Showing posts with label Diary. Show all posts
Showing posts with label Diary. Show all posts

Friday, February 24, 2012

120213 1857

မီးရောင်လင်းတဲ့ ညနေခင်းတစ်ခုမှာပေါ့
ညွှတ်ကွေးမိတဲ့ ကိုယ့်နှုတ်ခမ်းဖျားမှာ
အပြုံးတစ်စ ခို

လေပြည်ညင်းနဲ့ ပန်းခင်းလေးတွေနား
ဆည်းလည်းသံချိုချိုလည်း ကြားလိုက်တယ်

Sunday, February 19, 2012

All-Time Favourite



ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဘယ်နားက ပြန်ဖတ်ဖတ် ဘယ်တော့မှ ရိုးမသွားဘဲ မပြီးမချင်း လက်က မချချင်ရတဲ့ စာအုပ်။

မမှာဘဲ ပို့ပေးလိုက်တဲ့သူကို ကျေးဇူးအထူး တင်ပါတယ်။

***
- ပထမအကြိမ် (ဝင်း စာပေ - ၁၉၉၇ ခုနှစ်)
- ဒုတိယအကြိမ် (
ဝင်း စာပေ - ၁၉၉၉ ခုနှစ်)
- တတိယအကြိမ် (ယုံကြည်ချက် စာပေ - ၂၀၀၇ ခုနှစ်)
- စတုတ္ထအကြိမ် (ရွှေသစ္စာ စာပေ - ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ)

Tuesday, February 14, 2012

13th Feb 2012 (Mon)

6:57 (pm)

Sunday, November 6, 2011

Perfect Match!

အရှင့်သား မြင့်မြတ်တဲ့ အိပ်ရာနေရာကို စွန့်တယ်ကြားတော့ ယသောဓရာလည်း စက်ရာညောင်စောင်းကို စွန့်ခဲ့တယ် တဲ့။

အရှင့်သား ဖန်ရည်ဆိုးတဲ့ ဝတ်ရုံကိုသာ ဆင်တယ်ကြားတော့ ယသောဓရာလည်း ဖန်ရည်ဆိုးတဲ့ ဝတ်ရုံကိုသာ ဆင်တော့တယ် တဲ့။

အရှင့်သား တနေ့မှာ တနပ်တည်းသော အစာကိုသာ မှီဝဲတယ်ကြားတော့ ယသောဓရာလည်း တနေ့မှာ တနပ်တည်းသော အစာကိုသာ မှီဝဲတော့တယ် တဲ့။

***
သူတောင် ဟိုကနေ 4 ကိုင်သေးတာ ကိုယ်လည်း ဒီမှာ 4S ပြောင်းကိုင်တော့မယ်။

***

Wednesday, October 12, 2011

Such a disaster week!

:fish:

ကံဆိုးချင်တော့ ဒီမှာ ပျင်းနေ။:bored:

ကံကောင်းချင်တော့ ခရီးသွားရဖို့ အကြောင်းပေါ်။:panda:

ကံဆိုးချင်တော့ ဘတ်ဂျက်လေယာဉ်လိုင်းတွေ ဈေးမချ။:plane1:

ကံကောင်းချင်တော့ ဘတ်ဂျက်မဟုတ်တဲ့လိုင်းက ဈေးချတာကိုရ။ လက်ဂေ့ခ်ျတောင် သယ်လို့ရ၊ နေ့လည်စာလည်းပါ။:ball1:

ကံဆိုးချင်တော့ အဲဒီရက်ပိုင်း အပြင်က အလုပ်တွေ လာအပ်၊ အိမ်ပြန်ရောက်ရင် ခေါင်းတောင် မဖော်အား။:write:

ကံကောင်းချင်တော့ ခရီးစရိတ် ကာမိတာပေါ့။:um:

ကံဆိုးချင်တော့ သွားမယ့်နေရာမှာ ဆိုးဆိုးရွားရွား ရေကြီး။:water:

ကံကောင်းချင်တော့ ရေလွတ်တဲ့နေရာက အသိနှစ်ယောက်က လာခေါ်ထားမယ်လို့ပြော။:ball7:

ကံဆိုးချင်တော့ မိကျောင်း အကောင် 100 လွတ်နေ။:pcry:

ကံကောင်းချင်တော့ လေယာဉ်ရုံးက သွားမယ့်ရက်ကို ရွှေ့လို့ရတယ်လို့ အကြောင်းပြန်။:happy:

ပိုပြီး ကံကောင်းချင်တော့ ပို့စ်တစ်ပုဒ်ရ။:write1:

***
နောက်နေ့ ဘာဖြစ်ဦးမလဲ။ ဘယ်သူမှ မသိဘူး။:mn:

***

Sunday, October 2, 2011

ဓါတ်ပုံများနှင့် စကားပြောခြင်း

နဖူးပိုကျယ်လာတယ်။ ကျောင်းတုန်းကလို ဆံပင်တိုတိုကပ်ကပ်ထားတုန်းပေမယ့် အရင်ကထက် ပါးသွားတယ် (ထင်တယ်)။ ကိုကို ဆံပင်ရော ဖြူနေပြီလား။

ကိုကိုဟာ အပြင်မှာမသိတဲ့လူအဖို့ ဓါတ်ပုံထဲကနေ ဖြူသလား ညိုသလား၊ နုသလား ရင့်သလား၊ ပိန်သလား ပြည့်သလား၊ မြင့်သလား နိမ့်သလား ခွဲခြားဖို့ခက်တဲ့ ပုံစံမျိုးနဲ့။ ရှုထောင့်နဲ့ အလင်းအမှောင်အမျိုးမျိုးမှာ တစ်နေရာတစ်မျိုးစီ ဖြစ်နေတတ်လို့။ သိခဲ့ဖူးတဲ့လူတောင် ဘာတွေပြောင်းလဲသွားသလဲ မှန်မှန်ကန်ကန် မခန့်မှန်းနိုင်ဘူး။

တချို့ပုံတွေကြည့်ပြီး ကိုကို အသက်ကြီးသွားပြီ၊ လူကြီးဖြစ်သွားပြီ လို့ တွေးမိပေမယ့် တောလမ်းနံဘေးက သစ်ပင်ရှေ့မှာ ရပ်နေတဲ့ပုံဆိုရင် လွန်ခဲ့တဲ့ 17 နှစ် စတွေ့ကြတုန်းကထက်တောင် ဘာမှ ပိုမကြီးသေးဘူးလို့ ထင်ရပြန်တယ်။ အထူးသဖြင့် ပြုံးရယ်နေတဲ့ ပုံတွေပေါ့။ သေချာတာတော့ အရင်ကလို မျက်နှာပြည့်ပြည့်မဟုတ်တော့ဘူး။ အလုပ်ပင်ပန်းလို့ ဖြစ်မယ်။ ကိုကို ရယ်နေတဲ့ပုံတွေကို မြင်ရတာ ဟိုးအရင် စတွေ့တုန်းကအချိန်တွေကို သတိရမိတယ်။

ကိုကို့ကို မြန်မာဝတ်စုံနဲ့ မဟုတ်ဘဲ တခါမှ မမြင်ခဲ့ဖူးဘူး။ ကျောင်းတုန်းကတည်းကလည်း မြန်မာလိုကလွဲလို့ တခြားဘာမှ မဝတ်ဘူး၊ ကိုယ် မှတ်မိတာပေါ့။ ဒါပေမဲ့ ခု မြန်မာဝတ်စုံနဲ့မဟုတ်တဲ့ပုံတွေချည်းပဲတွေ့တော့လည်း ဟိုးအရင်ကတည်းက မြင်နေကျလိုပဲ။ ကိုကို ခုထိ jean ကို ကိုယ်ပေါ်မတင်ချင်ဘူး လုပ်တုန်းလား။ holiday သွားတဲ့ပုံတွေမှာကိုပဲ jean pants လေးတောင်မှ မတွေ့မိဘူး။ ဒါမှမဟုတ် ကိုယ်ကြည့်ရတဲ့ ပုံတွေထဲမှာပဲ မပါတာလား။ တချိန်လုံး ကိုကို့ကို သံယောင်လိုက်ပြီး၊ တလေသံတည်းလိုက်ထွက်ဖို့ ဝန်မလေးတဲ့၊ ကိုကို့နောက်လိုက်သာ လုပ်လာခဲ့ဖူးတဲ့ ကိုယ်ကတော့ ခုချိန်မှာ jean ကလွဲလို့ ဘာမှတောင် ကိုယ်ပေါ်မတင်ချင်တော့ဘူးလို့ သိရင် အံ့သြမလား။ အံ့သြမယ် မထင်ပါဘူး။ ကိုယ့်ကို ကိုကို သိပြီးသားပဲ။

အရွက်တွေမရှိတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်နေတဲ့ပုံလည်း ငယ်ရုပ်မပျောက်သေးဘူး။ ခြောက်သွေ့အေးစက်မယ် ထင်ရတဲ့ နောက်ခံပတ်ဝန်းကျင်နဲ့ အဲဒီသစ်ပင်ရှေ့မှာ ကိုကို တစ်ယောက်တည်း ထိုင်နေတာတွေ့ရတော့...

ကိုယ် ဘာဆက်ပြောရမလဲ ကိုကို။
သူတပါးကို သနားကြင်နာသလို ခံစားမိတဲ့အခါတိုင်း ကိုယ့်စိတ်ထဲမှာ လိပ်ပြာမလုံသလို ခံစားရတတ်တယ်။ ဒီလိုပြောရင် ကိုကိုကတော့ သဘာဝမကျတဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေလို့ ပြောဦးမယ်။ ခုဆို ကိုယ့် စိတ်ပိုင်းဆိုင်ရာကိုပါ စစ်ကြည့်ချင်မိဦးမယ်။

ကိုယ်ကတော့ သူများကို သနားပါတယ်နော်လို့ ပြောရမှာ အပေါ်စီးဆန်သလိုလို ကိုယ့်ဘာသာ ဘဝင်မြင့်သလိုလို ပုံစံမျိုးလို့ ထင်လို့၊ ပြီးတော့ ကိုယ်သနားကြင်နာတာကို ခံလိုက်ရတဲ့ လူရဲ့ဖြစ်တည်မှုကို ထိပါးသလိုထင်လို့ ပြောထွက်ဖို့ အင်မတိ အင်မတန် ဝန်လေးတာပဲ။

ဒီလောက်ပြောရင် ကိုယ့်ခံစားချက်ကို ကိုကို သိမယ်မဟုတ်လား။ ကိုယ်က ဘယ်နေရာမှာမှ ကိုကို့ထက် ပိုသာနေလို့ မဟုတ်ပါဘူး။ ကိုကို့အတွက် ဘယ်နေရာမှာမှ ကွက်လပ် မရှိစေချင်တဲ့ စိတ်ကြောင့်ပါပဲ။

ကွင်းပြင်ထဲမှာ ကိုကို့နောက်ကျောဘက်ကို အဝေးက လှမ်းမြင်ရတဲ့ပုံကို အကြာကြီးကြည့်ရင်း အဲဒီကျောဘက်မှာ တကယ်ပဲ ရပ်နေရသလို ထင်လာမိတယ်။ အဲလိုအနေအထားမျိုးနဲ့ တခါ ကြည့်နေခဲ့ဖူးတယ်။ အဲသည်လောက်ကျယ်တဲ့ ကွင်းပြင်ထဲမှာတော့ မဟုတ်ဘူးပေါ့။ အဲသည်လို အေးစက်ခြောက်သွေ့တဲ့ လေကြမ်းတိုက်တဲ့ နေရာမျိုးလည်း မဟုတ်ဘူးပေါ့။ ပုံထဲမှာတော့ ကိုကို့ ကုတ်အင်္ကျီရှည်ရဲ့ အနားတွေတောင် လွင့်ပါးလို့နေတယ်။

ဟိုးတုန်းကအချိန်တွေကို ပြန်စဉ်းစားမိရင် အဲဒီတုန်းက သိကျွမ်းရင်းနှီးခဲ့ကြတဲ့ အစုအဖွဲ့ကလေး တချိန်မှာ တယောက်တနေရာစီ ဝေးလံလွင့်ပါးပြီး ပြတ်တောက်ကုန်ကြမယ် မထင်ခဲ့ရဘူး။ လူတွေဟာ အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ ကြိုသိခွင့်မရလို့သာ ပစ္စုပ္ပန်မှာ နေသာထိုင်သာရှိနိုင်တယ်ဆိုတာ ဟုတ်မှာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ ဘာမှ ဖဲ့ထုတ်လို့မရတဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ အကြိမ်ကြိမ်အဖန်ဖန် ပြန်စခွင့်ရလည်း အဲဒီ အပိုင်းအခြားကာလကို အဲဒီအတိုင်းသာ တသွေမတိမ်း လက်ခံရမှာပါ။

ကိုကိုပြောဖူးသလိုပဲ ကိုယ်ဟာ တသက်လုံး လေ့ကျင့်ကျွမ်းဝင်ခဲ့ဖူးတဲ့ အလေ့အထတွေကို တစ်ရက် တစ်မနက်မှာတင် စွန့်လိုက်ဖို့ ဝန်မလေးတဲ့သူ၊ ခုတခဏမှ တွေ့ထိသိမြင်တဲ့ အလေ့အထတချို့ကိုလည်း ချက်ချင်း လေ့ကျက်သိုမှီးပြီးသားလိုဖြစ်အောင် အညှာလွယ်တဲ့သူ။ ထသွားပြီးရင် ပြန်မကြည့်ချင်တဲ့သူ။ ကိုယ် အမှတ်ရမယ့် အဖြေလွှာက ကိုယ့်လက်ရေးကိုတောင် နောက်တခါ ပြန်မစစ်ဆေးချင်တဲ့သူ။ ဒီလိုလူမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အရင်းအတိုင်း မမြင်နိုင်စွမ်းဘူးနေမှာပေါ့။ လေယူရာတိမ်းပြီး ယိမ်းချင်တတ်တဲ့သူသာ ဖြစ်မှာပေါ့။

လူတွေရဲ့ အထင်အမြင်တွေဟာလည်း inertia တွေ သိပ်များတယ်နော် ကိုကို။ သူတို့ရှေ့မှာ တလျှောက်လုံးက လေနှင်ရာလွင့်ခဲ့ဖူးရင် ဘယ်တော့မှ အတည်တကျ အမြစ်တွယ်ခွင့် မပေးချင်ကြတော့ဘူး။ ကိုယ်ကတော့ လေတိုက်ထဲမှာပဲ အမြစ်တွယ်နေခဲ့တော့တယ်။ ကိုကိုကတော့ စောဒကမတက်ဖို့သာ ပြောမှာပဲ ထင်ပါရဲ့။ စောဒကတက်တာ မဟုတ်ပါဘူး။ ကိုကို့ကို တိုင်တည်ချင်ရုံပါပဲ။

ကိုကို့ နေပုံထိုင်ပုံ ဝတ်ပုံစားပုံတွေ ဘယ်လိုပြောင်းလည်း ကိုယ့်အတွက်တော့ မြင်သားတကျရှိနေတာပါပဲ။ အပေါ်ယံတွေ ပြောင်းသွားပေမယ့် မပြောင်းတာတွေ ရှိနေသေးတာကိုး။ အဲသည်မျက်လုံးတွေ၊ အဲသည်အပြုံးတွေနဲ့ အဲသည်အကြည့်တွေပေါ့။ ဟိုတုန်းကတည်းကလို မပြောင်းလဲသေးတဲ့၊ ကိုယ်တိုင်ရော သူတပါးကိုပါ ကျေနပ် စိတ်ချ နှစ်လို ယုံကြည်စိတ်ကို ကူးစက်စေမြဲ ကိုကို့ မူပိုင်အရာတွေပေါ့။ ဘယ်လိုအရာမျိုးကမှ ပြောင်းလဲပစ်နိုင်မှာမဟုတ်တဲ့ ခိုင်မြဲတဲ့ ဂုဏ်သတ္တိတွေပေါ့။ အဲဒါတွေကြောင့် ကြားကာလအချိန်တွေဟာ ကိုယ့်စိတ်ထဲမှာ ခြားနားမနေနိုင်တာ။ ဘယ်လိုစိတ်နဲ့မှ ပြောတာမဟုတ်ပါဘူး ဆိုတာ ဘဝပေးအခြေအနေရဲ့ လိုအပ်ချက်အရ ပြောပါရစေဦး။ စိတ်ထဲရှိတဲ့အတိုင်း မှန်ရာကိုပြောဖို့ ချင့်ချိန်နေရတဲ့အဖြစ်မျိုး ကိုကိုနဲ့ကျမှ ကြုံနေရတာလည်း ဒီဘဝမှာတော့ မရှောင်လွဲနိုင်တော့တဲ့ အဖြစ်ပါပဲ။

ကြည့်မိသမျှပုံတွေထဲမှာ လုပ်ဖော်ကိုင်ဘက်တွေ၊ သူငယ်ချင်းတွေနဲ့၊ ဆွေမျိုးသားချင်းတွေနဲ့၊ ဒါမှမဟုတ်ရင်တော့ တစ်ယောက်တည်းပဲ။ ဘေးနားမှာ ဘာဖြစ်လို့ တစ်ယောက်ယောက် မရှိသေးတာလဲ။ ဘာဖြစ်လို့ တစ်ယောက်တည်း နေနေသေးတာလဲ။ mid-30s ဆိုတဲ့ အသက်အရွယ်ဟာ ဘဝမှာ အစစအရာရာ ပြည့်စုံအောင်မြင်ပြီးသား၊ အခြေတကျ ရပ်တည်နိုင်ပြီးသား ယောက်ျားတစ်ယောက်အဖို့ တစ်ယောက်တည်း မလုံလောက်နိုင်စကောင်းတဲ့ အချိန်အခါမဟုတ်လား။ ဒီလောက် အပြောင်းအလဲမြန်ပြီး၊ အေးစက် သက်မဲ့တဲ့ လောကကြီးမှာ နွေးထွေးနှစ်သိမ့်မယ့်၊ ကြင်နာယုယမယ့်၊ မျှဝေခံစားမယ့်သူ မပါဘဲ တစ်ယောက်တည်း မနေပါနဲ့။

ဘယ်သူတွေ ဘယ်လိုထင်မြင်လည်း ဒီစကားတွေကို ကိုယ် အရှင်းလင်းဆုံးသော စိတ်ထားနဲ့ ပြောတယ်ဆိုတာ ကိုကိုကတော့ ယုံနိုင်မှာပါ။ ကိုကို ယုံမှာကို သေချာသိပေမယ့်၊ ယုံကြည်ပြီးမှ ခါးသက်နေရမှာ စိုးလို့ အဲဒီမှန်သောစကားတွေကို ကိုယ် မဆိုချင်တာပဲ။

ကိုယ်ကတော့ ဒီလိုပါပဲ။ အတိတ်ကလူတွေကို မြင်ရင်၊ သတင်းကြားရရင် အတိတ်ကို မှန်းပြီး လွမ်းမိတယ်။ ကွယ်ရင်မေ့ပြီး တွေ့သေအောင်လွမ်းတယ်လို့ တစ်စုံတစ်ယောက်မကတဲ့ သူတွေက ပြောချင်ပါလိမ့်မယ်။ တခါတရံ၊ အကြောင်းတစုံတရာလေးသာ မဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်ကွယ်ခဲ့ ချန်ခဲ့ရတာတွေကို မသိလိုက် မသိဘာသာ မေ့ထားလို့သာ မရခဲ့ရင် ကိုယ် ဘယ်လိုများနေရမှာပါလိမ့်။ တကယ်တော့ လက်ရှိအချိန်မှာ တည့်တည့်နေနိုင်အောင် အလိုလျောက် ကြိုးစားလိုက်မိတာ ဖြစ်မှာပါ။

စတွေ့ဖြစ်တဲ့ နှစ်အပိုင်းအခြားတွေလောက်က ခြံဝန်းကျယ်တစ်ခုထဲ သစ်ပင်တပင်ကို ပတ်ဝိုင်းထားတဲ့ ခုံတန်းရှေ့ စားပွဲမှာ ကွန်ပါဘူးပေါ်က ထပျံနေသလိုဟန်နဲ့ tweety ရုပ်ကလေးကို ပြဋ္ဌာန်းစာအုပ်ဟောင်းရဲ့ နောက်ကျောဖုံးပေါ်မှာ ကိုကို မင်အနက်နဲ့ ကူးဆွဲခဲ့တယ်။ ကိုယ် စာလုပ်ပြီးတဲ့အချိန် ကိုကို စာစစ်နေတုန်း high light နဲ့အရောင်ခြယ်ပြီး 'ကြက်ပျံမကျ' လို့ ပုံအညွှန်းစာတပ်တော့ ကိုကိုက ယူကြည့်ပြီး 'tweety က ကြက် မဟုတ်ပါဘူး။ ဘဲပေါက်ကလေးပါ' တဲ့။ ကိုယ်က 'မဟုတ်ဘူး ကြက်ကလေး' လို့။ tv မှာလာရင် သေချာပြန်ကြည့်ပြီး ရှုံးတဲ့လူ ဒိန်ချဉ်တိုက်ကြေးလို့ ပြောခဲ့ကြတယ်။

တကယ်တော့ အဲဒီကာတွန်းကားလည်း စောင့်မကြည့်ဖြစ်ခဲ့ပါဘူး။ အဲဒီအလောင်းအစားကလည်း အမှတ်တမဲ့နဲ့ ပြီးသွားတယ်။ ကြားအချိန်တွေမှာလည်း အဲဒီအကြောင်းအရာဟာ ကိုယ့်စိတ်ထဲ အမှတ်တရ ရှိမနေခဲ့ပါဘူး။ အဲဒီအကောင်လေးဟာလည်း ကြက်လည်းမဟုတ်၊ ဘဲလည်းမဟုတ်တဲ့ ကနေဒီယန်ငှက်ကလေးလို့ နောင်နှစ်တော်တော်ကြာမှ သိတယ်။

ကိုကို မှတ်မိသေးလား။
ခုတော့ အဲဒီငှက်ကလေးရဲ့ ပုံလေးတွေမြင်ရင် ခဏလေးပဲဖြစ်ဖြစ် အတိတ်ကို ပြန်ရောက်သွားတတ်တယ်။ ကိုယ်ဟာ အဲဒီအချိန်ကအတိတ်ကို ဘယ်စိတ်နဲ့မှ တမ်းတတာမဟုတ်ဘဲ အဲဒီအချိန်ရဲ့ ရှင်းလင်းသန့်စင်နိုင်ကြတဲ့ စိတ်နှလုံးသက်သက်တွေကိုသာ လွမ်းဆွတ်မိတာပါလို့ သူ နားလည်နိုင်အောင် ဘယ်လိုပြောရမလဲ ကိုကို။

ဖြစ်နိုင်ရင်တော့ ကိုကိုအပါအဝင် အဲဒီအချိန်က သိကျွမ်းခဲ့ဖူးတဲ့ လူတချို့နဲ့ အတူဆုံဖြစ်ချင်သေးတယ်။ စကားတွေလည်း ပြောချင်သေးတယ်။ ခဏတဖြုတ်ပဲ ဖြစ်ဖြစ်ပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ။ ဖြစ်နိုင်ဖို့ ခဲယဉ်းတယ်ဆိုတာလည်း သိပါတယ်။ ဖြစ်နိုင်ရင်တောင် အဲဒီဆန္ဒကို တကယ် လက်တွေ့ အကောင်အထည်ဖော်ချင်ရဲ့လားဆိုတာ ကိုယ့်ဘာသာ မသေချာပြန်ပါဘူး။ ကိုယ်ဟာ အရင်တုန်းကလိုပါပဲ။ ဘာကိုမှ မပြတ်သားဘူး။ ဒါပေမဲ့ အစွန်းတဘက်မှာ ရပ်တတ်တယ်။

ခုနောက်ပိုင်းနှစ်တွေမှာ ကိုယ့်အကြောင်းတွေကတော့ ဘာမှ မမယ်ရလှပါဘူး။ ကိုကို သိပြီးတဲ့အတိုင်း ဖြစ်မြောက်မယ်လို့ ကိုယ် မျှော်လင့်စီစဉ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခု ဖြစ်မြောက်မလာဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင် ရနိုင်ပေမယ့် ဒီတိုင်း ရပ်နေခဲ့မိတယ်။ ကိုယ်လိုချင်တဲ့ အနေအထား မရနိုင်ရင် မယူဘူးဆိုတဲ့ တယူသန်စိတ်နဲ့ပေါ့။ လောကမှာ တနည်းနည်းနဲ့ ဖြစ်မြောက်နိုင်တယ် ဆိုတိုင်းလည်း ကာယကံရှင်တွေအဖို့ အမျိုးမျိုးသော အကြောင်းတွေနဲ့ ရှေ့မဆက်ဘူးလို့ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်တွေ ရှိသေးတာပဲလို့ နားလည်စေလိုက်တဲ့ အဖြစ်ပါပဲ။ ကိုယ့် မချောမွေ့တဲ့ အတွင်းသဘောတွေကို တိုက်စားခံလိုက်ရတဲ့ အတွေ့အကြုံပါပဲ။

လမ်းဆုံလမ်းခွတွေ ရောက်ခဲ့ရင်တော့ ကိုကို့ဆီက ထင်မြင်ချက်တစ်ခုခုကို ကိုယ်တိုင် မသိလိုက်ဘဲ မှန်းဆကြည့်မိတတ်တယ်။ တလျှောက်လုံး ကိုကို တန်ဖိုးထားပြီး နှစ်မြုပ် ကြိုးစားနေတဲ့ အရာကို ကိုယ်က အပေါ်ယံ ပကာသနကိစ္စလိုသာ သတ်မှတ် ရယူချင်တဲ့ အတွေးအခေါ်မျိုး ရှိနေတုန်းပဲ။

နာခံလွယ်ခဲ၊ မေ့ပျောက်လွယ်ခဲ၊ မှတ်မိလွယ်ခဲလာပြီး ဒီနှစ်ပိုင်းတွေမှာ အိပ်မက်တွေလည်း မက်ခဲလာတယ်။ ဒါပေမဲ့ တခါတလေ ထင်ထင်ရှားရှား မက်မိတတ်တဲ့ အိပ်မက်တွေထဲက အဲဒီမြို့ကလေး၊ အဲဒီလမ်းကလေး၊ အဲဒီကောင်းကင်ရဲ့ အရိပ်အယောင် ရနံ့တွေနဲ့ အဲဒီတုန်းက စိတ်နှလုံးကိုပါ ရက်တော်တော်ကြာတဲ့ထိ ပြန်ခံစားလို့ ရနေတတ်တယ်။

အဲဒီအချိန်တွေတုန်းကတော့ မသိနိုင်ခဲ့ကြဘူး။ ကိုယ်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုဖို့ တွေ့ခဲ့ကြတာ မဟုတ်ဘူးဆိုတာကိုပေါ့။ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာစေတနာ မပျက်လည်းဘဲ ဘာကောင်းကျိုးမှ အပြန်အလှန် မပြုနိုင်ကြတော့ဘူး။ ဘာမှ မရည်ရွယ် မလုပ်ကိုင်ပါဘဲ တစ်ယောက်က တစ်ယောက်ကို ထိခိုက်စေတဲ့အကြောင်းသာ ဖြစ်နေခဲ့ရတယ်။

ဘာတတ်နိုင်မှာလဲ။ ဖန်လာတဲ့ အကြောင်းတွေပဲပေါ့။

ခုတော့ ဓါတ်ပုံတွေထဲမှာ ကိုကို ပြုံးနေတာကို ကြည့်ပြီး ငယ်ငယ်တုန်းကလိုပဲနော် လို့ ပြန်တွေးယူကြည့်နေမိတယ်။ ပြီးတော့ ခွေးကလေးပွေ့လျက်ပုံရယ်၊ ခွေးကလေးချည်းပဲ အနီးကပ်ရိုက်ထားတဲ့ပုံရယ် ကိုယ် သိမ်းထားလိုက်တယ်။ ဒါနဲ့ ဒီရောက်စတုန်းက ကိုကို့ dob ကို bank acct. password လုပ်ထားခဲ့ဖူးတယ်။

ပြန်စဉ်းစားကြည့်ရင် နှစ်ယောက်ကြားမှာ ဆုံ တွေ့ ဖြစ် ပျက် ခဲ့ရသမျှက ရှောင်လွှဲမရအောင် တိုက်ဆိုင်ခဲ့တဲ့ အကြောင်းတွေချည်းပဲ။ ဒီဘဝကို ဘယ်နှစ်ကြိမ်ပြန်စစ အဲဒီဖြစ်စဉ်တွေအတိုင်းသာ အတိအကျ လက်ခံရမှာပါ။

နောက်ထပ် ရှေ့ဆက်ဖို့ ကျန်သေးတဲ့ အချိန်တွေမှာလည်း အကြောင်းတိုက်ဆိုင် ရှောင်လွှဲလို့မရရင် ခဏလောက် ပြန်ဆုံကြတာပေါ့ ကိုကို။

Thursday, September 29, 2011

Current Mood!

ကောင်းတဲ့သူ ဘယ်သူမှ မကျန်တော့လည်း အေးတာပဲ
lolz

Thursday, May 5, 2011

အကန့်အသတ်များ



ဒီလိုပဲ လူတိုင်းရဲ့ ဘဝမှာ...


အဖြစ်အပျက်တွေက ကျန်ခဲ့တာတွေ ရှိမယ်၊ ချန်ခဲ့တာတွေ ရှိမယ်။
သံယောဇဉ်တွေကတော့ ထပ်ကြပ်မကွာ လိုက်လာတတ်တယ်။
ဖုံးကွယ်ထားစရာလည်း မလိုပါဘူး။ ဒါဟာ လတ်တလောထားတဲ့ စောင့်သိ၊ စောင့်စည်းခြင်းနဲ့ မဆိုင်လို့ပါ။

အတိတ်ရဲ့ အမှတ်တရဆိုတာတွေကဖြစ်တဲ့ သံယောဇဉ်နဲ့ လက်ရှိစောင့်စည်းရမယ့် စည်းဆိုတာ လက်ဖမိုးနဲ့ လက်ဖဝါးလို၊ ခေါင်းနဲ့ ပန်းလို ကျောချင်းကပ်နေတာတွေ မဟုတ်ဘူးကွယ့်။ တစ်ခုကို ဖော်ပြနိုင်ဖို့ တစ်ခုကို မှောက်ထားစရာမလိုဘူး။ တစ်ခုကို ဖုံးကွယ်ထားမှ တစ်ခုကို လှစ်ဟပြဖို့ အဆင်ပြေတာ မဟုတ်ဘူး။

မေ့စရာမဟုတ်တဲ့အရာတွေကို မေ့မယ့်သူမဟုတ်ရင်၊ စောင့်စရာ စည်းမှန်သမျှကို စောင့်စည်းဖို့လည်း ဝန်လေးမှာမဟုတ်ဘူး။ မေ့လွယ်ပျောက်လွယ်တဲ့သူမှသာ စောင့်စည်းနိုင်မယ်လို့ မျှော်လင့်ရင်တော့ မှားလိမ့်မယ်။

ကိုယ်ကတော့ သိမ်းဆည်းစရာမှန်သမျှကို သူ့အကန့်နဲ့သူ သူ့အကွက်နဲ့သူ မရောနှောဘဲ ထားဖို့ တတ်နိုင်ပါတယ်။

ကိုယ့်အတွက်တော့ ဘဝက ပျားအုံတစ်ခုလို၊ ရေခဲခွက်တစ်ခုလိုပါပဲ။

=)


(5th Feb 2011)

Sunday, April 18, 2010

riotously!

(ခိုးရိုက်လာမိတယ်)

မနေ့ညက စွယ်တော်ရိပ်အငြိမ့် သွားတယ်။
သွားဖူးတယ်ရှိအောင်သာ သွားကြည့်တာပါ။ အစက သိပ်စိတ်မပါဘူး။
ဒါပေမဲ့ သွားကြည့်ရတာ အတော်ကို တန်ပါတယ်။

၎ ယောက်သွားဖြစ်တာပေမယ့် နေရာက နှစ်ယောက်တတွဲပဲ ထိုင်လို့ရတယ်။
အသွားကတည်းက နှစ်ယောက်စီ ခွဲသွားလိုက်ရတယ် အခြေအနေအရ...
မိုးကလည်း ဖျက်သကိုးကွယ်။ MRT မှာ အကြာကြီး ထိုင်စောင့်ပေမယ့် နောက်နှစ်ယောက် တော်တော်နဲ့ ရောက်မလာလို့ စောပြီး သွားနှင့်ရတယ်။

break time မှာ ကျွေးတဲ့ ဆီထမင်းက ၂ လုပ်စာပဲ ရှိတယ်။ မဝဘူး။
ဒါတောင် ကိုယ်တွေမှာ ၄ ယောက် လက်မှတ်က ၅ စောင်မို့ တဗူး အပိုရသေးတာ။

MAI air ticket အတွက် form ဖြည့်ခိုင်းတာမှာ မေးခွန်းမေးထားတာ ဘာမှ မသိပါဘူး။

(တို့က အမြဲတမ်း Silk Air ပဲ စီးတယ်။ MAI ဘယ်တော့မှ မစီးဘူး)

ကံဆိုးချင်တော့ MAI website ကို မေးထားတာကို မှန်လား မှားလား မသိဘူး။
ကံကောင်းချင်တော့ စာရွက်ဝေတဲ့ တစ်ယောက်က ခံရေးဖို့ MAI က ထုတ်တဲ့ စာအုပ်တစ်အုပ် ပေးတယ်။ အဲဒီထဲက ကြည့်လိုက်တာပေါ့။

MAI က လေယာဉ်ကို မေးတယ်။ ကံဆိုးချင်တော့ မသိပါဘူး။
ကံကောင်းချင်တော့ အတူလာတဲ့ ညီမလေးတွေက MAI စီးဖူးတာဆိုတော့ သူတို့ပြောတဲ့အတိုင်း ရေးလိုက်တယ်။

အဖြေမှန်တဲ့သူ (၁၁) ဦးပဲ ရှိတဲ့ထဲ ကိုယ်မပါဘူး။
အဲဒါကို MAI အပေါ် feedback ပေးပါ ဆိုတာမှာ Nice Airline လို့ ရေးလိုက်တယ်။
အဲဒါ မှားသွားတာထင်တယ်။

အားလုံးလိုလို ကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ ပြဇာတ် နဲ့ အငြိမ့်ပါ။
ဦးစိန်ကတုံး နဲ့ မယ်အောင်ဗလ နှစ်ပါးသွားမှာ မယ်အောင်ဗလ လုပ်ပြီး ကတဲ့၊ ပွဲစား မိန်းမလည်သိန်းကြွယ် နေရာမှာ ကတဲ့၊ အငြိမ့်မှာပါ လူရွှင်တော်လုပ်တဲ့ ကိုသြဘာ ကိုတော့ အတော် သဘောကျပါတယ်။ ကျန်တဲ့ လူတွေလည်း အတော် ကောင်းပါတယ်။

4: 45 PM ~ 9: 00 PM လို့ လက်မှတ်မှာ ပါပေမဲ့ ၁၁ နာရီကျော်တဲ့ထိ မပြီးသေးဘူး။
အတူပါလာတဲ့ ညီမလေးတွေက woodlands ထိ ပြန်ရမှာဆိုတော့ သိပ်နောက်ကျနေမှာ စိုးတာနဲ့ ပြန်လာခဲ့တယ်။ ပြန်ခါနီး အပေါက်မှားထွက်မိသေးတယ်။ ဇာတ်စင်နောက်ကို ရောက်တော့မလို့။ ကံကောင်းလို့။

လမ်းမှာ ငှားလာတဲ့ taxi နဲ့ တခြားကားနဲ့ ကားချင်း ချိတ်မိတယ်။ အဲဒါ MRT ကို လှမ်းမြင်နေရပြီ။ taxi driver က အသက်ကြီးကြီး ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ insurance ရှိမှာပါ လို့ပဲ တွေးလိုက်ပါတယ်။ မဟုတ်ရင်လည်း ကိုယ်လဲ စိုက်လျော်နိုင်တာ မဟုတ်ဘူး။ သူက ကိုယ်တို့ကို taxi ခတောင် မယူလိုက်ဘူး။ ချိတ်မိတဲ့ ကားနဲ့ ရှင်းရဦးမှာဆိုတော့ MRT က ဟိုရှေ့မှာနော် လို့ လှမ်းပြပြီး ကျန်နေခဲ့တယ်။

အပြီးထိ မကြည့်လိုက်ရလို့ dvd လည်း မဝယ်ခဲ့ရဘူး။ ရရင်တော့ လိုချင်ပါတယ်။ ဘယ်မှာ ဝယ်ရမလဲ မသိ။ အိမ်မှာ အတူနေတဲ့ ညီမတစ်ယောက်ကလည်း၊ အနားနီးမှ အရေးပေါ်လို့ ကျန်နေခဲ့ရတာဆိုတော့ သူလည်း ကိုယ်ပြန်ပြောတာနဲ့ အတော် ကြည့်ချင်နေတယ်။

တကယ်ပါပဲ။ အဲဒီညကတော့ တရုံလုံး တအုံးအုံးနဲ့။ MC လုပ်တဲ့ နှစ်ယောက်ကစ ရီနေရတယ်။
အစီအစဉ်အားလုံး ကောင်းပါတယ် ဆိုပေမဲ့ အပြီးထိ မကြည့်လိုက်ရတော့ တကယ်လို့များ အချိန်ကို ငဲ့ချင်တဲ့ ပရိသတ်တွေအတွက်ပါ ထည့်စဉ်းစားမယ်ဆိုရင်တော့ Rap အကနဲ့ Stereo ကို လျော့လိုက်ရင် အတော်ပါပဲလို့ တွေးမိတယ်။

အဲဒီညက recording လုပ်လာတာလေး နားထောင်ချင်ရင် ဒီမှာ ပါ။
၁၅ မိနစ်စာလုံး နားထောင်စရာ မလိုပါဘူး။ ၁ မိနစ်ကျော်ကျော်လေး နားထောင်ရင် ရပါပြီ။
သူတို့ premium ကြေး ပေးဖို့တော့ လိုမလားမသိဘူး။
(တကယ်က တိုက်ဆိုင်တာပါ။ တမင်ယူသုံးတာတော့ မဖြစ်နိုင်ပါဘူး။)

ဘာပဲဖြစ်ဖြစ် တရုံလုံး တကယ့်ကို riotously အားပေးကြတာပါပဲ။
:)

ရီလိုက်ရတာတွေ အတွက်တော့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီရက်ပိုင်း စိတ်နောက်စရာတွေပဲ တွေ့နေရတာ။

***
PS - ပိတောက်လက်ဆောင် ဆိုတဲ့ သူငယ်ချင်း နိုင်ဝင်း အတော် အသံကောင်းပါလားဟဲ့လို့ ခုမှပဲ သတိပြုမိသွားပါတယ်။
မြန်မာပြည်မှာတုန်းက အလုပ်တူတူ လုပ်လာဖူးတဲ့ နိုင်ဝင်း ကို riotously အားပေးလိုက်ပါတယ်။

***
မေ့တော့မလို့။ အစ အဆုံး မျက်မှန်တပ်ကြည့်ရတယ်။ ဒါတောင် ရှေ့ဆုံးကရေရင် ၅ တန်းမြောက်မှာ ထိုင်တာ။ break time ပြီးတော့ မေ့ပြီး မတပ်မိတာ ဝါးတားတားနဲ့။

နောက်နှစ်လည်း ကြည့်ဦးမယ်။

***

Monday, January 11, 2010

လတ်တလော

1) သိပ်သဘောကျနေမိတာ...
Mark ဆီမှာ တွေ့တဲ့ ဆောင်ပုဒ် "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ ပိုဆိုးလျှင် ဆိုးမည်။"

ကိုယ့်အာဘော်နှင့် ပြင်ရေးချင်မိသည်။ "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ အနည်းဆုံး နှစ်ဆပိုဆိုးမှာ သေချာသည်။"

2) ဖတ်ရင်း ဘဝင်ကျနေမိတာ...
တေဇာ ရဲ့ တောမီး

3) မှန်တယ်လို့ တွေးနေမိတာ...
လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက် ဆီက မမြတ်နိုး က ပြောသွားတဲ့... "မြန်မာပြည်ပြန်လည်း စက်ရုပ်ပဲ ဖြစ်မှာပဲ။ အလုပ်ကလည်း မသေမချင်း လုပ်နေမိမှာ။ အလုပ်လုပ်နေသရွေ့လည်း ဒီလိုပဲ နေ့စဉ်ဘဝ သံသရာလည်နေရမှာ။ နိုင်ငံခြားထွက်မိလို့ စက်ရုပ် ဖြစ်နေရတာ မဟုတ်ဘူး" ဆိုတာ...

ချစ်တဲ့သူ (တွေ) နဲ့တော့ ဝေးနေရတာပေါ့။ ဒါကလည်း ဘယ်သူကမှ တွန်းပို့ထားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာရွေးတဲ့ လမ်းပဲ။
ကိုယ့်ဘာသာ လျှောက်ပေတော့...


4) ဘာလဲဟ လို့ စဉ်းစားနေမိတာ...
နိုင်ငံရေးနှင့် လူမှုရေး သဘောသဘာဝချင်းမှာ မည်သို့မျှ မသက်ဆိုင်လေ။ (စိတ်ပါဝင်စားသူများက သူနှစ်သက်ရာ လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်လိမ့်မည်။ ဘာမှ စိတ်မဝင်စားလို့ ဘာမှ မလုပ်သူများ ရှိလည်း သူ့ဘာသာ မလုပ်ချင်လို့ မလုပ်တာ ဝေဖန်ရန်အကြောင်းမရှိ။)

ထို့ကြောင့် နိုင်ငံရေးကို ဝေဖန်မှတ်ချက်ပြုခြင်းအား မကျေလည်သောအခါ တိုက်ရိုက်ပြောဆိုခြင်း မပြုဘဲ လူမှုရေးလုပ်သူများနှင့် ပမာပြု၍ (သူတို့ဒီလို သူများအတွက် ဝင်လုပ်ပေးတာ ကိုယ်မလုပ်ဘဲ ဝေဖန်ရကောင်းလားဟူ၍) ပေးသော ဥပမာများလောက် လူကို အူတူတူဖြစ်စေတာ မရှိ။

လူမှုရေးသမားများအား ဝေဖန်ပြစ်တင်ရလောက်အောင် စိတ်ဝင်စားစရာ မရှိ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နိုင်ငံအုပ်ချုပ် မင်းလုပ်မည့်သူများ မဟုတ်သောကြောင့်တည်း။

အမှန်တော့ လူမှုရေးဆိုသည်မှာ လူတိုင်း အနည်းနဲ့ အများတော့ ပါဝင်ပတ်သတ်ဖူးမည်သာ။ သို့သော် ပြောလိုရင်း မဟုတ်၍ ဆက်မပြောလို။

မလုပ်ဖူးသဖြင့် ဝေဖန်ရန်မသင့် ဆိုပါက... ယခု လက်ရှိလူများအားလည်း ဝေဖန်မနေနှင့်။ ကိုယ်လုပ်ဖူးတာ မဟုတ်။ မတော်လို့ ကံအကျိုးပေးနည်းလို့ သူတို့နေရာများ ကိုယ် ရောက်ခဲ့ရင် သူတို့လို မဖြစ်ဘူးလို့ ဘယ်သူမှလည်း အာမခံနိုင်တာ မဟုတ်။ ထို့ကြောင့် မဝေဖန်ကြနှင့်။ <<< ထိုသို့ပြောလျှင် မည်သူ လက်ခံပါမည်နည်း။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းမကျသောကြောင့် ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ လုပ်သူများ၏ အရေးကိစ္စသက်သက် မဟုတ်သောကြောင့် ဖြစ်သည်။

ထို့အတူ ကိုယ်မကျေလည်သူများကိုသာလျှင် ဝေဖန်ရသော၊ ကိုယ်ကျေနပ်နှစ်သက်သူများကိုတော့ ကာကွယ်ပြောဆိုရသော အလုပ်ဟုလည်း မမြင်ချေ။ ကိုယ်ကျေနပ်သော်လည်း သူများအတွက် မေးခွန်းထုတ်စရာ ဖြစ်ချင်ဖြစ်နေမည်။ ထိုအခါ ကိုယ့်ဘာသာ ကျေနပ်နေလို့ သူများက ပြောဖို့ မသင့်တော်ဟု ယူဆပါက ဘာကြောင့်များ ဒီမိုဒီမို အော်နေပါသနည်း။

(မှတ်ချက် ။ နိုင်ငံရေးကိစ္စ အတွက် ပြောခြင်းဖြစ်သည်။ လူမှုရေးကိစ္စအတွက် ပြောခြင်းမဟုတ်။ နိုင်ငံရေးဟု ခေါင်းစဉ်တပ်၍ တိုက်ရိုက် ဝင်မဆွေးနွေးချင်သူများ လူမှုရေးနှင့် ဥပမာပြု၍ မှတ်ချက်ပေးရန် မလိုပါ။)

Sunday, November 15, 2009

အချိန်မရွေး

ခုလေးတင်ပဲ အရင်အိမ်မှာ အတူတူနေခဲ့ကြတဲ့ ညီမလေး တစ်ယောက်ရဲ့ အမေ ဆုံးတဲ့ သတင်းကို သူ့ဆီကပဲ ကြားလိုက်ရတယ်။

မနှစ်က ဒီလို အချိန် အိမ်မပြောင်းခင်မှာ သူ့ ဖေဖေရော၊ မေမေရော သူ့ဆီ လာလည်ကြတော့ တွေ့ခဲ့ရသေးတာ။ ၂ ပတ်လောက် ကြာတယ်ထင်တယ်။ အဲဒီ ညီမလေးကလည်း ငယ်ပါတယ်။ သူ့မေမေကလည်း ငယ်တယ်။ နုနုပျိုပျို ကျန်းကျန်းမာမာ သွက်သွက်လက်လက်နဲ့ပဲ တွေ့ခဲ့ရတာ မျက်စေ့ထဲ ပြန်မြင်မိသေးတယ်။

ခု ဒီလို ကြားရတော့ မယုံနိုင်အောင်ပဲ။

ပြန်ခါနီး နှုတ်ဆက်တော့ "အန်တီ ဝလာတယ်နော်၊ စင်ကာပူနဲ့ တည့်တယ် ထင်တယ်"... ပြောမိတော့... ရယ်ရယ်မောမောနဲ့ပဲ "ဟုတ်တယ်၊ ပြန်ခါနီး ပေါင်တောင် မချိန်ရဲတော့ဘူး" လို့ ပြန်ပြောခဲ့တယ်။ ရောက်ခါစကတော့ "မြန်မာပြည်မှာ ဒီလောက် လမ်းမလျှောက်ရပါဘူး။ စင်ကာပူရောက်မှ လျှောက်လိုက်ရတဲ့ လမ်း" လို့ ဆိုတယ်။

အဲဒါတွေ ပြန်သတိရပြီး မထင်မှတ်စရာလို့ တွေးနေမိတယ်။

ဖေဖေ့တုန်းကလည်း ဒီလိုပဲ။
လာခါနီး လိုက်ပို့တာ... အလုပ်တော်တော်နဲ့ မရ စိတ်ဓါတ်တွေကျနေတော့ ဖုန်းဆက်ပြီး တချိန်လုံး အားပေးနေခဲ့တာ၊ နောက်တော့ နေမကောင်းလို့ ဆေးရုံတက်ရတယ် ကြားပြီး၊ အချိန် ဘယ်လောက်မှ မကြာလိုက်ဘူး။

ကိုယ်နဲ့ ကျန်းကျန်းမာမာ တွေ့ခွင့်ရခဲ့တဲ့ နောက်ဆုံး အချိန်နဲ့၊ သူတို့ရဲ့ တကယ့် နောက်ဆုံးအချိန်...
ကြားထဲမှာ ဘယ်လောက်မှ မကြာလိုက်ဘူး။

ဒါတွေဟာ ဘယ်အချိန်မှာ မဆို ရောက်လာနိုင်တယ် လို့ သညာသိနဲ့ သိနေပေမယ့်လည်း တကယ်တမ်း ကြုံလိုက်ရတဲ့ အခါမှာ အတ္တစိတ်နဲ့ ငြင်းဆန်ချင်မိတယ်။

နောက်ဆုံး တွေ့လိုက်ရချိန်မှာ ဘာလက္ခဏာမှ မပြပါဘူး။
ဘယ်လိုမှ မထင်မှတ်ရပါဘူး။
မယုံနိုင်ပါဘူး နဲ့ပဲ။

ပြီးတော့လည်း ဘာမှ မတတ်နိုင်ပါဘူး။

***

Sunday, November 8, 2009

ချစ်သူ မသိသော အလွမ်းများ



လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေ လွင့်နေတယ်။
လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ…
တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

*
တစ်ပတ်ကြာမယ် လို့ မင်း ပြောခဲ့သလားဟင်…

*
တွေ့နေကျနေရာမှာ အကြာကြီး ထိုင်စောင့်နေမိတယ်…
လာမယ် ထင်လို့တော့ မဟုတ်ပါဘူး…
ကိုယ် လွမ်းနေလို့ပါ…

*
ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတက်သလို တငွေ့ငွေ့ တက်လာတယ်…
မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

*
ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…
ကိုယ် ဘာလုပ်ရမလဲ ဟင်…

*
အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေနေရမလား…
မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…
မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…
ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…

တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ် မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာ မှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…

*

ကိုယ်ရေးတဲ့ စာတွေကို၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…
ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်း နားလည်ပါ့မလား ထင်မိတယ်…

လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…
မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…

နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…

*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…
ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…

ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…
ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…
နေ့လည်စာ စားတယ်…
တွေ့နေကျနေရာကို ရောက်တော့ မင်း ရှိမနေဘူး…

*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…
မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခုကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…

*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…

*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင် မှာ ကြိုးတစ်စ ရှိတယ်…
အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…
ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…
သံယောဇဉ်တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

***
(My Suboo မှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )

မြန်မာပြည်မှာတုန်းက ရေးခဲ့တဲ့ post...
တပတ်ကြာအောင် နယ်ကို ခရီးထွက်သွားတုန်း ရေးခဲ့တာ။

Sept 2008, blog မှာ ဒု- အကြိမ် ပြန်တင်ဖြစ်တယ်။
ခု blog မှာပဲ တတိယ အကြိမ်။

လွမ်းလို့...
:(

***

Saturday, October 24, 2009

တရားချ ခံရခြင်း

ညက သူငယ်ချင်းတစ်ယောက်က အကြာကြီး တရားချတာ ခံလိုက်ရတယ်။
ကိုယ်ရေးကိုယ်တာကိစ္စအတွက်ပါ။ virtual world ကဟာနဲ့ မဆိုင်ပါဘူး။

ပထမ gtalk ကနေ ပြောရာက နောက်တော့ ပြောမရ ဆိုမရ ဖြစ်နေတယ် ထင်လားမသိ။

ဖုန်းခေါ်ပြီး ဆက်ပြောတယ်။


ည 12 နာရီ ကျော်တဲ့ထိ။

ဒါတောင် ငါ နက်ဖန် ရုံးသွားရမယ် ဆိုပြီး ဖြတ်လိုက်လို့။

မဟုတ်ရင် ဆက်ပြောဦးမှာ။


ပြောလိုက်တာတွေကတော့ စုံနေတာပဲ။

များလွန်းတော့လည်း ဟုန်သွားပြီ။

ဘာတဲ့ လျှပ်စစ်နဲ့ ရှော့ခ် ရိုက်လို့ ရတဲ့ဟာကို လည်လှီးဖို့ ကြံစည်နေတယ် ဆိုလား။

မဟုတ်ပါဘူး။ သူ့အလိုလျောက် သက်တမ်းကုန်သွားတာကို စောင့်နေတာပါ ပြောလဲ လက်မခံဘူး။


မျက်နှာကျောက တင်း၊ စကားပြောက ပြတ်တောင်း၊

ဒီကြားထဲ စကားက တတ်တတ်နဲ့ ပြောလိုက်ရင် "တိ" ကနဲ ပြတ်တော့မယ့် အသွားတွေက သုံးတတ်ခဲ့တာ ဆိုတော့ အရေးကြုံမှ "ငါက ကြင်နာတတ်တဲ့သူပါ" သွားပြောတော့ ယုံမယ့်သူ မရှိတော့ဘူး။

(ယုံမယ့်သူ မရှိတော့ဘူး ဆိုတာ... ဘယ်သူ့မှ သွားပြောဖူးလို့ မဟုတ်ဘူး။

ဒီလူတွေကမှ မယုံတာ ကျန်တဲ့ ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး လို့ တွက်ကြည့်မိတာ)


အော် စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။

"I am just a poor girl. never lucky in the affair like that..." blah blah တွေ ပြောကြည့်တော့လည်း

"လာညည်းပြမနေနဲ့။ နင့် ဘယ်သူမှ မသနားဘူး" လို့ ပြောတယ်။


ခက်တာ...

ဘယ်လိုမှလည်း ကိုယ့်အမြင်ကို အဆိုတင်သွင်းလို့ မရ။ ပယ်ချည်း ချနေတော့တာပဲ။

နင့်ဟာနင် ငဲ့တာတွေက များနေတာ... တို့

ပါးပါးလေးနဲ့ ချည်ထားတာ... တို့

အမယ်.. အနုပညာနဲ့ တော်တော် ဝေးတဲ့သူ မို့ပဲ။ မှတ်တောင်ထားရဦးမယ်။ ဝတ္ထုထဲ ပြန်သုံးဖို့။

ဘယ်တုန်းတည်းက ပြောချင်နေတယ် မသိဘူး။


ကိုယ့် Personal Affair သက်သက်ပါ။

စကားလဲ မစပ်ပါဘူး။ တကယ်တော့ စကားလဲ စပ်စရာ မလိုပါဘူး။

ကမ်းပါးပြိုတယ်ဟေ့ ပြောရာကနေ နွားမပေါင်ကျိုးတာ ရောက်ချင်ရောက်မှာပဲ။


သူ့ဘာသာ ကိုယ့် ဖြစ်စဉ်တွေကို မသင်္ကာရာကနေ ဟိုမေးဒီမေးနဲ့ နောက်ဆုံးမှာ ပြောစရာ ရသွားတော့တာပဲ။ ဘယ်လို သဘောထားလဲ ပြောရရင်တော့ သူငယ်ချင်းမို့ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်တော့ ဘာတွေပဲ လာပြောပြော ချစ်ပါတယ်။
(အဲလိုတွေ ထည့်ထည့်ရေးနေတာ သူ့ရီးစားတော့ ကျေနပ်ရဲ့လား မသိဘူး။)

ကျေးဇူးလည်း တင်ပါတယ် လို့ ပြောချင်ပေမယ့် အဲဒီစကား သိပ်မမိုက်ပါဘူး။


ဒါပေမဲ့ "My main point is I want you to be a Straight person" လို့ ပြောတော့ အဲဒါ ကိုယ့်ကို နှက်ထားမှန်း သိရက်သားနဲ့ ကျေနပ်နေတာပါပဲ။

အမြင်မတူတာကတော့ တပိုင်းပေါ့။


You are saying, "I'm so pity the fish so I hit its head and let it die." ဆိုတာ ပါသေးတယ်။

ဗမာလိုရော၊ ဘိုလိုရော စုံနေတာပါ့ပဲ။

အရင်ကတော့ soup လုပ်ပြီးရင် အိုးလိုက်ချပြီး သောက်နေကျ။

ပန်းကန်လုံးတစ်လုံး ဆေးရသက်သာ နည်းလား ဆိုပြီ။

နောက် အဲလို အိုးစွပ်ခွက်စွပ် မစားတော့ပါဘူး။


နောက်ကျမှ အိပ်ရာဝင်ဖြစ်ပြီး တော်တော်နဲ့ အိပ်မပျော်ဘူး။

သူပြောတာတွေ ပြန်စဉ်းစားမိပြီး...


အဲလို ထင်ရင် မှားသွားမှာပေါ့။

အိပ်လိုက်တာ တချိုးတည်းပဲ။ ၇ နာရီ ခွဲခါနီးမှ နိုးတယ်။

ရုံးကို ၁ဝ မိနစ်နီးပါး နောက်ကျပြီးမှ ဝင်တယ်။


***

ကံများ ဆိုးချင်တော့ နောက်ကျကာမှ MD က အပေါက်ဝမှာ ရပ်နေတယ်။

ပိုပြီး ကံဆိုးချင်တော့ သူနဲ့ကိုယ် အင်္ကျီ အရောင်က ဆင်တူနေသေး။


ခုတလော လုပ်သမျှတွေကလည်း အဆီအငေါ်မတည့် တော်တော်ဖြစ်နေတယ်။

ကိုယ်ရေးကိုယ်တာ affair တွေက သိပ်အဆင်မပြေရတဲ့ထဲ... ရှိတဲ့ သူငယ်ချင်းလေး နှစ်ယောက်နဲ့ တပိုင်းက ကိုယ့်ဘက်က မဟုတ်ဘူး။ ငါ့ကိုများ မိစ္ဆာမကြီး ထင်နေကြလား သွားမေးရင်လဲ မေးတော့မှ ပြောစရာ စကားလုံး အသစ်ရသွားဦးမယ်။ ကိုယ့်ရှူးကိုယ်ပတ်...


ကိုယ်ရေးကိုယ်တာ အဆင်မပြေလို့ ကိုယ်မရေးကိုယ်မတာ တာတွေ မနေနိုင် မထိုင်နိုင် လုပ်တော့လည်း တရားစွဲ မခံရတာပဲ တော်ဦးမယ်။ တကယ်တော့ ကိုယ် အာရုံများလို့ ရတဲ့သူ မဟုတ်ဘူး။ အဲဒီအချိန်မျိုးမှာ အမြဲတမ်း လွဲတတ်တယ်။ ဒါပေမဲ့ ဘယ်လို အငြိမ်မနေနိုင်တဲ့ ဇာတာလဲ မသိဘူး။


ပုံမှန်အားဖြင့်တော့ ကိုယ်ရေးကိုယ်တာကို ဝေဖန်ခံရရင် မကြိုက်ပါဘူး။

ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိပါတယ်။

နည်းနည်းပါးပါးပဲ ရှိတဲ့ ချစ်တဲ့ သူငယ်ချင်းတွေက ချွင်းချက်ပေါ့။


တကယ်ဆို အဲဒီ ညနေမှာ online ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေခဲ့တာ။

ဒီကြားထဲ ညကျ မမျှော်လင့်ဘဲ အပြောခံလိုက်ရပေမယ့် စိတ်တော့ မဆိုးပါဘူး။

စိတ်မကောင်းတော့ ဖြစ်မိတယ်။

ငါ့ကို နားမလည်ပါလား လို့။


***

ခု Tina Arena ရဲ့ I wanna know what love is... အပြန်ပြန် နားထောင်မိတယ်။


ကြားဖူးတယ် မဟုတ်လား။


"တားဆီးလို့ မရနိုင်တာ အချစ်၊ ကစားဖူးသလား ထိုးစစ်၊ အားလုံးနဲ့ ရှင်းရန် အဆင်သင့်၊ နောက်မဆုတ်နဲ့ ဆက်ချစ်..."
ဆိုတာ ဇော်ဝင်းထွဋ် ဆိုခဲ့တဲ့ သီချင်း။


***

လောကကြီးကို စိတ်ကုန်တယ်။

shopping ထွက်လိုက်ဦးမယ်။


***

သူငယ်ချင်းကိုတော့ ချစ်ပါတယ်။

ဒါပေမဲ့ သူအဲလိုပြောတော့ ဝမ်းနည်းတာပဲ။


***

Tuesday, October 13, 2009

လွမ်းတဲ့ မှတ်တမ်း

အဲဒီ တစ်နေ့က မိုးဖွဲဖွဲ ရွာတဲ့နေ့ပေါ့။
ပျင်းပျင်းရိရိနဲ့ ကိုယ်​ ရုံးသွားတဲ့အချိန်...


လမ်းထိပ်ကိုရောက်တော့ တူတူ လျှောက်လာတဲ့ မိန်းကလေး တစ်ယောက်ကို ကောင်လေးတစ်ယောက်က လာကြိုတယ်။ မြန်မာအတွဲလို့တော့ ကိုယ်မထင်ပါဘူး။ ဒီကအတွဲပဲ ထင်ပါတယ်။
သိပ်တော့ မသေချာဘူး။ ကိုယ်က လူကဲခတ်ညံ့တယ်လေ။


သူတို့နှစ်ယောက်က ကိုယ့်ရှေ့က လျှောက်နေကြတော့ ကိုယ်လဲ နောက်ကနေ စိတ်ဝင်တစား ကြည့်နေမိတယ်။ ကောင်လေးက
သူ့မိန်းကလေးရဲ့ ထီးကိုရော... လွယ်ထားတဲ့ အိတ်ကိုရော သူပဲယူပေးတယ်။

မြင်ယောင်ကြည့်စမ်းပါ။
မိုးတဖွဲဖွဲအောက်မှာ
ချစ်သူစုံတွဲလေး တူတူ လမ်းလျှောက်နေတဲ့ပုံစံကို...
အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း ကောင်လေးတစ်ယောက်က သူ့မိန်းကလေးရဲ့ အိတ်ကို လွယ်ပြီး မိန်းကလေးကို ထီးမိုးပေးနေတဲ့ ပုံစံကို...


ကိုယ်တောင် ပြုံးမိတယ်။

နောက် ကောင်လေးဖုန်းက မြည်လာတော့ ထီးတဖက်နဲ့ မအားတဲ့ ကောင်လေးက သူ့မိန်းကလေးကို ဖုန်းကိုင်ခိုင်းတယ်။ ကောင်မလေးက ပထမတော့ ဖုန်းကို သူ့ကောင်လေး နားမှာ ကပ်ပြီး ပေးသေးတယ်။ မမီမကမ်းနဲ့ ဆိုတော့ နောက်တော့ ကောင်မလေးက သူပဲ ယူပြီး ပြောလိုက်တယ်။

ဘာမှတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုယ့်မျက်စေ့ထဲမှာတော့ တော်တော် ချစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။


***
အဲဒီတော့...

မင်းကို
ကိုယ် လွမ်းတယ်။

***
ဒီစကားတွေ ကိုယ်တောက်လျှောက်ပြောတော့ တဖက်မှာ တိတ်တဆိတ် ပြုံးနေခဲ့လိမ့်မည် ထင်သည်။
နောက်တနေ့မနက်
တစ်ကြောင်းတည်းသာ ပါသည့် စာတစ်စောင် ရောက်နှင့်သည်။

"အချိန်တွေ အကြာကြီး တစ်ယောက်တည်းဖြစ်နေစေခဲ့တာကို ခွင့်လွှတ်ပါ။"


***
အချစ်ဆိုတာ...
တခါတလေတော့

ဖြေလျော့ပစ်ခါမှ ရစ်ပတ်လာ
လွင့်ပါးစေကာမှ နှောင်ဖွဲ့လာ
ရှင်းထုတ်ပစ်ကာမှ ရှုပ်ထွေးလာ
ဝေးဝေးပြေးကာမှ နီးကပ်လာ

***


... ကြင်နာသူ ရင်ခွင်မှာ ခိုဝင်နားဖို့ ကြိုနေပါ
ရင်မှာ မေးချင်နေသော စကား

အရင်လို ကိုယ့်ကို ချစ်သေးလား


***

Thursday, October 8, 2009

Poor Fish !

ဒီနေ့မနက်
အိပ်ရာကထတော့ ရေနွေးတည်ဖို့ မေ့တယ်။
ခါတိုင်း နိုးတာနဲ့ တည်နေကျ... ပြီးမှ ရေမချိုးခင် ကော်ဖီဖျော်တယ်။
ဒါမှ ရေချိုးပြီးလို့ breakfast စားချိန်ကျ သောက်ဖို့ အနေတော်ပဲ။

နေ့တိုင်းလုပ်နေကျကို လုပ်ဖို့ မေ့တယ်။

ရေချိုးပြီးလို့ အဝတ်စားလဲတော့မှ သတိရတယ်။
ရေနွေးလည်း မတည်ဘူး၊ ကော်ဖီလည်း မဖျော်ရသေးဘူး ဆိုပြီး...
ဒါနဲ့ ကော်ဖီ တခွက်စာပဲ အရင်တည်ပြီး၊ စားရင်သောက်ရင်း စဉ်းစားမိတယ်။

ညနေ ရေကျက်အေးလုပ်ဖို့ ထပ်တည်လိုက်ဦးမယ်လို့...
electric kettle ရှိပေမယ့် ကြီးနေလို့ ရိုးရိုးအိုးနဲ့ နည်းနည်းပဲတည်မယ် ဆိုပြီး လျှာရှည်ပြီးသကာလ... မြန်မြန်ပြီးအောင် gas ကို နည်းနည်း မြှင့်ပြီး တည်လိုက်တာ...

ရုံးကိုလာတော့ ပိတ်ဖို့မေ့ပြီး ဒီတိုင်း ပစ်ထားခဲ့တယ်။
ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့မှ အိမ်မှာကျန်ခဲ့တဲ့ ညီမလေးတယောက်ကို အလန့်တကြား ဖုန်းလှမ်းခေါ်ရတယ်။ သူကလဲ တော်တော်နဲ့ မကိုင်တော့ ကိုယ့်မှာ ရှေ့ပဲဆက်ရမလား၊ နောက်ပဲ ပြန်လှည့်ရမလားနဲ့...

နှစ်ခါလောက် ဆက်တိုက်ခေါ်ပြီး ကိုင်တော့မှ... ဟင်း ချရတယ်။
သူကလဲ တန်းသိတယ်။ "အစ်မ မီးဖိုလား" တဲ့။

***
ခုတလော လုပ်သင့်တာတွေ မလုပ်ဘူး။
* အကျိုးရှိမယ့်စာ များများ ဖတ်ရမယ်။
* အချိန်ကို အလေးထားရမယ်။
* ဘာသာစကား တိုးတက်အောင် လုပ်ရမယ်။
* နိုင်ငံတကာ သတင်းပလင်းလေး နားစွင့်ရမယ်။
(ရုံးနဲ့နီးတဲ့ အိမ် ပြောင်းလာတာ ဘာလုပ်ဖို့လဲ။ ဒါတွေ လေ့လာဖို့ မဟုတ်လား။)

မလုပ်သင့်တာတွေတော့ လုပ်နေတယ်။
* အကျိုးမရှိမယ့်စာ (ရုံးတွင် ရာထူးတက်ရန် အထောက်အကူမပြု၊ လစာတိုးရန် အထောက်အကူမပြုသော စာများကို ဆိုလိုပါသည်။) အများကြီး ဖတ်နေတယ်။
* အားတိုင်း ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်နေတယ်။
(ဟီးဟီးဟားဟားတွေ လုပ်တယ်။)
* ဘယ်တုန်းကမှ မကြည့်ချင်တတ်တဲ့ ဗမာကားတောင် ကြည့်မိနေသေးတယ်။
(တခါကြည့်ရင် မိနစ် ၂၀၊ နာရီဝက်နဲ့ ၂ ရက်ရှိပြီ။)
* ဘလော့က အတင်းတွေပဲ လိုက်ဖတ်နေမိတတ်တယ်။
(ဘလန့်ချက်နဲ့တောင် ဝယ်လိုက်သေးတယ်။)

***
တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။


Wednesday, October 7, 2009

My Currnet Status !

ဒီရက်ပိုင်း တော်တော်ကို concentration နည်းနေလိုက်တာ။
ကိုယ့်ဟာကိုယ် ဘာလုပ်နေလို့ လုပ်နေမိမှန်းတောင် မသိဘူး။
ရူးခါနီးနေပြီလား လို့ ရယ်စရာလုပ် တွေးမိတယ်။
မမေ့သင့်တာတွေ မေ့တယ်။ မလုပ်သင့်တာတွေ လုပ်တယ်။
တယောက်ယောက်က တခုခု လာပြောရင် အဓိပ္ပါယ်ကို အတော်တွေးယူမှ ရတယ်။

ဆိုင် မဆိုင်တော့ မသိဘူး။
ကြည်အေးဝတ္ထု ဖတ်တာ ခဏရပ်ထားမှ လို့ တွေးမိတယ်။
တကယ်တော့ ဒါလဲ တွေးစရာ မလိုတဲ့ ကိစ္စပဲ။
ဘာလို့ဆို ဘယ်ဟာကိုမှ တောက်လျောက် ဆက်တိုက်လုပ်သွားလို့ မရဘူး။
လုပ်နေရင်း ခဏခဏ ရပ်ထားရတာချည်းပဲ။

သူငယ်ချင်းတယောက်ကတော့ အဲဒါ Alzheimers စနေတာပေါ့ လို့ ပြောတယ်။
တော်သေးတယ်။ ပြောတဲ့လူက ဆရာဝန် မဟုတ်လို့။
ဆရာဝန်က ပြောရင် အဟုတ်မှတ်နေဦးမှာ။
ခါတိုင်း စကားတစ်ခွန်း အတင်မခံပေမယ့် ခုတော့ အယ်လဇိုင်းမားက ဒီအရွယ်မှာ ဖြစ်လို့လား လို့တောင် ပြန်မပက်မိခဲ့ဘူး။

မလုပ်သင့်တာတွေ လုပ်တယ်။
လုပ်သင့်တာတွေတော့ သိရက်သားနဲ့ မလုပ်ဘူး။
တယောက်က ပြောတယ်။
မျက်စေ့ဖွင့်ကြည့်စမ်းပါ။
ကမ္ဘာကြီးက ကျယ်လွန်းလို့ တချက်လောက်မှ လှည့်မကြည့်ရင် ကိုယ့်မှာ ဘာတွေလိုနေလဲ မသိနိုင်ဘူး တဲ့။

နေပါစေတော့။ ကြည့်ချင်ပါဘူး။
လိုနေတာတွေသိရင် လိုက်လုပ်နေရဦးမယ်။
မလုပ်နိုင်ရင် guilty ဖြစ်နေဦးမယ်။

မျက်စေ့မှိတ်ပြီး အိပ်နေပါရစေ။

***
ခုလဲ ရုံးကနေတောင် ပို့စ်တင်ဖို့ လုပ်နေပြန်တာ ပုံမှန် မဟုတ်ဘူးလို့ပဲ ပြောရမလား။
ဒီလို အခြေအနေမှာတောင် အလုပ်တဖက်နဲ့ ပို့စ်တင်နိုင်သေးတယ်လို့ပဲ ဖြေတွေးရမလား ဆိုတာ မသိတော့ပါဘူး။

(ဘာပဲဖြစ်ဖြစ် ပို့စ်တင်ပြီးရင် ဘယ်လို comment တွေလာမလဲ ကြိုတွေးလို့တော့ ရနေတယ်)

:)

***

Sunday, December 7, 2008

Who know what will happen tomorrow?

တကယ်တော့ ဒီ post ကို "Current Situation in My Workplace" ထက် အရင် ရေးခဲ့ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့...ကိုယ်နဲ့ ပတ်သတ်တဲ့ လူတွေ စိတ်ပူနေကြလို့ပါ

Crisis သတင်းကြားကြရပြီးတဲ့ နောက်ပိုင်း ဒီရောက်နေတဲ့ လူတွေရော ဟိုမှာ ရှိနေတဲ့ လူတွေရော
ဘယ်လောက်တောင် ပူပင်ခဲ့ကြပြီးပြီလဲ

ဒီအကြောင်းတွေ ပြောလဲ မပြောချင်ဘူး
ပြောရုံနဲ့ ဘာမှ ဖြစ်မလာ
ပြောရုံနဲ့တင် ဘာမှ ပြောင်းမသွားနိုင်တာတွေ အတွက် ဘာမှကို ပြောမနေချင်တော့ပါ

ကံ အကြောင်းတိုက်ဆိုင်လို့ ရတဲ့ ဘွဲ့ တစ်ခု နဲ့ မိဘဆွေမျိုးတွေရဲ့ အဆက်အသွယ်ကောင်းမှုကြောင့် နိုင်ငံခြားကို ထွက်လာနိုင်ခဲ့လဲ ကျွန်မက နိုင်ငံရေး စီးပွားရေး အမြင်ကျယ် အလှမ်းမီ ဗဟုသုတ နဲ့ ပြည့်စုံလှသူမဟုတ်
(သိချင် စူးစမ်းချင် ၀င်ပါချင် စိတ်ကလေးတော့ ရှိတာ အမှန်ပေါ့။ ဒါကလဲ တကယ်တော့ မိန်းမ ဗီဇ မျှသာ)

Crisis စ စချင်း ကျွန်မ အပူကပ်နေကျ သူငယ်ချင်းကို Stock Market အကြောင်း Stupid တစ်ယောက် သိအောင် ရှင်းပြ စမ်းပါ လို့ လှမ်းမေးခဲ့တယ်

ဒင်းကလဲ သူငယ်ချင်းကောင်းဆိုတော့ ဘာဆိုတာ တိုက်ရိုက်မပြောဘဲ ၀က်ဘ်ဆိုဒ် လိပ်စာ တစ်ခုသာ ပို့ခဲ့တယ်။
သူပို့ပေးတဲ့ လိပ်စာ
http://simulator.investopedia.com/home.aspx

1st Nov က သူ ပို့ထားတာ .. ခုထိကို ၀င်မကြည့်မိသေးဘူး။ မအားလို့။

Crisis နဲ့ ပတ်သတ်လို့ ပူပင်ကြရတာ ရေးပြလို့ မရဘူး။ ဒါတွေကို တကယ်ခံစားရသူတွေပဲ သိတယ်

Crisis ကာလကြောင့် မဟုတ်ပါဘူးလေ... သူများနိုင်ငံ သူများ ပတ်ဝန်းကျင်မှာ ဒုတိယတန်းစား အဖြစ် လာနေရတဲ့ သူတွေနဲ့ သူတို့နဲ့ သက်ဆိုင် ပတ်သတ်သူတွေ ပူုပင်ကြောင့်ကြ ကြရတာ အချိန်ပြည့်နီးပါပဲ
ဒါပေမယ့် ဘယ်သူ ဘာတတ်နိုင်သလဲ
လုပ်ခွင့်ရှိသရွေ့တော့ လုပ်နေကြရမှာ ဖြစ်ပြီး
လုပ်ခွင့်မရှိရင်တော့ ပြန်ကြရုံပါပဲ
ဘယ်သူ ဘာတတ်နိုင်သလဲ

မေမေနဲ့ ဖုန်းပြောဖြစ်တော့ မေမေ စိတ်ပူနေတယ် အဆင်ပြေရဲ့လားတဲ့။
ခုထိတော့ အဆင်ပြေနေတုန်းပဲမေမေ ဆိုတော့...
နောက်ရော ဘယ်လိုနေမလဲတဲ့။ နောက် ဘာဖြစ်မလဲ ဘယ်သိမလဲ မေမေရဲ့ လို့။

အရင်က အမှတ်တမဲ့ ရှိခဲ့တဲ့ အကြောင်းအရာလေး တစ်ခု ခေါင်းထဲရောက်လာလို့ ပြောချင်ပါသေးတယ်

မြန်မာပြည်က သရုပ်ဆောင်တစ်ယောက်ရဲ့ အင်တာဗျူးတစ်ခုမှာပေါ့... (နာမည်ထွက်ပြီး
အကယ်ဒမီ မရခဲ့တဲ့ တစ်နှစ်က) သူပြောထားတာ
"ကျွန်တော့် အစ်ကိုရော အိမ်ကလူတွေ အကုန် ငိုကြတယ်" "ကျွန်တော့်အနေနဲ့ ဘာမှ မခံစားရပေမယ့် သူတို့ဒီလို ဖြစ်တော့ ကျွန်တော် စိတ်ထိခိုက်တယ်" တဲ့။ (စကားလုံး အတိအကျ မဟုတ်ပါ)။

လူဆိုတာ မျှော်လင့်ထားတဲ့ အရာ (သို့) လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အရာ ကို လက်လွှတ်ရတော့မယ် ဆိုရင် ဘယ်သူမဆို ပူပင် လောင်မြိုက်ကြမှာပဲ။
တခါတခါကျ အဲဒီ သရုပ်ဆောင် ပြောသလို ကိုယ့်အတွက်က ဘာမှ မဟုတ်ဘူးရယ်လို့ စိတ်လျှော့ ထားလို့ ရပေမယ့် ကိုယ်နဲ့ပတ်သတ်တဲ့ လူတွေ ကိုယ့်အတွက် ခံစားပူပင်နေကြတာကို မြင်ရတဲ့အခါ ထိခိုက်ရတဲ့ နာကျင်မှုဟာ ဘာနဲ့မှ မတူဘူး။

သူထပ်ပြောထားသေးတယ်။
အကယ်ဒမီပွဲတွေ လူထုကို ပြတော့ သရုပ်ဆောင်တွေ အနေနဲ့ ခံစားမှုကို ထိန်းသိမ်း ချုပ်တီးထားရမလို ဖြစ်တာပေါ့ ဆိုတာ... သူ့သဘော အရဆိုရင်တော့ မပြစေချင်ပါဘူး တဲ့...

ဖတ်ခဲ့တုန်းကတော့ အမှတ်တမဲ့ပါ...ဖတ်ထားတာလဲ ကြာလှပြီ... ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့ ပြန်ပေါ်လာတယ်...ပြီးတော့ အဲဒီ သရုပ်ဆောင်က မြန်မာပြည်မှာ (ကျွန်မ စိတ်ထဲ) အဆင်ပြေပြေရှိတဲ့ ရှားရှားပါးပါး စာရင်းဝင်မို့လဲ ဖြစ်နိုင်ပါတယ်...

သူပြောတာ မှန်တယ်...
ဘာကြောင့်လဲ ဆိုတော့ ဘယ်သူမဆိုလေ ကိုယ့် ဘ၀ တခြမ်းကို လွတ်လွတ်လပ်လပ် အမှောင်ချထားချင်ကြမှာပဲ... တခြမ်းတိတိ မဟုတ်ရင်တောင် ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ ဖွင့်မပြချင်တဲ့ အပိုင်းတွေ ရှိမှာပဲ...

ဖွင့်မပြချင်တဲ့ အပိုင်း ဆိုတာ မသိစေချင်တဲ့ အပိုင်းမဟုတ်ဘူး
သိချင် သိပစေ... ကိုယ်ကိုယ်၌က မကြေငြာလိုတဲ့ အပိုင်း...
(ပြောရုံနဲ့ ဘာမှ ဖြစ်မလာ ပြောရုံနဲ့ ဘာမှ ပြောင်းမသွားနိုင်တာတွေ အတွက် မကြေငြာ လိုတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ)

ကျွန်မ နိုင်ငံခြားထွက်တာ တကယ်တော့ ထွက်ပြေးလာတာပဲ
ဒါပေမယ့် တခါမှတော့ ကိုယ်လွတ်ရုန်းတယ် လို့ define မလုပ်မိခဲ့ဘူး
နိုင်ငံခြားက ပေးတဲ့ ဒဏ်ရာတွေ ဘယ်သူသိသလဲ

ခုလို Crisis period မှာ လူတိုင်းကြုံကြရမယ့် ခံစားမှုကို ရေးပြစရာ မလိုပါဘူး။
ဘာဆက်ဖြစ်မလဲ ဆိုတာလဲ ဉာဏ်မမီလို့ ရေးမပြနိုင်ပါဘူး။ ကျွန်မ သိတာ လောလောဆယ် ကျွန်မ လုပ်ငန်းခွင်က အခြေအနေလေးပဲလေ။
ဒါပေမယ့် ကံဆိုး ကံကောင်းဟာ တစ်ချိန်ကလေးပဲ ကွက်ကြည့်လို့ မရဘူး။

ကျွန်မတင်တဲ့ "Current Situation in My Workplace" ဖတ်ပြီး ဒီလို အချိန်မျိုးမှာ ဒီလောက် အလုပ်တွေ ရှုပ်နေတာ ခိုင်တာပေါ့ လို့လဲ တွေးလို့ မရပါဘူး။ ကံဆိုးချင်လို့ ရှုပ်နေတာလဲ ဖြစ်နေနိုင်တာပဲ။

ဝန်ခံစရာတစ်ခုက အဲဒီ post ကို ဆန့်ကျင်ဘက် စိတ်နှစ်မျိုးနဲ့ ရေးခဲ့တယ် ဆိုတာ...
တစ်မျိုးက ကျွန်မ အတွက် တကယ် ပူပင်ကြရသူတွေ အတွက်... "ပန်းပန်လျက်ပဲ" လို့ နှစ်သိမ့် ချင်စိတ်နဲ့ ရေးမိတာ။

နောက်
တစ်မျိုးက ကျွန်မ အခြေအနေ ဘယ်လို ရှိသလဲ ထောက်လှမ်းစပ်စု ချင်ကြတဲ့ ပြိုင်ဘက်တွေ အတွက် ..."ငါ မသေဘူး ... ရေကူးတတ်တယ်" ဆိုတဲ့ မာန်မာန နဲ့ ရေးမိတာ။

ပူပင်ခဲ့ရတာတွေ များလွန်းလို့ ရှေ့ဆက်ပြီး မပူပင် ချင်တော့လောက်အောင်
ပူပင်စရာ မရှိတော့ လောက်အောင်ဖြစ်ခဲ့တာမို့
ကျွန်မ ခေါင်းထဲမှာ Crisis နဲ့ ပတ်သတ်တာ
Retrenchment နဲ့ ပတ်သတ်တာ ဘာမှ မရှိဘူး
မျက်ကန်းမို့ တစ္ဆေ မကြောက်တာပေမယ့် ကျွန်မ နဲ့ ပတ်သတ်ဆက်နွယ်သူများ ပူပင်ကြတဲ့ အခါမှာတော့ စိတ်ထိခိုက် ရတယ်

ခုလဲ ဒီ post
ကို မနေ့ညက ကျွန်မကို ပူပင်ခဲ့သူ တစ်ယောက်အတွက် ရေးပါတယ်။

ပူပင်နေလဲ ဖြစ်စရာရှိတာတွေ ဖြစ်လာမှာပဲ

လောလောဆယ် တတ်နိုင်တာ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ပဲ

မဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင်လဲ လက်ခံရုံပဲ

မနက်ဖန် ဘာဖြစ်မလဲ ဘယ်သူသိနိုင်သလဲ။

(P.S ဒီနေ့ညနေတော့ Chinese Garden မှာ လုပ်မယ့် IC Show သွားကြည့် လိုက်ဦးမယ်)

Wednesday, October 15, 2008

သီတင်းကျွတ် လပြည့်


မနေ့က သီတင်းကျွတ်လပြည့်နေ့

မတိုင်ခင် တရက်ကတော့ Gtalk မှာ blogger အစ်ကိုတစ်ယောက်နဲ့ တွေ့တော့ သတိပေးလိုက်မိသေးတယ်
ဒါပေမယ့် သူက သတိရပြီးသားပါ..သူ့ မန္တလေးကိုတောင် လွမ်းတယ် ပြောလိုက်သေးတယ်..

ဒါနဲ့ပဲ လပြည့်မနက်ရောက်တော့ ထုံးစံအတိုင်း အိပ်ရာထ..ရုံးသွားဖို့ ပြင်ဆင်..ညကပဲ သူများကို သတိပေးထားမိပေမယ့် မနက်ရောက်တော့ ကိုယ့်ဟာကိုယ်တောင် သတိမရမိတော့ဘူး..အိမ်က မထွက်ခင်လေးတင် သူငယ်ချင်းတစ်ယောက်ဆီက သီတင်းကျွတ် ဆုတောင်း SMS လေး စပြီးရတယ်..
အဲဒါကိုပဲ တခြား သူငယ်ချင်းတွေဆီ ထပ်ပြီး Fwd လုပ်လိုက်တယ်..

ရုံးကို မရောက်ခင်မှာပဲ ကျွန်မဆီကို နောက်ထပ် ဆင်တူ SMS သုံးခု ရောက်ပြီးသား ဖြစ်သွားပါရော..
အော်... Singapore!

အခါကြီးရက်ကြီး ဆိုပေမယ့် holiday မဟုတ်တော့ ဥပုသ် လဲမစောင့်ဖြစ်ပါဘူးရှင်

ရုံးဆင်းလို့ အိမ်ပြန်လာတော့ အိမ်ရှေ့ ITE ကျောင်း ခေါင်မိုးရဲ့ ခေါင်းတိုင်နှစ်ခုထိပ်မှာ လပြည့်လ ကိုမြင်ရတယ်

အိမ်က ညီမလေးတစ်ယောက်က အစ်မ ဒီနေ့ သီတင်းကျွတ်လေ .. အိမ်ကို ဖုန်းမဆက်ဘူးလား လို့မေးတယ်..
သူကတော့ ဖုန်းဆက်ပြီး လှမ်း ကန်တော့လေရဲ့ ..ပါးစပ်နဲ့ :)
(ကျွန်မဟာ ကလေးလောက်တောင် မသိတတ်ပါလား)

အဲဒီညက သူများ blog တွေမှာ သီတင်းကျွတ်အကြောင်း တင်ထားတဲ့ Post တွေ လိုက်ဖတ်တယ်..
ကိုယ့်ဟာကိုယ်တော့ Post တောင် မတင်ဖြစ်လိုက်ဘူး..
ညီလင်းဆက် ရဲ့ post တစ်ခုထဲက "
ပိုက်ဆံဆိုတာ အရင်းအနှီးများစွာနဲ့ ရှာယူရတယ်" ဆိုတာကိုပဲ အထပ်ထပ် သတိရနေမိတယ်..
(ကိုယ့်ဟာကိုယ် ရွေးထားတဲ့ လမ်းပဲ.. ဆက်လျှောက်
ဆက်လျှောက် )

ပြောရရင်တော့ သီတင်းကျွတ် လပြည့်ရက်ဟာ ကျွန်မ အတွက် ဘာမှ ထူးထုးခြားခြား မရှိလှဘဲ ကုန်ဆုံးသွားပါတယ်..

Tuesday, September 30, 2008

ချစ်သူ မသိသော အလွမ်းများ


လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေလွင့်နေတယ်။
လွမ်းတယ်ဆိုတာလှိုင်းတွေလိုပဲ…တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

*
တစ်ပတ်ကြာမယ် လို့ မင်းပြောခဲ့သလားဟင်…


*

တွေ့နေကျနေရာမှာ အကြာကြီးထိုင်စောင့်နေမိတယ်…

လာမယ်ထင်လို့တော့ မဟုတ်ပါဘူး…

ကိုယ် လွမ်းနေလို့ပါ…


*

ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတတ်သလို တငွေ့ငွေ့ တက်လာတယ်…
မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

*

ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…
ကိုယ်ဘာလုပ်ရမလဲဟင်…

*

အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေရမလား…

မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…

မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…

ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…


တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ
ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ်မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာမှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…

*
ကိုယ်ရေးတဲ့ စာတွေကို
၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်းနားလည်ပါ့မလား ထင်မိတယ်…

လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…

မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့
ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…

နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…

*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…

ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…

ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…

ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်…
ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…

နေ့လည်စာစားတယ်…

တွေ့နေကျနေရာကို ရောက်တော့ မင်းရှိမနေဘူး…

*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…

မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခု ကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…

*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…

*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင်မှာ ကြိုးတစ်စ ရှိတယ်…

အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…

ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…

သံယောဇဉ် တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

(စုဗူးမှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )