Tuesday, March 16, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၉)
နောက်တရက်ကျတော့ ခရီးလွန်နေတဲ့ သူငယ်ချင်းတစ်ယောက် ပြန်ရောက်လာခဲ့တယ်။
ငွေကို ဘယ်လိုရှာ၊ ဘယ်လိုသုံး၊ ဘယ်လိုဖြုန်းရင် ဘယ်လိုမွဲ၊ တွေးပူပြီး ကပ်စေးနည်း... :D
(ဗျူဟာ - Black Hole)
ပြန်ရောက်တဲ့ အချိန်မှာ လူကြီးတွေထဲက ကိုယ်မသိလိုက်ဘဲ လျော့သွားတာတွေ အများကြီးပဲ။
ဆိုင်ကယ်မှီထားတဲ့ သူငယ်ချင်းရဲ့ မေမေ ဆုံးတယ်။
မသိလိုက်ဘူး။ လွန်ခဲ့တဲ့ ၈ လလောက်က...
အဲဒီသူငယ်ချင်းရဲ့ အမေက ဆရာဝန်မို့ မပြန်ခင် မေးစရာရှိတာတွေ မေးဖို့ data တွေ စုသွားတာ...
ပြန်ရောက်ရောက်ချင်း သတင်းကြားရတော့ တုန်လှုပ်မိပါတယ်။
အဲဒီ သူငယ်ချင်းနဲ့ကို ပြန်ခါနီးမှ အဲဒီ တရက်ပဲ တွေ့ခဲ့ရတာ။
ဒီကြားထဲကမှ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆီကို သွားမယ် လုပ်ရင်းက မရောက်ဖြစ်ခဲ့ဘူး။
ကိုယ့်ကို ဘာဖြစ်လို့ ခေါ်မလာသလဲ လို့ သူငယ်ချင်းကို မေးတယ် ဆိုတယ်။
၁ဝ ရက်လောက် နေခဲ့တာမှာ ဝတ္တရားတောင် မကျေခဲ့ပါဘူး။
လူကြီးတွေ စုံအောင် မတွေ့နိုင်ခဲ့ဘူး။ အဲဒါလည်း နှစ်တိုင်း ပြန်တိုင်းပဲ။
ဟိုလူကျန်လိုက် ဒီလူကျန်လိုက်နဲ့...
တကယ်တော့ ကိုယ်ဟာ နှမ်းဖြူးတတ်သူ မျှသာပဲ။
သူငယ်ချင်းတစ်ယောက်ရဲ့ လုပ်ငန်း လုပ်တဲ့ ခြံ။ နေတာကတော့ တခြားမှာပါ။
ဒါပေမဲ့ သူ့အစ်ကိုကြီး အိမ်ထောင်ကျပြီးတော့ အဲဒီအိမ်မှာနေတယ်။
ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲ ဖိတ် ဆိုပြီး အုပ်စုထဲက သူငယ်ချင်းနဲ့ ဝိုင်းလှော်ကြပေမယ့် ကာယကံရှင်တွေက တုတ်တုတ်မှ မလှုပ်တော့ ခုတော့ သူများအိတ်ထဲ ကလေးလေးတစ်ယောက်တောင် ဖိတ်သွားပြီ။
ပြန်တွေးရင် ပျော်ရွှင်ရယ်မောစရာ အတိတ်တွေရှိလို့ ကျေနပ်မိပါတယ်။
ဘုရားပေါ်မှာ...
(ဒီဓါတ်ပုံထဲမပါတဲ့ သူငယ်ချင်း ၂ ယောက် အသင့်စောင့်နေမယ့် အိမ်ဆီအသွား၊
ကိုယ်က မြစ်ကို ဓါတ်ပုံရိုက်ချင်တယ် ဆိုတာနဲ့ ဝင်ကြတာ။)
သူတို့တွေနဲ့ မူကြိုကတည်းက အတူတူ။ စတုတ္ထတန်းမှာ အဲဒီက ပြောင်းရတယ်။
ကိုယ် နှစ်တိုင်းလိုလို ပြန်လာတယ်။ ပြန်တိုင်း တွေ့တယ်။
"ဒေါက်တာ ခင်မောင်ဝင်း" ရဲ့ "အမေ နဲ့ ကျွန်တော်" စာအုပ်မှာ အမေနဲ့ သူတို့တတွေရဲ့ နွေရာသီကျောင်းပိတ်ရက် အညာပြန်ခရီးစဉ်အကြောင်း ဖတ်ရတဲ့အခါ... ခေတ်ကာလ အခြေအနေနဲ့ သွားလာရတဲ့ ခရီးစဉ်တွေ မတူပေမယ့် သူရေးသွားတဲ့ စကားလုံးတိုင်းကို ကိုယ် လှိုက်လှိုက်လှဲလှဲ ခံစားလို့ ရပါတယ်။ အဲဒီစာအုပ်ထဲမှာပါတဲ့ သူ့ အတွေးအခေါ်တွေကိုလည်း ကိုယ် နက်နက်နဲနဲ နားလည်မိတယ်လို့ ထင်ပါတယ်။
သွားရေးလာရေး ခက်တဲ့ကြားက ဒေါက်တာ့အမေဟာ သားသမီးတွေကို သူ့ဇာတိ၊ သူ့ဆွေမျိုးတွေရှိတဲ့ အညာကို နှစ်တိုင်း မရောက်ရောက်အောင် ပြန်ပို့ပေးခဲ့တယ်။ အဲဒီအတွက် ဒေါက်တာဟာ သူ့အမေကို သိပ် ကျေးဇူးတင်မိပါတယ် လို့ ဆိုတယ်။
ကိုယ်လည်းပဲ...
"ဒါ ကိုယ့်ရဲ့ မူကြိုတုန်းကတည်းက သူငယ်ချင်းတွေ" လို့ ဒီအသက်အရွယ် ရောက်တဲ့ထိ ဆွဲထုတ်ပြစရာ ရှိခဲ့တာအတွက် အညာကို နှစ်တိုင်း ပြန်ပို့ပေးခဲ့တဲ့ မိဘတွေကို သိပ် ကျေးဇူးတင်ပါတယ်။
***
မအူပင် GTC မှာ သွားတက်ရတဲ့ သူငယ်ချင်းတယောက်ပြောတာ သတိရမိတယ်။
သူက Mechanical, သူတက်နေတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကလည်း Mechanical,
သူတို့ကျောင်းက ကျောင်းစောင့်ကလည်း ကျောင်းစောင့်သာ လုပ်နေတာ ဘွဲ့ရပြီးသား ဆိုတယ်။ (သူလဲ ခသမဟ ပေါ့)။ Evening သင်တန်းတွေ ပေါ်တော့ အဲဒီကျောင်းစောင့်က ကျောင်းဆက်တက်တယ်။ ယူတဲ့မေဂျာက Mechanical
မေဂျာတွေ အချင်းချင်း သူသာတယ်။ ကိုယ်သာတယ် စကားနိုင် လုကြတော့...
အဲဒီ သူငယ်ချင်းက သူ့မေဂျာဘက်က တခွန်းပဲ ဝင်ပြောလိုက်တယ် တဲ့။
"ဟေ့ ဘာမှ ပြောမနေနဲ့။ ဒီကျောင်းမှာ ကျောင်းအုပ်က စလို့ ကျောင်းစောင့်ထိ Mechanical တွေချည်းပဲ" လို့...
(မြန်မာပြည်မှာလည်း ကောင်းတာရော မကောင်းတာရော ထိပ်ဆုံးရောက်နေတဲ့လူတွေ မကြည့်လိုက်နဲ့။ ကြည့်လိုက်မှဖြင့် အညာကချည်းပဲ။)
***
Labels:
Myanmar,
remembrance,
Trip
Subscribe to:
Post Comments (Atom)
7 comments:
ခရီးသွားတာတွေချည်းရေးနေတော့တာပါလား
ကောင်းပါတယ် ရေးတာက
ဒါပေမယ့် ဒေါ်ရီတာ့ ကို စာအရမ်းဖတ်တဲ့ မိန်းမ အနေနဲ့
ကျမဖတ်ဖူးတဲ့စာအုပ်များဆိုပြီး
စာအုပ်ရီဗျူးမျိုးရေးစေချင်တယ်
စာ“ပေ” ရီဗျူး မဟုတ်ဘူးနော်
တော်ကြာ အပြောခံနေရအုံးမယ်
ဟုတ်ပါ့၊ မှန်ပါ့။
ရီတာရေ
ပြောလို့ပြောတာမဟုတ်ဘူးနော်
နယ်တွေက လူချွန်တွေပိုပေါ်ထွန်းသလိုပဲ။
ပိုခက်ခဲလေ ပိုရုန်းကန်ရလေ လူတွေဟာ
ပိုမို အားသန်လာလေ ဆိုတာလိုပေါ့။
ရန်ကုန်သူမို့ ပြောရတာ အားမရှိဘူးနော်။
ပုံတွေကြည့်တာ ပျော်စရာကြီး
အိမ်အပြန် နေပွင့်တဲ့ဒေသ စီးရီးလိုက်ဖတ်ပြီး ပြန်ချင်လာလို့။ အလွမ်းပြေ ပြန်ဦးမယ်။ ပြန်လာမှ အလွမ်းမပြေဘဲ ပိုလွမ်းမိမလား ကြိုတွေးပူနေသေးတယ်။
အညာကို ရီတာနဲ့ အတူ လိုက်လည်နေတယ်။
အမတို့ ငယ်ငယ်က အဖိုးအဖွားတွေရှိတဲ့ မြစ်ဝကျွန်းပေါ်က ရွာကို နွေရာသီ ကျောင်းပိတ်ရက်တိုင်း ပြန်ရတယ်။ အတန်းတင်စာမေးပွဲကြီးနီးကတည်းက အဖွားက ရောက်လာပြီး စာမေးပွဲပြီး နောက်ရက် ကလေးတွေ အားလုံးခေါ်ချသွားတာ ကျောင်းပြန်ဖွင့်ဖို့ တရက်အလိုမှ ပြန်လိုက်ပို့တယ်။
ဒုတိယဓာတ်ပုံလေးကို
သိပ်သဘောကျတယ်သူငယ်ချင်း
မေမေတို့ဇာတိပြည်ကိုခဏခဏသွားတိုင်း
မြင်ရတဲ့မြင်ကွင်းလေးမို့လွမ်းသွားတယ်။
(မြန်မာပြည်မှာလည်း ကောင်းတာရော မကောင်းတာရော ထိပ်ဆုံးရောက်နေတဲ့လူတွေ မကြည့်လိုက်နဲ့။ ကြည့်လိုက်မှဖြင့် အညာကချည်းပဲ။)
I had seen most of them were good.
BINO
Post a Comment