Sunday, December 7, 2008

Who know what will happen tomorrow?

တကယ်တော့ ဒီ post ကို "Current Situation in My Workplace" ထက် အရင် ရေးခဲ့ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့...ကိုယ်နဲ့ ပတ်သတ်တဲ့ လူတွေ စိတ်ပူနေကြလို့ပါ

Crisis သတင်းကြားကြရပြီးတဲ့ နောက်ပိုင်း ဒီရောက်နေတဲ့ လူတွေရော ဟိုမှာ ရှိနေတဲ့ လူတွေရော
ဘယ်လောက်တောင် ပူပင်ခဲ့ကြပြီးပြီလဲ

ဒီအကြောင်းတွေ ပြောလဲ မပြောချင်ဘူး
ပြောရုံနဲ့ ဘာမှ ဖြစ်မလာ
ပြောရုံနဲ့တင် ဘာမှ ပြောင်းမသွားနိုင်တာတွေ အတွက် ဘာမှကို ပြောမနေချင်တော့ပါ

ကံ အကြောင်းတိုက်ဆိုင်လို့ ရတဲ့ ဘွဲ့ တစ်ခု နဲ့ မိဘဆွေမျိုးတွေရဲ့ အဆက်အသွယ်ကောင်းမှုကြောင့် နိုင်ငံခြားကို ထွက်လာနိုင်ခဲ့လဲ ကျွန်မက နိုင်ငံရေး စီးပွားရေး အမြင်ကျယ် အလှမ်းမီ ဗဟုသုတ နဲ့ ပြည့်စုံလှသူမဟုတ်
(သိချင် စူးစမ်းချင် ၀င်ပါချင် စိတ်ကလေးတော့ ရှိတာ အမှန်ပေါ့။ ဒါကလဲ တကယ်တော့ မိန်းမ ဗီဇ မျှသာ)

Crisis စ စချင်း ကျွန်မ အပူကပ်နေကျ သူငယ်ချင်းကို Stock Market အကြောင်း Stupid တစ်ယောက် သိအောင် ရှင်းပြ စမ်းပါ လို့ လှမ်းမေးခဲ့တယ်

ဒင်းကလဲ သူငယ်ချင်းကောင်းဆိုတော့ ဘာဆိုတာ တိုက်ရိုက်မပြောဘဲ ၀က်ဘ်ဆိုဒ် လိပ်စာ တစ်ခုသာ ပို့ခဲ့တယ်။
သူပို့ပေးတဲ့ လိပ်စာ
http://simulator.investopedia.com/home.aspx

1st Nov က သူ ပို့ထားတာ .. ခုထိကို ၀င်မကြည့်မိသေးဘူး။ မအားလို့။

Crisis နဲ့ ပတ်သတ်လို့ ပူပင်ကြရတာ ရေးပြလို့ မရဘူး။ ဒါတွေကို တကယ်ခံစားရသူတွေပဲ သိတယ်

Crisis ကာလကြောင့် မဟုတ်ပါဘူးလေ... သူများနိုင်ငံ သူများ ပတ်ဝန်းကျင်မှာ ဒုတိယတန်းစား အဖြစ် လာနေရတဲ့ သူတွေနဲ့ သူတို့နဲ့ သက်ဆိုင် ပတ်သတ်သူတွေ ပူုပင်ကြောင့်ကြ ကြရတာ အချိန်ပြည့်နီးပါပဲ
ဒါပေမယ့် ဘယ်သူ ဘာတတ်နိုင်သလဲ
လုပ်ခွင့်ရှိသရွေ့တော့ လုပ်နေကြရမှာ ဖြစ်ပြီး
လုပ်ခွင့်မရှိရင်တော့ ပြန်ကြရုံပါပဲ
ဘယ်သူ ဘာတတ်နိုင်သလဲ

မေမေနဲ့ ဖုန်းပြောဖြစ်တော့ မေမေ စိတ်ပူနေတယ် အဆင်ပြေရဲ့လားတဲ့။
ခုထိတော့ အဆင်ပြေနေတုန်းပဲမေမေ ဆိုတော့...
နောက်ရော ဘယ်လိုနေမလဲတဲ့။ နောက် ဘာဖြစ်မလဲ ဘယ်သိမလဲ မေမေရဲ့ လို့။

အရင်က အမှတ်တမဲ့ ရှိခဲ့တဲ့ အကြောင်းအရာလေး တစ်ခု ခေါင်းထဲရောက်လာလို့ ပြောချင်ပါသေးတယ်

မြန်မာပြည်က သရုပ်ဆောင်တစ်ယောက်ရဲ့ အင်တာဗျူးတစ်ခုမှာပေါ့... (နာမည်ထွက်ပြီး
အကယ်ဒမီ မရခဲ့တဲ့ တစ်နှစ်က) သူပြောထားတာ
"ကျွန်တော့် အစ်ကိုရော အိမ်ကလူတွေ အကုန် ငိုကြတယ်" "ကျွန်တော့်အနေနဲ့ ဘာမှ မခံစားရပေမယ့် သူတို့ဒီလို ဖြစ်တော့ ကျွန်တော် စိတ်ထိခိုက်တယ်" တဲ့။ (စကားလုံး အတိအကျ မဟုတ်ပါ)။

လူဆိုတာ မျှော်လင့်ထားတဲ့ အရာ (သို့) လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အရာ ကို လက်လွှတ်ရတော့မယ် ဆိုရင် ဘယ်သူမဆို ပူပင် လောင်မြိုက်ကြမှာပဲ။
တခါတခါကျ အဲဒီ သရုပ်ဆောင် ပြောသလို ကိုယ့်အတွက်က ဘာမှ မဟုတ်ဘူးရယ်လို့ စိတ်လျှော့ ထားလို့ ရပေမယ့် ကိုယ်နဲ့ပတ်သတ်တဲ့ လူတွေ ကိုယ့်အတွက် ခံစားပူပင်နေကြတာကို မြင်ရတဲ့အခါ ထိခိုက်ရတဲ့ နာကျင်မှုဟာ ဘာနဲ့မှ မတူဘူး။

သူထပ်ပြောထားသေးတယ်။
အကယ်ဒမီပွဲတွေ လူထုကို ပြတော့ သရုပ်ဆောင်တွေ အနေနဲ့ ခံစားမှုကို ထိန်းသိမ်း ချုပ်တီးထားရမလို ဖြစ်တာပေါ့ ဆိုတာ... သူ့သဘော အရဆိုရင်တော့ မပြစေချင်ပါဘူး တဲ့...

ဖတ်ခဲ့တုန်းကတော့ အမှတ်တမဲ့ပါ...ဖတ်ထားတာလဲ ကြာလှပြီ... ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့ ပြန်ပေါ်လာတယ်...ပြီးတော့ အဲဒီ သရုပ်ဆောင်က မြန်မာပြည်မှာ (ကျွန်မ စိတ်ထဲ) အဆင်ပြေပြေရှိတဲ့ ရှားရှားပါးပါး စာရင်းဝင်မို့လဲ ဖြစ်နိုင်ပါတယ်...

သူပြောတာ မှန်တယ်...
ဘာကြောင့်လဲ ဆိုတော့ ဘယ်သူမဆိုလေ ကိုယ့် ဘ၀ တခြမ်းကို လွတ်လွတ်လပ်လပ် အမှောင်ချထားချင်ကြမှာပဲ... တခြမ်းတိတိ မဟုတ်ရင်တောင် ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ ဖွင့်မပြချင်တဲ့ အပိုင်းတွေ ရှိမှာပဲ...

ဖွင့်မပြချင်တဲ့ အပိုင်း ဆိုတာ မသိစေချင်တဲ့ အပိုင်းမဟုတ်ဘူး
သိချင် သိပစေ... ကိုယ်ကိုယ်၌က မကြေငြာလိုတဲ့ အပိုင်း...
(ပြောရုံနဲ့ ဘာမှ ဖြစ်မလာ ပြောရုံနဲ့ ဘာမှ ပြောင်းမသွားနိုင်တာတွေ အတွက် မကြေငြာ လိုတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ)

ကျွန်မ နိုင်ငံခြားထွက်တာ တကယ်တော့ ထွက်ပြေးလာတာပဲ
ဒါပေမယ့် တခါမှတော့ ကိုယ်လွတ်ရုန်းတယ် လို့ define မလုပ်မိခဲ့ဘူး
နိုင်ငံခြားက ပေးတဲ့ ဒဏ်ရာတွေ ဘယ်သူသိသလဲ

ခုလို Crisis period မှာ လူတိုင်းကြုံကြရမယ့် ခံစားမှုကို ရေးပြစရာ မလိုပါဘူး။
ဘာဆက်ဖြစ်မလဲ ဆိုတာလဲ ဉာဏ်မမီလို့ ရေးမပြနိုင်ပါဘူး။ ကျွန်မ သိတာ လောလောဆယ် ကျွန်မ လုပ်ငန်းခွင်က အခြေအနေလေးပဲလေ။
ဒါပေမယ့် ကံဆိုး ကံကောင်းဟာ တစ်ချိန်ကလေးပဲ ကွက်ကြည့်လို့ မရဘူး။

ကျွန်မတင်တဲ့ "Current Situation in My Workplace" ဖတ်ပြီး ဒီလို အချိန်မျိုးမှာ ဒီလောက် အလုပ်တွေ ရှုပ်နေတာ ခိုင်တာပေါ့ လို့လဲ တွေးလို့ မရပါဘူး။ ကံဆိုးချင်လို့ ရှုပ်နေတာလဲ ဖြစ်နေနိုင်တာပဲ။

ဝန်ခံစရာတစ်ခုက အဲဒီ post ကို ဆန့်ကျင်ဘက် စိတ်နှစ်မျိုးနဲ့ ရေးခဲ့တယ် ဆိုတာ...
တစ်မျိုးက ကျွန်မ အတွက် တကယ် ပူပင်ကြရသူတွေ အတွက်... "ပန်းပန်လျက်ပဲ" လို့ နှစ်သိမ့် ချင်စိတ်နဲ့ ရေးမိတာ။

နောက်
တစ်မျိုးက ကျွန်မ အခြေအနေ ဘယ်လို ရှိသလဲ ထောက်လှမ်းစပ်စု ချင်ကြတဲ့ ပြိုင်ဘက်တွေ အတွက် ..."ငါ မသေဘူး ... ရေကူးတတ်တယ်" ဆိုတဲ့ မာန်မာန နဲ့ ရေးမိတာ။

ပူပင်ခဲ့ရတာတွေ များလွန်းလို့ ရှေ့ဆက်ပြီး မပူပင် ချင်တော့လောက်အောင်
ပူပင်စရာ မရှိတော့ လောက်အောင်ဖြစ်ခဲ့တာမို့
ကျွန်မ ခေါင်းထဲမှာ Crisis နဲ့ ပတ်သတ်တာ
Retrenchment နဲ့ ပတ်သတ်တာ ဘာမှ မရှိဘူး
မျက်ကန်းမို့ တစ္ဆေ မကြောက်တာပေမယ့် ကျွန်မ နဲ့ ပတ်သတ်ဆက်နွယ်သူများ ပူပင်ကြတဲ့ အခါမှာတော့ စိတ်ထိခိုက် ရတယ်

ခုလဲ ဒီ post
ကို မနေ့ညက ကျွန်မကို ပူပင်ခဲ့သူ တစ်ယောက်အတွက် ရေးပါတယ်။

ပူပင်နေလဲ ဖြစ်စရာရှိတာတွေ ဖြစ်လာမှာပဲ

လောလောဆယ် တတ်နိုင်တာ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ပဲ

မဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင်လဲ လက်ခံရုံပဲ

မနက်ဖန် ဘာဖြစ်မလဲ ဘယ်သူသိနိုင်သလဲ။

(P.S ဒီနေ့ညနေတော့ Chinese Garden မှာ လုပ်မယ့် IC Show သွားကြည့် လိုက်ဦးမယ်)

No comments: