Monday, May 11, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၆)

(ဘာရယ် မဟုတ်ဘူး။ ပုံတစ်ခုခု ထည့်ချင်တာနဲ့)

ယခင် post မှ အဆက်

တောက်တဲ့ ဆိုတာမျိုးက တွယ်မိရင် မခွာတော့ဘူး မဟုတ်လား။ နောက်ဆုံးမှာတော့ သူ အပြင် ခဏ သွားနေတုန်း အဆောင်စောင့် အဖိုးကြီးနဲ့ သူ့ သူငယ်ချင်းက သတ်ပစ်လိုက်သလား၊ ခြောက်ထုတ်လိုက်သလား မသိ၊ သူပြန်လာတော့ တောက်တဲ့ကြီးကို မတွေ့တော့ဘူးလို့ ပြောပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းက တော်တော် လန့်ဖို့ကောင်းတယ်။

"ဒီအဖြစ်ဟာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားဟင်" တဲ့။

ကျွန်မတို့ အဲဒီလို ပြောဆို ဆွေးနွေး၊ သူ့ကို နှစ်သိမ့်ပြီး လတွေ ရက်တွေ ကြာလာတော့ ကျွန်မ သူ့ကို အကြံပေးမိတယ်။ နင် ဒီအကြောင်းကို ၀တ္ထုရေးပါလားလို့။ အဲဒီတော့ သူက လက်ရှောင်တယ်။ သူ မနိုင်ဘူးလို့ ထင်တယ် တဲ့။ ကျွန်မ ရေးချင်ရင် ရေးပါလား လို့ ခွင့်ပေးပါတယ်။ ကျွန်မလည်း ရေးဖို့ သဘောတူလိုက်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အမေနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး ပါရမှာ ဆိုတော့ ကျွန်မ လက်တွန့်နေခဲ့တာပေါ့။ နောက်ဆုံးတော့ ကျွန်မ အားတင်းလိုက်တယ်။ ကျောင်းသူလေးရဲ့ နေရာမှာ ကျွန်မ ၀င်နေကြည့်တယ်။ ခက်တာက တောက်တဲ့ ဆိုတာကို ကျွန်မ တစ်သက်မှာ တစ်ခါမှ နီးနီးကပ်ကပ် မမြင်ဖူးဘူး။ ဒီတော့ တောက်တဲ့ ဆိုတဲ့ နေရာမှာ အခြား သတ္တ၀ါ တစ်ခုကို အစားထိုးဖို့ စဉ်းစားပါတယ်။

ဒီမှာ ကျွန်မ စဉ်းစားမိတာက မကွေးက မြွေ အလွန်ပေါတဲ့ အရပ် ဆိုတာပါပဲ။ နောက်ပြီး မြွေဟာ တောက်တဲ့ထက် ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်။ သူက ၀တ္ထုကို ပိုပြီး serious ဖြစ်စေလိမ့်မယ်လို့လည်း တွက်ပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ မြွေနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေ၊ နိုင်ငံခြား ၀တ္ထုတွေကို လေ့လာ ဖတ်ကြည့်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်ကို ကျွန်မ ဖြည့်ပြီး ဖန်တီး ယူလိုက်ပါတယ်။ အဲဒီ ၀တ္ထုကို ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချလိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ခြောက်လ၊ ခုနစ်လလောက် ကြာသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ၀တ္ထု ပြီးသွားခဲ့တယ်။ အဲဒီ ၀တ္ထုရေးရင်း ဘယ်နှစ်ကြိမ် မျက်ရည်ကျမိသလဲ ဆိုတာ မမှတ်မိဘူး။

စာရေးရင်း မျက်ရည်ကျရတဲ့ ၀တ္ထုဆိုလို့ နှစ်ပုဒ်ပဲ ရှိပါတယ်။
တစ်ပုဒ်က အမေ၊ တစ်ပုဒ်က အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန် ၀တ္ထုပါပဲ။

to be continued

2 comments:

Anonymous said...

ဝတ္ထုတစ်ပုဒ်ပဲဖြစ်ဖြစ်၊
ရိုးရိုးသာမာန် ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်တာပဲ ဖြစ်ဖြစ် ...
ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခုကို လက်ဆင့်ကမ်းချင်တာပဲ ဖြစ်ဖြစ် ...
ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစား အားထုတ်မှုကို ဖော်ပြချင်တာပဲ ဖြစ်ဖြစ် ..
တစ်ခြားသူ တစ်ယောက်ရဲ့ ခံစားချက်ကို လက်ဆင်ကမ်းချင်တာပဲ ဖြစ်ဖြစ် .. တစ်ဆင့်ခံရေးသားသူ သို့တည်းမဟုတ် ကိုယ်ပိုင်ရေးသားသူဟာ အတိုင်းအတာတစ်ခုထိ သူသိထားတဲ့ အကြောင်းအရာကို ထဲထဲဝင်ဝင် နားလည်သိရှိခံစားထားမိဖို့ လိုပါတယ် ..
ဒီပို့စ်ကို ဖတ်ရင်း ဂျူးပြောတဲ့ " ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချလိုက်ရတဲ့ ရက်တွေ ရှိပါတယ်။ " ဆိုတဲ့ စကားကိုတွေ့ရတော့ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် မဝံ့ရဲမှု ဆိုတာကို သွားတွေ့ရတယ် .. ဒီလိုခံစားမှုမျိုးက သူတစ်ယောက်တည်းတင်လား မဟုတ်ပါဘူး .. ဘလော့တစ်ခုကို အသက်သွင်းဖန်တီးထားတဲ့ စာရေးသူ တော်တော်များများမှာလည်း ဒီခံစားချက်ဆိုတာ ရှိပါတယ် ... သူတို့တွေကို အားပေးမယ့်သူရှိတယ် ဝေဖန်ကဲ့ရဲ့မယ့်သူရှိတယ် .. အားပေးတဲ့သူဆိုတာကတော့ စာရေးသူအတွက် အားဆေးတစ်ခွက် ဖြစ်ပြီး ဝေဖန်တဲ့သူတွေကျတော့ စာရေးသူအတွက် အဖော်ကောင်းတွေ ဖြစ်ပါတယ် ... သူတို့တွေကြောင့်ပဲ ခံစားချက်တစ်ခုကို ပီပြင်ပုံဖော်နိုင်စွမ်းတဲ့ စာရေးဆရာကောင်းတွေ အဆင်မပြတ် ပေါ်ထွက်လာကြတယ် ... အတွေးတစ်ခုနဲ့ ငြိမ့်ညောင်းပျော်ဝင်သွားစေနိုင်တဲ့ လက်ဆင့်ကမ်းပို့စ်လေးတွေအတွက် စာရေးသူကို ကျေးဇူးတင်ပါတယ်ဗျာ ...

Bino said...

Rita,
Thank for sharing.
If I write a comment for this post,
I will write by English same meaning of ကိုနေဒေးသစ်.
ကိုနေဒေးသစ်
Thanks for your reference your good comment.
My emotion due to read this post is same as you.