Tuesday, May 12, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၈)

(ဆရာ မြသန်းတင့်ရဲ့ အခန်းဆက် ဘာသာပြန် နဲ့ ပေဖူးလွှာ)

ယခင် post မှ အဆက်

WN >>> ၀တ္ထုတိုအကြောင်း ပြောရင်း ကျွန်တော် ဖြတ်မေးပါရစေ။ ဆရာမကို ကျွန်တော်က အချစ်ဝတ္ထုရေး ဆရာမလို့ ကင်ပွန်းတပ်ရင် လက်ခံနိုင်မလား။ (စာရေးဆရာမ တစ်ယောက်ရဲ့ အင်တာဗျူးမှာ ကျွန်တော် ဒီလိုမေးတော့ ဆတ်ဆတ်ခါ နာဖူးလို့ပါ။)

Juu >>> ဒါကတော့ ဘယ် စာရေးသူမဆို အချစ်ဝတ္ထုရေးဆရာ လို့ နာမည်တပ်ခံရရင် အနည်းနဲ့ အများ အောင့်သက်သက် ဖြစ်ကြမှာ ချည်းပါပဲ။ အထူးသဖြင့် တခြားစာပေ အမျိုးအစားပါ ရေးတဲ့ စာရေးဆရာတွေကပေါ့။

ကျွန်မကတော့ အချစ်ဝတ္ထုကို အရေးများတာ အမှန်ပဲ။ အချစ်အကြောင်း စိတ်ဝင်စားတဲ့ အချိန်မှာ အချစ်ကို နည်းအမျိုးမျိုးနဲ့ တွေးခေါ်စဉ်းစားပြီး အချစ်ဝတ္ထုတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကို အချစ်ဝတ္ထု စာရေးဆရာမလို့ နာမည်တပ်ရင်တော့ ပျော်ပျော်ရွှင်ရွှင် လက်ခံမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျွန်မ အခု အချိန်ထိ ၀တ္ထုတို ၂၁ ပုဒ် ရေးပြီးပြီ။ ဒီအထဲမှာ အချစ်ဝတ္ထု မဟုတ်တာဆိုလို့ ရှစ်ပုဒ်ပဲ ပါတယ်။ အဲဒီ ၀တ္ထုတွေကို ကျွန်မ ရေတွက်ပြမယ်။

၁) အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန်
၂) သူမ၏ မိုး
၃) ရေမျောသီး
၎) သေတမ်းစာ
၅) အမေ
၆) သစ်တောလမ်း
ရ) ကောင်းကင်မပါသော ည
၈) ကျီစားပျက်ရယ် (အဲဒါက ကောလိပ် မဂ္ဂဇင်းထဲမှာ ရေးတဲ့ ၀တ္ထုပါ)

ဒီတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အချစ် ၀တ္ထုက ၆၁ ရာခိုင်နှုန်းလောက် ရှိတယ်။ ၅၀ ရာခိုင်နှုန်းထက် ပိုတဲ့ အတွက် ကျွန်မက အချစ်ဝတ္ထုရေးဆရာ ဖြစ်နေပါတယ်။ တစ်ခုရှိတာက အချစ်ဝတ္ထုရေးရတဲ့ အခက်အခဲပဲ။ အချစ်ကို စိတ်ဝင်စားလို့ ရတဲ့ အချိန်မှာ ရေးရင် အဲဒီ အချစ်ဝတ္ထု ပြောင်မြောက် ပီပြင်မှာပဲ။ လူ့ဘ၀ကို စိတ်ညစ်ညူးစရာ အနိဋ္ဌာရုံတွေအဖြစ် စိတ်ကုန်းခမ်းနေတဲ့ အချိန်မှာ အချစ်ဝတ္ထုကို ရေးဖို့ မကြိုးစားနဲ့။ အလကားပဲ။ ကျွန်မဖြင့် အခု အချိန်မှာ အချစ်ဝတ္ထုရေးဖို့ တော်တော် စိတ်ကုန်နေပါပြီ။ ၁၉၈၆ ခုနှစ်မှာ အမှတ်တရ ကို ရေးခဲ့တယ်။ လွယ်လွယ်ကူကူ ရေးခဲ့တာပဲ။ ဒါပေမယ့် အခု ၁၉၈၉ ခုနှစ်မှာ လုံးချင်းဝတ္ထု အသစ် ရေးကြည့်တယ်။ တော်တော် ပင်ပန်းတဲ့ အလုပ်ပါပဲ။ ဒီသုံးနှစ်အတွင်း ကျွန်မ ၀တ္ထုတို ၅ ပုဒ် ရေးဖြစ်တယ်။ ၅ ပုဒ်လုံး အချစ်ဝတ္ထု မဟုတ်ဘူး။

ကျွန်မကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အရေးကြီးတာက ၀တ္ထုရဲ့ အနှစ်သာရပါ။ အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

WN >>> ဆရာမ စာဖတ်ပါသလား။
(စကားချပ်။ ။ ဘယ့်နှယ် မေးခွန်းပါလိမ့်။ မသကာ ဆရာမ စာတွေ အများကြီး ဖတ်ခဲ့ဖူးမှာပေါ့နော် လို့ ပြောရင် ဟုတ်တုတ်တုတ်။ အဲဒီ ခေတ်က ဂျူး မို့လို့ပေါ့။ ဒါမျိုး ဘလော့ခေတ်မှာ လာမေးလို့ကတော့ ကောင်းကောင်း အဆော်ခံရမယ့် ဖြစ်ခြင်း။
မြင်းခွာ တစ်ချက်ပေါက်ရုံနဲ့ မီး ဟုန်းဟုန်းတောက်သွားမယ်။ ဘာမှတ်လဲ :D )

Juu >>>
ကျွန်မ အချိန်အား ရတဲ့ အခါတိုင်း တတ်နိုင်သမျှ စာဖတ်ပါတယ်။

WN >>> ဘယ်လို စာမျိုးတွေ ဖတ်ပါသလဲ။

Juu >>> ဖတ်တဲ့ စာကတော့ အစုံပဲ။ ငယ်ငယ်တုန်းက ဖတ်တဲ့ စာက တစ်မျိုး။ စာရေးဖို့ ကြိုးစားချိန်မှာ ဖတ်တဲ့ စာက တစ်မျိုး။ စာစရေးတဲ့ အချိန်မှာ ဖတ်တာက တစ်မျိုး။ အခု စာရေးဆရာလို့ အများက သတ်မှတ်လာကြတဲ့ အချိန်မှာ ဖတ်တဲ့ စာက တစ်မျိုးပေါ့။ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဖရန်စစ် ဘေကွန် ပြောတဲ့ စကားတစ်ခု ရှိတယ်။ တချို့စာက မြည်းကြည့်ဖို့ ကောင်းတယ်။ တချို့စာကို မြိုချရမယ်။ တချို့စာကတော့ ကြေညက်အောင် ၀ါးစားဖို့ ကောင်းတယ်တဲ့။ စာအမျိုးမျိုး ရှိတဲ့ အထဲမှာ ကျွန်မ အကြိုက်ဆုံး စာ အမျိုးအစားကတော့ ၀တ္ထုတိုပဲ။ ဒီတော့ ၀တ္ထုတိုတွေ အဖတ်များပါတယ်။ ဒါကလဲ ကျွန်မ လက်လှမ်းမီ သလောက်ပေါ့။ အမျိုးသမီး တစ်ယောက်အနေနဲ့ လက်လှမ်းမီသလောက်၊ ဆရာဝန်တစ်ယောက် အနေနဲ့ အချိန်ပေးနိုင်သလောက်ပေါ့။

မြန်မာစာကို စပြီး ၀ါသနာပါတဲ့ အရွယ်ကတော့ ကဗျာ့ပန်းကုံး စာအုပ်၊ ကဗျာသီကုံးနည်း စာအုပ်တို့ က၀ိဘာရထီကျမ်းတို့၊ အဲဒါတွေကို လေ့လာကျက်မှတ်ခဲ့တယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု၊ ဘောလယ် ရေးနည်းတွေကို ဥဒါဟရုဏ်တွေနဲ့ ဖော်ပြထားတာ အလွန် စိတ်ဝင်စားခဲ့တာပေါ့။ အဲဒီ အထဲမှာ ကျွန်မ သဘောအကျဆုံး ကဗျာ အမျိုးအစားက ရတုပါ။ နတ်သျှင်နောင်ရဲ့ ရတုတွေ၊ ရဝေရှင်ထွေးရဲ့ ရတုတွေ၊ ဓာတုကလျာရဲ့ ရတုတွေနဲ့ န၀ဒေး ရတုတွေ၊ ဒါတွေ တော်တော်များများကို နှစ်သက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ခြောက်တန်း၊ ခုနစ်တန်း လောက်ကစပြီး ရတုစပ်နည်း ပေါင်းစုံကို စိတ်ဝင်တစား လေ့လာခဲ့တယ်လေ။ စကားပြေ အနေနဲ့ကတော့ မင်းပူး ဦးသြဘာသရဲ့ ဝေဿန္တရာ ဇာတ်တော်ကြီးပေါ့။

to be continued

6 comments:

Ko Paw said...

အဲဒီ ရှစ်ပုဒ်စလုံး ကျနော်ဖတ်ဖူးပြီး အားလုံးကိုလည်း ကြိုက်တယ်ခင်ဗျာ။

အဝေးဆုံးခရီးသို့ အနီးဆုံးအချိန် ဆိုရင် ဖတ်ရင်းနဲ့ ရင်ထဲမှာ ဆို့လာပြီး ငိုချင်လာမိတယ်။

ဂျူးက ကျနော်တို့နယ်သားလေ။ ကုန်းဇောင်းမှာ နေဖူးတယ်။ ကျနော်တို့ ရွာနဲ့ လေးရွာလောက်ပဲ ခြားတယ်။း-) (မဆီမဆိုင် ဂျူးအရောင်နဲ့ ၀င်ပြီး ပါးပြောင်ကြည့်တာပါဗျာ)

Rita said...

ဂျူး က ငါ့လိုပဲ အညာသူပေါ့ လို့ သူငယ်ချင်း အောက်သူ၊ ရန်ကုန်သူတွေကြား ကျွန်မလဲ မဆီမဆိုင် မဏ္ဍတ်တိုင် တက်တတ်ပါတယ် ကိုပေါရဲ့။
:)

နေဒေးသစ် said...

ဆရာမဂျူးကို အချစ်ဝတ္ထုရေး ဆရာမတစ်ယောက်လားလို့ ဦးဝင်းငြိမ်းက မေးတော့ ဆရာမဂျူးက သူ့ကို အချစ်ဝတ္ထုရေး ဆရာမလို့ နာမည်တပ်ရင်တော့ ပျော်ပျော်ရွှင်ရွှင် လက်ခံမိမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ် ... ဒါပေမယ့် ကျွန်တော်ကတော့ ဟုတ်တိုင်းမှန်ရာကို ဝန်ခံရရင် ယောကျာင်္းတစ်ယောက်ရဲ့ အချစ်တစ်ခုကို ပေါ့ပေါ့ပါးပါး ပုံဖော်တတ်ပြီး၊ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ အမြဲလေးလေးနက်နက် ဖော်ကျုးတတ်တဲ့ သူ့ရဲ့ စာပေလက်ရာကို သဘောကျမိလို့ပါပဲ ... ဆရာမဂျူးရဲ့ အချစ်ဝတ္ထုတွေ တော်တော်များများဖတ်ခဲ့ဖူးသလို ... အချစ်ဝတ္ထုလို့ သတ်မှတ်ပိုင်ခွင့်မရှိတဲ့ ဝတ္ထုတွေကိုလည်း အချိန်ယူပြီး လေ့လာခဲ့ဖူးပါတယ် ... ဆရာမဂျူးပြောတာ ကျွန်တော် လက်ခံပါတယ် ... သူ့ဝတ္ထုတစ်ပုဒ်ရဲ့ အနှစ်သာရဟာ အချစ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ခဲ့ဘူးဆိုရင်တောင် ဇာတ်လမ်းရဲ့အဆုံးကို စာဖတ်သူပါလာအောင် ခေါ်ဆောင်နိုင်ခဲ့တာချည်းပါပဲ .. ဒါကလည်း သူ့ရဲ့ ပါရမီလို့ပဲ ပြောရမလား .. အခွင့်ကြုံလို့ ဂျူးဝတ္ထုတစ်ချို့ထဲက ကျွန်တော်သဘောကျမိတဲ့ စာကြောင်းတစ်ချို့ကို ဒီနေရာကနေ ပြန်လည်ဖော်ပြချင်ပါတယ် ..

" အမှတ်တရ "

မောင်က လိုက်ခဲ့ဟု ခေါ်တုန်းကလည်း မောင့်ဘေးမှာ ကျွန်မပါသည်။ မောင်ကနေရစ်ခဲ့ဟု ဆိုပြန်တော့လည်း မောင်စိတ်အနှောင့်အယှက်ဖြစ်စေမည့် စာတစ်စောင် စကားတစ်ခွန်းမျှ မောင်မကြားရစေပဲ ကျွန်မငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါပဲ။အဲသည်အထိ ကျွန်မမောင့်ကို ချစ်မြတ်နိုးခဲ့ပါသည် မောင် ... ( စုစုထွေး ) -

" ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ "

ရှင့်ကို ကျွန် လိုအပ်ခဲ့တာမှ သည်းအသန်လိုအပ်ခဲ့တာ။
အသက်ရှုဖို့ လေကို လိုအပ်သလို လိုခဲ့တာ၊ အဲဒါ ရှင်အသိဆုံးပဲမဟုတ်လား၊ ဘာကြောင့်လဲဆိုတော့ အဲဒါတွေအားလုံး ဖြစ်အောင် ရှင်လုပ်ယူခဲ့တာလေ...
အခုတော့ ရှင်မရှိရင် ကျွန်မ အသက်မရှုတတ်တော့ဘူး ... ရှင်သိတယ်မဟုတ်လား..ဟင်... အဲလိုဖြစ်အောင် ရှင် တမင်လုပ်ခဲ့တာ .... ရှင့်ကိုပဲ သွေးရူးသွေးတန်း တွယ်တာနေတဲ့အချိန်မှာ ကျွန်မကို စကားတစ်ခွန်းတည်း နဲ့ ဖြတ်ရိုက်ပစ်ခဲ့တယ် ။
မင်းကို ကိုယ်ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူးတဲ့၊ရှင် အဲဒီစကားနဲ့ ကျွန်မကို အသေသတ်ခဲ့တာ၊
ဟုတ်တယ်....ရှင့်ဘ၀မှာ ကျွန်မ ရှိဖို့ မလိုဘူး....
ကျွန်မသိတယ်၊အဲဒီအတွက် ရှင့်ကို မကျေဘူး သိရဲ့လား၊ တစ်သက်လုံးမကျေဘူး။ ..... ( ရတနာ )

မိန်းမတစ်ယောက်ကို သူ အမှန်တကယ် ချစ်မြတ်နိုးမိသွားပြီဆိုတာကို ယောင်္ကျားတစ်ယောက် သိခွင့်ရတဲ့အချိန်ဟာ အဲဒီ မိန်းမ သူ့ဘ၀ထဲကနေ
ထွက်သွားပြီးတဲ့အချိန်ဖြစ်နေပြီ ... ( နေသန့် )


" လရဲ့အောက်ဘက်မိုင်အဝေးမှာ "

မိန်းမတွေဟာ တော်တော်ပြတ်သားတယ်ဗျ.... ကျွန်တော်တို့ ယောက်ျားတွေက
ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချ ချပေးတဲ့သူတွေအဖြစ် ဂုဏ်ယူနေကြတယ်။ ကိုယ့်ဆုံးဖြတ်ချက်
ကိုယ် မနိုင်မနင်းနဲ့ နောင်တပဲရတော့မလိုလို၊ ပြန်ပဲ ဘွာခတ်ရတော့မလိုလို တွေဝေနေတုန်း မိန်းမတွေက ကျွန်တော်တို့အတွက်ပါ ဆုံးဖြတ်ချက် ချပေးသွားတယ်
( နေရောင်ခန့် )

" ချစ်သူလား စံကားတပွင့်ပွင့်ခဲ့တယ် "

ငါကနင့်လို ရည်မှန်းချက်တွေလဲ မကြီးပါဘူး။ လောကကိုလည်း အများကြီးလဲ မပေးနိုင်ပါဘူး။ လောကဆီကလည်း အများကြီးမယူချင်ပါဘူး။ကိုယ်ချစ်တဲ့လူကိုတော့ ပျော်ရွှင်စေချင်တယ်။
စိတ်ချမ်းသာစေချင်တယ်။ သူစိတ်ချမ်းသာမယ်ဆိုရင် ငါဘာပဲလုပ်ရလုပ်ရလုပ်မယ်။ ဘယ်ကိုပဲ သွားရသွားရ သွားမယ်။ ငါ့ဘ၀တစ်ခုလုံးကို သူ့ကိုပေးချင်တယ်။ ခက်တာက ပေးချင်တိုင်း ပေးခွင့်မရှိသူကို မိန်းမလို့ခေါ်တယ် .... ( မေဇော်နု )

ဆင်ခြင်ဥာဏ်နဲ့ ဆန္ဒအကြား ပဋိပက္ခထဲမှာ လူတစ်ယောက်ဟာ တစ်ခါလောက်တော့
ဆုံးဖြတ်ချက်မှားခွင့် ရှိတယ်။ အဲဒီအမှားက ကိုယ့်ဘ၀ကို ဖျက်စီးပစ်လိုက်စေဦးတော့လေ ...
( မြဦးမေ )

လူတွေရဲ့ဘ၀မှာ တစ်ခုခုကို ရနိုင်တဲ့ အချိန်မှာ မယူခဲ့ဘူးဆိုရင် နောက်တစ်ခါရတဲ့အချိန်မှာ ဒါကို မယူသင့်တော့ဘူး .... ( ခွန်သာ )

ဒါတွေက ဂျူးဝတ္ထုတွေထဲက သဘောလည်းကျသလို အတွေးလည်း နဲနဲ များစေတဲ့ စာကြောင်းလေး တစ်ချို့ပါ .. အားလုံးလည်း တစ်ထိုင်တည်း မြည်းစမ်းလို့ ရအောင် ပြန်တင်ပေးလိုက်ပါတယ် ..
ဒီစာကြောင်းတွေကို ကြည့်ခြင်းအားဖြင့် ဆရာမဂျူးဟာ အချစ်တစ်ခုကို ရေးချယ်သီဖွဲ့တဲ့ အချိန်မှာ တော်တော် အနုစိတ်ပြီး ဘက်ပေါင်းစုံက ဟာကွက်မရှိအောင် ဖြည့်သွားနိုင်တာ တွေ့ရပါတယ် .. ဒါကြောင့် ကျွန်တော်က ဂျူးရဲ့ အချစ်ဝတ္ထုတွေကို တော်တော်လေး သဘောကျပါတယ် .. ဒါပေမယ့် အချစ်မဟုတ်တဲ့ ဝတ္ထုတွေကို ဖတ်ရမယ် ဆိုရင်တော့ ဆရာမဂျူးထက် ဆရာမ မစန္ဒာရဲ့ ဝတ္ထုတွေကိုပဲ ဦးစားပေးရွေးချယ်မိမယ်ထင်တယ် .. ကျွန်တော်က ဆရာမ မစန္ဒာ ရဲ့ ဇာတ်ကောင်အချင်းချင်း Link ချိတ် သွယ်ဆက်မှုကို ဂျူးရဲ့ စာအရေးအသားထက် ပို သဘောကျပါမိပါတယ် .... ကျေးဇူးတင်ပါတယ်။

ဖိုးစိန် said...

ကျနော်ပြုံးနေမိပါသည်
ကျနော်ဂျူးလဲကြိုက်သည်
မစန္ဒာလဲကြိုက်ပါသည်

မမရီတာပြန်တင်သုံးသပ်သောအင်တာဗြူးလဲဖတ်လို့ကောင်းသည်
ကိုဒေးပြန်လည်ဖော်ညွန်းခဲ့တော့ အချက်အလက်များသည်လဲကျနော် ဂျူးဖတ်စဉ်က
သဘောကျခဲ့သော စကားစုများဖြစ်ပါသည်
ကျေးဇူးတင်ပါသည်
အညာသူမလေးရီတာရေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Anonymous said...

NOTHING TO SAY.

Bino said...

မရီတာပြန်တင်သုံးသပ်သောအင်တာဗြူးလဲဖတ်လို့ကောင်းသည်
ကိုဒေးပြန်လည်ဖော်ညွန်းခဲ့တော့ အချက်အလက်များသည်လဲကျနော် ဂျူးဖတ်စဉ်က
သဘောကျခဲ့သော စကားစုများဖြစ်ပါသည်
ကျေးဇူးတင်ပါသည်

Same as above.
Thanks ကိုဒေး
Your all comments 1 to 8 are so details and nice.
I not yet read above 8 articles of Ju.
" ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ "
Read since 2001.

" ချစ်သူလား စံကားတပွင့်ပွင့်ခဲ့တယ် "
read since 2004.
All are good.

Thanks all.
Bino