Showing posts with label childhood. Show all posts
Showing posts with label childhood. Show all posts

Wednesday, June 23, 2010

သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့

သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့

မြစ်လို့ စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ အရင်းနှီးဆုံး ပေါ်လာတာက သလ္လာဝတီ။ အဲဒီမြစ်ရဲ့ တောင်ဘက်ကမ်းကတော့ ကိုယ်တို့မြို့ပေါ့။ အဝေးပြေးကားလမ်းမမှာ မတည်ရှိတဲ့ မြို့တွေရဲ့ ထုံးစံအတိုင်း လေးထောင့်ကျတဲ့ မြို့ကလေး။

တမြို့လုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ စီးဆင်းပို့ဆောင်မှု အများစုကလည်း မြစ်ပေါ်မှာ တည်မှီပြန်တယ်။ ဟိုးအရင်ကတော့ အညာက လူတွေရဲ့ ထုံးစံ ပိုက်ဆံ ဘယ်လောက်ရှိလည်းပဲ ကိုယ်ပိုင်ကားကို ဇိမ်ခံစီးလေ့ မရှိကြ၊ ကုန်းတွင်းပိုင်းကျတဲ့ မြို့ကလေးရဲ့ ထုံးစံအတိုင်း ကားလမ်းနဲ့ လိုင်းကားတွေကလည်း မကောင်းလှတော့ ခရီးသွားရင်လည်း မြစ်ကိုပဲ အားထားကြတယ်။ ဒီတော့ မြစ်ကမ်းနားတလျှောက်က ကုန်စည်အဝင်အထွက်ရယ်၊ ခရီးသွားတွေရယ်နဲ့ မြို့ရဲ့ တခြား အစိတ်အပိုင်းတွေထက် စည်ကားတယ်။

မြစ်ကမ်းနဲ့ နီးတဲ့ ရပ်ကွက်က မြို့မရပ်လို့ အမည်တွင်တယ်။ နောက်တော့ မြို့မှာ မီးအကြီးအကျယ်လောင်တော့ ပြောင်းကြ ရွှေ့ကြရင်းနဲ့ လောလောဆယ် မြို့လည်ကျတဲ့ အပိုင်းက လူနေပိုများလာပြန်တယ်။ ကျေးဇူးတင်စရာတစ်ခုက မြို့ရဲ့ စီးပွားရေးတွေက မြစ်ပေါ်မှာ တည်မှီနေတာကြောင့်၊ တနည်းအားဖြင့် အဲဒီအချိန်မှာ မြစ်ပြင်ပေါ် ရောက်နေတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ခပ်မြန်မြန် နလန်ပြန်ထူနိုင်ခဲ့ကြတာပါပဲ။

ငယ်ငယ်ကတော့ ကိုယ်တို့ ပြောင်းနေပြီ ဖြစ်တဲ့ မြို့လည်ခေါင်မှာ ကတ္တရာလမ်း အပြည့်ခင်းပြီး၊ လမ်းမခင်းရသေးဘဲ မြေလမ်းပဲ အများစု ရှိနေသေးတဲ့ မြစ်ကမ်းနံဘေးက မြို့မရပ်ထဲ သွားရတဲ့အခါ ကိုယ်က ဒီဘက်က လမ်းတွေက မကောင်းဘူးလို့ ပြောလေ့ရှိတယ်။ အဲဒီအခါတိုင်း မေမေက အရင်ကဆို ဒီအပိုင်းကမှ အစည်ကားဆုံးအပိုင်း၊ မြို့မပိုင်း၊ မီးလောင်ပြီးတဲ့နောက် လူတွေ ပြောင်းရွှေ့ကုန်ကြလို့သာ စိတ္တသုခတို့၊ ရန်ကင်းတို့ဆိုတာ ဖြစ်လာတာ။ အရင်ကဆို အဲဒီနေရာတွေ ဘာမှတောင် မရှိဘူး လို့ ပြန်ပြောတတ်တယ်။ သူက မြို့မရပ်သူကိုး။

အညာကလူတွေဟာ ဘာမဟုတ်တာလဲပဲ အစွဲကို ကြီးတယ်။ ပထမတော့ စိတ်ထဲမှာ ဘာမှ မရှိဘဲ ရိုးရိုးပြောတာပါ။ နောက်တော့ မေမေ့ကို စချင်လို့ မြို့မရပ်က မကောင်းတာတွေ တမင် ရှာပြောလေ့ရှိတယ်။ ပြောမယ့်သာပြောတာပါ။ ကိုယ့်ကိုလည်း မြို့မရပ်မှာပဲ ချက်မြှုပ်ခဲ့တာ။ :) အဲဒီဘက်ကို ရောက်တိုင်း အိမ်ဟောင်းရဲ့ ဘယ်နေရာလေးမှာ သမီးကို ချက်မြှုပ်ခဲ့တာဆိုတာကို မေမေက ပြတတ်တယ်။

အစွဲကြီးတတ်တဲ့ အညာကလူတွေ မီးလောင်ပြီးတဲ့ နောက်မှာ နေရာဟောင်းကို ဘာဖြစ်လို့ စွန့်ခွာကြတာလဲ၊ အိမ်နေရာဟောင်းမှာ အိမ်သစ်ပြန်မဆောက်ဘဲ နေရာသစ်တည်ကြတာလဲ ဆိုတာ ခု ဒီစာရေးရင်းမှ ကိုယ် စဉ်းစားနေမိတယ်။ အဖြေတော့ မရပါဘူး။ မီးလောင်တယ် ဆိုပေမယ့် မြေနေရာက ကိုယ်ပိုင်မြေနေရာအဖြစ် ကျန်နေရစ်တာပဲ။

မြို့မှာ ရေတွင်းကတော့ အိမ်တိုင်းလိုလို ရှိကြတယ်။ ဒါပေမဲ့ ထုံးဓါတ်ပါတဲ့ ရေစေးမို့ ဆေးကြောရုံ၊ ချိုးရေ သောက်ရေ လုပ်ရုံလောက်ပဲ သုံးပြီး၊ လျှော်လို့ ဖွပ်လို့ မကောင်းတော့ အဝတ်လျှော်၊ ခေါင်းလျှော်တာမျိုးလုပ်ဖို့ မြစ်ရေကို သီးသန့် ဝယ်သုံးရတယ်။ အိမ်မှာ ကူလုပ်တဲ့ အစ်မတွေ ရေစည်မှာဖို့လို့ တကူးတက အပြင်သွားကြရတယ်။ တခါတလေလည်း ဈေးကအပြန် အိမ်ကို ရေစည်လာပေးပါလို့ အကြုံဝင်ပြောရတယ်။ မြစ်ရေစည်တွန်းပြီး သွားလာ စီးပွားရှာနေကြသူတွေကလည်း မြို့ရဲ့ မြင်ကွင်းတစ်ခုပေါ့။

ကိုယ်တို့ လူမှန်းသိတဲ့အချိန်မှာ မြစ်နဲ့ မနီးတဲ့ မြို့လည်ပိုင်းကို ရောက်နေပြီ ဆိုပေမယ့်၊ မြစ်ကို ရင်းနှီးနေတုန်းပဲ။ ဆွေမျိုးသားချင်းတချို့ ခရီးသွားရင်လိုက်ပို့ရတဲ့ နေရာ၊ ရပ်ဝေးကနေ ပြန်ရောက်လာမယ့် ဆွေမျိုးတွေကို ကြိုဆိုရတဲ့ နေရာ၊ မြို့မရပ်မှာပဲ ဆက်နေ နေကြသေးတဲ့ မိတ်ဆွေဟောင်းတွေဆီ သွားလည်တိုင်း တကူးတက ဖြစ်နေပစေ ဝင်ကြည့်ရတဲ့ နေရာ ဖြစ်နေတုန်းပါပဲ။ ကိုယ်တိုင်လည်း မြစ်ကို ဖြတ်လို့ မကြာမကြာ ခရီးသွားရဖူးတာပေါ့။ မြစ်ကိုဖြတ်လို့ သွားရတဲ့ ခရီးတစ်ခုမှာ ဒီမြစ်ကိုကျော်ပြီး ဧရာဝတီထဲ အဝင် မြစ်နှစ်ခုကို ခြားထားတဲ့ ရေစည်းကြောင်း (ရေစီးကြောင်း မဟုတ်) တစ်ခုကို ထူးထူးခြားခြား မြင်ခဲ့ရဖူးတယ်။

ကလေးဘဝမှာ မြစ်ကို အချစ်ခင်ဆုံး၊ အစွဲလမ်းဆုံးနဲ့ အမှတ်တရ အရှိဆုံး အချိန်ကတော့ ဝါဆို ဝါခေါင် ရေကြီးတဲ့ အချိန်ပေါ့။ ကိုယ်အတူနေတဲ့ ဖေဖေ့ဘက်က အဘိုးအဘွားအိမ်က အမြင့်ပိုင်းကျလို့ ရေမဝင်ပေမယ့်၊ မေမေ့ဘက်က အဘိုးအဘွားတွေအိမ်က ရေဝင်တယ်။ အဲဒီတုန်းက အုတ်ခုံမြင့်မြင့်နဲ့ ခြေတံရှည် ပျဉ်ထောင်အိမ်။ (ရေဝင်တဲ့အပိုင်းဆိုတော့ ခြေတံ မရှည်လို့ မရဘူး)

ရေကြီးချိန်ကျလို့ ဘယ်အပိုင်းမှာ ရေတွေ ရောက်နေပြီတဲ့ လို့ ကြားလိုက်ရရင်ပဲ အူထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပျော်လာရတဲ့ အပျော်ကို ခုတော့ ဘယ်လိုအရာတွေကို ပိုင်ဆိုင်ရလို့မှ ပြန်ရနိုင်မယ် မထင်တော့ဘူး။ အိမ်နောက်ဘက် ခြံဝင်းတံခါး အစပ်ကို ရေရောက်လာပြီဆိုရင်တော့ ရေ ဆိုတဲ့အရာကို ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကမ္ဘာဦးလူလို အထူးအဆန်းလုပ်ပြီး ကြည့်ဖို့ ပြေးတော့တာပဲ။

တဖြည်းဖြည်းနဲ့ အိမ်ဝိုင်းထဲကို ရေဝင်လာရင်တော့ လူကြီးတွေနဲ့ ကလေးတွေဟာ တဆူဆူ ဖြစ်တော့တာပဲ။ ရေထဲ မဆင်းစေချင်တဲ့ လူကြီးတွေရယ်၊ ရေထဲကိုမှ ဆင်းဆော့ချင်နေတဲ့ ကလေးတွေရယ်... ကိုယ်လည်း အပါအဝင်ပါပဲ။ လူကြီးတွေအတွက်ကတော့ နေရာတကာကို ဖြတ်လာတဲ့ မသန့်ရှင်းတဲ့ မြစ်ရေ၊ သူတို့ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ မြစ်ရေ။ ကလေးတွေအတွက်တော့ ကစားစရာနေရာအသစ်၊ စွန့်စားခန်းအသစ်၊ မြင်ကွင်းအသစ်၊ လက်ပစ်ကူးရမယ့် ကမ္ဘာသစ်ကြီးပေါ့။

ကျောင်းကလည်း ဖွင့်ကာစ အချိန်။ အညာမှာတော့ ဇွန်၊ ဇူလိုင်က ပူတုန်းမို့ အဲဒီချိန်တွေဆို မနက်ပိုင်းလေးပဲ ကျောင်းတက်ရတယ်။ ကလေးတွေဟာ အချိန်ရှိသရွေ့ မြစ်ရေနားမှာချည်းပဲ။ သံပီပါကို ဒေါင်လိုက်ခြမ်းထားတဲ့ထဲကိုဝင်ပြီး လှေလုပ်စီးနေသူတွေ ရှိမယ်။ တကယ့်သစ်သားလှေကို စီးနေသူတွေ ရှိမယ်။ ရေထဲကို တကိုယ်လုံးဆင်းပြီး တဗွမ်းဗွမ်း ကူးနေသူတွေ ရှိမယ်။ ကိုယ့်လို လူကြီးတွေက ထိန်းထားလို့ ခြေထောက်ကလေးပဲ ရေစွတ်ရုံ ဆင်းရတဲ့သူတွေ ရှိမယ်။ ဘာပဲဖြစ်ဖြစ် မြစ်ရေကြီးချိန်ဟာ ရေကိုမြင်နေ ကြည့်နေရရုံနဲ့ ကလေးတွေကို ပျော်ရွှင်မြူးထူးစေတဲ့ ထူးခြားတဲ့ ပွဲတော်ချိန်တစ်ခုပါပဲ။

ညနေတိုင်ရင်တော့ မြို့အဝင်လမ်းမှာ မြစ်ရေလာကြည့်တဲ့ လူတွေနဲ့ စည်ကားတယ်။ ထန်းတောတွေ ရှိတဲ့ အုံ့အုံ့ဆိုင်းဆိုင်း မြေကွက် အကျယ်ကြီးထဲမှာ မြစ်ရေတွေက ထန်းပင်တွေကို ဖြတ်ပြီး တလွင့်လွင့်စီးနေတဲ့ မြင်ကွင်းက မြစ်ကမ်းနဖူးမှာ တည်တဲ့မြို့၊ အိမ်ဝိုင်းထဲထိ ရေဝင်တတ်တဲ့မြို့က မြို့သူမြို့သားတွေ တကူးတက လာကြည့်ရလောက်အောင် ထိုက်တန်လို့ပါပဲ။

ဒီလိုနဲ့ မေမေ့ဘက်က အဘိုးအဘွားအိမ်ကို ပြင်ဆောက်လိုက်ကြတယ်။ ခြံဝန်းရှေ့ပိုင်းကို မြင့်သွားအောင် မြေဖို့လိုက်ကြတယ်။ ဒါကြောင့် ရေကြီးချိန်ကျ ရေက အိမ်နောက်ဘက်ကိုပဲ ဝင်ရတော့တယ်။ အရင်လို အိမ်ရှေ့ကို ပတ်ပြီး စီးလာတာ မတွေ့ရတော့ဘူး။ ကိုယ်လည်း မိဘတွေပြောင်းတဲ့ အောက်အရပ်ကို ရောက်လာတယ်။ နွေရာသီဆိုရင် အညာကို အလည် ခဏပြန်ရောက်ပြီး၊ ရေကြီးချိန်ရောက်တာနဲ့ ကျောင်းဖွင့်ပြီမို့ ပြန်ရတယ်။

အရင်လို ရေကြီးချိန်ကို လူကိုယ်တိုင် မကြုံရတော့ပေမယ့် တယ်လီဖုန်းနဲ့ သတင်းလှမ်းမေးရင်း အိမ်နောက်မှာ ရေတွေရောက်နေပြီတဲ့ လို့ ကြားရင်၊ အတွေးနဲ့ မြင်ယောင်ရင်း ပျော်ရွှင်ရင်း လွမ်းဆွတ်လာခဲ့ရတာ ကလေးဘဝမကုန်ခင် တလျှောက်လုံးပါပဲ။

ခုတော့ မြစ်ရေကို အိမ်အရောက် ရေပိုက်လိုင်းနဲ့ သွယ်လိုက်ကြပြီ။ မြစ်ရေလိုချင်ရင် ရေစည်ရောင်းသူကို ခေါ်စရာ မလိုတော့ဘူး။ အိမ်ရှေ့ စဉ့်အိုးကြီးတွေထဲက ရေကို သုံးမယ့်နေရာထိရောက်အောင် သယ်စရာမလိုတော့ဘူး။ မြစ်ရေပိုက်ခေါင်းလေးကို ဖွင့်ချလိုက်ရုံပဲ။ ဒါကို အရင်တည်းက ဖြစ်ချင်ခဲ့ဖူးတယ်။ တွင်းထဲကရေလိုပဲ မြစ်ရေကိုလည်း ရေပိုက်ခေါင်းလေး လှည့်ရုံနဲ့ ရချင်ခဲ့တာ။

လုပ်ငန်းရှင်တွေကလည်း ကိုယ့်ထုတ်ကုန်၊ ရောင်းကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ဖို့ ဆယ်ဘီးကားတွေ၊ ရှစ်ဘီးကားတွေကို ကိုယ်ပိုင်ထားပြီး အဓိက သုံးလာကြတယ်။ ကားလမ်းတွေက မြစ်ကြောင်းထက် အများကြီး ပိုမြန်တယ်လေ။ မြို့မှာလည်း လူစီးကား အမျိုးမျိုးကို မြင်နေရပြီ။ နောက် အညာသူတွေ ကိုယ်တိုင်က ဆိုင်ကယ်ကို ဖိနပ်လို သဘောထားစီးနေကြတယ်။ ဒီတခေါက်ပြန်တော့ သူငယ်ချင်းတစ်ယောက် ပုဂံ၊ ညောင်ဦးထိ ဆိုင်ကယ်နဲ့ သွားလို့ အားလုံး ဝိုင်းအော်ခဲ့ကြသေးတယ်။

***
အလယ်တန်းလောက်က ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာတစ်ပုဒ် ဖတ်ရင်း တွေးဖူးတယ်။ ကဗျာက လျှပ်စစ်မီးတွေနဲ့ မြို့ပြအလယ်မှာ လရောင်ကို တမ်းတမိတာ၊ လေအေးစက်တပ်ထားတဲ့ အခန်းတွေအလယ်မှာ နွေရာသီရဲ့ လေပြည်လေးနဲ့ ယပ်တောင်ကလေးတစ်ချောင်းကို တမ်းတမိတာ ဆိုတဲ့ အကြောင်းပါ။

ကိုယ်တွေးမိတယ်။ ဆရာ့နှယ် ဘာလုပ်ဖို့လဲ။ လရောင်ကို တမ်းတရင် တအိမ်လုံးကို မီးမှိတ်လိုက်ပေါ့။ အဲယားကွန်းတွေ ပိတ်ပြီး ယပ်တောင်လေး ခပ်နေပေါ့။ ဒါမှ မကျေနပ်သေးရင် သဘာဝနဲ့ ပိုနီးတဲ့ နယ်ကို ခဏ ခရီးထွက်လိုက်။ ဘယ့်နှယ် ကိုယ်တိုင် စက်မှုတက္ကသိုလ်က ဆင်းပြီး၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရက်နဲ့ လျှပ်စစ်မီးနဲ့ အဲယားကွန်းကို မကြည်ဖြူနိုင် ဖြစ်နေတယ်။ ဒါတွေ ဖြစ်လာဖို့ လူတွေမှာ ဘယ်လောက် တီထွင်ခဲ့ရသလဲ။

***
ဒီတခေါက် ပြန်တော့ မေမေက ပြောတယ်။ မြစ်ကို ရေကာတာတွေ ပြင်ဆောက်လိုက်တော့ ရေမတက်တော့ဘူးတဲ့။ အိမ်နောက်ဘက်ကို နောက်ဆို ဘယ်တော့မှ ရေဝင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူ သနပ်ခါးပင်တွေ စိုက်တော့မယ် ဆိုတယ်။

အိမ်ထဲကို ရေမဝင်တော့ဘူး။ ကိုယ်တို့မြို့မှာ မြစ်ရေကြီးချိန်ဆိုတာ နောက်ထပ် ဘယ်တော့မှ မရှိတော့ဘူး။ အဲဒီစကားအဆုံးမှာ ကိုယ့်အတွက်တော့ တခုခုကို ဆုံးရှုံးသွားသလိုပါပဲ။

ဘာပဲဖြစ်ဖြစ်လေ... ကိုယ့်အိမ်ထဲ ရေမရောက်ခင်ကတည်းက ဘယ်နေရာထိ မြစ်ရေတွေ တက်လာပြီ ဆိုတဲ့ သတင်းကြားနဲ့တင် အူလိုက်သည်းလှိုက် ပျော်တတ်ခဲ့ရတဲ့ ကလေးဘဝက ဝါဆို ဝါခေါင်အချိန်တွေကတော့ အသေအချာကို ကုန်လွန်သွားခဲ့ပြီ။

***

Thursday, March 11, 2010

ရွှေလိပ်ပြာလေး မရှပ်တေး

ငယ်ငယ်တုန်းကပေါ့။ ၃/ ၄ နှစ်မှာ...
အိမ်နောက်ကျောဘက် လမ်းမပေါ်မှာ အထက်တန်းကျောင်းရှိတယ်။
အိမ်ကနေဆိုရင် ၁ဝ မိနစ်လောက်ပဲ လျှောက်ရင် ရောက်ပြီ။
အိမ်ကနေ ဘယ်ဘက်ကိုထွက်၊ ပြီး ဘယ်ပြန် ထောင့်မှန်ချိုး၊ လမ်းမကိုကူး၊ ညာပြန်ထောင့်မှန်လျှောက် zip zag ပုံ သွားရင် ရောက်ရော။

အဲဒီကျောင်းထဲမှာ အားကစားပွဲ လုပ်တော့ အိမ်ကနေ အသံတွေ ကြားရတယ်။
ကိုယ်က သွားကြည့်ချင်တယ် လိုက်ပို့ပေး ပူဆာတော့ ဖေဖေက စက်ဘီးနဲ့ လိုက်ပို့တယ်။
ကျောင်းထဲ ရောက်လို့ ၅ မိနစ် မပြည့်ခင်မှာပဲ မကြည့်ချင်တော့ဘူး။
ပြန်မယ် လုပ်ပြန်ရော... ကလေးအတွက် စိတ်ဝင်စားစရာလဲ မကောင်း၊ ကောင်းကောင်းလဲ မမြင်ရလို့ နေမယ်။

အဲဒါ ဖေဖေက "ခုပဲ လာချင်တယ်။ ခုပဲ ပြန်ချင်တယ် လုပ်ပြန်ပြီ။ ပြန်ချင်ရင် ကိုယ့်ဘာသာကိုယ် ပြန်။ ဖေဖေက နေခဲ့ဦးမယ်။" လို့ ပြောတယ်။ အဲဒါနဲ့ ဂျီကျမယ် ထင်လား။ မကျဘူး။ "အင်း ပြန်မယ်။" လို့ ပြောပြီး ထွက်လာခဲ့တယ်။

ဖေဖေက စက်ဘီးတွန်းပြီး နောက်ကနေ အသာ လိုက်ကြည့်ခဲ့တယ်။
ကိုယ်က နောက်တောင် လှည့်မကြည့်ဘူး ဆိုတယ်။

အိမ်နားရောက်တော့ တောဘက်က လာရောင်းတဲ့ ဈေးသည်တချို့နဲ့ ဆုံတော့ "ဟဲ့ ကလေးလေး တယောက်တည်းလား" ကိုယ့်ကို ကြည့်မေးတော့ ကိုယ်က လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး သူတို့ကို လှမ်းထိနှုတ်ဆက်တယ် ပြောတယ်။ လမ်းမှာ ရပ်ထားတဲ့ ကားတို့ ဆိုင်ကယ်တို့ သစ်ပင်တို့ တွေ့ရင် ကလေးတွေ လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး ထိသွားကြတယ် မဟုတ်လား။

ပြီးတော့ အိမ်ထဲ ဝင်ချသွားရော...

***
အဲဒီအရွယ်လောက်မှာပဲ ၁၅ မိနစ်၊ မိနစ် ၂ဝ စာဝေးတဲ့ ဖေဖေ့ဘက် အဘိုးအဘွားအိမ်ကနေ၊ မေမေ့ဘက်အဘိုးအဘွားအိမ်ကို ဘယ်သူ့မှ မပြောဘဲ တစ်ယောက်တည်း ထွက်သွားဖူးတယ်။
အဲဒါကိုတော့ ကိုယ့်ဘာသာ မှတ်မိတယ်။

တမင် မသိအောင် ထွက်တာတော့ မဟုတ်ဘူး။
ဒီအိမ်နဲ့ ဒီအိမ်သွားတာ ဘယ်သူ့မှ လေကုန်ခံပြောစရာ မလိုဘူးများ ထင်နေခဲ့လား မသိဘူး။

ဟိုဘက်အိမ်ရောက်တော့မှ "ဟင် တစ်ယောက်တည်း လာတာလား။ ဘယ်သူပါသေးလဲ။ ဘယ်သူမှ မပါဘူးလား" နဲ့ ပျာယာတွေခတ်ပြီး... ဟိုအိမ်ကို တစ်ယောက်သွားပြော။ မပြောခင်မှာပဲ ဟိုအိမ်က လိုက်လာပြီ။ လမ်းမှာလည်း ကိုယ့်ကို တစ်ယောက်တည်း ထွက်သွားတာ မြင်လိုက်တဲ့ အသိ ဦးလေးကြီးတစ်ယောက်က နောက်က လိုက်လာကြည့်ပေးတယ် ပြောတယ်။ (အညာမှာတော့ ဒီလိုပါပဲ။)

***
အဲဒါနဲ့ ဖေဖေ့ဆီမှာ ပုံပြင်တစ်ပုဒ် ထွက်လာတယ်။
"ရွှေလိပ်ပြာလေး မရှပ်တေး" တဲ့။
သူ့မေမေ မသိအောင် တိတ်တိတ်လေး အပြင်ခိုးထွက်လို့ စုန်းမကြီးဆီ ရောက်သွားတဲ့ အကြောင်း။ စုန်းမကြီး မသိခင် လွတ်အောင် ပျံပြေးလာရလို့ အိမ်ရောက်တော့ အတောင်တွေတောင် ညောင်းကုန်တဲ့ အကြောင်း။

ဇာတ်ကြောင်းအကုန်တော့ မမှတ်မိတော့ပါဘူး။ မေ့ကုန်ပြီ။

***
အဲဒီ "ရွှေလိပ်ပြာလေး မရှပ်တေး" က သမီးလား ဖေဖေ လို့ ဖေဖေ့ကို မမေးလိုက်ရဘူး။

***

Saturday, January 2, 2010

My Childhood Days !


Pic from Here

တဂ်ရေးရှိက ရေးအပ်လှ၏။
နန်းညီ က ကလေးဘဝ ဘာညာကွိကွများ မှာ တဂ်လို့ ရေးမှာပါ။

***
ငယ်ငယ်ကလို့ စဉ်းစားမိရင် "အလျှံညီးညီး တောက်မည့်မီးကား" ဆိုတာကို သွားသွား သတိရမိပါတယ်။ တော်တာ မတော်တာကို ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်ဟာ တခြားလူတွေလိုပါပဲ။ တော်တာတချို့ (လို့ ကိုယ့်ဘာသာ ထင်တာ) ရှိပြီး၊ လျော်တာတချို့လည်း ရှိပါတယ်။ ယေဘုယျပြောရရင်တော့ ယေဘုယျကျတဲ့ လူ (average person) ပါပဲ။ ဒါပေမဲ့ မြန်မာတွေရဲ့ တချို့အစွဲအလမ်းတွေကနေ ကင်းလွတ်တဲ့ (အနည်းဆုံးတော့ ကင်းလွတ်ချင်တဲ့) သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အလျှံညီးညီး တောက်မည့်မီးကား ဆိုတာ တကယ်တော့ ငယ်ငယ်ကတည်းက ဗီဇ တချို့က ပြလာခဲ့ပြီးသားလို့ ပြောချင်တာပါပဲ။

***
ကလေးဘဝမှာ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာ ကြီးပြင်းခဲ့ရတာ၊ ဘိုးဘွားအစုံအလင်နဲ့ အညာက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့ရတာကတော့ အင်မတန် ကျေနပ်စရာပါ လို့ အသက်ကြီးလာလေ၊ တွေးမိလာလေပါပဲ။ ကွာခြားမှုကို အညာမှာပဲ တောက်လျှောက်ကြီးပြင်းခဲ့ရရင် (သို့) မြို့ကြီး ပြကြီးမှာပဲ တောက်လျှောက် ကြီးပြင်းခဲ့ရရင် မသိနိုင်လောက်ဘူး လို့ ထင်မိပါတယ်။

အညာလို မြို့သေးသေးတစ်မြို့က သာမန်လူတစ်ယောက်မှာ၊ ရန်ကုန်လို မြို့ကြီးပြကြီးက သာမန်လူတစ်ယောက်ထက် identity ပိုပြီး ပြတ်ပြတ်သားသားရှိတယ် လို့ ပြောရင် နှစ်နေရာစလုံးမှာ နေထိုင်ကျင်လည်ဖူးတယ်ဆိုရင် လက်ခံကြပါလိမ့်မယ်။ အဲဒီလို နယ်နဲ့ မြို့ကြီးမှာ လူတွေရဲ့ identity ကွာခြားပုံ အကြောင်းကို ဟိန်းလတ် ရဲ့ မဟေသီ စာပေအင်တာဗျူးမှာ ဆရာဖေမြင့် ပြောသွားတာ သိပ်ကောင်းတာပဲ။ အဲဒီ အင်တာဗျူးတွေ စုထုတ်တဲ့ စာအုပ် ငှားဖတ်တုန်းက ကူးမထားလိုက်မိဘူး။

သူပြောသွားတာက ... နယ်က လူတစ်ယောက်ချင်းစီမှာ သူပါ ဆိုတဲ့ identity ကို ဘယ်လောက်တောင် ဆုပ်ကိုင် နိုင်သလဲ ဆိုရင်... ဥပမာ - တနေရာရာမှာ ပြဿနာ တခုခု ဖြစ်ပြီ ဆိုပါစို့။ ဘယ်သူနဲ့ ဘယ်သူ ဖြစ်နေတာ ဆိုတာကို သတင်းရတာနဲ့ ဘာပြဿနာ ဆိုတာကို မှန်းလို့ ရနေပြီ။ အဲဒီနေရာကို ဘယ်သူထပ်ရောက်လာရင် ဘာဝင်ဖြစ်မယ်။ ပြီးတော့ ဘာဆက်ဖြစ်မယ် ဆိုတာကို ကျန်တဲ့လူတွေက မှန်းလို့ ရနေပြီ ဆိုတာမျိုးပါ။ ကောင်းတာလည်း ရှိပါတယ်။ မကောင်းတာလည်း ရှိပါတယ်။

အင်း မဆိုင်တာတွေ ရှည်မိပြန်ပြီ။

***
ကလေးဘဝကတော့ ကိုယ့် မှတ်ဉာဏ်ထက် လူကြီးတွေ မှတ်ဉာဏ်ထဲက အကြောင်းအရာတွေက ပိုများပါတယ်။ ကလေးဘဝတည်းက ကိုယ်တွေ့ကြုံမှတ်သားမိတဲ့ အရာတွေကို အလျဉ်းသင့်ရင် ဆွဲထည့် တတ်တာကတော့ အတော်သိသာခဲ့တယ် ဆိုရမယ်။

ထင်မိထင်ရာ စွတ်ပြောတာတွေလည်း ရှိတယ်။ အိမ်မှာ ဆွမ်းတော်ပွဲကျတွေ လာယူတဲ့ အမျိုးသမီးနဲ့ မေမေကို စကားနည်းနည်းပြောနေကြတာ မြင်လို့ သူငယ်ချင်းလားလို့ ထင်နေတာမျိုး။

***
* ၁၁လ

၁၁ လမှာ စကားစပြောပြီ ဆိုတယ်။ ကိုယ့်ထက် အသက် ၁နှစ် ၁လကြီးတဲ့ အစ်ကိုဝမ်းကွဲက အဲဒီချိန်ထိ စကားမပြောသေးဘူး။ ကိုယ် စပြောတဲ့ စကားလုံးက "ပေးဘူး" တဲ့။ ပြီးတော့ ကြယ်တီး (ကြယ်သီး)၊ နောက် မေမေ။ တကယ်တော့ အားလုံး တပြိုင်တည်း လိုလို ပြောနေတာ ဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ မေမေ ကို စပြောကြတာပဲ။ ကိုယ်ဟာ ပေးဘူး ကိုပဲ စပြောတယ်လို့ လူကြီးတွေ အမှတ်မှားနေတာလို့ ခုထိ ထင်တုန်း။

နောက်ပိုင်း ကိစ္စတွေကတော့ ၃/၄ နှစ် ကနေ ကျောင်းတက်ကာစ အသက် ၅ နှစ်အထိ လောက်မှာပေါ့။

* တခုပြီးတော့ တခု


မေမေ့ဘက်က အဘိုးက ဂီတကို ဝါသနာပါတယ်။ ပတ္တလားတီးတတ်တယ်။ (အဲဒီအမွေကို ဘယ်သူမှ မရဘူး)။ အဲဒီ ပတ္တလားမှာ စီထားတဲ့ ဝါးပြားလေးတွေ ကြည့်ပြီး တန်းစီနေတာပဲ ဆိုတာကိုလည်း မပြောတတ်တော့ "မေမေ ဘဘရဲ့ ပတ္တလားက တခုပြီးတော့ တခု၊ တခုပြီးတော့ တခု နော်" လို့ ပြောခဲ့တယ် ဆိုတယ်။

* ကြက်သွန်


ပြီးတော့ နည်းနည်း အစားရွေးတယ်။ ဟင်းထဲမှာ ကြက်သွန်ပါတာ မကြိုက်ဘူး။ တနေ့ အသားဟင်းကြော်တာကို ကြက်သွန်နီ နိုင်းချင်းထည့်လိုက်တော့ အော် ငိုပြီး ချက်တဲ့ လူကြီးတွေကို ရန်တွေ့တယ်တဲ့။

"အဲဒီ ဟင်းထဲကို ကြက်သွန်တွေ ထည့်ရတယ်လို့ ဘယ်သူက ပြောတာတုန်း"
ဆိုပြီး။ လူကြီးတွေမှာ ရီစရာကြီး ဖြစ်နေကြတာပေါ့။ ကလေးက မကြိုက်ဘူး။ မစားချင်ဘူး။ ကြက်သွန်တွေ ဖယ်ပေးပါလို့ မပြောဘဲ ဒါမျိုးပြောတယ် ဆိုတော့...။ လူကဖြင့် ခုအရွယ်ထိ ဘာမှ တတ်တာ မဟုတ်ဘူး။

* သစ်ပင်ပေါ်မှာ သီချင်းဆိုမယ်


ပြီးတော့ ဖေဖေ့ဘက်က အဘွားက ရုပ်ရှင် ဝါသနာပါတယ်။ စစ်ကိုင်းမှာ ရုပ်/သံ ထပ်ဆင့်လွှင့် ဆောက်လို့ ကိုယ်တို့ဆီမှာ TV ကြည့်လို့ရပြီလည်း ဆိုရော တန်းဝယ်တော့တာပဲ။ အဲဒီအချိန်က မီးကလည်း မှန်၊ သတင်းစာကလည်း မှန်၊ လေယာဉ်ကွင်းကလည်း မှန်တယ် ထင်ပါ့။ လေယာဉ်ကွင်းကိစ္စတော့ သိပ်မသိပါဘူး။

အဲဒီမတိုင်ခင်မှာ မြဂနိုင် ဆိုတဲ့ကားကို ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ထားတော့... ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးတယောက်က သစ်ပင်ပေါ်မှာ သီချင်းဆိုတဲ့ အခန်းပါတယ်။ ခြေထောက်ကလေးကို စည်းချက်နဲ့ အညီ လှုပ်လို့ပေါ့။

တစ်ရက်တော့ မေမေ့ဘက်က အဘွားအိမ်မှာ လူကြီးတွေ အလုပ်ရှုပ်နေတဲ့နားမှာ ကိုယ်က အနှောင့်အယှက်ဖြစ်အောင် ဆော့တယ်။ တခါပြောမရ၊ နှစ်ခါပြောမရ ဖြစ်နေတော့ အဘွားလုပ်သူက "ဒီကလေးမလေးတော့ ပြောမရရင် တမာပင်ခွကြား သွားတင်လိုက်မှနဲ့ တူတယ်" လို့ ပြောတယ်။

အဲဒီမှာ ချက်ချင်းပဲ "ဟင် ဒါဆို ရုပ်ရှင်ထဲကလို အဲဒီ သစ်ပင်ပေါ်မှာ ခြေထောက်လေးလှုပ်ပြီး သီချင်းဆိုနေလိုက်မှာပေါ့" လို့ ပြန်ပြောခဲ့တယ်။

(ကိုယ်က ဖေဖေ့ဘက်က အဘွားကိုသာ ကြောက်တယ်။ အဲဒီ အဘွားက ထက်မြက်တယ်။ သြဇာလွှမ်းချင်တယ်။ စည်းစနစ် ချချင်တယ်။ မေမေ့ဘက်က အဘွားက ပုံပြောလိုက်၊ စာဖတ်ပြလိုက်၊ ချွဲလိုက် နွဲ့လိုက် ဆိုတော့ မကြောက်ဘူး။ အဲဒီ အဘွားကို ပိုရင်းနှီးပါတယ်။ နောက်ပိုင်း ကျောင်းနေတဲ့ အရွယ်ရောက်တော့ ဖေဖေ့ဘက်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။)

* လွတ်အောင်ရှောင်တဲ့ ယုန်ကလေး


ကိုယ်က ပုံပြင်ကြိုက်တယ်။ စာဖတ်ပြတာ နားထောင်ရတာ ကြိုက်တယ်။

ကလေးဘဝလို့ စဉ်းစားမိရင် ဆွေမျိုး အသိုင်းအဝိုင်းတင် မကဘဲ၊ ဗမာတွေရဲ့ နယ်ပယ်မှာတော့ အိမ်နီးချင်း မိတ်ဆွေတွေရဲ့ အခန်းကဏ္ဍပါပါလာမှာပါပဲ။ ကိုယ်ကတော့ လူတစ်ယောက်ရဲ့ ငယ်ဘဝဟာ ကြီးတဲ့ထိ (အသိစိတ်ထဲမှာ မမှတ်မိသည့်တိုင်အောင်) အရိပ်ထိုးတယ် လို့ ယုံကြည်သူ ဖြစ်တော့ အဲဒီ အခန်းကဏ္ဍတွေကို စိတ်ဝင်စားပါတယ်။ ဗမာမှုနယ်ပယ်ဟာ ကောင်းတဲ့ အချက်တွေ ရှိသလို၊ မကောင်းတဲ့ အချက်တွေလည်း ရှိတယ်လို့ မြင်မိတယ်။

ကလေးနှစ်ယောက်ကို မြင်လို့ တယောက်ယောက်ကို "သမီးတို့ နှစ်ယောက်မှာ/ သားတို့ နှစ်ယောက်မှာ ဘယ်သူက ပိုလှတာလဲ" လို့မေးတာမျိုး၊ "မေမေနဲ့ ဖေဖေကို ဘယ်သူ့ပိုချစ်လဲ" လို့ မေးတာမျိုး ...
ဘာမှ မဟုတ်ဘူး။ ချစ်လို့ မေးတာ။ မေးရိုးမေးစဉ်မေးတာ လို့ ယူဆလို့ ရပေမယ့် ဘာမှလည်း အဓိပ္ပါယ် မရှိဘူးလို့ ကိုယ်မြင်တယ်။ တကယ်တော့ မေးခွန်းဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်မှာ သူနဲ့ ငါနဲ့ ဘယ်သူက ပိုသာတာလဲ။ ဘယ်သူနဲ့ ယှဉ်ရင် ဘယ်သူက... ဆိုတာ သွင်းပေးလိုက်တယ် လို့ ကိုယ်မြင်တယ်။

ကိုယ်ဟာ နည်းနည်း အကဲဆတ်တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ လူကြီးအနေနဲ့ ကလေးကို နှုတ်ဆက်စကားဆိုရာမှာ သူ့ကို ကိုယ်က ချစ်ခင်သိမှတ်တာကို ပြဖို့ပဲ မကောင်းဘူးလား။ ဒီနည်းနဲ့ ကလေးရဲ့ စိတ်မှာ ကျေနပ်မှုနဲ့ ယုံကြည်မှု တစ်ခုခု ရသွားဖို့ မကောင်းဘူးလား။ ယှဉ်ဖို့ မလိုတာတွေကို ယှဉ်ကြည့်စေချင်တဲ့စိတ်မျိုး ဘာဖြစ်လို့ သွင်းပေးချင်ကြတာလဲ။ ဒါပေမဲ့ ဒီစကားမျိုး ပြောရင် ပြောတဲ့သူကို ရူးနေတယ်တောင် ထင်ကောင်း ထင်ကြဦးမယ်။

(တကယ်က အဲဒီမေးခွန်းမျိုး မေးတဲ့
လူကြီးတွေမှာ အဲဒီ စိတ်မျိုးသွင်းပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာ မရှိပါဘူး။ ဘာရည်ရွယ်ချက်နဲ့ ဒါမျိုးမေးတာလဲ ဆိုတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ မေးရိုးမေးစဉ်မို့ မေးလိုက်တာပါပဲ။ ဒါပါပဲ။)

ဒါမျိုးကို ကလေးဘဝမှာ ကိုယ် ဘယ်နှစ်ခါ ကြုံခဲ့လို့ ဘာတွေ ပြန်ပြောခဲ့တယ်ဆိုတာ မသိတော့ပါဘူး။ ကြုံသလိုပဲ ဖြေခဲ့မှာပေါ့။ ဒါပေမဲ့ စိတ်ထင် သူငယ်တန်း အရွယ်လောက်မှာတော့ မှတ်မှတ်ရရ ကြုံခဲ့တယ်။

အဲဒီနေ့က နှစ်ဘက်ဘိုးဘွားတွေ တစ်အိမ်မှာပဲ စုဆုံပြီး ရှိတဲ့နေ့။ တခြားဧည့်သည်တွေလဲ ရှိတယ်။
အဲဒီထဲက ဧည့်သည်အမျိုးသမီး တစ်ယောက်က စကားဝိုင်းကနေ ကိုယ် ဆော့နေတဲ့နေရာကို လှမ်းမေးတယ်။ ကိုယ့် အဖေဘက်က အဘွားနဲ့ အမေဘက်က အဘွား ဘယ်သူ့ကို ပိုပြီး ချစ်တာလဲ တဲ့။

ဖေဖေနဲ့ မေမေပဲ ဖြစ်ဖြစ်... အဘိုးနှစ်ယောက်ကိုပဲ ဖြစ်ဖြစ် ယှဉ်ပြီး မေးရင် ကိုယ့်အတွက် ဘာမှ ပြဿနာ မဟုတ်ဘူး။ အဘွားနှစ်ယောက်ကို ရှေ့တင် ယှဉ်မေးတာကတော့ တကယ့် ချောက်ပဲ။

ဆော့နေရာကနေ "ယုန်ကလေး နှာစေးနေလို့ မဖြေနိုင်သေးဘူး" လို့ ပြန်ပြောခဲ့တယ်။
လူကြီးတွေမှာ ပွဲကျ နေပေမယ့် ကိုယ်ကတော့ အဲဒီ ကျောင်းစတက်တဲ့ အရွယ်မှာ ခံစားတတ်ပြီ ပြောရမလား၊ အဲဒီ မေးခွန်းမျိုးကို မကြိုက်ဘူး။ လိုက်လည်း မရီဘူး။ မေးတဲ့သူကို ချောက်ချတယ်လို့ စိတ်က မသတ်မှတ်သေးတတ်သည့်တိုင်အောင် သဘောမကျခဲ့ဘူး လို့ ခုချိန်ထိ ဝိုးတဝါး မှတ်မိတယ်။

ခြင်္သေ့ကြီးရဲ့ ပါးစပ်နံသလား မေးတော့ နံတယ် ပြောလဲ အစားခံရမယ်။ မနံပါဘူး ပြောလည်း အစားခံရမယ် ဆိုတော့ နှာပဲစေးနေလိုက်တဲ့ ယုန်ကလေးပေါ့။

***
နောက်ပိုင်း ကိုယ် ကြီးလာတော့လည်း ကလေးတွေကို နေရခက်အောင်၊ သူတို့ အတွက် အဓိပ္ပါယ်မရှိတာတွေ အပိုစကားတွေလို့ ကိုယ့် ဉာဏ်နဲ့တွေးမိသမျှ ဘယ်တော့မှ မပြောဘူး။

တကယ်တော့ ကိုယ်က ကလေးတစ်ယောက်ကို ပြုစုဖို့ သိပ်တော့ စိတ်ရှည်တဲ့သူ မဟုတ်ပါဘူး။
ကိုယ်ဘာလုပ်ပေးချင်လဲ ဆိုတော့ သူတို့ မေးခွန်းတွေ မေးရင် သူတို့ စိတ်ကျေနပ်လောက်အောင် ဖြေပေးချင်တယ်။ ဖြေလည်း ပေးခဲ့တယ်။

တခါတလေ ချည်လို့ ချည်မှန်း မသိတဲ့... ကြိုးတွေ...
ကျလို့ ကျမှန်း မသိတဲ့ ချောက်တွေကို ပြပေးချင်တယ်။
အဆင့် (၁) ဆိုတဲ့ ကြိုးတွေ၊
၁ဝ တန်းမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်ရင် ဆေးတက္ကသိုလ် တက်ရတယ် ဆိုတဲ့ ချောက်တွေ...

တကယ်တော့ အသက် (၁၆) နှစ်ဆိုတာ ကိုယ် ဘာလုပ်ချင်လဲ မသိသည့်တိုင်အောင်၊ ဘာမလုပ်ချင်ဘူးလဲ ဆိုတာတော့ သိသင့်တယ် ထင်တာပဲ။ ကိုယ်ဘာလုပ်နေတာလဲ ဆိုတာ အနည်းဆုံးတော့ သိသင့်တဲ့ အရွယ်လို့ ထင်မိတယ်။ ဒါပေမဲ့ မြန်မာပြည်က (အထူးသဖြင့် နယ်က) ကလေးတွေဟာ လူဖြစ်နောက်ကျတယ် ထင်မိတယ်။

ဘာမှန်းညာမှန်း မသိဘဲသွားရင်တော့ နေရာတိုင်းဟာ ချောက် ဖြစ်နေနိုင်တယ်။
ကံကောင်းလွန်းပါမှ... အခြေအနေက ကိုယ့်ဘက်ပါတာ။
ဒါပေမဲ့ ဘာမှလည်း လုပ်မပေးနိုင်ဘူး။
အဲဒီ ချောက်ထဲ ဘာမှန်းညာမှန်း မသိဘဲ ဆင်းကြတာ ဒီတိုင်း ကြည့်နေရုံပါပဲ။

ကြည့်မနေလို့ "ဒီလိုဆိုရင် မသွားသင့်ဘူး" ပြောတယ် ထားပါတော့။
"ဒီမသွားနဲ့" ဆိုရင် "ဘယ်ကို သွားလို့ရတယ်" ဆိုတာ ညွှန်းပေးနိုင်ရမယ် မဟုတ်လား။
"ဘယ်ကို သွားပါ" ဆိုတာကိုမှ မပြောနိုင်တော့လည်း သွားချင်တဲ့ဆီသာ သွားကြပါတော့။
ကိုယ်လည်း ဘာမှန်းမသိတာတွေ လုပ်လာခဲ့တာပဲ။

အင်း ဒါလည်း မဆိုင်တာတွေပဲ။

***
ဆိုင်တာလေးနဲ့ ပြန်ပိတ်လိုက်ဦးမယ်။
အဲဒီ အလျှံတညီးညီး ဟာ ဘယ်ထိတောင် တောက်လာခဲ့လဲ ဆိုတော့...

၁ဝ တန်းလောက်မှာ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။

My Fri: မင်းက
"..." လုပ်ရမှာ။

Me: အင် "..."။ "..." ဆိုတာ ကြမ်းပိုးကို လိပ်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတတ်ရတာလေ။

My Fri: မင်း အဲလိုပဲ အမြဲတမ်း ပြောနေတာပဲဟာ...

Me: "မှားနေပြီ။ ကိုယ်က ကြမ်းပိုးဆိုရင် ကြမ်းပိုးဖြစ်အောင်ပဲ ပြောတတ်တာ။ သူများတွေက လိပ်လို့ ထင်နေကြတဲ့ ကြမ်းပိုးကိုလေ။

ဒီလိုပဲ လိပ် ဆိုရင်လည်း လိပ်ဖြစ်သွားအောင်ပဲ ပြောတတ်တာ။ သူများတွေက ကြမ်းပိုးလို့ ထင်နေကြတဲ့ လိပ်ကိုလေ။"


***
အင်း ဒီလိုဟာမျိုးမှ ဒါမျိုး မဖြစ်ရင် ဘယ်လိုဟာမျိုးက ဒါမျိုး ဖြစ်ပါ့မလဲ။
(Blogger ဖြစ်တာကို ပြောတာပါ။)

***

မပြောမရှိနဲ့။ အင်ဂျင်နီယာတစ်ယောက်ဟာ နှုတ်သီးကောင်းဖို့တော့ အတော်လိုတာ။
ကိုယ့်ဘက်က ခိုင်မာတဲ့ အချက်အလက်တွေတော့ ရှိရမယ်။

***

Thursday, October 29, 2009

... ဖတ်ဖို့

ကိုယ် ငယ်ငယ်လေးတည်းက စာအုပ်တွေကို စွဲလမ်းတယ်။

စာမဖတ်တတ်ခင်က လူကြီးတွေကို "ပုံပြောပြ" ဆိုပြီး အလုပ်ပေး၊ အိမ်မှာရှိတဲ့ ပေဖူးလွှာ၊ ရှုမဝ မဂ္ဂဇင်းဟောင်းတွေ ဆွဲယူလာ၊ ကာတွန်းပါတဲ့ စာမျက်နှာတွေ လှန်ပြီး "စာဖတ်ပြ" ဆိုပြီး အလုပ်ပေးတတ်တယ်။ မိဘတွေ၊ အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေ၊ အိမ်မှာနေရင်း ကျောင်းလာတက်တဲ့ ဆွေမျိုးနီးစပ် အစ်မတွေ ဘယ်သူမှ မကျန်ဘူး။

အဲဒီ မဂ္ဂဇင်းတွေထဲက ကာတွန်းအောင်ရှိန်ရဲ့ စံပ၊ မယ်ခ နှစ်မျက်နှာ ကာတွန်းတစ်ခုကိုဆို ကြိုက်လွန်းလို့ အထပ်ထပ် ဖတ်ပြခိုင်းရာကနေ အလွတ်ပါ ရသွားရော။ အိမ်ကို ဧည့်သည်လာရင် (လူကြီးတွေကလည်း မြှောက်ပေးတော့) အဲဒီ စာအုပ်ကို ကိုင်ပြီး စာပဲဖတ်တတ်သလိုလိုနဲ့ အလွတ်ရွတ်ပြီး ကြွားရတာ အမော။ (ဒါတွေကတော့ ကိုယ့်မှတ်ဉာဏ်နဲ့ မမှတ်မိတော့ပါဘူး။ လူကြီးတွေ အပြောနဲ့သာ မှတ်မိရတော့တာ။)

အဲဒီအချိန်တည်းက ဖေဖေက ကိုယ့်အတွက် စာအုပ်တွေ ဝယ်ပေးနေခဲ့ပြီ။ စာပေဗိမာန်ကထုတ်တဲ့ တေဇ၊ ရွှေသွေး ပေါင်းချုပ်တွေ အမြဲဝယ်ပေးနေခဲ့တယ်။

(ကြုံလို့ ပြောရရင် '88 မတိုင်ခင်ထိ ကိုယ်တို့မြို့မှာ သတင်းစာ နေ့ချင်းရနေတာ သတိရမိတယ်။ အဲဒီကိစ္စ လူကြီးတွေကို မေးမယ် မေးမယ်နဲ့ သေချာလဲ မမေးဖြစ်ပါဘူး။ စိတ်ထင်တော့ အဲဒီတုန်းက ပခုက္ကူလေယာဉ်ကွင်းကြောင့်လို့ ထင်တာပဲ။)

အော်... အဲဒီတုန်းကတော့ ညကျ "ကြောင်နဲ့ ကြွက်" ကာတွန်းကား လာမယ်တဲ့ ဆိုလည်းပျော်၊ "သစ်တောက်ငှက်ကလေး ဝူဒီ" လာမယ်ဆိုလည်းပျော်၊ "ပရေရီမြက်ခင်းပေါ်က အိမ်ကလေး" လာမယ် ဆိုလည်းပျော်၊ ပျော်စရာတွေ တယ်ပေါတာပဲ။ (အဲဒါကတော့ နည်းနည်းကြီးတဲ့ အရွယ်ပေါ့လေ။) ခုတော့လည်း ဟက်ဟက်ပက်ပက် ပျော်တယ်ဆိုတာ မရှိတော့ပါဘူး။ ထီ ဆုကြီး ပေါက်ရင်တောင် ငယ်ငယ်က ကာတွန်းကား ကြည့်ရတာလောက် ပျော်မယ်မဟုတ်ဘူး ထင်တယ်။

ထားပါတော့။ အဲလို စာအုပ်တွေ ဖေဖေ ဝယ်ပေးရင်လည်း သိပ်ပျော်တာပဲ။
ဖတ်ပြရမယ့် လူကြီးတွေကတော့ ပါးစပ်က အမြှုပ်ထွက်အောင် ဖတ်ပြရတော့မှာကို သိတော့
ပျော်ချင်မှ ပျော်မယ်။


ဖေဖေဆိုရင်လည်း စာဖတ်ပြရတာတင် မကဘူး။ ပုံပြင်ကို အမျိုးမျိုး တီထွင်ပြီးပြောရတာ။
သူ့ဘိုးဘိုးရဲ့ မြင်းကြီးကို ခိုးစီးပြီး (အဲဒီထဲမှာ မြင်းကလည်း အလိုတူ အလိုပါရယ်) မနက်အစောကြီး အလည်လျှောက်သွားတဲ့ "ယုန်ကလေး ဖိုးခွေး" တို့၊ လူကြီးတွေ စကားကို နားမထောင်ဘဲ တစ်ယောက်တည်း လျှောက်သွားလို့ စုန်းမကြီးဆီ ရောက်သွားတဲ့ "ရွှေလိပ်ပြာလေး မရှပ်တေး" တို့ ဆိုတာ တကယ့် စာစောင်လေးတွေထဲက ဇာတ်လမ်းလိုပဲ။ ဖေဖေက အဲဒါမျိုးတွေ ပြောရတာ သိပ်ဝါသနာပါတယ်။ ရီလဲ ရီရတယ်။


နောက် ထူးခြားတာ... ကိုယ် ခုချိန်ထိ မှတ်မိနေမိတာ တစ်ခုက ဝယ်လာပေးတဲ့ စာအုပ်တွေ
ရှေ့ဆုံး စာမျက်နှာမှာ "သမီး .... (ပြီးတော့ ကိုယ့်ရဲ့ အိမ်နာမည်) ဖတ်ဖို့" လို့ ဖေဖေက အမြဲရေးတယ်။ အဲဒီ ရှေ့ဆုံး စာမျက်နှာက "သမီး .... ဖတ်ဖို့" ဆိုတာကို မေမေဖတ်ပြတော့ ကိုယ်က မေးမိတယ်။ "ဖတ်ဖို့ လို့ ဘာဖြစ်လို့ ရေးတာလဲ မေမေ" လို့။ မေမေက "ဖေဖေက သမီးကို ချစ်လို့ပေါ့" လို့ ပြန်ဖြေတယ်။


ထူးဆန်းတယ်။ မေမေ အဲလို ပြောတော့ (ချစ်လို့ ဖတ်စေချင်တာ။ ချစ်လို့ ဝယ်ပေးတာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ မတွေးမိဘဲ) ကလေးအတွေးနဲ့ ကိုယ် ဘာတွေးမိလဲ ဆိုတော့ ဖတ်ဖို့ ဆိုတဲ့ စကားလုံးမှာ ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ ရှိတယ်လို့ တွေးမိသွားခဲ့တယ်။

အသက် တော်တော်ကြီးလို့ အဲဒီ စကားလုံးနှစ်လုံးရဲ့ ဆိုလိုရင်းကို သေချာသိတဲ့ထိ "ဖတ်ဖို့" ဆိုတဲ့ စကားလုံးမှာ ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ တွဲပြီးပါတယ် လို့ ခံစားနေရတုန်းပဲ။

စာအုပ်ဆိုင်တွေမှာ "သမီးဖတ်ဖို့" "သားဖတ်ဖို့" "ချစ်သူ ဖတ်ဖို့" ဆိုတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ စာအုပ်တွေကို တွေ့တိုင်း "...ဖတ်ဖို့" ဆိုတာ ချစ်တယ် လို့ ပြောတာ ဆိုတဲ့ အတွေးမျိုးကို ဖျတ်ခနဲ တွေးမိနေတုန်းပဲ။

***

Monday, October 19, 2009

Then & Now !

ပျင်းလို့ တင်တဲ့ post !



(Choa Chu Kang MRT က Handicap Ramp မှာ - ရိုက်ပြီးမှ သတိထားမိတယ်)

ဒီလို အချိန်အခါမျိုးမှာ ဓါတ်ပုံတင်တာ မိုက်မဲရာ
တော့ ကျချင် ကျလိမ့်မယ်။

သို့သော်လည်း လူ့ဘဝကြီး ဒါတွေ လိုက် ဂရုစိုက်နေရရင်ဖြင့် အလုပ်မဟုတ်ဘူး ထင်တာပဲ။

ဒါပေမဲ့ ဟို တပတ်က အိမ်ကလူတွေနဲ့ အပြင်ထွက်စားပြီး ရိုက်လာတဲ့ group ဓါတ်ပုံတချို့ကို အိမ်က ညီမလေးတွေက face book ကနေ tag နဲ့ ပို့ပေးတော့ ကိုယ် tag တွေကို ကမန်းကတန်း ပြန်ဖြုတ်ရပါတယ်။ ကိုယ့်ကိစ္စကို အရေးမစိုက်လှပေမယ့် သူများတွေ ကိုယ်နဲ့ ငြိပြီး အချောင်ပါကုန်မှာ စိုးလို့ပါ။

အဲဒီပုံတွေ တကူးတက tag လုပ်ပြီး ပို့ပေးတဲ့ ညီမလေးကိုတောင် အဲဒီအကြောင်း သေချာ ရှင်းမပြရသေးဘူး။ သူက ပို့ချင်လို့ tag ပေးတာ ကိုယ်က ဖြုတ်ပစ်တယ် ထင်တော့မယ်။

(ဆုံးရှုံးသွားတဲ့ အခွင့်အရေး။
face book မှာ ဓါတ်ပုံတွေ မရှိလို့တော့ ဘာမှ ဖြစ်မသွားပါဘူး။ ကိုယ် fb ကို သိပ်လဲ familiar ဖြစ်လှတာ မဟုတ်ဘူး။ သိပ်လဲ မသုံးတတ်ဘူး။ ကိုယ်ကစလို့လဲ ဘယ်သူ့မှ add မလုပ်ဖြစ်လှဘူး။

ဒါပေမဲ့ တစ်ခုတော့ စဉ်းစားမိတယ်။ ဘဝဘဝက သူတပါး
ရဲ့ အခွင့်အရေးတွေကို အုံနဲ့ ကျင်းနဲ့ ပိတ်ပင်ခဲ့မိလို့များ ဒီဘဝ မြန်မာနိုင်ငံလို နေရာမျိုးမှာ လူလာဖြစ်ခဲ့ကြသလားလို့ပါ။)

ကိုယ့်အတွက် အရေးမစိုက်ဘူးဆိုတာက လူတွေနဲ့ နေသရွေ့ ဒါမျိုးတွေ တကွေ့မဟုတ် တကွေ့ ကြုံမှာပဲလို့ ယူဆမိလို့ပါ။

ဒါ့ထက်ပိုတာ တစ်ခုက ကိုယ့်အနီးဆုံး လူတွေရဲ့ ကိုယ့် အပေါ်ထားတဲ့ ယုံကြည်မှုကို သေချာနေလို့ပါ။ ဘယ်သူဘာပြောလို့မှ နားယောင်မယ့်သူ တစ်ယောက်မှ မပါဘူး။
အကုန် ဦးနှောက်နဲ့ချည်းပဲ။


***

Wednesday, October 14, 2009

ရွှေတိဂုံဘုရားပေါ်မှာ...


(ပဲနဲ့)

အဲဒီ လက်ကိုင်ပုဝါလေး ဘယ်လိုလုပ် ကိုယ့်လက်ထဲ ရောက်လာလဲ ဆိုတော့...
အဒေါ်ဝမ်းကွဲက အဲဒီတုန်းက ရန်ကုန်မှာ ဥပဒေ တက်နေတယ်။
ဘယ်နှစ်လဲ ဘာလဲဆိုတာတော့ မသိတော့ပါဘူး။
တခါတုန်းက ရေးဖူးတဲ့
အဒေါ်ဝမ်းကွဲပါ။
သူက အဲလိုမျိုး ရိုက်ခိုင်းတာ။

Tuesday, September 29, 2009

My Very First Visit to Yangon !


(ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတဲ့ အညာသူ)

မူကြိုကျောင်းသူ ဘ၀ပဲ ရှိသေးတယ်။
အတန်းကျောင်း မတက်ရသေးဘူး။
အဘိုးအဘွားတွေနဲ့ အတူတူ၊ ဘွားဘွားရဲ့ မွေးစားသမီးပါတယ်.. ကိုယ့်ကို ထိန်းဖို့။
မေမေတောင် မပါဘူး။
အသက် ၄ နှစ်လောက်မှာ မိဘတွေ မပါဘဲ ပထမဆုံး ခရီးထွက်ဖူးတာ။

တည်းတဲ့အိမ်မှာ မြို့ကရောက်နေတဲ့ အသိတစ်ယောက်က လာတွေ့ပြီးတော့ ပြောတယ်။
သူ ပြန်တော့မှာ တဲ့။ မေမေ့ဆီကို စာရေးပေးလိုက်ဦးမလား တဲ့။
ဘွားဘွားကလည်း ရေးလိုက်လေ လို့ပြောတယ်။

ကိုယ်ကလည်း မငြင်းဘူးပဲ။ အင်း ရေးမယ် ဆိုပြီး စာရွက်နဲ့ ဘော့ပင်ယူပြီး ရေးတော့တာ။
ဘာမှလည်း တတ်တာ မဟုတ်ဘူး။
"၀လုံး" လောက်ကလွဲပြီး ဘာမှ မရေးတတ်သေးတဲ့ အချိန်။
အဲဒါကို "၀လုံး" ပဲတတ်လို့ "၀လုံး" ပဲ ရေးလိုက်တယ် မထင်နဲ့။
လူကြီးတွေ စာရေးသလို
တွန့်တွန့်တွန့်တွန့် တွေနဲ့ ကကြီးတွေ ဗျိုင်းပျံသလို ရေးထည့်ပေးလိုက်သေးတယ်။

:D

အမယ် ကိုယ့်ဟာကိုယ်တော့ အဲဒီတုန်းက အဟုတ်ပဲ မှတ်နေတာ။ ငါကွ ဆိုပြီး...

အဲဒါကို အဲဒီ အသိအန်တီကလည်း တကယ်ယူသွားပြီးတော့ မေမေ့ဆီ တကယ်ပေးလိုက်တယ်။ ကိုယ်လည်း ခရီးသွားရာက ပြန်ရောက်ရော မေမေက ကိုယ်ရေးထားတဲ့
တွန့်တွန့်တွန့်တွန့် စာတွေကို ပြပြီး...

"ကဲ သမီးရေးထားတာ မေမေ့ကို ဖတ်ပြစမ်းပါဦး" လို့ ပြောတော့ ဟီးဟီးဟားဟားနဲ့ ရူးချင်ယောင်ဆောင်နေတာ မှတ်မိတယ်။

"အလျှံညီးညီး တောက်မည့်မီးကား" ဆိုသလိုပဲ။
(အရွှီး မီး)

***
ဒါနဲ့ ကြီးလာတော့ စာမေးပွဲတွေမှာ ဘာမေးမေး ဖြေလိုက်ဖို့ ဘယ်တော့မှ ၀န်မလေးဘူး။
မသိတာ မေးလဲ ရမ်းသမ်းပြီး ရေးထည့်လိုက်တာပဲ။

ငါကွ !

:D
***

Sunday, September 27, 2009

When I was 4...

(ကိုကိုနဲ့ မူကြိုမှာ)

ကိုကိုဆိုတာ အစ်ကိုတစ်ဝမ်းကွဲကို ပြောတာ။
သူက ကိုယ့်ထက် အသက်တစ်နှစ်ကြီးတယ်။
သူ မူကြိုတက်တော့ ကိုယ်လဲ သူနဲ့တူတူ လိုက်တက်တာပေါ့။
ဒါ ကျောင်းကပွဲမှာ ဖြစ်လိမ့်မယ်။
ရက်စွဲအရ ကိုယ် ၄ နှစ် မပြည့်သေးဘူး။
(ကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)

အဲဒီ အချိန်အခါက လူတွေ သိပ် မကြပ်တည်းတဲ့ ကာလလို့ ပြောရမယ်။
ကိုယ်တို့ရဲ့ မြို့သေးသေးလေးက မူကြိုကျောင်းကလေးမှာတောင် ပွဲတွေဘာတွေ လုပ်လို့။
ပြီးတော့ နေ့တိုင်းလိုလို နေ့ခင်းအိပ်ပြီး၊ နိုးတဲ့အချိန်မှာ အစားအသောက်တွေ ကောင်းကောင်းကျွေးတာ မှတ်မိတယ်။

ကျောင်းနဲ့ အိမ်က နီးနီးလေး။
ကိုကို့ရဲ့ တဖက်က တ၀မ်းကွဲ အစ်မ (ကိုယ်နဲ့ဆို ဟိုဘက်ဒီဘက် အမျိုးပေါ့) လည်း ရှိတယ်။
သူတို့ကတော့ ရွယ်တူပေါ့။

ပန်းချီတွေ ဘာတွေလည်း ဆွဲရတယ် ဆရာ။
ကိုယ်က ပန်းပင်နဲ့ ပန်းအိုးတွေပဲ ဆွဲနေခဲ့တာတော့ မှတ်မိတယ်။ တတ်မှ မတတ်တာ။
crayon နဲ့ ပုံဆွဲစက္ကူ ထူထူဝါ၀ါတွေနဲ့ အကျပဲ။
ကစားစရာတွေလဲ တော်တော်ရှိတယ်။
ခုတော့ အခြေအနေ ဘယ်လိုလဲ မသိတော့ပါဘူး။

အဲဒီအချိန်က အကြောင်းတွေ သိပ်မမှတ်မိတော့ဘူး။
တချို့ဟာတွေလည်း တော်တော် မှတ်မိတယ်။ အများအားဖြင့်တော့ blur ဖြစ်နေတယ်။
ဖေဖေတို့ မေမေတို့ ပြန်ပြောတာတော့ မူကြိုစတက်တဲ့နေ့က သူတို့ ပြန်တဲ့အချိန် အော်ငိုတယ် ဆိုတာပဲ။

အဲဒီ အရွယ်လောက်ပဲနေမှာ...
ဆွမ်းတော်ပွဲ အကျတွေ
အိမ်မှာ လာလာယူတဲ့ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ရှိတယ်။
တစ်နေ့ မေမေက အိမ်ရှေ့ထွက်ပေးရင်း ဘယ်တော့ မီးဖွားမှာလဲ ဘာလဲတွေမေးနေတာ ကိုယ်ကြားတယ်။
မေမေအိမ်ထဲဝင်လာတော့ ကိုယ်မေးမိတယ်။

"အဲဒါ မေမေ့ သူငယ်ချင်းလား" လို့...

မေမေက...
"အော် ဒီကောင်မလေး ဘယ်က မေမေ့သူငယ်ချင်းရမှာလဲ" တဲ့။

ဟားဟားဟား

ဘာလို့များ အဲလို တွေးမိသွားတာပါလိမ့်နော်။
ကိုယ်တကယ်ပဲ မေမေ့သူငယ်ချင်းမို့ မေးနေတာလို့ ထင်ခဲ့တာ။
ငယ်ငယ်တည်းက ကိုယ်ပိုင်အတွေးခေါ်နဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင် သုံးသပ်ချက်နဲ့... (တလွဲတွေပြောပါတယ်)။

***

Monday, September 21, 2009

My Photo as a Child



တို့တော့ ငယ်ငယ်လေးတည်းက ချစ်စရာကောင်းပါ့။

(သူများလို မိုက်ကြည့် မကြည့်တတ်ပါဘူး။)


***

မပန်းနွယ်ရဲ့ post လေးတစ်ခု ဖတ်ရတုန်းက သဘောကျလွန်းလို့ ရယ်လိုက်ရတာ။
မိဘတွေက ကလေးတွေရဲ့ ဓါတ်ပုံတင်တာနဲ့ ပတ်သတ်လို့ ရေးထားတဲ့ post လေးပါပဲ။
သူပြောတာလေးတွေ စဉ်းစားသင့်တဲ့ အချက်တွေပါ။

***

မေစီ။ ။မဟုတ်သေးဘူး..မဟုတ်သေးဘူး။ ဘေဘီပြောတာ မှန်တယ်။ ငါလဲ စဉ်းစားတယ်။ တစ်နေ့.. ငါ ဟီလာရီကလင်တန်လို... သမ္မတအဖြစ် ၀င်အရွေးခံဖို့ ကြိုးစားနေတဲ့အချိန်၊ ငါ့ပြိုင်ဘက် ပါတီက ဒီပုံတွေနဲ့ တီဗွီမှာ ဟာသလုပ်ရင် ငါ မဲရပါ့မလားလို့။ ငါ့အဖေကလည်း အင်တာနက်မှာ ငါ အီတာလီယံခေါက်ဆွဲ စားနေတဲ့ ပုံတွေ တင်ထားတယ်လေ။ ငါမှ သေချာမ စားတတ်သေးတာ၊ ပေပွနေတာပေါ့ဟယ်။ သမ္မတလောင်းတစ်ယောက်ဟာ အဲဒီလို ပေပွနေအောင် စားဖို့ မသင့်ဘူး မဟုတ်လား။

(မပန်းနွယ် ဘလော့မှ)


***
တွေးသင့်တဲ့ အတွေးကလေး။

အဲလေ
ဒါပေမဲ့ ကိုယ့်မှာ ဒီတသက် သမ္မတဖြစ်ဖို့ လမ်းက မရှိလောက်တော့ပါဘူး။
လွန်ရော ကျွံရော ဖြစ်လှမှ သမ္မတကတော်လောက်ပဲဆိုတော့ သိပ်အရေးမကြီးဘူး ထင်တာပါပဲ။

:D

***

Thursday, April 2, 2009

Coming Soon!



မကြာမီ
လာမည် မျှော်


(PS စာမရေးချင်ဘူး။ ရေးချင်စိတ်လဲ မရှိဘူး။
scanner ၀ယ်ပြီးရင်တော့ ယူလာတဲ့ ပုံနည်းနည်း တင်ဖို့ စိတ်ကူးပါတယ်)

Sunday, September 7, 2008

လတ်တလော စဉ်းစားမိတာတွေ...

ကျွန်မဟာ ကိုယ့်ကိုကိုယ် မေ့လွယ်ပျောက်လွယ် ရှိလွန်းသူ လို့ အရင်က ထင်ခဲ့မိပါတယ်...

၉ တန်းအောင်ပြီးကတည်းက မိသားစုနဲ့ အဝေးမှာ အဒေါ်ဖြစ်သူနဲ့ နေ
လာခဲ့ပြီး နိုင်ငံခြားကို တစ်ယောက်တည်း ထွက်လာခဲ့တဲ့ထိ (တစ်နှစ်တစ်ခါ မှန်မှန် အိမ်ပြန်သော်ငြား) လွမ်းလှချည်ရဲ့ တမ်းတလှချည်ရဲ့ တခါမှ မရှိခဲ့ပါ... ဇာတိရပ်ရွာကို ချစ်ပေမယ့်လည်း အဲဒီမှာ ကျွန်မဘ၀ မရှိဘူး လို့ ခံယူသူဖြစ်ပါတယ်...

ဒါပေမယ့် ခုတော့ ငယ်ငယ်က အကြောင်းတွေကို ခဏခဏ သတိရနေမိတယ်...
ပိုင်နက်တစ်ခုတည်းရဲ့ အောက်မှာ ရှိစဉ်တုန်းက မထူးခြားခဲ့တဲ့
ကျွန်မမွေးဖွား ကြီးပြင်းခဲ့ရာ နေရာက အငွေ့အသက်တွေဟာ မိုင်ပေါင်းများစွာ ဝေးတဲ့ ပင်လယ်ရပ်ခြား ဒေသတစ်ခုကို ရောက်ခါမှ အရှိန်ပြင်းပြင်း လာရောက်ရိုက်ခတ်နေပါတယ်...

ပြီးတော့.....ကလေးဘ၀က ပုံရိပ်တွေ..

ကျွန်မအာရုံထဲကို ပထမဆုံး တိုးဝင်လာတဲ့ အရိပ်တစ်ခု ကတော့...

ဖေဖေရယ် မေမေရယ် ကျွန်မရယ် စက်ဘီးတစ်စီးနဲ့ ညဘက်ကြီး တနေရာကိုသွားကြတယ်..
ငယ်ငယ်တုန်းကတော့ ကျွန်မဟာ မေမေ့ကို သိပ်တွယ်တာတာပဲ...မေမေ စက်ဘီးနောက်မှာ ပါလာတယ်မှန်း သိနေပေမယ့်..ရှေ့ခုံကနေ လက်နောက်ပြန်ပြီး မေမေ့လက်ကို လှမ်းကိုင်ထားတတ်တယ်... စက်ဘီးရှေ့
ခုံမှာ ထိုင်ပြီး လိုက်တဲ့ ၃, ၄ နှစ်အရွယ်တုန်းက ဆိုပေမယ့် အဲဒီတုန်းက ကျွန်မ စိတ်ထဲမှာ မေမေ မတော်တဆ ပြုတ်ကျ ကျန်နေခဲ့မလားလို့ စိုးရိမ်စိတ်ရှိနေခဲ့မိတာကို ခုချိန်ထိ မှတ်မိနေပါတယ်...
(အဲဒီလို စိုးရိမ်တတ်တဲ့ ကလေးမလေးဟာ အသက် ၁၆ နှစ်လောက် အရောက်မှာ အိမ်နဲ့ဝေးရာကို ထွက်ခဲ့ပြီး အသိုက်အ၀န်း အမျိုးမျိုးမှာ ဘာကိုမှ တမ်းတမ်းတတ သတိမရဘဲ ဘယ်လိုများ နေတတ်နိုင်ခဲ့ပါသလဲ)

အညာမှာ မိုးရွာပြီးရင် ရေအိုင်တွေ နေရာအနှံ့ ကျန်နေခဲ့တတ်တယ်...အဲဒီ ရေအိုင်တွေပေါ် ဖေဖေ စက်ဘီးဖြတ်နင်းတဲ့အခါ ထွက်လာတတ်တဲ့ ရေသံကို ကျွန်မက သိပ်သဘောကျတယ်...ဒါကို ဖေဖေကသိတော့ ရေအိုင်ရှိတဲ့ နေရာက တမင်ဖြတ်နင်းပေးတတ်တယ်...

မေမေ့လက်ကို ဆွဲကိုင်ထားရင်း ဖေဖေပြောတဲ့ စကားတွေနားထောင်ရင်း စက်ဘီးရှေ့ခုံလေးမှာ ထိုင်လိုက်ခဲ့တဲ့ အဲဒီ ပုံရိပ်ကလေးဟာ ခုတလော ကျွန်မအာရုံထဲကို မကြာခဏ ၀င်ဝင်လာတဲ့ အရိပ်တစ်ခုပဲ ဖြစ်ပါတယ်...

ဘ၀ဟာ ရထား တစ်စင်းလိုပဲတဲ့ .. ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရနိုင်တော့ဘူးနော်...