Monday, December 28, 2009

ဗေဒင် ၊ ယတြာ နှင့်... (၂)

ယတြာ

ဗေဒင်မေးတယ် ဆိုတာ ယုံကြည်ခြင်းနဲ့ သိပ်မဆိုင်တဲ့ ရှေ့ဘာဖြစ်မလဲ ကြိုသိချင်တဲ့ စိတ်ဝင်စားမှုသက်သက်ကြောင့်လို့ ကိုယ် ယူဆပါတယ်။ ဒါပေမဲ့ အဲဒီ နေရာမှာတင် ရပ်မသွားသေးဘဲ ဗေဒင်မေးခြင်းမှာ နောက်ဆုံးအဆင့် တစ်ဆင့် ကျန်သေးတယ်။

အဲဒါကတော့ ယတြာ။

မိမိရဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကြိုသိချင်လို့ မေးမြန်းပြီးတဲ့နောက် မကောင်းတာ တချို့တလေများပါခဲ့ရင် ရှောင်လွှဲ ကာကွယ်နိုင်မယ့် ကုစားချက်တစ်မျိုး ၊ အဲဒါ ဗေဒင်မေးသူတွေရဲ့ အန္တိမ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

အမှန်တော့ ဗေဒင်မေးခြင်းရဲ့ အချုပ်ဟာ ယတြာသာ ဖြစ်တာမို့ ဗေဒင်ယုံသလား အစား ယတြာကို ယုံသလားလို့သာ မေးသင့်တယ် လို့ ကိုယ်တော့ ထင်ပါတယ်။ အဲဒီလိုသာ လာမေးရင်တော့ ဗေဒင်ယုံသလား မေးတုန်းကလို ဖြေမိတော့မှာ မဟုတ်ဘဲ "မယုံဘူး" လို့သာ ဖြေဖြစ်ပါလိမ့်မယ်။

မိမိပြုခဲ့သမျှ ကုသိုလ် အကုသိုလ်တွေဟာ နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးလို မိမိနောက်က ထပ်ကြပ်မကွာလိုက်တယ်ဆိုတဲ့ အယူအဆကို ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူအများဟာ မိမိပြုခဲ့သမျှ အတိတ်၊ ပစ္စုပ္ပန်နှစ်တန်က ကောင်းမွေ ဆိုးမွေတွေကို ချေဖျက်နိုင်ဖို့ ဘာကြောင့် ကြိုးစားအားထုတ်ကြတာလဲ။

ဒီနေရာမှာ အငြင်းပွားစရာ တစ်ချက်တော့ရှိနိုင်ပါတယ်။
တချို့တွေပြောတတ်တဲ့ "ဘုရားယတြာ" ဆိုတာ...
နားလည်သလို ပြောရရင် ဘုရားယတြာဆိုတာ... ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော် ဖြစ်တဲ့ သုတ္တန် ပရိတ်တော် စတာတွေကို ရွတ်ဖတ်ပူဇော်တာ၊ ဘုရားရှေ့မှာ ဘာသာရေးနဲ့ဆိုင်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုခိုင်းတာ စတဲ့ ယတြာမျိုးပါပဲ။ (ဘာအရောင် အဝတ်အစားကို ဝတ်ပြီး ဘာပင်ကို ဘာပူဇော်လိုက်ပါ ဆိုတဲ့ လူမှုရေး ယတြာမျိုး မဟုတ်ဘူးပေါ့)

ဘာသာရေးနဲ့ ပတ်သတ်လို့ ကောင်းတာလုပ်တာဟာ အပေါင်းလက္ခဏာ ဆိုပေမယ့် ကောင်းမှုကုသိုလ် လုပ်တာတောင်မှပဲ ကိုယ်လိုသူလို လူသာမန်တစ်ယောက်ရဲ့ ညွှန်ကြားမှုအောက်ကနေ လုပ်နေပြီဆိုကတည်းက စိတ်ဓာတ်ရေးရာအရ အဲဒါ အနုတ်လက္ခဏာပဲ လို့ ထင်ပါတယ်။

ကိုယ်ကပဲ ထောင်လွှားမော်ကြွားလွန်းသလား ...
ကိုယ် လုပ်နိုင်သမျှ လုပ်နေကျ ကိစ္စတစ်ခုခုကို ကိုယ့်ထက် သဒ္ဓါ၊ သီလ၊ ပညာ မြင့်မားသာလွန်တယ်လို့ မသေချာတဲ့ လူတစ်ယောက်က
ညွှန်ကြားမှ လုပ်ရတဲ့ အဖြစ်မျိုး တွေးကြည့်လို့တောင် မရပါ။

ကိုယ်စိုက်ပျိုးခဲ့သမျှ ကိုယ်ရိတ်သိမ်းရတယ် (ကံ၊ ကံ၏ အကျိုး) ဆိုတဲ့ ဗုဒ္ဓဝါဒရဲ့ အနှစ်သာရနဲ့ ပတ်သတ်လို့ သက်သေ သက္ကာယ အများအပြားနဲ့ ကျမ်းကိုး အခိုင်အမာနဲ့ လောလောဆယ် အခြေအနေအရ ရေးမပြနိုင်ပါ။

ဘုရား ရဟန္တာသော်မှ နောက်ဆုံး ဘဝမှာ ဝဋ်ကြွေးရှိသမျှ အကုန်ချေခဲ့ကြရတယ်ဆိုတဲ့နောက်...
တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်တိုင် ဘဝဟောင်းက ဝဋ်ကြွေးကို ခိုးသား ၅ဝဝ ဆီမှာ ဆပ်ခဲ့ရတယ် ဆိုတဲ့နောက် ...

လူသာမန်တွေမှာ ဘဝဘဝက ပါလာနိုင်တဲ့ ဆိုးမွေတွေကို ဘုရားရှေ့မှာ ရွတ်ဖတ် သရစ္ဇျာယ် လိုက်ရုံနဲ့ ချေဖျက်စေနိုင်လိမ့်မယ် လို့ ဘာကြောင့်များ တွေးနေမိကြသလဲ။ အဲဒီလို အခြေခံကျတဲ့ ဘာမှ မခဲယဉ်း မပင်ပန်းတဲ့ ကုသိုလ်ကောင်းမှုလေးတစ်ခု လုပ်ဖို့ကို ပြင်ပက တွန်းအားတစ်ခုခု ညွှန်ကြားမှုတစ်ခုခု ဘာကြောင့် လိုအပ်နေရတာလဲ။

ဗုဒ္ဓဘာသာဟာ ပြဋ္ဌာန်းခံ ဖန်တီးခံ ဝါဒမဟုတ်ပါ။ ဒါပေမယ့် ဘဝအဆက်ဆက်ကို ယုံကြည် လက်ခံတဲ့ ဝါဒဖြစ်ပါတယ်။ ကိုယ်ပြောချင်တာသည် ဘယ်ဘဝမှာ ဘာအကျိုးပေးဆိုတဲ့ မသေချာ မရေရာတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကိုယ် အဲလောက်လဲ နှံ့စပ် ဝင်စားသူ မဟုတ်ပါဘူး။

ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းက မိမိလက်ရှိ ခံစားရတဲ့ ကောင်းမွေ ဆိုးမွေတွေဟာ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ပယောဂမှ မပါတဲ့ မိမိကိုယ်တိုင် ဖန်တီးပြုမူခဲ့ပြီးသား၊ မိမိပိုင် ဥစ္စာပစ္စည်းတွေသာ ဖြစ်လို့ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ပယောဂနဲ့မှ ပျက်စီး ဆုတ်ယုတ် တိုးပွား စည်ပင် ဖြစ်မှာမဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီ အကြောင်းတရားတွေကို စီမံ ဖန်တီးသူဟာ မိမိကိုယ်တိုင်ပါပဲ။

ဗုဒ္ဓဘာသာမှာ ပုံချလို့ရတဲ့ ဖန်ဆင်းရှင် မရှိဘူး။ ရှိတယ်ဆိုရင်လဲ အဲဒါ ကိုယ်ကိုယ်တိုင်ပဲ။

ဆန့်ကျင်ဘက် လားရာနှစ်ဖက်မှာ အကုသိုလ် အကြွေးကို ယတြာနဲ့ပဲ ချေမယ်ဆိုတဲ့ တစ်ဖက်ကိုရွေးမယ်ဆိုရင်တော့ ဘုရားဟောတဲ့ "ကံ ကံ၏ အကျိုး" ကို ကျောခိုင်းပစ်ဖို့သာ ရှိတော့မယ် လို့ မြင်ပါတယ်။

နောက်ဆုံးတော့ မြန်မာပြည်က ကိုယ့်ရဲ့ director တစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းကိုသာ ကိုးကားချင်ပါတယ်။
["ဗုဒ္ဓဘာသာ" ဟာ လူတွေရဲ့ အကြောက်တရားကြောင့် ပေါ်ပေါက်လာတာဟုတ်ဘူး။ ဘာသာတရား အမျိုးမျိုး ရှိလို့ ဘာသာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ "သဘာဝ ဓမ္မ" ပဲ ဖြစ်တယ်]

***
ဒီ post မျိုးတင်ရတာ နည်းနည်းတော့ မျက်စေ့ စပါးမွှေးစူးခံရမယ် ဆိုတာ အာရုံတော့ ကြိုရနေသလိုလိုပါပဲ။ ဘလော့လောကမှာတော့ နာမည်ကြီး မဟုတ်လို့ ရှော့ခ် မရှိပါ။ အပြင်လောကမှာ (၁) တင်ပြီးကတည်းက နည်းနည်းတော့ တ မျိုးပဲ။

ဒါပေမယ့်လည်း သိပ်တော့ ဂရုစိုက်မနေနိုင်ပါ။ လူဆိုတာ အမှန်တရားကို ခါးသီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ လို့ သိထားရင် နေတတ်ထိုင်တတ် သွားတာပါပဲ။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံ ဖြစ်လို့ .... အစချီပြီး ပြောလာရင် အဲဒီလူဟာ ကိုယ့်ထက် အသက် နှစ်ပြန် သုံးပြန်ကြီးနေပစေ အခြေအနေပေးရင် ငြင်းပစ်ဖို့ ဝန်မလေးပါ။ ဗုဒ္ဓဘာသာထွန်းကားတယ် ဆိုတာ ဘုရားကျောင်းကန်တွေ ပေါတာ၊ အဲဒီနေရာတွေမှာ လူစည်နေတာ၊ ဘုန်းကြီး သီလရှင်တွေ ပေါတာကို ခေါ်တာမဟုတ်ဘူး လို့ ကိုယ်တော့ ထင်တယ်။

ဘုရားကို ဘာသားနဲ့ ထုလုပ်ပူဇော် ၊ ဘယ်အရပ်ကလာတဲ့ ဘာညွန့် ဘယ်နှစ်ညွန့်နဲ့ ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဘာနေ့သားသမီး အတွက်... (အမလေးနော် မောလိုက်တာ)

ဒီ post ကိုရေးလို့ blog လောကမှာ ဘာမှ ထူးခြား ပြောင်းလဲ မသွားနိုင်ပေမယ့် ပြင်ပလောကမှာ မိတ်ဆွေတချို့ ကနေ ရန်သူ (ဒါမှ မဟုတ်) သူစိမ်း ဖြစ်သွားနိုင်ပြီး ၊ သူတစိမ်းတချို့ မိတ်ဆွေ ဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှတွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို မလွှဲမရှောင် တာဝန်ယူချင်တတ်တာတော့ သေချာတာမို့ ...

ရန်သူ (ဒါမှမဟုတ်) သူစိမ်းဖြစ်သွားမယ့် မိတ်ဆွေ၊
မိတ်ဆွေ ဖြစ်လာမယ့် ရန်သူ (ဒါမှမဟုတ်) သူစိမ်း...ဘယ်သူ့ကိုမဆို ကျေကျေနပ်နပ် ကြိုဆိုမိပါလိမ့်မယ်။


(ကိုယ် အပြောင်းအလဲတွေနဲ့ စိမ်ခေါ်မှုကို ကြိုက်တယ်)

***
Dedicated to My Mum, My Aunt & All of the crazies about Predictor

***
ဒီ post ကို 15th Feb 2009 က တင်ခဲ့တာပါ။

ကိုယ်ကတော့ မိတ်ဆွေလို့ ခေါ်တဲ့လူတွေ အများကြီး မရှိချင်ပါဘူး။ ရှိလည်း မရှိပါဘူး။
လူရယ်လို့ ဖြစ်လာရင် မုန်းသူ၊ ရန်သူဆိုတာလည်း ရှာစရာ မလိုဘဲကို ရှိတယ်လို့ ထင်မိပါတယ်။
လူအားလုံးရဲ့ နှစ်လို ကြည်ဖြူမှုကို ဘယ်သူမှ မရနိုင်ပါဘူး။ ဘုရားအဆူဆူပဲ ကြည့်ပါတော့။
လူတိုင်းက ကြည်ညိုကိုးကွယ်တဲ့ ဘုရားရယ်လို့မှ မရှိဘဲ။
ကောင်းတာ လုပ်နေရင်တောင်မှပဲ အပြောအဆို အမျိုးမျိုး ခံရတတ်တာ နီးနီးဝေးဝေးမှာ အလွယ်တကူ ကြည့်လို့ရပါတယ်။

လူတိုင်းကို လိုက်ချီးကျူးတာဟာ ဘယ်သူ့ကိုမှ မချီးကျူးတာနဲ့ အတူတူပဲ ဆိုတဲ့ စကားလိုပဲ။
လူတိုင်းနဲ့ ပလူးပလဲ အလွမ်းသင့်နေတဲ့ လူမျိုးဆိုလည်း အင်း... ဆက်မပြောတော့ပါဘူး။
နည်းနည်းတော့ သတိထားနေပေါ့။ နောက်ကျောကို ဓါးနဲ့ ထိုးတတ်တာ အဲလို လူမျိုးတွေပဲ။

ကိုယ်ကတော့ အုတ်အရောရော ကျောက်အရောရော ဓလေ့တွေ ကြိုက်လေ့ရှိတဲ့သူ မဟုတ်ပါဘူး။
အရာရာကို ပြတ်ပြတ်သားသား စည်းခြားချင်တဲ့သူ ဖြစ်နိုင်ပါတယ်။
(တချို့နေရာတွေမှာ ခြား နိုင်ချင်မှတော့ နိုင်မယ်ပေါ့။)
အဲလို စည်းခြားလိုက်ဖို့ကို ဘယ်တော့မှ မတွန့်ဆုတ်တတ်၊ ခြားလိုက်ပြီးရင်လည်း ဝမ်းမနည်းတတ်သူ ဖြစ်ပြန်ပါတယ်။

(Update: ဒီနေရာမှာ စည်းခြားချင်တယ် ဆိုတာဟာ ကိုယ့်ရဲ့ ပုဂ္ဂလိက ပေါင်းသင်းဆက်ဆံရေးပိုင်းကို ဆိုလိုပါတယ်။ အဲဒီ အပိုင်းမှာမှ... ယုံကြည်မှုနဲ့ အယူအဆပိုင်းကို ဆိုလိုပါတယ်။

ဥပမာ - ကိုယ်က ဒီကိစ္စတွေကို အပိုအလုပ်တွေလို့ ယူဆတယ် ဆိုရင်... ဒါမျိုးတွေ ဝင်စားသူရှေ့ ရောက်ခါမှ အေး ကောင်းသားပဲ။ ဟို ဗေဒင်ဆရာ ကောင်းတယ် ကြားဖူးတယ်။ သွားမေးပါလား။ လိုက်ခဲ့ပေးမယ်... ဆိုတာမျိုးကို ရူးသလိုလို ကြောင်သလိုလိုနဲ့ ထပြောမှာ မဟုတ်ဘူး။ ဒါမျိုးကို ဆိုလိုတယ်။

အဲဒီအခါမျိုး နဲ့ နောက်ပြီး ကိုယ် ဒီလို post မျိုးကို ရေးတဲ့ အခါမျိုးမှာ ဒါဟာ သူတို့ကို စော်ကားတယ်လို့ ယူဆပြီး ဟင် တယ်ဆိုရင်တော့ ကိုယ်လုံးဝ လုံးဝ ဝမ်းနည်းမှာ မဟုတ်ဘူး။ ဝမ်းသာမနေရင် ကံကောင်း။

ဒီ ပို့စ် အပြီးမှာ ကိုယ်နဲ့ တတန်းတည်း (ဒီ blog မှာတောင် ကိုယ် သူ့အကြောင်း အစက ရေးဖူးသူ) စံဇာဏီဘို စာအုပ် အမြဲ လက်စွဲတဲ့၊ ဘာပဲ စလုပ်လုပ် ဗေဒင်နဲ့ ယတြာနဲ့ဆိုတဲ့ သူငယ်ချင်းနဲ့ ကိုယ်နဲ့ ကြားမှာ ဘာအနှောင့်အယှက်မှ မရှိဘဲ... ဆက်တွဲနေတုန်းပဲ။ ဒီ ပို့စ်ကိုလဲ မနှစ်ဆီကတည်းက ရေးပြီး မေးလ်ပို့ပြီးသား။

ဒါပေမဲ့ ကိုယ်နဲ့ တွဲလာတဲ့ တလျှောက်လုံးမှာ သူဒါတွေလုပ်ဖို့ ဘယ်တုန်းကမှ အားပေးအားမြှောက် မလုပ်ခဲ့စဖူး၊ မကူညီခဲ့စဖူး။ သူကလဲ အကူအညီ မတောင်းခဲ့ဘူး။ ပြတ်ပြတ်သားသား စည်းခြားတယ် ဆိုတာ အဲဒါပဲ။ သူအဲလို နေနိုင်တာကို ကိုယ် ဝမ်းသာတယ်။ လွတ်လပ်စွာ ကွဲလွဲတယ် ဆိုတာ အဲဒါပဲ။ အဲလိုမှ မဟုတ်ဘဲ ကိုယ်အဲလို ယူဆနေတာ သူ မကျေနပ်လို့ သွားမယ်ဆိုလဲ ကိုယ်ကတော့ ဝမ်းမနည်းဘူး။

သူတပါး လွတ်လပ်ခွင့်ကို တန်ဖိုးထားတယ် ဆိုတာ ဘာလဲ နားလည်သူတွေဟာ အဲဒါကို ထိခိုက်ထိန်းချုပ်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။ မေးခွန်းတော့ ထုတ်ချင်ရင် ထုတ်မယ်။ အဲဒီ အခါမှာ တဖက်ကလည်း ငါနဲ့ မတူ ငါ့ရန်သူ သဘောမထားမိဖို့တော့ လိုတယ်။ ဒါဆို ဆက်သွားလို့ ရပြီ။

ဆိုခဲ့ပြီးတဲ့ သူငယ်ချင်းနဲ့ ကိုယ်နဲ့ ကြားမှာ... ဒါမျိုးတွေရှိလို့ ဒါကို ရေးလိုက်ပြီးသည့်တိုင် ကိုယ်တို့ကြားမှာ ဘာမှ မပြောင်းလဲ တာပဲ။ လူတချို့နဲ့ ပတ်သတ်လို့ ပြောင်းလဲတာတွေ တချို့ရှိတာဟာ ဂရုကို စိုက်စရာ မလိုတဲ့ အပိုင်းဖြစ်တယ်။

ဒီနေရာမှာ ကြုံလို့ ပြောလိုက်ပါရစေဦး။ ဗေဒင် ယတြာနဲ့ နိုင်ငံရေး ဘာမှ မဆိုင်ဘူး ထင်ရပေမဲ့ ကိုယ့်ရဲ့ ဉာဉ်အရ ဆွဲထည့်ချင်သေးတယ်။ ခု ဒီ ပို့စ်မှာ လာရေးတဲ့ သူတွေကိုလည်း အရင် ဖြေကြည့်သူများမှာ လာတဲ့သူတွေလို့ ထင်လို့ မဟုတ်ပါဘူး။

တကယ်တော့ ကိုယ် ဥပမာ ပေးလိုက်တဲ့ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်နဲ့ဟာ ဘာကရေစီ ညာကရေစီမှ ပါးစပ်က မအော်ဘူး။ ဟိုမိုဒီမိုလည်း မဟစ်ဘူး။ သို့သော် ကိုယ်တန်ဖိုးထားတဲ့ အရာကို ကိုယ့်ဘာသာ တည်ဆောက်ယူတယ်။ ဒါဟာ ဘာနည်းလမ်းကိုမှ လိုက်နာ ကျင့်သုံးတာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ နည်းလမ်းကျတယ် လို့ ယုံကြည်တဲ့နည်းနဲ့၊ လိုချင်တဲ့ ပုံစံကို ရထားတာပဲ။ ဒါကြောင့်လည်း အပြောတခြား အလုပ်တခြား ... ပေးဟဲ့ ငါ့မြင်းတွေကို စာရင်းမရှိတာ။ )

ဘာပဲဖြစ်ဖြစ် "ဖြေကြည့်သူများ" မှာ comment ရေးသွားတဲ့
Tavoygyi ကိုတော့ ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် ဒီ post ပြန်တင်ဖြစ်တာ အပြင် သူ့ comment ကနေ စေတနာကို ခံစားရတယ် ထင်လို့ပါ။

***

Sunday, December 27, 2009

ဗေဒင် ၊ ယတြာ နှင့်... (၁)

ဒီ post ကို 2009 Feb လောက်က တင်ဖြစ်ပါတယ်။ အဲဒီတုန်းက ဘလော့ကို ဘယ်သူမှ သိပ်မသိကြသေးဘူး။ သိပ်မသိရတဲ့ထဲ နာမည်ရင်းနဲ့ ရေးရာကနေ၊ blog address နဲ့ နာမည်ပြောင်းပြီး ရေးလိုက်တော့ ပိုဆိုးတာပေါ့။ ဒါကို ခု ပြန်တင်ချင်စိတ် ပေါက်လာလို့ ပြန်တင်လိုက်ပါတယ်။

ဘာက ပြန်တင်ချင်စိတ် ပေါက်လာစေတာလဲ ဆိုရင် "ဖြေကြည့်သူများ" မှာ နောက်ဆုံးနားက comment ပေးသွားသူ တယောက်ကြောင့်လို့ ပြောရင် ရမယ်ထင်တယ်။ ရေးသူက
Tavoygyi ပါ။

သူရေးသွားတဲ့ Why do you want to create the enemies? ဆိုတဲ့ စာကြောင်းက ကိုယ့်ကို ဒီ post ရေးခဲ့တာ ပြန်သတိရမိစေတယ်။ ဒီ post က စုစုပေါင်း နှစ်ပိုင်းပါပါတယ်။ တပိုင်းက ခုတင်တဲ့ ဗေဒင် အကြောင်း ဖြစ်ပြီးတော့၊ နောက်တပိုင်းက ယတြာ အကြောင်းပါ။ တကယ်တော့ ဗေဒင်နဲ့ ယတြာ အကြောင်း ဆိုပေမယ့် ကိုယ်က ဒါတွေနဲ့ ပတ်ပတ်သတ်သတ် နီးနီးစပ်စပ် နေခဲ့သူ မဟုတ်တော့ ဒါတွေအကြောင်း သဘောတရားကလွဲလို့ ဘာမှ မသိပါဘူး။

ကိုယ်ရေးတာက အဲဒါတွေအပေါ်မှာ ရှိတဲ့ ကိုယ့်အမြင်နဲ့၊ အဲဒါတွေကို လိုက်စားသူတွေအပေါ် အမြင်ကို ရေးထားတာပါပဲ။ ယတြာ အကြောင်း အပိုင်း (၂) ကို တင်တဲ့ အခါမှာ သူ့ comment ကနေ ဒါကို ဘာလို့ သတိရမိခဲ့တာလဲ ဆိုတာ နိဂုံးကို ဖတ်မိရင် သိပါလိမ့်မယ်။

ဒီ post က ဗေဒင်နဲ့ ယတြာကို ရူးသွပ်ကြသူများအား သိမ်းကျုံးပြီး စော်ကားထားတယ်လို့ တယောက်ယောက်က comment မှာ လာရေးခဲ့သည် ရှိသော် အရေးလုပ်လို့ တုန့်ပြန်မိမည် မဟုတ်ကြောင်း ကြိုတင် ကြေညာလိုပါတယ်။

***

ဗေဒင်

ယုံလားလို့ မေးတိုင်း "စိတ်မဝင်စားပါ" လို့ အမြဲ ဖြေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ရင် လူတိုင်းက ယုံ ၊ မယုံ ဆိုတာနဲ့ပဲ မေးခွန်းထုတ်တတ်ကြတယ်။
ကိုယ့်အထင်တော့ ဗေဒင်မေးလေ့ရှိတဲ့သူရော ၊ မေးလေ့ မရှိတဲ့သူရော ဘယ်သူမှ ရာနှုန်းပြည့် ယုံတယ် ၊ ရာနှုန်းပြည့် မယုံဘူးဆိုတာ မရှိနိုင်ပါ။

လူသာမာန်တစ်ယောက်ရဲ့ တခြားလူတစ်ယောက် အပေါ် မှန်းဆတွက်ချက်မှုဆိုတာ အခါခပ်သိမ်း မမှန်နိုင်စကောင်းတာ ဦးနှောက်နည်းနည်း ရှိရုံနဲ့ တွေးကြည့်လို့ ရနိုင်ပါတယ်။ ပညာစွမ်းပေါ် မူတည်လို့သာ မှန်နိုင်စွမ်း (probability) ဟာ ကွာသွားနိုင်တာပါပဲ။

အားလုံးမှန်တယ် ထားဦးတော့ .. ဒါမျိုး ဘယ်နှစ်ခါ ဆက်တိုက်မှန်နိုင်မလဲ။ ဒါကို လူတိုင်းတွေးနိုင်ပါတယ်။
တကယ်တော့ မှန်တယ် ဆိုလည်းပဲ သူဟောလို့ ဖြစ်တာမဟုတ်ပါ။ သူ မဟောလဲ ဖြစ်စရာရှိတာ ဖြစ်လာမှာပါပဲ။

ဒီတော့ ဗေဒင်ကို ဘာကြောင့်
တစွဲတလမ်း မေးကြသလဲ ဆိုရင် ကိုယ်တော့ စိတ်ဝင်စားမှုကြောင့် လို့ပဲ ကောက်ချက်ချမိတယ်။ ရှေ့ကို ဘာဖြစ်မလဲ ကြိုသိချင်တဲ့ စိတ်အခံကြောင့်ပါပဲ။ ဇာတ်လမ်းတစ်ခု ကြည့်သလို၊ ဝတ္ထု တစ်ပုဒ်ဖတ်သလို.. (TV ကလွှင့်တဲ့ series တွေ ရှေ့ဘာဖြစ်မလဲ သိချင်လွန်းလို့ အခွေဝယ်ပြီး ကြိုကြည့်တဲ့လူတွေ အများကြီး ရှိတယ်။ ပြီးတော့ TV က ပြတာ ဆက်မကြည့်တော့ဘူးလား ဆိုတော့လည်း ကြည့်တာပဲ တဲ့)

ကိုယ့်အတွက်တော့ အဲဒါ ထူးထွေသည့် အံ့ရာ ပဲ။ သိပြီးသားကို ဘယ်လို စိတ်ဝင်စားမှုမျိုးနဲ့ ငုတ်တုတ် ဆက်ထိုင်နေနိုင်တာလဲ စဉ်းစားရင် ...
အင်း နောက်ဆုံးတော့ ဗေဒင်ကို လက်မလွှတ်တဲ့ လူတွေဟာ ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ဖို့ ဝန်မလေးတတ်တဲ့ သူမျိုးတွေ ဖြစ်နိုင်ပါတယ်။

ကိုယ့်အတွက်ကတော့ ဗေဒင်ဆိုတာ သူဟောတာ မှန်ခဲ့ရင် (မှားရင် ဆိုတာ စကားထဲထည့်ပြောစရာ မလိုတော့ဘူး) ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ရသလို ဖြစ်မှာကလွဲလို့ ...
ကိုယ် စာအုပ်သာ အချိန်ပြည့်ဖတ်ချင်တာ ။ ရုပ်ရှင်ကြည့်ဖို့တော့ အင်မတန်ပျင်း။
ဒါကြောင့် ကိုယ့်ကို ဗေဒင်ကို ယုံသလား မေးခဲ့ရင် "စိတ်မဝင်စားဘူး" လို့ပဲ ဖြေခဲ့ပါတယ်။


ကိုယ်
တစ်ခါမှကို ဗေဒင် မမေးခဲ့ဖူးပါ။ ဖြစ်ချိန်တန်ရင် ဖြစ်လာမှာတွေအတွက် ဗေဒင်မေးတယ် ဆိုတာ ကိုယ့်အတွက်တော့ အသက်ရှင်ခြင်းရဲ့ အပိုအလုပ်တစ်ခုသာပဲ။

စိတ်ဝင်စားတဲ့သူတွေ ဆက်မေးလိမ့်မည်။ စိတ်မဝင်စားသူတွေ ဝေးဝေးနေလိမ့်မည်။

စိတ်ဝင်စားခြင်း မဝင်စားခြင်းကို ဖက်ပြိုင် ငြင်းခုံခြင်းသည်လည်း အပို အလုပ်တစ်ခုသာ ဖြစ်လိမ့်မည်။
မှားတာတွေလည်း ပါလိမ့်မည်။ မှန်တာတွေလည်း ပါလိမ့်မည်။

သေချာတာကတော့ ဘယ်ဟာက ဘယ်လောက်ထိ မှားပြီး ၊ ဘယ်ဟာက ဘယ်လောက်ထိ မှန်နိုင်သလဲ ဘယ်သူမှ မသိတာပင်။


ဒီ့ထက်သေချာတာကတော့ သူပြောတာမှန်လည်း သူပြောလို့ ဖြစ်လာတာမဟုတ်၊ မပြောလဲ ဖြစ်လာမှာ။

သူပြောတိုင်းလဲ ဖြစ်စရာ အကြောင်းရှိမနေရင် ဖြစ်ကိုမလာ။

ရိတ်သိမ်းရမည်က ကိုယ်စိုက်ပျိုးခဲ့သမျှရယ်သာ.. (စိုက်ခဲ့သမျှ နာဂစ်ထဲပါသွားလည်း ဘယ်သူ့မှ လက်ညှိုးမထိုးပါနှင့်။ နာဂစ်ကို စိုက်ပျိုးခဲ့သူသည်လည်း မိမိကိုယ်တိုင်သာ ဖြစ်ခဲ့သည်ကို သတိရပါလေ)


(to be continue)


***

ခုတလော ခေါင်းထဲရောက်နေတာလေးတွေ။
ခဏခဏ အဲဒီ မေးခွန်းမျိုး အမေးခံခဲ့ရဖူးတော့ ခဏခဏလည်း ပြောခဲ့ရဖူးပါတယ်။

တကယ်တော့ ကိုယ့်
အနေနဲ့သာဆိုရင် ယုံလား မယုံလား စဉ်းတောင်စဉ်းစားမိမှာ မဟုတ်။
စိတ်ကို မဝင်စားလို့။

(၁ဝ တန်းအောင်ကာစက သူများဝယ်ထားတဲ့ ဗေဒင်စာအုပ်တွေ ကိုယ့် ရာသီခွင်နဲ့ ကိုက်တာတွေ ယူဖတ်ဖူးတယ်။ ၃ခါ ၄ခါ ဖတ်တိုင်းတူနေတာကတော့ ရည်းစားဦးနဲ့ လွဲမယ် ဆိုတာချည်းပဲ။
စိတ်တောင် နည်းနည်းညစ်သွားသေးတယ်။

ဒါပေမဲ့ ဘာအရေးလဲ ဒုတိယရည်းစားက စထားရုံပေါ့ လို့ တွေးပြီး နောက်တော့ မဂ္ဂဇင်းထဲက ဟာတွေတောင် မဖတ်တော့ဘူး။ ခုချိန်ထိပဲ)

***

Thursday, December 24, 2009

အကြွေးဆပ်ခြင်း (သို့) အစ ပြန်ဆွဲထုတ်ခြင်း

မျိုးမြင့်မောင် said...

၁) မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက် တခြားသူတွေကို ယုံကြည်ဖို့ဟာ အဓိကကျသလားဆိုတာ သိချင်တယ်။ လက်ရှိမှာ ကိုယ်က အဖိနှိပ်ခံနေရတာ မဟုတ်လား။ ကိုယ်တိုင် အဲဒီလို အဖိနှိပ်ခံဘဝက လွတ်အောင် မကြိုးစားသင့်ဘူးလား။ ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ဘဲ ငြိမ်ခံနေသင့်သလား။

၂) နောက်ပြီး ဘာက အဖြေ ဖြစ်တယ်၊ အဲဒါကို ရအောင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကို သူများတွေကိုပဲ လိုက်မေးရုံနဲ့ ပြီးသွားသင့်သလား။ လက်ရှိ ကိုယ့်ခေါင်းထဲမှာ မရှိသေးရင်ပဲ ဖြစ်ဖြစ်၊ သူများဆီက မရနိုင်သေးရင်ပဲ ဖြစ်ဖြစ် အဖြေလိုချင်နေတဲ့အခါ ကိုယ်တိုင်လည်း မစဉ်းစားသင့်ဘူးလား။ အဖြေမရရင် ဝင်မလုပ်ဘူးဆိုတာ ဖြစ်သင့်သလား။ အဖြေကြိုသိမှ စာမေးပွဲ ဝင်ဖြေချင်တာလား။ အပြစ်တင်နေတာတော့ မဟုတ်ဘူး။ 'ဟင်' လို့ ခံစားရစေတဲ့ အချက်တွေကို ထောက်ပြပြီး မေးကြည့်တာ။


***

အရင်ဆုံး sorry ပါ။ နောက်ကျနေတဲ့ အတွက်။ ပြီးတော့ နည်းနည်း ကြိုပြီး ပြောထားပါဦးမယ်။ ကိုမျိုးမြင့်မောင်ကို ပြန်ထားတယ် ဆိုပေမဲ့ ကိုမျိုးမြင့်မောင် မေးခွန်းတွေနဲ့ မသက်ဆိုင်တဲ့ တချို့ အကြောင်းအရာတွေပါ ဆွဲထည့်ပြီး ပြောသွားပါမယ်။
၁) မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက်
ans:
ကိုယ့်အနေနဲ့ တိုက်ရိုက်ပါဖို့ စိတ်ကို မဝင်စားတာပါ။ အဲဒါဟာ ဟိုအရင် post တွေမှာ ပြောခဲ့သလို .......... နည်းနေတာ (သို့) .......... များနေတာ ဖြစ်ကောင်း ဖြစ်မှာပါ။ ကွက်လပ်ကို အဆင်ပြေသလို ဖြည့်လိုက်ပါ။

ပြောပြီးသားပေမယ့် ထပ်ပြောပါမယ်။ ကိုယ်သာ တကယ် စိတ်ပါဝင်စားလို့ သတ္တိပါရှိရင် ခုလို မနေပါဘူး။
၂) ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ဘဲ ငြိမ်ခံနေသင့်သလား။
ကိုယ် ကြိုးစားနေတာတော့ တကိုယ်တော် လွတ်မြောက်မှုပဲ။ ဒါပေမဲ့ ကိုယ်သိတယ်။ The Plague ထဲက စာသားတစ်ခုလိုပဲ။ အတွင်းရော၊ အပြင်ရော ဘယ်သူမှ မလွတ်ဘူး ဆိုတာကို။ တကယ်ကို ကပ် ဆိုက်နေတာပဲ။

လိုရင်းကတော့ ကိုယ်တိုင် တိုက်ရိုက် ပါဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အဲဒီအခါမှာ သွယ်ဝိုက် ပါကောင်းပါဖို့ သူများကို လှည့်ကြည့်လာပါတယ်။ တကယ်တော့ သူများကို ကူညီတယ်ဆိုတာကိုက အရင်းစစ်ရင် ကိုယ့်အတွက်ကိုယ် လုပ်တာပါပဲ။ အနိမ့်ဆုံး အဆင့်ကတော့ ကြွက်ထောင်ချောက် ပုံပြင်ထဲကလိုပေါ့။ အမြင့်ဆုံး ကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပေါ့။
၃) နောက်ပြီး ဘာက အဖြေ ဖြစ်တယ်၊ အဲဒါကို ရအောင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကို သူများတွေကိုပဲ လိုက်မေးရုံနဲ့ ပြီးသွားသင့်သလား။ ကိုယ်တိုင်လည်း မစဉ်းစားသင့်ဘူးလား။
အဲဒါလည်း ပါပြီးသား။ ကိုယ် နှစ်လမ်းပဲ မြင်တယ် ဆိုတာ... Some Comments ... ပို့စ်မှာလား၊ အဲဒီ post က Addy Chen ကို ပြန်ထားတဲ့ comment မှာလား မသိ။
ပြန်မရိုက်တော့ဘူး။

၎) အဖြေမရရင် ဝင်မလုပ်ဘူးဆိုတာ ဖြစ်သင့်သလား။
ဖြစ်သင့်တာ မဖြစ်သင့်တာထက် ဘာက ဘယ်လိုဆိုတာ မသိဘဲတော့ ဘယ်သူမှ ဝင်ပါမှာ မဟုတ်ဘူး။ ဖြစ်ကို ဖြစ်နေတာ။ သိအောင် ကိုယ့်ဘာသာလုပ် ဆိုရင်... ပြန်ပတ်မယ်။

၅) အဖြေကြိုသိမှ စာမေးပွဲ ဝင်ဖြေချင်တာလား။
စာမေးပွဲ ဖြေတဲ့ အခါ ဆိုတာနဲ့ နှိုင်းရင် - မေးခွန်းစာရွက်ပေါ်မှာ ပါတဲ့ မေးခွန်းကို သိရုံ၊ အဲဒီမေးခွန်းရဲ့ အဖြေကို သိရုံလောက် ဆိုလိုတာ မဟုတ်ဘူး။

သင်ရိုးညွှန်းတမ်း ဘာဆိုဘာမှ မသိဘဲ ဘယ်သူမှတော့ ဝင်ဖြေမှာ မဟုတ်ဘူး။ မယုံ မရှိနဲ့။
(ဒီဥပမာ သိပ်တော့ ကီး မကိုက်ဘူး။ ဘာဖြစ်လို့ ဆိုတော့ ဘာမှန်းမသိဘဲ ဝင်ဖြေခဲ့တဲ့ မြန်မာပြည် စာမေးပွဲတွေ သွားသွား သတိရနေလို့။ one subject, one night ပဲ။)

ပြန်ချုပ်မယ်။ ကိုယ်ဟာ နည်း (၂) နည်း ကို သိထားတယ်။ အဲဒီထဲက ကိုယ်တိုင် တိုက်ရိုက်ပါဝင်ဖို့ ဆိုတာကတော့ ဘယ်လိုမှ (
ဘယ်လိုမှ) လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်လို့ ကိုယ် နိုင်ငံခြား ရောက်နေတာပါ။ နောက်တနည်းဟာ သူများပေါ်မှာ မူ မတည်လို့ကို မရပါဘူး။ ကိုယ်လုံးဝ ကိုယ်တိုင် မလုပ်နိုင်လို့ပါ။

နောက်တခုက ဘာကို တိမ်းညွှတ်သွားကြသလဲ။

ကိုယ့်နံဘေးမှာ နိုင်ငံရေးသမား မိသားစု ရှိတယ်။ ကိုယ်ကလဲ လူမှုရေးအရ နှစ်လိုလေးစားနိုင်လောက်တဲ့ လူတွေဖြစ်တယ် ဆိုပါစို့။ အိမ်ထောင်ဦးစီးက နိုင်ငံရေးကြောင့် အိမ်ထောင့်တာဝန် မကျေနိုင်ရင် သူ့မိသားစုရဲ့ လူမှုရေး ပြဿနာတွေအတွက် (ကိုယ်သာ တတ်နိုင်မယ် ဆိုရင်) ကြည့်မနေဘဲ ကူညီမိနိုင်တယ်။ အဲဒီ နိုင်ငံရေးသမားကိုယ်တိုင် စားစရာ မရှိလျှင်သော် လည်းကောင်း၊ သေကောင်ပေါင်းလဲ ဖြစ်လျှင်သော်လည်းကောင်း ကိုယ် ကူညီဦးမှာပဲ။ သို့သော်........................

သူ့ နိုင်ငံရေးကိစ္စ အတွက် စာရွက်တွေ ရိုက်ဝေတာပဲ ဖြစ်စေ၊ လမ်းထွက်လျှောက်မှာပဲ ဖြစ်စေ၊ (သူက ပြောသည်ဖြစ်စေ၊ မပြောသည် ဖြစ်စေ) လိုအပ်တဲ့ ငွေရေး ကြေးရေး ... အဲဒီအချိန် ကိုယ်က လူမှုရေးအတွက် ၁ သိန်း သုံးပစ်လိုက်နိုင်တယ် ဆိုရင်တောင် အဲဒီကိစ္စ အတွက် ကိုယ် ၁ ကျပ် အကုန်မခံချင်ဘူး။

ဒီနေရာမှာ အဆုံးစွန်ထိ
ယုတ္တိမရှိတာ၊ မဖြစ်နိုင်တာကို ထည့်ပြောလိုက်မယ်။
ကိုယ် အဲလို မပံ့ပိုးလို့ အဲဒီလူ ဘိုင်းကနဲ လဲ သေနိုင်လောက်တယ် ဆိုရင်တော့ ကိုယ် ကြည့်မနေဘူး။ ကိုယ့်ရှေ့မှာ လူတစ်ယောက် သေသွားမှာကို ကိုယ် လုပ်ပေးနိုင်တာ ရှိရက်သားနဲ့ မလုပ်ပေးလိုက်ရမှာကို (တခြားလူတွေမှာ ရှိတတ်တာထက် မပိုတဲ့ ကရုဏာစိတ်နဲ့) စိုးရိမ်လို့။ လူဆန်ချင်လို့။ ဒါပေမဲ့ ကိုယ် ပံ့ပိုးလိုက်တဲ့ ငွေသည် သူ့ အရေးတော်ပုံအတွက် အထောက်အပံ့ အဖြစ် သူသုံးချင် သုံးမယ်။ ဒါပေမဲ့ ကိုယ့် အတွက်တော့ သူ့ အသက်အန္တရာယ်အတွက်သာ သုံးပေးလိုက်တာပဲ။

ကိုယ့်အနေနဲ့ အဲဒီ အရေးကိစ္စ နှစ်ခုအပေါ် အဲလောက်ထိ တိမ်းညွှတ်မှုက ကွာခြားတယ်။ ဒါက လူကို သိတဲ့ အပိုင်းနဲ့ ပြောထားတာနော်။ "ပလုံ" သံကို ကြားလိုက်နိုင်တဲ့ အနေအထား။

***
December 17, 2009 12:15 AM နဲ့ December 17, 2009 12:17 AM မှာရေးသွားတဲ့ Anonymous နဲ့ ပတ်သတ်လို့ ပြောပါမယ်။


ရေးတဲ့ အနောနီးမတ်စ် တယောက်တည်းလို့ ထင်တယ်။ အနောနီးမတ်စ် ဟာ တကယ်တော့ တခြား post တွေ အတွက် သိပ်ကိစ္စ မရှိဘူး။ ဒီလို post မျိုး အတွက်တော့ နည်းနည်း ကိစ္စ ရှိတယ်။

ကိုယ်ဆိုရင် ဘလော့စကာစ အချိန်တွေမှာ ကိုယ့်ဘလော့ကိုယ် ကြော်ညာဝင်သလို မဖြစ်ချင်ဘူး ဆိုပြီး Anonymous သုံးခဲ့တာက လွဲလို့ ကိုယ် ဘယ်သူဆိုတာ လူသိလာတဲ့ အချိန်မှာ နောက်ထပ် မသုံးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်တိုင်းမကျတာ တွေ့ခဲ့ရင်၊ နာမည်ရင်းနဲ့လဲ မရေးချင်ရင် (သူ့ ခုတုံးလုပ်ပြီး
ကိုယ်က နာမည်ကြီးချင်လို့ လို့ အိညောင့် အိညောင့် ပြောမှာ နားညည်းလို့။ အရေးမလုပ်ချင်လို့ နာမည်ရင်း မသုံးချင်တာမျိုး) ရေးကြည့်ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ ကိုယ် မတင်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ဘာသာ ရှက်လို့။

နောက်အရေးကြီးဆုံး အချက် - အဲလိုမျိုး မတူညီတဲ့ အတွေးအခေါ်အတွက် ဝေဖန် ငြင်းချက်ထုတ်ဖို့ ကိစ္စမှာ Anonymous သုံးလိုက်တာနဲ့ ကိုယ့်ဘာသာ တာဝန်ယူလိုစိတ် သိပ်နည်းသွားပြီး၊ နည်းလမ်းမကျတဲ့ ပုံစံနဲ့ စကားလုံးတွေ သုံးဖို့ရာမှာ (သဘောတရားက ဘယ်လောက် မှန်နေပစေ) သိပ်ကို လွယ်သွားတယ်။ အဲဒီအခါမှာ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး မကြည်ညိုနိုင်တော့လို့။

ကိုယ့်သမိုင်းမှာ ဘလော့ စကာစက သာမန် နှုတ်ဆက်၊ ထင်မြင်ချက်ပေးတဲ့ comment တချို့ကလွဲလို့ ပျင်းပျင်းသော်လည်းကောင်း၊ ပျော့ပျော့သော်လည်းကောင်း ဝေဖန်တဲ့ comment မျိုးကို
Anonymous နဲ့ ရေးတဲ့ ထုံးစံ လုံးဝ မရှိဘူး။ ထေ့ဖို့ ငေါ့ဖို့ ရိဖို့ ဆိုရင်တော့ ဝေးရော။ အဲဒါတွေ မလုပ်ဘူးလို့ ပြောတာ မဟုတ်ဘူး။ Anonymous နဲ့ လုပ်ရိုး ထုံးစံ မရှိတာကိုပြောတာ။

ထပ်ပြောပါမယ်။ Anonymous သုံးတာက အဓိက ပြောချင်တာ မဟုတ်ဘူး။ ဥပမာ ကိုယ့်ကို Rita အဖြစ်နဲ့ သိထားကြတယ်။ ကိုယ်က blog တခု လူမသိအောင် ဖွင့်ပြီး တခြား နာမည်တခုခုသုံးလဲ တူတူပဲ။

နောက်တခုက ဆွေးနွေးတာ။ (ကြည့်လိုက်ပါ။ ဘယ်သူတွေ ဘယ်လို ဆွေးနွေးတယ်ဆိုတာကို၊ သူတို့တွေ အကျိုးသင့် အကြောင်းသင့်တာက သူတို့ သွားနေတဲ့ လမ်းကြောင်းနဲ့ သူတို့ ဘယ်လောက် အပ်စပ်တယ် ဆိုတာကို ပြတယ်။ သူတို့ ယုံကြည်မှုနဲ့ သူတို့ လုပ်ရပ်သည် တထပ်တည်း။) သူတို့နည်းကို ကိုယ် ယုံကြည်ချင်မှ ယုံကြည်မှာ ဖြစ်ပေမဲ့ သူတို့ကိုတော့ အပြောနဲ့ အလုပ် ညီတယ်လို့ အသိမှတ် ပြုကို ပြုတယ်။

နည်းနည်း ချော်သွားပြီ။ ပြောချင်တာနဲ့။
ရိသလိုလို ထေ့သလိုလိုတွေလာတော့ ဘာတွေ ဖြစ်သလဲ ပြောပြမယ်။
ရိုးရိုးတန်းတန်း လာဆွေးနွေးတဲ့ အခါ လူက စိတ်ထဲမှာ မတူသည့်တိုင် နှစ်လို နေတော့ ရေးတဲ့လူနဲ့ ပတ်သတ်လို့ ဘာမှ ဆက်မတွေးဘူး။ လာရိသလိုလို ဖြစ်တဲ့ အခါကျ (မဆိုင်တာတွေ လာရိရင်တော့ စာရင်းမရှိပါ။) ဘယ်သူ ဖြစ်နိုင်မလဲ ဆိုတာ ဆက်တွေးတယ်။ ဘလော့ရှိနေလို့များ အသိမခံတာလားပေါ့။

ပထမ - သံသယ ဝင်ပါတယ်။ သိတဲ့ လူများလား။ အင်း ဟိုတယောက်ထင်တယ်။
သွားရော... အဲဒါသည် အကုသိုလ်ဝင်တာပဲ။ (အဲဒါ အကုသိုလ် ဖြစ်တယ် ဆိုတာရော သိလား။)။ မတော်လို့ ရေးတဲ့ စတိုင်လ်ကပါ တယောက်ယောက်နဲ့ ဆင်တယ် ထင်ရင် ထပ် သွားရော။ နောက်တခုက ကိုယ့်ဘာသာကိုယ် sense ရှိတယ်လို့ ထင်နေတတ်တာ။ အဲဒီမှာ ပိုတွေးဖြစ်တယ်။ ကိုယ်တွေးတာတွေ တော်တော်များများ မှန်နေတဲ့ အခါကျ ပိုဆိုးပေါ့။

ခုလည်း ဘလော့ဖွင့်တာ သိပ် မကြာသေးတဲ့
အရင်က comment တခါမှတော့ လာမရေးဖူးတဲ့ အသက်အားဖြင့်တော့ ကြီးမယ့် တယောက်လို့ ထင်နေမိပြန်တယ်။ အဲဒါဟာ ကိုယ့် အတွက်တော့ အကုသိုလ် ဝင်နေတာပဲ။

***

ကိုမင်းကိုနိုင်ရဲ့ စာအုပ်ကောင်းကြောင်းပြောချင်တာ ဆိုတာနဲ့ ပတ်သတ်လို့။


အနုပညာ ပါတဲ့ စာအုပ်ဖြစ်တယ်။ သူ စာရေးတတ်တယ်လို့ ရေးတာ... နောက် တခြားအချက်တွေ လက်ညောင်းလို့ မထည့်တော့ဘူး။ အဲဒါတွေဟာ စာအုပ်ကို ချီးကျူးရာ ရောက်ပါတယ်။ မှန်ပါတယ်။ ဒါဟာ ကောင်းကြောင်း ပြောတာပါပဲ။ ကြိုက်တာ မကြိုက်တာက တဏ္ဍ။ ကောင်းတယ်လို့ ဦးနှောက်က သတ်မှတ်တိုင်း စိတ်ထဲ ငြိချင်မှ ငြိမှာ။ ကိုယ်က ဂျာနယ်ကျော် ဦးချစ်မောင် တောင် ခံစားလို့ ရတဲ့လူ မဟုတ်ဘူး။ အဲဒါ ဟိုးပဝေသဏီ post တွေမှာ ပါပြီးသား။ ထားပါ။

ဒါကို ထပ်မပြောတော့ဘူး။ စာအုပ်ကိစ္စကို အဓိက ရေးတာ မဟုတ်လို့။ ကိုယ်ရေးရတဲ့ အဓိက အကြောင်းသည် စာအုပ်ဖတ်ပြီးမှ တွေးမိတဲ့ အတွေးကို အဓိက ပြောချင်တာ။ အဲဒါသည် ကိုယ် မြင်တဲ့ အမြင်ကို ထုတ်ဖော်တာပဲ။ ကိုယ့်ရဲ့ norm လို့ ခေါ်ရမလား။ အဲဒါကို ရေးချင်တာပဲ။

နောက်တစ်ခုက
ဟင် ဆိုရင် လှည့်မကြည့်တတ်တဲ့ သူမျိုးတောင် ကိုမင်းကိုနိုင် ရဲ့စာအုပ်ဖတ်ပြီး ကြိုက်တယ် ဆိုတဲ့ အကြောင်းကို ကိုယ့်ဂုဏ်လေး ကိုယ်ဖော်ပြီး ရေးတာ

အဲဒါ ဂုဏ်လား။ အစက စိတ်မဝင်စားဘဲ စာအုပ်ဖတ်ပြီး စာအုပ်ကို ကြိုက်သွားတယ် ဆိုရင်တောင် အဲဒါ ဂုဏ်လား။ မသိလို့။ အဲဒါ အသံကောင်း ဟစ်တဲ့ လူတွေကို စာရင်းမရှိဘူးလို့ ပြောပြီး နှက်ထားတာ မဟုတ်ဘူးလား။ ဒုက္ခ။ တကယ်ပါ ကိုယ် တခါတခါကျ ဉာဏ်မီအောင် လိုက်တွေးလို့ မရဘူး။ ဝေးသကိုးကွယ်။ ကိုယ်က ခေတ်ပျက်ထဲမှာ ကြီးခဲ့ရတာ ဆိုတော့။

နောက်ကပ်ရပ် အကြောင်းကတော့ ပြောပြီးသားမို့ ထပ်မပြောတော့ဘူး။ အဲဒီ ခေတ္တကျွန်းပေါ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာ ဘလော့လောကထဲ ဝင်တာ မကြာသေးလို့ မသိသေးရင် သိအောင်လုပ်လိုက်ဦး လို့ပဲ မှာချင်တော့တယ်။ စိတ်ကုန်တယ်။ တကယ်။

နောက်တခု ထပ်ပြောလိုက်ဦးမယ်။ "ငါ မယုံကြည်နိုင်တော့ဘူး" ဆိုတာ "မင်းတို့ ဆက်မသွားကြနဲ့" လို့ အဓိပ္ပါယ် ရောက်မရောက် ၈ တန်းကလေး (အို လုပ်မနေပါနဲ့။ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားပါ။) စဉ်းစားလဲ မနေပါနဲ့။ ရေးလာတဲ့ ကာယကံရှင် ကိုတင်မင်းထက် ကိုယ်တိုင်က ပြောတယ် မဟုတ်လား။ ပြန်ဖတ်ချင်ဖတ်ပါ။ မဖတ်ချင်လဲ နေပါ။

နောက်တစ်ခု ဂျူး ကိစ္စ။ သိပ်ရှည်ရှည် မပြောတော့ဘူး။ ကိုယ် သွားသတိရတဲ့ ပျက်လုံး တစ်ခုရှိတယ်။ "စိုက်တာတဖွဲ့၊ ခုတ်တာတဖွဲ့" ဆိုတာ။ ကိုယ့်ဟာကိုယ်
အချင်းချင်း အရင်ဆုံး ညှိလိုက်ကြဦး။

ရီတာ့ကို ချီးကျူးအောင် ဒီပို့စ်ကို ရေးကာမှချီးကျူးအောင် စာဘယ်လို ရေးရမလဲ ကိုယ် မသိလောက်ဘူး ထင်ရင်တော့ ကိုယ် ဘာမှ မပြောလို။ လက် နဲ့ မျက်စေ့ ညောင်းလှပြီ။ သို့သော် တမင်တကာကို အဆဲခံရနိုင်လောက်တဲ့ post တွေ မှန်း သိသိနဲ့ တင်ခဲ့တာတွေ အများကြီးပဲ။ ပြန်မရှာချင် မရှာနဲ့နော်။ သိရုံပဲ ပြောတာ။ လောလောဆယ်ကိုပဲ အဆဲခံရတာ အရသာတွေ့လို့ ပြန်တင်ဖို့ စဉ်းစားနေသေးတယ်။ အရင်က တင်ခဲ့တာ ဆိုတော့ လူ သိပ်မသိဘူး။ ပြန်တင်ဦးမယ်။

နောက်တခု တို့က ရန်သူ မလိုချင်ဘူး။ ဘယ်သူနဲ့မှ ပြဿနာ မတက်ချင်ဘူး။ အေးအေးပဲ နေချင်တယ် ဆိုလဲ နေလို့ မရဘူး။ လူရယ်လို့ ဖြစ်လာရင် ချစ်သူ မုန်းသူ ရှိမှာ blog ရေးမှ မဟုတ်ဘူး။ ဘာမှ မကွိုင်လောက်တဲ့ ကိစ္စတွေချည်း ရွေးရေးနေရင်တောင် ပြဿနာဆိုတာ တက်တတ်လွန်းလို့မှ။ ဘလော့ဂါ သမိုင်းကြောင်းကြီး လှန်ပါဦးတော့။

အေး တစ်ခုတော့ ရှိတယ်။ ဘယ်နေရာမှာ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တာ ပြတ်ပြတ်သားသား လုပ်ဖို့လိုလာပြီ ဆိုတဲ့ အဆင့်မျိုးမှာ ဘယ်သူနဲ့မှ ဘာမှ မဖြစ်ချင်၊ အားလုံးနဲ့ ပြေပြေလည်လည်ပဲ ဆိုရင်တော့ ရူးသလိုလို ပေါသလိုလို အဆင့်က တက်မှာကို မဟုတ်ဘူး။

ဒီလောက် ရာဇဝတ်အိုး တုတ်နဲ့ တည့်တည့် ထိုးလိုက်တဲ့ စကားလုံးတွေနဲ့ ရေးထားတာကိုမှ ချီးကျူးခံချင်လို့ ဖြစ်ရသေးရဲ့။

အို အသင်လောက။
ကိုယ့်ကို အကောင်းမြင်လွန်းချေပြီ တကား လို့သာ ဟစ်ချင်မိတော့တယ်။
တကယ်တော့ အကောင်းမြင်ရော၊ အဆိုးမြင်ရော ကိုယ် ဘာကိုမှ မကြိုက်။ အမှန်အတိုင်းပဲ မြင်ချင်တယ်။ ဒါပဲ။


ဒီနေရာမှာ ကြုံလို့ ပြောလိုက်ဦးမယ်။
comment တွေထဲမှာ ကိုယ်နဲ့ မတူပါဘူး ထင်ပြီး လာငြင်းနေကြတဲ့ လူတွေက တူနေတာ တချို့ရှိပြီး။ တူတယ်ထင်လို့ လာထောက်ခံနေကြတဲ့ လူတွေက သိပ်မတူတာ တချို့လည်း ရှိတယ်။ လာထောက်ခံပြီး မတူ ဖြစ်နေတဲ့လူတွေကို ကိုယ် ဘာမှ ပြန်မပြောခဲ့ဘူး။ အားပေးနေလို့ ငြိမ်နေတာ မဟုတ်ဘူး။ လိုရင်း မရောက်မှာ စိုးလို့။ လက်ညောင်း မျက်စေ့ညောင်းလို့။


အဲဒီလူတွေ ရင်နာရမယ့် စကားလုံးတွေ အဲဒီ့လူတွေရဲ့ အမွေကို လက်ဆင့်ကမ်းမယ့် ရဲရဲတောက် မျိုးဆက်သစ်လေးတွေ နောက်တွန့် စေမယ့် အရေးအသားတွေ မရေးပါနဲ့လို့ ပြောမှာပဲ၊

ဘယ်ဟာတွေကို ပြောတာလဲ ?????

ရီတာ့ဘာသာ နိုင်ငံရေး နားမလည်လို့လဲ ဘယ်သူ့မှ ဘာမှ လာမပြောဘူး။ မလုပ်လဲ ဘာမှ မပြောဘူး။


မပြောလို့ပဲ comment ၂ဝဝ ကျော်တာ။


ဘယ်သူတွေက မပြောတာကို ညွှန်းချင်နေတာလဲ။ ဟုတ်တယ် တကယ်လုပ်နေတဲ့ လူတွေကတော့ ဘာမှ လာမပြောနိုင်ဘူးလေ။ ပြောခြင်း၊ မပြောခြင်းကိုလဲ အဓိက ပြောချင်တာ မဟုတ်ပါဘူး။ တကယ်တော့ မပြောဘဲ မြုံထားတာကိုက အလုပ်ကို မဟုတ်ဘူး ထင်တယ်။ အပြောနဲ့ အလုပ် ညီဖို့ အဓိကပါ။

လိုချင်တာက ဘာလဲ။ ဒီမိုလား၊ ဟိုမိုလား။ ညီအောင်နေချင်တယ်ဆိုရင်
ဒီလို မလုပ်ပါနဲ့။ ဟိုလို မလုပ်ပါနဲ့ ကို အရင်ဆုံး ပြင်လိုက်ပါ။ အပြောနဲ့ အလုပ် ညီတဲ့ သူတွေဟာ ဘယ်လိုလမ်းကြောင်းကို သုံးလို့ ဘယ်လို ပြောဆိုတယ် ဆိုတာကို အရင်ဆုံး နည်းနာ ယူလိုက်ပါဦး။ ပြောသလို လုပ်တဲ့လူတွေကို (တန်ဖိုးထားရာ မတူညီသည့်တိုင်) ကိုယ် အမြဲ အသိအမှတ်ပြုတယ်။

ကိုယ့်ဘာသာ ဘယ်လမ်းကြောင်းသွားနေတာလဲ ဆိုတာ အရင်ဆုံး နားလည်အောင် လုပ်ဖို့လိုတယ်။


ယောအတွင်းဝန်နဲ့ မြင်းထိန်းငတာ


လူနာမည် မှားတာက no pblm ပါ။ ကိုယ်လဲ သမိုင်းဆို မှားတာပဲ။ သို့သော် ဆွေးနွေးချင်တယ်။
ဒီအဖြစ်ကို တော်တော်များများ quote လုပ်လေ့ ရှိကြတယ်။ ကိုယ် ကိုယ်တိုင်တောင် ပါပါတယ်။ ဒီနေရာမှာ ရေးခဲ့တယ်။ ဒါပေမဲ့ အဲဒါ ကိုယ့်ဘာသာ ငတာ နေရာမှာ ထားလိုက်ချင်လို့ ပြောတာ။

ဦးဖိုးလှိုင်နဲ့ ပတ်သတ်လို့ကတော့ ငတာလို ကောင်မျိုးများ သွား ဂရုစိုက်နေတယ်ပဲ တွေးမိတယ်။ ကိုယ်တော့ စသင်ရ ကတည်းက အဲဒီတိုင်းပဲ တွေးတယ်။ လွန်တယ် မထင်နဲ့။ ကိုယ်က ဦးချစ်မောင်တောင် မခံစားတတ်ဘူး ပြောထားတာ။ ငတာ ဘာသာ ဘာပြောပြောပေါ့။ အကွာကြီးပဲ ဥစ္စာ။ ဘာပုဆိုးတစ်ထည် သွားပေးစရာ လိုသလဲ။ ချီးကျူးရုံမကလို့ ကဲ့ပဲ ရဲ့နေနေလေ။ အမြင်မတော်တာတော့ မှန်မည်ပေါ့။ ဒါပေမဲ့ လူကြီးကလည်း လူကြီးနေရာနေဖို့ လိုသေးသလေ။ ဖတ်တဲ့လူတွေက ငတာ ဘာပြောပြော မသိမှာ မို့လို့တဲ့လား။ နလပိန်းတုံးတွေလား။

သို့သော်........... ဦးဖိုးလှိုင် ဒါမျိုးလုပ်တယ် ဆိုတာ ဘာမှ မထူးဆန်း။ သက်ဦးဆံပိုင် ခေတ်က၊ ပဒေသရာဇ် ဝန်ကြီးမို့ လုပ်တာလေ။ မရှင်းဘူးလား။ ဒါတောင် တော်တော် ကလေးကလား စိတ် ရှိလို့ ဖြစ်မယ်။ သို့မဟုတ် ဝန်ကြီးလောက် အဆင့်မို့ ဖြစ်မယ်။ ဘုရင်လောက် ဖြစ်ပြီး၊ တော်တော် ခက်ထန်တဲ့ စိတ်ရှိရင် တခါတည်း စိတ်နဲ့ မတွေ့တာနဲ့ သတ်စေ ပြောလည်း မထူးဆန်းဘူး ဆရာ။ သူတို့တွေ ပဒေသရာဇ်ခေတ်က ပဒေသရာဇ်စနစ် အကြောင်းပဲ နားလည်တာ။ ခု ဒီလူတွေ ပြောနေတဲ့ စနစ် အကြောင်း သူတို့ ဘာမှ မသိဘူး။

အဲဒါကို အဲဒီ နည်း အတိုင်း သွားချင်တယ်တဲ့လား။ :))))
လိုချင်တာက ဘာလဲ။ ပြန်စဉ်းစားလိုက်ပါဦး။

စာရေးသူ ကိုယ်စားတောင် ဝင်ပြောလိုက်သေးတယ် ဆိုတော့ တကယ်ပဲ အဲဒီစာရေးသူက အဲလို ပြောမယ်လို့ ယုံကြည်တယ်ပေါ့။ ကိုယ်သာ စာရေးသူနဲ့ နီးနီးစပ်စပ် ပတ်သတ်တဲ့လူ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီ ကိုယ်စားဝင်ပြောလိုက်တဲ့ စကားလုံးအတွက် စာရေးသူအား အသရေပျက်စေမှု၊ အကြည်ညိုပျက်စေမှု နဲ့ တရားစွဲချင်မှာ အမှန်ပဲ။


ဒါမျိုးက ပြောရိုးပြောစဉ် အစဉ်အလာ ဆိုရင် အဲဒီနောက်လိုက်ပြီး တောက်လျှောက်ပြောကြတော့တာပဲ။ အနှစ်သာရက ဘာ ဆိုတာ ထပ် စဉ်းစားမယ် မရှိဘူး။ ဘောင်ထဲမှာပဲ ပိတ်မိနေတယ်။ ထပ်ကာ ထပ်ကာ ပြောလာရတာတွေကို ထပ်ပြောလိုက်ဦးမယ်။ ကိုယ့် အနေနဲ့ကတော့ ကိုယ်က ကိုယ့် အမြင်ကိုသာ ပြောတာနော်။ ဘယ်စနစ်နဲ့ ဘယ်အုပ်စုကိုမှ ကိုယ်စားပြုလို့ ပြောတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုသာလျှင် တိုက်ရိုက်ထိမှာ။

တခုခုကို ကိုယ်စားပြုပြောချင်တဲ့ သူတွေ စဉ်းစားကြဖို့ ကောင်းတယ်။
ကိုယ်ပြောလိုက်တဲ့ စကားလုံးနဲ့ သဘောတရားတွေက ကိုယ်ပြောနေတဲ့ အရာကို မြင့်သွားစေတာလား။ နိမ့်သွားစေတာလား ဆိုတာ။

ဘာကို လိုချင်နေတာလဲ အခု။
စဉ်းစားပါဦး အဲဒါနဲ့ တန်အောင် နေတတ်ပြီလား အခု။

တော်ကြာမှ

ကျွဲပျောက်လို့ နွားရှာ

ဆင်ခြေရာ ဒီမှာတွေ့
ပေးဟဲ့ ငါ့မြင်း ဆိုတာမျိုးလည်း ဖြစ်နေကြဦးမယ်။

***
အားလုံးကို နောက်ကျမှ အကြွေးဆပ်နိုင်တဲ့ အတွက် sorry လို့ ထပ်ပြောပါမယ်။ မရေးရင်လည်း မရေးမှ ရေးရင် ရှည်တော့မယ် ဆိုတာကို သိလို့ ငြီးငွေ့ပြီး စာ မရိုက်ချင်တာ။ တခြား အကြောင်းအရာတွေ အတွက် ရိုက်ချင်ပါတယ်။ ဒီအကြောင်းအရာအတွက်တော့ အီလှပြီမို့ မရိုက်ချင်တာ။

ဒီ post အတွက် comment များအား ယခင် တခေါက်ကလို အားတက်သရော ပြန်ဆွေးနွေးမိမည် မဟုတ်ပါ။ တချို့တွေ ပြန်ပြောစရာ ရှိနေသည့်တိုင်အောင် စာမရိုက်ချင်လို့ ပြန်မပြောဘဲ ထားလိုက်နိုင်သည်။ သိပ်တော့ မသေချာ။

***

Wednesday, December 23, 2009

ဖြူး နဲ့ ဆရာ


(ဖြူး အမျိုးသားကျောင်းဆောင်
)
အမျိုးသားကျောင်းရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးက ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း အစ်ကို) ပေါ့။

ဖြူးကို ရောက်ကာစ ညှိယူခဲ့ရတဲ့ အချိန်တွေကို သတိရမိစေတယ်။

ဒီကျောင်းဆောင်ရဲ့ လက်ဝဲဘက်အခြမ်းက ကိုယ်တက်ခဲ့ရတဲ့ စတုတ္ထတန်း အေ။ လက်ယာဘက်ခြမ်းက ဘီ။ စုစုပေါင်း နှစ်ခန်းနဲ့။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက်ပဲ ရှိတယ်။ ဆရာမက ကိုယ်နေရတဲ့ အေခန်း အတန်းပိုင်၊ မြန်မာစာ၊ ပထဝီ၊ သမိုင်း သင်တယ်။ ဆရာကတော့ ဘီခန်းပေါ့၊ သင်္ချာနဲ့ အင်္ဂလိပ်စာ သင်တယ်။ ဖြူးအကြောင်းနဲ့ ကျောင်းအကြောင်းကို ပြောမယ်ဆိုရင် ဆရာ့ကို ချန်ခဲ့လို့ မဖြစ်ဘူး။

နောင်တက်ရမယ့် အတန်းတွေအတွက် အခြေခံနဲ့ အတွေးအခေါ်တချို့ကို ဆရာက လွှမ်းမိုးတယ်။ အဲဒီတုန်းက ဆရာ့အသက် ၂၈ နှစ်ကို တော်တော် အသက်ကြီးပြီ ထင်ခဲ့တာ။ ခုတော့လည်း ၂၈ နှစ် ဆိုတာ ငယ်ငယ်လေးပါလား ထင်မိပြန်တယ်။ (အော် ဒုက္ခ)

ဆရာက ၁ဝ တန်းအောင်တော့ ကျောင်းကနေ ဂုဏ်ထူး ၅ ဘာသာ ပါတယ်။
ဒါပေမဲ့ သူတို့ခေတ်က regional ခေတ်။
ဒါတွေက ဆရာပြောလို့ မဟုတ်ဘဲ နောက် တော်တော်ကိုကြာမှ ကိုယ့်ဘာသာ ပြန်သိခဲ့ရတဲ့ အကြောင်းတွေ။

တချို့ တချို့သော လူတွေရဲ့ ဘဝလမ်းကြောင်းတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်လိုက်နိုင်တဲ့
ဒေသကောလိပ်ခေတ်ပေါ့။ တချို့ပါလေ။ တကယ်ပြောကြကြေး ဆိုရင်တော့လည်း ကိုယ့်ကိုယ်ကိုယ်သာ အဓိကရပါပဲ။

စတုတ္ထတန်းကလေးတွေကို ဆရာ တခါ ပြောတယ်။

"ဘဝမှာ စာကြိုးစားဖို့ အဓိကပဲနော်။ တက္ကသိုလ်ရောက်ရင်လည်း သတိထားရမယ်။ သူများ အဓိပတိလမ်း လျှောက်တယ်ဆို လျှောက်လိုက်ချင်တာပဲ။ သူများ သစ်ပုတ်ပင်အောက် ထိုင်တယ်ဆို ထိုင်လိုက်ချင်တာပဲ။ တကယ်တော့ အဲဒါတွေက အလကားပဲ။ နားလည်လား။ စာပဲ အဓိက"

(အဲဒီအချိန်လောက်ကတော့ စာတော်ရင် ပြီးတဲ့ ခေတ် ကိုး)

ဘုရားစူး။ ကိုယ်တို့ လုံးဝ နားမလည်ခဲ့ဘူး။ အဲဒါ ဆရာ
ဘာကိုဆိုလိုချင်တာမှန်း။
ဘယ်သိမှာလဲ။ အသက်က ၁ဝ နှစ်။ ကာတွန်းလောက် ဖတ်ချင်တဲ့ အချိန်။
မိဘတွေပြောပြလည်း ဒါတွေ စိတ်ထဲ ရောက်ခဲ့မှာ မဟုတ်ဘူး။
ကိုယ်မိဘတွေကတော့ အဓိပတိလမ်းနဲ့ သစ်ပုတ်ပင်ရှိတဲ့ နေရာက မဟုတ်တော့ မပြောဘူးပေါ့။ (မေမေက မကွေးနဲ့ မန္တလေး တက္ကသိုလ်ပဲ တက်ခဲ့တယ်)

ပြောသည့်တိုင်အောင် ဆရာ့ဆိုလိုရင်းကို ဘယ် ၁ဝ နှစ်ကလေးမှ နားလည်မယ် မထင်ဘူး။ ဒါပေမဲ့ ဒါတွေကစ ဆရာ ပြောခဲ့တယ်။

ရီစရာကောင်းတာ တစ်ခုက သစ်ပုတ်ပင်ကိုတောင် ကိုယ်က သင်္ဘောပင်လို့ နားကြားလွဲလာသေးတယ်။ :D
ဒါပေမဲ့ ကိုယ်က absorption ကောင်းတယ် ပြောရမလား။ နောက်တခုက စိတ်ထဲမှာ ဆရာ့ကို သိပ် အလေးအနက်ထားတယ်။ ဆရာပြောတာတွေကိုဆို သိပ် စိတ်ဝင်စားတယ်။

ဆရာက စာအကြောင်းကနေ အမှတ်တမဲ့ ညှပ်ပြောလိုက်တာပေမယ့် ကိုယ်ကတော့ မှတ်မှတ်ထင်ထင်ပဲ။ မေမေ့ကို ဆရာပြောတဲ့ စကားလုံးတွေ ပြန်မေးကြည့်တော့ မေမေက "ဟယ် သစ်ပုတ်ပင် ပြောတာ နေမှာပါ။ ဘယ်နှယ့် သင်္ဘောပင်ဖြစ်ရမှာလဲ" တဲ့။ (ထင်တော့ ထင်သားပဲ။ သင်္ဘောပင်အောက် ဘယ်လိုလုပ် ဝင်ထိုင်မှာလဲလို့။)

ပြီးတော့ မေမေက ပြုံးပြီးတော့ "ဒါ လူကြီးတွေက လူငယ်တွေကို ပြောနေကျ စကားပါ" လို့ ပြန်ပြောတယ်။ အဲလို အရှင်းကောင်းတော့ ကိုယ်လည်း နားကို မလည်တော့ဘူး။ ဘာဖြစ်လို့များ လူကြီးတွေက အဲဒီလမ်းတွေနဲ့ အဲဒီအပင်အောက် မသွားစေချင်တာလဲ မသိဘူးပဲ တွေးခဲ့တယ်။ အဲလိုတွေ လျှောက်သွားပြီး စာမကျက်မှာစိုးလို့ နေမှာပေါ့လေ လို့။

သိပ်မကြာပါဘူး။ ၆ တန်းလောက်ရောက်တော့ ဆရာ့စကားက ဘာ ဆိုတာ နားလည်သွားတယ်။

အသက် ၁ဝ နှစ် အရွယ်ကတော့ ဆရာကို လေးစားဖို့ နဲ့ ကြောက်ဖို့ကလွဲလို့ သိပ်မသိပါဘူး။ နောက် အသက်ကြီးလာတော့ စာဖတ်ဖြစ်လာ၊ လူတွေကိုလည်း စိတ်ဝင်တစားနဲ့ စူးစမ်းတတ်လာတဲ့ နောက် ဆရာ့အကြောင်းတွေ စဉ်းစားမိပါတယ်။ ဆရာ ငယ်ငယ်က အတော် ရည်မှန်းချက် ကြီးခဲ့ပါလိမ့်မယ်။ သူ့တပည့်တွေကို မြင်းကောင်းခွာလိပ် မဖြစ်စေချင်တဲ့ စိတ်စေတနာက ပြောခဲ့ဖူးတဲ့ စကားတွေတိုင်းမှာ ပါခဲ့တယ်။

အဲဒီတုန်းက မနက်ပိုင်း အချိန်ဆို အတန်းပိုင်တွေက ကိုယ့်အတန်းကိုယ်သင်။
ညနေကျမှ အတန်းလဲ သင်တယ်။ ဆရာက ကိုယ်တို့ အတန်းပိုင် မဟုတ်တော့ ညနေပိုင်းကို သင်ရတာပေါ့။ ၄ တန်းနှစ် တလျှောက်လုံး ညနေ ၃ နာရီခွဲ ဒေါင် ဆိုတာနဲ့ ကျောင်းဆင်းရတယ် ဆိုတာ အတော့်ကို ရှားရှားပါးပါးပဲ။ ကိုယ်တို့တွေ ဆရာ့ကို စိတ်ထဲမှာ သိပ် အလေးအနက်ရှိကြတာ ဘယ်သူမှ ငြင်းမရနိုင်ဘူး။

December ကျောင်းရက်ရှည် ပိတ်တော့ ဆရာက အချိန်ပိုတွေ ခေါ်သင်တယ်။ စာမေးပွဲလည်း နီးနေပြီကိုး။ ဆရာက စာပဲ စိတ်ထဲရှိတဲ့သူ၊ ပြီးတော့ ယောက်ျားလည်း ယောက်ျားဆိုတော့ အတန်း သန့်ရှင်းရေးတို့ ဘာတို့ ဘာမှ မလုပ်ခိုင်းဘူး။ ကိုယ်တွေကလည်း ဘယ်သူမှ ထ မလုပ်ဘူးလေ။ တပတ် ဆယ်ရက်လောက် စာသင်လိုက်ကြတာမှာ အတန်းအောက် အမှိုက်တွေကို ပွစာတက်လို့ပဲ။ ကျောင်းပြန်ဖွင့်တော့ ဆရာမ ခမျာ ရင်ထုလို့ နေတယ်။ "အမလေး နင်တို့ ဒီရက်တွေ ဘယ်လိုများ နေကြတာလဲ။ အတန်းထဲ မြွေဝင်အောင်းတော့ မှာပဲ" နဲ့။ :D

စာ အသင်အပြ ကောင်းသလောက်၊ ထက်မြက်တဲ့၊ လမ်းပြနိုင်တဲ့ ဆရာ။
ကျောင်းဆရာ အလုပ်ကို ဆရာ ဝါသနာ မပါပါဘူးလို့ ပြောခဲ့ဖူးတယ်။
ဒါပေမဲ့ အဲဒီအလုပ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် လုပ်သွားနိုင်ခဲ့တယ်။

ဘယ်လိုပဲ စာက အဓိက မဟုတ်တဲ့ ခေတ်ကို ရောက်ရောက်၊ ဆရာ့ စေတနာကိုတော့ ပြန်တွေးမိရင် ခံစားလို့ ရနေတုန်းပဲ။ ဆရာ ပြောသွားတဲ့ စကားတစ်ခွန်းဟာ ဆရာ့ ဘဝ တစိတ်တပိုင်းကိုလည်း ထင်ဟပ်နေလိမ့်မယ် လို့လည်း ထင်မိတယ်။

ခုစာရေးရင်း ဆရာတောင် အသက် ၅ဝ နားနီးပြီလို့ တွေးမိတော့ လန့်ဖျတ်သွားမိတယ်။
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ အသက် ၃ဝ အရွယ် ဆရာ့ကိုတော့ ကိုယ်ပြန်တွေ့ရမယ် မဟုတ်တော့ဘူး။ ဒီလိုပဲ ဆရာလည်း ခေါင်းမာတဲ့၊ ဉာဏ်ကောင်းပေမယ့် (လို့ ဆရာ ထင်ပေမယ့်) စာမကြိုးစားချင်တဲ့ ၁ဝ နှစ်ရွယ် ကလေးမလေးကို ပြန် မတွေ့နိုင်တော့ဘူး။

အနှစ် (၂ဝ) ... ဖျတ်ခနဲ လိုပဲ။

***
တကယ်တော့ ကျောင်းအကြောင်းနဲ့ အလယ်တန်းကျောင်းသူ ဘဝအကြောင်း ရေးဖို့ပါ။
ရေးရင်းနဲ့ ဆရာ့ အကြောင်း ဖြစ်သွားတယ်။

ဟိုတခါ တင်တဲ့ ဖြူး အကြောင်း post ကို ဖတ်ပြီး email ပို့ ဆက်သွယ်ခဲ့တဲ့၊ ဖြူး ဓါတ်ပုံတွေကို ပို့ပေးခဲ့တဲ့ ဒေါက်တာ အောင်သန်းလင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

နောက် ကျန်တဲ့ ဓါတ်ပုံအချို့နဲ့ ဆက်ပြီး တင်ဖြစ်ပါဦးမယ်။

***

Sunday, December 20, 2009

နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့

2007 Melody World မှာ The Best of Melody World ဆု ရသွားတဲ့ ထက်နေကြည် ရဲ့ သီချင်း

တေးရေးက မင်းချစ်သူ



စာသားတွေ တစ်လုံးချင်းက အဓိပ္ပါယ် တစ်စချင်းကို ကြိုက်မိတယ်။
အဲဒီ သီချင်း စ ကြားဖူးတော့ မြန်မာပြည်မှာပဲ ရှိသေးတယ်။ ဒီကို လာခါနီး အချိန်ပေါ့။

စကြားလိုက်ရတဲ့ အချိန်မှာပဲ...
ရင်ထဲကို ပစ်သွင်းလိုက်သလို တိုက်ရိုက်ရောက်သွားတဲ့ သီချင်း။
စာသားတွေ တစ်လုံးချင်း တစ်လုံးချင်းက ဖောက်ထွင်းပြီး ဝင်သွားသလားတောင် ထင်မိခဲ့ရတယ်။

သူဆိုသွားတဲ့ mood ကိုလည်း သိပ်ကြိုက်တယ်။
အဆိုပညာတော့ သိပ်နားမလည်လှပါဘူး။ ဒါပေမဲ့ သူ့မှာ အဆိုပညာတင် မကဘဲ mood ကိုပါ စကားလုံး တစ်လုံးချင်းမှာ ထည့်သွားနိုင်တယ်လို့ ခံစားရတယ်။

ဥပမာ - တချို့ စကားလုံးတွေရဲ့ အဖျားနားလေးတွေမှာ အသံကို ဖျော့ချပြီး ဆိုပြလိုက်တာမျိုး။

သီချင်းကို အမေ့မေ့ အလျော့လျော့ နားထောင်ရင်းက မင်းချစ်သူ ဟာ သူဆိုဖို့ မဟုတ်ဘဲ ကိုယ် နားထောင်ဖို့များ ရေးခဲ့တာလားလို့
အဲဒီ အချိန်တုန်းက အယောင်ယောင် အမှားမှား တွေးခဲ့မိသေးတယ်။

အာရုံမှာ အိပ်မက်များမှာလည်း မင်းမျက်နှာ
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ


ဒီတနေ့လုံး ကွန်ပျူတာ screen မှာ တင်ထားတဲ့ မျက်နှာတစ်ခုကို ကြည့်နေရင်းနဲ့
အဲဒီသီချင်းကို တောက်လျောက်ဖွင့်ပြီး နားထောင်နေမိတယ်။

မြန်မာပြည်ကနေ ဒီကို ထွက်လာခါနီး အချိန်က feeling တွေ၊ အငွေ့အသက်တွေကို ပြန်ခံစားရပြန်တယ်။ :(

***
ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေ ကြုံလာတဲ့ အခါ...

***

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (အဆုံး)

Pic from Here

ယခင် post မှ အဆက်..

"အချစ် သည် စိတ်ခံစားမှု သက်သက် မဟုတ်ဘဲ အတတ်ပညာတစ်ခု ဖြစ်သည်"
ဟူသော ဂျူး၏ အဆိုကို တဆိတ် ကိုးကားလိုပါသည်။


"ချစ်ခြင်း၏ အနုပညာ"
ဝတ္ထုတို၌ အချစ်၏ အတတ်ပညာကို သစ်ပင်စိုက်ပျိုးခြင်းနှင့် နိမိတ်ပုံပြုကာ အလွန်ကောင်းမွန်သော presentation ကို ပြသခဲ့သည်။ "ချစ်ခြင်း" ကို သင်္ကေတပြုဖို့ရာ သစ်ပင်ထက် ဆီလျော်သင့်မြတ်သော နိမိတ်ပုံ မရှိနိုင် ဟုထင်ပါသည်။


သစ်ပင်တစ်ပင်ကို စိုက်ပျိုးရတာနှင့် တူသည်။ အချစ်၌ အတတ်ပညာ ရှိရသည်။

အနုပညာကို ဖန်တီးရတာနှင့် တူသည်။
အချစ်၌ အတတ်ပညာ ရှိရသည်။

*
သက်ရှိပင် ဖြစ်စေ ၊ သက်မဲ့ပင် ဖြစ်စေ...မိမိ ချစ်ခင်မြတ်နိုးသော အရာကလေးတစ်ခုကို တိုးတက်မြင့်မားလာအောင် .. သူ့ရဲ့ လိုအပ်ချက် မှန်သမျှကို လိုလေသေးမရှိ ဖြည့်စွမ်းပေးရန်
တတ်သိနားလည် ပြီး မြေတောင်မြောက်ပေးနိုင်ခြင်းမှာ အချစ်၏ အတတ်ပညာပင် ဖြစ်သည်။ ၄င်းအချက်သည်ပင် "ချစ်ခြင်း၏ အနုပညာ" ၏ Theme ဖြစ်၏။

စိတ်ခံစားမှု သက်သက်သာ ရှိမည် ဆိုလျှင် ထို ချစ်ခြင်း၌ တာဝန်ယူလိုစိတ် ကင်းလိမ့်မည်။
အချစ်သည် တာဝန် (အချစ်=တာဝန်) ဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။
အချစ်စိတ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းသာ ဖြစ်ပါသည်။

အကျဉ်းအားဖြင့် ဆိုရသော်.. (မည်သူနှင့် မည်သူ့ကြားတွင်မဆို ရှိသော) အချစ်သည် တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ဖြည့်ဆည်း မြှင့်တင် ပေးလိုသည့် ဆန္ဒကလေးသာ ဖြစ်ပါသည်။

*
အချစ်သည် ပကတိ အဖြူရောင်ပင် ဖြစ်သည်။

*
ချစ်သူ၏ ဘဝတွင် ကိုယ်မှ မရှိမဖြစ်ပါဘူးဟု ကိုယ့်ဘက်က ယုံမှတ်လာသော အချိန်တွင် ရယူပိုင်ဆိုင်လိုသော ဆန္ဒ ဖြစ်ပေါ်လာပါသည်။ ဤသည်မှာ သူ့အတွက် အကောင်းဆုံး မှန်သမျှ ကိုယ်ကသာ ဖန်တီးပေးနိုင်သည်ဟု ယုံကြည်ခြင်းကြောင့်သာ ဖြစ်၏။

ကိုယ့်ချစ်သူကို ကိုယ်ကသာ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးလိုခြင်းမှာ ချစ်သူတွေ၏ တကိုယ်ကောင်းဆန်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ...
ထို တကိုယ်ကောင်းဆန်မှုသည်ပင် အလွန်တရာ
ဖြူစင်သော အတ္တ
အလွန်တရာ
လှပသော စေတနာ
အလွန်တရာ ချစ်စရာကောင်းသော ကိုယ့်ကိုကိုယ် အထင်ကြီးမှု လည်းဖြစ်၏။


*

အချစ်သည် ကမ္ဘာတည်သရွေ့ ရှည်လျားမည့် ပုံပြင်တစ်ပုဒ် ဖြစ်သည်။


*

စာကြွင်း


(လောကမှာ သေချာမှသာ ပြောကြစတမ်း ဆိုလျှင်တော့ လူ့စကားသံတွေ ဆိတ်သုဉ်းကုန်လိမ့်မည်။

အချစ်ဆိုတာကို မသိပါ။ သို့သော်...

သူ့ကို ချစ်တဲ့ အချစ်နဲ့သာ ရှင်သန်လှုပ်ရှား နေချင်တယ်။

သူ့ကို ချစ်နေတဲ့သူအဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ထားချင်တယ်။

သူ့ကို ကိုယ်ချစ်နေတယ်လို့ (သူအပါအ၀င်) တလောကလုံးကို အသိအမှတ်ပြုခိုင်း ထားချင်တယ်။

သူ့ကိုပဲ အမြတ်တနိုး အရိပ်တကြည့်ကြည့် ချစ်နေချင်တယ်။

ကိုယ့်ရဲ့ မဟောင်းနိုင်တဲ့ အိပ်မက်တစ်ခုအဖြစ် ထပ်ခါထပ်ခါ အိပ်မက်နေချင်တယ်။


အင်မတန် တင်းကြပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းထားတဲ့ ...ချိုးဖျက်ဖို့ ခဲယဉ်းပြီး ကြီးလေးတဲ့ အပြစ်ဒဏ် ကျခံရစေနိုင်တဲ့ စာချုပ်တစ်ခုပေါ်မှာ သူ့ကို ကိုယ် ချစ်နေကြောင်း ခံဝန်ချက်ထားချင်တယ်။


အဲဒီ အကြောင်းတွေကြောင့်

(သေချာသည်ဖြစ်စေ.. မသေချာသည်ဖြစ်စေ)

သူ့ကို

ချစ်တယ်


***

2ooo ခုနှစ် အလယ်
လောက်မှာ ရေးဖြစ်တယ်... စာဖတ်တဲ့ သူငယ်ချင်းတွေကြားမှာတော့ နည်းနည်း hot ဖြစ်ခဲ့တာပေါ့..ဒီစာလေးကို မြန်မာပြည်ကနေ တကူးတက သယ်လာခဲ့မိတာ..Identity ပြသလိုဖြစ်နေတဲ့ စာပိုဒ်တချို့ကိုပဲ ဖြုတ်ပြီး အရင်းအတိုင်းနီးပါးပဲ တင်ထားပါတယ်..


ထုံးစံအတိုင်းပါပဲ .. ရေးပြီးကာစ အဲဒီအချိန်ကတော့ တော်တော်ဟုတ်လှပြီ..ငါကွ ဆိုပြီး လက်မထောင်ချင်ခဲ့တဲ့ အရေးအသားတွေပေါ့လေ... ခုနေပြန်ဖတ်တော့ ဘာတွေမှန်းကို မသိဘူး.. ရီလဲ ရီချင်တယ်..


၁ဝ စုနှစ် တစ်ခုစာ နီးပါး ကြာခဲ့ပြီလေ။


ရှည်တာ အပြင် တကယ်တမ်း တစုတစည်းတည်း ဖတ်ရင် ဟိုရောက်ဒီရောက်နဲ့ harmony မဖြစ်တာမို့ တူရာစာပိုဒ်တွေ ခွဲစုပြီး အပိုင်းလိုက်ပဲ တင်လိုက်ရတယ်။ (လုပ်စားတာ .. တပေါင်းတည်း သွားမဖတ်ကြနဲ့နော် ..မှားမယ်)


ပြန်တင်တဲ့ အချိန်မှာ ပြင်တော့ ပြင်ချင်တယ် .. ဒါပေမယ့် idea တွေ လုံးဝကို ခန်းခြောက်နေပြီ..

(အချစ် ဆိုတာ အရင်ကလို နှလုံးသားကို လိပ်ပြာကလေးတစ်ကောင် ဖြစ်အောင် မတတ်စွမ်းနိုင်တော့ဘူးကွယ်)

ဘာပဲဖြစ်ဖြစ်..ငယ်ငယ်က အရေးအသားတွေဟာ နေရာတော်တော်များများ အူကြောင်ကြောင် နိုင်ပေမယ့် အတွေးနောက်ကို အရေးက လိုက်နိုင်ခဲ့သေးတယ်..ခုတော့ တွေးမိတာတစ်ခုကို ဘယ်လို presentation နဲ့ ပြရမလဲဆိုတာ စဉ်းစားရင် အကြိမ်ကြိမ် ကြိတ်စက်ထဲက ထွက်လာတဲ့ ကြံဖတ်တွေသာ ပြေးမြင်မိတော့တယ်။


(အော် .. အသက် ၂ဝ လောက်တုန်းကတော့ အချစ်ကို အဲဒီလို ............... ခဲ့ဖူးတယ်)


***
PS
- ဂျူး ရဲ့ ချစ်ခြင်း၏ အနုပညာ ကိုတော့ ခုချိန်ထိ ယုံကြည်စွဲလမ်း နေတုန်းပဲ။
အတိအကျပြောရရင် ချစ်ခြင်း၏ အနုပညာ ကနေ ကိုယ်ရလိုက်တဲ့ message ကို...

အဲဒီ အကြောင်းကို ဒီ post မှာ နည်းနည်း ထည့်ရေးထားမိတယ်။

ဒီ နောက်ဆုံးပိုင်းကတော့ ချစ်ခြင်း၏ အနုပညာ ရဲ့ လွှမ်းမိုးမှု အတော်များများနဲ့ ရေးဖြစ်ထားတာပါ။

(20th Dec 2009)


***

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၅)


Pic from Here

ယခင် post မှ အဆက်

* အချစ်ဆိုတာ တကယ်တော့ တစ်ယောက်ရဲ့ ကံတရားအတိုင်း တစ်ယောက်က ဝေမျှခံစားသွားချင်တာ...


* တစ်ယောက်ရဲ့ ဘဝလမ်းခရီးကို တစ်ယောက်က ပတ်သတ်ပါဝင် လျှောက်လှမ်းရင်း ကြုံတွေ့လာရမယ့် အတွေ့အကြုံ အဆိုးအကောင်း မှန်သမျှကို အတူတကွ ရင်ဆိုင်လက်ခံပြီး ကူညီဖြေရှင်းပေးချင်တာ...


အဲဒါပါပဲ...


အဲဒီ ဆန္ဒကလေးကို အချစ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်

*
ပိုင်ဆိုင်လိုခြင်းတော့ ရှိပါသည်။ ရှိကို ရှိရပါလိမ့်မည်။

(ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ)


*

သို့သော် ပိုင်ဆိုင်လိုခြင်းသည် ခြယ်လှယ်လိုခြင်း မဟုတ်။ ချုပ်ကိုင်လိုခြင်း မဟုတ်။

ဖြည့်ဆည်းလိုခြင်း ၊ မျှဝေလိုခြင်း ၊ တာဝန်ယူလိုခြင်း ၊ ထိန်းသိမ်းစောင့်ရှောက်လိုခြင်းသာ ဖြစ်ပါသည်...


အချစ် ၌ အကြောင်းပြချက်မရှိ... ဒါကိုတော့ လက်ခံရလိမ့်မည်... အကြောင်းပြချက်ရှိလျှင်လည်း ရိုးသားမှု မရှိနိုင်ပေ။


သို့ပေမယ့် အချစ်၌ အချိန်တစ်ခုတော့ဖြင့် ရှိပါသည်...လူနှစ်ယောက် ချစ်သူတွေ ဖြစ်သွားဖို့ ကန့်သတ်လို့မရတဲ့ အချိန်တစ်ခုပေါ့...


ထိုအချိန်မှာ ဘယ်အရာကမှ (အခြားမည်သူ တစ်ဦးတစ်ယောက်ကမှ) သူတို့နှစ်ယောက်ထက်ပိုပြီး သူတို့နှစ်ယောက်အတွက်
အရေးမကြီးနိုင်သော အချိန် ဖြစ်၏။

ဒါဟာ သူတို့အတွက် အခြေအနေလည်း ဖြစ်ပြန်ပါသည်...


*

အချစ် ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တာဝန်ယူလိုတဲ့ ဆန္ဒပါပဲ။ ဒါသိပ်ကို သေချာပါသည်။


*

အချစ်၌ မျှော်လင့်ခြင်း
လည်း ရှိ၏။

ထို မျှော်လင့်ခြင်းမှာ "ကိုယ် ချစ်ရသူရဲ့ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းပေးရန်" ပင် ဖြစ်သည်။


*

ကိုယ်က ပေးလိုက်ရပေမယ့် လျော့ပါးသွားတယ် မရှိဘဲ ပေးလိုက်ရတာထက် အဆပေါင်းများစွာ ပြီးပြည့်စုံသွားသလို ကျေနပ်နေနိုင်တဲ့သူ ရှိတယ် ဆိုရင် အဲဒါ "အချစ်ရှိတဲ့ သူ" ပါပဲ...


*

အချစ် ဆိုတာဟာ သူ့ကို ပေးနိုင်သလောက် ကိုယ့်မှာ ပြည့်စုံတဲ့ အရာ
ဖြစ်ပါတယ်။


*

to be continued

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၄)


Pic from Here

ယခင် post မှ အဆက်

ကိုယ်က အဖြူရောင်ကို နှစ်ခြိုက်စွဲလမ်းနေသည့် အချိန်မှာမှ သူကလည်း ပို၍ပင် အဖြူရောင် ဆန်နေခဲ့တော့သည်။

သူ့ရဲ့ မည်သို့သော အပြုံးမျိုးပင် ဖြစ်စေ၊ မည်သည့် အချိန်မှာပင် ဖြစ်စေ
ကိုယ့်ကို ရင်ခုန်နှစ်သိမ့်စေပါသည်။ သူ့ရဲ့ အဖြူရောင် အပြုံးတစ်ချက်နဲ့တင် ကိုယ့်အတွက်တော့ ကျန်တဲ့ အရာအားလုံး မှေးမှိန်သွားခဲ့ပြီ။

ကိုယ်တို့ ဝေးကွာနေသည့် ကြားကာလ အချိန်တွေ ရှိမနေခဲ့ဘူး ဟူ၍ပင် ထင်မှတ်ရပါသည်။

*
(ချစ်သူ..
မနေ့တနေ့ကလိုပဲနော်
ဒီအပြုံးတွေနဲ့ ခံစားမှုတွေ နိုးထစေလို့

မင်းနဲ့ ငါ့ရဲ့ အကြောင်းကို

မဟောင်းသေးဘူးပဲ ထင်မိတယ်)

*
လူတစ်ယောက်ကို နှစ်ရှည်လများ မမေ့မပျောက်နိုင်အောင် တွယ်တာစွဲလမ်း နေစေသည့် အကြောင်းရင်း တစ်ခု ရှိသည်ဆိုလျှင် အဲဒါ "အချစ်" ကလွဲလို့ ဘာများဖြစ်နိုင်ပါဦးမလဲ။

*
သစ်ပင်တစ်ပင်ကဲ့သို့ တဖြည်းဖြည်း မြင့်မား ခိုင်မြဲလာတတ်သော အချစ်သည် ပင်လယ်ဒီရေကဲ့သို့ တမုဟုတ်ချင်း ပြောင်းလဲတတ်သည့် တပ်မက်စွဲလမ်းမှုလို အတက်အကျ မမြန်ဘဲ လွန်ကဲစွာ ငုပ်လျှိုး သိုသိပ်တတ်လေသည်။

သို့သော် ...
သစ်ပင်တစ်ပင်ကဲ့သို့ အချစ်သည် ဖွင့်လှစ်ပြသရန် လိုအပ်လာသောအခါ ...
မီးတောက်မီးလျှံများကို သူ့ရင်ခွင်ထဲမှာ နှစ်လကြာရှည်စွာ သိမ်းဆည်းထားခဲ့ရသည့် နှစ်ချို့ မီးတောင်တစ်လုံး ပေါက်ကွဲသည်ထက်ပင် ပို၍ ပြင်းထန်ပြတ်သား နိုင်သည်။

* အချစ်သည် ပုန်းကွယ်တတ်၏... ထို့အတူပင် အချစ်သည် လွင့်စင် ပေါက်ကွဲတတ်၏...

* အချစ်သည် သိုသိပ်၏... အချစ်သည် ရုန်းကြွ၏...

* အချစ်သည် မျိုးစေ့ကလေးမှ သန္ဓေတည်ကာ တဆင့်ချင်း မြင့်မားလာတတ်သည့် နှစ်ရှည် သစ်ပင်ဖြစ်၏...
အချစ်သည် အင်မတန် ခြောက်ခြားစရာကောင်းသောာ Atom Bomb တစ်လုံး ဖြစ်၏...

* အချစ်သည် လွင်ပြင် မြေညီမှာ တည်ရှိနေတတ်သည့် တငြိမ့်
ငြိမ့်သာ စီးဆင်းလာတတ်သည့် စမ်းချောင်းတစ်ခုဖြစ်၏...
အချစ်သည် အသူရာနက်သည့် ကမ်းပါး
ချောက် အတွင်း အရှိန်ပြင်းပြင်း ကျဆင်းနေသော ရေအလျဉ် ဖြစ်၏...

*

အချစ်သည် မည်သို့ပင် အဓိပ္ပါယ် ဖွင့်ဆိုစေကာမူ မပြည့်စုံနိုင်စကောင်းသော အရာဖြစ်၏...

အချစ်သည် အချစ်ဟူသော စကားလုံး အားဖြင့်ပင် အမျိုးမျိုး အပြားပြားသော အဓိပ္ပါယ်ကို ဆောင်ကာ ပြည့်စုံစွာ တည်ရှိနေ၏...

***

တကယ်တော့ အချစ် ဟူသော အရာ၌ အချစ်ကလွဲပြီး ဘာမှ မရှိ
...


to be continued

***
(ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ရီချင်နေတော့တယ်)

Saturday, December 19, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၃)


Pic from Here

ယခင် post မှ အဆက်...

"အချစ်" ဆိုတာ ဘယ်လို ခံစားမှုမျိုးလဲတော့ ပြောမပြတတ်ပါ...

သို့သော် သူ့အပေါ်မှာ ရှိနေသည့် ခံစားမှုတွေကိုတော့ "အချစ်" ဟု ခေါင်းစဉ်တပ်လျှင် ဆီလျော် သင့်တော်မည် ထင်ပါသည်။

* အမြဲတမ်း တွေ့နေချင်တာ...
* စကားသံတွေ နားထောင်နေချင်တာ...
* ကိုယ့်မျက်စေ့အောက်မှာပဲ သူ့ကိုထားပြီး၊ သူ့မျက်စေ့အောက်မှာ ကိုယ်ပဲ ရှိနေချင်တာ...
* စကားတစ်ခွန်းမှ မပြောရတောင် တိတ်တိတ် ဆိတ်ဆိတ် ရင်ခုန်နေရုံ သက်သက်ပဲ ဖြစ်ဖြစ် ငေးမောနေချင်တာ...
* သူ့အတွက် လိုအပ်သည့် အရာအားလုံး လိုအပ်ချိန်တိုင်း ဆောင်ကြဉ်း ပေးအပ်နိုင်ချင်တာ...
* ကိုယ်ဟာ သူ့အတွက် ချမ်းမြေ့ နှစ်သိမ့်ရာ ဖြစ်နေချင်တာ...

ထိုကဲ့သို့သော ခံစားမှုမျိုးကိုမှ အချစ်ဟု ခေါင်းစဉ် မတပ်လျှင် မည်သို့သော ခံစားမှုမျိုးကို အချစ် ဟု ခေါင်းစဉ်တပ်ပါမည်လဲ...

"အချစ်" ဆိုတာ ဘာလဲတော့ မသိပါဘူး... တကယ်ကို မသိပါဘူး...
ဒါပေမယ့် သူ့အပေါ်မှာ ရှိနေတဲ့ ခံစားမှု အားလုံးဟာ အချစ် လို့သာ ထင်ပါတယ်...

ဒီ့ထက် သေချာတာ တစ်ခုက အဲဒီ အချစ် ဆိုတဲ့ အရာကို သူ့တစ်ယောက်တည်းဆီကသာ ရချင်တယ် ဆိုတာပါပဲ...

*
(အဆုံးစွန်ထိ ပြောရရင် ... သေဆုံးပြီး တစ်နေ့မှာတောင် ကိုယ့်ရဲ့ ရုပ်ကြွင်းကို သူ့အချစ်နဲ့သာ လောင်ကျွမ်းပြာကျ စေချင်ပါတယ်)

*
to be continued...

Friday, December 18, 2009

ရွှေအင်းဝ

ရွှေအင်းဝ (တေးရေး - အေဝမ်း ဆရာညှာ)

ခြေဆင်း။ ကကုသန် မြတ်စွာဘုရား ဘဂဝါ လက်ထက်တော်က ရတနာပူရ အမှန် ...
သုနာပရန္တ အမည် တွင်ခဲ့ပါပေသည်။ ခုနစ်ရာနှစ်ဆယ်နဲ့ ခြောက်ခုပဲ မှတ်ယူစွဲ ရွှေအင်းဝ နေပြည် မြို့တော်ကြီးတည်။

***
ဧရာဝတီ စမုံ ဒုဋ္ဌဝတီ ဇော်ဂျီ ပန်းလောင်
ချောင်း မြစ် ငါးလီ ပေါင်းလို့ ဆုံကြသည်

သန်လျက်စွန်းပေါ်တွင် အင်းလေးအင်းကို ဖို့၍ မြို့တည်
သတိုးဘုရား ရာဇာဘုရင် စိုးစံသည်
မကောင်းတဲ့ ရန်ဝေးအောင် ချိုးဖျက်နှိမ်နင်းမည်

သြော် ဥဇ္ဇေနာ မင်းယုတ် သုတ်သင်ပြန်ပါသည်
စောဥမ္မာ ခင်မဒီ ဒေဝီ ကောက်လို့ မြှောက်တင်စံစားသည်

(တို့တိုင်း ဌာနီ ရွှေနန်းတော်တည် ပြသာဒ် ဘုံမြင့်ဆီ
စိန်တောင် ရောင်ခြည် တောက်ထွန်းပေသည် ပြောလို့ မကုန်တော့သည်
မင်္ဂလာကျက်သရေ ဖြိုးဝေတင့်ကာ မြို့ရွှေအင်းဝ သာယာဝပြောစည်။) *

မြန်မာမင်းတို့ ဘုန်းပန်းပွင့်လို့ အဆင့်ဆင့် လာခဲ့သည်
တန်ခိုးလည်း အဖြာဖြာ မညှိုးတဲ့ သာသနာ တိုးတက်ပြောင်လင်းကြည်
အလွန်ပင် စည်ကားသည် ဟိုစဉ် အခါကအတည်
နောင်လာ နောင်သား မှတ်ဖို့ စာစီ

ရွှေကူထူပါရုံ ထူးမြတ်တဲ့စေတီ ဦးခိုက် အဉ္ဇလီ ဖူးလိုက်ကြ ရွှေအင်းဝဆီ

()*

အတွင်သီချင်း ပြဆိုမည် ရွှေအင်းဝ မြို့ဆီ
ရောက်တဲ့အခါ အနောက်ဘက်သာ ရှုမျှော်ကြည့် တွေ့လိမ့်မည်

မြစ်ဧရာ တဘက်ကမ်းမှာ လှမ်းလို့ မြင်ရသည် ပျိုလွမ်းသည်
စစ်ကိုင်းချောင် တောင်ထိပ်ဆီ မြင့်မြင့်မောက်မောက် အံ့လောက်စရာ အတည်
ပုညရှင်က စေတီ စေတီ ကြည်နူးဖွယ် အတည်
သူတော်စင်များ ကိန်းအောင်းကြတဲ့ ဂူကျောင်းဘုရားတွေ ပေါလို့ ရှိခိုးမည်

()*

***
ခြေဆင်းမှာ ပါတဲ့ အနီရောင် နဲ့ ပြထားတဲ့ မြို့နာမည်က မသေမချာ စာလုံးပေါင်းထားတာပါ။
သိတဲ့လူ ရှိရင် ပြင်ပေးသွားနိုင်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ ဒီသီချင်းမျိုး blog ပေါ်မှာ တင်တာရယ်၊ ဒီသီချင်းမျိုး ကြိုက်တတ်တာရယ်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို နှစ်ခြိုက်မြတ်နိုးလွန်းလို့၊ ထိန်းသိမ်းချင်စိတ် ရှိလွန်းလို့ ထင်ချင်စရာပါပဲ။

အမှန်က ဘာမှ မဆိုင်ပါဘူး။
ကိုယ့်ဘာသာ ကြိုက်ချင်လို့ ကြိုက်တာပါ။
လူကဖြင့် ထမီတောင် ဝတ်ချင်တာ မဟုတ်ဘူး။

ထမီဆိုလို့ ထမီကလည်း မြန်မာ့ ယဉ်ကျေးမှုမှ မဟုတ်တာ။
ဘယ်တိုင်းပြည်က ရောက်လာတယ် သေချာ မသိပေမဲ့ ယိုးဒယားဘက်ကလို့ ထင်တာပဲ။

သေချာတာကတော့ ပေါက္ကံရာမ နေပြည်တော်ကြီး ဘုန်းမီးနေလ တောက်ပစဉ် အခါက ထိုဒေသတွင်နေသော အမျိုးသမီးများ ထမီ မဝတ်ဘူး ဆိုတာပါပဲ။

Update: မယုံရင် ဘုရားထဲက နံရံပန်းချီတွေ သွားကြည့်ပါလား။ ဒီဇိုင်းတွေက အလန်းချည်းပဲ။ အေးလေ မြန်မာပြည် အလယ်ပိုင်းက ပူတာကိုး။ အဲဒီ ဒီဇိုင်းမျိုးတွေ ဘာလို့ ခုထိ မထိန်းသိမ်းထားနိုင်သလဲ မသိဘူး။ နှမြောစရာ တော်တော် ကောင်းတယ်။ ခုနောက်ပိုင်း Fashion ပြပွဲတွေမှာ ပေါက္ကံရာမယဉ်ကျေးမှုကို ပြန်ဖော်ထုတ်လာကြပြီလို့ ထင်တာပဲ။ ကောင်းတဲ့ အလားအလာ ဖြစ်နိုင်တယ်။ ကိုယ်တော့ ဉာဏ်မမီပါဘူး။

အဲဒီ သီချင်းထဲက အင်းဝခေတ်ရောက်တော့ ဝတ်နေကြပြီလား ဘာလားတော့ မသိပါဘူး။
ဒါကတော့ ညီလင်းဆက် တို့၊ သက်ပိုင်သူ တို့ မှ သိမယ် ထင်တယ်။
ထုံးစံအတိုင်း တေးရေးကိုလည်း မသိပြန်ပါဘူး။
မြို့မငြိမ်း ပဲလို့ ထင်ပါတယ်။ သိရင် ပြောသွားပါ။

ကိုယ်ကတော့ သီချင်းကို ကြိုက်လို့ တင်တာပါပဲ။

ဒီသီချင်းမျိုးတင်တာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အားပေးပြီး ယခု လက်ရှိ နေပြည်တော်ကြီးကို ထောက်ခံနေတယ် လို့ ထင်မယ် ဆိုလည်း ထင်လို့ ရပါတယ်။ စိတ် လုံးဝ မဆိုးပါဘူး။ :)

"ယူသော် ရ၏" လေ။
တခါတခါကျ အတွေးတွေကို ဉာဏ်မမီလို့ မီသလောက် လိုက်တွေးကြည့်ထားတာ။
ဒေါ်ခင်မျိုးချစ် စကား
ပဲ သွားသွား သတိရမိတယ်။

"... ကိုယ်ဖြင့် ဉာဏ်ကို မမီဘူး။"

[တကယ်လဲ အဲဒီသီချင်းထဲ ပါသလိုသာဆို အဲဒီခေတ်က အတော် ကျက်သရေ မင်္ဂလာ ရှိမှာပဲ (လို့ ထင်တယ်)။ သုတ်သင် ဆိုတဲ့ စကားလုံးက လွဲလို့။ အေးလေ ဒါကလဲ ရှေးက ဘုရင်တွေ လုပ်နေကျပါ။]

***

အပေါ်က title အသေးကို click လုပ်ပြီး သီချင်းကို download လုပ်နိုင်ပါတယ်။

***
Update:

တေးရေး ဆရာညှာ
ဖြစ်ကြောင်းနဲ့ သုနာ ပရန္တကို စာလုံးပေါင်း အမှန် ပြောပြတဲ့ မမKOM စီဘောက်မှ ပလုံ ကို ကျေးဇူးတင်ပါတယ်။

***

Wednesday, December 16, 2009

ကျမ်း မကြေသူများ နှင့် Happy Birthday !

Me : မြန်မာနိုင်ငံမှာ ၅၆ သန်းကျော်ရှိပါတယ်

ဘွိုင်းဇ်
: အီကြာကွေး ဆုံးသွားပြီတဲ့။ သေမယ်ဆို သေပျော်လောက်တဲ့ အသက်အရွယ်ပါပဲလေ။ ပျော်စရာတွေ ဟာသတွေ ရှာကြံရေးတတ်တဲ့ စာရေးဆရာ အသက်တစ်ထောင် ဂုရုကွေး ကောင်းရာ သုဂတိ လားပါစေ။ http://drlunswe.blogspot.com/2009/12/blog-post_4938.html

Me
: အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ်

Me
: ၉ သန်းကျော်က လူအိုတွေ (အငြိမ်းစားတွေ)။ သန်း ၃ဝ ကျော်က တိုင်းနဲ့ မြို့နယ်က အလုပ်သမားတွေ။ ၁၇ သန်းက အစိုးရလက်အောက်ခံ။ နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့ လူတွေ။ ၁ သန်းက IT ပညာရှင်တွေ။ ဒါပေမဲ့ နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး။ (JD တို့ပါတာပေါ့) ၂၅ သန်းက ကျောင်းသား၊ ကျောင်းသူတွေ။ ၁ သန်းက ၅ နှစ်အောက်တွေလေ။ ၁၅ သန်းကျော်က အလုပ်လက်မဲ့။ ၁ သန်းခွဲကျော်က ဆေးရုံမှာ အချိန်နဲ့အမျှ။ (အာလူးပါတယ်)။ ၇၉,၉၉,၉၉၈ က အချိန်မရွေး အထဲမှာလေ။

လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ။ မင်းကလည်း မအားဘူးလေ။ မေးလ်တွေဖတ်ရ၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့။ ကဲ ပြော ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် နိုင်ငံကြီးကို ထိန်းမလဲ :D :D :D LOL


ခုမှ ရလို့ fwd mail ရပြီးကြပြီလားတော့ မသိဘူး။


ဘွိုင်းဇ်: ထိုင်ဖတ်နေတာ ရီတာတို့များ ပြုစုတတ်တယ်လို့ ချီးကျူးမလို့ လုပ်တုန်း ဖော်ဝဒ်မေးလ်ထဲက ရတယ်ဆိုလို့ ရိုက်လက်စ စာတွေ အကုန် ပြန်ဖျက်လိုက်တယ်။

STY
: တူတူပဲ ကိုဘ

Me
: ပြုစုရအောင် ကိုယ်က စာရင်းကိုင်လဲ မဟုတ်။ သုတေသနသမားလဲ မဟုတ်။
အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ် <<< အဲဒါကတော့ ကိုယ့်ဘာသာ ပြုစုလိုက်တာ။


ဘွိုင်းဇ်
: လူပြိုမှန်းလူပျိုမှန်း သူသိတာကျနေတာပဲ။ ဘယ်က အချက်အလက်တွေ ကောက်လာတာလဲ။ အချက်အလက်တွေက ယုံကြည်ရလောက်တဲ့ ပင်ရင်းကလား...။ နောင်ကို တစ်ခုခု တင်ပြချင်တယ်ဆိုရင် ဘယ်ကရတယ်ဆိုတာ အရင်ပြောပြပါ။ (တိန်)

STY
: ကြည့်ရတာ ကိုဘ မိန်းမအကြီး ဆီက ယူလာတာထင်တယ်။

ဘွိုင်းဇ်
: ဟင်.. အက်တီဝိုင်က သိရပြန်ပြီ။

STY
: "ဥာဏ်" မျက်စိနဲ့ ကြည့်ဆိုလို့။

ဘွိုင်းဇ်
: စာလုံးပေါင်းက မှားပြန်ပြီ။ မှားစရာရှားလို့ ညကလေး ဉ ကိုမှ ရီတာရှေ့ လာမှားရတယ်လို့ကွာ အက်စ်တီဝိုင်ရာ။ ကျားရှေ့မှောက်ရက်လဲဆိုတာ ဒါကို ခေါ်တာနေမှာ။ "ဉာဏ်" လို့ မြန်မြန်ပြန်ပြင်လိုက်။ ဟိုက ဥ နဲ့ ဉ ကလေးကို တစ်အား စီးရီးယပ်စ် ဖြစ်နေတာ။ ဉ ကို သနားလွန်းလို့ နေရာတွေ လိုက်ပေးနေရှာတယ်။

STY
: ဆိုက်ကို ထင်တယ် (ပြောပြန်ပြီ)

ဘွိုင်းဇ်
: လူတိုင်းကို ဆိုက်ကိုထင်တာလဲ ဆိုက်ကိုပါပဲလေ။ သူများဆိုက်ကိုပြောတာကို ဆိုက်ကိုဖြစ်တယ်လို့ ပြောတဲ့သူလဲ ဆိုက်ကိုပဲတဲ့။

STY
: ဟုတ်တယ် ကိုဘ ဆိုက်ကိုလို့ သုံးတာနဲ့ ဆိုက်ကို ဖြစ်တာပဲ

STY
: ဘယ် ဥ က အမှန်လဲ
(ရှင်ချင်တယ်။ ဒီလောက် ရှင်းပြတာတောင် နှစ်ခုလုံးကို အု တယ် ထင်တုန်း)


ဘွိုင်းဇ်
: ဉ <<<< ဥ မဟုတ် .. ညကလေး လို့ ဖတ်ရတယ်

STY
: များသောအားဖြင့်တော့ ဥ ပဲရေးတာမဟုတ်ဘူးလား။ ကြက်ဥ ဘဲဥ။

ဘွိုင်းဇ်
: ချစ်ကောင်းဆိုတဲ့ သတ်ပုံမှားတဲ့ ည ဆိုတာ ဉ = ညကလေး ကို ပြောတာနေမှာ။

STY
: ကြက်ဥ= ကြက်ညကလေး ဖြစ်နေမှာပေါ့။
(မင်းနဲ့ တဆရာတည်းထွက် ဖြစ်ရတာ ကိုယ် ရှက်လိုက်တာ STY ရယ်။ ဖြူးရောက်ရင် ဆရာမဆီ ဝင်ပြီး ဆရာမတပည့် အု ကျမ်း မကြေဘူး လို့ ပြောပစ်ဦးမယ်။)
smile

ဘွိုင်းဇ်
: အာ.. အဲဒါတွေက ဥတွေလေ..ဥနဲ့ ရေးတာပေါ့။ အခုက ဉာဏ်ဆိုတာ (အသံထွက် ညံ) ညကလေး ကို ရေးချထည့်ပြီး ဏကြီးသတ်ထားတာ။
(ဆရာ မနိုင် နှစ်ဆောင်ပြိုင်ပဲ)


STY
: အဲ သိဘီ။ သားသိပြီ မာမီဘိုက်။

ဘွိုင်းဇ်
: သုံးတာ ရှားတယ်။ အဲဒါကို ဂျီးဒေါ်က နေရာမရရှာလို့ ဆိုပြီး ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးတွေ လုပ်လိုက်တာ ပျဉ်ပုံကြီးတို့ ပျဉ်းမနားတို့ မျိုးသုဉ်းမတတ်ဖြစ်နေတဲ့ ပျဉ်းတော်သိမ်တို့ စဉ့်အိုးတို့မှာ နေရာရသွားတယ်။ (စဉ့်အိုးကို (စည့်အိုး) လို့ အသံထွက်တာလား။ (စင့်အိုး) လို့ အသံထွက်တာလား။ စဉ်းစားနေတယ်။)

(ပြောဖို့ကျန်ခဲ့တဲ့ "ပျဉ်းမငုတ်တိုကြီး" သနားပါတယ်
ကိုဘရယ်။)

STY
: ညကလေးကို ဘယ်လို ထွက်လာအောင်လုပ်ရမလဲ ကိုဘ။

ဘွိုင်းဇ်
: ညကလေး ကိုကိုတို့ ညကျ အိမ်နောက်က ကောက်ရိုးပုံမှာ တွေ့ရအောင်လို့ ချိန်းရင် ထွက်လာမယ်။ အက်စ်တီဝိုင်

STY
: ကောက်ရိုးပုံမရှိဘူး မာမီ ဘိုလုပ်ရမလဲ

ဘွိုင်းဇ်
: ကြမ်းပြင်ပေါ် ဘယ်ညာလူးလှိမ့် ဗိုက်ကိုနှိပ် အူတက်မတတ် မျက်ရည်ဘူးသီးလုံးထွက်အောင် လက်သီးဆုပ်ကို ကြမ်းပြင်ကို ထုထုပြီးရယ်။ ခြုံတိုးဟာ။ အခင်းသွားတဲ့ နေရာတော့ မတိုးလေနဲ့။ မိုင်းတွေ ရှိတယ်။

STY
: စလုံးရဲတွေနဲ့ တိုးမှာပေါ့ အန္တရာယ် များသေးတယ်။ ကျားကြီးထွက်လာပြီ။

ဘွိုင်းဇ်
: လူမမြင်ကွင်းရင် ကိစ္စန မရှိ။ stomper တွေ မတွေ့အောင်တော့ ရှောင်ပေါ့။ နို့မဟုတ်ရင် သကြားပဲ။ အဲ.. နို့မဟုတ်ရင် အင်တာနက်ပေါ် ရောက်သွားမယ်။

Me
: ဖတ်ပြီး တခွိခွိဖြစ်နေလို့ စီနီယာ မသင်ကာတွေ ဖြစ်နေပြီ။ လျှော့ပြောကြပါ ရီစရာတွေ

STY
: stomper တော့ သားကြောက်တယ်

ဘွိုင်းဇ်
: အက်စ်တီဝိုင် သတိထားပါ။ မနှဲလေးရဲ့ ကျားကြီး ထွက်လာပြီ။ မသင်္ကာကို မှန်အောင် ပေါင်းပါ ရီတာ.... မသင်ကာ မဟုတ်ပါ။

STY
: မနှဲလေး မကြောက်ဘူး ကိုဘ သူ့ကျားကြောက်တာ.. မနှဲလေးက ဘဲညကလေး တလုံးလောက် ကျွေးလိုက်ရင်ဖြစ်တယ်။

ခရမ်းချဉ်သီး
: နေရာပြန်လည်ချထားရေး <<< ပြန်လည်နေရာချထားရေး :P

STY
: ဟုတ်ပါပြီ ပြင်ပါလိမ့်မယ် ဝန်ကြီးရုံးက စာရေး ရယ်

ခရမ်းချဉ်သီး
::fo:

Me
: မမ မွေးနေ့ကို အလျား 1 မီတာ၊ အနံ 1 မီတာ၊ အမြင့် 1 မီတာ ရှိသော ဘားမားကိတ် (မုန့်စိမ်းပေါင်း) တစ်လုံး၊ အိုလံပစ် မီးရှူးတိုင် တစ်ချောင်းတို့နဲ့ ကန်တော့သွားပါတယ်။

ခရမ်းချဉ်သီး
::fo:

Me
: ဒီ ခရမ်းရီသီးကတော့ တချိန်လုံး ရီနေတော့တာပဲ။ အိမ်ရောက်မှ ဖျော်ရည်လုပ်သောက်ပစ်မယ်။

***
မမ မွေးနေ့ အမှတ်တရ။ (အမ် ဘာမှလဲ မဆိုင်ဘူး)

ပြီးတော့ ဒီနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့။ သူလဲ အုကျမ်း မကြေရှာဘူး။
သူ့နာမည် ဉာဏ်ထွန်း ကို အမြဲတမ်း ဥာဏ်ထွန်း လို့ပဲ ပေါင်းတယ်။
တကျောင်းတည်းထွက်ပြီး၊ တဘွဲ့တည်း တူတူ ရထားတာ ရှက်ထှာ။

***
Update:

ခုလေးတင်ပဲ သူ့ဆီက ဖုန်းလာတယ်။ သူ blog အသစ်တစ်ခု စပြီး run ပါပြီတဲ့။
သူငယ်ချင်း ဆိုပေမဲ့ ကိုယ်လိုတော့ ဘယ်ရေးတတ်ရှာမလဲ။
သူတို့က ပညာကို စိတ်ဝင်စားတဲ့ သူတွေ ဆိုတော့ knowledge ကြောင်းလေးလိုလို ဘာလိုလို ကိုယ်လို အနုပညာကို အာရုံဝင်စားသူတွေ အိပ်ငိုက်ချင်မယ့် အကြောင်းပဲ ရေးတတ်တာပါ။

သိချင်တာ ရှိရင် မေးဖို့တဲ့။
ကိုယ့်ဆီ မေးခွန်းလာမေးတဲ့ လူတွေ သူ့ဆီ လွှတ်လိုက်ရ ကောင်းမလား စဉ်းစားတယ်။
:D

***

Monday, December 14, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၂)



ယခင် post
မှ အဆက်....

သူက ကိုယ့်ရဲ့ အိပ်မက်ဟောင်းတွေကို စိုးမိုးခဲ့တဲ့သူ

ကိုယ့်ရဲ့ ရင်ခုန်သံတွေကို ထွန်းညှိခဲ့တဲ့သူ
ကိုယ့်ရဲ့ ဘဝလမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ
အနှစ်နှစ် အလလက တွယ်တာ စွဲလမ်းခဲ့ရပြီး မြတ်နိုး တန်ဖိုးထားခဲ့ရသူ
...

သူက အင်မတန်မှပင် အဖြူရောင်ဆန်ပါသည်


အဖြူရောင်ကဲ့သို့ ကြည်လင် သန့်စင်သည်... ထို့ကြောင့် သူ့ကို
ကိုယ် ဂရုတစိုက် ယုယ လိုပါသည် အဖြူရောင်ကဲ့သို့ ရိုးရှင်း သက်ငြိမ်သည်... ထို့ကြောင့် သူ့ကို ကျွန်မ တသသ အရိပ်ကြည့် နေချင်သည် အဖြူရောင်ကဲ့သို့ ပကတိ သိမ်မွေ့သည်... ထို့ကြောင့် သူ့ကို ကျွန်မ အမြတ်တနိုး ချစ်ခင်သည်
အဖြူရောင်ကဲ့သို့ ကျွန်မ၏ စိတ်နှလုံးကို ပေါ့ပါးလွတ်လပ်ကာ ချမ်းမြေ့ နှစ်သိမ့်စေသည်... ထို့ကြောင့် ကျွန်မ သူ့ကို လေးလေး နက်နက် တန်ဖိုးထားပါသည်

*
(အချစ် ဆိုတာ ပေးလိုက်ရတာချည်း မဟုတ်သလို ရရှိလိုက်တာချည်းလဲ မဟုတ်တဲ့ တိုက်ရိုက် လဲလှယ်တဲ့ စနစ် တစ်ခုလို့ သိခွင့်ရလိုက်တယ်)

*
(အဲဒါ သူ့ဆီမှာတွေ့ရှိ
ကိုယ် ရှာဖွေမိတဲ့ အချစ်ပေါ့)

(to be continued)

***
ဝန်ခံချက်။
----------
တတိယ စာကြောင်း "
ဘဝလမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ" ဟူသော စာသားမှာ ၁၉၉၄/၅ တဝိုက် "မြားနတ်မောင် မဂ္ဂဇင်း" ပါ "ဆရာ မြမြင်းမိုရ်" ၏ "အချစ်ဟောင်း" ကဗျာမှ စာသား ဖြစ်ပါသည်။

Sunday, December 13, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၁)

2000 လောက်မှာ ရေးဖြစ်တဲ့ (so-called) essay
မနှစ်က ဒီလို ချိန်လောက်မှာပဲ blog မှာ တင်ထားခဲ့သေးတယ်။
အဲဒီတုန်းက blog မှာ ဘယ်သူနဲ့မှ သိပ်မသိသေးဘူး။
နန်းညီဆီသွားတော့ သူက ပြန်လာပြီး comment ပေးသွားတယ်။

***
ပြန်တင်ချင်စိတ် ပေါက်လာလို့ ပြန်တင်လိုက်တာ။
အဲဒီ အရေးအသားတွေ ပြန်ဖတ်ရတာတော့ ရီချင်မိတယ်။
အဲဒီ (so-called) essay ရဲ့ နောက်ပိုင်းနား (အပိုင်း -၆) ကတော့ "ချစ်ခြင်း၏ အနုပညာ" ကို စိတ်ထဲစွဲပြီး ရေးခဲ့မိတယ်။

တပိုင်းလုံး ခြုံပြောရင်လဲ style က ဟိုမရောက် ဒီမရောက် လို့ ထင်မိတယ်။
ငယ်ငယ်က အများဆုံး လွှမ်းမိုးခဲ့တာ ဂျူး ပါပဲ။

***
post အသစ် တင်လို့ post အဟောင်း ကိစ္စ ပြီးသွားပြီလို့တော့ မဟုတ်ပါဘူး။
ပြောချင်တာ ရှိရင် လာပြောပါဦး။ နားထောင်ချင်ပါသေးတယ်။ အသံတွေကို...

***

အစကတော့ 1st December မှာ ကဗျာ အဟောင်းတစ်ပုဒ်ကို ပြန်တင်မလို့ဟာ။
နေ့ရွှေ့ ရက်ရွှေ့ လုပ်လိုက်မိတာ... ကွေးသောလက် မဆန့်ခင် ကိစ္စနဲ့ တိုးတော့တာပဲ။
ခု အဲဒီ ကဗျာ တင်မယ် လုပ်တော့ ပြန်ဖတ်ကြည့်ပြီး မတင်ချင်တော့ဘူး။

ဒါနဲ့ပဲ...

***


pic from Here

မြောက်မြားလှစွာသော အရောင်များအနက် ကိုယ့်အတွက် နှစ်သက်မက်မောဖွယ် အကောင်းဆုံးမှာ အဖြူရောင်သာ ဖြစ်ပါသည်။


အဖြူရောင်သည် လူတစ်ယောက်၏ အသွင်အပြင်ကို ပိုမို လင်းလက် တောက်ပစေသည်…
ရိုးစင်းမှု၊ သန့်စင်မှု၊ ပကတိဖြစ်မှု၊ အိနြေ္ဒကြီးမှု စသည်တို့ကို အဖြူရောင် အတွင်း၌ ထွင်းဖောက် မြင်နိုင်သည်ကပင်လျှင် အလွန် နှစ်သက်ဖွယ် ကောင်းနေပြီ ဖြစ်သည်…


ထိုကဲ့သို့ ဂုဏ်သတ္တိများဖြင့် အဖြူရောင်သည် လူတစ်ယောက်၏ အသရေကို အရောင်တင်ပေးနိုင်သည်ဟု ယူဆပါသည်။ ထို့ထက်ပို၍ ဆန်းကြယ်သည်ကား အဖြူရောင်ကို ဝတ်ဆင်ထားချိန်၌ ခံစားရသည့် ခံစားမှုပင် ဖြစ်ပါသည်…

စွန်းထင်း ညစ်ပေလွယ်သော ထိုအရောင်ကို အနည်းငယ်မျှပင် အစွန်းအထင်း မဖြစ်စေလိုသော စိတ်… မသိမသာကလေး ညစ်ထေး ပေရေသွားမှာကိုပင် စိုးရိမ်နေမိသော စိတ်တို့ဖြင့် တယုတယ တသသ ဂရုတစိုက် နေရသည့် ခံစားမှု …

အမြတ်တနိုး အရိပ်တကြည့်ကြည့် ထိန်းသိမ်း စောင့်စည်းကာ နေထိုင်ရသည့် ခံစားမှု…

…ထိုကဲ့သို့သော ခံစားမှုများလောက် နူးညံ့ သိမ်မွေ့ ဆန်းပြားသော အရာကို အခြား မည်သည့် အရောင်ကမျှ ပေးစွမ်းနိုင်ခြင်း ရှိသည် မထင်ပါ…

အဖြူရောင်ကို ဝတ်ဆင်ထားချိန်၌ ဖြစ်လေ့ရှိသည့် တစုံတရာကို မြတ်မြတ်နိုးနိုး ယုယုယယ အရိပ်ကြည့် ဂရုစိုက်နေရသည့် ခံစားမှုမျိုးကို အလွန်နှစ်သက် မက်မောပါသည်… ဖော်ပြပါ ခံစားမှုများကို ကျေနပ်စွာ ခံစားနေချင်ခြင်းသည်ပင်လျှင် အဖြူရောင်ကို စွဲလမ်းရသည့် အကြောင်းရင်းဖြစ်၏…

အဖြူရောင်က ကိုယ့်ပင်ကို ဗီဇစိတ်အချို့ကိုပင် ပြောင်းလဲ သွားစေနိုင်စွမ်းပါသည်..
တဆိတ် ကျေးဇူးပြုပြီး သံသယ မဝင်စေလိုပါ…


ယခင်က ကိုယ်သည် မိမိသာလျှင် ဂရုစိုက်ခံလို အယုယခံလိုပြီး ကိုယ့်ကိုများ ကိုယ့် ပတ်ဝန်းကျင်က အရိပ်တကြည့်ကြည့် ရှိနေကြမည် ဆိုလျှင် လောက၌ အရာခပ်သိမ်း ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သူဖြစ်၏…

*
(အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တိုက်ခိုက်

ခူးယူခဲ့ပြီး ပြန်တော့
မစိုက်မိဘူး)


*
သို့သော် ကိုယ်ကချည်း ရယူနေရခြင်း ၊ ရရှိနေရခြင်း နှင့် ရချင်နေရခြင်းတို့ များသည်ထက် များပြားလာသောအခါ အလွန်ပင် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာပါသည်…

ထိုအချိန်မှ စ၍ အဖြူရောင်မှ ပေးစွမ်းနိုင်သော ခံစားမှုများကို စတင် ငြိတွယ် စွဲလမ်းလာခြင်းဖြစ်ပြီး ထိုသို့ စွဲလမ်းလာချိန်မှ စ၍ ကိုယ့် အဇ္ဈတ္တတို့ တဖြည်းဖြည်း ပြောင်းလဲ လာပါသည်…

*
ကိုယ်ကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…
ဂရုစိုက် အရိပ်ကြည့်နေချင်သည်…
လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…


အဖြူရောင်ကို ဝတ်ဆင်ရင်းမှ အမြတ်တနိုး ဂရုစိုက်နေရသည့် အတွေ့အကြုံကို သဘောတကျ နှစ်ခြိုက်မိသောအခါ အတ္တဆိုသည်များကို ငြီးငွေ့လာခဲ့တော့သည်…

လောကမှာ ကိုယ်က တဖန် ပြန်လည်၍ ဖြည့်ဆည်း ပေးဆပ်နေရခြင်းက ပို၍ စိတ်ကြည်နူး ချမ်းမြေ့စရာ ကောင်းသည်ဟု ခံယူလာခဲ့ပါသည်။

*
ထို့နောက်တွင်တော့ အဖြူရောင်ဆန်သော လူသားတစ်ယောက်ကို ကိုယ် စွဲလမ်းမြတ်နိုးလာခဲ့မိပါသည်။

(to be continued)

Thursday, December 10, 2009

Some Comments for My Post

မျိုးမြင့်မောင် said...
မြန်မာ့ နိုင်ငံရေးမှာ ဝင်မပါဖြစ်တာ အတ္တကြီးတာကြောင့်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တမကြီးသူတွေလည်း မပါဘဲနေတာ ဒုနဲ့ဒေးပဲ။ တကယ့်အကြောင်းရင်းက မာနမရှိတာလို့ ထင်တယ်။ မာနဆိုတာ vanity ကို ဆိုလိုချင်တာ မဟုတ်ဘူး။ Self-esteem ကို ဆိုလိုချင်တာ။ နအဖစော်ကားတာတွေကို ခံနေရတဲ့၊ သိက္ခာအချခံနေရတဲ့ မြန်မာနိုင်ငံသားဘ၀မှာ ခံပြင်းတဲ့စိတ်တို့၊ ရှက်တဲ့စိတ်တို့ မခံစားရပဲ ဖာသိဖာသာ နေတတ်တာ မာန (self-esteem) အရမ်းနည်းလို့ ဖြစ်မယ်။
Rita said...
ပုံမှန် လူတစ်ယောက်မှာ အဲဒီ အကြောင်းတွေနဲ့ ပတ်သတ်လို့ "ခံပြင်းတဲ့စိတ်" မရှိတဲ့သူ ရှိလိမ့်မယ်လို့ ကိုမျိုးမြင့်မောင် ထင်ရင်၊ ထင်ရလောက်တဲ့သူကို ဆန်းစစ်ကြည့်လိုက်ပါ။ ဒါပေမဲ့ ခံပြင်းစိတ်သည် ဒါလုပ်ဖို့ တွန်းအား ဖြစ်ချင်မှ ဖြစ်မယ်။ ခံပြင်းရင် လုပ်မှာပေါ့လို့ တထစ်ချ ပြောလို့ မရဘူး။

ကျွန်မရဲ့ အသိ အစ်မတယောက် 96 မှာ ကြို့ကုန်းကို ရောက်နှင့်ပြီးသူ၊ လုံးဝ ပြစ်တင်ရှုံ့ချ ဆန့်ကျင်၍ ဆတ်ဆတ်ခါအောင် နာ နေသူ၊ သူ့ အယူအဆလေး စိတ်ဝင်စားစရာကောင်းလို့ ပြောပြလိုက်မယ်။ သူဟာ အမြဲတမ်း လှူ နေပါတယ်။ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက်ပါ။

သူ နိုင်ငံရေးကို လုံးဝ မလှူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံကတော့ သူ ဒီလမ်းစဉ် ကို မယုံကြည်လို့ပါ။ ပြီးတော့ လူတွေကို မယုံလို့ပါ။ နောက်ဆုံး အဓိက အကျဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက "ငါတို့ အတွက် ရှေ့ကနေ သေပေးကြပါနော်" လို့ အဓိပ္ပါယ် ရောက်တဲ့ အလုပ်ကို သူ လုံးဝ မလုပ်ချင်ဘူး ပြောပါတယ်။

ဒါရှင်းပါတယ်။ ဒီနည်းလမ်းကို သူမယုံလို့ ပါပဲ။ လမ်းပေါ်မှာ ဒီတိုင်း သေကြတာကို သူ အားမပေးချင်လို့ ပါပဲ။ ဒီလိုပြောလို့ လှူတဲ့လူတွေကတော့ သူပြောသလို သေပေးကြပါနော် လို့ တောင်းဆိုနေတဲ့ လူတွေ လို့ ကျွန်မ မမြင်ပါဘူး။ ရှုထောင့် အမျိုးမျိုးကို မြင်အောင်သာ ပြောတာပါ။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေကြတာကို ပြောတာပါ။

ကိုလူထွေး ပေးခဲ့တဲ့ comment နဲ့ ဒီ အစ်မရဲ့ စကားလုံးကို ဆက်စပ်လို့ ကျွန်မ သေချာ comment တစ်ခု ပြန်ရေးဦးမယ်လို့ စဉ်းစားနေတာ။ ယူသော်ရ၏ စကားလုံးတွေ အကြောင်းပေါ့။

ဒါပေမဲ့ ဝိရောဓိတွေ သက်သက် တင်ပြသလို ဖြစ်ပြီး ဘာ အဖြေမှ မရနိုင်မယ့် အတူတူ အလကား ဖောင်းပွနေမလား မသိဘူးလို့ တွေးနေခဲ့တာ။ ကိုမျိုးမြင့်မောင် comment ကို ဖတ်ရတော့ ရေးချင်သွားမိလို့ ခုရေးလိုက်တယ်။

ကျွန်မ နာတတ်ခဲ့တဲ့ post တစ်ခု မနှစ်ဆီက ရေးခဲ့ဖူးတာ၊ ဒါပေမဲ့ အဲဒီ post ကို တမင်ကို အစ ပြန်မဖော်ချင်လို့ မဖော်တော့တာ။ ခုလဲ မဖော်တော့ပါဘူး။ post ကတော့ ဒီတိုင်းပဲ ရှိနေပါတယ်။

ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။ လာမယ်ထင်လို့ မျှော်နေတာ။
တကယ်လို့ သူက အဲဒီ "လမ်းစဉ်" ဆိုတာကို မယုံကြည်ဘူးဆိုရင် တခြား ဘယ်နည်းလမ်းတွေနဲ့ သူ့ကို ခံပြင်းစေတဲ့ စော်ကားမှု၊ အရှက်ရစေတဲ့ သိက္ခာချမှုတွေကို ဖြေရှင်းဖို့ ကြိုးစားသလဲဆိုတာ သိချင်တယ်။ နည်းလမ်းလို့ ဆိုတာမှာ ပြဿနာကို လက်ခံပြီး ဖြေရှင်းဖို့ ကြိုးစားတာကို ဆိုလိုချင်တာ။ မျက်နှာလွှဲတာ၊ ဖြေရှင်းဖို့ မကြိုးစားပဲ ဖြေတွေးတွေးတာ (wishful thinking) စတဲ့ နည်းတွေကို မဆိုလိုဘူး။ လမ်းစဉ်တစ်ခုကို မယုံကြည်လို့ အဲဒီနည်းနဲ့ မဖြေရှင်းတာ သဘာဝကျပါတယ်။ ဒါပေမယ့် အဲဒီလမ်းစဉ်က ဖြေရှင်းဖို့ ကြိုးစားနေတဲ့၊ ကိုယ်နဲ့လည်း သက်ဆိုင်တဲ့ ပြဿနာကိုပါ ဥပက္ခာပြုလိုက်တာတော့ သဘာဝမကျဘူး။ အဲဒါအတွက် justification မရှိဘူး။ ဘာမှမလုပ်တာဟာ ကိုယ့်အလုပ်၊ ဘာမှမယုံကြည်တာဟာ ကိုယ့်ယုံကြည်မှု ဆိုသလိုမျိုး wordplay ဆန်ဆန် rationalization ပဲ ဖြစ်မယ်။
Rita said...
အင်း ဟုတ်ပါပြီ။
ဒီကိစ္စဟာ အဖြေမရှိနိုင်မယ့် အတူတူလို့ (မရှိတာဟာ ကျွန်မဦးနှောက်ထဲမှာ မရှိတာလည်း ဖြစ်နိုင်တယ်) ရေးခဲ့ပါတယ်။

အဖြေမရှိလို့ သူ့အနေအထားကိုလည်း ကျွန်မ ပြောခွင့်မရှိလို့ ကျွန်မကပဲ သိချင်တာ မေးပါမယ်။

ဒါဖြင့် ဒီအဖွဲ့အစည်းတွေကို လှူလိုက်တာနဲ့ justification ရှိသွားရောလား။ သူအပါအဝင် သူလို ကျွန်မလို လူတွေဟာ ရှေ့ထွက် အသေခံဖို့ အကြောင်းရှိလာမှာ မဟုတ်ဘူး။ အဲဒီအခါ ပိုက်ဆံပို့ပေးရင် ပြီးရောလား။ ဒါတကယ်ကို solution ကို သိချင်လို့ မေးတာဖြစ်ပါတယ်။

သိပ်လွယ်တဲ့ အလုပ်မို့ (အဲဒီအစ်မတော့ သူ့ယုံကြည်ချက်ဖြစ်နေတာမို့ မသိ။)ကျန်လူတွေ အနေနဲ့ကတော့ ခုချက်ချင်းကို ထ လုပ်လိုက်နိုင်တဲ့ ကိစ္စပါပဲ။

ဒါပဲလား။ ဒါဆိုရင် ကောင်းပါပြီ။
ဒါ့ထက် ပိုတာတွေ ရှိသေးရင်လဲ ပြောပြခဲ့ပါ။
တကယ်တော့ ကျွန်မလဲ အဖြေလိုချင်နေတာပဲ။ Solution ထုတ်ပေးနိုင်တဲ့ လူတော့ မဟုတ်ဘူး။
Rita said...
ကျွန်မ ပြောချင်တာသည် ခံပြင်းစိတ်ရှိတာနဲ့ နိုင်ငံရေးကို တိုက်ရိုက် ထလုပ်တာနဲ့ မဆိုင်ဘူး လို့ ပြောခဲ့တာ။

ခံပြင်းလို့ ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းကို ငွေပို့ပေးတာလဲ ဒီသဘော မဟုတ်ဘူးလား။

နောက်တချက်က ဒီသဘောချင်း အတူတူကိုပဲ သူယုံကြည်ရမှ လုပ်မယ် ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်ပဲ။ (ဒီ ကိစ္စတွေ သူလှူဖူးတုန်းက လူလိမ်ခံချင်ခံရမယ်။) ခံပြင်းလို့ နိုင်ငံရေး အဖွဲ့အစည်းကို လှူတာနဲ့ လူမှုရေးကိစ္စပဲ လှူတာနဲ့ ကွာခြားတာ ရှိသလား။

ယုံကြည်မှု ဆိုတာမှာ ပြောင်းလဲလာမှာကို ယုံကြည်နိုင်ဖို့လဲ လိုသေးတယ်။ ပြောင်းလဲ ပေးမယ်လို့ ထင်ရတဲ့ အော်နေတဲ့ လူတွေကို ကိုယ် မယုံကြည်နိုင်တဲ့ အခါ၊ ယုံကြည်ရလောက်တာကို မတွေ့ရတဲ့ အခါ၊ လက်ရှိအခြေအနေကို ခံပြင်းသော်ငြား ဥပေက္ခာပြုမိနိုင်တယ်။

ခုလက်ရှိကို သေအောင် ခံပြင်းပစေဦး နောက်လာမယ့်ဟာကိုလည်း သေချာယုံကြည်ရလောက်တယ် မထင်ရင်တော့... ဒီကိစ္စတွေ လှည့်မကြည့်ချင်ဘူး။ ကိုယ် ကယ်နိုင်တဲ့လူပဲ ကယ်မယ်လို့သာ ဖြစ်တော့မှာပဲ။

ပြီးရင် အစက ပြန်ပတ်မယ်။
အသံကောင်း ဟစ်တာတို့...
မလုပ်ဖူးရင် လာမပြောနဲ့တို့...ကို မကြိုက်ဘူး ဆိုတာကနေ...

ကိုမျိုးမြင့်မောင် ဒီ အထုံး ဖြေလိုက်နိုင်ရင်တော့ ကျွန်မ သိပ်ကျေးဇူးတင်မှာပဲ။ ခုဟာက တလျှောက်လုံး စကားလုံးတွေသာ ပြောလာကြတာ။ ဘာ အဖြေမှ ရှိတာ မဟုတ်ဘူး။ သိပ်လည်း မမျှော်လင့်ပေမယ့် ထွက်လာရင်တော့ ကျေးဇူးတင် ဝမ်းသာမိမှာပါ။
Rita said...
လူမှုရေးကိစ္စပဲ လှူတာက ဖြေရှင်းရာ မကျဘဲ၊ နိုင်ငံရေး အဖွဲ့တွေကို လှူမှ ဖြေရှင်းရာကျပါသလား။
“အဖြေမရှိလို့ သူ့အနေအထားကိုလည်း ကျွန်မ ပြောခွင့်မရှိလို့ ကျွန်မကပဲ သိချင်တာ မေးပါမယ်။”

“ကျွန်မ ပြောချင်တာသည် ခံပြင်းစိတ်ရှိတာနဲ့ နိုင်ငံရေးကို တိုက်ရိုက် ထလုပ်တာနဲ့ မဆိုင်ဘူး လို့ ပြောခဲ့တာ။”

၁။ သူ့ကိုယ်စား မဖြေပေးနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုအတွက် ဖြေပေးနိုင်သလား။ ဘယ်နည်း ဘယ်လမ်းစဉ် ရှိသလဲလို့ မေးချင်တာ မဟုတ်ဘူး။ နအဖအစော်ကားခံ မြန်မာနိုင်ငံသားဘ၀နဲ့ ပတ်သက်ပြီး ခံပြင်းတဲ့စိတ်ရှိလား၊ ရှက်တဲ့စိတ်ရှိလား ဆိုတာတွေကို သိချင်တယ်။ နောက်ပြီး ခံပြင်းစိတ်ဆိုတာ ခံရလို့ နာတတ်ရုံနဲ့ ရှိတဲ့စိတ်ကို ပြောတာ မဟုတ်ဘူး။ မတရားမှုကို ခေါင်းငုံ့ခံရမှာရှက်တဲ့ မာန (self-esteem) ကြောင့် မတရားမှုကို တွန်းလှန်လိုတဲ့စိတ်ကို အဓိကပြောတာ။

ရှိတယ်ဆိုရင် ဘယ်လိုဖြေရှင်းဖို့ ကြိုးစားသလဲ။
“ဒါဖြင့် ဒီအဖွဲ့အစည်းတွေကို လှူလိုက်တာနဲ့ justification ရှိသွားရောလား။ သူအပါအဝင် သူလို ကျွန်မလို လူတွေဟာ ရှေ့ထွက် အသေခံဖို့ အကြောင်းရှိလာမှာ မဟုတ်ဘူး။ အဲဒီအခါ ပိုက်ဆံပို့ပေးရင် ပြီးရောလား။ ဒါတကယ်ကို solution ကို သိချင်လို့ မေးတာဖြစ်ပါတယ်။”

“သိပ်လွယ်တဲ့ အလုပ်မို့ (အဲဒီအစ်မတော့ သူ့ယုံကြည်ချက်ဖြစ်နေတာမို့ မသိ။)ကျန်လူတွေ အနေနဲ့ကတော့ ခုချက်ချင်းကို ထ လုပ်လိုက်နိုင်တဲ့ ကိစ္စပါပဲ။”

၂။ စပြီး မှတ်ချက်ရေး ကတည်းက နိုင်ငံရေးအဖွဲ့တွေကို ငွေလှူပါ ဆိုတာမျိုး ပြောဖို့ မရည်ရွယ်ခဲ့ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး စကားလည်း မစခဲ့ဘူး။ ငွေလှူတာဟာ အဖြေမဟုတ်တာကို လက်ခံတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးအတွက် ငွေထောက်ပံ့မှုဟာ အဖြေရှာဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်တယ်။ နိုင်ငံရေးအဖွဲ့တွေကို မယုံလို့ ငွေမလှူဘူးဆိုရင်တောင် နိုင်ငံရေးအတွက် ငွေသုံးတာမျိုး လုပ်နိုင်တာပဲ။

လွယ်မယ်ထင်ရင် ထလုပ်ကြည့်ပါ။ လွယ်သလောက်သာ သုံးမယ်ဆိုရင်တော့ လွယ်မှာပဲ။ လိုသလောက် သုံးမယ်ဆိုရင်လည်း တစ်ယောက်တည်း တတ်နိုင်မှာ မဟုတ်ဘူး။ တတ်နိုင်သလောက်လို့ ဆိုတာထက် တတ်နိုင်သမျှလုပ်ကြည့်ပါ။

တတ်နိုင်သမျှလုပ်တာ justification ပဲ။
“ခံပြင်းလို့ ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းကို ငွေပို့ပေးတာလဲ ဒီသဘော မဟုတ်ဘူးလား။”

“နောက်တချက်က ဒီသဘောချင်း အတူတူကိုပဲ သူယုံကြည်ရမှ လုပ်မယ် ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်ပဲ။ (ဒီ ကိစ္စတွေ သူလှူဖူးတုန်းက လူလိမ်ခံချင်ခံရမယ်။) ခံပြင်းလို့ နိုင်ငံရေး အဖွဲ့အစည်းကို လှူတာနဲ့ လူမှုရေးကိစ္စပဲ လှူတာနဲ့ ကွာခြားတာ ရှိသလား။”

“လူမှုရေးကိစ္စပဲ လှူတာက ဖြေရှင်းရာ မကျဘဲ၊ နိုင်ငံရေး အဖွဲ့တွေကို လှူမှ ဖြေရှင်းရာကျပါသလား။”

၃။ လူမှုရေးလုပ်ငန်းတွေအတွက် ငွေလှူတာကို ရှုံ့ချချင်စိတ်မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးအလုပ်နဲ့ လူမှုရေးအလုပ်ဆိုတာကို ပြီးစလွယ်ရောချပြစ်တာ သဘာဝမကျဘူး။ ဖြေရှင်းချင်တဲ့ ပြဿနာချင်းမှ မတူတာ ဘယ်ကဘယ်လို သဘောချင်း သွားတူနေရသလဲဆိုတာ စဉ်းစားလို့မရဘူး။ ရှင်းပြစေချင်တယ်။ အထူးသဖြင့် မြန်မာပြည်အရေးမှာ နိုင်ငံရေးပြဿနာနဲ့ လူမှုရေးပြဿနာကို ရောစရာမလိုဘူးလို့ မြင်တယ်။ ကိစ္စ တော်တော်များများမှာ တခုက အကြောင်းရင်းခံဖြစ်နေပြီး နောက်တခုက အကျိုးဆက်တွေ အများကြီးထဲက တခုလို့ မြင်တယ်။

ခံပြင်းတာချင်း အတူတူပဲဆိုရင် အဲဒီခံပြင်းစိတ်ကို စမ်းစစ်ကြည့်ပါ။ ဆင်းရဲဒုက္ခရောက်နေတဲ့အပေါ်မှာ ခံပြင်းတာလား၊ မတရားဖိနှိပ် အုပ်ချုပ်မှုအပေါ်မှာ ခံပြင်းတာလား ဆိုတာ ရှင်းဖို့လိုတယ်။ ပထမခံပြင်းစိတ်က သနားတတ်တဲ့စိတ်မှာ အခြေခံပြီး နောက်တခုက တရားမျှတမှုကို လိုလားတဲ့စိတ်မှာ အခြေခံတယ်။

လူမှုရေးကိစ္စအတွက် ငွေသုံးတာ လူမှုရေးကိစ္စကို ဖြေရှင်းဖို့ပဲ အထောက်အကူပြုမယ်။ နိုင်ငံရေးကိစ္စကို ဖြေရှင်းချင်ရင် နိုင်ငံရေးကိစ္စအတွက် ငွေသုံးပါ။ လူမှုရေးကိစ္စကို ဖြေရှင်းရုံနဲ့ နိုင်ငံရေးပြဿနာပါ ပြေလည်လာမှာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာပြည်မှာ နိုင်ငံရေးပြဿနာကြောင့် လူမှုရေးပြဿနာကို ဖြေရှင်းလို့မရတာတွေ များတယ်။
“ယုံကြည်မှု ဆိုတာမှာ ပြောင်းလဲလာမှာကို ယုံကြည်နိုင်ဖို့လဲ လိုသေးတယ်။ ပြောင်းလဲ ပေးမယ်လို့ ထင်ရတဲ့ အော်နေတဲ့ လူတွေကို ကိုယ် မယုံကြည်နိုင်တဲ့ အခါ၊ ယုံကြည်ရလောက်တာကို မတွေ့ရတဲ့ အခါ၊ လက်ရှိအခြေအနေကို ခံပြင်းသော်ငြား ဥပေက္ခာပြုမိနိုင်တယ်။”

“ခုလက်ရှိကို သေအောင် ခံပြင်းပစေဦး နောက်လာမယ့်ဟာကိုလည်း သေချာယုံကြည်ရလောက်တယ် မထင်ရင်တော့... ဒီကိစ္စတွေ လှည့်မကြည့်ချင်ဘူး။ ကိုယ် ကယ်နိုင်တဲ့လူပဲ ကယ်မယ်လို့သာ ဖြစ်တော့မှာပဲ။”

၎။ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှုဆိုရာမှာ သူများတွေ ပြောင်းပေးနိုင်မယ်လို့ ယုံကြည်အားကိုးလိုတဲ့စိတ်မျိုးက မျှော်လင့်ချက် သက်သက်ပါ။ ဖြစ်သင့်တယ်ထင်တဲ့ ပြောင်းလဲမှုအတွက် ကိုယ်တိုင် ပါဝင်လုပ်ဆောင်သင့်တယ်လို့ ယုံကြည်တာမျိုးကို အဓိကပြောချင်တာ။ အဲဒီ ယုံကြည်မှုမျိုး ရှိရင် ဥပက္ခာပြုနိုင်မှာ မဟုတ်ဘူး။ မယုံကြည်ရင် တတ်နိုင်သလောက်ပဲ လုပ်ချင်မယ် (လုပ်ချင်မှလည်း လုပ်မယ်) ။ အဲဒါမှ မအောင်မြင်ရင်တော့ ဥပက္ခာပြုမိမှာပေါ့။ ယုံကြည်တယ်ဆိုရင် မအောင်မြင်သေးလည်း တတ်နိုင်သမျှ လုပ်မှာပဲ။ အဲဒီ ယုံကြည်ချက်မျိုး မရှိသေးရင်၊ မရှိတာက လုပ်ရမှာကြောက်လို့လား၊ ပြောင်းလဲမှု မဖြစ်သင့်ဘူး ထင်လို့လား စသည်ဖြင့် ရိုးရိုးသားသား ဆန်းစစ်ကြည့်ပါ။ သူများက မယုံရလို့ ဆိုတာမျိုး ပြီးစလွယ် အပြစ်မတင်သင့်ဘူး။

နောက်ပြီး ကိုယ်ကယ်နိုင်တဲ့လူဆိုတာ ဘယ်လိုသဘောမျိုးနဲ့ ပြောတာလဲ။ ကိုယ့်ကိုယ်ကိုတောင် မတရားဖိနှိပ်မှုအောက်က လွတ်အောင် ကယ်ဖို့မကြိုးစားသေး၊ မလွတ်နိုင်သေးတဲ့ အခြေအနေမှာ ဘယ်သူ့ကို ဘယ်လိုသွားကယ်မှာလဲ။ ငတ်ပြတ်နေသူကို အစာရေစာပေးကမ်းပြီး ကယ်တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီပို့စ်နဲ့ ပတ်သက်ပြီး ပြောနေတာ မြန်မာ့နိုင်ငံရေးအကြောင်း မဟုတ်လား။
အဖြေ ပေးနိုင်မယ် မျှော်လင့်လို့ လက်ခံစကားပြောတာ ဆိုရင်တော့ ဘာအတွက် အဖြေ လိုချင်တာလဲလို့ မေးချင်တယ်။ ကိုယ်တိုင်ပါဝင်ဖို့ ယုံကြည်ပေမယ့် ဘယ်နည်းလမ်းသုံးပြီး လုပ်ရမလဲ ဆိုတာအတွက် အဖြေလိုချင်တာလား။ ပါဝင်ဖို့ မယုံကြည်ဘဲ ဘာဖြေမလဲဆိုတာ သိချင်ရုံ မေးတာလား။

လက်ရှိအခြေအနေမှာ ဖြေနိုင်တာကတော့ ယုံကြည်မှုဟာ အဖြေ ဆိုတာပဲ။
Rita said...
၁။ ခံပြင်းစိတ်ဆိုတာ ခံရလို့ နာတတ်ရုံနဲ့ ရှိတဲ့စိတ်ကို ပြောတာ မဟုတ်ဘူး။

ဟုတ်တယ်။ ခံရလို့သာ နာတဲ့စိတ်။ အဓိပ္ပါယ် မရှိ၊ အကျိုးသင့် အကြောင်းသင့် မရှိ အဲဒါတွေကိုသာ နာတာ။ အဲဒါ သေချာတယ်။

၂။ လွယ်မယ်ထင်ရင် ထလုပ်ကြည့်ပါ။

လွယ်သလောက်ပဲ လုပ်နိုင်မှာပါပဲ။ ဒါလဲ သေချာတယ်။

၃။ နိုင်ငံရေးအလုပ်နဲ့ လူမှုရေးအလုပ်ဆိုတာကို ပြီးစလွယ်ရောချပြစ်တာ သဘာဝမကျဘူး။

ပြီးစလွယ် ရောချပစ်တာ မဟုတ်ဘူး။
အဲဒါကြောင့် ကျွန်မ သေချာရေးခဲ့တာ။ သေချာတာကတော့ အပြင်ရောက်နေတဲ့ လူတော်တော်များများ (တကယ်က အားလုံးလို့ ထင်တယ်။) ရှေ့ထွက် လုပ်ဖို့၊ သေဖို့ စတေးဖို့ ဆန္ဒ မရှိလို့ကို အပြင်ရောက်နေတာပဲ။

အဲဒီ အခါမှာ ငွေလှူလိုက်ရင် ပြီးရောပေါ့။ အပေါ်မှာ ပြောထားတဲ့ အတိုင်းပဲ လွယ်သလောက်ပဲ လုပ်မှာမို့ ဘာမှ မခက်ဘူး။

၎။ မယုံကြည်ရင် တတ်နိုင်သလောက်ပဲ လုပ်ချင်မယ်။

ဟုတ်တယ်။ မယုံကြည်လို့ တတ်နိုင်သမျှပဲ လုပ်ချင်တဲ့ စိတ်ရှိတာ။ ကိုယ်နဲ့ နီးစပ်ရာကို ပေးကမ်းမျှဝေတာလောက် လုပ်ချင်တာ။

၅။ မြန်မာ့နိုင်ငံရေးအကြောင်း မဟုတ်လား။

ဟုတ်တယ်။ နိုင်ငံရေးကြောင်း။ တိတိကျကျ ပြောရရင် အဲဒီအပေါ်မှာ စိတ်ဝင်စားမှုနဲ့ ယုံကြည်မှု နည်းခဲ့တယ် ဆိုတဲ့ အကြောင်း။ ဟင် စရာတွေ တွေ့ခဲ့တယ် ဆိုတဲ့ အကြောင်း။ အဲဒါကြောင့် လှည့်မကြည့်ချင်ခဲ့တာ ဆိုတဲ့ အကြောင်း။ အသံကောင်းဟစ်တာကို မလိုလားတဲ့အကြောင်း။

၆။ ဘာဖြေမလဲဆိုတာ သိချင်ရုံ မေးတာလား။

ဘာဖြေမလဲဆိုတာ သိချင်တဲ့ စိတ်က ပိုများတယ်။ ကိုယ်တိုင်ပါဝင်ဖို့ ယုံကြည်စိတ် ခုထိ လုံလောက်အောင် ရှိသေးတယ် မထင်ဘူး။

နောက်တခုက ပြဿနာပဲ လာလာပြောနေကြလို့ အဖြေ အရေးကြီးတယ် ပြောတာ။ တကယ်ပဲ သိချင်စိတ်က ပိုများတယ်။

ကျေးဇူး (တကယ် အထူး) တင်ပါတယ်။
Rita said...
ဟုတ်ပြီ ဒါဖြင့် ကိုမျိုးမြင့်မောင် ပြောတဲ့ အတိုင်းဆို self - esteem နဲတာပေါ့။

problem ကိုတော့ define လုပ်လိုက်နိုင်ပြီ။
Rita said...
(ယုံကြည်တယ်ဆိုရင် မအောင်မြင်သေးလည်း တတ်နိုင်သမျှ လုပ်မှာပဲ။ အဲဒီ ယုံကြည်ချက်မျိုး မရှိသေးရင်၊ မရှိတာက လုပ်ရမှာကြောက်လို့လား၊ ပြောင်းလဲမှု မဖြစ်သင့်ဘူး ထင်လို့လား စသည်ဖြင့် ရိုးရိုးသားသား ဆန်းစစ်ကြည့်ပါ။ သူများက မယုံရလို့ ဆိုတာမျိုး ပြီးစလွယ် အပြစ်မတင်သင့်ဘူး။)

၁) လုပ်ရမှာ မကြောက်ရင် အပြင်မထွက်ဘဲ အထဲမှာပဲ ထောင်ထဲဝင်ချင်ဝင်၊ လမ်းထွက်လျှောက်ချင်လျှောက်၊ ဒါမှ မဟုတ် သေနေတာကြာပါပြီ။ လုပ်ရမှာ ကြောက်လို့ ခုထိ လွတ်နေတာပါ။

၂) ပြောင်းလဲမှု မဖြစ်သင့်ဘူး မထင်ပါဘူး။ အဲဒါကို post မှာ ရေးခဲ့ပြီးပါပြီ။ ပြောင်းလာခဲ့ရင်လည်း နောက်လာမယ့် လူဟာ... ဆိုပြီး သူများကို ထည့်တွက်နေလို့ပါ။ ဘာဖြစ်လို့ ဆိုတော့ သူများပဲ ထည့်တွက်ရမှာကိုး။ နောက်တက်မယ့်လူက ကိုယ် မဟုတ်လို့။

၃) တော်တော်များများကို ယုံကြည်စရာ ကောင်းတယ် မထင်တာတော့ အမှန်ပဲ။

ကျန်နေခဲ့လို့ ပြန်ဖြေတာပါ။
တကယ်ပဲ ပြည့်ပြည့်စုံစုံ မေးလိုက်တာကို ကျေးဇူးတင်ပါတယ်။ အဲဒီ မေးခွန်းမျိုးကို ကျွန်မ ဖြေလိုက်ရတဲ့ အတွက်ရော၊ post မှာ တင်လိုက်နိုင်တဲ့ အတွက်ရော ကျေနပ်မိပါတယ်။

အဲဒီ မေးခွန်းတွေ မေးနိုင်တာအတွက် ချီးကျူးမိပါတယ်။ ဆက်တွေးနေမိစေမယ့် မေးခွန်းမျိုးတွေပါ။

တကယ်က post တင်စမှာ ဒါတွေ ပြောဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမဲ့ ဆက်စပ်ရာကနေ ထွက်လာတဲ့ comment တွေကြောင့် ဒီလောက်ရှည်လျားလာတာပါ။ ဒါ အကြောင်းပြတာ မဟုတ်ဘူး။

ရေးစက မရည်ရွယ်ဘူး ဆိုပေမဲ့ ဒီအကြောင်းအရာဟာ ကျွန်မစိတ်ထဲမှာ ရှိနေပြီးသား အရှိတရား ဖြစ်ပြီး၊ အကြောင်းတိုက်ဆိုင်လာခဲ့ရင် ကိုယ့်ဘလော့မှာ ဖြစ်ဖြစ်၊ သူများဆီမှာ ဖြစ်ဖြစ် ရေးမိနိုင်ပါတယ်။ ဒါကြောင့်လဲ အစ ရလာတာနဲ့ ဆက်ပြောခဲ့တာပါပဲ။ တကယ်တော့ post နဲ့ comment တွေက ချော်နေတာတွေ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာတွေနဲ့ ချော်သွားတာမျိုးကတော့ မရှိပါဘူး။

ထပ်ကာ ထပ်ကာ ဖြစ်နေပေမယ့် ကျေးဇူးတင်ပါရစေဦး။
ဟုတ်တယ်။ Self-esteem တော်တော် နည်းနေတာ။
Rita said...
ကျွန်မ post တင်လိုက်မယ်။ ဖြစ်မလား။
အဟောင်းကို ဆက်ငြင်းချင်လဲ ငြင်းကြပါဦး ရပါတယ်။ အဟောင်းဖယ်ချင်လို့ အသစ်တင်တာ မဟုတ်ဘူး။ ဒါကို တင်ချင်မိတယ်။
***
ကိုမျိုးမြင့်မောင် တင်ပါ လို့ ပြောမသွားပေမယ့် တင်ချင်လို့ တင်လိုက်ပါတယ်။ အလုံးစုံ မဟုတ်ပေမယ့် ဒီ မေးခွန်းတွေကို ဖြေလိုက်ရတာ အတိုင်းအတာ တစ်ခုထိ ကျေနပ်မိပါတယ်။ Post ရေးစဉ်က မျှော်လင့်မထားပေမယ့် ရလိုက်တဲ့ အခါမှာ အင်မတန် စိတ်ကျေနပ် လိုချင်မိတဲ့ comment မျိုးပါပဲ။
နှိုင်းတာတော့ မဟုတ်ပါဘူး။ ရှင်နာဂသိန် သတိရမိသေးတယ်။
***