Tuesday, February 1, 2011

တဆစ်ချိုးမြို့


တဆစ်ချိုးမြို့

အာရုံဖြင့် ခရီးသွားချင်သည်။

မြို့ကြီးနှစ်မြို့ကိုဆက်သော အဝေးပြေးလမ်းနံဘေး မြို့ကလေးတမြို့ဆီမှ ကျယ်လွင့်ရှည်လျားမှုနှင့် အသားကျနေရာက အုပ်ဆိုင်းအကွက်ကျကာ သီးသန့်ဆန်သည့် ထိုနေရာကို စရောက်စဉ်ကတော့ ထုံးစံအတိုင်း တစိမ်းဆန်ခဲ့သည်။

မြစ်ချောင်းပေါများသည့်၊ ကားလမ်းကျဉ်းကလေးတွေနှင့်ဆက်သည့် အနီးပတ်ဝန်းကျင် မြို့များသို့ရောက်သည့်အခါ ဒီမြို့ကတော့ ဘယ်သူ့ဇာတိ၊ ဒီမှာတော့ ဘယ်သူနေသွားတာလို့ စဉ်းစားပြီး သူတို့စိတ်ဝိဉာဉ်ကိုပဲ တွေ့ရတော့မလို ရှာဖွေရတာ စိတ်ဝင်စားစရာကောင်းသည်။ အရင်ခေတ်ကရော နောက်ပိုင်းခေတ်ကပါ နယ်ပယ်ပေါင်းစုံက ထင်ရှားကျော်ကြားသူများ ထိုဒေသတဝိုက်မှ များစွာထွက်သည်။ 

အရင်မြို့မှာ မတွေ့ခဲ့ရဖူးသည့် ကိုယ့်မွေးဇာတိမြို့က ပုံစံအတိုင်း တိုက်တာအဆောက်အဦဟောင်းတချို့ကို တအံ့တသြ မြင်ရသည်။ (မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းကို ခွဲမြင်နေကျ ကိုယ့်အတွက် အဲသည် အံ့သြစရာတူညီမှုမှာ အဖြေရှာတော့ တွေ့ရတာက မြစ် ဖြစ်၏။)

မြစ်ချောင်းအင်းအိုင်ပေါများရာ ထိုဒေသက တမြို့နဲ့တမြို့ကိုဆက်သော လမ်းတွေက ကျဉ်း၊ မြို့ထဲ လမ်းတချို့က ကျဉ်း၊ မြို့ရဲ့နာမည်အကြီးဆုံး ကျောင်းဝန်းက ကျ​ဉ်း၊ နေရတဲ့ အိမ်က ကျဉ်း၊ လပိုင်းကလေးမျှသာ နေခဲ့ရတာမို့ ကိုယ့်ရဲ့ ဆက်သွယ်ရေးရပ်ဝန်းကလည်း ကျဉ်း။

သို့သော် ကျယ်ဝန်းသည့် အိမ်ခြံမြေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ နာမည်ကြီးဘုရားများ နှင့် နာမည်ကျော် မြစ်တစ်စင်းလည်းရှိသည့် မြို့။ မြန်မာပြည်က နယ်မြို့ကြီးတွေ ထုံးစံအတိုင်း စီးပွားရေးသမား ကုန်သည် ပွဲစားတွေ ပေါများသော မြို့။ ဂုဏ်သိက္ခာအတွက် ပညာရေးကို အပြိုင်အဆိုင် အားပေးအားမြှောက်ပြုပြီး၊ တကယ်တမ်းကျ ဝင်ငွေကိုသာ ပို အလေးအမြတ်ပြုသည့် မြို့။ အစဉ်အလာနဲ့ နေထိုင်ကြပြီး အခြေကြီးသည့် မြို့။

ကျောင်းကတော့ မြို့နယ်နဲ့ တိုင်းတွင်သာမက တပြည်လုံးထိ နာမည်ကြီးသည့် သူ့ဂုဏ်သတင်းနဲ့ မလိုက်ဖက်အောင်ပင် ကျဉ်းမြောင်းသေးငယ်လေသည်။ လပိုင်းကလေးလောက်သာ တက်ခဲ့ရပြီး လူကိုယ်တိုင် ဘယ်တော့မှ နောက်ထပ်မရောက်ဖြစ်တော့ပေမယ့် စိတ်ကူးဖြင့်တော့ အဲဒီကျောင်းရှေ့သို့ ထပ်ခါတလဲလဲ ပြန်သွားဖြစ်သည်။ 

စိတ်ကူးထဲမှာ အဲဒီ ကျောင်းဝန်းအဝကို မျက်နှာမူလျက် အကြာကြီးရပ်ကြည့်မိတတ်သည်။ ဝင်လာသည့်ကျောင်းသားတွေ၊ ထွက်လာသည့်ကျောင်းသားတွေ၊ စုဝေးကွင်း၊ နိုင်ငံတော်သီချင်း၊ အလံတော်၊ မုန့်စားတန်း၊ အား/ကာချိန်၊ ဘုရားရှိခိုးချိန်၊ စာအံသံများ။ စိန်ပန်းနဲ့ ကုက္ကိုပင်တန်းတွေ။

ကျောင်းဘေးမလွယ်ပေါက်။ အဲဒီကနေ ထွက်ပြီး လမ်းမဘက်ဖြတ်ကူးရုံနှင့် ဈေးကိုရောက်မည်။ ငရုတ်ကောင်းများများသုံး၍ ချက်ထားသော နာမည်ကျော် မုန့်ဟင်းခါးကိုတော့ လုံးဝမကြိုက်ခဲ့။

ကျောင်းရှိ ထူးချွန်ကျောင်းသားများ၏ ဓါတ်ပုံတွေ ချိတ်ဆွဲရာ အခန်းတခန်း။
အဘက်ဘက်က ထူးချွန်သည့် ထိုကျောင်းထွက် ကျောင်းသားများ၏သတင်းက အဲသည်မြို့ကို မရောက်ခင်ကတည်းက ဂရုမပြုဘဲ မနေနိုင်လောက်အောင်ပင် ကြီးသည်။ ဓါတ်ပုံခန်းတွင် နှစ်ကာလအစီအစဉ်တကျ ချိတ်ဆွဲထားသော ထူးချွန်စွာအောင်မြင်သူ ကျောင်းသားများ၏ ဓါတ်ပုံပေါင်းများစွာရှိသည်။

တချို့ဓါတ်ပုံများ၏ ရာဇဝင်မှာ စိတ်ဝင်စားစရာပင် ကောင်းသေးတော့။ ဆွေစဉ်မျိုးဆက်၊ ညီအစ်ကိုတတွေ၊ မောင်နှမတတွေ စသဖြင့်။ နာမည်ဆင်တူ ရုပ်ဆင်တူ ဓါတ်ပုံများ၏ အောက်ဘက်တွင်ထည့်သွင်းထားသော အနည်းငယ်သာ ကွာခြားသည့် နှစ်ကာလများ၊ မြင်တွေ့ရသည်မှာ ကြည့်သူနှင့် ဘာမှမဆိုင်သည့်တိုင်အောင် ကျေနပ်နှစ်သိမ့်စွာ ပြုံးရယ်ဂုဏ်ပြုချင်စရာ။


နောက်တခေါက် ပြန်ရောက်ဖြစ်ရရင်တော့ ကျောင်းနှင့်တွဲ၍ မသိမဖြစ်သူတစ်ယောက်၏ ပုံတစ်ပုံကို ကြည့်ရန် ထိုဓါတ်ပုံများထားရာ အခန်းတွင်းသို့ ရောက်အောင်သွားချင်မိသည်။ အဲဒီကျောင်းမှာတက်သည့် အချိန်ခဏမှာတော့ ထိုဓါတ်ပုံကို မချိတ်ဆွဲရသေး။ ဓါတ်ပုံကိုတော့ အဲဒီမြို့က ထွက်လာပြီးကာမှ တခြားနေရာမှာ သိရှိမြင်တွေ့ခဲ့ပြီးပြီ။ သို့သော် ထိုအခန်းထဲမှာ ထိုဓါတ်ပုံကို ချိတ်လျက် ယနေ့တိုင် မြင်ခွင့်မရသေး။ ဒီတသက် မြင်ရချင်မှလည်း မြင်ရတော့မည်။ ပင်နီရောင်နှင့် အဖြူရောင်ရောလျက် တည်တံ့စူးစိုက်သည့် သွင်ပြင်ရောင်ဝါတစ်ခု။ ခုတော့ဖြင့် သူလည်းပဲ မြို့နှင့် အဝေးမှာ...

အား/ကာဆောင်ထဲကို လှမ်းကြည့်တော့ ကျောင်းသားတချို့ စားပွဲတင်တင်းနစ် ရိုက်နေကြသည်။ ဘောလီဘောပုတ်နေကြသည်။ ဆိုကရေးတီးအတွက် ဆိုကြကကြတော့လည်း ဒီထဲမှာ၊ ကထိန်လိုပွဲမျိုးအတွက် အရုပ်ချိုးကြ ပြင်ဆင်ကြတော့လည်း ဒီထဲမှာ။ ထူးချွန်စွာအောင်မြင်ပြီးကြသော ကျောင်းသားဟောင်းများပါ တက်ကြွစွာ ပါဝင်လာတတ်သည့် နေရာ။

ကျောင်းကနေထွက်လိုက်ပြီး ညာကိုချိုးရင် နာမည်ကြီးဆရာဝန်ကြီးတစ်ယောက်၏ ဆေးခန်းရှိသည့် လူစည်ကားရာ လမ်းကျဉ်းကလေးပေါ်ရောက်မည်။ ထိုလမ်းကလေးက ပြေပြစ်သည့် curve ပုံစံ ကွေ့ကွေ့ကလေး။ သိပ်ကောင်းသည့် မုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကိုယ့်အသည်းစွဲ ဒိန်ချဉ်ဆိုင်ရှိသည်။ အဲသည်ဆိုင်ကလောက် ကိုယ့်အကြိုက်နှင့်ကိုက်သည့် ဒိန်ချဉ် နောက်ဘယ်မှာမှ မသောက်ရတော့ဘူး ထင်သည်။ 

မြို့ကို ရောက်ခဲ့ချိန်သည် မိုးအကုန် ဆောင်းအကူးဖြစ်ပြီး အဲသည်တစ်နှစ် နွေရာသီ ကုန်ချိန်လောက်ထိ အဲသည်မြို့မှာ နေခဲ့သည်။ ... ဆိုတော့ မြို့၏ ဆောင်းရာသီနှင့် နွေရာသီကိုသာ အတွေးဖြင့် ပုံဖော်နိုင်တော့သည်။

အထူးသဖြင့်ကတော့ နွေရာသီညနေခင်းရဲ့ လေပြည်ညင်းကလေးတွေ...
ညနေတိုင်လျှင် လှုပ်ရှားစည်ကားလာတတ်သည့် အဲသည်လမ်းကျဉ်းကလေးထဲ အေးအေးလူလူ လမ်းလျှောက်နေသူတချို့ဆီကို ဖြတ်တိုက်လာတတ်သော နွေရာသီညနေခင်း လေပြည်ညင်းကလေးတွေ။ 

ဒါပေမဲ့ ခုလို မိုးတွေရွာချိန်မှာ ဘာဖြစ်လို့ အဲဒီမြို့ကို သတိရနေမိပါလိမ့်။

ထိုလမ်းကွေ့ကလေးမှတဆင့် ကမ်းနဖူးက ဘုရားသို့ သွားမည်။
ပူနွေးနူးညံ့သည့်လေက မြစ်ပြင်ကို ဖြတ်တိုက်လာချိန်တွင် ဘုရားပေါ်ရှိ ဆည်းလည်းကလေးများက ချိုမြစွာ လှုပ်ခတ်မည်။ ထိုအခိုက် ကြယ်စုံလစုံသည့် ကောင်းကင်ပြင်သို့ မော့ကြည့်မည်။ အနက်ရောင်နောက်ခံတွင် အဖြူရောင်ပန်းပွင့်များ လင်းလက်သည်ကို မြင်ရသည့်ခဏ ဘဝကို ခေတ္တမျှ ရပ်တန့်မည်။



***
တပိုင်းတစ ဖတ်ခဲ့ဖူးသည့် ဆရာမ ဝင်းဝင်းလတ်၏ မပြီးဆုံးသွားသော အခန်းဆက်တပုဒ်ထဲက စာကြောင်းလေးတစ်ကြောင်းကို သတိရသည်။

"တချို့တွေ သူငယ်တန်းမှ စလို့ ဘွဲ့ရသည်ထိ တသက်လုံး တနေရာတည်းနေ၊ တကျောင်းတည်းတက်၊ ဒီသူငယ်ချင်းတွေနဲ့ပဲတွဲပြီး ဘဝကို အပြောင်းအလဲမရှိ တသမတ်တည်း တည်ငြိမ်စွာ လျှောက်ခဲ့ကြရသည်" တဲ့။ 

စိတ်မများတတ်သည့်အရွယ် ငယ်စဉ်ကတော့ ကိုယ် သူတို့ကို အားကျသည်။ ယခုလို တခုခုကို ပြတ်ပြတ်သားသားရွေးချယ် ကြိုက်နှစ်သက်ဖို့ ခဲယဉ်းလာသည့်၊ တနည်းအားဖြင့် အဖြစ်အပျက် အကြောင်းအရာတစ်ခုကို ကောင်းသည် ဆိုးသည် ယတိပြတ် ခွဲခြားရန် ခက်ခဲသည်ဟု ယူဆထင်မြင်လာသည့် အသက်အရွယ်မှာတော့ အားကျသည် မကျသည်ကို တချက်တည်းနှင့် ဆုံးဖြတ်၍ မရတော့ပြန်။

ဘဝရဲ့ အမှတ်တရတွေကို အဆစ်အပိုင်းတစ်ခုချင်းဆီမှာ အပြီးချန်ထားခဲ့ရသည့် ခါးသီးမှုကို သူတို့မသိ။ ထိုအခါ သူတို့ဘဝက အားကျစရာကောင်းသည်။ အဆစ်အပိုင်းတိုင်းမှာရှိသည့် မတူညီသည့် အပြောင်းအလဲများစွာကို ပြန်စဉ်းစား လွမ်းဆွတ်ရသည့် ချိုမြိန်မှုသည်လည်း ထိုကဲ့သို့ ဘဝများတွင် မရှိ။ ထိုအခါ ကိုယ့်ဘဝကိုသာ နှစ်သိမ့်နေမိတတ်ပြန်သည်။

***
pic from here