Monday, May 11, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၇)



ယခင် post မှ အဆက်

WN >>>
မိုးသည်းတဲ့ ညတစ်ညမှာ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ရေးထားတဲ့ "သူမ၏ မိုး" ၀တ္ထုမှာ မိန်းကလေးရဲ့ စိတ်အခြေအနေက အဓမ္မ ကျင့်သွားတဲ့ လူကို စွဲနေတယ်လို့ ဆိုလိုတာလား။ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှု ရှိနိုင်ပါသလား။

Juu >>> သူမ၏ မိုး ၀တ္ထုမှာ အဓိပ္ပါယ် နှစ်ခွ တွေးယူလို့ ရပါတယ်။

မိုးမရွာဘဲနဲ့ ရွာတယ်လို့ ထင်တာ၊ မိုးခြိမ်းသံကို ကြားယောင်မိတာ၊ မိုးရဲ့ စိုစွတ်တဲ့ ရွှံ့မြေအနံ့ကို ရတယ်လို့ ထင်မိတာ၊ အဲဒါတွေဟာ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) တွေပါ။
Hallucination ကို Psychosis ရောဂါသည်တွေမှာ တွေ့ရလေ့ ရှိတယ်။ Psychosis ရောဂါသည်တွေထဲမှာ အများ သိကြပြီး ဖြစ်တဲ့ စိတ်ကစဥ့်ကလျား ရောဂါသည် (Schizophrenia) တွေ ပါဝင်ပါတယ်။ Paraphrenia ဆိုတဲ့ ရောဂါသည်တွေမှာလဲ Hallucination ရတတ်တယ်။ စိတ်ကယောင်ချောက်ခြား ဖြစ်လောက်အောင် ကြောက်လန့်နေတဲ့ Neurosis ရောဂါသည် တစ်ဦးမှာလည်း Hallucination ကို တွေ့ရတတ်ပါတယ်။ နောက်ပြီး အရက်၊ သို့မဟုတ် မူးယစ်ဆေးဝါး တစ်ခုခု စွဲနေတဲ့ ဝေဒနာသည်တွေမှာ အဲဒီ အရာကို ဖြတ်လိုက်တဲ့အခါ Hallucination ရတတ်ပါတယ်။

ဒီ ၀တ္ထုမှာ ဇာတ်လိုက် အမျိုးသမီးက သူ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိုးသည်းတဲ့ ည အကြောင်းကို ပြန်မတွေးချင်လောက်အောင် ကြောက်ရွံ့ ထိတ်လန့်နေခဲ့မယ်။ နောက်တစ်ခါ ပြန်ဖြစ်ပျက်မှာကို စိုးရွံ့နေခဲ့မယ်။ အဲဒီ စိတ် အခြေအနေမျိုးမှာ
Hallucination ရနိုင်ပါတယ်။ နောက်တစ်မျိုး စဉ်းစားစရာ ရှိတာက ဒီလူ့အပေါ်မှာ သူ့ရဲ့ သိစိတ် (Conscious Mind) က မုန်းတီး စက်ဆုပ်နေခဲ့ပေမယ့် မသိစိတ် (Subconscioius Mind) က စွဲလမ်းသွားတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဆိုတာ အလွန် ဆန်းကြယ်တဲ့ အရာပဲ မဟုတ်လား။ ဒါကတော့ ကြိုက်သလို လှည့်ပတ် တွေးယူဖို့ပါပဲ။

လူတွေမှာ မသိစိတ်ဆိုတဲ့ ဖုံးကွယ်မှုရဲ့ နောက်မှာ အမြဲတန်း ရှိနေတာပဲ။ ဒီတော့ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှုမျိုး ရှိနေနိုင်ပါတယ်။ အရေအတွက်အားဖြင့် အလွန်နည်းပါးသည့် တိုင်အောင်ပေါ့လေ။ ဥပမာ မိန်းမ တစ်ရာမှာ တစ်ယောက်နှုန်းပဲ ဖြစ်ဖြစ်ပေါ့။ စောစောက ပြောတဲ့ Subconscinous Mind ထဲမှာပေါ့။ ဆေးဘက်ဆိုင်ရာ စိတ်ပညာ အလိုအရတော့ ဒီအဖြစ်မျိုးတွေ အများကြီးပါပဲ။

*****
http://www.scribd.com

အဲဒီ link မှာ ဂျူးရဲ့ ၀တ္ထု တို/ ရှည် တော်တော်များများ တွေ့နိုင်ပါတယ်။ Search Box ထဲမှာ Juu ၊ဒါမှမဟုတ် ဂျူး၊ ဒါမှမဟုတ် Jue/ Ju စသဖြင့် ရိုက်ထဲ့ရုံပါပဲ။

ဒီ post အတွက် သူမ၏ မိုး နဲ့ အမေ ၀တ္ထုကို ရှာတာတော့ မတွေ့မိဘူး။

to be continued

7 comments:

Anonymous said...

ဖတ်သွားပါတယ်..

Anonymous said...

သူမ၏မိုး ဆိုတဲ့ ဝတ္ထုအကြောင်းကို ကြားတော့ မိုးသည်းညတစ်ခုမှာ အဓမ္မပြုကျင့်ခံလိုက်ရလို့ ဂယောင်ချောက်ခြား စိတ်ကဆင့်ကလျား ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ပြန်မြင်ယောင်လာမိတယ် .. စစ်မှန်တာကို ဝန်ခံရရင် ဂျုးကိုကြိုက်နှစ်သက်တဲ့ စာဖတ်ပရိတ်သတ် တစ်ယောက်အနေနဲ့ သူရေးတဲ့ ဝတ္ထုတို ၊ ဝတ္ထုရှည်တော်တော်များများကို သဘောကျမိပေမယ့် တစ်ချို့တစ်လေကိုလည်း သိပ်တော့ သဘောမတွေ့လှပါဘူး .. အဲ့ဒီ့သဘောမတွေ့လှတဲ့ ဝတ္ထုတစ်ချို့ထဲက တစ်ပုဒ်ကို ဖော်ပြပါဆိုရင်တော့ ဒီပို့စ်မှာ ပါတဲ့ သူမ၏မိုး ဆိုတဲ့ ဝတ္ထုကိုပဲ ဖော်ပြရမယ်နဲ့ တူပါတယ် .. ဒီဝတ္ထုမှာ အဓမ္မပြုကျင့်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) ကို အခြေခံပြီး ဇာတ်အိမ်တစ်ခု ဖွဲ့ခဲ့တယ် ... ဒါပေမယ့် ဝတ္ထုတစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်တော့ ဒီဝတ္ထုကနေ ပြောပြချင်တာက မိန်းမတစ်ယောက်ရဲ့ ဘဝမလုံခြုံမှုကို ပြောပြချင်ယုံ သက်သက်ပါပဲ .. အဲ့ဒီ့အကြောင်းအရာကို ပုံဖော်နိုင်ဖို့ သူအသက်သွင်း ဖန်တီးခဲ့တဲ့ ဇာတ်ကွက်က သိပ်တော့ အဆင်မပြေလှပါဘူး ... ဟာကွက်တွေ တော်တော်များများ ရှိနေပါတယ် .. ဒါကိုလည်း အပြစ်လို့တော့ ပြောလို့ မရပါဘူးလေ ... ဝတ္ထုတိုကိုး ... ဒါပေမယ့် စာဖတ်သူတစ်ယောက်အတွက် အကျိုးတော့ မယုတ်ပါဘူး ... သူ့ဝတ္ထုတစ်ခုလုံးမှာ စာဖတ်သူကို စာပိုဒ်တစ်လျှောက်လုံးပါအောင် ဆွဲဆောင်သွားနိုင်တဲ့ .. ညက်ညောပြေပြစ်တဲ့ စကားလုံးဖွဲ့စည်းမှုနဲ့ စကားပြေအရေးအသား အပြည့်အဝရှိတယ်လေ .. သူမ၏မိုး ဝတ္ထုကို ဒီလင့်လေးကနေ ဒေါင်းလုပ်ချ ဖတ်ကြည့်နိုင်ပါတယ် .. http://www.mysuboo.com/index.php?option=com_book&page=details&id=980 ... အောင်မြင်ပျော်ရွှင်ပါစေ ..
နေဒေးသစ်

သက်ပိုင်သူ said...

သူမ၏ မိုကးကတော့ ကျွန်တော် အကြိုက်ဆုံးပါပဲ.... မိန်းမတစ်ယောက်ရဲ့ မလုံခြုံမှုဘ၀ထက် လူတစ်ယောက်ရဲ့ စွဲလန်းမှုစိတ္တဇကို စာရေးသူက ဖွဲ့ ချင်တာ ဖြစ်ပါလိမ့်မယ်။ မိန်းမတစ်ယောက်ရဲ့ မလုံခြုံမှုကို ရေးချင်ရင်တော့ တခြား အကြောင်းအရာတွေ ရေးနိုင်ပါတယ်။။ ဒါပေမယ့် သူမ၏မိုးမှာတော့ ဒီလို မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူမရဲ့ မသိစိတ်နဲ့ စွဲလန်းသွားတာ အကြိုက်ဆုံးပဲ။ တော်တော် ထူးခြားတဲ့ ၀တ္တုတစ်ပုဒ်ပဲဗျ

မလိခ said...

ကျွန်မကတော့ မှတ်ဥာဏ်သိပ်မကောင်းတော့ ၀တ္တုနာမည်တွေကိုမမှတ်မိတတ်ဘူး... သူနဲ့မတော်လို့ သိမ်းထားရာက အလှူနေ့မှာ ထုတ်စီးရင်း ပျောက်သွားတဲ့ ဖိနပ်လေးအကြောင်းရေးထားတဲ့ ၀တ္တုတိုလေးကိုတော့ ကြိုက်တယ်... ဒီအင်တာဗျူးကို မျှဝေတာကျေးဇူးပါ.. ကျွန်မလဲ ဂျူးပရိတ်သတ်ပါ..

ပုလုကွေး said...

ဟ ဟ ကျတော့်မှာ hard copy ရှိတယ်လို့ ကြွားမလို့..ကိုနေဒေးသစ်က ဆော့ကော်ပီလင့်ကို ပြောလိုက်တော့ ကျေးဇူးတင်သွားတယ်ဗျာ။ ကျတော်လဲဒေါင်းလို့ရတာပေါ့။ ကျတော်ကတော့ သူမ၏မိုး ကိုတော်တော်လေးကြိုက်တယ်။ အကြိုက်ဆုံးတွေထဲက တစ်ခုပေါ့ဗျာ။ ဆရာမဂျူးရဲ့ အတွေးတွေ အရေးအသားတွေ ကို ကြိုက်ပါတယ်။

Bino said...

Rita
I still not yet read "သူမ၏ မိုး" .
Thanks for sharing.

ကိုနေဒေးသစ်
Thanks for sharing a link.

Rita said...

ကိုယ်လဲ ဒီဝတ္ထုဟာ ဂျူးရဲ့ ဆရာဝန် အတွေ့အကြုံတွေကို အနုပညာနဲ့ ဖန်တီးပြခဲ့တယ်လို့ပဲ ယူဆမိတယ်။

မိန်းမတစ်ယောက်ရဲ့ ဘ၀ကို Hallucination နဲ့ ပေါင်းစပ်ပြတယ် ဆိုတာထက် Hallucination ဖြစ်စဉ် တစ်ခုအကြောင်းကို ဇာတ်လမ်း ဇာတ်ကွက်တစ်ခု ထည့်ပြီး ဖန်တီးခဲ့တယ် လို့ ထင်မိပါတယ်။ အဓိက အကြောင်းအရာဟာ Hallucination လို့ပဲ မြင်ပါတယ်။

သပသ ပြောသလို မသိစိတ်နဲ့ စွဲလမ်းတယ် လို့ တထစ်ချ ယူဆတာထက်လည်း ဟိုလိုလား ဒီလိုလား

နှစ်ခွ တွေးရတာက ပို အရသာရှိစေမယ် ထင်တယ်။ မသိစိတ်ဆိုတာက ကာယကံရှင် ကိုယ်တိုင်တောင် ဖြူသည် မည်းသည် သေချာ မသိနိုင်စကောင်းတဲ့ အရာ မဟုတ်လား။

ပြီးတော့ နှစ်ခြိုက်လို့ စွဲလမ်းတာမဟုတ်ဘဲ ကြောက်ရွံ့မှုနဲ့ စွဲလမ်းတာကနေ Hallucination ဖြစ်တယ်။

အဲဒီကနေ မသိစိတ်မှာ နှစ်ခြိုက်မှု ပြန်ဖြစ်သွားနိုင်သလား ဆိုပြီး စာဖတ်ပရိသတ်ကို ဆက်တွေးစေတယ်လို့ ထင်ပါတယ်။

ကိုယ်လည်း ဒီဝတ္ထုကို နှစ်ခြိုက်ပါတယ်။ အရေးအသား၊ အကြောင်းအရာ၊ တင်ပြပုံ အစစ ကောင်းမွန်တယ် လို့ထင်မိပါတယ်။ အကြိုက်ဆုံးတော့ မဟုတ်ဘူး။ကိုယ်အကြိုက်ဆုံးက "ချစ်ခြင်း၏ အနုပညာ"။

ကိုနေဒေးသစ် အမြင်ဟာလဲ စိတ်ဝင်စားစရာပါ။ ဖြစ်နိုင်ရင် ဒီ blog က comment page မှာပဲ ဖြစ်ဖြစ်၊ ကိုနေဒေး blog မှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင် အမြင်လေး ဆက်ရေးစေချင်ပါတယ်။ အရာဝတ္ထုတစ်ခုကို သူများ မျက်လုံးတွေ ငှားပြီး ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။