အခါတပါး၌ နတ်သားတစ်ပါးသည် ...
(ကြိုပြီး ဝန်ခံထားစရာတော့ ရှိပါတယ်။ ဒီ ဇာတ်ကြောင်းမှာ အမည်နာမတွေနဲ့ အသေးစိတ် အဖြစ်အပျက်တွေကို ကိုယ် သိပ်မမှတ်မိတော့ဘူး။ ကိုယ်မှတ်မိနေတာက အဲဒီက ပေးချင်တဲ့ message ပါပဲ။ ဒီဇာတ်လမ်းကို မကြာခဏ ကြားခဲ့ ဖတ်ခဲ့ဖူးပါတယ်။ နောက်ဆုံး ဖတ်ဖြစ်ခဲ့တာကတော့ ဒေါက်တာ မတင်ဝင်း ရေးတာပါ။)
နတ်သားဟာ ပျင်းပျင်းရှိတာနဲ့ လူ့ပြည်ကို လှမ်းမျှော်ကြည့်မိပါသတဲ့။
(စိတ်ထဲ ဒီနတ်သားနှယ် ကိုယ့်လို ဖြစ်မှာပဲ တွေးမိတယ်။ အားနေ အကျိုးရှိရာရှိကြောင်း မလုပ်ဘဲ လူ့ပြည် လှမ်းကြည့်တယ်)။
အဲဒီမှာ သူဟာ အချင်းချင်း ချစ်ကြည်လေးစားစွာ အတူ သတင်းသုံးနေတဲ့ ရဟန်းနှစ်ပါးကို တွေ့ပါတယ်။ သူ့စိတ်ထဲမှာ ဒီရဟန်းနှစ်ပါးရဲ့ အချင်းချင်းထားတဲ့ ယုံကြည်လေးစားမှုကို စမ်းသပ်ကြည့်ချင်တဲ့ စိတ် ဖြစ်မိပါတယ်တဲ့။ (တကယ် သိရတော့ သူ့ ဘာအကျိုးရှိမှာမို့တဲ့လဲ)
ဒါနဲ့ သူဟာ မိန်းမယောင် ဖန်ဆင်းပြီး ပထမရဟန်းတပါးရဲ့ ဘေးကနေ လိုက်ပြီး၊ အတူနေ ဒုတိယရဟန်းကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုပါတယ်။ ဒီ အယောင်ဆောင် မိန်းမဟန်ကို ပ- ရဟန်းက မမြင်ရပါဘူး။ ဒီလိုနဲ့ တိုတိုပြောရရင် အရင်က ယုံကြည်လေးစားစွာ အတူ သီတင်းသုံးလာတဲ့ ရဟန်းနှစ်ပါးဟာ အထင်အမြင်လွဲမှား၊ အငြင်းပွားပြီး သံသယတွေနဲ့ ကွဲကွာသွားတယ် ဆိုပါတယ်။
အဲဒီတော့မှ အလကားနေရင်း စမ်းသပ်လေ့လာချင်တဲ့ နတ်သားမှာ သူ့ပယောဂနဲ့ အချင်းချင်း ချစ်ကြည်လေးစားလာတဲ့ သီတင်းသုံးဖော် ရဟန်းနှစ်ပါးမှာ သံသယတွေနဲ့ ကွဲကွာကြလေတယ် ဆိုပြီး နောင်တ အကြီးအကျယ်ရတယ် ဆိုတယ်။
သီလစင်ကြယ်သူကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အကုသိုလ်၊
ချစ်ခင်နှစ်သက်သူတို့ကို သံသယတွေနဲ့ ကွေကွင်းစေတဲ့ အကုသိုလ်။ဒီ အကုသိုလ်တွေကြောင့် သူ နတ်ပြည်က သေလွန်တော့ ငရဲမှာ ကြာမြင့်စွာ ခံရတယ် ဆိုပါတယ်။
နောက်ဆုံးဘဝကိုရောက်တော့ အဲဒီနတ်သားဟာ သူကိုယ်တိုင် ရဟန်းတစ်ပါး ဖြစ်လာခဲ့ပါတယ်။
အဲဒီမှာ ဝဋ်ကြွေးကို အကြေ ဆပ်ရပါတယ်။
အဲဒီ ရဟန်း ဘယ်နေရာကို သွားသွား၊ ဘာကို လုပ်လုပ် သူ့နံဘေးမှာ တကယ်မဟုတ်တဲ့ မိန်းမအရိပ်ယောင်တစ်ခုဟာ ကပ်ပါနေခဲ့ပါတယ်။ တကယ့် အစစ်အမှန် မိန်းမ မဟုတ်တဲ့ သူ့ ဝဋ်ကြွေးကြောင့် ဘေးလူတွေသာလျှင် မြင်ရတဲ့ ဝဋ်ကြွေးရုပ် ဖြစ်ပါတယ်။ ဘေးက လူတကာကတော့ ဒီရဟန်းဟာ သင်္ကန်းပင် ဝတ်ထားပေမယ့် သွားလေရာရာမှာ မိန်းမက ကပ်ပါနေတော့တာပဲ ရယ်လို့ ကဲ့ရဲ့သင်္ဂြိုဟ် စကားဆိုကြပြီး၊ မကြည်ညိုကြ မကိုးကွယ်ကြလို့ ဆွမ်းကွမ်းအတွက် အင်မတန်မှ ခက်ခဲခဲ့တယ် လို့ ဆိုပါတယ်။
နောက်ဆုံး သူ ရဟန်းကိစ္စပြီးမှ ဒီ မိန်းမသဏ္ဍာန်ဟာ ပျောက်ကွယ်သွားခဲ့တယ် လို့ ဖတ်ခဲ့ရဖူးပါတယ်။
***
ကိုယ်တွေးမိတာ...
ဇာတ်ကြောင်းကို တိတိကျကျတော့ မမှတ်မိတော့ပါဘူး။
ဇာတ်လမ်းမှာ နတ်သားရဲ့ ပယောဂကြောင့် စိတ်ညိုညင်ပင်ပန်းစွာ ကွဲကွာသွားတဲ့ ရဟန်းနှစ်ပါးရဲ့ အတိတ် မပါခဲ့ဘူးလို့ ထင်ပါတယ်။
ကိုယ်ကတော့ ဗုဒ္ဓဘာသာကြောင်းအရ ဖြည့် တွေးကြည့်ချင်ပါတယ်။
မိန်းမတစ်ယောက်နဲ့ အထင်လွဲမှားခံရတဲ့ ပ-ရဟန်းမှာ ဒီနတ်သားလိုပဲ အတိတ်ဘဝက မကောင်းမှုတစ်ခုခု ရှိခဲ့လို့ ဆပ်ရတာ ဖြစ်ပါလိမ့်မယ်။ သူဟာ ကြွေးဟောင်းရှိလို့ ဆပ်လိုက်ရတာပါပဲ။ ယုံကြည်လေးစားသူရဲ့ အထင်လွဲမှားမှုကို ခံရတယ်။ ချစ်ကြည်ရင်းနှီးတဲ့ အပေါင်းအဖော်နဲ့ ကွေကွင်းရတယ်။ ဒါဟာ အတိတ်က သူတို့ရဲ့ ကံအကြောင်းတရားအရ ပြန်ဆပ်လိုက်ရတဲ့ ကြွေးဟောင်းဖြစ်မှာပါပဲ။
အဲဒီအချိန်မှာ ကိုယ့်အလုပ်ကို မလုပ်ဘဲ မဆိုင်တဲ့ သူများကိစ္စ အာရုံစိုက်ပြီး ဒီနှစ်ယောက်ကြား ငါဝင်စမ်းသပ်လိုက်ရင် ဘယ်လိုနေမှာပါလိမ့်ရယ်လို့ နတ်ပြည်ကနေ စိတ်ထွေပြား ပျံ့လွင့်စွာနဲ့ ဆတ်ဆော့လိုက်တဲ့ နတ်သားကတော့ ကြားထဲက ကြွေးသစ်တင်သွားတော့တာပဲ။
သူ့အလှည့်ကျတော့ ဆတ်ဆော့မယ့်သူ မရှိတော့ဘူးထင်ပါရဲ့။ ဝဋ်ဖက် မရှိတော့ဘူး။ အကုသိုလ်တူတဲ့သူ မရှိတော့ဘူး ပြောရမယ်ထင်ပါတယ်။ တကယ့်လူစင်စစ်က မနှောင့်ယှက်ရပါဘဲ အရိပ်အယောင်သာ လာထင်တယ်။ (စကားအဖြစ် အရိပ်အယောင်လို့ သုံးတာပါ။ တကယ်က ဘေးလူတွေ အနေနဲ့ တကယ့် မိန်းမစစ်စစ်ကို မြင်ရသလို မြင်ကြရတယ် ဆိုပါတယ်။)
ဝဋ်ကြွေးရှိရင်တော့ ဘုရား၊ ရဟန္တာသော်မှ ကြေအောင် ဆပ်ကြရတာပဲ။ ဖြစ်သူတွေက အဟောင်းတွေပါ။ ဘယ်သူပဲ ဖြစ်ဖြစ် အကြွေးရှိလို့ ဆပ်ရမယ့် အတူတူ ကိုယ်က မနေနိုင်မထိုင်နိုင် ကြားဝင်ရင်တော့ အကြွေးသစ်ကို ရတော့မှာပေါ့။
***
တိုက်ဆိုင်တာတွေ ရှိနေသေးလို့ ဆက်ပြီး တွေးကြည့်ချင်သေးတယ်။
အဲဒီ အဖြစ်တွေမှာပဲ အတိတ်ဆိုတာကို ဖယ်ထားကြည့်ရင်တော့ ပ-ရဟန်းသည်လည်း သူ့လက်ရှိဘဝမှာ သီလစင်ကြယ်သူ ဖြစ်ပါတယ်။ နတ်သားတဖြစ်လဲ ရဟန်းသည်လဲ ထို့အတူပါပဲ။ နောက်ကြောင်းကိုသာ ပြန်မစဉ်းစားရင် သူတို့မှာ အသားလွတ်ကြီး ခံလိုက်ကြရတယ်လို့ ထင်စရာ ရှိပါတယ်။
လောကမှာ လက်ရှိ ကိုယ်ဘာမှ အမှားမလုပ်လဲ အထင်လွဲ အမြင်လွဲ၊ အပြောခံ အဆိုခံ ဆိုတာ မသေမချင်း ကြုံရမှာပါပဲ။
အကြွေးရှိတော့ ဆပ်ရတာပ။ ဗုဒ္ခဘာသာဝင်တွေ အတွက်တော့ သိပ်မဆန်းပါလေ။
သို့သော်လည်း...
သူ့အကျိုးနဲ့ သူ့အကြောင်း၊ သူ့သဘောသူဆောင်၊ သူ့ကြမ္မာ သူစီရင်မယ့် ကိစ္စမှာ ဆိုခဲ့ပြီးတဲ့ နတ်သားလို "ဓါးခုတ်ရာ လက်ဝင်လျှို" ရင်တော့ ခံရတဲ့သူများက ပစ်ချလိုက်ရမယ့် ကြွေးအဟောင်းကို ပြုလုပ်သူများအနေနဲ့ ကိုယ့်ခေါင်းပေါ်ပြောင်းတင်သလို ဖြစ်တော့မှာပဲ လို့ တွေးနေမိပါတော့တယ်။
***
ဝန်ခံချက်။ ။ လတ်တလော အရေးကိစ္စများပေါ် တည်မှီ၍ ရေးပါသည်။

14 comments:
Ha ... Ha ... Great post!
ပျော်ရွှင်ပါစေ အမြင့်ဆုံးထက်မှာ
အသည်းထဲ လှိုက်လှဲတောင်းဆုရည်...
အမရီတာရေ ဒီပို့စ်လေး အင်မတန် သဘောကျတယ်။
အားလုံးညီညီညာညာရှိကြပါစေ။
ဒီပို့စ်လေး ကြိုက်ပါ့ ညီမရေ..
Rita အရမ်းလေးစားသွားပြီဟာ
သိပ်ကောင်းတဲ့ပိုစ်ပဲကွ ..
အဲဒီ ပုံပြင် အရင်က မကြားဖူးဘူး။ ကျေးဇူး။
မမရီတာ သိနေတယ်နော် သိနေတယ်
ကိုယ်တော် ကတော့ မာတုဂါမ ကိုသည်ပြန်ပြီဆိုတာ
မာတုဂါမ ကိုသည်တဲ့ ကိုယ်တော်အတွက် သာဓု နှစ်ခါ ကျ ပါ ကိုယ်တော် ခိခိခိ
ပုံပြင်လေးနဲ့ နမူနာပြ ရှင်းပြသွားတာ တကယ့်ကို ဆီလျော်ပါပေတယ်။
I got a message that you want to give to blog reader.
The meaning of message that I got exactly same as you even I do not believe the ငရဲ, ဝဋ်ကြွေး, အတိတ်ဘဝ and ကံအကြောင်းတရား.
"ဓါးခုတ်ရာ လက်ဝင်လျှို" ရင်တော့ ခံရတဲ့သူများက ပစ်ချလိုက်ရမယ့် ကြွေးအဟောင်းကို ပြုလုပ်သူများအနေနဲ့ ကိုယ့်ခေါင်းပေါ်ပြောင်းတင်သလို ဖြစ်တော့မှာပဲ လို့ တွေးနေမိပါတော့တယ်။
Thanks for sharing.
Great Post, Rita! It served the purpose well, in my opinion.
ဝဋ်တို့ ကံကံ၏ အကျိုး ဆိုတာတွေနဲ့ ပတ်သက်လို့ စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခု ရှိတယ်။ ကိုယ်စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခုကို တခြားသူတွေပါ ရောပြီး ခေါင်းစားခိုင်းလိုက်ဦးမယ်။
ဥပမာ Mr.Y ကို Mr.Z က သတ်တယ်။
အတိတ်ဘ၀ တုန်းက Mr.Y က Mr.X ကို သတ်ခဲ့ဖူးမယ်။ အဲဒီအတွက် Mr.Y မှာ အတိတ်ဘ၀က ၀ဋ်ရှိလို့ အခု ဘ၀မှာ Mr.Z သတ်တာ ခံရတယ်လို့ ပြောလို့ရမယ်။
Mr. X အနေနဲ့လည်း အတိတ်ဘ၀က Mr. W ကို သတ်ခဲ့ဖူးလို့ Mr.Y က သူ့ကို သတ်တာ ခံရတယ်လို့ ပြောရမယ်။ Mr.W အနေနဲ့လည်း အတိတ်ဘ၀က Mr.V ကို သတ်ခဲ့ဖူးလို့ Mr.X က သူ့ကို သတ်တာ ခံရတယ်လို့ ပြောရမယ်။ အဲဒီလိုမျိုး အစဉ်အဆက် အရှေ့ကို လိုက်သွားမယ် ဆိုရင် သံသရာ အစမှာ ပထမဦးဆုံး အသတ်ခံရတဲ့ Mr.A ဆိုတာ ရှိမှာပဲ။ သံသရာ အစဖြစ်တဲ့အတွက် သူ့မှာ ၀ဋ်ရှိမှာ မဟုတ်ဘူး။ သူ့မှာ ၀ဋ်မရှိဘဲ သူဘာလို့ အသတ်ခံရသလဲ။
ကတ်သီးကတ်သတ် မေးတာတော့ မဟုတ်ပါဘူး။ ခေါင်းထဲမှာ ဒီကိစ္စကို စဉ်းစားနေတာ ကြာပြီမို့ တစ်ယောက်ယောက်ဆီမှာ အဖြေရှိသလား သိချင်လို့ပါ။ မမေးသင့်ဘူး တော့ မဟုတ်ဘူး ထင်ပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်က သူဟောသမျှ ဆန်းစစ်ပြီးမှယုံလို့ ကာလာမသုတ်မှာ ဟောသွားလို့ တွေးမိတာလေး ပြောပြတာပါ။
တစ်ယောက်ယောက်မှာ အဖြေရှိရင် ပြောပြပေးပါ။ ကျေးဇူး အထူးတင်ပါတယ်။
ကိုယ့်အထင်ပြောရရင် Mr. A အသတ်ခံရတာက သူမကောင်းတာတွေ လုပ်တာများလို့ အကုသိုလ်ဖိစီးပြီး သူများသတ်တာခံရတာနေမှာ
ပေါ့။ ပြီးတော့မှ ဒေါသအလျှောက်သတ်မိတဲ့
Mr. B က ၀ဋ်ပြန်လည်တာနေမှာပေါ့..
ဟီး ကိုယ်ထင်တာပြောပြတာပါ။
ဟိုဒိုမီနိုကစားသလိုမျိုးလေ
စီတန်းထိဆက်ပြီး ပုံဖော်ထားတဲ့ ကဒ်လေးတွေ
တခုပြီးတခု ဆက်ကာဆက်ကာ လဲကျသွားဖို့ ပထမဆုံးကဒ်ကို ထိတို့လိုက်တာက လက်ချောင်းလေးဖြစ်ဖြစ် ဘော်လုံးလေးဖြစ်ဖြစ် အခြားအရာ တခုခုကစလိုက်တာပေါ့။ အဲ့ဂလိုဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်လေ စေတနာဆိုတာ တကယ်အကျိုးပေးတာနော်..
သူများစိတ်ဆင်းရဲအောင် မနေနိုင်မထိုင်နိုင် ကြိုးစားအားထုတ်နေတဲ့သူဆိုရင် အခုလဲ အချိန်ကုန် လူပန်း၊ နောင်လဲ ဒီစေတနာရဲ့ အကျိုးပေးကြောင့် ကိုယ်ပြန်ပြီးစိတ်ဆင်းရဲ စရာအကြောင်းပေါ်ကို ပေါ်လာမှာပါ. .အဲ့ဒါတော့ ယုံတယ်။
ဟားဟား စက်ဖွင့်ဖွင့်ချင်း ရီမိတယ်။
အမေးနဲ့ အဖြေကို တကယ်သဘောကျလို့ပါ။
Anonymous ဖြေသွားတာ ဆီလျော်တယ်လို့လဲ ထင်မိပါတယ်။ ဝေးဝေးမကြည့်ပါနဲ့။ အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကိုပဲ ကြည့်ပါ။ ဗိမ္ဗိသာရဟာ ကိုZT ပြောတဲ့ Mr. A နေရာကပဲ။ နောက်ပိုင်း ဆွေစဉ်မျိုးဆက် အဖသတ်သားတွေအဖြစ် မင်းဆက် ဘယ်နှစ်ဆက်ရယ်လို့ ပါးစပ်ရာဇဝင်တော့ ကြားဖူးပါတယ်။ ခိုင်ခိုင်မာမာ မသိပါ။
ဆိုတော့ ဒီသံသရာမှာ Mr. A နေရာက ဗိမ္ဗိသာရဟာ သူက ဖခင်ဖြစ်သူကို သတ်ခဲ့တာ မဟုတ်ဘူး။ တခြား အကုသိုလ်ကြောင့် သားဖြစ်သူရဲ့ အသတ်ကို ခံရတာပဲပေါ့။ အဇာတသတ်အနေနဲ့ ကြည့်ရင်လည်း သူ့ အကုသိုလ်ဟာ သူ ရွေးချယ်ခွင့်ရှိတဲ့ထဲကနေ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။ အဖသတ်သားသာ မဖြစ်ခဲ့ရင် အဲဒီ ဘဝမှာတင် ကျွတ်တမ်းဝင်နိုင်တယ် ဆိုတယ် မဟုတ်လား။ (ကံ = အလုပ် ဆိုတာ တကယ့်ကို ကိုယ်ပိုင်ဥစ္စာပဲ။ ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရှိတဲ့ အရာပဲ)
ဒါကို ကြည့်ရင် Anonymous ပြောသလိုပါပဲ။
ဝဋ် ဆိုတာ တူသော အကျိုးပေးလို့ ဆိုကြပါစို့။ တူသော အကျိုးပေးဆိုတာ အဖြစ်အပျက်အားလုံး ဆင်တူပြန်ဖြစ်တယ်ရယ်လို့တော့ မဟုတ်ဘူးထင်တယ်။
ဥပမာ။ ဒေဝဒတ်က ဘုရားကို ခြေမသွေးထွက်အောင်ပြုခဲ့တယ်။ တကယ်တမ်း သူ့ရည်ရွယ်ချက်က အသတ်ကို လုပ်ကြံတာလေ။ ဘုရားရှင်တို့မည်သည် သူတပါးက လုပ်ကြံလို့ အသတ်သေရိုးထုံးစံ မရှိလို့သာ မဟုတ်လား။ အဲဒီအဖြစ်မှာ ဖြစ်စဉ်သာ တူကြေးဆို ဒေဝဒတ်သည် သူများက သူ့ကို ပြန်လုပ်ကြံခံရရုံနဲ့တင် ပြီးတော့မှာပေါ့။ ဒါပေမဲ့ သူ့အကုသိုလ်က ကြီးလွန်းလို့ ငရဲတန်းရောက်တယ် ဆိုတယ်လေ။
နောက်တခုက ကိုZT မမေးပေမယ့် သုံးသွားတဲ့ စကားလုံး "သံသရာ"။
အဲဒီ ကိစ္စတော့ ကိုယ်လဲ ခုထိ စိတ်ထဲ မကျေလည်သေးပါဘူး။ သံသရာအစ လို့ ကိုZT သုံးသွားပေမယ့် ဘုရားဟောမှာ ဒီလို မလာဘူးရှင့်။ သံသရာသည် အဆုံးအစမထင်/ အဆုံးအစမရှိ လို့လာတယ်။ လူဘယ်က စဖြစ်တယ်လို့ ဘုရား မဟောဘူးဆိုတယ်။
အဲဒါ ဘာဖြစ်လို့ ဆိုတော့ ဒီသံသရာ စက်ဝန်းဟာ အဆုံးအစ မရှိလို့ပါတဲ့။ စက်လုံးတစ်လုံးကို အဆုံးအစ သတ်မှတ်လို့ မရသလို သံသရာကိုလည်း အဆုံးအစ သတ်မှတ်လို့ မရပါတဲ့။
ဒါကိုတော့ ကိုယ်လဲ ဉာဏ်မမီပါဘူး။
ဘုရားရှင်တို့ မည်သည် "ဟုတ်မှန် အကျိုးရှိ" နှစ်တန်သော စကားကိုသာ ဆိုတယ် ဆိုတော့ ဒီကိစ္စဟာ ဟုတ်မှန်ရာ ဖြစ်သော်လည်း ဝေနေယျ သတ္တဝါတွေအတွက် အကျိုးမရှိနိုင်လို့ ဟောမသွားဘူးလို့ ယူဆရမလို ဖြစ်နေပါတယ်။
ကိုZT ရော၊ Anonymous ကိုရော သိပ်ကျေးဇူးတင်ပါတယ်။
Post a Comment