Tuesday, October 13, 2009

လွမ်းတဲ့ မှတ်တမ်း

အဲဒီ တစ်နေ့က မိုးဖွဲဖွဲ ရွာတဲ့နေ့ပေါ့။
ပျင်းပျင်းရိရိနဲ့ ကိုယ်​ ရုံးသွားတဲ့အချိန်...


လမ်းထိပ်ကိုရောက်တော့ တူတူ လျှောက်လာတဲ့ မိန်းကလေး တစ်ယောက်ကို ကောင်လေးတစ်ယောက်က လာကြိုတယ်။ မြန်မာအတွဲလို့တော့ ကိုယ်မထင်ပါဘူး။ ဒီကအတွဲပဲ ထင်ပါတယ်။
သိပ်တော့ မသေချာဘူး။ ကိုယ်က လူကဲခတ်ညံ့တယ်လေ။


သူတို့နှစ်ယောက်က ကိုယ့်ရှေ့က လျှောက်နေကြတော့ ကိုယ်လဲ နောက်ကနေ စိတ်ဝင်တစား ကြည့်နေမိတယ်။ ကောင်လေးက
သူ့မိန်းကလေးရဲ့ ထီးကိုရော... လွယ်ထားတဲ့ အိတ်ကိုရော သူပဲယူပေးတယ်။

မြင်ယောင်ကြည့်စမ်းပါ။
မိုးတဖွဲဖွဲအောက်မှာ
ချစ်သူစုံတွဲလေး တူတူ လမ်းလျှောက်နေတဲ့ပုံစံကို...
အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း ကောင်လေးတစ်ယောက်က သူ့မိန်းကလေးရဲ့ အိတ်ကို လွယ်ပြီး မိန်းကလေးကို ထီးမိုးပေးနေတဲ့ ပုံစံကို...


ကိုယ်တောင် ပြုံးမိတယ်။

နောက် ကောင်လေးဖုန်းက မြည်လာတော့ ထီးတဖက်နဲ့ မအားတဲ့ ကောင်လေးက သူ့မိန်းကလေးကို ဖုန်းကိုင်ခိုင်းတယ်။ ကောင်မလေးက ပထမတော့ ဖုန်းကို သူ့ကောင်လေး နားမှာ ကပ်ပြီး ပေးသေးတယ်။ မမီမကမ်းနဲ့ ဆိုတော့ နောက်တော့ ကောင်မလေးက သူပဲ ယူပြီး ပြောလိုက်တယ်။

ဘာမှတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုယ့်မျက်စေ့ထဲမှာတော့ တော်တော် ချစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။


***
အဲဒီတော့...

မင်းကို
ကိုယ် လွမ်းတယ်။

***
ဒီစကားတွေ ကိုယ်တောက်လျှောက်ပြောတော့ တဖက်မှာ တိတ်တဆိတ် ပြုံးနေခဲ့လိမ့်မည် ထင်သည်။
နောက်တနေ့မနက်
တစ်ကြောင်းတည်းသာ ပါသည့် စာတစ်စောင် ရောက်နှင့်သည်။

"အချိန်တွေ အကြာကြီး တစ်ယောက်တည်းဖြစ်နေစေခဲ့တာကို ခွင့်လွှတ်ပါ။"


***
အချစ်ဆိုတာ...
တခါတလေတော့

ဖြေလျော့ပစ်ခါမှ ရစ်ပတ်လာ
လွင့်ပါးစေကာမှ နှောင်ဖွဲ့လာ
ရှင်းထုတ်ပစ်ကာမှ ရှုပ်ထွေးလာ
ဝေးဝေးပြေးကာမှ နီးကပ်လာ

***


... ကြင်နာသူ ရင်ခွင်မှာ ခိုဝင်နားဖို့ ကြိုနေပါ
ရင်မှာ မေးချင်နေသော စကား

အရင်လို ကိုယ့်ကို ချစ်သေးလား


***

13 comments:

Anonymous said...

ဟင်း......

သက်ပြင်းချသွားတယ်၊

(မနာလို၊ အားကျ၊ မုဒိပွား)စွာနဲ့

ကိုယ့်မှာ အဲလိုကံမပါလာဘူးထင်တယ်၊

Eleven. said...

ရိုးရိုးလေးလေးပုံဖော်ပြပေမယ့် အချစ်တစ်ခု တကယ် အသက်ဝင် လာခဲ့သလိုပဲ ...

ကျေးဇူးဗျာ .. သူ့ကို ပြောဖို့ မေ့နေတဲ့ စကားတစ်ခွန်း အမှတ်မထင် တွေ့ခဲ့ရတယ်

Eleven.

Steve Evergreen said...

မြင်အောင်ကြိုးစားပြီး ကြည့်တယ်။ နဲနဲခက်တယ်။ ကိုယ့်ရီးစားတွေက မိုးရွာထဲမှာ အဲလို လမ်းရှောက်လေ့မရှိဘူး။ ဟဲဟဲ

Phyo Maw said...

အချိန်တွေ အကြာကြီး တစ်ယောက်တည်းဖြစ်နေစေခဲ့တာကို ခွင့်လွှတ်ပါ။
အချိန်တွေ အကြာကြီးတွေဝေခံ လို့ပါ
ဘာညာ သာသကာ...။

Vista said...

အဲလေ ဝေးဝေးမပြေးဘာနဲ့ တခါတည်းခုန်ဝင်လိုက် ရင်ခွင်ထဲကို...ထွားထွားကြိုင်းကြိုင်းဆိုရင်ပြောပါတယ် ..ပိန်ရင်တော့သွားမလုပ်နဲ့ အုံး ..ဟိဟိ
( အရင်ကထက်ပိုချစ်မှာပါ ရီတာရယ် )

Rita said...

အပေါ်ဆုံးက Anonymous, မဟုတ်မှလွဲရော NT များလား :D

Eleven, ပြောစရာ စကားတော့ ရသွားတာပေါ့လေ။ ဒါပေမဲ့ စကားလုံးတွေဆိုတာ ခံစားရတာကလွဲလို့ ဘာမှလဲ ဖြစ်မလာပါဘူး။ :)

Steve, မိုးရွာထဲ လမ်းမလျှောက်ဖူးသေးဘူးဆိုရင် လူဖြစ်ကျိုးမနပ်သေးဘူး ဆိုရမယ်။ ;)

ဖြိုးမော်, လုပ်သလို မဖြစ်နိုင်တာတွေ၊ ဖြစ်သလို မလုပ်နိုင်တာတွေ...
မင်း ကိုယ်တိုင် ကြုံလာရတဲ့အခါမှာ သိလာလိမ့်မယ်။ :)

vista, အင်း သူ စိတ်ကူးယဉ်နေပြီ။ ကိုယ်ရေးထားတာ အဲဒီစုံတွဲထဲက ကောင်လေးပုံစံကိုနော်။

Bino said...

The tall boy in your article applied the common word " Ladies first".

BINO

တီချမ်း said...

မမရီတာ
မြင်ချင်တာတွေ ကိုမြင်ယောင်ပြီး
ဖြစ်ချင်တာတွေ ကိုစွတ်မြင်ယောင်နေတာ ကို
အီလူရှင်း လို့ခေါ်မယ်ထင်တယ်နော် အဟိ
ကိုယ့်မှာတော့ အဲ့လိုကောင်လေးတွေအများကြီးပဲ
လိုချင်ရင် မျှမယ်လေ
ဒေါ်ဂျူးကတော့ သူငယ်ချင်းတွေပြောတာတောင်ခံငြင်းတာပဲ
ယုမော် က ထီးမဆောင်းတတ်လို့ပါတဲ့လေ
နော့
ရှင်မြင်ခဲ့တဲ့ မြင်တယ်လို့ထင်ခဲ့တာလဲ ဖြစ်ချင်ဖြစ်မယ့်
ဗလ ထွားထွား ဒေါင်ကောင်းကောင်းနဲ့ကော်ငလေးကတော့ ထီးဆောင်းတတ်ပုံရပါတယ်လေ

Rita said...

addy, ဒုက္ခပါလား သူများအတွဲကို မြင်လာတာကို ရေးပါတယ်ဆို မြင်တယ်လို့ ထင်တယ်ပဲ ဖြစ်ရသေးတယ်

Vista said...

သီချင်းကကော်ပီဖစ်နေတာဆိုတယ်နော် ...

တန်ခူး said...

ညီမရေ… အမလဲ အဲလို အတွဲလေးတွေ ကြင်ကြင်နာနာ( သိပ်လွန်လွန်ကဲကဲ ကြင်နာတာတော့ မကြိုက်ဘူး) ရှိကြတာ တွေ့ ရင် ကြည်ကြည်နူးနူး ကြည့်မိတတ်တယ်… ပြီးတော့… ဟိုးအနှစ်နှစ်ဆယ်ကျော်ကို စိတ်ကူးထဲပြန်ရစ်လို့ ပေါ့… သေချာတာက သူတို့ သမီးရီးစားပဲ ဖြစ်နိုင်တယ်… လက်ထပ်ပြီးရင် ဒါမျိုးတွေ အချိန်မရှိတော့ဘူးလေ… အိမ်ကို အမြန်ပြေး ချက်ရပြုတ်ရ သန့် ရှင်းရေးလုပ်ရနဲ့  တခါတလေ သူ့ ဆံပင်ကြီးရှည်နေတာတောင် သတိမထားမိဘူး… သူကတော့ ကိုယ်အကျီင်္အသစ်ဝတ်ထားတာတောင် မသိလိုက်ဘူး(ကောင်းတဲ့ ဘက်ကလှည့်တွေးရင် အကျီင်္တွေ အများကြီးဝယ်လို့ ရတယ်)….

sonata-cantata said...

လွမ်းရတဲ့ ရက်တွေ လွန်ပါစေ...
ရီတာ လွမ်းတော့ တို့များ စာတွေ ဖတ်ရတယ်...သီချင်းလည်း နားထောင်ရတယ်...(အမကြီးတွေ မတရားဘူးနော်)
မြစ်တခုမှာ ရေနှစ်ခါမစီးဘူး ဆိုတဲ့ စကားပုံ ရှိတယ်နော်
မိုးစက်လေးတွေကလည်း နှစ်ခါပြန်ရွာမရဘူး...
လွမ်းပါ ရီတာ...

သက်ဝေ said...

ရေးထားတာ ကိုယ်ပါရောပြီး မျက်စေ့ထဲမှာ မြင်လာတယ်... အင်းးးးးးး ချစ်စရာ မြင်ကွင်းလေးပါပဲ...
ပြီးတော့ တန်ခူးပြောတာ တော်တော် သဘောကျသွားတယ်...။

သူကတော့ ကိုယ်အင်္ကျီအသစ် ဝတ်ထားတာတောင် မသိလိုက်ဘူး... ကောင်းတဲ့ဘက်က လှည့်တွေးရင် အင်္ကျီတွေ အများကြီးဝယ်လို့ ရတယ် တဲ့...ဟုတ်နေတာပဲ...