Saturday, March 13, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၇)
ရွာသားလေး ရဲ့ ရွာ။
(အရင် post တွေတည်းက တင်ရမှာ။ ကျန်သွားလို့။)
တနည်းအားဖြင့် မုံရွာကို ရောက်ခဲ့ကြောင်း သက်သေပြတာပေါ့။
တကယ့်မြို့အဝင်က "မုံရွာမြို့မှ ကြိုဆိုပါ၏" မုခ်ဦးကို ရိုက်ဖို့ ကြံတာ အသွားရော အပြန်ရော လက်နှေးနေလို့ မရလိုက်ဘူး။ ဒါနဲ့ တွေ့တာပဲ ကောက်ရိုက်လာခဲ့တယ်။
အိမ်ပြန်ချင်နေတဲ့ ရွာသား ကိုတော့ တခု ပြောချင်ပါတယ်။
ဓါတ်ပုံကြည့်ပြီး "လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ"။ :)
***
အလွမ်းများ
မေမေတို့ ငယ်သူငယ်ချင်း တစ်ယောက်က ဂျာမနီရောက် နတ်မောက်သား မြန်မာဆရာဝန်တစ်ယောက်နဲ့ လက်ထပ်ပြီး ဟိုမှာပဲ နေတယ်။ ကြာလှပြီ။ ကိုယ် ၄ နှစ် လောက်တည်းက ထွက်သွားတာ။
ဟိုရောက်ကတည်းက သူ အလုပ်မလုပ်ပါဘူး။
အဖေဗမာ၊ အမေဗမာက မွေးထားတဲ့ ဂျာမနီသူ တစ်ဦးတည်းသော သမီးကလေးတစ်ယောက် ရှိတယ်။
(အရင် post မှာ ရေးထားတဲ့ ကြိုးကြာကလေးတွေလိုတော့ အဲဒီ သမီးလေးက မိုင်ထောင်ချီပြီး ပြန်လာမယ် မထင်မိဘူး။ ဘာဖြစ်လို့ဆိုတော့ သူက ငှက်ကလေး မဟုတ်လို့ပေါ့။)
အဲဒီ အန်တီကတော့ ၄/ ၅ နှစ် တခါလောက်တော့ ပြန်လာတတ်တယ်။
အညာထိကို ရောက်အောင် ပြန်လာပါတယ်။
ငယ်ငယ်တုန်းကတော့ သမီးလေး ပါလာတတ်တယ်။
နောက်ပိုင်းတော့ သူတစ်ယောက်တည်းပါပဲ။ သူ့အမျိုးသားကတော့ တခါမှ ပြန်မလာဘူး။
နောက်ဆုံးတစ်ခေါက်ကတော့ ကိုယ် နောက်ဆုံးနှစ်လောက်မှာ ထင်တယ်။
အိမ်မှာ လူစုံကြတုန်း သူ့ကို ဟိုပြန်ရောက်ရင် အမှတ်တရ ပြန်ကြည့်ဖို့ မြန်မာပြည်ခရီးစဉ်ကို video ရိုက်ယူသွားပါလား အကြံပေးကြတော့ သူက ပြောတယ်။
"ဟိုပြန်ရောက်တာနဲ့ ပစ္စုပ္ပန်ကို တည့်တည့်ရှုပြီး နေရတာ။ ဒါတွေကြည့်ပြီး ပြန်လွမ်းမနေနိုင်ဘူး" တဲ့။
အဲဒီကတည်းက သူ့ feeling ကို ကိုယ် နားလည်မိတယ် ထင်ပါတယ်။
သူ ပြန် မလွမ်းချင်ရှာဘူး...
***
ကိုယ်လည်းပဲ...
ပြန် မလွမ်းချင်လို့ ဘာမှ မရိုက်ဘဲ အတတ်နိုင်ဆုံး နေခဲ့တယ်။
အိမ်ကို မရိုက်ခဲ့ဘူး။ မြို့တွင်းကို မရိုက်ခဲ့ဘူး။ အိမ်က အစားအသောက်တွေ မရိုက်ခဲ့ဘူး။
လွမ်းရတာ... တမ်းတရတာ... ဘယ်ဟာမှ မကောင်းဘူး။
ဓါတ်ပုံတွေဆိုတာ အတိတ်ရဲ့ အရိပ်တွေပဲ။
အတိတ်နဲ့ ပစ္စုပ္ပန်က အဟပ်ကွာနေတဲ့အခါ အရိပ်ဆိုတာ ဝေဒနာတွေသာ ပေးတယ်။
***
အညာဆောင်း
ရောက်တဲ့ ညနေက ရေချိုးခန်းထဲကို အမှတ်တမဲ့ ဝင်လိုက်တယ်။
ရေကတော့ ရေနွေးစပ်ပြီးသား အသင့်။
စီးထားတဲ့ ဖိနပ်ချွတ်ပြီး နင်းလိုက်တာနဲ့ ခုန်ဆွ ခုန်ဆွ ဖြစ်သွားတယ်။
အားးးးးးးးးးးးးး
အေးလိုက်တာ။
ဒါတောင်မှ ဖေဖော်ဝါရီ လလယ်။
***
Starving Queen
မနက်တိုင်းလိုလို မုန့်တီသုတ် စားတယ်။ ကြိုက်လို့။
ထန်းသီးမုန့်က ကိုယ် သိပ်ကြိုက်တဲ့ အစားအစာ မဟုတ်ဘူး။
မစားရတာ ကြာရင်တော့ စားချင်မိတယ်။ အဲဒီမှာ တခါပဲ စားခဲ့တယ်။
ဓါတ်ပုံ မရိုက်ဖြစ်ဘူး။ ရန်ကုန်အိမ်မှာ အဒေါ်ဝမ်းကွဲ နှစ်ယောက် အုန်းနို့ခေါက်ဆွဲ ချက်ကျွေးတာလည်း မရိုက်ဖြစ်ဘူး။
အစားအသောက်နဲ့ ပတ်သတ်ရင် ကိုယ့်ကို အမျိုးမျိုး မှတ်ချက်ပေးတာ ခံရမယ်။
ရန်ကုန်မှာ အတူနေတဲ့ အဒေါ်ကတော့ "သိပ်ဂျီးများတာပဲ" လို့ ပြောလိမ့်မယ်။
မေမေနဲ့ အဒေါ်ဝမ်းကွဲတွေကတော့ "သူက ဘာမှ ဂျီးမများဘူး။ ကောင်းရင် အကုန်စားတယ်" လို့ ပြောလိမ့်မယ်။
တကယ်က နှစ်ခုလုံး မှန်တယ်။ ကိုယ့် တဦးတည်းသော အဒေါ်က ဟင်းချက်မကောင်းဘူး။
ဒါတောင် ကိုယ်နဲ့ တူတူနေတဲ့ အချိန်တွေများလို့ လက်ရည်တက်လာသေးတယ်။
ဟင်းချက်မကောင်းတဲ့သူ ချက်တာ စားနေတုန်းကတော့ ဘာမှ စိတ်တိုင်းမကျဘူး။
အချက်ကောင်းတဲ့လူတွေ ချက်ကျွေးတော့ ဘယ်တုန်းကမှ မကြိုက်တဲ့ ငါးဟင်းတောင် စားကောင်းနေတတ်တယ်။
ကိုယ့်ဆောင်ပုဒ်က "ကောင်းရင်ကောင်းပစေနော်၊ များများလေး"။
(တကယ်က များများ မစားနိုင်ပါဘူး။ အသင့်ပြင်ဆင် ကျွေးမယ့်သူ မရှိတဲ့ အချိန်မှာ စားဖို့သောက်ဖို့ တကူးတက လုပ်နေရတာ သိပ် အလုပ်ပိုတယ် လို့ ထင်မိတယ်။)
စာအုပ်ဖတ်ပြီး အိမ်မှာ အေးအေးဆေးဆေး နေချင်မိပေမယ့် ဟိုသွား ဒီသွား မသွားမဖြစ်တွေလည်း သွားရသေးတယ်။ နေ့ခင်းဖက်တွေဆို ဆိုင်ကယ် မစီးချင်တတ်ဘူး။ နေပူပူမှာ လေတိုးတာ မခံချင်လို့။
ဒါပေမဲ့ ဖေဖော်ဝါရီက နေ သိပ်မပြင်းတာမို့ တော်သေးတယ်။
အိမ်ပြန်သွားတဲ့ အချိန်မှာ ဟိုထွက် ဒီထွက် ထွက်လိုက်၊ စာအုပ်လေး ဖတ်လိုက်၊ အသင့်ပြင်ပြီး စားစရာရှိတာ စား၊ ပြီးတော့ ပန်းကန်မဆေးဘဲ ထသွားလိုက်နဲ့ ဘုရင်မကြီး တပါးလို စံမြန်းပြီး နေလာခဲ့တယ်။
(အီသီယိုပီးယားက ဘုရင်မကြီး)
***
ဘိုးဘွားရိပ်သာ
ဧည့်သည် ၁ဝ ယောက်ပဲ ဖိတ်ခဲ့တယ်။
အဘိုး အဘွား အယောက် (၃ဝ) လောက်ပဲ ရှိတယ်။
အဲဒီလို မြေသားမာမာမှာ ဖိနပ်မပါဘဲ ခြေဖဝါးချည်း သက်သက် လမ်းလျှောက်ချင်မိတယ်။
ဘာဖြစ်လို့များ အဲဒီရောက်တုန်းက လျှောက်မကြည့်ခဲ့မိပါလိမ့်။
ငယ်ငယ်ကတော့ မြေကြီးပေါ် ဖိနပ်မပါဘဲ ဆင်းရင် မေမေဆူမယ်။ လူကြီးတွေ ဆူမယ်။
ဖိနပ်ပြန်စီးခိုင်းမယ်။
ခုနေ ကိုယ် ဆင်းလျှောက်ရင် ဘယ်သူမှ ဘာမှ ပြောတော့မယ် မထင်ဘူး။
ဒါပေမဲ့ အသက်ကြီးလာတော့ တားမယ့်သူ မရှိလဲပဲ လုပ်ချင်တာတွေကို စိတ်ရှိတိုင်း မလုပ်ဖြစ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ်မျက်စေ့မှိတ်လိုက်ရုံနဲ့ အဲဒီ မြေကြီးရဲ့ အေးစက်ရှတ အထိအတွေ့ကို ကိုယ့်ခြေဖဝါးတွေဆီက ခံစားလို့ရတယ် ပြောရင် ယုံသလား။
အညာလိုနေရာမှာ ဘိုးဘွားရိပ်သာ လိုအပ်နေရတာကို ကိုယ် စိတ်မကောင်းဘူး။
အရေအတွက် နည်းနည်းပဲ ရှိတာမို့ စိတ်သက်သာရာ ရမိပါတယ်။
နေ့လည်စာ မစားခင် ဆုတောင်းပေးကြတာ ကြည့်ပြီး ဘာကိုမှန်းမသိ ဝမ်းနည်းနေမိပြန်တယ်။
မပြန်ခင် ဖတ်လာခဲ့တဲ့ စိုးမြတ်သူဇာ "Feeling 35" ထဲက "မကလျာက feeling သမား" ဆိုတဲ့ စကားလုံးကို သတိရနေသေးတယ်။
ဘယ်လိုပဲ စားဖို့အသင့်၊ နေဖို့အသင့် နဲ့ နေရတယ်ပြောလည်း လူကြီးတွေအဖို့ ပြည့်စုံမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ အဲဒီမှာ စည်းကမ်း သိပ်မတင်းကျပ်ဘဲ သူတို့ ဆွေမျိုးသားချင်းတွေ ရှိရာကို လွတ်လွတ်လပ်လပ် လည်ခွင့်ပေးတယ် ကြားရတော့လည်း စိတ်သက်သာမိပါတယ်။
***
ဘိုးဘွားရိပ်သာတွေ ရှိတာ ကောင်းပါတယ်။
ရှိဖို့ မလိုအပ်ရင်တော့ အကောင်းဆုံးပဲ။
***
ဘာရယ်မဟုတ် ဝယ်ဖြစ်လိုက်မယ့်၊ စားဖြစ်လိုက်မယ့် မများလှတဲ့ ပမာဏနဲ့ ပိုက်ဆံဆိုတာဟာ အသက်အရွယ်ကြီးနေတဲ့ ခိုကိုးစရာမရှိတဲ့ လူကြီး အယောက် (၃ဝ) လောက်ရဲ့ တစ်ရက်စာ စားစရိတ် ဖြစ်တယ် ဆိုတာကို ဒီမှာ အနှမျောမရှိ သုံးဖြစ်လိုက်မယ့် အချိန်မှာ ကိုယ် သတိရမိကောင်းပါရဲ့။
***
Labels:
Myanmar,
remembrance,
Trip
Subscribe to:
Post Comments (Atom)
11 comments:
ရီတာရေ
မုန့်တီသုပ်နေ့တိုင်းစားလာခဲ့တာလား
မုန့်တီရည်သိပ်ကြိုက်တာ ငရုတ်သီးစိမ်းရည်နဲ့လေ
စပ်စပ်လေး ဟိုမှာရှိရင် နေ့တိုင်းသောက်တယ်။
အဲလောက်ထိ။
ဘိုးဘွားရိပ်သာလည်းသွားခဲ့တာပေါ့။
ကောင်းတယ်ကွာ
:)
အတိတ်နဲ့ ပစ္စုပ္ပန်က အဟပ်ကွာနေတဲ့အခါ အရိပ်ဆိုတာ ဝေဒနာတွေသာ ပေးတယ်။
အမ မှန်တာတွေပြောတယ် ...
“ဓါတ်ပုံတွေဆိုတာ အတိတ်ရဲ့ အရိပ်တွေပဲ။
အတိတ်နဲ့ ပစ္စုပ္ပန်က အဟပ်ကွာနေတဲ့အခါ အရိပ်ဆိုတာ ဝေဒနာတွေသာ ပေးတယ်။” ဟုတ်တယ်...ရီတာ။ (သိပ်ကောင်းတဲ့ စကားစုလေးပဲ)
ကိုယ်တော့ (အပြီး) မပြန်နိုင်သေးသ၍ လွမ်းနေမိဦးမှာပါပဲ။
အလှူအတွက် သာဓုခေါ်တယ်နော်။း)
PremierHighlight: ဘောလုံးပွဲ highlight များ ဒီမှာကြည့်လို့ရပါပြီ။ ပွဲစဉ်တိုင်း update ဖြစ်အောင် တင်ထားပါတယ်.... http://www.PremierHighlight.com
ရိုက်ပါ.လွမ်းပါ. ပြန်ပါ.
အလကားပြောတာ ..တို့လဲအြခုတစ်လောပြန်လို့ပြောတာ မပြန်ခင်ကာလက ဖုံးလဲမဆက်ဘူးဓါတ်ပုံတွေ လည်းမကြည့်ဘူး ကြည့်ရင်အားကြီးလွမ်းတယ် မကြည့်ဘဲနေတော့မေ့မေ့ပျောက်ပျောက်ဖြစ်နေရော. သဘောတူပါတယ်။
စိ့ပုံးပြန်ထည့်ပါ။ အတည်အတန့်တွေချည်းဘဲမပြောချင်ဘူး. ပေါက်တတ်ကရဘဲပြောချင်တယ်။
ညီမ ရီတာရေ...အတိတ် ရဲ့ အရိပ်ကို မလွမ်းချင်သူကိုမှ တက်ဂ်မိရက်သား ဖြစ်နေပြီ...။ ညီမလေး အားရင်...အချိန်ရရင် ရေးပေးစေချင်ပါတယ် ညီမရေ...::))
ဒီတပတ်ကောင်းကောင်းနာရတယ်
အိပ်တယ် စားတယ် အခွေတွေကြည့်တယ်
အုန်းနို့ခေါက်ဆွဲချက်စားတယ်
မာမီးကြော်ညာထဲကလိုပြောရရင်တော့
ခေါင်းမှခေါင်းပဲဟေ့
အဟိ
ပြီးတော့ လူအိုရုံ (ဘိုဘွားရိပ်သာလို့ပဲခေါ်ခေါ်ပါ)
လုပ်ချင်တယ်
ကိုယ်အသက်ကြီးလာရင် ဘိုးဘွားတွေအတွက် ရိပ်သာလေး လုပ်ပြီး မန်းနေခ်ျ လုပ်ပြီး ဘဝကို အေးအေးနေချင်တယ်
ဒါမှ မဟုတ်လဲ တော်မောအဲ လိုကျောင်းကလေးဖွင့်ပြီး ကလေးတွေ ကို ဘရိမ်း ဆေး အဲလေ
စာသင်ပေးချင်တယ်
လုပ်ဖြစ်ရင် ပြောမယ်လေ
လာလှုပေါ့
နော့
“ဓါတ်ပုံတွေဆိုတာ အတိတ်ရဲ့ အရိပ်တွေပဲ။
အတိတ်နဲ့ ပစ္စုပ္ပန်က အဟပ်ကွာနေတဲ့အခါ အရိပ်ဆိုတာ ဝေဒနာတွေသာ ပေးတယ်။” ဒါစကားလေး ကြိုက်လိုက်တာ ...
ရေစကြို ထန်းသီးမုန့် ကြိုက်တယ်။ မစားရတာ ကြာပြီ။
Post a Comment