Sunday, May 10, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၄)

(မန္တလေး ဆေးကျောင်းမှာ ဂျူး တို့ထက် Senior ကျတယ် ဆိုတဲ့ ဆရာ နိုင်ဇော်ရဲ့ ၀တ္ထုတို)

ယခင် post မှ အဆက်

လက်မထပ်ချင်ဘူး၊ လက်ထပ်ရင်လည်း သားသမီး မလိုချင်ဘူး ဆိုတဲ့ အချက်ကိုလည်း မြန်မာမှုနဲ့ မညီညွတ်ဘူး လို့ ဝေဖန်ကြပါတယ်။ ဒီလို ဇာတ်ကောင်မျိုးကိုမှ မြန်မာစရိုက် မဟုတ်ဘူးလို့ မပြောရင် ဘယ်လိုဟာမျိုးကို ပြောမလဲ ဆိုတဲ့ အဓိပ္ပါယ်မျိုး ရေးကြတာ ဖတ်ရပါတယ်။ (အဲဒီ ဇာတ်ကောင်က "မိုးကုပ်စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း" ၀တ္ထုတို ထဲက ဆရာဝန်မ ထား ပါ။)

ဒီခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်မထပ်ဘဲ အဝေးကပဲ ချစ်နေချင်တာ ဘာများ မှားယွင်းပါသလဲ။ ဦးနှောက် ရှိတဲ့ လူတိုင်း၊ တာဝန် သိတတ်တဲ့ လူတိုင်း၊ တခါတလေမှာ အိမ်ထောင်ရေးကို စိုးရိမ် ထိတ်လန့်ကြတာ သဘာဝပါပဲ။ အိမ်ထောင်မှု ကိစ္စတွေနဲ့ နစ်မွန်းပြီး စက်ရုပ် ဖြစ်နေကြတဲ့ အိမ်ထောင်သည်တွေလည်း နည်းမှ မနည်းဘဲ။ မိန်းမ တစ်ယောက်ဟာ လက်ထပ်ရမှာကို ကြောက်ခွင့် မရှိဘူးလား။ လက်ထပ်ပြီး သားသမီး မွေးမြူ ပြုစုဖို့ကို ပိုပြီး ကြောက်ခွင့် မရှိဘူးလား။ တွေးကြည့်မယ် ဆိုရင် သားသမီး တစ်ယောက် ကြီးပြင်းလာတဲ့ အထိ တာဝန်ယူဖို့ ဆိုတာ အင်မတန် စွန့်စားရတဲ့ ကိစ္စကြီးပါ။ ကျွန်မတို့ဟာ အချိန် မတိုင်ခင် အစစ အရာရာ အဆင်သင့် မဖြစ်သေးခင် အိမ်ထောင်ပြုမယ်၊ အတိုင်းအဆ မရှိ သားသမီးတွေ မွေးမယ်။ ဘာတွေ ဖြစ်လာနိုင်သလဲ။

သားသမီး ဆိုတာ မွေးပြီးရင် ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ ကိုယ်သေတဲ့ထိ တာဝန် ယူကြရတာပဲ။ ပြုစုဖို့ မနိုင်နင်းဘဲ သားဆိုး သမီးဆိုးကလေးတွေ မွေးလာမှာနဲ့ စာရင် သားသမီး အတွက် ပြင်ဆင်ပြီးမှ အေးအေးဆေးဆေး ကလေးယူတာက သိပ္ပံနည်း မကျဘူးလား။ သူတို့ အတွက် အချိန်ပေးပြီး ဂရုတစိုက် control လုပ်ပေးနိုင်မှ၊ ကိုယ်လိုချင်တဲ့ ပုံစံမျိုး လမ်းညွှန်နိုင်မှ တန်ဖိုးရှိတဲ့ ကလေးတွေ ဖြစ်လာမယ်။ နိုင်ငံက အားကိုးရတဲ့
ကလေးတွေ ဖြစ်လာမယ်။ ဒီလို မဟုတ်ဘဲ ဘုရားပေးတာပဲ ဆိုပြီး သားသမီးတွေ ရသမျှ ယူကြ၊ ကျွေးမွေး ပြုစုဖို့ မတတ်နိုင်တော့ ကလေးတွေ ကလေကချေ ဘ၀ကို ရောက်ကြ...။

ဒီအဖြစ်မျိုးနဲ့ ယှဉ်တော့ လူလတ်တန်းစားတွေ သားသမီး တားတဲ့ ကိစ္စဟာ အံ့သြ ထိတ်လန့်စရာ မရှိပါဘူး။ သားသမီး အများကြီး ယူတဲ့ မြန်မာမှုမျိုး ကိုလည်း ကျွန်မ သဘောမကျပါဘူး။ ကျွန်မ သဘောကျတဲ့ မြန်မာမှု စရိုက် တစ်ခုကတော့ ကျွန်မတို့ မြန်မာ လူမျိုးတွေရဲ့ ကိုယ့်မိဘကို သေသည်အထိ လုပ်ကျွေးပြုစု စောင့်ရှောက် သွားလေ့ရှိတဲ့ ရိုးရာ လူနေမှု စနစ်ပဲ။ အဲဒါကို ကျွန်မ သိပ်သဘောကျ ချီးကျူးပါတယ်။

အော် နောက်ပြီးတော့ စီးကရက် သောက်တာကို မြန်မာမှုနဲ့ မညီဘူးလို့ ထောက်ပြတာ ဖတ်ရပါတယ်။
ဆေးပေါ့လိပ်ကို ဆေးလိပ်ခံခွက် အကြီးကြီးနဲ့ ခံပြီး အားရပါးရ ရှိုက်ဖွာမှ မြန်မာမှုလား။ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေဟာ ဆေးလိပ် သိပ်သောက်ကြပါတယ်။ အသက် ၅၀ ကျော်တဲ့ မြန်မာ အမျိုးသမီးကြီး ၁၀၀ မှာ ၆၀ ရာခိုင်နှုန်းလောက်က ဆေးလိပ် ကြိုက်တတ်ကြတာ တွေ့ရတယ်။ အဲဒီ အထဲမှာ ၂၀ ရာခိုင်နှုန်းက ငယ်ရွယ်စဉ် ကတည်းက ဆေးလိပ်သောက်လာခဲ့တယ်။ ပြောင်းဖူးဖက်၊ သနပ်ဖက် ဆေးပေါ့လိပ် အကြီးကြီးတွေကို သောက်ပြမှ မြန်မာမှုလား။ အမှန်အတိုင်း ပြောရရင် ကျွန်မ စီးကရက် မကြိုက်ပါဘူး။ သောက်လဲ မသောက်ပါဘူး။ ကျန်းမာရေး ရှုထောင့်ကနေ အမြဲ ကြည့်မိလို့လား မသိဘူး။ လုံးဝကို ရှုံ့ချပါတယ်။ ဘာဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်တယ် ဆိုတာ အဆုပ်နဲ့ ပတ်သတ်တဲ့ ရောဂါ တမျိုးမျိုးကို အရစ်ကျ ငွေချေ စနစ်နဲ့ ၀ယ်ယူနေတယ် လို့ပဲ သဘောထားပါတယ်။

ထားပါတော့လေ။
ကျွန်မ ၀တ္ထုထဲက ဇာတ်ကောင်စရိုက် character ဟာ မြန်မာ မဆန်ဘူး ဆိုတာကို အဲဒီ အချက်တွေနဲ့ ရှာဖွေ ထောက်ပြခဲ့ကြပါတယ်။ ကျွန်မက ဖြေရှင်းရတဲ့ အလုပ်၊ ရန်တွေ့ရတဲ့ အလုပ်ကို သိပ်မုန်းပါတယ်။ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့ ကိစ္စမှာတောင် ရေငုံနှုတ်ပိတ် နေတတ်တဲ့ အလေ့အကျင့် ရှိပါတယ်။
အခု နှစ်ပိုင်းတွေ အတွင်း မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ဂျူး ဆန့်ကျင်ရေး ဆောင်းပါတွေ အများကြီး ဖတ်ရပေမယ့် ကျွန်မ ဒီတိုင်း နေခဲ့တာပဲ။ ဝေဖန်ရေး ဆရာတွေဟာ စာဖတ်ပရိသတ်ကို လမ်းမှား မလိုက်စေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို အကြောင်းပြပြီး ဝေဖန် ထောက်ပြခဲ့ကြတာ မဟုတ်လား။ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ကျွန်မ ပိတ်ပင် ဟန့်တားစရာ၊ ငြိုငြင်စရာ အကြောင်း မရှိပါဘူး။
(စကားချပ်။ ။ ဂုတ်ကနေ ဆွဲခေါ်ပြီး ပြချင်မိ ပြန်ပြီ။)

ပြာပြမယ် ဆိုရင် တသီတတန်းကြီး။ ကျွန်မ မပြောပါဘူး။ အခုဟာကလဲ ကိုဝင်းငြိမ်း မေးလို့သာကိုး။ ကျွန်မ အနေနဲ့ မပြောရလို့လဲ မကျေမနပ် မဖြစ်ဘူး။ ပြောလိုက်ရလို့လဲ ကျေနပ် မသွားပါဘူး။ ဘာလုပ်မှာလဲ။ ဝေဖန်ဖို့က ဝေဖန်ရေး ဆရာတွေ ရဲ့ တာဝန်၊ စာတွေ ဆက်ရေးဖို့က ကျွန်မတာဝန်ပဲ။

*****

မပြောရလို့လဲ မကျေမနပ် မဖြစ်ဘူး။ ပြောလိုက်ရလို့လဲ ကျေနပ် မသွားပါဘူး။
အဲဒီ စကားလုံး ဘယ်လောက်ထိ မှန်နိုင်တယ် မှားနိုင်တယ် ဆိုတာထက် အဲဒီ စကားမျိုးကို ဝေဖန် ဆန့်ကျင်သူတွေ အပေါ် ကိုယ့်ဘက်က ဂုဏ်သိက္ခာ ရှိရှိ ပြန်ပြောလိုက်နိုင်တဲ့ အနေအထားကို ရအောင် ယူတတ်တဲ့၊ ဦးနှောက်ရှိတဲ့ ဂျူးကို ကျွန်မ များစွာ appreciate လုပ်ပါတယ်။

ဝေဖန်ရေးတိုင်းဟာ တိုက်ခိုက်ရေး မဟုတ်ပါဘူး။
ဒါပေမယ့် သူ့ခေတ် သူ့အခါမှာ ဂျူး ကြုံခဲ့ရတာတွေကတော့ အဆင့်မြင့်တဲ့ ဝေဖန်ရေး၊ သူရေးတဲ့ စာနဲ့ ထိုက်တန်တဲ့ ဝေဖန်ရေး မဟုတ်ပါဘူး။ ဥခွံထဲက ဝေဖန်ရေးမျိုး၊ အသားလွတ် ကဲ့ရဲ့ ရှုံ့ချ ထိုးနှက်တာမျိုးတွေ သာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် အောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်ပါစေ။ ကိုယ့် အဆင့်အတန်းကို သူတို့နဲ့ ညှိပြီး တုန့်ပြန်တယ် ဆိုရင်တော့ ဦးနှောက်မရှိရာသာ ကျပါလိမ့်မယ်။

[အဲဒီ ခေတ်အခါတုန်းက ဝေဖန်ရေးတွေကို ယောက်ျားရင့်မကြီးတွေ တန်မဲ့ နှုတ်သီးကောင်းကောင်းနဲ့ ကလေးကလား ပြန်ရန်တွေ့တတ်တဲ့ ဂုဏ်သရေရှိ (ဆိုတဲ့) စာရေးဆရာတွေရဲ့ တုန့်ပြန်စာတွေကို အလယ်တန်း၊ အထက်တန်း ကျောင်းသူ ဘ၀မှာ တအံ့တသြ ဖတ်ခဲ့ဖူးပါတယ်]

[ဒီခေတ်မှာတော့ မိန်းမရင့်မကြီးတွေ ဘလော့ဂ်ပေါ်မှာ လုပ်ပါတယ်။ ယောက်ျားတွေတုန်းကမှ ပြောပြီး ပြီးသွားသေး။ မိန်းမတွေကျ မပြီးဘူး။ သူက ပြောလည်း ပြောသေး။ ပြီးရင် မျက်ရည်လေး တစမ်းစမ်းနဲ့။ သူ့နှလုံးသားက ပါးပါးလေးမို့ပါတဲ့။ အနားကလူတွေကတော့ ပြာပြာသလဲ ၀ိုင်းချော့ပေါ့။ ဘေးက ပွဲကြည့် ကျွန်မကတော့ ရယ်ချင်ပက်ကျိ ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို ကောင်းကောင်းကို နားလည်သွားတော့တာပဲ။]

အဲဒါလေး ထည့်ဖို့ မေ့ကျန်ခဲ့တာ။ ခုမှ အပိုင်း (၈) ရေးရင်း သတိရလို့ ကောက်ဖြည့်လိုက်တယ်။ (12.5.2009 10:00 PM)

ဒီ post ကို တင်ဖို့ စဉ်းစားတုန်းကတော့ ဒီ အကြောင်းအရာတွေ မပါ ပါဘူး။
ရေးရင်းနဲ့ ဆက်စပ် သတိရမိတာတွေပါ။

ဘယ်လိုပဲ ပွဲဆူဆူ အချိန်တန်ရင်တော့ ပြီးစီး တိတ်ဆိတ်သွားမှာပါပဲ။ အချိန်တန်လို့ ပြီးသွားတယ် ဆိုတာနဲ့ပဲ အဝေဖန်ခံရသူက အမှန်၊ တိတ်ဆိတ်သွားတဲ့ ဝေဖန်သူက အမှား လို့ တထစ်ချ ပြောမရ နိုင်ပါဘူး။ အဖြစ် အပျက်၊ တုန့်ပြန်ပုံ ကို ကြည့်ဖို့တော့ လိုပါလိမ့်မယ်။ အရာရာ ပြီးသွားတဲ့နောက် ကိုယ့်လုပ်ရပ် (စကားလုံး) သမိုင်းကြောင်း ကတော့ ကျန်နေခဲ့မှာပါပဲ။

အောက်တန်းကျတဲ့ ထိုးနှက်မှုကို အောက်တန်းကျကျ ပြန်ရန်တွေ့မလား၊ ပညာရှိဆန်ဆန် ပြန်တုန့်ပြန်မလား ဆိုတာကတော့ ကိုယ့်မှာရှိတဲ့ ဦးနှောက် အဆင့်အတန်းရဲ့ ရွေးချယ်မှုပါပဲ။

ခံစားချက် ဆိုတာ ကတော့ လူတိုင်းမှာ ရှိပါတယ်။ ဂျူး ဟာလဲ ပုထုဇဉ်ပဲ။ သူ့ထိရင် သူနာမှာပဲ။ ဒါပေမယ့်လို့ ခံစားချက်ကို ထိန်းချုပ်နိုင်တယ် ဆိုတာဟာ ဦးနှောက်ရဲ့ စိတ်ရဲ့ အရည်အသွေးပါ။ ဒါကို သူ ပြသနိုင်ခဲ့တယ်။ ဒါကြောင့်လဲ သူ့ စာဖတ်ပရိသတ် ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။
(မှတ်ချက်။ ။ သူ့ ကိုယ်ရေးကိုယ်တာတွေတော့ ကျွန်မ မသိပါ။ သိရန်လည်း လိုတယ် မထင်ပါ။)

to be continued

6 comments:

နေဒေးသစ် said...

သားသမီးယူတယ်ဆိုတဲ့ ကိစ္စကတော့ အိမ်ထောင်တစ်ခုကို ထူထောင်ကြတော့မယ့်၊ ထူထောင်လိုက်ကြတဲ့ ဇနီးမောင်နှံတွေအတွက် သိပ်ကို အရေးပါပါတယ် ... ဆရာမဂျူးပြောခဲ့သလို ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီ အတွင်း အရောက် သွားနိုင်တဲ့ ခေတ်ကို ရောက်နေကာမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယာဉ်ကလေးနဲ့ သွားနေရင်တော့ ကျွန်တော်တို့ မြန်မာတွေ နောက်တကာ့နောက်မှာ ကျန်နေခဲ့ဖို့ပဲ ရှိပါတယ် .. မြန်မာတစ်ယောက်အနေနဲ့ မြန်မာမှုဆန်တဲ့ လိုအပ်တဲ့ ဓလေ့စရိုက်ကို ကိုယ်နဲ့ မကွာဆောင်ယူသွားရမှာ ဖြစ်သလို ... အတွေးအခေါ်ခေတ်နောက်ပြန်ဆွဲတတ်တဲ့ အယူအဆတွေကိုလည်း အားနာပါးနာပဲနဲ့ ဘေးချိတ်ထားခဲ့ရမှာပါပဲ .. ဝေဖန်ရေးဆရာတွေကိုတော့ အပြစ်မမြင်မိပါဘူး ... သူတို့တွေကို ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. ဘာလို့လဲဆိုတော့ အတိုက်အခံကြားက တိုးထွက်နိုင်မှ ဘဝဆိုတာ ပိုပြီးအရောင်တောက်လာနိုင်တာလေ .. ဂျူးဆိုတဲ့ ကလောင်တစ်ခု အရည်အသွေးနဲ့ ဖန်တီးနိုင်စွမ်း မြင့်သထက်မြင့်မားလာတယ်ဆိုတာကလည်း ဝေဖန်ရေးသမားတွေရဲ့ တွန်းအားတစ်စုံကြောင့်လို့ သုံးသပ်မယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး .. ဒီလိုအတိုက်အခံနဲ့ တွေးခေါ်နိုင်စွမ်းတွေ မြှင့်တင်ပေးနိုင်တဲ့ ပို့စ်မျိုးတွေ အတွက် ကျေးဇူးတင်ပါတယ် မ Rita ... အမေများနေ့နှင့်အတူ အမေ့ရဲ့ သားသမီးများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

Bino said...

ဒါပေမယ့် သူ့ခေတ် သူ့အခါမှာ ဂျူး ကြုံခဲ့ရတာတွေကတော့ အဆင့်မြင့်တဲ့ ဝေဖန်ရေး၊ သူရေးတဲ့ စာနဲ့ ထိုက်တန်တဲ့ ဝေဖန်ရေး မဟုတ်ပါဘူး။ ဥခွံထဲက ဝေဖန်ရေးမျိုး၊ အသားလွတ် ကဲ့ရဲ့ ရှုံ့ချ ထိုးနှက်တာမျိုးတွေ သာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် အောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်ပါစေ။ ကိုယ့် အဆင့်အတန်းကို သူတို့နဲ့ ညှိပြီး တုန့်ပြန်တယ် ဆိုရင်တော့ ဦးနှောက်မရှိရာသာ ကျပါလိမ့်မယ်။

[အဲဒီ ခေတ်အခါတုန်းက ဝေဖန်ရေးတွေကို ယောက်ျားရင့်မကြီးတွေ တန်မဲ့ နှုတ်သီးကောင်းကောင်းနဲ့ ကလေးကလား ပြန်ရန်တွေ့တတ်တဲ့ ဂုဏ်သရေရှိ (ဆိုတဲ့) စာရေးဆရာတွေရဲ့ တုန့်ပြန်စာတွေကို အလယ်တန်း၊ အထက်တန်း ကျောင်းသူ ဘ၀မှာ တအံ့တသြ ဖတ်ခဲ့ဖူးပါတယ်]
You are right.
I also read it in monthly of some magazines even I not yet read articles and novels of ဂျူး.
As per interview between ဂျူး and Win Nyien, my character is exactly same as ဇာတ်ကောင်မျိုး of ဂျူး.
Thanks for sharing.
Bino.

Yan said...

ခံစားချက်ကို ထိန်းချုပ်နိုင်တယ် ဆိုတာဟာ ဦးနှောက်ရဲ့ စိတ်ရဲ့ အရည်အသွေးပါအဲဒီ့စာသားကို ကျွန်တော် အရမ်းသဘောကျတယ် မအေးမြတ်ကို.


Y.

ပုလုကွေး said...

မရီတာတင်ထားတဲ့ မန်းလေး ဆေးကျောင်းက မဂ္ဂဇင်းစာအုပ်လေး မြင်မှ ကျတော်အိမ်မှာ မာမီလက်ဆောင်ရထားတဲ့ မန်းလေး ဆေးကျောင်းက စာအုပ်လေးကို သွားသတိရမိတယ်လေ။ အဲဒီစာအုပ်လေးမှာ ဂျူးရဲ့ ပထမဆုံး ဝတ်ထုတိုလေးကို ကျတော် ငယ်ငယ်လေးကတည်းက ဖတ်ခဲ့မိတာပေါ့။ အဲဒီစာအုပ်လေး အိမ်မှာ ရှိသေးရဲ့လားမသိ...နောက်ပိုင်းတော့ အဲဒီဝတ်ထုလေးကို ဝတ်ထုတို တွေ စုထုတ်တဲ့ စာအုပ်မှာ ပြန်ဖတ်ဖူးတယ်။။။

Rita said...

ဆေးမန်းက မဂ္ဂဇင်း မဟုတ်ဘူး ပုလုရဲ့။ အင်တာဗျူးပါတဲ့ ပေဖူးလွှာ မဂ္ဂဇင်းပါ။ ဒီ post series မှာ တင်တဲ့ မဂ္ဂဇင်းပုံတွေ မှန်သမျှ ပေဖူးလွှာချည်းပဲ။ ကိုယ့်မှာ မဂ္ဂဇင်း ဆိုလို့ ဒီတအုပ်ပါလာတာ။ :)

moe said...

ပညာရှိကြီးများ သိပ်လည်း အဝေဖန်မစောကြ
နဲ့ ဦးလေ စာရေးဆရာမဖြစ်ခင် စာရေးဆရာ ရင့်မကြီးတွေကို ဝေဖန်တာ တယ်တော့မတော် လှဘူး ကိုယ်တိုင်ဆို ဘယ်လို ခံစား၇မယ် ဘယ်လို ပြန်ပြောမိမယ်ဆိုတာမျိုးတွေးရတယ် ဟိုဆရာကြီး နေဒေးသစ်က အမြင်တွေ မှန်ဖို့ 
လိုနေသေးတယ် ကိုရေးတဲ့ စာတစ်ပုဒ်ကို အဝေ
ဖန်ခံနိုင်လောက်အောင် ရင့်ကျက်နေရင်လို့ 
ပြောရအောင် လဲ လက်တောက်လောက်လေး
တွေဆိုတော့ ခက်တယ် ဒီပိုစ့်ကိုတင်ပေးတဲ့ 
ဘလော့ပိုင်ရှင်က ဂျူးနဲ့ သူ့ ဝတ္တုတွေ
အကြောင်းကို သိစေချင်တာလား ဒါမှ မဟုတ်
ဂျူးရဲ့ အားနည်းချက်(ခင်ဗျားတို့ အထင်ပေါ့လေ) ဆိုတာတွေကို ဖော်ထုတ်ပြီး
ဆရာကြီးဟန်တွေနဲ့ ဝေဖန်ချင်တာလား နားမလည်ပါ ... နေဒေးသစ်က တောက် လျှောက်ဝေဖန်ပေးနေတော့ဆရာကြီး နေဒေး သစ်ပေါ့ ဗျာ အမြင် ကို အထင် တွေနဲ့  မပြောကြနဲ့  ... စာတွေကို သေချာ
ပြန်ဖတ် ပြန်မှတ် ပြန်တွေး ပြန်လေ့လာပြီး
သူ ဘာပေးချင်တာလဲလို့ ပြန်ကြည့်လိုက်
ခင်ဗျားတို့ ရေးနေကြတဲ့ စာတွေကရော ပရိတ် အမည်မခံ တဲ့ သူများကိုယ်တိုင် ဘာတွေ ရသွားသလဲဆိုတာ မသိဘဲနဲ့ တော့
မဝေဖန်နဲ့ ဦး အသေအချာလေး ပြန်တွေးကြ
ကိုယ်ပေးသမျှ ရမယ်မထင်နဲ့  ဒါကို ခေါင်းထဲ
ထည့်ကျုပ်ကတော့ စာမရေးတတ်ပါဘူး
ဒါပေမယ့် ပြောနေပုံတွေကြည့်ရတာ
စာပေဗိမ္ဗာန်စာပေဆုကြီးတွေရထားတာ ကျနေတာပဲ ဟဟ ရယ်စရာကြီး ဂျူးသာကြား ရင် သူ့ ရဲ့ ခွန်းအားကြီးတဲ့ 
စကားတွေကြားမှာ မျက်စိသူငယ် နားသူ
ငယ်နဲ့ ဖြစ်နေရမှာ ခင်ဗျားတို့ ပညာရှိကြီးများ
ဖြစ်မယ်ထင်ပါတယ် ရယ်စရာကောင်းတယ်
ဘလော့ပိုင်ရှင် ဒီလိုနဲ့ တော့ ပရိတ်သပ် အထင်တွေ ကြီးမလာပါဘူး လုပ်မနေပါနဲ့ 
နေဒေးသစ်လဲ လက်မကမြင်းနဲ့ ပေါ့
ကြီးလာပေမယ့် မရင့်သေး ရင့်လာပေမယ့် မမှည့်သေးတဲ့ အရွယ်မှာ ပါးစပ်ပိတ်ထား
တာကောင်းပါတယ် ကလေးတို့ ရယ်