Saturday, May 9, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၁)



ကျွန်မ ရန်ကုန် ပြန်တုန်းက သယ်လာတဲ့ စာအုပ်ထဲမှာ ဂျူးနဲ့ ဦးဝင်းငြိမ်း အင်တာဗျူး ပါတဲ့ ပေဖူးလွှာ မဂ္ဂဇင်း အဟောင်း တစ်အုပ်လဲ ပါပါတယ်။

စာအုပ်က အဖုံး မရှိရှာတော့ဘူး။ ဒါနဲ့ ခုနှစ် နဲ့လ ကို မသိနိုင်တော့ဘူးပေါ့။ အဲဒီထဲမှာ ပါတဲ့ ကာတွန်း တစ်ခုက ကာတွန်းဆရာရဲ့ လက်မှတ် အောက်မှာတော့ 89 လို့ပါပါတယ်။ ဒါဆို 1989 ခုနှစ်လို့ မှတ်ယူ ကြတာပေါ့။
ကြည့်စမ်း !
လွန်ခဲ့တဲ့ အနှစ် ၂၀ !
ကျွန်မ ၉ နှစ် သမီးပဲ ရှိဦးမယ်။ (အဲဒီ အချိန်က ဖတ်ဖြစ်ခဲ့တယ် လို့တော့ ယောင်လို့မှ မထင်ကြပါနဲ့။ အလယ်တန်း လောက် ရောက်မှ ဖတ်မိတာ ဖြစ်ပါတယ်။ စာအုပ်က အိမ်က စာအုပ်ပါ။)

အင်တာဗျူးက အစ အဆုံး မဟုတ်ပါဘူး။ အလယ် တစ်ပိုင်းတည်းပါ။ အရှေ့တပိုင်း နဲ့ အနောက်တပိုင်း ကျွန်မလည်း မဖတ်ဖူးပါဘူး။ တ၀က်တပျက် ဖြစ်လို့လည်း မညည်းကြပါနဲ့။ အင်တာဗျူးပဲ ဥစ္စာ။ ဇာတ်လမ်းမှ မဟုတ်ဘဲ။

ဘယ်လိုပဲ တ၀က်တပျက် ဖြစ်ဖြစ် အင်တာဗျူးဟာ တော်တော် ရှည်လျားပြီး ခု တင်ပြမယ့် တပိုင်းဟာ တပိုင်းဆို ဆိုသလောက် ပြည့်ပြည့်စုံစုံ မေးမြန်း ဖြေကြား ခဲ့ကြတာမို့ "ဂျူး" ဟာ ဘာ ဆိုတာကို ထင်းကနဲ မြင်သာ ပါလိမ့်မယ်။ Interviewer ဦးဝင်းငြိမ်းရဲ့ ကြိုးပမ်း အားထုတ်နိုင်မှု ကိုလည်း များစွာ ကျေးဇူး တင်မိပါတယ်။

*****

ပေဖူးလွှာ interview series တွေ စာအုပ် ပြန်ထုတ်တယ်လို့ ခပ်ဝါးဝါး ကြားရသလိုလို ရှိပြီး တွေ့လည်း မတွေ့ခဲ့မိပါဘူး။ ထွက်ဖြစ်ရင်လည်း ထွက်ဖြစ်ပါလိမ့်မယ်။ ကျွန်မနဲ့ မကြုံကြိုက်လို့ ဖြစ်ကောင်း ဖြစ်မှာပါ။

ဒီ post ကို တင်ဖို့ စဉ်းစားတဲ့ အချိန်မှာ ကျွန်မ ခေါင်းထဲမှာ အင်တာဗျူးကောင်း တစ်ခုကို Share လုပ်ချင်တာ ကလွဲလို့copy right တွေ copy left တွေ ဘာမှ မရှိပါဘူး။ ဒါကို တင်လိုက်လို့ တစုံတဦးရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာ စေနိုင်စရာ အကြောင်းလဲ မရှိဘူးလို့ ထင်မိပါတယ်။ (ရှိတယ် ဆိုရင် ပြန်ဖြုတ်ပါမယ်။)

ကဲ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဂျူး ကို ပြန်ငဲ့ ကြည့်ကြစို့လား။

*****
WN >>>
ဝမ်းနည်းပါတယ်။ Sorry ဆိုရုံလောက် ပဲလား။ ဒီလို ဇာတ်ကောင် စရိုက်မျိုး ဖန်တီး ခဲ့တဲ့ အတွက် စာရေးသူမှာ တာဝန်ရှိတယ် လို့ရော မယူဆဘူးလား။

Juu >>> မဟုတ်သေးဘူးလေ ကိုဝင်းငြိမ်းရဲ့။ ကျွန်မ ပြောချင်တဲ့ ၀မ်းနည်း စကားက ဒီလို ဇာတ်ကော
င်စရိုက်မျိုး ဖန်တီး ခဲ့မိတဲ့ အတွက် မဟုတ်ပါဘူး။ ဝေဖန်ခံရတဲ့ အတွက် ၀မ်းနည်းစကား ပြောတာပါ။ ကိုယ့် အပေါ်မှာ လူတစ်ယောက် နားမလည် နိုင်တာကို ခံစား ရတဲ့ အခါ ၀မ်းနည်းရသလောက် ပါပဲ။ ကိုဝင်းငြိမ်းက မေးမှတော့ မပြောတော့ဘူးလို့ ထားတဲ့ ကိစ္စတွေကို ပြောလိုက်ပါမယ်။

ကျွန်မရဲ့ ဇာတ်ကောင် စရိုက်တွေက ဘာတွေလဲ။ မြန်မာ အမျိုးသမီးကလေးများ အတုယူ မှားရလောက်တယ် ဆိုတာ ဘယ် အချက်တွေလဲ။ ဝေဖန်တဲ့ လူတွေ တချက်ချင်း ထောက်ပြပြီး ဝေဖန်သလို ကျွန်မ တစ်ချက်ချင်း ပြောပါမယ်။

ပထမဆုံး ပြောချင်တာက ဘီယာ သောက်တဲ့ ကိစ္စ ပါပဲ။ ဘီယာ ဆိုတာ အရက် လို့တောင် မခေါ်နိုင်လောက်အောင် ပျော့တဲ့ ယမကာ တစ်ခုပါ။ မြန်မာ အမျိုးသမီးလေးတွေ ဘီယာကို မသောက်ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အများစုက ဘီယာနဲ့ မနီးစပ်လို့ပါပဲ။ ဘီယာနဲ့ နီးစပ်တဲ့ အမျိုးသမီးတွေ ကလည်း ဘီယာရဲ့ အရသာ ခါးလို့ မကြိုက်တတ်ကြပါဘူး။ အနည်းငယ်သော အမျိုးသမီးများသာ ကြုံကြိုက်လို့ သောက်ဖူးကြတာ တွေ့ရပါတယ်။ ဘီယာကို စွဲစွဲလမ်းလမ်း သောက်ရအောင် အရသာ နှစ်သက်တဲ့ အမျိုးသမီး တစ်ယောက်မှ မရှိဘူးလို့ ကျွန်မ ပြောရင် လွန်မယ် မထင်ပါဘူး။ ကျွန်မ ကိုယ်တိုင်လဲ ဘီယာ အရသာကို မကြိုက်ပါဘူး။ ကိုယ့် အနားမှာ လွယ်ကူလို့ သောက်ကြည့်တဲ့ သဘောမျိုးထက် မပိုပါဘူး။

ကြိုက်တဲ့ အမျိုးသမီး ရှိရင် သောက်လိမ့်မယ်။ မကြိုက်ရင် ရှောင်လိမ့်မယ်။ ကျွန်မရဲ့ တစ်ပုဒ်တည်းသော ၀တ္ထုထဲက တစ်ကြောင်းတည်းသော စာကြောင်းကြောင့် မိန်းကလေးတွေ ဘီယာ ကြိုက်လာစရာ အကြောင်းမရှိပါဘူး။

နောက်တစ်ခုက ဆင်ဆာမဲ့ ဗွီဒီယို ကြည့်တဲ့ ကိစ္စ
ဒီအချက်ကိုတော့ ပြောစရာ နည်းနည်း ရှိပါတယ်။ ကိုယ်ပိုင် တီဗွီနဲ့ ဗွီဒီယို မ၀ယ်နိုင်တဲ့ အနုပညာ ၀ါသနာပါသူ တစ်ယောက် အနေနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့် ပြဿနာကတော့ ဗွီဒီယို ကြည့်ရတဲ့ အခက်အခဲပါပဲ။ ဗွီဒီယို ပြတဲ့ ရုံတစ်ခုမှာ တစ်လလုံး ပြလို့ ကျွန်မတို့ ကြည့်ဖို့ သင့်တော်တဲ့၊ အဆင်ပြေတဲ့ ဇာတ်ကား တစ်ကားတောင် ပါမလာတာမျိုး ရှိပါတယ်။ ကျွန်မတို့ အနုပညာသမားဟာ ရုပ်ရှင်တစ်ကားကို ကြည့်ပြီ ဆိုရင် ဒီဇာတ်ကားရဲ့ အနုပညာ စွမ်းအား၊ ဖန်တီးမှု စွမ်းအား၊ သရုပ်ဆောင်ရဲ့ စရိုက် ပီပြင်မှု၊ ဒါတွေကို အဓိက ရှာဖွေ စောင့်ကြည့်ရမှာ မဟုတ်ဘူးလား။

ကျွန်မ အနေနဲ့ကတော့ ကြည့်ဖို့ သင့်တဲ့ ရုပ်ရှင်ကား တစ်ခုကို ဆင်ဆာမဲ့ပါလို့ ဆိုပြီး ရှောင်မနေပါဘူး။ သူငယ်ချင်း တစ်ယောက် အိမ်မှာ ဖြစ်ဖြစ်၊ ကျွန်မ အိမ်မှာ ဖြစ်ဖြစ် ငှားပြီး ကြည့်ပစ်လိုက်တာပဲ။
ဥပမာ။ ။ Nine and Half Week လို ကားမျိုး၊ Lady Chatterley လို ကားမျိုးပေါ့။

ဗွီဒီယို ပေါ်လာတာ လူငယ်တွေ ပျက်စီးရာ လမ်းကြောင်းလို့ ပြောရင် သိပ်ကို မှန်ပါတယ်။ ဒါပေမယ့် ဗွီဒီယို ရဲ့ ကောင်းကွက်တစ်ခု (အသုံးချ တတ်မယ် ဆိုရင်) ရှိပါတယ်။ ရုံတင်ကား အဖြစ် မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးပြီး အခု အချိန်မှာ လုံးဝ ပြန်မလာတော့တဲ့ ကားမျိုးကို လူငယ်တွေဟာ ဗွီဒီယိုကနေ ကြည့်ခွင့်ရတယ်။
ဥပမာ။ ။ ဒေါက်တာ ဇီဗားဂိုး လို ကားမျိုး။

ထားပါတော့လေ။
ကျွန်မ ပြောချင်တာက ဆင်ဆာမဲ့ ဗွီဒီယိုကို မတော်တဆ ကြည့်လိုက်မိတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ဘ၀မှာ အဲဒီ အတွက်ကြောင့် ဘာတွေများ ထူးခြား ပြောင်းလဲ သွားနိုင်ပါသလဲ။ တချို့လူတွေ လိင်ဖောက်ပြန်တယ် ဆိုတာ မွေးရာပါ ဗီဇပါ။ ဖောက်ပြန်ချင်တဲ့ မိန်းမ တစ်ယောက်ဟာ ဘာ ဗွီဒီယို၊ ဘာ ရုပ်ရှင်မှ မလိုအပ်ပါဘူး။ ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက မိန်းမတွေ ကိုယ့်ကိုကိုယ် မထိန်းတတ်လို့ ဖြစ်စေ၊ မွေးရာပါ ဗီဇဆိုးကြောင့် ဖြစ်စေ၊ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ ဖြစ်စေ၊ ဒါမှမဟုတ် အလွန်ကံဆိုးတဲ့ အခိုက်အတန့် တစ်ခုကြောင့် ဖြစ်စေ ကလေးဖျက်ချ ရတာတို့၊ လင်ကောင်မပေါ်ဘဲ မွေးခဲ့ရတာတို့ အများကြီး ရှိပါတယ်။

ကျွန်မရဲ့ တစ်ပုဒ်တည်းသော ၀တ္ထုတိုထဲမှာ ဇာတ်ကောင်တစ်ယောက်က ရုပ်ရှင်သွားကြည့်ရင်း ဆင်ဆာမဲ့ အခန်း ကြည့်မိသွားတယ် ဆိုတဲ့ အဖြစ်အပျက်ဟာ ဆန်းသလား။ အပြင်မှာ မိန်းကလေး တော်တော်များများ ကံအကြောင်း မလှစွာ ကြုံဖူးတဲ့ အဖြစ်မျိုး မဟုတ်ဘူးလား။ ဒီစာကြောင်းလေး တစ်ကြောင်းက မြန်မာ မိန်းကလေးတွေရဲ့ ကာယိနြေ္ဒ ထိန်းချုပ်မှုပေါ်မှာ ဘယ်လိုမှ အကျိုး သက်ရောက်မှု မရှိနိုင်ပါဘူး။

တာဝန်နဲ့ ပတ်သတ်လို့ ပြောရရင် ဒီလို ဇာတ်ကောင် စရိုက်မျိုးကို ဖန်တီးခဲ့မိတဲ့ အတွက် ဒီဖန်တီးမှုရဲ့ အဆိုး အကောင်း အကျိုး အပြစ်ဟာ စာရေးသူမှာ တာဝန်ရှိတာပေါ့။ အဲဒီ တာဝန်ကိုလည်း စာရေးသူက ယူနိုင်ရမှာပေါ့။ စာရေးသူ တစ်ယောက်ဟာ သူ့ဝတ္ထုထဲက စာကြောင်း တစ်ကြောင်းချင်း၊ စာလုံး တစ်လုံးချင်း အတွက် တာဝန် ရှိနေတာပဲ။ စာရေးသူ တစ်ယောက် အနေနဲ့ ကိုယ့် ပတ်ဝန်းကျင်မှာ ကိုယ်မြင်နေရတာတွေ၊ တွေ့နေရတာတွေကို အမှန်အတိုင်း ရေးလိုက်တဲ့ အတွက် အပြစ် ရှိတယ် ဆိုရင်၊ နောက်ပြီး ဒီ စာကြောင်းလေး တစ်ကြောင်းကြောင့် မြန်မာ အမျိုးသမီးထုကြီး တစ်ခုလုံး ထူးထူးခြားခြား ပြောင်းလဲသွားတယ် ဆိုတာ သေချာရင် အဲဒီ အပြစ်ကို ကျွန်မ ရဲရဲ ခံလိုက်စမ်းပါမယ်။

*****
အပေါ်က ဓါတ်ပုံကတော့ မဂ္ဂဇင်းထဲက ပုံကို HP နဲ့ ပြန်ရိုက်ထားတာပါ။
ဘယ်ဘက်ခြမ်းက သရုပ်ဖော် ပန်းချီကတော့ မြင့်မောင်ကျော် ရဲ့ လက်ရာ ဖြစ်ပါတယ်။

to be continued

6 comments:

Ko Paw said...

ကျနော်တို့ ငယ်ငယ်က ပေဖူးလွှာမှာ ၀င်းငြိမ်းက စာရေးဆရာ၊ ဆရာမကြီးများနဲ့ လစဉ်တွေ့ဆုံတဲ့ အင်တာဗျူးတွေ ပါခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ အဲသည် အင်တာဗျူးတွေကို အတွဲတွေနဲ့ ပြန်ထုတ်ပါတယ်။ စီးတီးဟောလ်က စာအုပ်ရောင်းတဲ့ဆိုင်တွေမှာ တွေ့နိုင်ပါတယ်။ ရှာကြည့်ပါ။ ကျနော်မကြာခဏ တွေ့မိပါတယ်။ အဲသည်မှာ မတွေ့ရင် လမ်းပြကြယ်စာကြည့်တိုက်မှာ သွားရှာနိုင်ပါတယ်။

ဆရာအောင်သင်းနဲ့ တွေ့ဆုံခြင်း (စာပေလူကြမ်းမင်းသားနဲ့ တွေ့ဆုံခြင်း) ကို တအုပ်သပ်သပ် ထုတ်တာတွေ့ရပါတယ်။

Rita said...

ကျေးဇူးပါ ကိုပေါ။ ရှာကြည့်ပါမယ်။ ရရင် ဂျူး အင်တာဗျူးကို အစ အဆုံး ပြန်တင်ပါမယ်။

(မလျှော့သေးဘူး)

နေဒေးသစ် said...

အင်း ဂျူးဝတ္ထုတွေကတော့ အတိုရော အရှည်ရော အကုန်လုံးနီးပါး မဖတ်ဖူးတာ တစ်အုပ်မှ မရှိသလောက်မို့လို့ ထူးထွေပြီး သူ့အကြောင်း မပြောချင်တော့ပါဘူး ... သူ့စိတ်ဓာတ်ကို သိတယ် .. သူဘာရေးချင်လဲဆိုတာကို နားလည်တယ် .. သူဘာပြောပြချင်နေတာလဲ ဆိုတာကို ခံစားလို့ ရတယ် ... သူပြောခဲ့တာတွေ သဘာဝကျပါတယ် .. စာကြောင်းတစ်ကြောင်း အကြောင်းအရာ တစ်ခုတည်းကြောင့်မို့လို့တော့ မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအပေါ်မှာ side effect မရှိလောက်ပါဘူး .. တကယ်လို့ ရှိခဲ့မယ် ဆိုရင်ရော .. ရှိခဲ့မယ် ဆိုရင်လည်း သူက ရှောင်ပုန်းပြေးမယ့် လူစားမျိုး မဟုတ်ပါဘူး .. အဲဒါသေချာပါတယ် .. သူက အစီအစဉ်တကျ တင်ပြရေးသားရဲပြီး စာလုံးတိုင်းကို ဂရုစိုက်တတ်တဲ့ စာရေးဆရာမတွေထဲက တစ်ယောက်ပါ ... ဒီစာကို ဖတ်တော့ ဂျူးရေးတဲ့ " အမှတ်တရ " ထဲက living together နေတဲ့ မြန်မာမိန်းကလေး တစ်ယောက် အကြောင်းကို ပြန်သတိရမိတယ် .. အဲ့တုန်းကလည်း တော်တော်လေး ဂယက်ရိုက်ခဲ့သေးတယ် .. နောက်တော့လည်း အနည်ထိုင်သွားတာပါပဲ ...

အပြုံးပန်း said...

ဂျူးကိုတွေ့လို့လာဖတ်တယ်။
အစအဆုံးမဟုတ်တော့ အားမရဖြစ်သွားတယ်။
ကျေးဇူးတင်ပါတယ်။

thetpaingthu said...

လူငယ်တော်တော်များများအတွက် ရေးတဲ့ စာပေတွေထဲမှာ ဂျူးရဲ့ စာအုပ်တွေက တစ်ခုအပါအ၀င်လို့ထင်တယ်.. လရဲ့အောက်ဘက်မိုင်ပေါင်းအဝေးမှာ တို့ အခုနောက်ဆုံးထွက်တဲ့ စာအုပ်တွေက လူငယ်တွေအတွက် ခွန်အားပဲ။
နောက်ပြီး မြန်မာလူမျိုးတွေအတွက် Sexနဲ့ပါတ်သက်ပြီး အသိပေးတာတွေကလည်း သူ့စာအုပ်ထဲမှာ တွေ့ရတယ်။ လူဆိုတာ တစ်ချိန်မှာ ဒီလိုတွေ ကြုံမှာပဲလေ။ စာရေဒဆရာ တော်တော်များများက သူ့လောက်တောင်မှ မရေးရဲကြဘူးလေ။

Bino said...

Oh! time was so short.
passed 20 years.
seem to be yesterday for me.
But everything was totally changed for my life.
Last 20 years, 1988 to 1990, I worked in Yangon. No house, No T.V, No bicycle.
Simultaneously worked by various kinds in 24hrs due to insufficient salary of Govt servant.
My rest hour (including sleeping time) was not more than 5hr per day.
That time I heard the criticized arguments between the some novelists and authors related Ju's novels in Magazine.
Some of my friends ( teenager girls) brought (the Ju's novels) for me. They said that you are same as Ju's one of ဇာတ်ကောင် စရိုက်.
ှုI asked them why you say that.
They can't explain until I understand. They said you have to read it, you'll realize after read it.
I regretted that I absent to read Ju's novels(time not permitted).

I started read the ju's some of articles and novels at Nov 2001.
I not yet read all her books.

Last 20 years comment of my friends are correct. Most of the
ဇာတ်ကောင် စရိုက်.in JU's novels are same as my character.

However, I am a not poor man at the present.
My life was totally changed coz of my hard working and continuous study.I have to maintain my life.

Thanks for sharing.