လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေလွင့်နေတယ်။
လွမ်းတယ်ဆိုတာလှိုင်းတွေလိုပဲ…တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…
*
တစ်ပတ်ကြာမယ် လို့ မင်းပြောခဲ့သလားဟင်…
*
တွေ့နေကျနေရာမှာ အကြာကြီးထိုင်စောင့်နေမိတယ်…
လာမယ်ထင်လို့တော့ မဟုတ်ပါဘူး…
ကိုယ် လွမ်းနေလို့ပါ…
*
ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတတ်သလို တငွေ့ငွေ့ တက်လာတယ်…မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…
*
ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…ကိုယ်ဘာလုပ်ရမလဲဟင်…
*
အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေရမလား…
မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…
မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…
ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…
တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ်မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာမှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…
*
ကိုယ်ရေးတဲ့ စာတွေကို၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်းနားလည်ပါ့မလား ထင်မိတယ်…
လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…
မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…
နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…
*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…
*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…
ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…
အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…
ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…
မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…
ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…
*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။
ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။
*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…
နေ့လည်စာစားတယ်…
တွေ့နေကျနေရာကို ရောက်တော့ မင်းရှိမနေဘူး…
*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…
မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခု ကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…
*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…
*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင်မှာ ကြိုးတစ်စ ရှိတယ်…
အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…
*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…
ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…
သံယောဇဉ် တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...
(စုဗူးမှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )
1 comment:
ချည်တိုင်က ကြိုးတစ်စရဲ့ အဆုံးမှာ အသည်းနှလုံး ရှိနေတာတဲ့လား .... ?? တော်တော်လေး အဓိပ္ပါယ် ပြည့်တဲ့ စကားလုံးလေးကို တွေ့လိုက်ရတယ်။ လွမ်းတယ် ဆိုတာ…ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒ ဆိုတာတွေအပြင် ကျွန်တော် နောက်တစ်ခုလည်း ထပ်ဖြည့်ချင်သေးတယ် .. သူ့ကို အရာ အားလုံးကနေ ကာကွယ်ပေးချင်သေးတယ် ဆိုတာရောပေါ့ ....
Post a Comment