေ့ကတည်းက သူတစိမ်းတစ်ယောက် မဟုတ်လို့ပေါ့"
အတွေးအဆုံးမှာတော့ တိတ်ဆိတ်ပွင့်လင်းစွာ ကိုယ် ပြုံးမိသည်။
ဒါဖြင့် သူကရော...
***
အချိန်ကာလတွေ လွန်မြောက်သွားပြီးတဲ့နောက်တော့ ကိုယ်တို့ ဒီအကြောင်းကို နောက်တစ်ကြိမ် စကား မစပ်မိတော့ပြန်ပါ။ သို့သော် ကိုယ့်စိတ်ထဲမှာတော့ ထင်ကျန်နေဆဲ၊ တခါတခါ ပေါ်ထွက်လာပြီး နာကျင်စေဆဲ ဖြစ်သည်။
သူ ကျန်းမာရေးမကောင်းသည့် အခိုက်အတန့်ဆိုလျှင် ဘာမဟုတ်သည့် ဖျားနာခေါင်းကိုက်သတင်း ဖြစ်ပစေဦးတော့ သူ မမြင်နိုင်သည့်နေရာကနေ ကိုယ် မျက်နှာပျက်နေလောက်အောင်ပင် စိုးရိမ်ပူပန်ရှိခဲ့သည်။ အဲဒီအချိန်တွေကတော့ စာအုပ်တွေ ဖတ်ခဲ့ဖူးသမျှအတွက် နောင်တ အရမိဆုံး အချိန်တွေ ဖြစ်သည်။ ဂျုး ရေးသည့် နံရံ၏ အခြားတဖက် ဝတ္ထုမှာ ဇာတ်ကောင် မိန်းကလေးဟာ အပရိက ဖျားနာရာကနေ သေဆုံးခဲ့သည် မဟုတ်လား။
ဘာဖြစ်လို့များ စသိကာစ အချိန်တုန်းက ခုမှတွေ့သည့် မိန်းကလေးတစ်ယောက်ကို အဲဒီလို စကားမျိုး ပြောခဲ့ရတာလဲ ဟု သူ့ကိုလည်း ပြန်မမေးကြည့်မိပါ။ အကြောင်းက သူ မကြိုက်မှာ စိုးသောကြောင့် ဖြစ်သည်။
ဟိုးလွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ပိုက်ဆံကို တခြားနေရာမှာ သုံးပစ်လိုက်လို့ ဆေးခန်းသွားပြဖို့ကို မသွားလိုက်ဘူး ဟု သတင်းကြားတော့ ကိုယ် ဝမ်းပမ်းတနည်း မျက်ရည်ကျချင်ကြောင်းလည်း သူ့ကို ပြန်မပြောပြခဲ့ပါ။ ဘာလို့ မျက်ရည်မကျခဲ့ဘဲ ကျချင်ရုံနဲ့ ပြီးသွားစေခဲ့သလဲဆိုတာတော့ ကိုယ် ပြန်ရှင်းပြဖို့ မလိုဘူးထင်သည်။
မျက်ရည်ကျလွယ်တဲ့ မိန်းမတွေကို သူ မကြိုက်ဘူး ဆိုသည်လေ။
အိမ်ကို ပြောပြပါလား ဟုလည်း သွားမပြောရဲ။
အဲလို ပြောတာကိုလည်း သူ မကြိုက်မှာသိနေလို့ ဖြစ်၏။
သူ မကြိုက်ဘူးဆိုသည့် အချက်တွေကလည်း ကိုယ့်အတွက်တော့ များပြားလွန်းလှသည်။
* ဝမ်းနည်းလွယ်၊ မျက်ရည်လွယ်တာ မကြိုက်၊
* စကားများတာ မကြိုက်၊
* သူ့အကြောင်းတွေ သူ မပြောဘဲ မေးတာ မကြိုက်၊
* သူများအကြောင်းပြောတာ မကြိုက်၊
* စပ်စပ်စုစု လုပ်တာ မကြိုက်၊
* ဖုန်းဆက်သည့်အခါ "ခု ဘယ်မှာရောက်နေလဲ၊ ဘာလုပ်နေလဲ" မေးတာကို မကြိုက်၊
* သူပြောသည့် အကြောင်းအရာတစ်ခုကို ချက်ချင်းနားမလည်ဘဲ တစ်ခုချင်း ပြန်မေးနေတာကို မကြိုက်၊
(အထက်က အချက်တွေကို ရှောင်ပေမယ့် သူမကြိုက်မှန်း သိသိနှင့် ကိုယ်လုပ်တတ်သည့် အချက်တစ်ချက်တော့ ရှိသည်။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ပါ။ သူ မကြိုက်မှာ စိုးလို့ ဖြစ်သည်)
***
ခရီးဝေးတစ်ခု သူသွားတော့လည်း ရာသီဥတု အခြေအနေကြောင့် သူ့အတွက် စိုးရိမ်ပူပန်မိသည်။ ခရီးကြမ်းတစ်ခု သူသွားတော့လည်း ပင်ပန်းမှာ၊ ရေချိုးမှား အစားမှားမှာ ပူပန်မိသည်။ အလွန်အေးသည့် နိုင်ငံတစ်ခုသို့ ကျောင်းသွားတက်ရကောင်းမလား သူ ပြောတော့ "မင်းမှ အအေးနဲ့ မတည့်တာ" လို့ ကိုယ် ပြောမိသည်။ "မင်း သိပ် ဆရာကြီးလုပ်တယ်" ဟု သူက ပြန်ပြောခဲ့၏။
သန်းခေါင် သန်းလွှဲ လင်းအားကြီးမှ အိပ်ဖြစ်တယ်လို့ သိရရင်လည်း စောစောမအိပ်ရင် အိပ်ရေးမဝဘူး၊ အိပ်ရေးမဝရင် လွယ်လွယ်နဲ့ ရောဂါရတတ်တယ်လို့ စိတ်ပူရပြန်သည်။
အလကားနေရင်း ပူပူပင်ပင် ရှိတတ်တာကိုလည်း သူ ကြိုက်မှာ မဟုတ်ပြန်တာ သိလို့ ဒီအကြောင်းတွေလည်း ပြန်မပြောပါ။
gym သွားတယ်၊ ရေကူးတယ် ဆိုတာ ကြားရင်တော့ သူ့ကိုယ်သူ ဂရုစိုက်နေတယ် ဟု ကိုယ် ဝမ်းသာ ကျေနပ်ကာ "ခုတော့ အသက်ရှည်ရှည် နေချင်ပြီပေါ့လေ" ဟု သွားမေးဖူးသည်။
"မဟုတ်ပါဘူး၊ အိပ်ရာက ထရင် ကြည်ကြည်လင်လင် နိုးအောင်လို့ပါ" ဟု သံပြတ်ဖြင့် ပြောတတ်သေး၏။
ကိုယ့်မှာတော့ ကျေနပ်နေသည့်ကြားက ကိရိယာတွေနဲ့ ကစားရင်း အကြောအဆစ်များ လွဲသွားမလား၊ ရေကူးရင်း ကြွက်တက်မလား နဲ့ တွေးပူရပြန်သည်။
***
ကာလရှည်ကြာစွာ သူ နေနိုင်သရွေ့ လောက ပတ်ဝန်းကျင်အတွက် အဓိပ္ပါယ်ရှိစေမှာ သေချာသော သူလို လူတစ်ယောက်ကို ဘေးမသီ ရန်မခ၊ ချမ်းမြေ့ ကြည်သာစွာ အသက်ရှည်စေလိုတာကတော့ ကိုယ့်ရဲ့ မှန်သောသစ္စာပဲ ဖြစ်သည်။
"ကမ္ဘာမီးလောင် သားကောင်ချနင်း" ဆိုတာတွေ၊ "အရှက်ကို အသက်နဲ့ လဲတယ်" ဆိုတာတွေ အဲဒီလောက် ဆိုးဝါးသည့် "ကိုယ့်အသက်နှင့် ယှဉ်၍..." ဆိုသော အခြေအနေတွေကို ကိုယ် မကြုံဖူးခဲ့တာမို့ ကြုံခဲ့ရင် ဘာကို ရွေးချယ်မိမယ်ဆိုတာလဲ ကိုယ့်ဘာသာ မဝေခွဲနိုင်ပါ။
ဒါကြောင့် "အသက်တမျှ" ဆိုသော မြန်မာစကား ဘယ်လောက် လှပလေးနက်တယ် ဆိုတာ ကိုယ် မသိနိုင်။
သည့်အတွက် အသက်ချင်း လဲထပ်ဖို့ လို့ဆိုတဲ့ မဖြစ်နိုင်သေးတဲ့ ကိစ္စတွေ၊ မကြုံလာရသေးတဲ့ ကိစ္စတွေနဲ့လည်း အလွန်အကျွံ မပြောလို။ သူက ကိုယ့်ကို လှောင်ပြောင်ရယ်မောဖို့ အမြဲတစေ အသင့်ရှိသူ ဖြစ်သည်။ သူ မယုံသင်္ကာ ရယ်မောလိုက်မှာကို ကြောက်လို့ ဆိုတာထက် ကိုယ့်ရဲ့ အလေးအနက် ပူပန်မှုတွေ ပေါ့ဆသွားမှာ စိုးလို့ ဖြစ်ပါသည်။
***
တနေ့ညက အချိန်မတိုင်မီ ကွယ်လွန်ခဲ့သော၊ အောင်မြင်ကျော်ကြား ထူးချွန်သော အနုပညာရှင်တစ်ဦး၏ ကွယ်လွန်ပြီးမှ ပြုလုပ်သော ဝမ်းနည်းဖွယ် အမှတ်တရ အစီအစဉ်တစ်ခု ကြည့်မိသည်။ ထုံးစံအတိုင်း သူ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိတရ တွေးမိလျက် ထိခိုက်စွာ ခံစားရကြောင်း ပြောဖို့လိုမည် မထင်ပါ။
အဲဒီ အစီအစဉ်ကို အပြီးထိ မကြည့်နိုင်။ ငယ်ရွယ်သေးသော ကျန်ရစ်သူ ဇနီးသည်၏ ပရိဒေဝ က ခဏချင်းမှာပင် ကိုယ့်ကို ပင်ပန်းစွာ ကူးစက်စေခဲ့သည်။ ဘာရောဂါမှ ကြီးကြီးမားမား မရှိဘဲ၊ ငယ်ရွယ်ကျန်းမာဆဲ၊ အလုပ်လုပ်ကိုင် လှုပ်ရှားနေဆဲ ခင်ပွန်းသည် မျက်စေ့ရှေ့မှာ ရုတ်တရက် ဆုံးပါးသွားတာကို မယုံကြည်နိုင်အောင်၊ လက်ခံလို့ မရအောင်ကို ခံခက် နာကျင်ရှာမှာပဲ။
ကိုယ် ချက်ချင်းပဲ ရှောင်လွှဲခဲ့ပါသည်။
***
အနည်းငယ်မျှသာရှိသည့် ချစ်ခင်တွယ်တာမိသူများအား တိုက်ဆိုင်မှုတွေနှင့်တွဲလျက် သတိရတတ်သူ တစ်ယောက်ကို သေခြင်းတရားနှင့်မှ ယှဉ်တွဲကာ သတိရစေတတ်ခဲ့တာအတွက် သူ့ကို ခုတလော ကိုယ် အပြစ်တင်ချင်နေသည်။
ဒါကို သူ သိရင်တော့ နှုတ်ခမ်းတွန့်ရုံ ပြုံး၍ အမှုမထားလေဟန် ကိုယ့်ကို မခံချိ မခံသာ ဖြစ်စေလေဦးမည်။
"ဟင် ကိုယ် အရင် သွားရမယ် မင့် ဘယ်သူပြောလဲ။ မင်းကသာ ကိုယ့်အရင် သွားနှင့်ချင် သွားနှင့်ရမှာ" ဟု ရန်စလေဦးမည်။
"သေလိုက်ပါလား" ဟု ကိုယ်က ပြန်ပြောလျှင်...
"မသေနိုင်သေးပါဘူး။ ကိုယ် မိန်းမယူရဦးမယ်။ ကလေးတွေ အများကြီး ယူရဦးမယ်" ဟု မချိုမချဉ် ပြုံးရင်း ပြောလိမ့်ဦးမည်။
အဲဒီအခါ ကိုယ်က သူ့ကို လှမ်းမမြင်နိုင်သည့် အရပ်မှာ ရောက်နေလျှင်ပင် မျက်လုံးထောင့်ကပ်ကြည့်ရင်း မကျေမချမ်း နှုတ်ခမ်းစူလျက် ဝမ်းနည်းစိတ်တွေကို မေ့ပစ်ရဦးမည်။
သူက မျက်ရည်ကျတာ မကြိုက်ဘူး ဆိုသည်လေ။
***
pic from here
Saturday, June 19, 2010
Subscribe to:
Post Comments (Atom)
6 comments:
ဖတ်လို့ကောင်းလိုက်တာ ညီမရီတာ.... မရယ်ကြေး၊မလွမ်းကြေး၊ ပြီးတော့ မငိုကြေးပါ ထပ်ဖြည့်ချင်တယ်။ အချစ်မှာ ရယ်ရ၊ လွမ်းရ၊ ငိုနေရ ...အဲဒါတွေ အကုန်ပါပြီးသား အောလ်အင်ဝမ်း လို့ အမ ယုံကြည်ထားတယ်...ဒါပေမဲ့ သူမသိအောင် ပေါ့လေ....
ဖတ်လို့ကောင်းတယ်ခင်ဗျ.......
အဲလို အချစ်ဝတ္ထုတို သန့်သန့်လေးတွေကို အရမ်းသဘော
ကျတယ်..။ဂျူးလွှမ်းမိုးမှုတွေ ရှိတယ်လို့တော့ခံစားမိတယ်။
ခေါင်းစဉ်လေးကိုလည်းသဘောကျမိတယ်..
သူပြောခဲ့ဖူးတဲ့ စကားရှိတယ်။ တကယ်တမ်းလောကကြီးက စွန့်ခွာရမယ်ဆို သူအရင်သွားချင်ပါတယ်တဲ့။ ကိုယ်သာအရင်သွားခဲ့မယ်ဆို သူဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်လို့ပါတဲ့။ တစ်ခါမက ပြောဖူးတယ်။
တကယ်ပဲ သူ... ကိုယ့်ကို အရင်ထားသွားတယ်။ သူကအတ္တကြီးသူပီပီ (သေသည်အထိ) သူမခံစားဘဲ ကိုယ်ခံစားရအောင် လုပ်ခဲ့တယ်။
မရယ်ပေမယ့် လွမ်းရတယ် ရီတာရယ်။
ရီတာရေ ဖတ်သွားပါတယ်... ချစ်ကိုယ်တွေ့လား ... ၀ထ္ထုလားတော့ မသိ။ ဖတ်လို့တော့ တော်တော်ကောင်းတယ်။ ဂျူးတို့ခေတ်မှာ လူဖြစ်လာတာဆိုတော့ ဒီလိုအရေးအသားတွေ ငယ်ငယ်ကတော့ အရမ်းဖတ်ခဲ့ ကြိုက်ခဲ့ ခံစားခဲ့ဘူးတာပေါ့။ ခုတော့ ဒါမျိုးလေးတွေ မဖတ်ဖြစ်တာ ကြာပြီ။ နှလုံးသားတွေကလဲ အသက်နဲ့အတူ ရင့်ထော်ကုန်ပြီနဲ့ တူပါရဲ့။ နောက်မှ ရီတာ့ ဘလော့ကို ထပ်လာမွှေဦးမယ်။
ရီတာရေ မြောသွားတယ် သို့လောတွေနဲ့စိတ်ဝင်စားသွားတယ်
ကိုယ်တော့ သေတာတွေပြောရင် သိပ်စိတ်ထိခိုက်တတ်တာ..
...
ရုပ်ရှင်ဆို အလွမ်းဇာတ်မကြိုက်ဘူး
စိတ်ထိခိုက်လို့လေ..
ဆိုင်တော့မဆိုင်ဘူး ကိုယ့်ကိုယ်ကိုပဲ ပြန်မြင်ယောင်တယ်။
Post a Comment