Saturday, March 6, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၄)

နေရာဟောင်း

နေရာဟောင်းကို ပြန်သွားခဲ့တယ်။



စီနီယာ အစ်မတွေနဲ့... သူတို့ အလုပ်လုပ်နေတုန်း ဝင်ရှုပ်လာတာ...

တွေ့တွေ့ချင်း "ဝလာတယ်" ဝိုင်းပြောကြတယ်။
တကယ္က အက်ႌေၾကာင့္ပါ။
body weight က ဘယ်တော့မှ အတက်အကျ မရှိပါဘူး။ အမြဲတမ်း ကိန်းသေ။


အဲဒီမှာ လုပ်တုန်းက skirt တောင် မဝတ်ခဲ့ဘူး။ Jeans ဆိုလည်း ကြိုက်ပေမယ့် ကိုယ်ပေါ်ကို မတင်တာ။ အဲဒါ ကိုယ့် 10 တန်းတုန်းက guide တွေရဲ့ influence တွေ။ (စင်ကာပူမှာတော့ တပတ်လုံး Jeans နဲ့ပဲ ရုံးတက်ရင် တက်နေမိတယ်။)

ရန်ကုန်မှာ အတူနေတဲ့ အဒေါ်က ဇာတိမြို့နဲ့ နီးတဲ့နေရာကို
ကိုယ် မပြန်ခင်လကတင် ရွှေ့ရတယ်။ ကိုယ့် ကျန်ခဲ့တဲ့ အဝတ်အစားတွေ အားလုံးပါ သယ်သွားတော့ ရန်ကုန်မှာ ထမီကို ဝတ်စရာမရှိတော့ဘူး။ (အစစ်တွေတော့ မဟုတ်ဘူး။ ချိတ်နဲ့ချုပ်ထားတဲ့ ထမီ အတုတွေချည်းပဲ)။

အဲဒီနေ့ကတော့ အဲဒီအင်္ကျီနဲ့ အောက်ကတော့ skirt နဲ့...
ကိုယ့် ဒါရိုက်တာတစ်ယောက်က တွေ့တွေ့ချင်း "ဒါဘယ်သူလဲ။ ဒီမှာတုန်းက ဒီပုံစံ မဟုတ်ပါဘူး" လို့ ပြောတယ်။ ရုံးမှာလုပ်တုန်းက ကိုယ် အငယ်ဆုံးပဲ။ ဒါပေမဲ့ ကလေးပုံဖမ်းနေလို့တော့ မရဘူး။ အားတဲ့အချိန်မှာ ဟီးဟီးဟားဟား လုပ်တာက တပိုင်းပဲ။



အတူ အလုပ်လုပ်တုန်းက အချင်းချင်းတင် မကဘဲ အချင်းချင်းနဲ့ သိတဲ့ လူတွေကိုပါ လိုက်သိရင်းနှီးခဲ့ကြတယ်။ ဘယ်ချိန်ပြန်တွေ့လိုက်လဲပဲ စိတ်ထဲမှာ ရင်းနှီးကျွမ်းဝင်ရှိနေတုန်းပဲ။

ဒီထဲက အစ်မတစ်ယောက်က မကြာခင် သူ့အမျိုးသားရှိတဲ့ US ကို လိုက်သွားတော့မယ်။ နောက်တစ်ခေါက်ဆိုရင် သူ့ကို တွေ့ရတော့မှာ မဟုတ်ဘူး။

နောက်အစ်မနှစ်ယောက်က မကြာသေးခင်က Bangkok ကို သွားလည်တာ ကိုယ့်ကို လှမ်းတော့မခေါ်ဘူး။ ဘာဘူးနဲ့ လျှောက်ပြောခဲ့သေးတယ်။ ခေါ်လည်း သွားနိုင်မှာ မဟုတ်ဘဲနဲ့။

ဒါနဲ့ "ဒါကြောင့် အဲဒီရက်ပိုင်းက ဘန်ကောက်က ပင်လယ်ရေမျက်နှာပြင် ၃ လက်မလောက် မြင့်တက်လာတယ် ကြားတာကိုး" လို့ ပြောပြီး ဟားဟားဟား လုပ်နေကြသေးတယ်။ ပြန်ဆုံဆည်းခြင်း ဆိုတာ ဘာမဟုတ်တဲ့ တိမ်တဲ့ ပျက်လုံးတွေကိုတောင် လှိုက်လှိုက်လှဲလှဲ ရယ်မောမိစေတယ်။

skirt ဝတ်လာမိလို့ ဦးကြီး(MD) ဆီ သွားတွေ့ရမှာ
ရှက်လိုက်တာ လို့ အစ်မတွေကို ပြောမိတော့ "ဘယ်သူက ဘာပြောမှာလဲ။ သွားသာသွား" လို့ ဝိုင်းပြောကြတယ်။

ဦးကြီးကို ခဏ နှုတ်ဆက်စကားပြောပြီး၊ ကန်တော့တော့ "ဘုရား တရား မမေ့နဲ့။ မိဘကို မမေ့နဲ့။ ဒါတွေကပဲ ကယ်သွားမှာ။" လို့ ပြောတယ်။ တရားစာအုပ်တစ်အုပ် ပေးလိုက်သေးတယ်။

ကိုယ့်ကို တိုက်ရိုက် အလုပ်ခန့်ခဲ့တဲ့ ဒါရိုက်တာ ဆရာတစ်ယောက်နဲ့ မတွေ့ခဲ့ရ၊ မကန်တော့ခဲ့ရဘူး။ အဲဒီအခေါက်က နယ်ခရီးထွက်နေလို့။ နောက်တစ်ခေါက်ကျ site ထဲ ရောက်နေလို့။

ကိုယ့်တွေ့ကြုံ ပတ်သတ်လာရသမျှတွေကို ပြန်စဉ်းစားကြည့်ရင် "လူ(ကိုယ်တိုင်)ထက် ကံက ပိုကောင်းတယ်" လို့ အမြဲ ကောက်ချက်ချမိပါတယ်။

***
ကိုယ် အလုပ်မထွက်ခင် တလအလို (နိုင်ငံခြားထွက်ဖို့ တလအလို) မှာတော့ Junior လေး နှစ်ယောက် ထပ်ခန့်တယ်။ ဒီတခေါက်ပြန်တော့ တစ်ယောက် အလုပ်ထွက်သွားပြီ။

ကိုယ်က စနေနေ့ ရုံးဆင်းခါနီးအချိန်ကြီး ရောက်သွားတယ်။ ရုံးဆင်းတာနဲ့ အပြင်မှာ သွားစားကြဖို့ပါ။ အငယ်တွေကတော့ အားနာလို့ ထင်တယ်။ ပြန်နှင့်ကြတယ်။

ကိုယ်ထွက်သွားပြီးမှ ဝင်တဲ့ Junior လေး တစ်ယောက်က ပြန်ခါနီး ကိုယ့်နာမည်ခေါ်ပြီး နှုတ်ဆက်သွားတော့ အံ့သြနေတုန်း အစ်မ တစ်ယောက်က ဝင်ပြောတယ်။

"ငါတို့ ပြောထားလို့ သူတို့က နင့်ကို အကုန်အလွတ်ရနေတာ" တဲ့။




သူ့ကိုလည်း အချိန်တွေ အကြာကြီး ရင်းနှီးခဲ့ဖူးတယ်။



ဘဝမှာ ဈေးသည်လုပ်ရတာ အပျော်ဆုံးပဲ (လို့ထင်တယ်)။

***

Happy!



အင်းလျားလမ်း၊ Happy မှာ...
ဟိုသွားမယ် ဒီသွားမယ်နဲ့ ဘရုတ်သုတ်ခ အမျိုးမျိုးဖြစ်ပြီးမှ အဲဒီကို ရောက်တယ်။ နိုင်ဂျံဂါးပျံကြီး ဆိုတော့လည်း လမ်းဘေးဆိုင်တော့ ခေါ်မသွားကြဘူးပေါ့ :(

(အဲဒီတခေါက်ကတော့ ကိုယ်ကျွေးတာပါ။)





အစ်မ တစ်ယောက်က ရှာရှာဖွေဖွေ ကောက်ဝယ်လာတဲ့ လမ်းဘေး အကြော်။
အားမနာပါးမနာ ဆိုင်မှာတင် ချစားကြသေးတယ်။









ဖုန်းပျောက်ခြင်း

အဲဒီလို ဟိုဟာလေး
ဓါတ်ပုံရိုက် ဒီဟာလေး ဓါတ်ပုံရိုက်၊ ဟိုအတင်းလေးပြော၊ ဒီသတင်းလေးပြောနဲ့ လုပ်ပြီး ထလည်း ပြန်လာရော ဖုန်းပါမလာတော့ဘူး။

အိမ်ပြန်ရောက်တော့ ညဉ့်နက်နေပြီ။ အိပ်ခါနီး သတိရလို့ ရှိသမျှ အိတ်တွေ အကုန်သွန်မှောက်ရှာလည်းပဲ ဘာဖုန်းမှ မတွေ့တော့ဘူး။ ဖုန်းပျောက်လို့ စိတ်ညစ်တာထက် အပြောခံရမှာကို ပိုစိတ်ညစ်တာ...

ဖုန်းကတော့ အဲဒီဆိုင်မှာ ကျန်ခဲ့တာပဲလို့ သေချာနေတော့ ပြန်ရမှာလို့ မျှော်လင့်မိသေးတယ်။ သန်းခေါင်ကျော်မှ သိတော့ ဖုန်းဆက်မနေတော့ဘဲ အိပ်ရာဝင်လိုက်တယ်။

ဖြစ်ချင်တော့ ဖုန်းအိတ်ထဲမှာ ရတနာပုံက ညီမလေးရဲ့ ဖုန်းနံပါတ် ရေးမှတ်ထားတဲ့ စာရွက်ပါသွားတယ်။ ဆိုင်ရှင်က မနက်စောစော ညီမလေးဆီ ဖုန်းလှမ်းဆက်။ ညီမလေးက မေမေ့ဆီ လှမ်းဆက်တယ်၊ မေမေက ကိုယ်မနိုးခင် ကိုယ့်ဆီပြန်ဆက်... ပတ်ချာကိုလည်လို့။

ဒါနဲ့ပဲ မနက်ဘက်ကြီး အဲဒီဆိုင်ကို ဒုတိယအကြိမ် ပြန်ရောက်ရပြန်တယ်။
မှတ်မိနေတဲ့ ဆိုင်ကတစ်ယောက်က ပြောတယ်။ "အဲဒီဖုန်းကို အစ်မတို့နောက်မှ လာထိုင်တဲ့ နောက်တစ်ဝိုင်းပြီးမှ ကျွန်တော်ကောက်ခဲ့တာ" တဲ့။ သူက ကိုယ့်ဖုန်းလို့တောင် မထင်ဘူး။ နောက်တဝိုင်းကလူ ကျန်ခဲ့တယ် ထင်လို့။ ကံ ကောင်း လို့ !

(ဖုန်းပြန်ရခဲ့တာ အတွက် အင်းလျားလမ်းက Happy စားသောက်ဆိုင်ကို ကျေးဇူးတင် မှတ်တမ်းတင်မိပါတယ်။)

ကိုယ့်ပစ္စည်းပြန်ရပြီးတော့ အစ်မတွေကို ပြန်ပြောပြီး ဟား စရာကြီး ဖြစ်သွားပြန်ရော။

တကယ်ပဲ အဲဒီမှာ အလုပ်လုပ်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ်။
အလုပ်ဟာ ကိုယ့်အတွက်တော့ နောက်ထပ် အိမ်တအိမ်လိုပါပဲ။

***

လျှောက်လာခဲ့တဲ့ လမ်းကြောင်းတွေကို နောက်ပြန်ကြည့်မိတော့ သံယောဇဉ်တွေကို တွေ့ရတယ်။ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေကို မေးခွန်းထုတ်မိတယ်။

"ဘာအတွက် ဆက်သွားနေတာလဲ။ ရှေ့မှာရော ဘာတွေရှိသလဲ။ နောက်မှာချန်ထားခဲ့ရတဲ့ အရာတွေနဲ့ ရှေ့မှာ ရမယ် မရမယ် မကျိန်းသေတဲ့ အရာတွေကို လဲပစ်ဖို့ တန်လို့လား"

"ဘဝမှာ နှစ်သက်ကြည်မွေ့မိတဲ့ အရာတွေနဲ့ တန်ဖိုးထားပြီး နောက်ကလိုက်မိတဲ့ အရာတွေဟာ ဘာကြောင့် မတူညီနိုင်ရတာလဲ"


ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ အတူတကွ အမြဲရှိဖို့ ဘာဖြစ်လို့များ မဖြစ်နိုင်ရတာလဲ။


***

Generation




၉ မိုင်က အဘိုးလေးနဲ့ အဘွားလေး နေတဲ့ဆီကို သွားလည်ဖြစ်တယ်။
သူတို့မှာ ကလေးမရှိဘူး။ အသက် ၆ဝ ကျော်ကြပြီ။
အိမ်ထောင်ပြုပြီး ကလေးမရနိုင်ဘူး ဆိုတာ သိတော့
အဘွားက ငိုတယ် လို့ ကြားဖူးတယ်။
သူတို့ဘဝကို သူတို့ ကျေနပ်နေမှာ ဖြစ်ကောင်း ဖြစ်ပေမယ့် လူကြီးနှစ်ယောက်ကို ကြည့်ရတာ ကိုယ် စိတ်မကောင်းဘူး။

ငယ်တုန်းမှာ မသိသာပေမယ့် အသက်ကြီးလာရင်တော့ ကိုယ့်မျိုးဆက် တစ်ယောက်ယောက်လောက်ရှိနေမှ မျှော်လင့်ချက်နဲ့ အားနဲ့ မာန်နဲ့ နေပျော်နိုင်လိမ့်မယ် ဆိုတဲ့ အတွေးကို ပထမဆုံး တွေးမိတယ်။

***
အဲဒီအတွေးကိုတော့ ပြောမပြဖြစ်ခဲ့ပါဘူး။

***

9 comments:

khin oo may said...

ယောက်ကျာ်းယူတော့မယ်ပေါ့။

Rita said...

အဲလို အဓိပ္ပါယ် ပေါက်သွားတာကိုး

:)

Vista said...

( အဲဒီအတွေးကိုတော့ ပြောမပြဖြစ်ခဲ့ပါဘူး။ )
ပြောပြရင်ယူရမှာစိုးလို့ ...

Rita said...

အော် ဒီလိုလည်း တွေးလို့ ရသေးတာကိုး
:)

Bino said...

"ဘာအတွက် ဆက်သွားနေတာလဲ။ ရှေ့မှာရော ဘာတွေရှိသလဲ။ နောက်မှာချန်ထားခဲ့ရတဲ့ အရာတွေနဲ့ ရှေ့မှာ ရမယ် မရမယ် မကျိန်းသေတဲ့ အရာတွေကို လဲပစ်ဖို့ တန်လို့လား"
Good thought.

BINO

Bino said...

ဒါနဲ့ "ဒါကြောင့် အဲဒီရက်ပိုင်းက ဘန်ကောက်က ပင်လယ်ရေမျက်နှာပြင် ၃ လက်မလောက် မြင့်တက်လာတယ် ကြားတာကိုး" လို့ ပြောပြီး ဟားဟားဟား လုပ်နေကြသေးတယ်။ ပြန်ဆုံဆည်းခြင်း ဆိုတာ ဘာမဟုတ်တဲ့ တိမ်တဲ့ ပျက်လုံးတွေကိုတောင် လှိုက်လှိုက်လှဲလှဲ ရယ်မောမိစေတယ်။
impressibility paragraph.

BINO

TZA said...

သေချာအောင်ကလေးရှိပြီးသားယောက်ျားရှာယူဗျာ..

(နောက်တာ နောက်တာ)

သိင်္ဂါကျော် said...

ဘာပဲဖြစ်ဖြစ် အိမ်ပြန်တာ ပျော်ခဲ့တယ် မဟုတ်လား.. :)

ကျော်နှင်းဆီလွင် said...

ရီတာရေ
ပျော်စရာကြီး
ဓါတ်ပုံတွေလဲတ၀ကြီး
မြင်ဖူးသမျှရီတာ့ပုံတွေထဲ
ခုပို့စ်မှာပါတဲ့ပုံကချစ်ဖို့အကောင်းဆုံးပဲ
နည်းနည်းမှောင်ပေမဲ့
အိမ်မှာဆိုတော့နွေးထွေးပျော်ရွှင်နေပုံပဲ