ခုတလော အလယ်တန်း ကျောင်းသူ ဘ၀ကို သတိတရ ရှိနေပြန်ပါတယ်။
အလယ်တန်း ကျောင်းသူ ဘ၀ကို ပြန်စဉ်းစားရင် အလယ်တန်း တလျှောက်လုံး နေခဲ့ဖူးတဲ့ "ဖြူး" က မဖြစ်မနေ ပါလာရပါမယ်။ပြီးတော့ ပဲခူးလမ်း ရယ်၊
ထ-၁ ကျောင်း ရယ်၊
မိတ်ဆွေများ စာကြည့်သင်း ရယ်၊
ဈေးမြောက်ဘက်က "မြဧရာ" စာအုပ်ဆိုင်ရယ်၊
ဖြူးချောင်း ရယ်၊
ဝဲဒေါင့် ဆိုတဲ့ ရှမ်းရွာလေးရယ်၊
အဲဒီရွာ အဝေးပြေး ကားလမ်းမကြီး နံဘေးက နာမည်ကြီး "အဓိပတိ" နဲ့"နံပါတ် ၀မ်း" စားသောက်ဆိုင်တွေရယ်၊အဲဒီဆိုင်တွေ ရှေ့က "အကြော်ဆိုင်" ရယ်...
(ဘ၀မှာ စားဖူးသမျှ အကြော်တွေထဲ အကောင်းဆုံးပဲ)
***
အလယ်တန်းမှာ စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ့တဲ့ မဂ္ဂဇင်း ၀တ္ထုရှည် တစ်ပုဒ်ကိုလည်း သတိရနေမိပါတယ်။ ဟန်သစ် မဂ္ဂဇင်းက စောဟိန်း ရဲ့ (အမည်မပါတဲ့) ၀တ္ထုရှည် ပါ။ 1993 လောက်က စပြီး ပါခဲ့တာလို့ ထင်ပါတယ်။ ဆရာ စောဟိန်းကို အဲဒီ ၀တ္ထု တစ်ပုဒ်ပဲ ကျွန်မ ဖတ်ဖူးပြီး၊ အဲဒီ အရင် အဲဒီ နောက် လုံးဝ မတွေ့ဖူး၊ မဖတ်ဖူးခဲ့ပါဘူး။
ဝတ္ထုက နိုင်ငံခြား (အမျိုးသမီး စာရေးဆရာမ တစ်ယောက်ရဲ့) ၀တ္ထု တစ်ပုဒ်ကို မြန်မာမှု ပြုထားခဲ့တာပါ။ နာမည် လုံးဝ ပေးမထားပါဘူး။ ၀တ္ထု တစ်ပုဒ်လုံး ဆုံးမှ စာဖတ်သူတွေကို နာမည်ပေးစေမယ် လို့ အစမှာ ဖော်ပြခဲ့ပါတယ်။
ဆရာ စောဟိန်းရဲ့ အရေးအသားနဲ့ ဇာတ်ကောင်စရိုက်တွေက ၀တ္ထု အဖွင့်မှာ ကတည်းက ကျွန်မကို ဆွဲခေါ် သွားခဲ့ပါတယ်။
> ဆေးရုံပေါ်က သူနာပြု တွေကို တယောက်ပြီး တယောက် စိတ်တိုင်းမကျလို့ ၁၂ယောက်မြောက်ထိ လူလဲပစ်ခဲ့တဲ့ ဒေါသ ခပ်ကြီးကြီး သူဌေး ဦးကျော်ဇော၊
> ဦးကျော်ဇောရဲ့ ၁၃ယောက်မြောက် သူနာပြု ၊ ချောမော လှပပြီး ထက်မြက်တဲ့ မိုးစံပယ်၊
> ၀တ္ထု တစ်ပုဒ်လုံးမှာ ဦးကျော်ဇောရဲ့ စကားလုံး တွေနဲ့ပဲ သိခွင့်ရတဲ့ ဦးကျော်ဇောရဲ့ ဒုတိယ ဇနီး သိမ့်၊
> သိမ့်နဲ့ ရခဲ့တဲ့ ၊ ထက်မြက် ထူးချွန်သလောက် ခေါင်းမာတဲ့ ဦးကျော်ဇောရဲ့ အချစ်ဆုံးသားငယ် သစ္စာ၊
> ဦးကျော်ဇောရဲ့ သားကြီး နှစ်ယောက် အောင်နိုင်နဲ့ အောင်ကျော်ဇော
> ပြီးတော့ ဦးကျော်ဇော ရဲ့ ဂေဟာ နှင်းပွင့်မြိုင်
ဦးကျော်ဇောနဲ့ မိုးစံပယ် စတွေ့ကြတဲ့ အခန်း၊ ဦးကျော်ဇောရဲ့ အတိတ်ကို တစတစ သိခွင့်ရတဲ့ မိုးစံပယ်၊
ဦးကျော်ဇောရဲ့ ဆန္ဒအရ အိမ်ပြေးကလေး သစ္စာကို မိုးစံပယ်က လိုက်ရှာပြီး သူတို့ စတွေ့ကြတဲ့ အခန်း၊ သစ္စာနဲ့ မိုးစံပယ်တို့ရဲ့ အချစ်ဇာတ်လမ်း...ပြီးတော့ "စိတ်အထုံး" ဆိုတဲ့ ကဗျာ တစ်ပုဒ်...
(ပန်းချီလည်းဆွဲ၊ အိမ်ပုံစံကိုလည်း ဒီဇိုင်းထုတ်၊ Fashion Design မှာပါ အောင်မြင်တဲ့ ပိုက်ဆံ လုံးဝ မရှာချင်တဲ့ သစ္စာ ဆိုတဲ့ ဂျစ်ကန်ကန် ကောင်လေးဟာ ကျွန်မကို လပေါင်းများစွာ စွဲလမ်းစေ ခဲ့တာပေါ့။)
၇ တန်း၊ ၈ တန်း နှစ်လောက်က ကျွန်မကို တစိမ့်စိမ့် ဆွဲဆောင် ခဲ့တဲ့၊ လပေါင်းများစွာ ဖမ်းစားခဲ့တဲ့ ၀တ္ထု တစ်ပုဒ်ပါပဲ။
အဲဒီ ၀တ္ထုဟာ ဘယ်နှခုနှစ်၊ ဘယ်လက စပါပြီး၊ ဘယ်လမှာ ဆုံးသလဲ ဆိုတာ တိတိကျကျ မမှတ်မိတော့ပါဘူး။ 93, 94 လောက်မှာ စပြီး၊ 94, 95 လောက်မှာ ဇာတ်သိမ်းပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ်ကောင်စရိုက် စ၊ လယ်၊ ဆုံး ပြေပြစ်ညီညွတ်စွာ ကောင်းမွန်တဲ့ ၀တ္ထုတစ်ပုဒ်ပါ။
ဝတ္ထု ပြီးသွားတဲ့ အချိန်မှာတော့ အစမှာ ပြောခဲ့သလို နာမည်ပေးတဲ့ ကိစ္စ မဖြစ်ခဲ့ဘူး ထင်ပါတယ်။
(၉ တန်း ရောက်တဲ့ထိ ဟန်သစ်ကို ဖတ်နေမိခဲ့တော့ သိသလောက် အဲဒီ ၀တ္ထုဟာ နာမည် မရှိခဲ့ပါဘူး။ ကြားထဲမှာ တလတလေ ကျော်ကောင်း ကျော်သွားတဲ့ထဲမှာ ပါသွားရင်တော့ မပြောတတ်ပါ။)
ဖြစ်နိုင်မယ် ဆိုရင် ကျွန်မ စွဲလမ်း ခဲ့ဖူးတဲ့ အဲဒီ ၀တ္ထုကို ခုနေ တစ်ကြိမ်လောက် ပြန်ဖတ်ချင်မိ ပါသေးရဲ့။
ရှားရှားပါးပါး ဖတ်ဖူးသူ၊ မှတ်မိ စွဲလမ်းနေသူ တစ်ယောက်ယောက်များ ရှိခဲ့ရင် စကားစပ်လို့ ပြောချင်မိ ပါသေးရဲ့။ ကျွန်မ မမှတ်မိနိုင်တော့တဲ့ ဇာတ်အိမ် အပိုင်းတွေ ၊ ဒိုင်ယာလော့ဂ် တွေ ပြောပြနိုင်မလား မေးချင်မိ ပါသေးရဲ့။ ဖြစ်နိုင်မယ် ဆိုရင် စာအုပ်တစ်အုပ် ဖြစ်အောင် အသွင်ပြောင်းပြီး မဖတ်ဖူးသေးသူတွေကို မြည်းစမ်းစေချင်မိ ပါသေးရဲ့။
*****
ဟန်သစ် မဂ္ဂဇင်းဟာ ကျွန်မကို ဖတ်နေကျ စာပေပုံစံ ကနေ ကွဲထွက်တဲ့ ၊ ထူးခြားတဲ့ စာပေသစ်ကို မိတ်ဆက် ပေးခဲ့တဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။ အဲဒီထဲက ကဏ္ဍ တော်တော် များများကို (စာဖတ်သူတွေရဲ့ ပေးစာ ကဏ္ဍ ကစလို့) နှစ်ခြိုက် စွဲလမ်းခဲ့ပါတယ်။
ဟန်သစ် ကနေ ဖြစ်လာတဲ့ ကလောင်သစ်တွေ ထဲမှာဆို လူတိုင်း နီးပါး သိကြမယ့် "နေနော်" ရှိပါတယ်။(ဟန်သစ်မှာ ၀တ္ထုတိုတွေ ရေးခဲ့တဲ့ နေနော်ဟာ နောက်ပိုင်း လုံးချင်းတွေ စိပ်စိပ် ထွက်လာတဲ့ နေနော်နဲ့ ဘာမှ မဆိုင်ဘူး ထင်ရလောက်အောင် ဖန်တီးအား ကောင်းခဲ့သူလို့ ကျွန်မ ခံစားရပါတယ်။)
ပြီးတော့ "နီကိုရဲ"...
"မြေး အဘိုး အော်ပရေးရှင်း" က စလို့ ဟန်သစ်မှာ ကျွန်မ သတိထား မိခဲ့တဲ့ နီကိုရဲ ဟာ ဟန်သစ်မှာပဲ "ချစ်ခြင်း ၏ နဂ္ဂတစ်များ" အခန်းဆက်နဲ့ တခဲနက် အောင်မြင်ခဲ့သူပါ။ (ရုပ်ရှင်မှာတော့ "ကြည်ပြာရောင် နဂ္ဂတစ်များ" ပေါ့။)
တာရာမင်းဝေ ရဲ့ နာမည်ကျော် ပြိုင်မြင်းတို့ရဲ့ ခွာသံ (စာပေရေးရာ ဆောင်းပါး) ဆိုတာလည်း (ကျွန်မ အမှတ် မမှားဘူး ဆိုရင်) ဟန်သစ်မှာ ပါခဲ့တာပါပဲ။
ဟန်သစ် တခေတ်ကိုလည်း လွမ်းမိပါသေးရဲ့။
အဲဒီတုန်းက ဟန်သစ် အယ်ဒီတာချုပ် ကတော့ (ဦး) တင်ကိုအောင် ဖြစ်ပါတယ်။
(တိရိစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးလို့ မှတ်သား ဖူးပါတယ်။ မသေချာပါ။)
မူရင်း စာရေးသူ ကိုရော၊ မြန်မာမှု ပြုပေးသူ ဆရာ စောဟိန်း ကိုရော၊ ဟန်သစ် မဂ္ဂဇင်းကိုပါ ဒီနေရာကနေ ကျေးဇူးတင် မှတ်တမ်း တင်ပါတယ်။
စာအုပ် စာတမ်း မြောက်မြားစွာနဲ့ ထိတွေ့ခွင့် ပေးတဲ့ ဖေဖေ့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စွာ ဂါရ၀ ပြုပါတယ်။

4 comments:
အသစ်လေးတွေ့လို့ဖတ်ခဲ့ပါတယ် .. မ Rita ပြောတဲ့ ဝတ္ထု မဖတ်ဖူးပါဘူး .. ဟန်သစ် မဂ္ဂင်းဇင်းတော့ ဖတ်ဖူးပါတယ် .. ဒါပေမယ့် အမြဲတမ်းကြီးတော့ မဖတ်ဖြစ်ပါဘူး ... အခွင့်ရရင်တော့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်ခံစားချင်ပါသေးတယ် ... စာရေးကောင်းသူတစ်ယောက် ညွှန်းတဲ့ ဝတ္ထုတစ်ပုဒ်မို့လို့ ဇာတ်အိမ်ရော ဇာတ်လမ်းရော သိမ်မွေ့နိုင်မယ် ထင်ပါတယ်။
နေဒေးသစ် သေချာဖတ်တာဘဲ။
Innnnnnn, Read this post makes me recall the time when I was 18 and 19 Years old. In those days, whenever I had summer vocations, I used to spend my time teaching young novices in Oke Ta Yar Yone Monastery which is close to Wae Daunt village, and near Phu chaung. But I have not been there for nearly one decade, so I don't know what changes there. Anyway, after I complete my study, I will have to go to respect my teacher living in that monastery. Good Luck to you.
ဖြူးအကြောင်းပြောတော့ ဖြူးကထွက်တဲ့ မြေပဲယို စားချင်သွားတယ်။ ပီးတော့ တောင်ငူသီးမွေးလို့ အများဆိုကြတဲ့ ဖြူးပတ်ဝန်းကျင်က သီးမွေးတွေ လဲစားချင်သဗျ.. ဟန်သစ်တစ်ခေတ် ကို ရေးရေးလေးတော့မှီလိုက်တယ်။ အဲဒီအချိန်က ပုလုကွေး ဝတ်ထု တွေ စွဲစွဲလန်းလန်း မဖတ်သေးတော့ သတိမထားခဲမိဘူးဗျ....အခုအချိန်မှာတော့ ရသစာပေတွေကိုပဲ ဖတ်ချင်နေမိတယ်...
Post a Comment