(Albert Camus)
ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" ဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုဆိုရင် "ပလိပ် "ကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
Q. How contrive not to waste one's time? (အချိန်ကို မဖြုန်းတီးမိအောင် ဘယ်လို ဖန်တီးမလဲ)
A. By being fully aware of it all the while. (တချိန်လုံး သိနေအောင် လုပ်ရမယ်)
Everybody knows that pestilences have a way of recurring in the world;
yet somehow we find it hard to believe in ones that crash down on our heads from a blue sky.
(ကပ်ရောဂါများသည် ကမ္ဘာပေါ်တွင် အကြိမ်ကြိမ် ပြန်၍ ဖြစ်တတ်သည်ကို လူတိုင်း သိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ထံသို့ မိုးပေါ်က ကျလာသလို ဆိုက်ရောက်လာတတ်သည့် ကပ်ရောဂါများကိုမူ ယုံကြည်ရန် ခဲယဉ်း၍ နေတတ်ပြန်သည်)
There have been as many plague as wars in history; yet always plagues and wars take people equally by surprise.
(လူ့သမိုင်းတလျှောက်တွင် စစ်ကြီးများ ဖြစ်ပွားခဲ့သလောက် ပလိပ်ကပ်များလည်း ဖြစ်ပွားခဲ့သည်သာ။ သို့စဉ်လျက် ပလိပ်ရောဂါနှင့် စစ်ကြီးများ ဖြစ်လာသောအခါ လူအများမှာ အံ့အားသင့်ကြရမြဲ ဖြစ်လေသည်)
When a war breaks out, people say: 'It's too stupid; it can't last long.'. But though a war may will be 'too stupid', that doesn't prevent its lasting.
(စစ်ကြီးတစ်ခု ဖြစ်ပွားပြီ ဆိုလျှင် လူအများက 'အလွန် မိုက်မဲသော အမှုဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ' ဟု ဆိုတတ်ကြသည်။ သို့ရာတွင် စစ်သည် မိုက်မဲမှုပင် ဖြစ်စေဦးတော့ မိုက်မဲမှု ဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ဟူ၍တော့ မဆိုနိုင်)
Stupidity has a knack of getting its way; as we should see if we were not always so much wrapped up in ourselves.
(မိုက်မဲမှုမှာ သူ့နည်းသူ့ဟန်နှင့်သူ သက်ဆိုးရှည်၍ နေတတ်သည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိစ္စကလေးများနှင့်ကိုယ် ရစ်ပတ်သိုင်းခြုံ၍ချည်း မနေကြလျှင် သိမြင်နိုင်ကြပါလိမ့်မည်။)
No one will ever be free so long as there are pestilences.
(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)
When a man is a doctor, he comes to have his own idea of physical suffering, and to acquire somewhat more imagination than the average.
(လူတစ်ယောက်သည် ဆရာဝန်ဆိုလျှင် ခန္ဓာကိုယ်၌ ဖြစ်သည့် ဝေဒနာကို သူ့အမြင်နှင့်သူ သိတတ်လာသည်။ ဤအကြောင်းကြောင့်ပင် သူသည် လူသာမာန်တို့ထက် ပိုပြီး စိတ်ကူးနှင့် ထင်မြင်ကြည့်တတ်သည်)
He tried to recall what he had read about the disease.
(ရေး သည် ဤရောဂါအကြောင်း သူဖတ်ဖူးသမျှကို ပြန်၍ စဉ်းစားနေသည်)
Figures floated across his memory, and he recalled that some thirty or so great plagues known to history had accounted for nearly a hundred million deaths.
(သူ၏ မှတ်ဉာဏ်ထဲတွင် ကိန်းဂဏန်းများ ပေါလောပေါ်လာကြသည်။ လူ့သမိုင်းစဉ် တလျှောက် ဖြစ်ပွားခဲ့သည်ဟု သိရသော ပလိပ်ကပ်ကြီး ၃၀ ခန့်တွင် လူသန်းပေါင်း တစ်ရာနီးပါး သေခဲ့သည်ဟု စာရင်းပြသည်)
But what are a hundred million deaths?
(သို့ရာတွင် သန်းတစ်ရာ သေသည် ဆိုသည်မှာ ဘာဆန်းသနည်း)
When one has served in a war, one hardly knows what a dead man is, after a while.
(စစ်ကြီးတစ်ခုတွင် ၀င်၍ အမှုထမ်းဖူးလျှင် ခဏကြာတော့ လူသေသည် ဆိုသည်မှာ ဘာမှ မဆန်းတော့)
And since a dead man has no substance unless one has actually seen him dead, a hundred million corpses broadcast through history are no more than a puff of smoke in the imagination.
(သေသည်ကို ကိုယ်တိုင် မမြင်ရလျှင် သေသူ ဆိုသည်မှာ ဘာအကောင်အထည်မှ ရှိသည် မဟုတ်၍ လူ့သမိုင်း တလျှောက်လုံး၌ သေခဲ့ကြသည့် လူသန်းတစ်ရာ ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ကူးထဲတွင် ဆေးလိပ် မီးခိုးကလေး တစ်ကွက်ပမာ အတွေးကလေး တစ်ခုမျှသာ ဖြစ်သည်)
In fact, our suffering was twofold; our own to start with, and then the imagined suffering of the absent one, son, mom, wife, or mistress.
(ကျွန်ုပ်တို့၏ ဝေဒနာမှာ နှစ်မျိုးဖြစ်သည်။ တစ်မျိုးက ကျွန်ုပ်တို့က တမ်းတရသည့် ဝေဒနာ၊ နောက်တစ်မျိုးက ကျွန်ုပ်တို့နှင့် ကွေကွင်းနေကြရသော သား၊ သမီး၊ ဇနီးမယား၊ ရည်းစား စသည်တို့၏ စိတ်သောက ဝေဒနာကို တွေးပြီး ရင်နာရသည့် ဝေဒနာ)
They came to deplore their ignorance of the way in which that person used to spend his or her days, and reproached themselves for having troubled too little about this in the past, and for having affected to think that, for a lover, the occupations of the loved one when they are not together could be a matter of indifference and not a source of joy.
(ယခု ကွေကွင်းနေရသည့် ချစ်သူသည် ယခင် အချိန်များက မည်သို့နေ၍ မည်သို့ ထိုင်တတ်ခဲ့သည်ကို သိအောင် ဂရုစိုက်မှု နည်းလွန်းခဲ့သည့်အတွက်လည်းကောင်း၊ ချစ်သူတစ်ယောက်အဖို့ သူနှင့် အတူတကွ မရှိသည့်အချိန်တွင် သူ့ချစ်သူ ဘာတွေ လုပ်နေသည် ဆိုသည်မှာ အမှတ်မထင်ကိစ္စ၊ စိတ်ပျော်ရွှင်ဖို့ အကြောင်းရင်းလည်း မဟုတ်ဟု အထင်ရှိခဲ့မိသည့်အတွက် လည်းကောင်း မိမိကိုယ်မိမိ အပြစ်တင်၍ နေမိတတ်သည်)
The Plague by Albert CamusTranslated into Myanmar by Htin LinTranslated into English by Stuart Gilbert
*****
ဂျူး အကြောင်းကိုရေးရင်း အရှိန်ရလာပြီး စာအုပ်တွေအကြောင်းကို ရေးချင်လာမိတယ်။
ကမူး (Camus) ကို စဖတ်ဖြစ်တော့ 1994 လောက်မှာပါ။ ပထမဦးဆုံး ဖတ်ဖြစ်တဲ့စာအုပ်က The Outsider (L'Étranger) ပါ။
ကျွန်မ ကြိုက်တဲ့ စာအမျိုးအစားက A J Cronin ရေးတဲ့ ၀တ္ထုမျိုးတွေ ဖြစ်ပါတယ်။
ဒါကြောင့် Outsider ကို မကြိုက်ဘူး။
Jonathan Livingston Seagull ကို မကြိုက်ဘူး။
The Old Man & the Sea ကို မကြိုက်ဘူး။
Ward Six ကို မကြိုက်ဘူး။
ကျွန်မက လက်တွေ့ဘ၀ကို တိုက်ရိုက် ထင်ဟပ်ပြီး ဖွဲ့ဆိုတာတွေကိုပဲ ကြိုက်တယ် ထင်ပါရဲ့။ အဲဒါကြောင့် ပုံဆောင်ပြတဲ့ ၀တ္ထုတွေ၊ လောကအပြင်ကို ထွက်ပြီး ရေးဖွဲ့ထားတဲ့ ၀တ္ထုတွေကို မစွဲလမ်းခဲ့တာပါ။ ဒီနေရာမှာ တစ်ခုတော့ ပြောစရာရှိပါတယ်။ ကြိုက်နှစ်သက်တာ စွဲလမ်းတာနဲ့ အထင်ကြီး လေးစားတာကတော့ တကဏ္ဍစီပါ။
ဥပမာ- ကျွန်မ ဂျာနယ်ကျော် မမလေး ရဲ့ ၀တ္ထုတွေကို မစွဲလှဘူး။ ဒါပေမယ့် သူဖန်တီးတဲ့ စာတွေကိုတော့ အထင်ကြီး လေးစားမိတယ်။ သူ့ကို အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းမလို့လည်း ထင်တယ်။ ဂျာနယ်ကျော် မမလေး ရေးတဲ့ထဲမှာ ကျွန်မ စွဲပြီး ကျန်ခဲ့တာ မုန်း၍မဟူ တစ်ပုဒ်တည်းပဲ။ မစွဲဆုံး (အစွဲဆုံး မဟုတ်ပါ) ကတော့ သူလိုလူ ပါပဲ။ အဲဒီအကြောင်းတော့ နောက် ကြုံမှ ရေးပါမယ်။ (သူလိုလူ အကြောင်းပြောရင် တော်တော် များများနဲ့ သတ်ရဖွယ် ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်မ သိသလောက် အဲဒီ စာအုပ်ကို သိပ်ကို ကြိုက်ကြတာပဲကိုး။)
ကမူး ကို စဖတ်ဖြစ်ပုံက ဒီလိုပါ။ 1994 လောက်မှာ ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ ကို မဂ္ဂဇင်း တစ်ခုမှာ ကြော်ငြာတာ တွေ့ပြီး ဖတ်ချင်လိုက်တာ ဖြစ်သွားမိတယ်။ နာမည်က ကျွန်မကို တော်တော် ဆွဲဆောင်ပါတယ်။ အဲဒီတုန်းက ၁၄ နှစ်၊ ၈တန်းပဲ ရှိသေးတာ။
(အဲဒီ အရွယ်တုန်းက အဲဒီလို မတန်မရာတွေ ဖတ်ခဲ့လို့လား မသိဘူး။ ခုကျတော့ အားရက်ဆို လေးမွန် ထွေးမွန်တို့၊ ကတွတ်ပီ တို့ပဲ ဖတ်တော့တယ်။)
တကယ်တော့ နာမည်ကို စိတ်ဝင်စားသွားတာပါ။ အဲဒီ အရွယ်မှာ Albert Camus လည်း မသိပါဘူး။ Existentialism လည်း မသိပါဘူး။ ဘယ်လိုလုပ် သိပါ့မလဲ။ အဝေးကြီးတွေကို။ ထင်လင်းကိုတော့ ပေါ်လီယာနာ ကြောင့် သိနေပြီးပါပြီ။
... ဆိုတော့ စာအုပ်ဆိုင်ကို သွားမေးပါတယ် (ဖြူး ဈေးမြောက်ဘက်က မြဧရာ ဆိုတဲ့ စာအုပ်ဆိုင်မှာပါ။ ဆိုင်ရှင် ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဦးမိုးအောင် က မိတ်ဆွေများ စာကြည့်သင်း ရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။) မိတ်ဆွေများမှာ ဘာလို့ သွားမရှာလဲဆိုတာ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ ကြည့်ရတာ စာကြည့်သင်းကို သွားတော့ မေးပါလိမ့်မယ်။ စာအုပ်က ကိုယ့်အလှည့် မရောက်နိုင်လို့ ၀ယ်ဖို့ သွားမေးတာ ဖြစ်နိုင်ပါတယ်။ ဦးမိုးအောင်နဲ့ သူ့အမျိုးသမီးက ဆိုင်မှာ စာအုပ်မရှိလို့ဆိုပြီး သူတို့မှာ ရှိတဲ့ စာအုပ်ကို ကျွန်မကို ပေးလိုက်ပါတယ်။
ကျွန်မ ကြိုက်တဲ့ စာအုပ် အမျိုးအစား မဟုတ်ဘူး ဆိုပေမယ့် ကျွန်မ တရိုတသေ သိမ်းခဲ့ပါတယ်။ အဲဒီ စာအုပ်ဖတ်ပြီး သိပ်မကြာခင် ကလျာ မဂ္ဂဇင်းမှာ ဂျူးက အဲဒီ စာအုပ်အကြောင်း review ရေးထားတာကို ဖတ်မိတော့ ကျွန်မ သေချာကူးပြီး အဲဒီ ၀တ္ထုစာအုပ်ရှေ့မှာ သေချာတွဲကပ် ထားခဲ့ပါတယ်။ 2000 ခုနှစ်လောက်မှာ အဲဒီ စာအုပ်ကို သူငယ်ချင်းတစ်ယောက်က ငှားဖတ်ပြီး ပြန်မပေးတော့ပါဘူး။ ငှားဖတ်တဲ့ သူငယ်ချင်းက မှော်ဘီသား နေလင်း၊ Chinese၊ အရပ်ခပ်ပြတ်ပြတ်၊ အသားဖြူဖြူ၊ လူကြီးလူကောင်း (အယောင်ဆောင်) ရုပ်မျိုးနဲ့ပါ။ ကျောင်းတုန်းက လည်ကတုံးအဖြူ အမြဲလို ၀တ်တတ်တာ မှတ်မိသေးတယ်။ ကြုံတုန်း စစ်ကြေညာလိုက်ဦးမယ်။
မှော်ဘီသား နေလင်း ကမ္ဘာမကြေ !!! ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ !!!ဘယ်လောက်တောင် မကြေလည်းဆို နေလင်း ဆိုတဲ့ နာမည်တူ ကြားတာနဲ့တင် စည်းအပြင်ကလူ စာအုပ်ကို ပြေးမြင်မိတဲ့ထိပဲ။ ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ။
ပလိပ် ကို 2001 လောက်မှာ ဖတ်ဖြစ်ခဲ့ပါတယ်။
ကမူးရဲ့ စာအုပ်တွေက ကျွန်မ ကြိုက်နှစ်သက်တတ်တဲ့ စာအုပ်မျိုးတွေ မဟုတ်ဘူး ဆိုပေမယ့် ပလိပ် ကို ဖတ်ဖြစ်တဲ့ အခါမှာတော့ ကျွန်မ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒီအတွေးလေးကိုတော့ သူ ဘယ်လိုများ တွေးလိုက်တာပါလိမ့်နော်။ ဒီလို idea ကိုတော့ သူဘယ်လို စဉ်းစားမိတာပါလိမ့်နော် ဆိုပြီး အံ့သြရလွန်းလို့ ဂျူးလိုပဲ အိပ်ရာဘေးမှာ ထားပြီး ခဏခဏ ပြန်ဖတ်ခဲ့မိတယ်။
ပလိပ်ကပ် ကျရောက်နေတဲ့ အိုရန်မြို့ အတွင်းက အတန်းအစား အမျိုးမျိုးသော မြို့သူမြို့သားတွေ၊ သူတို့ရဲ့ ပြုမူလှုပ်ရှားပုံ၊ တွေးခေါ်တုန့်ပြန်ပုံတွေကို စနစ်တကျ စီစဉ်ပြီး ရေးပြသွားတာ ကျွန်မ အင်မတန်ပဲ ရင်သပ်ရှုမော ဖြစ်မိပါတယ်။ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါကြောင့် မြို့ထဲကနေ အပြင်ကို ထွက်လို့မရ၊ ကပ် မကျရောက်ခင်က ခရီးဝေးသွားနေသူတွေ မြို့တွင်း ပြန်ဝင်လို့မရ အဲဒီ အခြေအနေတွေ ကြားက လူတွေရဲ့ စရိုက် လက္ခဏာတွေကို အံ့သြစရာ ကောင်းလောက်အောင် ဖတ်ခဲ့ရပါတယ်။
သူ ဒီနေရာမှာ ဒီလို presentation ကို ဘယ်လိုများ စဉ်းစားပြီး ရလိုက်တာပါလဲနော် ဆိုတာကို ၀တ္ထုရဲ့ နေရာပေါင်းများစွာမှာ အကြိမ်ပေါင်းများစွာ တွေးတောမိခဲ့ရပါတယ်။
နောက် Baldwin Library ကနေ အင်္ဂလိပ်ဘာသာပြန် စာအုပ်ငှားဖတ်ခဲ့ပါတယ်။ ဘာသာပြန်သူက Stuart Gilbert ဖြစ်ပါတယ်။ ဘာသာစကား အားနည်းတဲ့ ကျွန်မအတွက်တော့ မြန်မာပြန် ဖတ်ပြီးသားကိုတောင် တော်တော် ခက်ခက်ခဲခဲ အားထုတ်ပြီး ဖတ်ခဲ့ရပါတယ်။ အပေါ်က အင်္ဂလိပ်စာကြောင်းတွေဟာ အဲဒီစာအုပ်ထဲက ကူးယူထားခဲ့တာပါ။ ပထမဆုံး စာကြောင်းလေးကတော့ ဗုဒ္ဓသာသာ ၀ိပဿနာ သဘောတရားနဲ့ တူနေတာမို့ ကူးထားခဲ့တာပါ။ ကျွန်မက ဘာသာစကားနဲ့ ပတ်သတ်ရင် တော်တော်ပျင်းတော့ ကူးယူခဲ့မိတာတွေက နည်းနည်းလေးပဲ ဖြစ်နေပါတယ်။ ၀တ္ထုရဲ့ အကောင်းဆုံး နေရာတွေတော့ ပါမလာတော့ဘူး။
အင်္ဂလိပ်ဘာသာပြန်ကို ဖတ်မိတော့မှ ၀တ္ထုရဲ့ ဆွဲအားကြောင့် ကျွန်မ အာရုံထဲက တချိန်လုံး ပျောက်နေတဲ့ မြန်မာပြန်သူ ဆရာကြီး ထင်လင်း က ပြန်ပြီး ထင်ထင်ရှားရှား ပေါ်လာခဲ့ပါတယ်။ သူ့ဘာသာပြန် အရည်အချင်းကြောင့်သာ ကျွန်မ ဒီဝတ္ထုကို ခံစားခွင့်ရခဲ့တယ်။ ကျွန်မဘာသာဆို အင်္ဂလိပ်စာ ညံ့ဖျင်းတာနဲ့တင် စာအုပ်ရှေ့ချပေးတောင် ဘာမှန်းသိခဲ့မှာ မဟုတ်ဘူး။ တကယ်ပါ။ ထိုင်ရှိခိုးချင်လောက်အောင်ပဲလို့ ပြောရင် အဲဒါ မလွန်ပါဘူး။
ပလိပ် ဟာလည်း ပုံဆောင်ပြတဲ့ ၀တ္ထု လို့ ဆိုကြပါတယ်။ ပြင်သစ်ပြည်ကိုရုရှ နာဇီဂျာမန်တွေ ၀င်လာတဲ့ အရေး ကို ညွှန်းဆိုတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဖတ်ခဲ့ချိန်မှာတော့ ပုံဆောင်ပြတဲ့ ၀တ္ထုဆို လှည့်မတွေးချင်တဲ့ ကျွန်မက စာရေးဆရာ တိုက်ရိုက်ပြောပြတဲ့ အကြောင်းအရာကိုသာ အာရုံထားခဲ့တယ်။ ခုကျတော့လည်း လက်ရှိ အခြေအနေနဲ့ ချိန်ထိုးပြီး တွေးချင်ရာ တွေးပစ်မိပြန်ရော။ ကိုယ်လိုရာ ဆွဲတွေးရတာ အရသာတော့ အရှိသားကလား။ တကယ်ကိုပဲ မိုက်မဲမှုတွေဟာ ကြာရှည်လှပါပြီကော။ နာဂစ်ဖြစ်မှ ကပ်ဆိုက်ခဲ့တာလည်း မဟုတ်ပါဘဲကိုး။
အပေါ်မှာ ပါတဲ့ စာကြောင်း-
No one will ever be free so long as there are pestilences.
(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)ဆိုတာလိုပဲ အတွင်းရော အပြင်ရော ဘယ်သူမှ မလွတ်ဘူးကိုး။
ပြောရရင်တော့ ပလိပ် ၀တ္ထုဟာ ကျွန်မ နှစ်ခြိုက်စွဲလမ်းတဲ့ ၀တ္ထု အမျိုးအစားထဲမှာ မပါပါဘူး။ ဒါပေမယ့် ပြင်သစ်စာရေးဆရာ Albert Camus ရဲ့ ဖန်တီးတွေးခေါ်နိုင် စွမ်းအားကိုတော့ ကျွန်မ လေးလေးစားစား အံ့သြဘနန်း မှတ်တမ်းတင်ရပါတယ်။
*****
1995 လောက်မှာ ဖတ်ခဲ့ရတဲ့ ၀င်းဝင်းလတ် ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ အကြောင်းကို ရေးတော့ အဲဒီ ၀တ္ထုဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုလို့ ရေးခဲ့ဖူးပါတယ်။ 2001 မှာ ဖတ်ခဲ့ရတဲ့ အခု ပလိပ် ၀တ္ထုကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
(Albert Camus' Gravestone)
ပုံတွေကို Wikipedia ကနေ ယူပါတယ်
ပြင်သစ်ပြည်ကို ၀င်လာတာ ရုရှတွေ မဟုတ်ဘဲ နာဇီဂျာမန်တွေ ဖြစ်တယ်လို့ ကိုမျိုးမြင့်မောင် က ပြင်ဆင်ပေးပါတယ်။ အမှားပြင်ပေးတဲ့ ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။

ပလိပ် ဟာလည်း ပုံဆောင်ပြတဲ့ ၀တ္ထု လို့ ဆိုကြပါတယ်။ ပြင်သစ်ပြည်ကို

15 comments:
ပထမဦးဆုံး ပြောချင်တာက ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ က ၀တ္ထုအမျိုးအစားမဟုတ်ပါဘူး။ အတ္ထုပ္ပတ္တိစာပေဆိုရင် ပိုမှန်မယ်ထင်ပါရဲ့။
ဂျာနယ်ကျော်မမလေးရဲ့ လုံးချင်းတွေကို အခုဖတ်ရင် ကျနော်လည်း ကြိုက်မှာမဟုတ်ပါဘူး။ (ကျနော်ကိုယ်တိုင်က နောက်ပိုင်းမှာ ၀တ္ထုရှည်တွေ ဖတ်ဖို့ စိတ်မပါတော့တာလည်း ဖြစ်နိုင်ပါတယ်။)
ဒါပေမယ့် ဂျာနယ်ကျော်မမလေးရဲ့ ၀တ္ထုတိုတွေကို ပေါင်းပြီးထုတ်ထားတဲ့ ၀တ္ထုတိုများစာအုပ်ကို ပင်နင်ဆူးလားမှာ ရနိုင်ပါတယ်။ ၀ယ်ဖတ်ဖို့ အထူးတိုက်တွန်းပါရစေ။ (ကျနော့်မှာလည်း တအုပ်ရှိတယ်။) အပုဒ်တိုင်းလိုလို ထူးထူးကဲကဲ ကောင်းမွန်တာပါ။ ဖတ်ပြီးရင် စာရေးဆရာလုပ်ဖို့ ပိုပြီး လက်တွန့်သွားစေရမယ်ဆိုတာကို အာမခံပါတယ်...း-)
The old man and sea ကတော့ ဆယ်တန်းပြီးကာစလောက် ဖတ်တာမို့လားမသိ။ ကောင်းကောင်းအရသာ မခံတတ်ဘူး။
စည်းအပြင်ဖက်ကလူ ကို ငယ်ငယ် စဖတ်တုန်းက မကြိုက်။ ဟိုတလောကမှ လမ်းပြကြယ်ကနေ ပြန်ငှားဖတ်တဲ့အခါ ကြိုက်တာကို တွေ့ရတယ်။ တချို့စာအုပ်တွေက အသက်အရွယ်ပြောင်းလာတဲ့အခါ အတွေးအခေါ်ပြောင်းလာတဲ့အခါ ဖတ်မိရင် အရင်က မကြိုက်ခဲ့ပေမယ့် အခုကျတော့ ကြိုက်လာတတ်တာမျိုး။ ဂျူးရဲ့ အချစ်ဝတ္ထု (လုံးချင်းတွေကို) ငယ်ငယ်က စွဲစွဲမက်မက် ဖတ်ခဲ့သလောက် အခုဆိုရင် မဖတ်ချင်တော့ဘူး။ ၀တ္ထုတိုတွေကိုတော့ ဘယ်အချိန်ဖတ်ဖတ် ကြိုက်နေဆဲပဲ။
အေဂျေခရိုနင်ဝတ္ထုတွေလည်း လမ်းပြကြယ်မှာ တွေ့မိတယ်။ “ယုဒသစ်ပင်” ကတော့ နာမည်ကြီးပေါ့။ သစ္စာမရှိတဲ့၊ သူရဲဘောကြောင်တဲ့ ဆရာဝန်တယောက်ရဲ့ ဘ၀ဆိုပါတော့။
ဒါပေမယ့် အေဂျေခရိုနင်ရဲ့ စာတိုပေစလေးတွေကို ဆရာဖေမြင့် ဘာသာပြန်တဲ့ “ဘ၀၊ ဒဿန၊ ရသ စာများ” မှာ ဖတ်နိုင်ပါတယ်။ အဲသည်စာအုပ်ဟာ ကျနော်အင်မတန်နှစ်သက်တဲ့ စာအုပ်တအုပ်ပါ။ ဆရာဖေမြင့်ဟာလည်း အင်မတန် စာရေးကောင်းသူပါ။ သူ့ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုတွေဖြစ်တဲ့ လူသုံးကုန်ပစ္စည်းရောင်းသူများနဲ့အခြားဝတ္ထုတိုများက အမျိုးသားစာပေဆုရ။ အလားတူပဲ.... မရဏာနုဿတိနဲ့ အခြားဝတ္ထုတိုများ၊ ကျွန်းနဲ့အခြားဝတ္ထုတိုများ စသဖြင့် တော်တော်လေး ကောင်းတာကို တွေ့ရပါတယ်။
ကဲ.... စာအုပ်ကြော်ငြာဝင်တာများသွားလို့ ဒီမှာ ရပ်ပါဦးမယ်။း-)
Albert Camus (French pronunciation: [albɛʁ kamy]) (7 November 1913 – 4 January 1960) was a French Algerian author, philosopher, and journalist who was awarded the Nobel Prize in 1957. He is often associated with existentialism.
Today afternoon to till I read about Albert Camus and Doris Lessing (89 Years).
I think you will like the Indian novelist Ya Hu Lar Than Kate See.
Novel=Sate Tra Le Khar translated by Paragu.
I don't know where we can get.
I don't find in Burmese Classic Forum .
Thanks for sharing.
ဟုတ်ပါတယ် ကိုပေါပြောတာ ပိုဆီလျော်ပါတယ်။ သူလိုလူ က ဂျာနယ်ကျော် ဦးချစ်မောင် အကြောင်း အထ္တုပ္ပတိလို ရေးထားတဲ့ စာအုပ်ပါ။ ဂျာနယ်ကျော် မမလေး ၀တ္ထုတိုစာအုပ် ကျွန်မ ဖတ်ဖူးပါတယ်။ အပိုင်တော့ မရှိပါဘူး။ ငှားဖတ်ခဲ့ရတာပါ။ သွားရှာကြည့်ပြီး ထပ်ဖတ်ပါဦးမယ်။
ဆရာဖေမြင့် ကိုယ်တိုင်ရေး ၀တ္ထုတွေရော ဘာသာပြန်တက်ကျမ်းတွေရော ကျွန်မလည်း နှစ်ခြိုက်မိပါတယ်။
ကျေးဇူးတင်ပါတယ် ကိုပေါ။
ဒီမှာ တအုပ်ညွှန်းဖို့ ကျန်နေခဲ့လို့။ အေဂျေခရိုနင် ကြိုက်တယ်ဆိုရင် လမ်းပြကြယ်မှာပဲ အေဂျေခရိုနင်ရဲ့ The Spanish Gardiner ကို (မောင်ထွန်းသူ ဘာသာပြန်တာထင်ရဲ့) အကျဉ်းစံ ဆိုတဲ့ ၀တ္ထုလည်း ရှိတယ်။
နောက်ဆရာဖေမြင့် ဘာသာပြန်တဲ့ ဘ၀၊ ဒဿန၊ ရသစာများ ထဲက စာတော်တော်များများက ရီဒါးစ်ဒိုင်ဂျက်စ်ထဲမှာ ပါခဲ့တဲ့ ဆောင်းပါးတွေ၊ စာစုတွေပေါ့။ အခု အဲသည်ထဲက ဗီရိုနာမြို့က လူကြီးလူကောင်းနှစ်ယောက် ဆိုတဲ့ စာစုရဲ မူရင်းကို အင်တာနက်ပေါ်မှာတွေ့လို့ လင့်ခ်ပေးလိုက်ပါတယ်။
http://mission.akshaya.net/dpi/Textbook/Languages/English/chapter2.PDF
ပလိပ်ဝတ္ထုအတွက်တော့ ထူးထွေပြီး ပြောဖို့လိုမယ် မထင်တော့ပါဘူး .. ကောက်နှုတ်ထားတဲ့ အချက်လေးတွေ သဘောကျမိပါတယ် ... အကြံပြုခဲ့ကြတဲ့ ဝတ္ထုတွေ အတွက်လည်း မျှဝေသူတွေကို ကျေးဇူးတင်မိပါတယ် .. အားလုံး အားလုံး ပျော်ရွှင်အေးချမ်းကြပါစေ ...
မအယ်ကတော့ ဦးချစ်မောင်အကြောင်းကို ကြိုက်တယ်။
အရင်တုန်းက ယောကျာ်းရရင် ဦးချစ်မောင်လို လူမျိုးကို မှ လို့ တွေးထားဖူးတယ်။
သူက အင်မတန်လေးစားစရာကောင်းတယ်။ အသုဘကို ဗိုလ်ချုပ်ကိုယ်တိုင်လာပြီး တိုင်းပြည်အတွက် ဆုံးရှုံးမူ့ ဖြစ်တယ်လို့ ပြောသွားတာ မှတ်မိသေးတယ်။
ကိုယ်သာ သူ့ မိန်းမဆို ဆေးခန်းကို ရအောင် ခေါ်သွားမှာ။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ရအောင် ခေါ်မှာလို့ တွေးခဲ့တယ်။
အပြင်ကလူကို ကြိုက်တယ်။
စာအုပ်က စစ်ပြီးခါစအချိန်လောက်ထင်တယ်ရေးတာ။
အဲ့ဒီတုန်းကတော့ သူ့ ကို လူတွေရဲ့ အမြင်က ခုလူတွေရဲ့ အမြင်နဲ့ မတူတော့ဘူး။
သူ့ ဂူက ပြင်သစ်မှာရှိတယ်။ မအယ်သွားဖို့ လုပ်ရင် ပျက်ရင်းဖြစ်နေတာ။ အရမ်းသွားချင်တာ။
ဘာသာပြန်ပဲ ဖတ်ခဲ့တာပါ။
အမေသေလို့ မငိုတာကို အပြစ်ပြောတယ်။
ခရစ်ယာန်တွေမှာ သေချင်းဟာ ရှသ်ချင်းထက် ပိုမြင့်မြတ်တယ်။
ဘုရားသခင်ခေါ်လို့ သွားတာ။ မငိုကြဘူး။ မငိုတာက ပုံမှန်လို့ မအယ်သိထားတာ။
ရုပ်ရှင်က ပိုကောင်းတယ်။ ရုပ်ရှင်ကြည့်ကြည့်ပါ။
နောက်ပြီး ခုနေတော့ မာဆိုးကို ဘယ်သူမှာ အပြင်ကလူလို့ မခေါ်နိုင်တော့ဘူး။
ပလိပ်ကိုလည်းကြိုက်တယ်။
ရေးတာတွေ များနေပြီ။
အမက Rita နဲ့ ပြောင်းပြန်ဗျ.. ကမူးကို စည်းအပြင်ကလူ ကြိုက်တယ်။ ပလိပ် မကြိုက်.. မောလို့။ စကားမစပ် ကြည်အေးရဲ့ အပြင်ကလူ.. ရော မကြိုက်ဘူးလား...။ ဂျာနယ်ကျော်မမလေးကို မုန်း၍မဟူ တပုဒ်တည်း စွဲတာလည်း တူတယ်။ ပြီးတော့ Tess ကိုရော မကြိုက်ဘူးလားဟင်။ အမတော့ Tess ကို တော်တော် စွဲဖူးတယ်။
ကျနော်လဲ မအယ်ပြောသလိုပဲ
ဦးချစ်မောင်အကြောင်းကိုကြိုက်တယ်
အားနာတတ်တာလား ရှက်တာလား
ပလိပ် ကိုလဲကြိုက်တယ်
Sayama May Nyien,
I had been read that novel as soon as published.(Translated)
Tess of the d'Urbervilles by Thomas Hardy
Translated by Maung Tun Thu
It is a very good.
the society of Ancient village in Britian.
Tess's father, John Durbeyfield, learns that he is the last remaining member of the once illustrious dUrberville family.
I still remember about the innocent family. But I dislike the father who guided to villagers.
Thanks for refreshing.
Some link
http://en.wikipedia.org/wiki/Tess
http://www.imdb.com/title/tt0080009/
http://www.imdb.com/character/ch0024965/
စည်းပြင်ကလူကို ဖတ်ဖူးပေမယ့် ပလိပ်ကိုတော့ ဖတ်မယ်ဆိုပြီး မဖတ်ဖူးဘူးဗျ။ မဖတ်ဘူးပေမယ့်လည်း ပြင်ဆင်ချက်လေးတစ်ခုတော့ အကြံပြုချင်ပါတယ်။ ကျနော်သိသလောက်ကတော့ ပလိပ်ဟာ ပြင်သစ်ကို နာဇီဂျာမန်တွေ ကျူးကျော်ဝင်လာတာကို ညွှန်းတယ်လို့ဆိုပါတယ်။ နပိုလီယံခေတ်မှာ မဟာမိတ်တပ်တွေနဲ့အတူ ကျူးကျော်ဖူးတာကလွဲလို့ ပြင်သစ်ကို ရုရှတွေမကျူးကျော်ဖူးဘူးလို့ ထင်ပါတယ်။
နေလင်း.................နေလင်း
ငါ့စာအုပ်ပြန်မပေးတဲံအကောင်
တွေ့ရာ သင်္ချိုင်းဓါးမဆိုင်းပဲဟေ့
မမရီတာ
မာတုဂွမ တွေသယ်တာများနေပြီ
ကြာရင် ခါးထိတော့မယ်
လွှတ်ချလိုက်တော့
ပြောရတာလဲ အာပေါက်တော့မယ်
တကယ်ပဲ
ကျေးဇူးတင်ပါတယ် ကိုမျိုးမြင့်မောင်။ ကျွန်မ သမိုင်း မကျေပုံများ ကိုမျိုးမြင့်မောင် comment ကို ဖတ်ပြီးတာတောင် ၀ါးတားတားနဲ့ စဉ်းစားတုန်း ရှိသေးတယ်။ ဒါပေမယ့် Maugham ရေးတဲ့ ၀တ္ထုရှည်တစ်ပုဒ်ကို သွားသတိရမိမှ ခေါင်းထဲမှာ မီးသီးလင်းသွားတော့တယ်။ အကျူးကျော်ခံရတဲ့ ပြင်သစ်သူလေးနဲ့ ကျူးကျော်တဲ့ ဂျာမန်စစ်ဗိုလ်ရဲ့ ဇာတ်လမ်းလေ။ အနိုင်မခံ ဆိုတာ။ အဲဒါကိုတော့ သေချာ မှတ်မိနေတယ်။ အဲဒါသာ မမှတ်မိရင်တော့ သွားရော။ ဘာမှ စဉ်းစားလို့ရမှာ မဟုတ်တော့ဘူး။ နာတာရှာတို့ ဇာတ်လမ်းလဲ အကျဉ်းချုပ်တော့ ဖတ်ဖူးတယ်။ ဒါပေမယ့် အဲဒါနဲ့ ရောတာလဲ မဟုတ်ပြန်ဘူး။ သမိုင်းကို မကျေတာ။ စိတ်ထဲထင်တာ ဟုတ်ပြီထင်ပြီး ကောက်ရေးပစ်လိုက်တာ။
ကမ္ဘာ့သမိုင်းတင် မဟုတ်ဘူး။ ဗမာ့သမိုင်းလဲ မကျေဘူး။ ဆားလေးနဲ့ပါ ဘုရာ့ ဆိုတဲ့ ဦးပေါ်ဦးကိုတောင် မင်းတုန်းမင်း လက်ထက်ကလို့ ထင်ပြီး လျှောက်ပြောချင် ပြောနေတာမျိုး။
:D ပြောရင်းတောင် ဟားချင်တယ်။
တော်သေးတယ် အဲဒါကတော့ ဘလော့ဂ်မှာ မှားတာ မဟုတ်လို့။
အမယ် ဒါပေမယ့် ခုရက်ပိုင်း ကိုပေါ ဘလော့ဂ်က ပို့စ် အဟောင်းတွေ ပြန်ဖတ်တော့ သူက ဗမာ့သမိုင်းတော့ မကျေတာ ကောင်းတယ်ဆိုပဲ။
(မလျှော့သေးဘူး။ ငါ့စကားနွားရတဲ့။ နွားတကောင်ရ နည်းမှတ်လို့)
ခု ရုံးမှာမို့ comment ပဲ ပြန်နိုင်တယ်။ အိမ်ရောက်မှပဲ ဘလော့ဂ်ကို ပြင်ပါတော့မယ်။ ကျေးဇူးတင်ပါတယ်။
Rita,
ဆရာ မြသန်းတင့် ဘာသာပြန် "လေရူးသုန်သုန်"
You can find http://www.burmeseclassic.com/force_download.php?file=126
Other books (from 1 to 529)
Item no.517
Available ကြည်အေးရဲ့ အပြင်ကလူ.
Existentialism & Humanism translated San Lwin
Pe Myint's books
Above are my favourites
You can down load your favorites.
အမက စည်းအပြင်ကလူကို ကြိုက်တယ်။
နောက် လူနာဆောင်အမှတ် ၆ လဲ ကြိုက်တယ်။
ကိုပေါပြောတဲ့ အကျဉ်းစံ လဲကြိုက်တယ်။ ဒါပေမယ့် ပေါ်လီယာနာကို မကြိုက်ဘူး။
သူလိုလူကို ကြိုက်တယ်။ ဂျာနယ်ကျော်မမလေးရဲ့ ၀တ္ထုတိုတွေကို ပိုကြိုက်တယ်။ ဂျူးကိုလဲ အတိုတွေ ပိုကြိုက်တယ်။ ဘာသာပြန်ထဲက ကြိုက်တာတွေအများကြီး ရှိသေးတယ်။ အင်္ဂလိပ်လိုတွေ မဖတ်နိုင်တော့ ဘာသာပြန်ပဲ ဖတ်ရတာတခုကို အားမရမိဘူး။ မူရင်းကို ဖတ်ရရင် ပိုပြီးတခုခု ရနိုင်မလားဆိုတဲ့ အတွေး ၀င် ၀င်နေတုန်း။ ငယ်ငယ်တုန်းက ဦးလေး ဖတ်တာတွေ လိုက်ဖတ်တာလေ။ သိန်းဖေမြင့် တို့ ဓူဝံတို့ ဗန်းမောင်တင်အောင်တို့တွေချည်းပဲ။ ဦးနုရဲ့ တာတေစနေသားတောင်ပါသေး။
Post a Comment