Wednesday, June 23, 2010

သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့

သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့

မြစ်လို့ စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ အရင်းနှီးဆုံး ပေါ်လာတာက သလ္လာဝတီ။ အဲဒီမြစ်ရဲ့ တောင်ဘက်ကမ်းကတော့ ကိုယ်တို့မြို့ပေါ့။ အဝေးပြေးကားလမ်းမမှာ မတည်ရှိတဲ့ မြို့တွေရဲ့ ထုံးစံအတိုင်း လေးထောင့်ကျတဲ့ မြို့ကလေး။

တမြို့လုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ စီးဆင်းပို့ဆောင်မှု အများစုကလည်း မြစ်ပေါ်မှာ တည်မှီပြန်တယ်။ ဟိုးအရင်ကတော့ အညာက လူတွေရဲ့ ထုံးစံ ပိုက်ဆံ ဘယ်လောက်ရှိလည်းပဲ ကိုယ်ပိုင်ကားကို ဇိမ်ခံစီးလေ့ မရှိကြ၊ ကုန်းတွင်းပိုင်းကျတဲ့ မြို့ကလေးရဲ့ ထုံးစံအတိုင်း ကားလမ်းနဲ့ လိုင်းကားတွေကလည်း မကောင်းလှတော့ ခရီးသွားရင်လည်း မြစ်ကိုပဲ အားထားကြတယ်။ ဒီတော့ မြစ်ကမ်းနားတလျှောက်က ကုန်စည်အဝင်အထွက်ရယ်၊ ခရီးသွားတွေရယ်နဲ့ မြို့ရဲ့ တခြား အစိတ်အပိုင်းတွေထက် စည်ကားတယ်။

မြစ်ကမ်းနဲ့ နီးတဲ့ ရပ်ကွက်က မြို့မရပ်လို့ အမည်တွင်တယ်။ နောက်တော့ မြို့မှာ မီးအကြီးအကျယ်လောင်တော့ ပြောင်းကြ ရွှေ့ကြရင်းနဲ့ လောလောဆယ် မြို့လည်ကျတဲ့ အပိုင်းက လူနေပိုများလာပြန်တယ်။ ကျေးဇူးတင်စရာတစ်ခုက မြို့ရဲ့ စီးပွားရေးတွေက မြစ်ပေါ်မှာ တည်မှီနေတာကြောင့်၊ တနည်းအားဖြင့် အဲဒီအချိန်မှာ မြစ်ပြင်ပေါ် ရောက်နေတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ခပ်မြန်မြန် နလန်ပြန်ထူနိုင်ခဲ့ကြတာပါပဲ။

ငယ်ငယ်ကတော့ ကိုယ်တို့ ပြောင်းနေပြီ ဖြစ်တဲ့ မြို့လည်ခေါင်မှာ ကတ္တရာလမ်း အပြည့်ခင်းပြီး၊ လမ်းမခင်းရသေးဘဲ မြေလမ်းပဲ အများစု ရှိနေသေးတဲ့ မြစ်ကမ်းနံဘေးက မြို့မရပ်ထဲ သွားရတဲ့အခါ ကိုယ်က ဒီဘက်က လမ်းတွေက မကောင်းဘူးလို့ ပြောလေ့ရှိတယ်။ အဲဒီအခါတိုင်း မေမေက အရင်ကဆို ဒီအပိုင်းကမှ အစည်ကားဆုံးအပိုင်း၊ မြို့မပိုင်း၊ မီးလောင်ပြီးတဲ့နောက် လူတွေ ပြောင်းရွှေ့ကုန်ကြလို့သာ စိတ္တသုခတို့၊ ရန်ကင်းတို့ဆိုတာ ဖြစ်လာတာ။ အရင်ကဆို အဲဒီနေရာတွေ ဘာမှတောင် မရှိဘူး လို့ ပြန်ပြောတတ်တယ်။ သူက မြို့မရပ်သူကိုး။

အညာကလူတွေဟာ ဘာမဟုတ်တာလဲပဲ အစွဲကို ကြီးတယ်။ ပထမတော့ စိတ်ထဲမှာ ဘာမှ မရှိဘဲ ရိုးရိုးပြောတာပါ။ နောက်တော့ မေမေ့ကို စချင်လို့ မြို့မရပ်က မကောင်းတာတွေ တမင် ရှာပြောလေ့ရှိတယ်။ ပြောမယ့်သာပြောတာပါ။ ကိုယ့်ကိုလည်း မြို့မရပ်မှာပဲ ချက်မြှုပ်ခဲ့တာ။ :) အဲဒီဘက်ကို ရောက်တိုင်း အိမ်ဟောင်းရဲ့ ဘယ်နေရာလေးမှာ သမီးကို ချက်မြှုပ်ခဲ့တာဆိုတာကို မေမေက ပြတတ်တယ်။

အစွဲကြီးတတ်တဲ့ အညာကလူတွေ မီးလောင်ပြီးတဲ့ နောက်မှာ နေရာဟောင်းကို ဘာဖြစ်လို့ စွန့်ခွာကြတာလဲ၊ အိမ်နေရာဟောင်းမှာ အိမ်သစ်ပြန်မဆောက်ဘဲ နေရာသစ်တည်ကြတာလဲ ဆိုတာ ခု ဒီစာရေးရင်းမှ ကိုယ် စဉ်းစားနေမိတယ်။ အဖြေတော့ မရပါဘူး။ မီးလောင်တယ် ဆိုပေမယ့် မြေနေရာက ကိုယ်ပိုင်မြေနေရာအဖြစ် ကျန်နေရစ်တာပဲ။

မြို့မှာ ရေတွင်းကတော့ အိမ်တိုင်းလိုလို ရှိကြတယ်။ ဒါပေမဲ့ ထုံးဓါတ်ပါတဲ့ ရေစေးမို့ ဆေးကြောရုံ၊ ချိုးရေ သောက်ရေ လုပ်ရုံလောက်ပဲ သုံးပြီး၊ လျှော်လို့ ဖွပ်လို့ မကောင်းတော့ အဝတ်လျှော်၊ ခေါင်းလျှော်တာမျိုးလုပ်ဖို့ မြစ်ရေကို သီးသန့် ဝယ်သုံးရတယ်။ အိမ်မှာ ကူလုပ်တဲ့ အစ်မတွေ ရေစည်မှာဖို့လို့ တကူးတက အပြင်သွားကြရတယ်။ တခါတလေလည်း ဈေးကအပြန် အိမ်ကို ရေစည်လာပေးပါလို့ အကြုံဝင်ပြောရတယ်။ မြစ်ရေစည်တွန်းပြီး သွားလာ စီးပွားရှာနေကြသူတွေကလည်း မြို့ရဲ့ မြင်ကွင်းတစ်ခုပေါ့။

ကိုယ်တို့ လူမှန်းသိတဲ့အချိန်မှာ မြစ်နဲ့ မနီးတဲ့ မြို့လည်ပိုင်းကို ရောက်နေပြီ ဆိုပေမယ့်၊ မြစ်ကို ရင်းနှီးနေတုန်းပဲ။ ဆွေမျိုးသားချင်းတချို့ ခရီးသွားရင်လိုက်ပို့ရတဲ့ နေရာ၊ ရပ်ဝေးကနေ ပြန်ရောက်လာမယ့် ဆွေမျိုးတွေကို ကြိုဆိုရတဲ့ နေရာ၊ မြို့မရပ်မှာပဲ ဆက်နေ နေကြသေးတဲ့ မိတ်ဆွေဟောင်းတွေဆီ သွားလည်တိုင်း တကူးတက ဖြစ်နေပစေ ဝင်ကြည့်ရတဲ့ နေရာ ဖြစ်နေတုန်းပါပဲ။ ကိုယ်တိုင်လည်း မြစ်ကို ဖြတ်လို့ မကြာမကြာ ခရီးသွားရဖူးတာပေါ့။ မြစ်ကိုဖြတ်လို့ သွားရတဲ့ ခရီးတစ်ခုမှာ ဒီမြစ်ကိုကျော်ပြီး ဧရာဝတီထဲ အဝင် မြစ်နှစ်ခုကို ခြားထားတဲ့ ရေစည်းကြောင်း (ရေစီးကြောင်း မဟုတ်) တစ်ခုကို ထူးထူးခြားခြား မြင်ခဲ့ရဖူးတယ်။

ကလေးဘဝမှာ မြစ်ကို အချစ်ခင်ဆုံး၊ အစွဲလမ်းဆုံးနဲ့ အမှတ်တရ အရှိဆုံး အချိန်ကတော့ ဝါဆို ဝါခေါင် ရေကြီးတဲ့ အချိန်ပေါ့။ ကိုယ်အတူနေတဲ့ ဖေဖေ့ဘက်က အဘိုးအဘွားအိမ်က အမြင့်ပိုင်းကျလို့ ရေမဝင်ပေမယ့်၊ မေမေ့ဘက်က အဘိုးအဘွားတွေအိမ်က ရေဝင်တယ်။ အဲဒီတုန်းက အုတ်ခုံမြင့်မြင့်နဲ့ ခြေတံရှည် ပျဉ်ထောင်အိမ်။ (ရေဝင်တဲ့အပိုင်းဆိုတော့ ခြေတံ မရှည်လို့ မရဘူး)

ရေကြီးချိန်ကျလို့ ဘယ်အပိုင်းမှာ ရေတွေ ရောက်နေပြီတဲ့ လို့ ကြားလိုက်ရရင်ပဲ အူထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပျော်လာရတဲ့ အပျော်ကို ခုတော့ ဘယ်လိုအရာတွေကို ပိုင်ဆိုင်ရလို့မှ ပြန်ရနိုင်မယ် မထင်တော့ဘူး။ အိမ်နောက်ဘက် ခြံဝင်းတံခါး အစပ်ကို ရေရောက်လာပြီဆိုရင်တော့ ရေ ဆိုတဲ့အရာကို ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကမ္ဘာဦးလူလို အထူးအဆန်းလုပ်ပြီး ကြည့်ဖို့ ပြေးတော့တာပဲ။

တဖြည်းဖြည်းနဲ့ အိမ်ဝိုင်းထဲကို ရေဝင်လာရင်တော့ လူကြီးတွေနဲ့ ကလေးတွေဟာ တဆူဆူ ဖြစ်တော့တာပဲ။ ရေထဲ မဆင်းစေချင်တဲ့ လူကြီးတွေရယ်၊ ရေထဲကိုမှ ဆင်းဆော့ချင်နေတဲ့ ကလေးတွေရယ်... ကိုယ်လည်း အပါအဝင်ပါပဲ။ လူကြီးတွေအတွက်ကတော့ နေရာတကာကို ဖြတ်လာတဲ့ မသန့်ရှင်းတဲ့ မြစ်ရေ၊ သူတို့ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ မြစ်ရေ။ ကလေးတွေအတွက်တော့ ကစားစရာနေရာအသစ်၊ စွန့်စားခန်းအသစ်၊ မြင်ကွင်းအသစ်၊ လက်ပစ်ကူးရမယ့် ကမ္ဘာသစ်ကြီးပေါ့။

ကျောင်းကလည်း ဖွင့်ကာစ အချိန်။ အညာမှာတော့ ဇွန်၊ ဇူလိုင်က ပူတုန်းမို့ အဲဒီချိန်တွေဆို မနက်ပိုင်းလေးပဲ ကျောင်းတက်ရတယ်။ ကလေးတွေဟာ အချိန်ရှိသရွေ့ မြစ်ရေနားမှာချည်းပဲ။ သံပီပါကို ဒေါင်လိုက်ခြမ်းထားတဲ့ထဲကိုဝင်ပြီး လှေလုပ်စီးနေသူတွေ ရှိမယ်။ တကယ့်သစ်သားလှေကို စီးနေသူတွေ ရှိမယ်။ ရေထဲကို တကိုယ်လုံးဆင်းပြီး တဗွမ်းဗွမ်း ကူးနေသူတွေ ရှိမယ်။ ကိုယ့်လို လူကြီးတွေက ထိန်းထားလို့ ခြေထောက်ကလေးပဲ ရေစွတ်ရုံ ဆင်းရတဲ့သူတွေ ရှိမယ်။ ဘာပဲဖြစ်ဖြစ် မြစ်ရေကြီးချိန်ဟာ ရေကိုမြင်နေ ကြည့်နေရရုံနဲ့ ကလေးတွေကို ပျော်ရွှင်မြူးထူးစေတဲ့ ထူးခြားတဲ့ ပွဲတော်ချိန်တစ်ခုပါပဲ။

ညနေတိုင်ရင်တော့ မြို့အဝင်လမ်းမှာ မြစ်ရေလာကြည့်တဲ့ လူတွေနဲ့ စည်ကားတယ်။ ထန်းတောတွေ ရှိတဲ့ အုံ့အုံ့ဆိုင်းဆိုင်း မြေကွက် အကျယ်ကြီးထဲမှာ မြစ်ရေတွေက ထန်းပင်တွေကို ဖြတ်ပြီး တလွင့်လွင့်စီးနေတဲ့ မြင်ကွင်းက မြစ်ကမ်းနဖူးမှာ တည်တဲ့မြို့၊ အိမ်ဝိုင်းထဲထိ ရေဝင်တတ်တဲ့မြို့က မြို့သူမြို့သားတွေ တကူးတက လာကြည့်ရလောက်အောင် ထိုက်တန်လို့ပါပဲ။

ဒီလိုနဲ့ မေမေ့ဘက်က အဘိုးအဘွားအိမ်ကို ပြင်ဆောက်လိုက်ကြတယ်။ ခြံဝန်းရှေ့ပိုင်းကို မြင့်သွားအောင် မြေဖို့လိုက်ကြတယ်။ ဒါကြောင့် ရေကြီးချိန်ကျ ရေက အိမ်နောက်ဘက်ကိုပဲ ဝင်ရတော့တယ်။ အရင်လို အိမ်ရှေ့ကို ပတ်ပြီး စီးလာတာ မတွေ့ရတော့ဘူး။ ကိုယ်လည်း မိဘတွေပြောင်းတဲ့ အောက်အရပ်ကို ရောက်လာတယ်။ နွေရာသီဆိုရင် အညာကို အလည် ခဏပြန်ရောက်ပြီး၊ ရေကြီးချိန်ရောက်တာနဲ့ ကျောင်းဖွင့်ပြီမို့ ပြန်ရတယ်။

အရင်လို ရေကြီးချိန်ကို လူကိုယ်တိုင် မကြုံရတော့ပေမယ့် တယ်လီဖုန်းနဲ့ သတင်းလှမ်းမေးရင်း အိမ်နောက်မှာ ရေတွေရောက်နေပြီတဲ့ လို့ ကြားရင်၊ အတွေးနဲ့ မြင်ယောင်ရင်း ပျော်ရွှင်ရင်း လွမ်းဆွတ်လာခဲ့ရတာ ကလေးဘဝမကုန်ခင် တလျှောက်လုံးပါပဲ။

ခုတော့ မြစ်ရေကို အိမ်အရောက် ရေပိုက်လိုင်းနဲ့ သွယ်လိုက်ကြပြီ။ မြစ်ရေလိုချင်ရင် ရေစည်ရောင်းသူကို ခေါ်စရာ မလိုတော့ဘူး။ အိမ်ရှေ့ စဉ့်အိုးကြီးတွေထဲက ရေကို သုံးမယ့်နေရာထိရောက်အောင် သယ်စရာမလိုတော့ဘူး။ မြစ်ရေပိုက်ခေါင်းလေးကို ဖွင့်ချလိုက်ရုံပဲ။ ဒါကို အရင်တည်းက ဖြစ်ချင်ခဲ့ဖူးတယ်။ တွင်းထဲကရေလိုပဲ မြစ်ရေကိုလည်း ရေပိုက်ခေါင်းလေး လှည့်ရုံနဲ့ ရချင်ခဲ့တာ။

လုပ်ငန်းရှင်တွေကလည်း ကိုယ့်ထုတ်ကုန်၊ ရောင်းကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ဖို့ ဆယ်ဘီးကားတွေ၊ ရှစ်ဘီးကားတွေကို ကိုယ်ပိုင်ထားပြီး အဓိက သုံးလာကြတယ်။ ကားလမ်းတွေက မြစ်ကြောင်းထက် အများကြီး ပိုမြန်တယ်လေ။ မြို့မှာလည်း လူစီးကား အမျိုးမျိုးကို မြင်နေရပြီ။ နောက် အညာသူတွေ ကိုယ်တိုင်က ဆိုင်ကယ်ကို ဖိနပ်လို သဘောထားစီးနေကြတယ်။ ဒီတခေါက်ပြန်တော့ သူငယ်ချင်းတစ်ယောက် ပုဂံ၊ ညောင်ဦးထိ ဆိုင်ကယ်နဲ့ သွားလို့ အားလုံး ဝိုင်းအော်ခဲ့ကြသေးတယ်။

***
အလယ်တန်းလောက်က ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာတစ်ပုဒ် ဖတ်ရင်း တွေးဖူးတယ်။ ကဗျာက လျှပ်စစ်မီးတွေနဲ့ မြို့ပြအလယ်မှာ လရောင်ကို တမ်းတမိတာ၊ လေအေးစက်တပ်ထားတဲ့ အခန်းတွေအလယ်မှာ နွေရာသီရဲ့ လေပြည်လေးနဲ့ ယပ်တောင်ကလေးတစ်ချောင်းကို တမ်းတမိတာ ဆိုတဲ့ အကြောင်းပါ။

ကိုယ်တွေးမိတယ်။ ဆရာ့နှယ် ဘာလုပ်ဖို့လဲ။ လရောင်ကို တမ်းတရင် တအိမ်လုံးကို မီးမှိတ်လိုက်ပေါ့။ အဲယားကွန်းတွေ ပိတ်ပြီး ယပ်တောင်လေး ခပ်နေပေါ့။ ဒါမှ မကျေနပ်သေးရင် သဘာဝနဲ့ ပိုနီးတဲ့ နယ်ကို ခဏ ခရီးထွက်လိုက်။ ဘယ့်နှယ် ကိုယ်တိုင် စက်မှုတက္ကသိုလ်က ဆင်းပြီး၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရက်နဲ့ လျှပ်စစ်မီးနဲ့ အဲယားကွန်းကို မကြည်ဖြူနိုင် ဖြစ်နေတယ်။ ဒါတွေ ဖြစ်လာဖို့ လူတွေမှာ ဘယ်လောက် တီထွင်ခဲ့ရသလဲ။

***
ဒီတခေါက် ပြန်တော့ မေမေက ပြောတယ်။ မြစ်ကို ရေကာတာတွေ ပြင်ဆောက်လိုက်တော့ ရေမတက်တော့ဘူးတဲ့။ အိမ်နောက်ဘက်ကို နောက်ဆို ဘယ်တော့မှ ရေဝင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူ သနပ်ခါးပင်တွေ စိုက်တော့မယ် ဆိုတယ်။

အိမ်ထဲကို ရေမဝင်တော့ဘူး။ ကိုယ်တို့မြို့မှာ မြစ်ရေကြီးချိန်ဆိုတာ နောက်ထပ် ဘယ်တော့မှ မရှိတော့ဘူး။ အဲဒီစကားအဆုံးမှာ ကိုယ့်အတွက်တော့ တခုခုကို ဆုံးရှုံးသွားသလိုပါပဲ။

ဘာပဲဖြစ်ဖြစ်လေ... ကိုယ့်အိမ်ထဲ ရေမရောက်ခင်ကတည်းက ဘယ်နေရာထိ မြစ်ရေတွေ တက်လာပြီ ဆိုတဲ့ သတင်းကြားနဲ့တင် အူလိုက်သည်းလှိုက် ပျော်တတ်ခဲ့ရတဲ့ ကလေးဘဝက ဝါဆို ဝါခေါင်အချိန်တွေကတော့ အသေအချာကို ကုန်လွန်သွားခဲ့ပြီ။

***

12 comments:

SHWE ZIN U said...

ညီမ ရေ

အမ တို့ မန္တလေး မှာလည်း ဒီလို ရေတက်ချိန်ဆိုရင် မြစ်ဆိပ် သွားပြီး ရေကြည့်ရတာ တလုပ် အမလည်း ရေကြည့်ရတာ ကြိုက်တယ်

အမတို့ အိမ်ကတော့ မြစ်ဆိပ်နဲ့ ဝေးတော့ ရေမတက်ဘူး

အင်း အညာကလူတွေကတော့ ကိုယ့်မြို့ ကိုယ့်ရွာကို ခင်တွယ်ကြတယ်

ညီမ မန့်သွားတာကို ဖတ်ပြီး အမဖြင့် အားတွေ ရှိသွားတာဘဲ ကျေးဇူးနော် ညီမ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ko watote said...

ဆရာမရေ ကောင်းလိုက်တဲ့ စာဗျာ။ ဖတ်ပြီး ကိုယ်တောင် ဘယ်နားနေမှန်း မသိတဲ့ သလ္လာဝတီမြစ် (စာလုံးပေါင်းပြန်ကြည့်ဦးမှ)ကို လွမ်းသလိုလို…

ကိုပေါ said...

ကျနော်တို့ဖက်မှာတော့ မုန်းချောင်းရေနဲ့ ဧရာဝတီမြစ်ရေ နှစ်ခုဆုံတက်ရင် ကြည့်လေရာမှာ ရေဖွေးဖွေးချည်းပဲ။ လူကြီးတွေကတော့ ပျိုးတွေ ပျက်လို့ စိတ်ညစ်။ ကျနော်တို့ကတော့ ပျော်သည်ပေါ့။ ပျိုးသယ်တဲ့ သစ်သား စွတ်ဖားကြီးတွေကို ရေထဲမှာ စီးတယ်။ ဒါမှမဟုတ် နွားစားခေါင်းကို လှေလုပ်စီးတယ်။း-)

ရွှေရတုမှတ်တမ်း said...

ရေစကြို ကမ်းနားတာရိုးပြင်လိုက်ပြီလား..
မရောက်တာတောင် ၈ နှစ်လောက်ရှိပြီ..
ခုလဲ ဝါဆိုဝါခေါင်ရေဖေါင်ဖေါင် အချိန်တော့ တကယ်လွမ်းတယ်..
အနောက်မြစ်(ချင်းတွင်း) နဲ့ အရှေ့မြစ်(ဧရာဝတီ) ပြိုင်ပြီးရေတက်ချိန်မှာ ကျွန်းထဲရွာတွေမှာ ရေသွားဆော့လိုက်ချင်သေး...

သက်ပိုင်သူ said...

ကျွန်တော်ကတော့ ဆိပ်ကြီးခနောင်တိုမှာ ခုနစ်နှစ်လောက် နေဘူးတယ်။ ဆိပ်ကြီးခနောင်တိုမှာ ရန်ကုန်မြို့အ၀င် မြစ်ကြောင်းက မြို့လေးလေ။ ဆန်စက်တွေပေါတဲ့ တောမကျမြို့မကျပေါ့။ ဘေးမှာလည်း တွံတေးတူးမြောင်းကြီး ရှိသေးတယ်။ ၀ါဆိုဝါခေါင်ဆို ရေတွေကြီးလာရင် တမြို့လုံး ရေမြုပ်တယ်။ ရေမြုပ်တဲ့ အချိန်ကလည်း တစ်နာရီ နှစ်နာရီလောက်ပဲ ကြာတယ်။ ရေတွေကြီးပြီဆို ကျောင်းတွေ စောစောလွှတ်တယ်။ ရေကြီးတဲ့အချိန်ဆို ရှိသမျှလူတွေ လမ်းလျှောက်ထွက်ကြတယ်။ ပျော်စရာကြီး

ဇွန်မိုးစက် said...

မြို့အကြောင်းနဲ့ မြစ်ရေကြီးချိန်အကြောင်း ဖတ်ရတာ ပျော်စရာကောင်းတယ်၊ လွမ်းစရာလည်းကောင်းတယ်။ ဇွန်က ရန်ကုန်သူမို့ မကြုံဖူးဘူးတော့ ရီတာရေးတာဖတ်ပြီး ဗဟုသုတလည်းရတယ်။
ရန်ကုန်မှာ ဇွန်လ ကျောင်းတွေဖွင့်ချိန်၊ မိုးတွေရွာချိန်ကို သတိရတယ်။ အိမ်ရှေ့မြောင်းပေါ်ကတံတားလေး ရေမြုပ်ချိန်မှာ လျှောက်ရတာ သိပ်ပျော်တယ်။ မိုးသည်းလို့ အိမ်ရှေ့မြောင်းထဲ ရေလျှံရင်ကိုပဲ သိပ်ပျော်ခဲ့တာ။

မိုးရွာတဲ့မနက်ခင်းတွေမှာ အဲကွန်းခန်းထဲက အလုပ်စားပွဲမှာ လူရှိနေပေမယ့် စိတ်က အဲဒီတုန်းက အချိန်တွေကို ပြန်ပြန်သတိရမိနေတာ။

(မြစ်ဆုံမှာ ရေကာတာဆောက်မယ်ဆိုတဲ့ သတင်းကြားကာစက အရမ်းဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။)

Vista said...

ဖတ်လို့ ကောင်းလိုက်တာ..
ကိုယ့်မှာလည်းအဲလို ရင်းနှီးရတဲ့ နေရာလေးတွေ
ကိုမှတ်မိစွဲလမ်းလို့ နေရာစွဲရှိချင်တယ် .. ပျော်စရာကောင်းမှာတော့အမှန်ပဲ။

ချစ်ကြည်အေး said...

အမလည်း ရန်ကုန်သူမို့ မြစ်ဖျားချောင်းဖျားမနေဖူးပေမဲ့ ရန်ကုန်မှာလည်း ရေကြီးရင် ပေါင်လယ်ထိ မြုတ်တယ်လေ ညီမရယ်...ဟားဟား အဲသလို ကလေးဘဝကို သတိရမိသွားတယ်...အဆော့သန်သူမို့ ရေကြီးရင် သိတ်ပျော်တာ :)
ညီမရဲ့ ဒီလိုရေးဟန်လေးတွေကို ပို နှစ်သက်တယ်...

ကျော်နှင်းဆီလွင် said...

ဖတ်လို့ကောင်းလိုက်တာရီတာရယ်
မြို့ကလေးကမျက်စိထဲမှာမြင်ယောင်လာတယ်...

Shinlay said...

့မြို့ လေးကိုလိုက်လည်ရသလိုပဲ။
ပျော်စရာပဲနော်။

hninhnin said...

I also miss SHWE BON THA PHAYA n CHAN THAR GYI MONASTARY.I have a terrible experience of YE KYEE CHAN IN YSO past four decade ago.

NSA said...

စာရေးကောင်းပဲ...