Sunday, May 10, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၅)


ယခင် post မှ အဆက်

WN >>> ဆရာမ ၀တ္တုတိုတွေကလည်း တစ်ပုဒ်ရေးရင် ရေးသလောက် လှုပ်လှုပ်ရှားရှား ဖြစ်တတ်ပါတယ်။ ဒါကလဲ ၀တ္ထုတိုကို ထိထိရောက်ရောက် ဖန်တီးတတ်တဲ့ ဆရာမရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ထင်ပါတယ်။ ဒီတော့ ၀တ္ထုတို တစ်ပုဒ်ရအောင် ကုန်ကြမ်း ဘယ်လို ရှာတယ် ဆိုတာက အစ ဘယ်လို ရေးရမယ် ဆိုတာ အထိ ဥပမာ တစ်ပုဒ်လောက်နဲ့ ပြောစေချင်ပါတယ်။

Juu >>>
ဒီနေရာမှာ ကျွန်မ ပြောချင်တာက ကုန်ကြမ်းရှာတယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျွန်မနဲ့ အံမ၀င်တဲ့ အကြောင်းပါပဲ။ ကျွန်မက ဆေးကုသတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ လူ ဆိုတော့ စာရေးတဲ့ အချိန်ဟာ ဆေးကုတဲ့ အချိန်နဲ့ စာရင် သိပ်ကို နည်းပါတယ်။ စာရေးဖို့ ကုန်ကြမ်းကိုလည်း ရှာစရာ မလိုဘူး။ ကျွန်မရဲ့ အာရုံထဲကို ၀င်လာတဲ့ အဖြစ်အပျက်ကလေး တစ်ခု၊ ခံစားမှု တစ်ခုကို အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ကျွန်မအတွက် ၀တ္ထုတို တစ်ပုဒ် ရလာပါတယ်။ ကျွန်မအတွက် အာရုံဝင်စားဖို့က တစ်လ ကြာချင် ကြာမယ်။ တစ်နှစ် ကြာချင် ကြာမယ်။ သူ့အလိုလို ပေါ်လာတာ မဟုတ်ဘဲ ရှာယူရတဲ့ ကုန်ကြမ်းမျိုးကို မူတည်ပြီး (အခု အချိန်ထိ) ၀တ္ထု မရေးတတ်သေးပါဘူး။ ဒီတော့ ကျွန်မ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ ၀တ္ထုတို တစ်ပုဒ် ဘယ်လို ရလာတယ် ဆိုတာမျိုးလေ။ ဘယ် ၀တ္ထု အကြောင်း ပြောကြမလဲ။

WN >>> ကျွန်တော် ပြောစေချင်တာကတော့ ပေဖူးလွှာမှာ ရေးခဲ့တဲ့ အမေ ၀တ္ထုပါ။

Juu >>> ကျွန်မ ရေးခဲ့သမျှ ၀တ္ထုတိုတွေထဲမှာ ၀တ္ထုတို ရေးနည်း အတတ်ပညာနဲ့ ပတ်သတ်ပြီး နှစ်သက် ကျေနပ်စရာ ဖြစ်ခဲ့သလောက် ကိုယ့်ဟာကိုယ် ပြန်ဖတ်ဖို့ ဘယ်တော့မှ စိတ်မရဲခဲ့တဲ့ ၀တ္ထုမျိုးရှိတယ် ဆိုရင် အဲဒါ "အမေ" ၀တ္ထုပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာ အမျိုးသမီး အများစုလိုပဲ ကျွန်မက အမေကို သိပ်ချစ်ပြီး၊ သိပ်အထင်ကြီးခဲ့တယ်။ ကျွန်မရဲ့ အမေက ထက်မြက်တယ်၊ ရဲရင့်တယ်၊ ဉာဏ်ကောင်းတယ်၊ ဟန်မဆောင်တတ်ဘူး၊ ရိုးသားပွင့်လင်းတယ်၊ ဘာပကာသနမှ မရှိတဲ့ ကျေးရွာနေ စရိုက် လက္ခဏာမျိုး ရှိတယ်။ အမေ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆုံးသွားတော့ အမေ့ အကြောင်းကို ၀တ္ထုရေးဖို့ တခါတခါ စိတ်ကူးရတယ်။ ဒါပေမယ့် ကျွန်မ အမြဲတမ်း နောက်ဆုတ်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်လက် ကိုယ်မယုံလို့ပဲ။ အမေ့ အကြောင်းကို သရုပ်ဖော်နိုင်လောက်အောင် ကျွန်မလက်က ထိုက်တန်ရဲ့လားလို့ အမြဲ သံသယ ရှိခဲ့ပါတယ်။ တချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရလာရင်တော့ ရေးဖြစ်မလား မသိဘူး။

ဒီနေရာမှာ အမေနဲ့ ပတ်သတ်နေတဲ့ အတွက် မဆီမဆိုင်ဘဲ ဖြတ်ပြောရဦးမယ်။ မနှစ်က ထုတ်တဲ့ မဂ္ဂဇင်းလား ဘာလား မမှတ်မိဘူး။ သိပ်မကြာသေးတဲ့ မဂ္ဂဇင်း အသစ်ထဲမှာစာရေးစရာ တစ်ယောက်က အမှတ်တရရဲ့ မကောင်းသတင်းတွေ ဆိုးကွက်တွေကို ကဗျာရှည် တစ်ပုဒ်နဲ့ ရှုပ်ချခဲ့ဖူးပါတယ်။ တစ်ပုဒ်လုံး အနေနဲ့ ဘာမှ မပြောချင်ပေမယ့် အမေနဲ့ ပတ်သတ်တာတော့ တိုက်ဆိုင်လို့ ပြောပြဦးမယ်။ အဲဒီ အထဲမှာ သူက အမှတ်တရ ၀တ္ထုမှာ အမေ ဆိုတဲ့ စကား လုံးဝ မပါတဲ့ အတွက် စာရေးသူကို ပြစ်တင် ရှုပ်ချ ကဲ့ရဲ့ ချင်တဲ့ သဘောမျိုး ရေးထားတယ်။ အမေ မွေးထုတ်ခဲ့လို့၊ အမေ ထောက်ပံ့ခဲ့လို့သာ တက္ကသိုလ်မှာ ပညာသင်နိုင်တာမို့ အမေ့ အကြောင်း လုံးဝ မပါတော့ အပြစ်ကြီး တစ်ခုလို့ သူ ဆိုချင်တယ်နဲ့ တူတယ်။
(စကားချပ်။ ။:D)


ဘာဆိုင်လဲ။
အမှတ်တရ မှာ ကျွန်မ ဖွဲ့ခဲ့တာက ချစ်သူ နှစ်ဦးရဲ့ အချစ်၊ သဘောတရား၊ အယူအဆ ဒါတွေပဲ မဟုတ်လား။ ဒီဝတ္ထုမှာ အမေအကြောင်းလဲ မလိုဘူး။ အဖေအကြောင်းလဲ မလိုဘူး။ ဗီလိန်လဲ မလိုဘူး။ သူတို့ချင်း ကွဲရတာဟာ မောင့်ဘက်က ချွတ်ယွင်းမှု၊ ပျက်ကွက်မှု တစ်ခုတည်းကြောင့်ပဲ။ ကြားလူဖျက်လို့ ပျက်ရတဲ့ ဇာတ်လမ်းမျိုးလဲ မဟုတ်ဘူးလေ။
ထားလိုက်ပါတော့ အဲဒီ အကြောင်း။

အခုန ပြောတဲ့ အမေ ၀တ္ထုမှာ ဇာတ်ကောင်ဆိုလို့ အမျိုးသမီးလေး တစ်ယောက်ပဲ ပါတယ်။ သူက မကွေးကောလိပ်မှာ ကျောင်းဆောင်နေတဲ့ ကျောင်းသူတစ်ယောက်လေ။ ဒီဇာတ်လမ်းရဲ့ မူရင်းကို ကျွန်မရဲ့ ညီမလေး ၀ိုင် ဆီက ရပါတယ်။ သူနဲ့ ကျွန်မက အိမ်မှာ အရင်းနှီးဆုံး၊ အပွင့်လင်းဆုံး သူငယ်ချင်းပေါင်း ပေါင်းတဲ့ ညီအစ်မပါ။ သူက ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့ တစ်နေ့တော့ ကျွန်မကို သူ့ အိပ်မက် အကြောင်း ပြောပြတယ်။ အမေ့ကို အိပ်မက်မက်တဲ့ အကြောင်းပေါ့။ အိပ်မက် မက်ပြီး နှစ်ရက် သုံးရက်အတွင်း သူ့အခန်း နံရံမှာ တောက်တဲ့ကြီးတစ်ကောင် ဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့တယ် လို့ပြောပါတယ်။ တစ်ခန်းတည်းနေ သူငယ်ချင်းရော သူရော ကြောက်လန့်ပြီး ခြောက်ထုတ်ဖို့ ကြိုးစားသတဲ့။ ဘယ်လို ခြောက်ထုတ်ထုတ် နေရာမရွေ့ဘဲ တွယ်ကပ်နေတာပဲတဲ့။

*****
တိုက်ဆိုင်မှုပါပဲ။ အမေနေ့မှာ အမေအကြောင်းပြောတဲ့ အပိုင်းကို တင်မိတယ်။ ကိုနေဒေးသစ် ပြောလို့ သတိထားမိတာပါ။ ကျွန်မဘာသာဆို အမေနေ့တွေ အဖေနေ့တွေ သူငယ်ချင်းနေ့တွေ ချစ်သူများနေ့တွေ သတိမထားမိတတ်ပါဘူး။ (ကျွန်မက gazetted holiday တွေပဲ သတိထားတာမို့။)
သတိရစေတဲ့ comment ပေးသွားတဲ့ ကိုနေဒေးသစ်ကို ကျေးဇူးတင်ပါတယ်။

အပေါ်က ပုံကို မြန်မာ အမေပုံ ထည့်ချင်ပေမယ့် ကျွန်မ လိုချင်တဲ့ ပုံစံမျိုး ရှာမရတာမို့ ကရုဏာတွေ ခံစားလို့ရတယ်လို့ ခံစားမိတဲ့ ပုံတစ်ပုံကို ထည့်ထားပါတယ်။ Google ကပဲ ရှာပါတယ်။

အဲဒီပုံက မေမေ (ငယ်ငယ်က) နဲ့တူတယ်။ (မေမေ့သမီးနဲ့လည်း တူတယ် :P)

to be continue

4 comments:

Anonymous said...

အမေအကြောင်းကို ဖတ်ရတော့ ဂျူးရေးတဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာကြောင်းတစ်ချို့ကိုတောင် သတိရခဲ့မိတယ် ...
" မေမေ
လောကကြီးမှာ ကြွေသွားတဲ့ ပန်းတွေအများကြီး
အဲဒီထဲမှာ ပန်းပြန်ပွင်တဲ့ပန်း မရှိဘူးလို့ထင်လား
တချို့ပန်းပွင့်တွေက တစ်စစီဖဲ့ချွေခံလိုက်ရပေမယ့် ပန်းပြန်ပွင့်နိုင်တဲ့ သတ္တိတွေရှိတယ် ..."
ကြယ်ကြွေတို့ရဲ့ အတောင်ပံ ဝတ္ထုထဲက စာကြောင်းတစ်ကြောင်းပါ ... ဂျူးပြောခဲ့သလို " အမေ့ အကြောင်းကို သရုပ်ဖော်နိုင်လောက်အောင် ကျွန်မလက်က ထိုက်တန်ရဲ့လား " ဆိုတဲ့ စကားက ဖြစ်သင့်ပါတယ် ... ဘယ်လောက်ပဲ အရေးအသား နူးညံ့ပြေပြစ်တဲ့ စာရေးဆရာကောင်း တစ်ယောက်ဖြစ်ပါလေ့စေ မိဘမေတ္တာကို ပြည့်စုံအောင် ဖွဲ့သီဖို့တော့ အနဲနဲ့အများ အခက်အခဲရှိပါတယ် .. ခက်ခဲပေမယ့် မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ပေးဆပ်နိုင်စွမ်းကို သူအတိုင်းအတာတစ်ခုထိတော့ " ကြယ်ကြွေတို့ရဲ့ အတောင်ပံမှာ " ဖော်ပြနိုင်ခဲ့တယ် ... မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်လို့ခေါ်မလား ?? ဒါမှမဟုတ် မိခင်တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းလို့ ခေါ်မလား ?? နောက်တစ်ပိုင်းကို စောင့်နေပါ့မယ် ...

Bino said...

ဝတ္ထုတို တစ်ပုဒ်ရအောင် ကုန်ကြမ်း ဘယ်လို ရှာတယ်
What is a meaning of ကုန်ကြမ်း ?
ကုန်ကြမ်း = raw materials
I understand that raw materials used
relating to or consisting of solid physical matter.

A novelist or author have written by taking their feelings, emotions related the appropriate environment.

I hate that word ကုန်ကြမ်း.
Do you have other available (appropriate) word.
Thanks for sharing.
Bino

Rita said...

ကုန်ကြမ်း ဆိုတာကတော့ ပြောရိုးပြောစဉ် ပြောလိုက်ကြတာလို့ ထင်ပါတယ်။ အဲဒီခေတ်ကာလမှာ နာမည်ကြီး စာရေးဆရာတချို့ရဲ့ စာရေးပုံ (Not writing style)၊ ကုန်ကြမ်းရှာပုံ တွေကလည်း အင်မတန် hot ဖြစ်တဲ့ အကြောင်းအရာကိုး။

ဒါပေမယ့် ကျွန်မ အမြင်တော့ ဒါ motivation, inspiration ပါပဲ။ စိတ်ခံစားမှုကို ဖြစ်ပေါ်စေမယ့် အရာတခုခုပေါ့။ ဒါကို တချို့က ရှာယူတယ် ဆိုတာကိုး။ အဲဒီ ရှာယူတယ်လို့ နာမည်ကြီးခဲ့တဲ့ စာရေးသူတွေရဲ့စာဟာ ဂျူးလောက်တော့ တင်မကျန်ခဲ့တာ သေချာတယ်။

ကျွန်မတော့ စာရေး စား တဲ့သူတွေကို အထင်မကြီးဘူး။ သူတို့ စာရေးစားလိုက်ပြီ ဆိုတာနဲ့ တပြိုင်နက် အရည်အသွေးဟာ ချက်ချင်းကျ သွားတော့တာပဲ။ ဒါမျိုး အဖြစ်အပျက်တွေ ဒီနေ့ခေတ်မှာလဲ အများကြီးပါပဲ။

တာရာမင်းဝေ တို့၊ မင်းခိုက်စိုးစံ တို့ စာတွေ နောက်ပိုင်း ဘာဖြစ်သွားသလဲ။ သူတို့ ပရိသတ် တစ်ယောက်ချင်းကို မေးကြည့်နိုင်ပါတယ်။ ဖြေကြပါလိမ့်မယ်။ ကျွန်မလည်း သူတို့ ပရိသတ် တစ်ယောက် (ဖြစ်ခဲ့ဖူးတာ) ပါပဲ။

Bino said...

Rita, Thanks for explanation.
I accepted above the words motivation, inspiration.
ကျွန်မတော့ စာရေး စား တဲ့သူတွေကို အထင်မကြီးဘူး။ သူတို့ စာရေးစားလိုက်ပြီ ဆိုတာနဲ့ တပြိုင်နက် အရည်အသွေးဟာ ချက်ချင်းကျ သွားတော့တာပဲ။
Your words is definitely right.
Most of writers said that the publisher pushed me, public reader demanded me to........

Thanks a lot.
Bino