Thursday, May 14, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၁၀)

(မနှင်းဖွေး ရဲ့ ၀တ္ထုတို - ညာဖက်က သရုပ်ဖော်ပုံလေးက ဒီနေရာ က အင်ဒရူး ၀ိုက်ယက် ရဲ့ Christina's World ဆိုတဲ့ ပန်းချီကား ကို ပြန်ဆွဲထားတာ ဖြစ်မယ်)

ယခင် post မှ အဆက် WN >>> စာရေးချင်တဲ့သူတွေ ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ လမ်းညွှန်ချင်ပါသလဲ။

Juu >>> စာရေးချင်တဲ့ သူတွေကို ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ ကျွန်မတော့ လမ်းမညွှန်လိုပါဘူး။ စာဆိုတာ များများဖတ်လေ ကောင်းလေပဲ။ ဘာသာရပ် အစုံ ဖတ်နိုင်ရင် ပိုကောင်းမှာပေါ့။ စာဖတ်များလာတာနဲ့ အမျှ၊ စာဖတ်သက် ရင့်လာတာနဲ့ အမျှ ဘယ်လို စာမျိုးကို ရွေးချယ် ဖတ်ရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ်။ ကိုယ်က ဘယ်လို -ism မျိုးကို သဘောကျသလဲ၊ ဘယ်လို ဒဿနမျိုးကို လေ့လာချင်သလဲ။ အဲဒီ အချက်အပေါ်မှာ မူတည်ပြီး ကြိုက်နှစ်သက်တဲ့ စာ အမျိုးအစား၊ ဖတ်တဲ့ စာ အမျိုးအစား ကွဲသွားမှာပဲ။ ကျွန်မ အမေက ကျွန်မကို ၀တ္ထုစာအုပ် ၂ အုပ်၊ ၃ အုပ် နဲ့ စတင်ပြီး
ဝတ္ထုစာပေနဲ့ မိတ်ဆက်ပေးလာတာကလွဲလို့ ကျွန်မကို ဘယ်လို စာမျိုး ဖတ်သင့်ကြောင်း လမ်းညွှန်ပြသ ပေးမယ့်သူ မရှိခဲ့ပါဘူး။ ကျွန်မ ဖတ်တဲ့စာတွေ များလာတာနဲ့ အမျှ တဖြည်းဖြည်း ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူ ရွေးချယ်လာခဲ့ရတာပါပဲ။ စာရေးချင်တဲ့ ဘယ်သူမဆို ကိုယ်တိုင် တဖြည်းဖြည်းချင်း လေ့လာယူဖို့ လိုပါလိမ့်မယ်။ ဖတ်ရင်းတဲ့ ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ စာတွေ တွေ့လာရင်လဲ မျက်နှာလွှဲတတ် လာပါလိမ့်မယ်။ အသက်အရွယ်၊ ဦးနှောက်ရဲ့ Capacity၊ လေ့လာမှတ်သားမှု ဉာဏ်၊ ကိုယ်ရွေးချယ်တဲ့ -ism ... အဲဒါတွေပေါ်မှာ မူတည်ပြီး စာဖတ်ကြတဲ့ လူတွေချည်းပါပဲ။

WN >>> ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထု တွေကို ဖတ်ဖူးပါသလား။ အဲဒီ ၀တ္ထုတွေ အပေါ် ဆရာမ ဘယ်လို မြင်ပါသလဲ။

Juu >>> ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို ကျွန်မ ကိုယ်တိုင် မရေးပေမယ့် စာဖတ်သူ တစ်ယောက် အနေနဲ့ အမြဲတမ်း စောင့်ဖတ်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု ကောင်းပြီဆိုရင် ခံစားမှု ၀တ္ထုကောင်း တစ်ပုဒ်ထက် ကာလ ကြာရှည်စွာ ဖမ်းစားထားနိုင်ပါတယ်။ ဥပမာ နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတွေကို ကျွန်မ သိပ်ကြိုက်တယ်။ ရေဆန်လမ်း နဲ့ နွေတစ်ည ကို ကျွန်မ မကြာခဏ ပြန်ဖတ်ပြီး ကိုယ်ပိုင် ၀ယ်သိမ်းထားလောက်အောင် ကြိုက်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု အများစုဟာ အဖြစ်အပျက်တွေကို ဓာတ်ပုံရိုက်ထားသလို ဖြစ်နေတဲ့ အတွက် ရုပ်လုံးကြွ မလာတတ်ဘူးလို့ ကျွန်မ ငယ်စဉ်ကတည်းက ထင်မြင်လာခဲ့တာကို နိုင်ဝင်းဆွေ ရဲ့ နွေတစ်ည ကတော့ ပယ်ဖျက်ပစ်လိုက်နိုင်တာပါ။ အခြေအနေ အမျိုးမျိုးနဲ့ အချိန်ကာလ အမျိုးမျိုးပေါ်မှာ မူတည်ပြီး လှုပ်ရှားသွာတဲ့ ခင်ဝေရဲ့ ဇာတ်ကောင်ကို ရုပ်လုံးကြွလာအောင် စာရေးဆရာက ကျွမ်းကျင်စွာ ဖွဲ့သွားတယ်လို့ ကျွန်မ မြင်တယ်။ ခင်ဝေရဲ့ ကလေးဆန်တဲ့ အပြုအမူ၊ သနားဖွယ်ရာ မသိတတ်မှု၊ မိခင်ဆန်တဲ့ ကရုဏာတရား၊ ပကာသန မက်မောမှု၊ ရုန့်ရင်းကြမ်းတမ်းမှု အဲဒါတွေကို စာရေးဆရာက ဘက်မလိုက်ဘဲ အကောင်းဆုံး ရေးပြသွားနိုင်တယ်။

ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို နိုင်ဝင်းဆွေရဲ့ ကျွန်မ အကြိုက်ဆုံး ၀တ္ထုတွေလောက်တော့ မခံစားရတာ အမှန်ပါပဲ။ ဒါပေမယ့်လေ ရသ ဖန်တီးနိုင်စွမ်းအား နည်းနည်း အားနည်းနေတာရယ်၊ တခါတလေ မလိုအပ်ဘဲ ဇာတ်ဆန်လွန်းတာတွေရယ် ကလွဲရင် အဆင့်အတန်းရှိတဲ့ ဘ၀ သရုပ်ဖော် ၀တ္ထုတွေက များပါတယ်။ ထပ်ခါထပ်ခါ တွေ့နေရတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိတယ်။ ဇာတ်မဆန် ဆန်အောင် ဇွတ် ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာ စာရေးဆရာ အများစုဟာ Realism လိုင်းကို ရွေးချယ်မှု များလာတာ တွေ့ရတယ်။ အဲဒါ ၀မ်းသာစရာပါပဲ။ တကယ်ယုံကြည်လို့ ရွေးချယ်ပြီး ရေးတာလား၊ Realism ရေးမှ အဆင့်အတန်း ရှိတယ် ထင်လို့ မယုံကြည်ဘဲနဲ့ ခပ်ယောင်ယောင် လိုက်ရေးတာလား၊ ကိုယ့် ကန့်သတ်ချက်နဲ့ ကိုယ် ချောင်ပိတ်မိပြီး မလှုပ်နိုင် မရှားနိုင် ဆက်ရေးနေရတာမျိုးလား ဆိုတာတော့ ဘေးလူ အနေနဲ့ ထင်မြင်ချက် မပေးကောင်းပါဘူး။

ကျွန်မကတော့ ကန့်သတ်ချက်တစ်ခုတည်း အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘောင် မခတ်ချင်ဘူး။ ပရိသတ်က စည်းတားပေးရင်လည်း တစ်ချိန်ချိန်မှာ ဖောက်ထွက်ဖို့ ကြိုးစားမိပါပဲ။ကျွန်မက လွတ်လပ်မှုကို မြတ်နိုးတယ်လေ။

WN >>> ရေမျောသီး လို
ဝတ္ထုမျိုးကို တော်တော်များများက ခံစားလို့ မရကြဘူး။ ခံစားမရကြခြင်းသည်ပင်လျှင် ဒီ ၀တ္ထုရဲ့ ဆိုလိုရင်းလား။

Juu >>> ဒါဆိုရင် ကိုဝင်းငြိမ်းကို ဒုတိယ အကြိမ် ၀မ်းနည်းစကား ပြောရဦးမှာပေါ့လေ။
ရေမျောသီးဆိုတာ Drifted Fruit ပေါ့။ ခိုတွယ်ရာ နေရာမရှိ၊ အချိန် အကန့်အသတ် မရှိ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ် အသီးခြောက် မဆို ရေမျောသီးပါပဲ။ အဲဒီ
ဝတ္ထုကို ရေးစဉ်က ကျွန်မရဲ့ စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျော နေခဲ့သလားတော့ မမှတ်မိဘူး။ ၀တ္ထုထဲက အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကိုတော့ ဆောက်တည်ရာမရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ။ ကျွန်မရဲ့ ဆိုလိုရင်းကို ပရိသတ်က ခံစားလို့ မရကြဘူး ဆိုတာကတော့ ကျွန်မရဲ့ presentation ညံ့လို့ပဲ ဖြစ်မှာပါ။

*****
ကျွန်မမှာ ရှိတဲ့ မဂ္ဂဇင်းထဲက အင်တာဗျူးကတော့ ကုန်သွားပါပြီး။ ပိတ်ရက်မှာ စာအုပ်ရှာလို့ ရတယ် ဆိုရင်တော့ ကျန်တာတွေ ထပ်တင်ပေးသွားပါမယ်။ ထင်ထားတာထက် ပိုပြီး စိတ်ဝင်စားကြတာ သိရလို့ ၀မ်းမြောက်မိပါတယ်။

ရေမျောသီး ကို ဒီမှာ ဖတ်နိုင်ပါတယ်။

နိုင်ဝင်းဆွေ ကိုတော့ ကျွန်မ တခါမှ မဖတ်ဖူးပါဘူး။ ရှိရင်လဲ မျှကြပါဦး။

10 comments:

Sein Lyan Tun said...

ပြီးသွားပြီးတယ်
ဖတ်ရတဲ့သူက ဆန့်တငံ့ငံ့ရယ်
ဘာရယ်မဟုတ် မရီတာရေးတာကိုသတိရလို့
ယူလာခဲ့တဲ့စာအုပ်အဟောင်းတွေကိုမွှေနေရဲ့

Bino said...

ဥပမာ နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတွေကို ကျွန်မ သိပ်ကြိုက်တယ်။ ရေဆန်လမ်း နဲ့ နွေတစ်ည ကို ကျွန်မ မကြာခဏ ပြန်ဖတ်ပြီး ကိုယ်ပိုင် ၀ယ်သိမ်းထားလောက်အောင် ကြိုက်ပါတယ်။
Thanks for sharing. I never read that interview between WN and Juu.
Juu likes နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတွေ.
I read all နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတေ.
There four novels,ရေဆန်လမ်း, နွေတစ်ည, send to Ma Thein Shin, Ma Hu Ya Myitar (Love of Black).
When I young, I also a crazy in နိုင်ဝင်းဆွေ.
ရေဆန်လမ်း is so struggle as a single who live in Rangoon.
His novels is restricted by Govt censorship.
Hover I like it.
Now, I know more and more why my character is same Juu ရဲ့ ဇာတ်ကောင်.
Last 20 years ago,I never care in my vicinity and society.
Now I reduced my bad behaviour.

ကျွန်မကတော့ ကန့်သတ်ချက်တစ်ခုတည်း အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘောင် မခတ်ချင်ဘူး။ ပရိသတ်က စည်းတားပေးရင်လည်း တစ်ချိန်ချိန်မှာ ဖောက်ထွက်ဖို့ ကြိုးစားမိပါပဲ။ကျွန်မက လွတ်လပ်မှုကို မြတ်နိုးတယ်လေ။

Same as me.
It confront to public society.
As you know Myanmar traditional is followed the ancient people.

However, I go through according to my right way that I thought.
Thanks a lot.
Bino

Bino said...

For all
Sorry for so many mistakes (spelling of words, grammar) in my comment.
Bino

Nge Naing said...

ကျွန်မ ဦးနိုင်ဆွေရေးတဲ့ နွေတညနဲ့ မဟူရာမေတ္တာ နှစ်အုပ်ဖတ်ဖူးပါတယ် ရေဆန်လမ်းတော့ မဖတ်ဖူးပါဘူး။ နွေတညက ဖဆပလခေတ်က လူနေမှုစနစ်ကို သရုပ်ဖေါ်ထားပြီး မဟူရာမေတ္တာက ပျူခေတ် ပိဿနိုးကျဆုံးခဲ့တဲ့ သမိုင်းကို နောက်ခံထားပြီး ပန်ထွာဘုရင်မအပေါ် အချစ်ကြီးချစ်ခဲ့တဲ့ မြို့စားလေးတယောက်ရဲ့ အချစ်ကို သရုပ်ဖေါ်ထားပါတယ်။ နှစ်အုပ်စလုံး သိပ်ကောင်းပါတယ် ဒါပေမယ့် နွေတညက စာအရေးအသားနဲ့ သရုပ်ဖေါ်တာ သိပ်ကောင်းပေမယ့် ၀ါဒရေးရာတွေ ပါနေလို့ သိပ်မကြိုက်ဘူး။ ဖတ်ပြီး သုတရသ အစုံခံစားရတဲ့ မဟူရာမေတ္တာကတော့ ကျွန်မဖတ်ဖူးတဲ့ ၀တ္တုစာအုပ်တွေ အထဲမှာတော့ အကောင်းဆုံးနဲ့ ကျွန်မအကြိုက်ဆုံး စာအုပ်ပါပဲ။ အဲဒီစာအုပ်ကို Burma Classes မှာ ရနိုင်တယ်လို့ ညီမတယောက်က လိပ်စာပို့ပေးဖူးတာ ကွန်ပြူတာ ပျက်တဲ့အချိန်နဲ့ ကြုံလို့ လိပ်စာပျောက်သွားတယ်။ နောက်ပြန်ရရင် C-Box မှာ ကျွန်မ လာရေးပေးထားမယ်။ ဒီဘလော့ဂ်ကို အခုမှ ရောက်ဖူးတယ်။ အားတဲ့အချိန် မကြာခဏလာဖတ်လို့ရအောင် Favorite List ထဲမှာ ထည့်ထားလိုက်ပါပြီ။ နောက်ဆိုရင် အားရင် အားသလို မကြာမကြာ လာဖတ်ဖြစ်တော့မယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော့်။

Rita said...

အားလုံး အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။ စိတ်ဝင်တစားရှိကြတာ အတွက်လည်း ၀မ်းမြောက်မိပါတယ်။

Ozzy said...

Here's the link of Naing Win Swe's MaHuYarMyittar'
http://shweone.files.wordpress.com/2008/09/naing_win_swe_mahuyar.pdf

Anonymous said...

စာရေးချင်သူတွေ ဘယ်လိုစာမျိုးကို ဖတ်သင့်သလဲ ?? ဒီမေးခွန်းက တော်တော်လေး ဖြေရကျပ်မယ် ထင်ပါတယ် .. ကျွန်တော့် အထင်ကတော့ လူတစ်ယောက်က ဘယ်လိုစာမျိုး ဖတ်သင့်ပါတယ်ဆိုတာ ဘေးလူတစ်ယောက်က အကြံပေးလိုက်ယုံနဲ့ အဲ့ဒီလူအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မသွားနိုင်ပါဘူး .. လူတစ်ယောက်နဲ့ တစ်ယောက် ခံစားမှုချင်း မတူနိုင်သလို ဘဝတန်ဖိုး ရှုမြင်မှုခြင်းလည်း တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ကြမယ် ထင်ပါတယ်..

ဥပမာ .. ကျွန်တော်တို့ ဒီ ပို့စ်တွေ မှာ ဝင်ရောက် ဆွေးနွေးသူတွေ ၊ ဒီပို့စ် ၁၀ ခုလုံးကို သေချာစိတ်ဝင်တစ်စား ဖတ်မိကြတဲ့ သူတွေဆိုတာ အနည်းနဲ့ အများတော့ စာရေးဆရာမ ဂျူးရဲ့ အရေးအသားကို လေးစားကြသူ သဘောကျကြသူ များပါတယ် .. ဒါပေမယ့် ကျွန်တော် အပြင်မှာကို တစ်ချို့က ဂျူးဆို လုံးဝ မဖတ်ကြသူတွေ၊ သဘောမကျကြသူတွေ၊ ယောကျာင်္းမကောင်းကြောင်း တစ်ဖက်သတ် အမြင်နဲ့ ရေးတတ်တဲ့ စာရေးဆရာမ တစ်ယောက်အနေနဲ့ ရှုမြင်ကြသူတွေ တော်တော်များများ တွေ့ခဲ့ဖူးပါတယ် .. ဒါက ကျွန်တော် ပြောချင်တဲ့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ချင်း မတူတာလို့ သတ်မှတ်လို့ ရနိုင်သလို ၊ တန်ဖိုးထားပုံချင်း ကွာခြားသွားတယ်လို့လည်း ဆိုနိုင်မယ် ထင်ပါတယ် .. အဲ့ကြောင့်မို့ လူတစ်ယောက် ဘယ်စာအုပ်မျိုးကို ဖတ်သင့်သလဲ ... ဒီမေးခွန်းက ဘေးလူတစ်ယောက်အနေနဲ့ တိုက်တွန်းဖို့အတွက် တော်တော်လေး အကျပ်တွေ့စေတာပါ .. ဒီမေးခွန်းအတွက် ကျွန်တော့် အမြင်ကတော့ ဆရာမဂျူးနဲ့ ထပ်တူကျမယ် ထင်ပါတယ် ... များများဖတ်ကြည့်ပါ ... ကိုယ် ကြိုက်နှစ်သက်တဲ့ စာ အမျိုးအစား၊ ဖတ်သင့်တဲ့ စာ အမျိုးအစား ကိုယ့်ဘာသာ တွေ့ရှိနိုင်ပါလိမ့်မယ် ထင်ပါတယ် ..

နောက်ဘဝသရုပ်ဖော် ဝတ္ထုနဲ့ ပတ်သတ်ရမယ်ဆိုရင် ကျွန်တော် ဆရာမ မစန္ဒာရဲ့ အရေးအသားကို တော်တော် သဘောကျပါတယ် .. သူ့အရေးအသားက ဂျူးလောက် မဖွဲ့နွဲ့ပါဘူး .. စာကြောင်းတိုတိုရှင်းရှင်းနဲ့ အချိတ်အဆက် ဇာတ်လမ်းဇာတ်ကွက် ဆင်မှုက တော်တော် ပညာပါပါတယ် .. နောက် ဂျာနယ်ကျော် မမလေး .. သူ့ဝတ္ထုတွေထဲကဆို မုန်း၍မဟူ၊ တွေးတစိမ့်စိမ့်၊ ရင်နင့်အောင်မွှေး ၊ သူလိုလူ ၊ သွေး ... ဝတ္ထုတွေကို တော်တော် သဘောကျမိပါတယ် ...

နောက်တစ်ခု ပြောစရာလေး ရှိတာက ကျေးဇူးတင်စကားပါ ...ဘလော့တစ်ခုမှာ စာရေးဖို့ ဆိုတာ အတိုင်းအတာ တစ်ခုအထိ စာရေးသူ ဘက်ကအချိန်ပေးရသလို ၊ အတိုင်းအတာတစ်ခု အထိလည်း စာဖတ်သူအပေါ်မှာ စေတနာ ထားကြရပါတယ် .. အခုလို အပိုင်း ( ၁ ) ကနေ စပြီး အပိုင်း ( ၁၀ ) ထိ အချိန်အတိုင်းအတာ ပမာဏ တစ်ခုအထိ ပေးပြီး စာဖတ်သူတွေ အပေါ် စေတနာထားခဲ့တဲ့ အတွက် စာရေးသူကို ကျေးဇူးတင်ရှိပါတယ် ဆိုတဲ့ အကြောင်း ဒီနောက်ဆုံး ပို့စ်လေးနဲ့ အတူ ပြောခဲ့ချင်ပါတယ် .. နောက်ထပ် နောက်ထပ် မွေးဖွားလာဦးမယ့် ပို့စ်အသစ်တွေနဲ့ အတူ အနာဂတ်တွေ့ရက်တွေမှာ ဆုံတွေ့ကြပါဦးစို့ ..
လေးစားမှုဖြင့်
နေဒေးသစ်

nyantharzaw said...

ကျွန်တော်လည်းဂျူးပရိတ်သတ်ပါပဲ။ဆရာမဂျူးစာအုပ်တွေကိုအကုန်လုံးနီးနီးကြိုက်သလိုအကုန်လုံးနီးနီးဝယ်ထားပါတယ်။ဆရာမကကျွန်တော့ရဲ့idealပါပဲ။ကျွန်တော်ရသစာပေနဲ့တွေ့ဆုံရတာဆရာမရဲ့စာအုပ်တွေကစတာပါပဲ၊ဒီအင်တာဗျူးအတွက်ကျေးဇူးပါ။နောက်ထပ်ဂျူးအင်တာဗျူးတွေရှိရင်တင်ပေးပါလို့တောင်းဆိုပါရစေ။ဆရာဟိန်းလတ်နဲ့ဆရာမဂျူးရဲ့အင်တာဗျူး၁ခုရှိပါသေးတယ်။မဟေသီမှာပါ။၁၉၈၉လောက်ကပဲ။စာပေအင်တာဗျူး၁နဲ့၂ဆိုပြီးစာအုပ်ပြန်ထုတ်ထားပါတယ်။ဂျူးအပြင်တစ်ခြားစာရေးဆရာတွေကိုဗျူးထားတာတွေကိုပြန်ထုတ်ထားတာပါ။ကျွန်တော်တောင်ပန်းဆိုးတန်းအဟောင်းတန်းကရှာဝယ်ထားတာပါ။ဆိုင်တွေပေါ်မှာမရှိပါ။အဲ့ဒီထဲမှာဆရာဟိန်းလတ်မေးထားတာတွေကောင်းသလိုဂျူးဖြေထားတွေလည်းကောင်းတယ်။ဝင်းငြိမ်းလိုထိခိုက်စေတဲ့မေးခွန်းမျိုးမပါပါဘူး။စာရေးသူရဲ့အယူအဆရေးရာတွေကိုမေးတာပါ။တိုက်ခိုက်တာမျိုးမပါပါ။တော်တော်လေးကောင်းပါတယ်။မဖတ်ရသေးရင်ရှာဖတ်ကြည့်ပါ၊online,blogတွေပေါ်မှာတော့မတွေ့မိပါ။စာအုပ်ပဲရှိတယ်ထင်ပါတယ်။ဖတ်ပြီးရင်ဒီလိုပဲကျေးဇူးပြုပြီးတင်ပါနော်။ကျန်တဲ့ဂျူးပရိတ်သတ်တွေလဲဖတ်ကြည့်စေချင်လို့ပါ။ကျွန်တော်ကရန်ကုန်ကပါ။မရေးဖူးလို့အမှားပါရင်ခွှင့်လွှတ်ပါ

nyantharzaw said...

ကျွန်တော်လည်းဂျူးပရိတ်သတ်ပါပဲ။
ဆရာမဂျူးစာအုပ်တွေကိုအကုန်လုံးနီးနီးကြိုက်သလိုအကုန်လုံးနီးနီးဝယ်ထားပါတယ်။
ဆရာမကကျွန်တော့ရဲ့idealပါပဲ။
ကျွန်တော်ရသစာပေနဲ့တွေ့ဆုံရတာဆရာမရဲ့စာအုပ်တွေကစတာပါပဲ၊
ဒီအင်တာဗျူးအတွက်ကျေးဇူးပါ။
နောက်ထပ်ဂျူးအင်တာဗျူးတွေရှိရင်တင်ပေးပါလို့တောင်းဆိုပါရစေ။
ဆရာဟိန်းလတ်နဲ့ဆရာမဂျူးရဲ့အင်တာဗျူး၁ခုရှိပါသေးတယ်။
မဟေသီမှာပါ။၁၉၈၉လောက်ကပဲ။
စာပေအင်တာဗျူး၁နဲ့၂ဆိုပြီးစာအုပ်ပြန်ထုတ်ထားပါတယ်။
ဂျူးအပြင်တစ်ခြားစာရေးဆရာတွေကိုဗျူးထားတာတွေကိုပြန်ထုတ်ထားတာပါ။
ကျွန်တော်တောင်ပန်းဆိုးတန်းအဟောင်းတန်းကရှာဝယ်ထားတာပါ။
ဆိုင်တွေပေါ်မှာမရှိပါ။
အဲ့ဒီထဲမှာဆရာဟိန်းလတ်မေးထားတာတွေကောင်းသလိုဂျူးဖြေထားတွေလည်းကောင်းတယ်။
ဝင်းငြိမ်းလိုထိခိုက်စေတဲ့မေးခွန်းမျိုးမပါပါဘူး။
စာရေးသူရဲ့အယူအဆရေးရာတွေကိုမေးတာပါ။တိုက်ခိုက်တာမျိုးမပါပါ။
တော်တော်လေးကောင်းပါတယ်။
မဖတ်ရသေးရင်ရှာဖတ်ကြည့်ပါ၊
online,blogတွေပေါ်မှာတော့မတွေ့မိပါ။
စာအုပ်ပဲရှိတယ်ထင်ပါတယ်။
ဖတ်ပြီးရင်ဒီလိုပဲကျေးဇူးပြုပြီးတင်ပါနော်
။ကျန်တဲ့ဂျူးပရိတ်သတ်တွေလဲဖတ်ကြည့်စေချင်လို့ပါ။
ကျွန်တော်ကရန်ကုန်ကပါ။
မရေးဖူးလို့အမှားပါရင်ခွှင့်လွှတ်ပါ

tututha said...

ဖတ်ဖူးပြီးသားအင်တာဗျူးတွေ ပြန်ဖတ်ရင်း ကွန်မန့်တွေကိုလည်း ပညာယူသွားပါတယ်။ နည်းနည်းလောက်တော့ ဝင်လက်ဆော့ လိုက်ဦးမယ် :P ၂၀၀၆ လောက်က ခရီးတခုအတူသွားရင်း မဂျူးကို ကျမ အလွတ်အင်တာဗျူး လုပ်ဖူးပါတယ်။ ဒီပေဖူးလွှာ အင်တာဗျူးနဲ့ဆို ၁၆ နှစ်လောက် ခြားပြီပေါ့နော်။ အဲဒီခရီးက တိုက်ဆိုင်စွာ အညာခရီး ဖြစ်နေတော့ လမ်းမှာ မဂျူးကို အများကြီး စပ်စုခဲ့တယ်။ ရေနံချောင်းကိုလည်း ကားက ဖြတ်သေးတာကိုး။ အစ်မက ကျမပွားသမျှ စိတ်ရှည်ရှည်ဖြေပါတယ်။ ပြီးတော့ အစ်မကို ကျမပြောမိတယ်။ အစ်မရဲ့ ဝတ္ထုတွေက ကျမရဲ့ လူငယ်ဘဝကို သိပ်လွှမ်းမိုးတာပဲလို့ .. ဘယ်လောက် လွှမ်းမိုးလဲဆို အညာသားကိုရည်းစား ထားခဲ့မိတဲ့အထိပဲလို့ .. အဲဒါ အစ်မ တရားခံ ဆိုတော့ အစ်မက “တကယ်လားဟဲ့” ဆိုပြီး မျက်ရည်ထွက်အောင် ရယ်ပါတယ်။ ဆိုလိုတာက လွှမ်းမိုးခဲ့တယ်ဆိုတာ ကိုပါ။ သူက ဘာပြောလဲ ဆိုတော့ အဲဒီဝတ္ထုတွေ (အမှတ်တရ၊ ကြာတော့သည်လည်း မောင့်စကား ... ဘလာဘလာပေါ့) ရေးတုန်းက သူအဲလိုလုံးဝကို ထင်မထားခဲ့ဘူးတဲ့။ ကျမရဲ့ စကားကို သူ တကယ်ကို အံ့သြတာလေ။ ခုအချိန်မှာ သူ့ကို ဦးဝင်းငြိမ်းကပဲ အင်တာဗျူးလုပ်ရင် သူ့အဖြေတွေက တမျိုး ဖြစ်ကောင်းဖြစ်နေမှာပါ။ တကယ်တော့လည်း အဲဒီတုန်းက ဝေဖန်ခဲ့ကြတဲ့ မိန်းကလေး ဘီယာသောက်တာတို့၊ living together တို့ ..ကန့်သတ်ကား ကြည့်တာတို့ တွေက ခုခေတ်မှာ ရယ်စရာကြီးတွေဖြစ်နေမှာပေါ့။ မဟုတ်ဘူးလား။ တချို့ဆို ဒီအင်တာဗျူးခုမှ ဖတ်မိပြီး ဟင် ဒီစာရေးဆရာမကြီးကလည်း ဒိတ်အောက် လိုက်တာ လို့တောင် ပြောချင် ပြောနေမှာ .. :P သေချာတာကတော့ ဂျူး ဆိုတာ ငြိမ်နေတဲ့ မြန်မာစာပေရေးစီးထဲ လှိုင်းထန်စေခဲ့တဲ့ လေပြင်းတချက် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကျမတော့ ခုလို အင်တာဗျူး အဟောင်းလေးတွေ ရှာဖွေတင်ပြပြီး ကိုယ့်ရဲ့ထင်မြင်ချက်တွေနဲ့ ဆွေးနွေးကြတာ သိပ် သဘောကျပါတယ်။ ဒါက ကလောင်ကြီးလို့ ငယ်လို့ ပေါက်စမို့လို ဘလော့မို့လို့ စာအုပ်မို့လို့ ရယ်လို့မဟုတ်ပါဘူး။ ဘယ်သူက ဘယ်သူ့ကိုရေးရေး ပုဂ္ဂိုလ်ရေး မထိခိုက်ရင် ရေးလို့ ရပါတယ်။ ကလောင်ငယ်ဆီက ပညာမယူရဘူးလို့ ဘယ်သူမှ မပြောထားပါဘူး .. မရီတာပြောသလို ဒါ မရီတာရဲ့ အခွင့်အရေးပါ။ အသုံးမကျတဲ့ ကလောင်ရင့်ကြီးတွေ အများကြီးရှိသလို မနေ့တနေ့ကမှ စာရေးပြီး အရမ်းကို ထက်တဲ့ ကလောင်တွေမှ အများကြီးလေ။ ဖတ်တယ်မဖတ်ဘူး ဆိုတာကတော့ စာဖတ်သူရဲ့ အခွင့်အရေးပေါ့။ နောက်တခုက (အထက်က ကွန်မန့်သို့) အင်တာဗျူးတဲ့သူကို ထိခိုက်စေတဲ့ မေးခွန်းမေးတယ်လို့ ပြောလို့မရပါဘူး။ ဖြေတဲ့သူ သိပ်တော်တဲ့အခါမှာ မေးတဲ့သူက အဲဒီလိုပဲ မေးရမှာ ပါ .. ဒါမှ စာဖတ်သူအတွက် ဖတ်ကောင်းတဲ့၊ အရသာရှိတဲ့ အင်တာဗျူး တပုဒ်ဖြစ်လာမှာပေါ့။ မဟုတ်ရင် မြှောက်ပင့်ပေးနေတဲ့ အင်တာမြှောက်ကြီး ဖြစ်သွားမှာပေါ့။ လက်ဆော့တာ များသွားပြီ ထင်တယ်။ ပေဖူးလွှာ တခေတ်ကို အရမ်း လွမ်းသွားပါတယ်။ ဝေဖန်တာ မဟုတ် .. လေကန်ရုံသက်သက်သာ ဖြစ်ပါကြောင်း .. ။