Wednesday, June 19, 2013

Haze & the Authors

ဒီလိုနဲ့ပဲ မီးခိုးငွေ့တွေကြား ကျွန်တော် ဒေါင်လိုက်ကြီး မျောရတော့မှာလား မေမေ။ (မင်းခိုက်စိုးစံ)

အိပ်မက်ခိုက်မှာ မီးခိုးနဲ့ ကြပ်တိုက်ချင်တိုက်ပစေ ဒီညကို ငါ အပြတ်ဖိုက်မယ်။ (တာရာမင်းဝေ)

အို 321 psi ဟုတ်လား။ ဘုရားရေ ကျွန်မ မီးခိုးငွေ့တွေ မွှန်လိုက်တာ။ (ဂျူး)

တနေ့သ၌ ကျွန်ုပ်သည် စင်ဂါပူရဟု အမည်ရသော ခြင်္သေ့ကျွန်းငယ်သို့ လည်ပတ်အပန်းဖြေရန်အလို့ငှာ ရောက်ရှိသွားလေရာ လွန်စွာမှ ထူထပ်အုံ့ဆိုင်းသော မီးခိုးမှိုင်းများ ဖုံးလွှမ်းနေသည်နှင့် ကြုံရလေ၏။ (မင်းသိင်္ခ)

အိပ်လို့မရ
ညကြီးမင်းကြီး ထပြီးထိုင်နေ
မီးခိုးတွေလည်း
မှောင်မဲပြွတ်သိပ်
သိပ် စိတ်ညစ်တယ်
(ကြည်အေး)

မီးခိုးဆိုသည်မှာ ရှို့ချင်သလို ရှို့ သွားချင်သလို သွားလေရကား ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း။ (ဗန်းမော်တင်အောင်)

လွယ်သလား ခက်သလား ရာမ၊ ပြောစမ်း လွယ်သလား ခက်သလား။ နိုင်ငံခြားမှာ ပိုက်ဆံရှာချင်တဲ့ကောင်ဆိုတာ ဟောဒီလို မီးခိုးငွေ့တွေကို အပြုံးမပျက် ရှူနိုင်ရတယ်ကွ။
(ဗိုလ်အောင်ဒင် - ရွှေဒုံးဘီအောင်)

ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ချစ်ခြင်းတွေက မီးခိုးမှိုင်းတွေလို အံကျလာလို့ ကျွန်မရဲ့ ပြင်းထန်ပြတ်သားလှတဲ့ မာနတရားတွေတောင် စင်ကာပူအလား ခပ်ဝါးဝါး ဖြစ်ကုန်ရပါတယ် မောင်ရယ်။ (လွန်းထားထား)

မီးခိုးငွေ့တန်းကြီးသည် ခင့်ကိုလှောင်နေသည် ကုန်မှာလားခင်ဟုမေးနေသယောင်ရှိသည် .  မောင် ဖနောင့်နင့်ပေါက်လဲ ပေါက်စေတော့ မီးခိုးမမွှန်ခင် ချစ်ကြောင်းတော့ပြောရမည်.။ သေငှေးခင်သည် ပိုက်ဆံမလောက်နိုင်.သောကြောင့် မီးခိုးကုန်ကုန် မကုန်ကုန် မနက်ဖြန်အလုပ်ကေ့ငျေက်ေရမည်။ (ဘာရေးမိပါခမ်လိမ့်) (KOM)

အင်ဒိုမှ မီးခိုးငွေ့များကလည်း တနွဲ့နွဲ့ နော့ဆဲကို (ဒဂုန်တာရာ)

Sunday, September 23, 2012

မောင်, ကိုကို နှင့် မရီတာ (အဆုံး)

photo from here

(ကိုကိုကတော့ အများကြီး ပေးချင်ခဲ့တာပဲ။ ဒါပေမဲ့ ညီမလေးက ဘာမှ မယူလိုခဲ့ဘူးထင်ပါရဲ့)

***
ပြန်ဖို့အသင့်ဖြစ်သည့်အချိန်တွင် သူမ၏ နောက်ဆုံးဓါတ်ပုံကို သူ ပြန်ကြည့်ခဲ့လေသည်။ အတိအကျဆိုရလျှင် ကြိုးစားပြီးတော့ ပြန်ကြည့်ခဲ့လေသည်။ ဒိုင်ယာရီ နောက်ကျောဖုံး၏ အတွင်းဘက်မှာ ထည့်သွင်းထားသော ထိုဓါတ်ပုံကို သတိကြီးစွာဖြင့် အသာ ထုတ်ယူတော့ စိတ်နှလုံးများ တုန်ရီလျက်ရှိ၏။

တကယ့်ကို သတိကြီးစွာပါပဲ။ သူမနှင့်ပတ်သတ်သည့် ထိုအတိတ်ကို ပြန်စောင်းငဲ့ကြည့်ရတော့မည်ဆို
တိုင်း နှစ်ဘက်သွား ဓားကို ကိုင်ရသလို ဘယ်တော့မဆို သတိကြီးစွာထားခဲ့ရတာပါပဲ။

နှုတ်ဆက်ပွဲပေါင်းများစွာထဲမှ နောက်ဆုံးနှုတ်ဆက်ပွဲပြီးသည့်ည အိမ်အပြန်တွင် ထိုဓါတ်ပုံကို တိတ်ဆိတ်စွာပင် ငေးလျက် ကြည့်မိ၏။  သူမနဲ့ပတ်သတ်လို့ စိတ်ထဲမှာ ထိခိုက်မျက်ရှနေလျက်က တိတ်ဆိတ်ငြိမ်သက်ခဲ့ရတာရော ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရှိပါပြီလဲ။

ငယ်စဉ်တုန်းက ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးဟု ထင်ခဲ့သည့် အဖြစ်အပျက်များ ခုတော့ အချိန်နဲ့အမျှ လွင့်ပါး မှေးမှိန်သွားခဲ့ပြီ။ ပြီးတော့လည်း ယခင်ကထက် ပိုပြီး သူ သိမြင်နားလည်လာနိုင်ခဲ့သည်။ သူကိုယ်တိုင်က ဒုက္ခကို ရှာယူလက်ခံခဲ့တာ ဖြစ်၏။ သူ့ဘက်က ခွင့်လွှတ်စကားဆိုဖို့ရန် သူမမှာ အမှားတစ်စုံတစ်ရာ မရှိခဲ့တာကို သူ တကယ်ပဲ နားလည်နိုင်ခဲ့ပြီ။

ဓါတ်ပုံတစ်ခုလုံးက အဖြူရောင်ကဲလျက်ရှိသည်။
နှုတ်ခမ်းပါးများ ဖျော့တော့စွာ စေ့လျက် သူမမျက်နှာတွင် ဘာအရိပ်အယောင်မှ မရှိ။
တချိန်က ခေါင်းမာငြင်းဆန်လိုရိပ်ဖြင့် လင်းလက်ခဲ့ဖူးသော မျက်ဝန်းများကို မှေးမှိတ်လျက် သူမ လှဲလျောင်းနေခဲ့ပြီ။

ဘာကိုမှ စောဒက မတက်ချင်တော့ပြီလား၊ စောဒက မတက်လိုတော့ပြီလား ရီ။

သူ အထပ်ထပ်အခါခါ တောင်းဆိုလို့ နောက်ဆုံးမှာ ဒီဓါတ်ပုံကို ချယ်ရီပို့ပေးခဲ့သည်။ အဲဒီနေ့က သူမ၏ နောက်ဆုံးပုံရိပ်ကို ကြည့်ရင်း ကြေကွဲနာကျင်မှုများကို ဆို့နင့်စွာ သိမ်းဆည်းခဲ့ရသည်။

ပြီးတော့ ထိုဓါတ်ပုံကို ထုတ်ယူပြီး ဒိုင်ယာရီအတွင်းမှာ ထည့်သွင်းသိမ်းဆည်းပစ်ခဲ့၏။

ရီဟာ နောက်ဆုံးအချိန်ထိ သူ့ကို တမ်းတနာကျင်စေခဲ့သည်။

***
ကျောင်းဆင်းချိန် ထွက်လာသည့် ရွယ်တူကလေးများစွာထဲမှ သမီးကလေးကို မြင်တော့ သူ ချက်ချင်းပဲ ခွဲခြားသိနိုင်ခဲ့သည်။ စိတ်နှလုံးထဲက ပုံရိပ်တစ်ခုရဲ့ ကိုယ်ပွား၊ သို့မဟုတ် သူမ ချန်ရစ်ခဲ့သည့် အရိပ်ကလေး။

"ဒါ ရီ့ သမီးလေးလား" ဟု ရေရွတ်လိုက်မိသော်လည်း ချယ်ရီ ပြန်ဖြေစရာမလိုအောင်ပင် မြင်ရုံမျှနှင့် သေချာလေသည်။

သူမ၏ သမီးကလေးက ကြည်လင်သော မျက်ဝန်းကလေးများဖြင့် သူ့ကို မော့ကြည့်တော့ လွန်ခဲ့သောအချိန်ကာလတစ်ခုဆီက သူ စာရှင်းပြတာကို  ထိုင်နားထောင်နေသည့် မိန်းကလေး၏ သန့်စင်သော အပြုံးအရယ်နှင့် မျက်ဝန်းအကြည့်တို့ကို သိပ်သည်းအုံ့ဆိုင်းစွာ သတိရမိသည်။

"ညီမလေး၊ သမီးလေးကို ကိုကို ကြည့်နေတယ်"

သူမကို ရည်စူး၍ စိတ်ထဲမှ တီးတိုးသိစေလိုက်သည်။ သူ ငုံ့ကိုင်းထိုင်ချလိုက်ရင်း ကလေး၏ ဆံပင်များကို ပွတ်သပ်ကာ ခပ်ဖွဖွ သိုင်းဖက်နှုတ်ဆက်လိုက်၏။ သမီးကလေး၏ မျက်ဝန်းများထဲတွင် တစုံတရာလိုအပ်နေကြောင်း ပြဆိုသည့်အရိပ်တစ်ခုကို သူ စူးရှကြင်နာစွာ မြင်ရသည်။ 

ရီ့ကို စတွေ့စဉ်တုန်းကတော့ ဒီလို မဟုတ်ခဲ့။ အလိုရှိသမျှတွေကို လိုချင်သလို အနေအထားဖြင့် မရယူနိုင်ခဲ့သည့်တိုင်အောင် သူမဘဝမှာ လစ်ဟာခြင်း မည်ရစွာ မရှိခဲ့။ ရယူခဲ့သည်ဖြစ်စေ၊ ငြင်းဆိုရှောင်ပယ်ခဲ့သည်ဖြစ်စေ ရီ့ဘဝအတွက် လိုအပ်သမျှက လက်တကမ်းတွင် ရှိခဲ့သည်။ 

ရီဟာ အလွယ်တကူရနိုင်သည့် သင့်လျော်ကောင်းမြတ်ရာတို့နှင့် ဘာကြောင့်များ မလုံလောက်ခဲ့ပါလိမ့်ဟု ခုချိန်ကျမှတော့ သူ ပြန်မတွေးလိုတော့ပြီ။

"သမီးကို ဘယ်သူ လာကြိုလဲ"
ချယ်ရီက မေးတော့ ကလေးငယ်က ဘေးဘီတနေရာကို ဝဲကြည့်ရင်း ကားတစ်စီးကို လက်ညှိုးညွှန်ပြ၏။

"ဖေဖေလား သမီး"

ထိုစဉ်မှာပင် ကားတံခါးပွင့်ကာ လူတစ်ယောက်ဆင်းလာသည်။
သမီးကလေး၏မျက်နှာ ရုတ်ခြည်းဝင်းပသွားလျက် "ဖေဖေ" ဟု လှမ်းခေါ်သလို၊ ချယ်ရီ့ကို ပြန်ဖြေသလိုဟန်နှစ်မျိုးဖြင့် လှုပ်ရှားပျော်ရွှင်သွားလေသည်။ သူ့ဖေဖေ နေ့တိုင်း လာမကြိုနိုင်ဘူး ထင်ပါရဲ့။

"သွား သွား သမီး"

ချယ်ရီကပြောတော့ ကလေးမသည် သူ့ကို နှုတ်ဆက်သလို တချက်မော့ကြည့်ရင်း အဖေရှိရာ အပြေးသွားလေသည်။ သူ့ဖေဖေက ရှေ့ ၃/၄ လှမ်း ဆက်လျှောက်လာရင်း အပြေးလာသော သမီးငယ်ကို ကြို၏။ နောက် ချယ်ရီ့ကို လက်ဟန်ပြကာ နှုတ်ဆက်သည်။ တွေ့ဆုံခိုက် နှုတ်ဆက်စကားဆိုရန် ရည်ရွယ်သော သူ့စိတ်ကူးတို့ကို စွန့်လွှတ်လိုက်သည်။ နေပါစေတော့။ လောကမှာ စိတ်နှလုံးများက မည်သို့ပင်ရှိစေ၊ လောကဝတ်ပြုနိုင်ရန် ခဲယဉ်းသည့် ပတ်သတ်ဆက်စပ်မှုတွေအကြောင်း သူ လုံလောက်စွာ သိမြင် ကြုံတွေ့ခဲ့ရဖူးပြီ။

နောက်မှပဲ ချယ်ရီ့ကို မေးကြည့်တော့မည်။ သမီးကလေးကို သူမချစ်သူ အသိုင်းအဝိုင်းက ကြိုဆိုပါရဲ့လားဆိုတာ။ သူမကို မလိုလားခဲ့သည့် ချမ်းကရော သမီးကလေးကိုတော့ နှစ်လိုနွေးထွေးပါရဲ့လားဆိုတာ။ ရီချစ်ခဲ့သောသူကတော့ သူမနှင့် ထပ်တူထပ်မျှဖြစ်သော သမီးကလေးကို ချစ်မြတ်နိုးမှာပါပဲ။

ရီကတော့ ဒါတွေအားလုံးကို ချန်ရစ်ထားခဲ့ပြီ။

***
နောက်ဆုံးမှာတော့ 'ဘဝမှာ အပျော်ရွှင်နိုင်ဆုံးနေရာမို့ ပြန်သွားချင်တုန်းပဲ' ဟု သူမ မကြာခဏ ပြောခဲ့ဖူးသော သူ့ဇာတိမြို့ကလေးဆီသို့ သူ ရောက်ရှိသွားခဲ့သည်။
ကျောင်းဝင်းရှေ့မှာ ရပ်လျက် မော့ကြည့်လိုက်ချိန်ခဏမှာပဲ အလုံးစုံသော မြင်ကွင်းတွေက သူ့ကို အတိတ်ဆီသို့ ဆွဲငင်ခေါ်ဆောင်သွားတော့သည်။

သူတို့ စတင် ဆုံတွေ့ခဲ့သည့်နေရာ။
မည်သည့်အရောင်အစွန်းအထင်းမှ မရှိသေးသော မျက်ဝန်းနက်များဖြင့် လင်းလက်ကြည်စင်စွာ ကြည့်တတ်သော မိန်းကလေးတစ်ယောက်အဖြစ် သူမကို ဆုံဆည်းခဲ့ရသည့်နေရာ။

သူတို့ အိမ်ရှေ့က ညနေခင်းလမ်းသွယ်လေးသည် ဟိုးအရင် နှစ်များစွာကအတိုင်းပါပဲ။
သူ ဖြတ်လျှောက်လာတော့ သူ့ကို မမှတ်မိသလို ဇဝေဇဝါအကြည့်တချို့နှင့် ဆုံရသည်။ ဝေခွဲမရဟန် စူးစမ်းသည့်အကြည့်တွေကို ခပ်သာသာ ပြုံးပြ၍ ဆက်လျှောက်လာခဲ့၏။ နားထဲတွင်
"မုန့်စားမယ်နော် ကိုကို" ဟူသော အသံတစ်ခုကို ကြားရသည်။ သူ ဘေးဘက်ဝဲယာကို လိုက်မရှာဖြစ်ပါ။ ဒါဟာ ခုတမဟုတ်ချင်း ဘေးနားက တစိမ်းတယောက် ပြောသောအသံမဟုတ်။ ဟိုးလွန်ခဲ့သော နှစ်များစွာဆီက သူ့ဘေးနားမှာ လမ်းလျှောက်လိုက်ပါလာသည့် မိန်းကလေးတစ်ယောက်ထံမှ ထွက်ပေါ်လာတတ်သော အသံ။ သူ့နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားရာမှ တဖန် ပြန်လည်ထွက်ပေါ်လာသော အသံဖြစ်၏။

"မုန့်စားမယ်နော် ကိုကို"

ချွဲနွဲ့ချင်ဟန် မရှိသည့် ပူဆာတောင်းဆိုသော အသံ။ အသိပေး ကြေညာလိုဟန်ပါနေသေးသလို ခုပြန်တွေးတော့ ထင်မိသည်။ ထိုအသံမှာ ထိုအချိန်ကတည်းက သူ့အတွက် ခံစားမှုတခုခု လိုနေခဲ့လိမ့်မည် ထင်သည်။ သို့သော် သူ့အတွက်ကတော့ မညှို့ရီသော၊ မည်သည့်အဓိပ္ပါယ်ကိုမှ မဆောင်သော ကြည်လင်တောက်ပရုံ  မျက်ဝန်းအကြည့်များသည်ပင် လုံလောက်ပြည့်စုံခဲ့သည်။

ဟောသည် ဈေးထောင့်တနေရာ သစ်ပင်ကြီးအောက်ကနေ ချယ်ရီ ပါဝင်သည့် မြို့ရဲ့ နာမည်ကြီး ကထိန်တစ်ခု စီတန်းလှည့်လာသည်ကို နှစ်ယောက်အတူ ရပ်ကြည့်ခဲ့ကြဖူးသည်။

"ချယ်ရီက လှလိုက်တာ" ဟု ပြောသော သူမကို ကြည့်ရင်း "ညီမလေးရော အဲဒါတွေလုပ်ဖို့ ဝါသနာမပါဘူးလား" ဟု သူ မေးတော့ "ဟင့်အင်း" ဟု ခေါင်းယမ်းကာ ဖြေသည့် အဲဒီအချိန်က သူမကို ခုထိ မှတ်မိနိုင်တုန်းပဲ။ တွေးကြည့်ရုံမျှနှင့် ခံစားလို့ရနေတုန်းပါပဲ။ 

အတူ သွားလာခဲ့ဖူးသောနေရာတို့ကို သူမ မရှိတော့ဘူးဟူသော အသိဖြင့် ဖြတ်ကျော်လာခဲ့ရသည်။ တချိန်က တောက်ပသောအပြုံးများဖြင့် ပေါ့ပါးသောစကားသံများဖြင့် ဖြန့်ကျက်စေလျက် သူတို့ လျှောက်လှမ်းခဲ့သည့် လမ်းနေရာများ။ ဒီဘဝမှာဖြင့် ဘယ်တော့မှ နောက်ထပ် အတူတူ လျှောက်လှမ်းခွင့်မရနိုင်တော့။

***
ထိုညနေမှာပဲ သူမရှိရာဆီသို့ သွားခဲ့သည်။ နွေရာသီ၏ လင်းပသည့် ညနေချိန်။
ဘဝမှာ အငြိမ်းချမ်းဆုံးပါပဲဆိုသည့် တချိန်ကအမှတ်တရတွေနှင့်အတူ လှဲလျောင်းနေပေလိမ့်မည်။

ကံမကောင်းရှာတဲ့ မိန်းကလေး။
သူ ဖျတ်ခနဲ တွေးမိသည်။

ကံကောင်းမှုတွေကို ဖမ်းမဆုပ်ချင်ခဲ့တဲ့ မိန်းကလေးလို့ ပြောလျှင် ပိုဆီလျော်လေမည်လား။ လက်ထဲရောက်လာသမျှ၊ ရောက်နိုင်သမျှ ကောင်းသော အရာတို့ကို လွယ်လင့်တကူ လက်ခံဖို့ ငြင်းဆန်ခေါင်းမာခဲ့သည့် ထိုမိန်းကလေးဟာ သူမ လိုချင်ခဲ့တာတွေကိုကျ ဖမ်းဆုပ်မမိနိုင်ခဲ့။ သို့မဟုတ် သူမ လိုချင်သည့် အနေအထားဖြင့် ဖမ်းဆုပ် မရယူနိုင်ခဲ့။ 

သူမ၏ အမည်နာမကို ဖတ်မိရင်းက စိတ်တွင်းမှာ ဆုံးရှုံးနာကျင်လာပြန်သည်။
ပူနွေးသည့် အုတ်ဂူစွန်းနေရာကို အသာထိကိုင်လျက် မျက်စေ့မှိတ်ကာ တိတ်ဆိတ်နေမိ၏။ ချိုမြိန်သည့်အချိန်များ ရှိခဲ့သလို ခါးသီးသည့် အချိန်များလည်း ရှိခဲ့သည်။ သို့သော်... မေတ္တာတရားက အတ္တမာနထက် သာလွန်သောအခါ အာဃာတကို သူ ကျော်လွန်လိုက်နိုင်သည် ထင်သည်။

ညီမလေးအပြစ်မှ မဟုတ်တာ။ ကိုကို ခွင့်မလွှတ်စရာအကြောင်း မရှိပါဘူးလို့ ပြောဖို့ နောက်ကျသွားတယ်။ အခုတော့ ညီမလေးထွက်သွားပြီ။ အေးချမ်းပါစေ။

***
ည 
အရင်တုန်းကနဲ့ သိပ်မတူတော့သည့် ဝန်းကျင်မှာ၊ အရင်တုန်းက မြစ်ရေစီးသံမှာ၊ အရင်တုန်းကလို လင်းလက်မြဲ ကြယ်ရောင်နဲ့ လရောင်တွေမှာ၊ နွေဦးရာသီလေပြည်နဲ့ ဆည်းလည်းသံကြားမှာ သူမကို သူ ရှာဖွေကြည့်ဦးမည်။

အတိတ်တွေက အချိန်နဲ့အတူ လွင့်ပါးပျောက်ကွယ်သွားချိန်တွင် စိတ်နှလုံးတွင် သေရာပါမည့် အမှတ်တရနှင့် အနာတရတွေသာ စွဲထင်ကျန်ရစ်သည်။

***
ဘယ်သူ ထင်ခဲ့မှာတဲ့လဲ။ ဒီလောက် လှပစွာ အစပြုခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာလေ။

***
any investigations are not allowed!

Wednesday, August 29, 2012

120829

ခုလောလောဆယ် တွေးမိတဲ့အတွေးကို ပြောရရင် အထဲက လုပ်နေတဲ့လူတွေနဲ့ အပြင်က ပြောနေတဲ့လူတွေကို တနေရာတည်း စုထည့်လိုက်ပြီး ထိပ်တိုက် ညှိနှိုင်း ငြင်းခုန် ဆွေးနွေး ဝေဖန် ဆဲဆို ဖွင့်ထုတ်ပစ်လိုက်ကြရင် ကိစ္စတွေ ပြတ်သင့်သလောက်တော့ ပြတ်သွားမယ်ထင်တယ်။ မပြတ်တဲ့ကိစ္စတွေရှိရင်တောင် ဒါတွေမပြတ်ဘူးလို့ ပြတ်ပြတ်သားသား သိသွားတာပေါ့။

လုပ်တာက တလိုင်း ပြောတာက တလိုင်း (စိုက်တာက တဖွဲ့၊ ခုတ်တာက တဖွဲ့)ထက်စာရင် အဲဒီနှစ်ခု ထိပ်တိုက်တွေ့စေချင်တယ်။ အဲလိုလုပ်တဲ့ပွဲကို ကျန်တဲ့လူတွေအတွက် ချန်နယ်တခုခုကနေ လိုက်ဖ်လွှင့်လိုက်။

ပုံ/ ပွဲပြောင်း ပွဲလွဲ ကြည့်လိုသူ။

Friday, May 18, 2012

မင်းအကြောင်းတွေ တွေးနေမိမှာပါ

မနေ့က တောက်ပတဲ့နေရောင်အောက်မှာ သစ်ရွက်လေးတွေ တဖြည်းဖြည်းကြွေကျ
ကိုယ့်အေးစက်စက်လက်တွေက အထိအတွေ့နွေးနွေးကို လိုအပ်နေချိန် မင်းအကြောင်းကို တွေးနေခဲ့မိတယ်

ခွဲခွာသွားတော့မယ့် အရိပ်အယောင်တွေကို ရှာကြည့်မိဆဲ
ကိုယ့်လက်ကို မင်း ဆုပ်ကိုင်ထားပေမယ့် ကိုယ့်ကို တကယ်လိုအပ်တာ ဟုတ်ပါရဲ့လားကွယ်
မင်းကို သွားခွင့်ပြုရမယ့် အချိန်ကျပြီလား
မင်းအကြောင်းကိုတော့ တွေးနေမိမှာပါ

သမုဒ္ဒရာကို ဖြတ်သန်းလို့ တဘက်ကမ်းဆီ ချောချောမွေ့မွေ့ ရောက်တဲ့အခါ
ကိုယ့်အတွက် နည်းနည်းလောက်များ ပြုံးယောင်ပြုနိုင်မလား
မင်းအကြောင်းတွေ ကိုယ် တွေးနေမှာမို့လို့ပါ

ကိုယ်တော့ မင်းအကြောင်းတွေ တွေးနေမိမှာပါ

 


lyric from here

Sunday, April 29, 2012

120429



တွေ့လိုက်ပြီးလျှင်ပြီးချင်း ကြင်လို့ ချစ်တာပါပဲဆိုတာ မပြောရက်နိုင်သလိုရှိလှတာကို သူတပါးနှင့်တကွ 'သူ' ပါ နားလည်မည်မထင်။ အရင့်အရင် မမြင်ဖူးခင် မကြားဖူးခင်က ချစ်ရတယ်ထင်သည်။ သည်လိုပင် ကိုယ်သေဆုံးပြီးသည့်နောက်အထိလည်း ကိုယ့်ရဲ့အချစ်က ထူးဆန်းသောနည်းတနည်းနှင့် ကျန်ရစ်ဦးမည်ထင်သည်။

တခါတရံတော့လည်း ချစ်ခြင်းမေတ္တာဆိုသည့် ကမ္ဘာမြေပေါ်မှာနေ၍ မိုးတိမ်ဗွေနှင့်လည်း လှမ်းမီသော အင်အားကြီးတစ်ခုသည် ကိုယ်၌ လာ၍ဖြစ်ပေါ်ပြီး 'သူ' ဟူသည့် ရုပ်တစ်စုံကို ဖန်ဆင်းသည်လို့ပင် ဆန်းပြားစွာထင်သည်။

ထို့ကြောင့် 'သူ' သည် ကိုယ်ပိုင်သော၊ ကိုယ်ကဖြစ်သော၊ သံသရာအစအဆုံးက ရင်းနှီးခဲ့သော 'သူ' ပါ ဟု ပြောပြရလျှင် အနည်းငယ် စိတ်ကျေနပ်သည်။

(ကြည်အေး - တမ်းတတတ်သည်)

*** 
photo from here

Friday, April 20, 2012

စကားလုံးများနှင့် sense

ကျွန်

သတ်ပုံကျမ်းမှာဆို 'ကျွန်တော်၊ ကျွန်မ' လို့ ပါတယ်။

သို့သော် အဲဒီစကားလုံးတွေကနေ ကျေးကျွန်ဆိုတဲ့ sense ကြီးကို ခံစားမိတဲ့သူတချို့က 'ကျတော် ကျမ' စသဖြင့် ပြောင်းရေးကြတယ်။ ကိုယ်တော့ အဲလိုမရှိဘူး။ (ရှေ့ကလူများ ဘာကိုရည်ရွယ်သည်ဖြစ်စေ) သတ်ပုံဆိုတာ ဘာသာစကားတခုကို အတူအသုံးပြုသူတွေကြား တပြေးညီ တူဖို့သတ်မှတ်တဲ့ နည်းစနစ်တစ်ခုမျှသာပဲ။ ဒီတော့ ကျွန်မ ဆိုတဲ့ အသုံးသာ သုံးဖြစ်ခဲ့ရင် 'ကျွန်မ' လို့ပဲ ရိုက်တယ်။ ကျမ လို့ မရိုက်ဘူး။ ဒီနေ့ သတ်ပုံကျမ်းမှာ 'ကျမ' လို့ ပြောင်းခဲ့မယ်ဆိုရင် နက်ဖန် သုံးစရာရှိတာနဲ့ 'ကျမ' လို့ ပြောင်းရိုက်၊ ပြောင်းသုံးမယ်။

(မှတ်ချက်။ သတ်ပုံကျမ်းအတိုင်း အမြဲလိုက်နာသည် မဆိုလို)

မိန်းမလို မိန်းမရ

လွန်ခဲ့တဲ့နှစ်တွေလောက်က ဘယ်မှာလဲ မသိ၊ (Addy Chen ဆီမှာလို့ ထင်တယ်။)
နောက်ပိုင်းမှာ မိန်းမတွေတင်မက ယောက်ျားတွေကပါ 'အမျိုးသမီး အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး' အော်လာကြတာ၊ သူတို့ တာဝန်တွေအေးရာအေးကြောင်းဖြစ်ဖို့၊ ပုခုံးပြောင်းဖို့ ဆိုတဲ့ လျှို့ဝှက်အကြံအစည် ဖြစ်နိုင်တယ် ဆိုတဲ့ သဘောမျိုးရေးထားတာ။ သူ ကိုယ်တိုင်ကတော့ မိန်းမဝါဒီ ထင်ပါတယ်၊ အရေးအသားကြည့်ရတာ။ (အထူးမှတ်ချက်။ ကိုယ်ကတော့ ဒီတသက် ဖြစ်မည်မထင်။)

အဲဒီကနေ ဆက်တွေးလိုက်မိလို့။

ဆိုပါစို့။ 
ယောက်ျားတွေကို 'ဒီလူကတော့ မိန်းမလို မိန်းမရနဲ့၊ မိန်းမစိတ်' 'ထမီ ဝတ်ထားပါလား' စသဖြင့်ပြောတာ မိန်းမတွေကို စော်ကားရာကျတယ်။ အဆင့်နှိမ့်ရာကျတယ် ဆိုကြတယ်။

ဒါလည်း ယောက်ျားတွေအနေနဲ့ ဒီလိုပြောတာ မခံချင်လို့၊ မခံရအောင် တဘက်လှည့်နဲ့ မိန်းမတွေကိုပဲ မနှိမ်စေချင်သလိုလို လုပ်ပြောတာ ဖြစ်နိုင်တာပဲ။

စကားလုံးဆိုတာ အသုံးကြာလာရင် မူရင်းအနှစ်ပျောက်ပြီး၊ အပေါ်ယံညွှန်းဆိုရင်းစွဲလေးပဲ ဂရုပြုမိကြတာ များတယ်မဟုတ်လား။ 'ကျွန်တော် ကျွန်မ' ဆိုတာလိုပေါ့။ အဲဒီစကားလုံး သုံးတိုင်း ဒါ ငါ့ကိုယ်ငါ ဆိုတာကလွဲလို့ 'ကျွန်' ဆိုတဲ့ အနက်ဟာ ကိုယ့်စိတ်ထဲ ပေါ်မလာဘူး။ ပေါ်လာတဲ့လူလည်း မသုံးဘဲ နေရုံပဲမဟုတ်လား။

ဒီလိုပဲ ယောက်ျားတစ်ယောက် အလုပ်မဟုတ်ဘဲ အူကြောင်ကြားကွက်နင်းနေလို့ 'မိန်းမလို မိန်းမရ' တို့ 'မိန်းမဉာဏ်' တို့ 'မိန်းမကျင့် မိန်းမကြံ' တို့ လို့ ပြောတာလည်း မိန်းမတွေ ဆိုတဲ့ sense ထိ ပေါ်မလာဘူး။ ဒါ တိုက်ရိုက်ပြောချင်သူကိုသာ ထိထိမိမိ နှိပ်ကွပ်နည်း တမျိုးပဲ။ (ဒါမျိုး သူတို့ မခံချင် မခံနိုင်လို့ မိန်းမတွေကိုပါ သွယ်ဝိုက် နှိမ်ရာရောက်တယ်ဆိုပြီး တဖက်လှည့်နဲ့ ထွက်တာ ပို ဖြစ်နိုင်တယ်။)

တချို့သော ယောက်ျားတွေ အမျိုးသမီးအခွင့်အရေး ဘာညာ ခေါင်းတပ်ရေးတာ စေတနာနဲ့ဆိုတာထက်၊ ထမီမပြီး ရန်တွေ့နေတာနဲ့ ပိုတူတတ်လို့၊ ဒါ အမျိုးသမီးခေါင်းစဉ်တပ်ပြီး သူတို့အထိနာတတ်တဲ့ စကားလုံးတွေ ပပျောက်အောင်များ တဖက်လှည့်နဲ့ ပြောသလား ထင်မိတယ်။

ဒီတော့ မိန်းမတွေကို ထိခိုက်တယ်လို့ စိတ်မှာထင်ရင် မသုံးဘဲ နေရုံပဲ။ ကိုယ့်စိတ်က ဒီစကားလုံးသုံးတာ ရည်ရွယ်သူကလွဲလို့ မိန်းမတွေကို သွယ်ဝိုက် ထိခိုက်စေလိုတယ်လို့ မဟုတ်ရင် ဆက်သုံးရုံပဲ။

အဲလို အူကြောင်ကြားကွက်တွေအတွက် ဒီ့ထက် ထိရောက်မယ့် စကားလုံးလည်း မှတပါး အခြားမရှိမဟုတ်လား။ ရှိလာခဲ့ရင် အချိန်မရွေးပြောင်းသုံးမယ်။ 

မရှိမချင်းတော့ ဒါအကောင်းဆုံးပဲ။

***
ဘာမှတော့ မဆိုင်ဘူး။
ရုံးက ပြန်ရောက်ပြီး Addy Chen ပို့စ် ဖတ်၊ နောက် ကွန်ဒိုလီဇာရိုက်ဇ်အကြောင်းဖတ်တော့ လူမည်းတို့၊ ကျွန်တို့ အကြောင်းတွေရောက်၊ စကားလက်အိုဟာရာတို့ခေတ်က လူမည်း၊ ရိုက်ဇ်တို့ခေတ်က လူမည်းနဲ့ ကျွန် ဆိုတဲ့ စကားလုံးကနေ ချရေးမိတာ။

ဖြည့်စွက်

ဗမာပြည်မှာ အမျိုးသမီးရေးရာ နဲ့ အမျိုးသမီးအခွင့်အရေးအကြောင်းတွေ ခေတ်စားတုန်းကဆိုရင်
မြန်မာဥပဒေမှာ ယောက်ျားတွေ တရားဝင် မိန်းမတစ်ယောက်ထက် ပိုယူခွင့် ရတာနဲ့ ပတ်သတ်လို့ ဆရာမကြီး ခင်နှင်းယု တို့တောင်ပါသေးလား မသိ၊ ရှင်းကြတာကို ဖတ်ဖူးတယ်။ အဲဒီမှာ အဲဒါက ဘာသာခြား လူမျိုးခြားအမျိုးသားနဲ့ လက်ထပ်တဲ့ ဗမာအမျိုးသမီးတွေကို ကာကွယ်ဖို့ လုပ်ရတာပါဆိုပြီး ဥပမာ၊ ဥပမေယျ မျိုးစုံနဲ့ ရှင်းကြတာ ကြားဖူးတယ်။

ကိုယ်တော့ ဥပဒေကြောင်း နားမလည်ပါဘူး။ လတ်တလော မလိုအပ်တော့ စိတ်လည်းမဝင်စားဘူး။ ဒါပေမဲ့ အဲဒီမှာ ပြသွားတဲ့ ဥပမာတွေ အကြောင်းပြချက်တွေကိုတော့ ဘဝင်မကျဘူး။ အဓိကနဲ့ သာမညနဲ့ ချော်နေတယ်လို့ ခံစားရတယ်။

ပြောချင်တာက မိန်းမတွေကို ကာကွယ်ဖို့လို့၊ မနှိမ်မိဖို့လို့ ရည်ရွယ်ချက်ဖြင့် 'မိန်းမလို မိန်းမရ ဖြစ်သော' ယောက်ျားတွေကို 'မိန်းမလို မိန်းမရ' ဆိုတဲ့ စကားလုံးမျိုး သုံးပြီး မပြောသင့်ဘူးဆိုတာလည်း အထက်က ဥပဒေလိုများ ဖြစ်နေမလား တွေးမိသေးတယ်။

***

Sunday, April 15, 2012

မောင်, ကိုကို နှင့် မရီတာ (၁၈)


ချယ်ရီက ပြောခဲ့သည်။
ကိုဇေက အိမ်ထောင်ရေး အချစ်ရေးကိစ္စ ပြောဆိုတိုင်းမှာ ကိုကိုဟာ နှုတ်ဆိတ်စွာ တိတ်နေတတ်သည် တဲ့။

"အဲဒါ ဘာကြောင့်လဲ သိလား"
ချယ်ရီ့အမေးကို ကိုယ် ပြန် မဖြေခဲ့မိ။
ဒါပေမဲ့ အဖြေကို ကိုယ် သိပါသည်။

ကိုကိုဟာ တစုံတရာကို ခုချိန်ထိ တမ်းတ စောင့်စားနေဆဲဟု ကိုယ် ထင်နေခဲ့လို့ မဟုတ်ပါ။ ဒီလောက် အောင်မြင်စွမ်းဆောင်နိုင်ပြီးသား ယောက်ျားတစ်ယောက်အဖို့ ဒီလိုအနေအထားမှာ ရွေးချယ်ခွင့်တွေ များစွာ ရှိနေမှာကို ကိုယ် သေချာသိပါသည်။ သို့ပေမဲ့ ဘယ်ချိန်ဘယ်ကာလထိများ ကိုကိုဟာ အတိတ်ကနေ ရုန်းမထွက်နိုင်အောင် ရှိနေမှာပါလိမ့်။  ချယ်ရီနှင့် ကိုဇေ နားလည်သဘောပေါက်သလိုပဲ ဖြစ်ပျက်ခဲ့သမျှက ကိုကို့ကို ခုချိန်ထိ ရစ်ပတ်နေဆဲ ရှိလိမ့်မည်ဆိုတာကို ကိုယ်လည်း နားလည်ပါသည်။

အနီးဆုံးလူက နောက်ကျောကို ဓားနဲ့ထိုးခံရတဲ့အဖြစ်လိုမျိုး... ဒါကို မေ့ဖို့ ဘယ်တော့များမှ သူ တတ်နိုင်မှာပါလိမ့်။

ထားခဲ့ဖူးသည့် သံယောဇဉ်တွေကြောင့် အပြစ်မယူခဲ့သည့်တိုင် အပြည့်အဝ ခွင့်လွှတ်နိုင်မည် ဟုလည်း မထင်ခဲ့ပါ။ ဖြေရှင်းပေးဖို့ မတတ်နိုင်တော့တဲ့ အခြေအနေမှာ ကိုကို့ဆီက ခွင့်လွှတ်ပါတယ်ဆိုတဲ့ စကားကိုလည်း ကြားခွင့်မရချင်တော့။

ခွင့်လွှတ်ပါလို့ ဖွင့် မတောင်းပန်ခဲ့တာဟာ ခွင့်လွှတ်ထိုက်တယ် မထင်လို့ပါ။

ဒါ့ထက်ပိုလို့ဆိုရရင် ကိုကိုနဲ့ပတ်သတ်လို့ ထိခိုက်ခံစားရသမျှ သူများကိုတောင် မဝေငှခဲ့။ ခံစားမှုချင်း တိုက်ဆိုင်ရင်းနှီးခဲ့သူတချို့က ကိုယ် တုန်လှုပ်ခံစားနေချိန်များအား သိမြင်နားလည်လွယ်ကာ ဖွင့်ဟဖို့ အရိပ်အမြွက်ပြောပြခဲ့လျှင်သော်မှ ကိုယ်က မဖွင့်ဟခဲ့။

ဘာဖြစ်လို့ဆိုတာ သိပါရဲ့လား ကိုကို။ ဒါတွေကို ကိုယ့်ကို နားလည် နှစ်သိမ့်စေမယ့် တယောက်ယောက်ရှေ့မှာ ထွက်ပေါက်တခုအနေနဲ့ ဖြေလျှော့လိုက်ရင် မတရားရာကျမှာ စိုးလို့ပါ။ ကိုယ် ရသင့်တဲ့ အပြစ်ကို ဘာတစ်ခုမှ သွန်မချခဲ့ချင်လို့ပါ။

***
လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့နေရာမှာ ရှိနေပေမယ့် မည်သို့သောတစုံတရာက ခြားနားထားသည်မသိဘဲ ကိုကိုနှင့် မဆက်သွယ်ဖြစ်ခဲ့။ ကိုယ်ဟာ ထိုသောအတိတ်နှင့် လွတ်ကင်းနိုင်သမျှ လွတ်ကင်းအောင် တတ်နိုင်သမျှ နေမိတယ် ထင်ပါရဲ့။ မောင်ကတော့ စကားပြောဖြစ်ကြတိုင်း ကိုကိုနှင့်အကြောင်းကို တကြိမ်တခါမှ မမေးခဲ့။ ထို့ကြောင့် ထိုအကြောင်းကို ပြောပြဖို့ အခွင့်အရေးလည်း မရခဲ့။

ပထမဆုံးရောက်ရှိခဲ့ရာနေရာမှ 6 နှစ်ကျော်အကြာတွင် ကိုကို နိုင်ငံပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပြီးသည့်အချိန်မှာတော့ ကိုယ်တို့ စကားပြောဖြစ်ခဲ့၏။

"ကိုကို ငယ်ငယ်ကတည်းက အရောက်သွားဖို့ ဆုံးဖြတ်ခဲ့တဲ့ နေရာ" ဟု ပြောတော့ ကိုကို့အတွက် ငယ်ငယ်တုန်းကလိုပင် ဂုဏ်ယူဝမ်းသာမိပါသည်။ ကိုကိုဟာ သူ အလိုရှိသည့် ဘယ်နေရာကိုမဆို အချိန်မဆိုင်း ရွေးချယ်နိုင်ခဲ့ပြီ။

ထို့နောက် မျှော်လင့်ပြီးဖြစ်သော်လည်း ကိုယ် ကြောက်ရွံ့သော မေးခွန်းတစ်ခုကို ဆက်မေးခဲ့သည်။

"ညီမလေး ဘာဆက်လုပ်မယ် စိတ်ကူးလဲ"

"မကြာခင် ပြန်ဖြစ်လိမ့်မယ် ကိုကို"

"ဪ"

ထို့နောက် ကိုကို ကိုယ့်ကို ပြုံးရုံမျှ ကြည့်နေခဲ့သည်။

"ကိုကို"

အိမ်ထောင်မပြုသေးဘူးလား ဟူသော အမေးကို မြန်မြန် ပြန် ရုပ်သိမ်းပစ်လိုက်သည်။ ကိုကို ဖြေချင်မှာမဟုတ်ဘူး။ မလိုအပ်တဲ့မေးခွန်းတွေ ဘာလို့မေးမလဲ။

"ခု အားလုံးအဆင်ပြေတယ် မဟုတ်လားဟင်"

"အင်း ပြေပါတယ်"

"ကိုသီဟတို့တော့ အဲဒီမှာပဲနေခဲ့မှာပေါ့နော်"

"အင်းပေါ့ သူတို့က မိသားစုနဲ့ အခြေကျနေပြီပဲ။ ကိုကိုသာ တစ်ယောက်တည်းမို့လို့၊ ပြီးတော့ ဟိုးတုန်းကတည်းက သွားဖို့ ရည်ရွယ်ခဲ့တဲ့နေရာမို့လို့၊ ကိုသီဟသာ ဒီမှာ အရင်ရောက်မနေရင် ကိုကို ဟိုကိုပဲ တန်းသွားဖြစ်မှာ"

"ဟိုရောက်ရင် တစ်ယောက်တည်း မနေပါနဲ့တော့ ကိုကို"

ဒီလောက် အပြောင်းအလဲမြန်ပြီး၊ အေးစက် သက်မဲ့တဲ့ လောကကြီးမှာ နွေးထွေးနှစ်သိမ့်မယ့်၊ ကြင်နာယုယမယ့်၊ မျှဝေခံစားမယ့်သူ မပါဘဲ တစ်ယောက်တည်း မနေပါနဲ့။

ကိုကို ပြုံးရုံမျှအကြည့်ဖြင့်သာ ကြည့်နေပြန်သည်။

ပျက်စီးသွားတဲ့ ဘယ်အရာတွေ အရင်အတိုင်း ပြန်ဖြစ်ဖူးသလဲ။
ကိုယ်ဟာ အကောင်းတိုင်းအရာတွေကို ဖျက်ဆီးမိသူပါ။

"ကိုကို ရီ့ကို မေးစရာရှိတယ် မဟုတ်လားဟင်၊ ဟိုးတုန်းက မေးချင်ခဲ့တာ တစ်ခုခုလေ"

"ဘာကိုလဲ"

ကိုကိုက မေးခွန်းထုတ်ချင်သလို ကြည့်နေသည်။

"ကိုကို ဟောက်စ်ဆင်းတုန်းက ကိုဇေ့ဆီ လှမ်းရေးလိုက်တဲ့စာ ရီဖတ်ရတယ်"

"ဪ"

ကိုကို သတိရလာသလို ထင်ရသည်။

"သူတို့ကို အပြစ်မတင်ပါနဲ့ ကိုကို။ ရီတို့လေးယောက်ကြားမှာ လျှို့ဝှက်ထားစရာ ဘာမှ မရှိပါဘူး။"

ကိုကို့ ခပ်သာသာ အပြုံးသည် ပျောက်ကွယ်မသွားပါ။

"စာက အဆုံးပိုင်း ပါမလာဘူး။ ရီ့ဆီကို မပို့ရဘူးလို့ ချယ်ရီ့ဆီက ကိုဇေ အတင်းပြန်တောင်းရင်း အဆုံးပိုင်းက သူ့ဆီပါသွားတယ်ပြောတယ်။ ကိုဇေ ကိုကို့ကို တော်တော် ချစ်တာပဲ။ ရီ့ကိုတော့ စာရင်းမသွင်းတော့လောက်အောင်ပဲ။ ကိုကို သိလား။ ကိုဇေ နောက်ပိုင်း ရီ့ကို စကားမပြောဘဲနေသွားတာ သူ ဆုံးတဲ့ထိပဲ"

"တခါတလေ ဘဝက ဖြစ်ချင်သလို ဖြစ်တတ်တာပဲ။ ညီမလေး အပြစ်မတင်ပါနဲ့"

"ရီက အပြစ်တင်တာ မဟုတ်ပါဘူး။ ကိုကို့ကို ပြောပြတာပါ။"

"စိတ်မကောင်းလည်း မဖြစ်နဲ့"

ကိုကို့စကားကို ကိုယ် စိတ်မကောင်းဖြစ်စွာ ပြုံးမိသည်။

"မဖြစ်တော့ပါဘူး။ ဒါပေမဲ့ အပြစ်တင်တာ ခံကြေးဆို ရီကပဲ ခံရမယ်မဟုတ်လား။ ရီ့ကြောင့်..."

"ကိုကို ဟိုရောက်ရင် ညီမလေး လာလည်မလား"

ကိုကို စကားပြောင်းစေချင်နေပြီ။ ကိုယ် ခေါင်းယမ်းပြီး အဖြေပေးလိုက်သည်။

"မလာနိုင်လောက်တော့ပါဘူး။ ရီ ပြန်တော့မယ်လေ ကိုကို။ သူ ပြန်လာပါလို့ ခေါ်နေတဲ့အချိန်မှာ ရီ ပြန်သွားချင်တယ်"

***
ကိုယ်တို့ နှုတ်ဆက်စကားဆုံးလို့ အိပ်ရာဝင်တော့မည့်အချိန်မှာပင် ကိုယ့်အတွက် စာတစ်စောင်ရောက်၍ လာသည်။

"အဲဒီတုန်းက ကိုကို မေးကြည့်ချင်ခဲ့တာ... တကယ်လို့များ ကိုကို အစောကြီးတည်းက ဖွင့်ပြောဖြစ်ခဲ့ရင် ညီမလေး သူနဲ့ထပ်တွေ့တဲ့အခါ ပြောင်းလဲသွားဦးမှာလား ဆိုတာပါ"

ကိုယ့် အသိစိတ်ထဲမှာ ဖျတ်ခနဲ ပူနွေး၍ ရုတ်ချည်းပင် အေးခဲသွားခဲ့သည်။

ကိုကိုမေးရင် ဖြေမှာပါဟု စဉ်းစားခဲ့သော၊ သက်တမ်းတလျှောက်လုံး ကြွေးကျန်သလို ခံစားခဲ့ရသော ထိုမေးခွန်းကို သိလိုက်ရချိန်ကျတော့ ကိုယ့်မှာ ဖြေစရာ မရှိခဲ့ပါ။
ကိုယ် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိသော အမေးပါပဲ။ ဘယ်တော့မှလည်း ဖြေဆိုနိုင်မယ် မဟုတ်တဲ့ အမေးပါပဲ။

ဘဝဆိုတာ ဒီလိုပဲ ထင်ပါရဲ့။

ကိုယ်တို့ ဒီတိုင်းသာ နှုတ်ဆက်ပြီး ထွက်ခွာလိုက်ကြသည်။

ရည်ရွယ်ဖန်တီးခဲ့တာမဟုတ်တဲ့ အဖြစ်အပျက်တွေ သူ့သဘော သူဆောင်လာတဲ့ကြားမှာ
ချစ်မယ့်သူအနားမှာလည်း မနေနိုင်ခဲ့
ချစ်တဲ့သူအနားမှာလည်း မနေနိုင်ခဲ့
ကိုယ့်အပေါ် ကောင်းခြင်းတွေ ဆောင်ကြဉ်းခဲ့ကြသူတွေအပေါ်မှာလည်း ပြန်လည်ဖြည့်ဆည်းနိုင်ခွင့် မရခဲ့။

လှိုက်လှဲသော ကြေကွဲစိတ်က ကိုယ့်စိတ်တွင်းကို လှိုင်းတအုပ်လို ဖုံးအုပ်လာ၏။ ဘေးပတ်ဝန်းကျင် လေထုတခုလုံးမှာ တွဲခိုနေသော ဝမ်းနည်းစရာများ ကိုယ့်ရှိရာဆီ တလိမ့်လိမ့် တိုးလာကြသည်။

***
မပြန်ခင်မှာ အရင်ဆုံး သိမ်းဆည်းမိသည့် ပစ္စည်းနှစ်ခုက ကိုယ့်ကြောင့် ပြီးအောင် ဆက်တက်ခဲ့ရတာမို့ ကိုယ်ပဲ ယူထားပါဆိုသည့် မောင့် ဘွဲ့လက်မှတ်နှင့် ကိုကို့ရဲ့ 1st MB တုန်းက မြန်မာစာမှတ်စုစာအုပ်ဖြစ်သည်။ အဲဒီထဲမှာ တက္ကသိုလ် ပထမဆုံးနေ့ အတွေ့အကြုံအကြောင်းရေးထားသည့် စာစီစာကုံးတစ်ပုဒ်ပါခဲ့သည်။

***
ပြီးတော့ မောင့်ဆီကနေ သင်ယူရဦးမည်။ အစိမ်းရောင်စာရွက်တွေ အတုအစစ်ခွဲခြားနည်းကစလို့ ကိုယ့်ကို ဦးဆောင်သင်ကြားလိုခဲ့သော မောင့်ထံမှ ချစ်ခင်လိုက်လျောခြင်းတွေ အပါအဝင်၊ သည်းညည်းခံရခြင်းအနုပညာ အဆုံး သူနှင့်အတူ လျှောက်လှမ်းရင်း သင်ယူလေ့ကျက်ရဦးမည်။

နှစ်ဘက်အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုမပါဘဲ လက်ထပ်လိုက်ဖို့ဆိုတာ ကိုယ် တကြိမ်တခါမှ မစဉ်းစားခဲ့ဖူးသော အကြောင်းအရာဖြစ်၏။ ကိုယ့်ဘဝမှာ ကြုံကောင်းကြုံလာရလိမ့်မည်ဟု မတွေးထင်ခဲ့ဖူးသည့် အဖြစ်အပျက်ဖြစ်၏။

ဘယ်မိန်းကလေးကရော စဉ်းစားခဲ့မှာတဲ့လဲ။
ပြီးတော့ ကိုယ်ဟာ ဘယ်တုန်းကများ ဘယ်အရာကို မျက်စေ့တဆုံး ကြည့်ခဲ့ဖူးလို့လဲ။

ကိုယ့်လို ဘယ်သူကြုံခဲ့ရဖူးလို့လဲ ဟု ရေရွတ်မိတိုင်း မောင်က သနားသလို မျက်နှာပေးနဲ့ မျက်မှောင်ကျုံ့ကာ ကြည့်လေသည်။ သူများကြည့်လျှင် မခံမရပ်နိုင်ဖြစ်စေနိုင်သည့် ထိုအကြည့်မျိုး မောင် ကြည့်တော့ ဝမ်းနည်းရုံမှတပါး အခြားမရှိပါ။

မောင်သိခဲ့တဲ့ အချက်အလက်တွေဟာ မမှားပါဘူး။ မပြည့်စုံတာ တစ်ခုပဲ။ ပြောတဲ့သူတွေရဲ့ ထင်မြင်ချက်တွေဖြစ်နေတာ၊ သူတို့တဖက်တည်းက ကြည့်မြင်တဲ့ ရှုထောင့်ကဖြစ်နေတာ။ ဘာတွေပဲဖြစ်ဖြစ် ကိုယ်ဟာ လက်ခံသိမ်းဆည်းခဲ့ရသည်။
 
***
ဘာရည်ရွယ်ချက်မှ မရှိသော်လည်း အပြီးချန်ရစ်ရတော့မည့် အတိတ်ကို ပြန်ကြည့်မြင်ချင်ရုံသက်သက်ဖြင့် ချယ်ရီနှင့်အတူတူ မြို့ကလေးရဲ့ မြစ်ကမ်းပါးကို တစ်ခေါက်ရောက်အောင် သွားခဲ့သည့်အခါ...

မြို့ဟာ အရင်လို တက်ကြွ လှုပ်ရှားဆဲ။
ကိုယ်တို့ တက်ခဲ့ဖူးတဲ့ ကျောင်းမှာ အရင်လို ပြိုင်ဆိုင် ထူးချွန်ကြမြဲ။
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေဟာလည်း စည်ကား သက်ဝင်ဆဲ။
မြစ်ပြင်က မြစ်ရေတွေဟာလည်း စီးဆင်းမြဲပေါ့။

ကိုယ်တက်ခဲ့စဉ်က အတန်းပိုင်ဖြစ်ခဲ့သော မေမေ့သူငယ်ချင်းဟောင်းဖြစ်ခဲ့သော ဆရာမဆီကို သွားတွေ့တော့ ကိုယ့်ကို ကောင်းကောင်း မှတ်မိဆဲ ဆရာမက ချက်ချင်းလိုပင် ကိုကို့သတင်းကို မေးမြန်းသည်။

ဟောသည်မြို့ကလေးဟာ ကိုယ်တို့နှစ်ယောက်ကိုလည်း တွဲပြီး မြင်ဆဲပါတည်း။

သို့ပေမယ့် အငွေ့အသက်တွေကတော့ အရင်လို ပျိုမျစ်လတ်ဆတ်ခြင်းမရှိတော့ဘဲ ကိုယ့်အမြင်မှာ အရာရာ လွမ်းဆွတ်ဖွယ်ကောင်းနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်အတွက် တချိန်က ကောင်းမြတ်ခြင်းတွေ စောင့်နေခဲ့ဖူးသည့် နေရာ၊ အဝေးရောက်နေစဉ်တလျှောက်လုံး ကိုယ့်အတွင်းစိတ်နှလုံးထဲမှာ စွဲစွဲလမ်းလမ်း ရှိခဲ့ရသည့် နေရာ၊ အချိုမြိန်ဆုံး အချိန်တွေနဲ့ ကြည်ကြည်လင်လင် ပြုံးရယ်စေခဲ့တဲ့ နေရာ၊ ဖြူစင်မှုတွေ သံယောဇဉ်တွေ အမှတ်တရတွေနဲ့ ချစ်ခြင်းမေတ္တာတရားသက်သက်တွေကို ခံစားခဲ့ရတဲ့နေရာပါပဲ။

***
ကိုကို

ကိုယ်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုဖို့ တွေ့ခဲ့ကြတာ မဟုတ်ဘူးနော်။ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာစေတနာ မပျက်လည်းဘဲ ဘာကောင်းကျိုးမှ အပြန်အလှန် မပြုနိုင်ကြတော့ဘူး။ ဘာမှ မရည်ရွယ် မလုပ်ကိုင်ပါဘဲ တစ်ယောက်က တစ်ယောက်ကို ထိခိုက်စေတဲ့အကြောင်းသာ ဖြစ်နေခဲ့ရတယ်။

တစ်စုံတစ်ရာသော ကျိန်စာသာ မဟုတ်ရင် ကိုယ်တို့ ဆုတောင်းမှားခဲ့ကြတာပဲ ထင်ပါရဲ့။

ကိုကို့အတွက်တော့ ကိုယ်ဟာ နဂိုသန့်စင်ကြည်လင်ပြီးသား စိတ်နှလုံးထဲ အကြောင်းတိုက်ဆိုင်တိုင်း လှုပ်ခတ်လှိုင်းထလို့ ဝေဝါးနောက်ကျိစေတဲ့ အနည်အနှစ်လိုသာ ဖြစ်ခဲ့တယ်။

ပင်ကိုကြည်လင်တဲ့ စိတ်နှလုံးနဲ့ အတိတ်တွေထဲ အနည်အနှစ်လို ပါခဲ့ဖူးတဲ့ ကိုယ်နဲ့ပတ်သတ်သမျှ အကြောင်းအရာတွေအားလုံး ဖယ်ထုတ်ပေးချင်မိ၊ ဘယ်အချိန်ပြန်တွေးတွေး အချိုမြိန်ဆုံးသော ကာလအပိုင်းအခြားတွေပါမကျန်အောင် ဖျက်သိမ်းပေးချင်မိ၊ ဒီဘဝထဲက အမက်မောဆုံး အဲဒီကာလအပိုင်းအခြားတစ်ခုကို ဖယ်ထုတ်ပေးခြင်းအားဖြင့် ကိုကို့ကို ကြည်စင်စေချင်မိပါတယ်။

ကိုယ် မပါမှသာ ဖြစ်မယ်မဟုတ်လား ကိုကို။

သန့်​စင်တဲ့ရေနဲ့ နောက်ကျိစေတဲ့ အမှုံအမွှားလိုပါပဲ။
ကိုယ်တို့ တွေ့ခဲ့ကြတယ်နော်။

***
မောင်

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ...
မောင်နဲ့ပတ်သတ်ခဲ့သမျှ ဘာတစ်ခုမှ ပြန်မပြင်ချင်ဘဲ အရှိအတိုင်းသာ ထားချင်မိပါတယ်။
မောင်ဟာ ဘယ်ကဲ့သို့ အဓိပ္ပါယ်ကို ဆောင်သည်ဖြစ်စေ ကိုယ့်ဘဝမှာ မောင် မပါလို့ မဖြစ်ပါဘူး။
ဘယ်လို ဆိုးသည် ကောင်းသည် ချိုသည် ခါးသည်မဆို မောင့်နားမှာပဲ အမြဲရှိချင်ခဲ့ပါတယ်။

***
မြစ်ရေတို့က မရပ်မနား ဖြတ်စီးသွားကြသည်။ ကိုယ်ကတော့ မလှုပ်မယှက် ငေးကြည့်ကာ ရပ်တန့်နေ၏။ (သို့မဟုတ်) အရာအားလုံးကို ရပ်တန့်ထားချင်မိ၏။ သို့တိုင် ဖြတ်ကျော်လွင့်ပါးသွားသော အချိန်ကာလနှင့် ဖြစ်ပျက်ပြီးစီးသွားသော အခြေအနေတို့က နဂိုအတိုင်း ပြန်လည်ရောက်ရှိမလာနိုင်တော့။

***