Monday, May 25, 2009

လူကြုံ အရေးတကြီး !!!




စာအုပ်တစ်အုပ် (5 lb ခန့်) မြန်မာပြည်သို့ ထည့်ပေးလိုက်ချင်ပါသည်။
မြန်မာပြည်ရောက်လျှင် အိမ်တိုင်ရာရောက် လာယူပါလိမ့်မည်။

(ပိုက်ဆံ သိပ်မကုန်နိုင်ဘူး ဆိုလျှင်တော့ Agent နဲ့ပဲ ပို့ပါမည်။)



Saturday, May 16, 2009

The Plague by Albert Camus

(Albert Camus)

ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" ဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုဆိုရင် "ပလိပ် "ကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
Q. How contrive not to waste one's time? (အချိန်ကို မဖြုန်းတီးမိအောင် ဘယ်လို ဖန်တီးမလဲ)
A. By being fully aware of it all the while. (တချိန်လုံး သိနေအောင် လုပ်ရမယ်)

Everybody knows that pestilences have a way of recurring in the world;
yet somehow we find it hard to believe in ones that crash down on our heads from a blue sky.
(ကပ်ရောဂါများသည် ကမ္ဘာပေါ်တွင် အကြိမ်ကြိမ် ပြန်၍ ဖြစ်တတ်သည်ကို လူတိုင်း သိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ထံသို့ မိုးပေါ်က ကျလာသလို ဆိုက်ရောက်လာတတ်သည့် ကပ်ရောဂါများကိုမူ ယုံကြည်ရန် ခဲယဉ်း၍ နေတတ်ပြန်သည်)

There have been as many plague as wars in history; yet always plagues and wars take people equally by surprise.
(လူ့သမိုင်းတလျှောက်တွင် စစ်ကြီးများ ဖြစ်ပွားခဲ့သလောက် ပလိပ်ကပ်များလည်း ဖြစ်ပွားခဲ့သည်သာ။ သို့စဉ်လျက် ပလိပ်ရောဂါနှင့် စစ်ကြီးများ ဖြစ်လာသောအခါ လူအများမှာ အံ့အားသင့်ကြရမြဲ ဖြစ်လေသည်)

When a war breaks out, people say: 'It's too stupid; it can't last long.'. But though a war may will be 'too stupid', that doesn't prevent its lasting.
(စစ်ကြီးတစ်ခု ဖြစ်ပွားပြီ ဆိုလျှင် လူအများက 'အလွန် မိုက်မဲသော အမှုဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ' ဟု ဆိုတတ်ကြသည်။ သို့ရာတွင် စစ်သည် မိုက်မဲမှုပင် ဖြစ်စေဦးတော့ မိုက်မဲမှု ဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ဟူ၍တော့ မဆိုနိုင်)

Stupidity has a knack of getting its way; as we should see if we were not always so much wrapped up in ourselves.
(မိုက်မဲမှုမှာ သူ့နည်းသူ့ဟန်နှင့်သူ သက်ဆိုးရှည်၍ နေတတ်သည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိစ္စကလေးများနှင့်ကိုယ် ရစ်ပတ်သိုင်းခြုံ၍ချည်း မနေကြလျှင် သိမြင်နိုင်ကြပါလိမ့်မည်။)

No one will ever be free so long as there are pestilences.
(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)

When a man is a doctor, he comes to have his own idea of physical suffering, and to acquire somewhat more imagination than the average.
(လူတစ်ယောက်သည် ဆရာဝန်ဆိုလျှင် ခန္ဓာကိုယ်၌ ဖြစ်သည့် ဝေဒနာကို သူ့အမြင်နှင့်သူ သိတတ်လာသည်။ ဤအကြောင်းကြောင့်ပင် သူသည် လူသာမာန်တို့ထက် ပိုပြီး စိတ်ကူးနှင့် ထင်မြင်ကြည့်တတ်သည်)

He tried to recall what he had read about the disease.
(ရေး သည် ဤရောဂါအကြောင်း သူဖတ်ဖူးသမျှကို ပြန်၍ စဉ်းစားနေသည်)

Figures floated across his memory, and he recalled that some thirty or so great plagues known to history had accounted for nearly a hundred million deaths.
(သူ၏ မှတ်ဉာဏ်ထဲတွင် ကိန်းဂဏန်းများ ပေါလောပေါ်လာကြသည်။ လူ့သမိုင်းစဉ် တလျှောက် ဖြစ်ပွားခဲ့သည်ဟု သိရသော ပလိပ်ကပ်ကြီး ၃၀ ခန့်တွင် လူသန်းပေါင်း တစ်ရာနီးပါး သေခဲ့သည်ဟု စာရင်းပြသည်)

But what are a hundred million deaths?
(သို့ရာတွင် သန်းတစ်ရာ သေသည် ဆိုသည်မှာ ဘာဆန်းသနည်း)

When one has served in a war, one hardly knows what a dead man is, after a while.
(စစ်ကြီးတစ်ခုတွင် ၀င်၍ အမှုထမ်းဖူးလျှင် ခဏကြာတော့ လူသေသည် ဆိုသည်မှာ ဘာမှ မဆန်းတော့)

And since a dead man has no substance unless one has actually seen him dead, a hundred million corpses broadcast through history are no more than a puff of smoke in the imagination.
(သေသည်ကို ကိုယ်တိုင် မမြင်ရလျှင် သေသူ ဆိုသည်မှာ ဘာအကောင်အထည်မှ ရှိသည် မဟုတ်၍ လူ့သမိုင်း တလျှောက်လုံး၌ သေခဲ့ကြသည့် လူသန်းတစ်ရာ ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ကူးထဲတွင် ဆေးလိပ် မီးခိုးကလေး တစ်ကွက်ပမာ အတွေးကလေး တစ်ခုမျှသာ ဖြစ်သည်)

In fact, our suffering was twofold; our own to start with, and then the imagined suffering of the absent one, son, mom, wife, or mistress.
(ကျွန်ုပ်တို့၏ ဝေဒနာမှာ နှစ်မျိုးဖြစ်သည်။ တစ်မျိုးက ကျွန်ုပ်တို့က တမ်းတရသည့် ဝေဒနာ၊ နောက်တစ်မျိုးက ကျွန်ုပ်တို့နှင့် ကွေကွင်းနေကြရသော သား၊ သမီး၊ ဇနီးမယား၊ ရည်းစား စသည်တို့၏ စိတ်သောက ဝေဒနာကို တွေးပြီး ရင်နာရသည့် ဝေဒနာ)

They came to deplore their ignorance of the way in which that person used to spend his or her days, and reproached themselves for having troubled too little about this in the past, and for having affected to think that, for a lover, the occupations of the loved one when they are not together could be a matter of indifference and not a source of joy.
(ယခု ကွေကွင်းနေရသည့် ချစ်သူသည် ယခင် အချိန်များက မည်သို့နေ၍ မည်သို့ ထိုင်တတ်ခဲ့သည်ကို သိအောင် ဂရုစိုက်မှု နည်းလွန်းခဲ့သည့်အတွက်လည်းကောင်း၊ ချစ်သူတစ်ယောက်အဖို့ သူနှင့် အတူတကွ မရှိသည့်အချိန်တွင် သူ့ချစ်သူ ဘာတွေ လုပ်နေသည် ဆိုသည်မှာ အမှတ်မထင်ကိစ္စ၊ စိတ်ပျော်ရွှင်ဖို့ အကြောင်းရင်းလည်း မဟုတ်ဟု အထင်ရှိခဲ့မိသည့်အတွက် လည်းကောင်း မိမိကိုယ်မိမိ အပြစ်တင်၍ နေမိတတ်သည်)

The Plague by Albert Camus
Translated into Myanmar by Htin LinTranslated into English by Stuart Gilbert

*****

ဂျူး အကြောင်းကိုရေးရင်း အရှိန်ရလာပြီး စာအုပ်တွေအကြောင်းကို ရေးချင်လာမိတယ်။

ကမူး (Camus) ကို စဖတ်ဖြစ်တော့ 1994 လောက်မှာပါ။ ပထမဦးဆုံး ဖတ်ဖြစ်တဲ့စာအုပ်က The Outsider (
L'Étranger) ပါ။

ကျွန်မ ကြိုက်တဲ့ စာအမျိုးအစားက A J Cronin ရေးတဲ့ ၀တ္ထုမျိုးတွေ ဖြစ်ပါတယ်။
ဒါကြောင့် Outsider ကို မကြိုက်ဘူး။
Jonathan Livingston Seagull ကို မကြိုက်ဘူး။
The Old Man & the Sea ကို မကြိုက်ဘူး။
Ward Six ကို မကြိုက်ဘူး။
ကျွန်မက လက်တွေ့ဘ၀ကို တိုက်ရိုက် ထင်ဟပ်ပြီး ဖွဲ့ဆိုတာတွေကိုပဲ ကြိုက်တယ် ထင်ပါရဲ့။ အဲဒါကြောင့် ပုံဆောင်ပြတဲ့ ၀တ္ထုတွေ၊ လောကအပြင်ကို ထွက်ပြီး ရေးဖွဲ့ထားတဲ့ ၀တ္ထုတွေကို မစွဲလမ်းခဲ့တာပါ။ ဒီနေရာမှာ တစ်ခုတော့ ပြောစရာရှိပါတယ်။ ကြိုက်နှစ်သက်တာ စွဲလမ်းတာနဲ့ အထင်ကြီး လေးစားတာကတော့ တကဏ္ဍစီပါ။

ဥပမာ- ကျွန်မ ဂျာနယ်ကျော် မမလေး ရဲ့ ၀တ္ထုတွေကို မစွဲလှဘူး။ ဒါပေမယ့် သူဖန်တီးတဲ့ စာတွေကိုတော့ အထင်ကြီး လေးစားမိတယ်။
သူ့ကို အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းမလို့လည်း ထင်တယ်။ ဂျာနယ်ကျော် မမလေး ရေးတဲ့ထဲမှာ ကျွန်မ စွဲပြီး ကျန်ခဲ့တာ မုန်း၍မဟူ တစ်ပုဒ်တည်းပဲ။ မစွဲဆုံး (အစွဲဆုံး မဟုတ်ပါ) ကတော့ သူလိုလူ ပါပဲ။ အဲဒီအကြောင်းတော့ နောက် ကြုံမှ ရေးပါမယ်။ (သူလိုလူ အကြောင်းပြောရင် တော်တော် များများနဲ့ သတ်ရဖွယ် ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်မ သိသလောက် အဲဒီ စာအုပ်ကို သိပ်ကို ကြိုက်ကြတာပဲကိုး။)

ကမူး ကို စဖတ်ဖြစ်ပုံက ဒီလိုပါ။ 1994 လောက်မှာ ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ ကို မဂ္ဂဇင်း တစ်ခုမှာ ကြော်ငြာတာ တွေ့ပြီး ဖတ်ချင်လိုက်တာ ဖြစ်သွားမိတယ်။ နာမည်က ကျွန်မကို တော်တော် ဆွဲဆောင်ပါတယ်။ အဲဒီတုန်းက ၁၄ နှစ်၊ ၈တန်းပဲ ရှိသေးတာ။
(အဲဒီ အရွယ်တုန်းက အဲဒီလို မတန်မရာတွေ ဖတ်ခဲ့လို့လား မသိဘူး။ ခုကျတော့ အားရက်ဆို လေးမွန် ထွေးမွန်တို့၊ ကတွတ်ပီ တို့ပဲ ဖတ်တော့တယ်။)

တကယ်တော့ နာမည်ကို စိတ်ဝင်စားသွားတာပါ။ အဲဒီ အရွယ်မှာ Albert Camus လည်း မသိပါဘူး။ Existentialism လည်း မသိပါဘူး။ ဘယ်လိုလုပ် သိပါ့မလဲ။ အဝေးကြီးတွေကို။ ထင်လင်းကိုတော့ ပေါ်လီယာနာ ကြောင့် သိနေပြီးပါပြီ။

... ဆိုတော့ စာအုပ်ဆိုင်ကို သွားမေးပါတယ် (ဖြူး ဈေးမြောက်ဘက်က မြဧရာ ဆိုတဲ့ စာအုပ်ဆိုင်မှာပါ။ ဆိုင်ရှင် ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဦးမိုးအောင် က မိတ်ဆွေများ စာကြည့်သင်း ရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။) မိတ်ဆွေများမှာ ဘာလို့ သွားမရှာလဲဆိုတာ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ ကြည့်ရတာ စာကြည့်သင်းကို သွားတော့ မေးပါလိမ့်မယ်။ စာအုပ်က ကိုယ့်အလှည့် မရောက်နိုင်လို့ ၀ယ်ဖို့ သွားမေးတာ ဖြစ်နိုင်ပါတယ်။ ဦးမိုးအောင်နဲ့ သူ့အမျိုးသမီးက ဆိုင်မှာ စာအုပ်မရှိလို့ဆိုပြီး သူတို့မှာ ရှိတဲ့ စာအုပ်ကို ကျွန်မကို ပေးလိုက်ပါတယ်။

ကျွန်မ ကြိုက်တဲ့ စာအုပ် အမျိုးအစား မဟုတ်ဘူး ဆိုပေမယ့် ကျွန်မ တရိုတသေ သိမ်းခဲ့ပါတယ်။ အဲဒီ စာအုပ်ဖတ်ပြီး သိပ်မကြာခင် ကလျာ မဂ္ဂဇင်းမှာ ဂျူးက အဲဒီ စာအုပ်အကြောင်း review ရေးထားတာကို ဖတ်မိတော့ ကျွန်မ သေချာကူးပြီး အဲဒီ ၀တ္ထုစာအုပ်ရှေ့မှာ သေချာတွဲကပ် ထားခဲ့ပါတယ်။
2000 ခုနှစ်လောက်မှာ အဲဒီ စာအုပ်ကို သူငယ်ချင်းတစ်ယောက်က ငှားဖတ်ပြီး ပြန်မပေးတော့ပါဘူး။ ငှားဖတ်တဲ့ သူငယ်ချင်းက မှော်ဘီသား နေလင်း၊ Chinese၊ အရပ်ခပ်ပြတ်ပြတ်၊ အသားဖြူဖြူ၊ လူကြီးလူကောင်း (အယောင်ဆောင်) ရုပ်မျိုးနဲ့ပါ။ ကျောင်းတုန်းက လည်ကတုံးအဖြူ အမြဲလို ၀တ်တတ်တာ မှတ်မိသေးတယ်။ ကြုံတုန်း စစ်ကြေညာလိုက်ဦးမယ်။

မှော်ဘီသား နေလင်း ကမ္ဘာမကြေ !!!
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ !!!ဘယ်လောက်တောင် မကြေလည်းဆို နေလင်း ဆိုတဲ့ နာမည်တူ ကြားတာနဲ့တင် စည်းအပြင်ကလူ စာအုပ်ကို ပြေးမြင်မိတဲ့ထိပဲ။ ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ။

ပလိပ် ကို 2001 လောက်မှာ ဖတ်ဖြစ်ခဲ့ပါတယ်။
ကမူးရဲ့ စာအုပ်တွေက ကျွန်မ ကြိုက်နှစ်သက်တတ်တဲ့ စာအုပ်မျိုးတွေ မဟုတ်ဘူး ဆိုပေမယ့် ပလိပ် ကို ဖတ်ဖြစ်တဲ့ အခါမှာတော့ ကျွန်မ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒီအတွေးလေးကိုတော့ သူ ဘယ်လိုများ တွေးလိုက်တာပါလိမ့်နော်။ ဒီလို idea ကိုတော့ သူဘယ်လို စဉ်းစားမိတာပါလိမ့်နော် ဆိုပြီး အံ့သြရလွန်းလို့ ဂျူးလိုပဲ အိပ်ရာဘေးမှာ ထားပြီး ခဏခဏ ပြန်ဖတ်ခဲ့မိတယ်။

ပလိပ်ကပ် ကျရောက်နေတဲ့ အိုရန်မြို့ အတွင်းက အတန်းအစား အမျိုးမျိုးသော မြို့သူမြို့သားတွေ၊ သူတို့ရဲ့ ပြုမူလှုပ်ရှားပုံ၊ တွေးခေါ်တုန့်ပြန်ပုံတွေကို စနစ်တကျ စီစဉ်ပြီး ရေးပြသွားတာ ကျွန်မ အင်မတန်ပဲ ရင်သပ်ရှုမော ဖြစ်မိပါတယ်။ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါကြောင့် မြို့ထဲကနေ အပြင်ကို ထွက်လို့မရ၊ ကပ် မကျရောက်ခင်က ခရီးဝေးသွားနေသူတွေ မြို့တွင်း ပြန်ဝင်လို့မရ အဲဒီ အခြေအနေတွေ ကြားက လူတွေရဲ့ စရိုက် လက္ခဏာတွေကို အံ့သြစရာ ကောင်းလောက်အောင် ဖတ်ခဲ့ရပါတယ်။
သူ ဒီနေရာမှာ ဒီလို presentation ကို ဘယ်လိုများ စဉ်းစားပြီး ရလိုက်တာပါလဲနော် ဆိုတာကို
ဝတ္ထုရဲ့ နေရာပေါင်းများစွာမှာ အကြိမ်ပေါင်းများစွာ တွေးတောမိခဲ့ရပါတယ်။

နောက် Baldwin Library ကနေ အင်္ဂလိပ်ဘာသာပြန် စာအုပ်ငှားဖတ်ခဲ့ပါတယ်။ ဘာသာပြန်သူက
Stuart Gilbert ဖြစ်ပါတယ်။ ဘာသာစကား အားနည်းတဲ့ ကျွန်မအတွက်တော့ မြန်မာပြန် ဖတ်ပြီးသားကိုတောင် တော်တော် ခက်ခက်ခဲခဲ အားထုတ်ပြီး ဖတ်ခဲ့ရပါတယ်။ အပေါ်က အင်္ဂလိပ်စာကြောင်းတွေဟာ အဲဒီစာအုပ်ထဲက ကူးယူထားခဲ့တာပါ။ ပထမဆုံး စာကြောင်းလေးကတော့ ဗုဒ္ဓသာသာ ၀ိပဿနာ သဘောတရားနဲ့ တူနေတာမို့ ကူးထားခဲ့တာပါ။ ကျွန်မက ဘာသာစကားနဲ့ ပတ်သတ်ရင် တော်တော်ပျင်းတော့ ကူးယူခဲ့မိတာတွေက နည်းနည်းလေးပဲ ဖြစ်နေပါတယ်။ ၀တ္ထုရဲ့ အကောင်းဆုံး နေရာတွေတော့ ပါမလာတော့ဘူး။

အင်္ဂလိပ်ဘာသာပြန်ကို ဖတ်မိတော့မှ ၀တ္ထုရဲ့ ဆွဲအားကြောင့် ကျွန်မ အာရုံထဲက တချိန်လုံး ပျောက်နေတဲ့ မြန်မာပြန်သူ ဆရာကြီး ထင်လင်း က ပြန်ပြီး ထင်ထင်ရှားရှား ပေါ်လာခဲ့ပါတယ်။ သူ့ဘာသာပြန် အရည်အချင်းကြောင့်သာ ကျွန်မ ဒီဝတ္ထုကို ခံစားခွင့်ရခဲ့တယ်။ ကျွန်မဘာသာဆို အင်္ဂလိပ်စာ ညံ့ဖျင်းတာနဲ့တင် စာအုပ်ရှေ့ချပေးတောင် ဘာမှန်းသိခဲ့မှာ မဟုတ်ဘူး။ တကယ်ပါ။ ထိုင်ရှိခိုးချင်လောက်အောင်ပဲလို့ ပြောရင် အဲဒါ မလွန်ပါဘူး။
ပလိပ် ဟာလည်း ပုံဆောင်ပြတဲ့ ၀တ္ထု လို့ ဆိုကြပါတယ်။ ပြင်သစ်ပြည်ကို ရုရှ နာဇီဂျာမန်တွေ ၀င်လာတဲ့ အရေး ကို ညွှန်းဆိုတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဖတ်ခဲ့ချိန်မှာတော့ ပုံဆောင်ပြတဲ့ ၀တ္ထုဆို လှည့်မတွေးချင်တဲ့ ကျွန်မက စာရေးဆရာ တိုက်ရိုက်ပြောပြတဲ့ အကြောင်းအရာကိုသာ အာရုံထားခဲ့တယ်။ ခုကျတော့လည်း လက်ရှိ အခြေအနေနဲ့ ချိန်ထိုးပြီး တွေးချင်ရာ တွေးပစ်မိပြန်ရော။ ကိုယ်လိုရာ ဆွဲတွေးရတာ အရသာတော့ အရှိသားကလား။ တကယ်ကိုပဲ မိုက်မဲမှုတွေဟာ ကြာရှည်လှပါပြီကော။ နာဂစ်ဖြစ်မှ ကပ်ဆိုက်ခဲ့တာလည်း မဟုတ်ပါဘဲကိုး။

အပေါ်မှာ ပါတဲ့ စာကြောင်း-

No one will ever be free so long as there are pestilences.

(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)
ဆိုတာလိုပဲ အတွင်းရော အပြင်ရော ဘယ်သူမှ မလွတ်ဘူးကိုး။


ပြောရရင်တော့ ပလိပ် ၀တ္ထုဟာ ကျွန်မ နှစ်ခြိုက်စွဲလမ်းတဲ့ ၀တ္ထု အမျိုးအစားထဲမှာ မပါပါဘူး။ ဒါပေမယ့် ပြင်သစ်စာရေးဆရာ Albert Camus ရဲ့ ဖန်တီးတွေးခေါ်နိုင် စွမ်းအားကိုတော့ ကျွန်မ လေးလေးစားစား အံ့သြဘနန်း မှတ်တမ်းတင်ရပါတယ်။

*****
1995 လောက်မှာ ဖတ်ခဲ့ရတဲ့ ၀င်းဝင်းလတ် ရဲ့
အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ အကြောင်းကို ရေးတော့ အဲဒီ ၀တ္ထုဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုလို့ ရေးခဲ့ဖူးပါတယ်။ 2001 မှာ ဖတ်ခဲ့ရတဲ့ အခု ပလိပ် ၀တ္ထုကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
(Albert Camus' Gravestone)

ပုံတွေကို Wikipedia ကနေ ယူပါတယ်

ပြင်သစ်ပြည်ကို ၀င်လာတာ ရုရှတွေ မဟုတ်ဘဲ နာဇီဂျာမန်တွေ ဖြစ်တယ်လို့ ကိုမျိုးမြင့်မောင် က ပြင်ဆင်ပေးပါတယ်။ အမှားပြင်ပေးတဲ့ ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။

Thursday, May 14, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၁၀)

(မနှင်းဖွေး ရဲ့ ၀တ္ထုတို - ညာဖက်က သရုပ်ဖော်ပုံလေးက ဒီနေရာ က အင်ဒရူး ၀ိုက်ယက် ရဲ့ Christina's World ဆိုတဲ့ ပန်းချီကား ကို ပြန်ဆွဲထားတာ ဖြစ်မယ်)

ယခင် post မှ အဆက် WN >>> စာရေးချင်တဲ့သူတွေ ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ လမ်းညွှန်ချင်ပါသလဲ။

Juu >>> စာရေးချင်တဲ့ သူတွေကို ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ ကျွန်မတော့ လမ်းမညွှန်လိုပါဘူး။ စာဆိုတာ များများဖတ်လေ ကောင်းလေပဲ။ ဘာသာရပ် အစုံ ဖတ်နိုင်ရင် ပိုကောင်းမှာပေါ့။ စာဖတ်များလာတာနဲ့ အမျှ၊ စာဖတ်သက် ရင့်လာတာနဲ့ အမျှ ဘယ်လို စာမျိုးကို ရွေးချယ် ဖတ်ရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ်။ ကိုယ်က ဘယ်လို -ism မျိုးကို သဘောကျသလဲ၊ ဘယ်လို ဒဿနမျိုးကို လေ့လာချင်သလဲ။ အဲဒီ အချက်အပေါ်မှာ မူတည်ပြီး ကြိုက်နှစ်သက်တဲ့ စာ အမျိုးအစား၊ ဖတ်တဲ့ စာ အမျိုးအစား ကွဲသွားမှာပဲ။ ကျွန်မ အမေက ကျွန်မကို ၀တ္ထုစာအုပ် ၂ အုပ်၊ ၃ အုပ် နဲ့ စတင်ပြီး
ဝတ္ထုစာပေနဲ့ မိတ်ဆက်ပေးလာတာကလွဲလို့ ကျွန်မကို ဘယ်လို စာမျိုး ဖတ်သင့်ကြောင်း လမ်းညွှန်ပြသ ပေးမယ့်သူ မရှိခဲ့ပါဘူး။ ကျွန်မ ဖတ်တဲ့စာတွေ များလာတာနဲ့ အမျှ တဖြည်းဖြည်း ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူ ရွေးချယ်လာခဲ့ရတာပါပဲ။ စာရေးချင်တဲ့ ဘယ်သူမဆို ကိုယ်တိုင် တဖြည်းဖြည်းချင်း လေ့လာယူဖို့ လိုပါလိမ့်မယ်။ ဖတ်ရင်းတဲ့ ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ စာတွေ တွေ့လာရင်လဲ မျက်နှာလွှဲတတ် လာပါလိမ့်မယ်။ အသက်အရွယ်၊ ဦးနှောက်ရဲ့ Capacity၊ လေ့လာမှတ်သားမှု ဉာဏ်၊ ကိုယ်ရွေးချယ်တဲ့ -ism ... အဲဒါတွေပေါ်မှာ မူတည်ပြီး စာဖတ်ကြတဲ့ လူတွေချည်းပါပဲ။

WN >>> ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထု တွေကို ဖတ်ဖူးပါသလား။ အဲဒီ ၀တ္ထုတွေ အပေါ် ဆရာမ ဘယ်လို မြင်ပါသလဲ။

Juu >>> ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို ကျွန်မ ကိုယ်တိုင် မရေးပေမယ့် စာဖတ်သူ တစ်ယောက် အနေနဲ့ အမြဲတမ်း စောင့်ဖတ်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု ကောင်းပြီဆိုရင် ခံစားမှု ၀တ္ထုကောင်း တစ်ပုဒ်ထက် ကာလ ကြာရှည်စွာ ဖမ်းစားထားနိုင်ပါတယ်။ ဥပမာ နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတွေကို ကျွန်မ သိပ်ကြိုက်တယ်။ ရေဆန်လမ်း နဲ့ နွေတစ်ည ကို ကျွန်မ မကြာခဏ ပြန်ဖတ်ပြီး ကိုယ်ပိုင် ၀ယ်သိမ်းထားလောက်အောင် ကြိုက်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု အများစုဟာ အဖြစ်အပျက်တွေကို ဓာတ်ပုံရိုက်ထားသလို ဖြစ်နေတဲ့ အတွက် ရုပ်လုံးကြွ မလာတတ်ဘူးလို့ ကျွန်မ ငယ်စဉ်ကတည်းက ထင်မြင်လာခဲ့တာကို နိုင်ဝင်းဆွေ ရဲ့ နွေတစ်ည ကတော့ ပယ်ဖျက်ပစ်လိုက်နိုင်တာပါ။ အခြေအနေ အမျိုးမျိုးနဲ့ အချိန်ကာလ အမျိုးမျိုးပေါ်မှာ မူတည်ပြီး လှုပ်ရှားသွာတဲ့ ခင်ဝေရဲ့ ဇာတ်ကောင်ကို ရုပ်လုံးကြွလာအောင် စာရေးဆရာက ကျွမ်းကျင်စွာ ဖွဲ့သွားတယ်လို့ ကျွန်မ မြင်တယ်။ ခင်ဝေရဲ့ ကလေးဆန်တဲ့ အပြုအမူ၊ သနားဖွယ်ရာ မသိတတ်မှု၊ မိခင်ဆန်တဲ့ ကရုဏာတရား၊ ပကာသန မက်မောမှု၊ ရုန့်ရင်းကြမ်းတမ်းမှု အဲဒါတွေကို စာရေးဆရာက ဘက်မလိုက်ဘဲ အကောင်းဆုံး ရေးပြသွားနိုင်တယ်။

ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို နိုင်ဝင်းဆွေရဲ့ ကျွန်မ အကြိုက်ဆုံး ၀တ္ထုတွေလောက်တော့ မခံစားရတာ အမှန်ပါပဲ။ ဒါပေမယ့်လေ ရသ ဖန်တီးနိုင်စွမ်းအား နည်းနည်း အားနည်းနေတာရယ်၊ တခါတလေ မလိုအပ်ဘဲ ဇာတ်ဆန်လွန်းတာတွေရယ် ကလွဲရင် အဆင့်အတန်းရှိတဲ့ ဘ၀ သရုပ်ဖော် ၀တ္ထုတွေက များပါတယ်။ ထပ်ခါထပ်ခါ တွေ့နေရတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိတယ်။ ဇာတ်မဆန် ဆန်အောင် ဇွတ် ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာ စာရေးဆရာ အများစုဟာ Realism လိုင်းကို ရွေးချယ်မှု များလာတာ တွေ့ရတယ်။ အဲဒါ ၀မ်းသာစရာပါပဲ။ တကယ်ယုံကြည်လို့ ရွေးချယ်ပြီး ရေးတာလား၊ Realism ရေးမှ အဆင့်အတန်း ရှိတယ် ထင်လို့ မယုံကြည်ဘဲနဲ့ ခပ်ယောင်ယောင် လိုက်ရေးတာလား၊ ကိုယ့် ကန့်သတ်ချက်နဲ့ ကိုယ် ချောင်ပိတ်မိပြီး မလှုပ်နိုင် မရှားနိုင် ဆက်ရေးနေရတာမျိုးလား ဆိုတာတော့ ဘေးလူ အနေနဲ့ ထင်မြင်ချက် မပေးကောင်းပါဘူး။

ကျွန်မကတော့ ကန့်သတ်ချက်တစ်ခုတည်း အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘောင် မခတ်ချင်ဘူး။ ပရိသတ်က စည်းတားပေးရင်လည်း တစ်ချိန်ချိန်မှာ ဖောက်ထွက်ဖို့ ကြိုးစားမိပါပဲ။ကျွန်မက လွတ်လပ်မှုကို မြတ်နိုးတယ်လေ။

WN >>> ရေမျောသီး လို
ဝတ္ထုမျိုးကို တော်တော်များများက ခံစားလို့ မရကြဘူး။ ခံစားမရကြခြင်းသည်ပင်လျှင် ဒီ ၀တ္ထုရဲ့ ဆိုလိုရင်းလား။

Juu >>> ဒါဆိုရင် ကိုဝင်းငြိမ်းကို ဒုတိယ အကြိမ် ၀မ်းနည်းစကား ပြောရဦးမှာပေါ့လေ။
ရေမျောသီးဆိုတာ Drifted Fruit ပေါ့။ ခိုတွယ်ရာ နေရာမရှိ၊ အချိန် အကန့်အသတ် မရှိ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ် အသီးခြောက် မဆို ရေမျောသီးပါပဲ။ အဲဒီ
ဝတ္ထုကို ရေးစဉ်က ကျွန်မရဲ့ စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျော နေခဲ့သလားတော့ မမှတ်မိဘူး။ ၀တ္ထုထဲက အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကိုတော့ ဆောက်တည်ရာမရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ။ ကျွန်မရဲ့ ဆိုလိုရင်းကို ပရိသတ်က ခံစားလို့ မရကြဘူး ဆိုတာကတော့ ကျွန်မရဲ့ presentation ညံ့လို့ပဲ ဖြစ်မှာပါ။

*****
ကျွန်မမှာ ရှိတဲ့ မဂ္ဂဇင်းထဲက အင်တာဗျူးကတော့ ကုန်သွားပါပြီး။ ပိတ်ရက်မှာ စာအုပ်ရှာလို့ ရတယ် ဆိုရင်တော့ ကျန်တာတွေ ထပ်တင်ပေးသွားပါမယ်။ ထင်ထားတာထက် ပိုပြီး စိတ်ဝင်စားကြတာ သိရလို့ ၀မ်းမြောက်မိပါတယ်။

ရေမျောသီး ကို ဒီမှာ ဖတ်နိုင်ပါတယ်။

နိုင်ဝင်းဆွေ ကိုတော့ ကျွန်မ တခါမှ မဖတ်ဖူးပါဘူး။ ရှိရင်လဲ မျှကြပါဦး။

Wednesday, May 13, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၉)



ယခင် post မှ အဆက်

စာရေးဖို့ စိတ်ပါလာတဲ့ အချိန်မှာတော့ ဘာသာပြန် ၀တ္ထုတိုတွေကို ကြိုက်တတ်လာပါတယ်။ အဲဒီ အချိန်တုန်းက အမေရိကန် ၀တ္ထုတိုရေးဆရာ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို သဘောကျခဲ့တယ်။ သူ့ဝတ္ထုလေးတွေက စိတ်ကူးဆန်းကြယ်တယ်။ တခါတခါ လျှို့ဝှက်သည်းဖို ဆန်တယ်။ တခါတခါ ရိုမန်တစ် ဆန်တယ်။ သူက ၀တ္ထုတို ဖွဲ့တဲ့နေရာမှာ အလှည့်ကောင်းတယ် ခေါ်ရမှာပေါ့။ စနစ်တကျလေး လှည့်ယူတဲ့ ဇာတ်ကွက်ပဲ။ Wonderful Ending တွေနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ The Last Leaf ဆိုရင် ကျွန်မ ဆယ်တန်းနှစ်တုန်းက အကြိုက်ဆုံး ၀တ္ထုတိုလေးပေါ့။ အသက် ၁၆ နှစ် အရွယ်မှာ အဲဒါကို မှီးပြီး ၀တ္ထုတိုလေး တစ်ပုဒ်တောင် ရေးခဲ့မိလောက်အောင် ကြိုက်ခဲ့မိတာပါ။ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို စကားလုံး ၁၀၀၀ သို့မဟုတ် ၂၀၀၀-၃၀၀၀ လောက်နဲ့ ပြန်ရေးတဲ့ (ladder series စာအုပ်ကလေးလို့ ထင်တယ်) စာအုပ်တစ်အုပ်ကို ရလာတဲ့ အချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုစဖတ်ဖို့ ကြိုးစားခဲ့တော့တာပါပဲ။ ၀တ္ထုရှည် အနေနဲ့တော့ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေး ကို သဘောကျခဲ့တယ်။ ဝေးပေါ့...ဝေးပေါ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ (သန်းဆွေ ဘာသာပြန်ထင်တယ်) ဘာသာပြန်စာအုပ် A Farewell to Arms ၀တ္ထုကို စဖတ်ရပါတယ်။ နောက်ထပ်တွေ့လာတဲ့ စာအုပ်က ကိုကို ဘာသာပြန်တဲ့ ခေါင်းလောင်းသံ (For Whom The Bell Tolls) ပါပဲ။ ပင်လယ်ပြာနဲ့ တံငါအို (The Old Man and The Sea) ကိုတော့ တက္ကသိုလ်ရောက်မှ ဖတ်ဖူးတာပါ။

တက္ကသိုလ် ပထမနှစ်ရောက်တော့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို ဖတ်ပြီး ဆရာကြီးကို ထိုင်ရှိခိုးချင်လောက်အောင် လေးစားသွားခဲ့တယ်။ အဲဒီနှစ်မှာပဲ ဆရာကြီး ဒဂုန်တာရာ ရဲ့ စာအုပ်တွေ ရှာဖတ်ခဲ့တာပါပဲ။ မှတ်မှတ်ရရ အဲဒီနှစ်မှာ ဆရာ တက်တိုး ရဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေနဲ့ အတူ ဆရာကြီး မောင်ထင် ရဲ့ ကမ္ဘာ့
ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို ဖတ်ရတယ်။ အဲဒီမှာ ကျွန်မ တော်လ်စတွိုင်း နဲ့ ချက်ကော့ဗ် ကို စတင်သိကျွမ်းခဲ့ပါတယ်။ တော်လ်စတွိုင်းရဲ့ လူတစ်ကိုယ်လျှင် မြေမည်မျှ လိုသနည်း (How Much Land does a Man Need?) ဆိုတဲ့ ၀တ္ထုကို ကျွန်မ သိပ်ကြိုက်သွားတယ်။ အဲဒီ ၀တ္ထုတို ပေါင်းချုပ် စာအုပ်ထဲက ချက်ကော့ဗ် ရဲ့ လောင်းကစားမှု (The Bet) ၀တ္ထုဟာ ကျွန်မကို လပေါင်းများစွာ စိုးမိုးခဲ့တယ်။ အဲဒီ စာအုပ်ထဲမှာ ချက်ကော့ဗ် ရဲ့ ၀တ္ထုတို လေးပုဒ် ဖတ်ရတယ်။ လူ့ပုတ်သင် ဆိုတဲ့ ၀တ္ထု (The Chameleon) တဲ့။ နောက်တစ်ပုဒ်က တရားခံ ဆိုတဲ့ ၀တ္ထု (The Culprit) တဲ့။ နောက်တစ်ပုဒ်က အမနာပ၊ နောက်တစ်ပုဒ်ကတော့ လောင်းကစားမှုပါ။ ဒီမှာတင် ကျွန်မ ကျေညက်အောင် ၀ါးစားရမယ့် စာအမျိုးအစားဟာ ချက်ကော့ဗ် ရဲ့ စာတွေပဲ လို့ ကျွန်မ သိခဲ့တယ်။

ကျွန်မ နောက်ဆုံးနှစ် အပိုင်း (က) ရောက်လာတော့ မြန်မာဘာသာပြန် ပြင်သစ်
ဝတ္ထုတွေကို ကြိုက်တတ်စ ပြုလာပါတယ်။ ပထမဆုံး စဖတ်တဲ့ ၀တ္ထုက ကမူး ရဲ့ ပလိပ် ၀တ္ထုပါ။ ပထမဆုံး အကြိမ် စဖတ်တော့ အစအဆုံး မဖတ်နိုင်ခဲ့ဘူး။ နောက်တစ်ကြိမ် အစကနေ ပြန်ဖတ်ကြည့်တော့ အဲဒီ ၀တ္ထုကို တော်တော် သဘောကျသွားတယ်။ အထပ်ထပ် အခါခါ မရိုးနိုင်ဘဲ ဖတ်နေမိလို့ တချို့ စာကြောင်းတွေ၊ စာပိုဒ်တွေကို အလွတ်ရလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ စိတ်အထင်တော့ ဒီဝတ္ထုကို အိပ်ရာဘေးမှာ ချထားမိပြီး အားတဲ့ အချိန်တိုင်း ကောက်ကိုင် ဖတ်ခဲ့မိတယ် ထင်တယ်။ ဒီနောက်တော့ စည်းအပြင်ကလူ ကို ရှာဖတ်ပါတယ်။ ကမူး ကို ဖတ်ပြီဆိုတော့ ဆာ့(တ) က အလိုလို တွဲပါ လာခဲ့တော့တာပဲ။ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ ၀တ္ထုတို စာအုပ်ထဲက နာမည်ကြီးအောင် လုပ်နည်း ၀တ္ထုကလွဲလို့ ဆာ့(တ) ရဲ့ တခြား မြန်မာဘာသာပြန် ၀တ္ထု ကျွန်မ မတွေ့ခဲ့ရဘူး။ လက်လှမ်းမီရာ အင်္ဂလိပ် ဘာသာပြန်တွေ လိုက်ရှာတဲ့အခါ The Wall ဆိုတဲ့ ၀တ္ထုတိုကို တွေ့ပြီး ဖတ်ခဲ့ရပါတယ်။ ဆာ့(တ) နဲ့ ကမူး ကို ဖတ်ရင်းနဲ့ မသိလို့ မဖြစ်တဲ့ အကြောင်းအရာ၊ ခေါင်းစီး တစ်ခုကို သွားတွေ့တယ်။ အဲဒါကတော့ အနောက်တိုင်း ဒဿနပညာ ပဲ။

(စကားချပ်။ ။ ဒီနေရာမှာ ကျွန်မက သူ existentialism လို့များ ပြောမလားလို့ ထင်မိတာ။ အဲဒါ ဂျူး ပဲ။)

ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဘာမှ မဆိုင်တဲ့ ဒဿန Philosophy ဘာသာရပ်ကို ကျွန်မ တာဝန်တစ်ခု အနေနဲ့ လေ့လာခဲ့ပါတယ်။

အဲဒါတွေကတော့ ကျွန်မ ဖတ်တဲ့ စာတွေရဲ့ ကောက်နုတ်ချက် အကျဉ်းပဲပေါ့။

*****
နောက်တစ်ပိုင်း ပြီးရင် ကျွန်မမှာ ရှိတဲ့ အင်တာဗျူး တပိုင်းတစ ပြီးပါပြီ။ ပိတ်ရက်ကျရင်တော့ Peninsula သွားပြီး ၀င်းငြိမ်း ရဲ့ ပေဖူးလွှာ အင်တာဗျူး စာအုပ် ရှာကြည့်လိုက်ပါဦးမယ်။ ရခဲ့ရင် အစပိုင်းနဲ့ အဆုံးပိုင်း အကုန် ပြန်တင်ပေးပါမယ်။

to be continued

Tuesday, May 12, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၈)

(ဆရာ မြသန်းတင့်ရဲ့ အခန်းဆက် ဘာသာပြန် နဲ့ ပေဖူးလွှာ)

ယခင် post မှ အဆက်

WN >>> ၀တ္ထုတိုအကြောင်း ပြောရင်း ကျွန်တော် ဖြတ်မေးပါရစေ။ ဆရာမကို ကျွန်တော်က အချစ်ဝတ္ထုရေး ဆရာမလို့ ကင်ပွန်းတပ်ရင် လက်ခံနိုင်မလား။ (စာရေးဆရာမ တစ်ယောက်ရဲ့ အင်တာဗျူးမှာ ကျွန်တော် ဒီလိုမေးတော့ ဆတ်ဆတ်ခါ နာဖူးလို့ပါ။)

Juu >>> ဒါကတော့ ဘယ် စာရေးသူမဆို အချစ်ဝတ္ထုရေးဆရာ လို့ နာမည်တပ်ခံရရင် အနည်းနဲ့ အများ အောင့်သက်သက် ဖြစ်ကြမှာ ချည်းပါပဲ။ အထူးသဖြင့် တခြားစာပေ အမျိုးအစားပါ ရေးတဲ့ စာရေးဆရာတွေကပေါ့။

ကျွန်မကတော့ အချစ်ဝတ္ထုကို အရေးများတာ အမှန်ပဲ။ အချစ်အကြောင်း စိတ်ဝင်စားတဲ့ အချိန်မှာ အချစ်ကို နည်းအမျိုးမျိုးနဲ့ တွေးခေါ်စဉ်းစားပြီး အချစ်ဝတ္ထုတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကို အချစ်ဝတ္ထု စာရေးဆရာမလို့ နာမည်တပ်ရင်တော့ ပျော်ပျော်ရွှင်ရွှင် လက်ခံမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျွန်မ အခု အချိန်ထိ ၀တ္ထုတို ၂၁ ပုဒ် ရေးပြီးပြီ။ ဒီအထဲမှာ အချစ်ဝတ္ထု မဟုတ်တာဆိုလို့ ရှစ်ပုဒ်ပဲ ပါတယ်။ အဲဒီ ၀တ္ထုတွေကို ကျွန်မ ရေတွက်ပြမယ်။

၁) အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန်
၂) သူမ၏ မိုး
၃) ရေမျောသီး
၎) သေတမ်းစာ
၅) အမေ
၆) သစ်တောလမ်း
ရ) ကောင်းကင်မပါသော ည
၈) ကျီစားပျက်ရယ် (အဲဒါက ကောလိပ် မဂ္ဂဇင်းထဲမှာ ရေးတဲ့ ၀တ္ထုပါ)

ဒီတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အချစ် ၀တ္ထုက ၆၁ ရာခိုင်နှုန်းလောက် ရှိတယ်။ ၅၀ ရာခိုင်နှုန်းထက် ပိုတဲ့ အတွက် ကျွန်မက အချစ်ဝတ္ထုရေးဆရာ ဖြစ်နေပါတယ်။ တစ်ခုရှိတာက အချစ်ဝတ္ထုရေးရတဲ့ အခက်အခဲပဲ။ အချစ်ကို စိတ်ဝင်စားလို့ ရတဲ့ အချိန်မှာ ရေးရင် အဲဒီ အချစ်ဝတ္ထု ပြောင်မြောက် ပီပြင်မှာပဲ။ လူ့ဘ၀ကို စိတ်ညစ်ညူးစရာ အနိဋ္ဌာရုံတွေအဖြစ် စိတ်ကုန်းခမ်းနေတဲ့ အချိန်မှာ အချစ်ဝတ္ထုကို ရေးဖို့ မကြိုးစားနဲ့။ အလကားပဲ။ ကျွန်မဖြင့် အခု အချိန်မှာ အချစ်ဝတ္ထုရေးဖို့ တော်တော် စိတ်ကုန်နေပါပြီ။ ၁၉၈၆ ခုနှစ်မှာ အမှတ်တရ ကို ရေးခဲ့တယ်။ လွယ်လွယ်ကူကူ ရေးခဲ့တာပဲ။ ဒါပေမယ့် အခု ၁၉၈၉ ခုနှစ်မှာ လုံးချင်းဝတ္ထု အသစ် ရေးကြည့်တယ်။ တော်တော် ပင်ပန်းတဲ့ အလုပ်ပါပဲ။ ဒီသုံးနှစ်အတွင်း ကျွန်မ ၀တ္ထုတို ၅ ပုဒ် ရေးဖြစ်တယ်။ ၅ ပုဒ်လုံး အချစ်ဝတ္ထု မဟုတ်ဘူး။

ကျွန်မကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အရေးကြီးတာက ၀တ္ထုရဲ့ အနှစ်သာရပါ။ အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

WN >>> ဆရာမ စာဖတ်ပါသလား။
(စကားချပ်။ ။ ဘယ့်နှယ် မေးခွန်းပါလိမ့်။ မသကာ ဆရာမ စာတွေ အများကြီး ဖတ်ခဲ့ဖူးမှာပေါ့နော် လို့ ပြောရင် ဟုတ်တုတ်တုတ်။ အဲဒီ ခေတ်က ဂျူး မို့လို့ပေါ့။ ဒါမျိုး ဘလော့ခေတ်မှာ လာမေးလို့ကတော့ ကောင်းကောင်း အဆော်ခံရမယ့် ဖြစ်ခြင်း။
မြင်းခွာ တစ်ချက်ပေါက်ရုံနဲ့ မီး ဟုန်းဟုန်းတောက်သွားမယ်။ ဘာမှတ်လဲ :D )

Juu >>>
ကျွန်မ အချိန်အား ရတဲ့ အခါတိုင်း တတ်နိုင်သမျှ စာဖတ်ပါတယ်။

WN >>> ဘယ်လို စာမျိုးတွေ ဖတ်ပါသလဲ။

Juu >>> ဖတ်တဲ့ စာကတော့ အစုံပဲ။ ငယ်ငယ်တုန်းက ဖတ်တဲ့ စာက တစ်မျိုး။ စာရေးဖို့ ကြိုးစားချိန်မှာ ဖတ်တဲ့ စာက တစ်မျိုး။ စာစရေးတဲ့ အချိန်မှာ ဖတ်တာက တစ်မျိုး။ အခု စာရေးဆရာလို့ အများက သတ်မှတ်လာကြတဲ့ အချိန်မှာ ဖတ်တဲ့ စာက တစ်မျိုးပေါ့။ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဖရန်စစ် ဘေကွန် ပြောတဲ့ စကားတစ်ခု ရှိတယ်။ တချို့စာက မြည်းကြည့်ဖို့ ကောင်းတယ်။ တချို့စာကို မြိုချရမယ်။ တချို့စာကတော့ ကြေညက်အောင် ၀ါးစားဖို့ ကောင်းတယ်တဲ့။ စာအမျိုးမျိုး ရှိတဲ့ အထဲမှာ ကျွန်မ အကြိုက်ဆုံး စာ အမျိုးအစားကတော့ ၀တ္ထုတိုပဲ။ ဒီတော့ ၀တ္ထုတိုတွေ အဖတ်များပါတယ်။ ဒါကလဲ ကျွန်မ လက်လှမ်းမီ သလောက်ပေါ့။ အမျိုးသမီး တစ်ယောက်အနေနဲ့ လက်လှမ်းမီသလောက်၊ ဆရာဝန်တစ်ယောက် အနေနဲ့ အချိန်ပေးနိုင်သလောက်ပေါ့။

မြန်မာစာကို စပြီး ၀ါသနာပါတဲ့ အရွယ်ကတော့ ကဗျာ့ပန်းကုံး စာအုပ်၊ ကဗျာသီကုံးနည်း စာအုပ်တို့ က၀ိဘာရထီကျမ်းတို့၊ အဲဒါတွေကို လေ့လာကျက်မှတ်ခဲ့တယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု၊ ဘောလယ် ရေးနည်းတွေကို ဥဒါဟရုဏ်တွေနဲ့ ဖော်ပြထားတာ အလွန် စိတ်ဝင်စားခဲ့တာပေါ့။ အဲဒီ အထဲမှာ ကျွန်မ သဘောအကျဆုံး ကဗျာ အမျိုးအစားက ရတုပါ။ နတ်သျှင်နောင်ရဲ့ ရတုတွေ၊ ရဝေရှင်ထွေးရဲ့ ရတုတွေ၊ ဓာတုကလျာရဲ့ ရတုတွေနဲ့ န၀ဒေး ရတုတွေ၊ ဒါတွေ တော်တော်များများကို နှစ်သက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ခြောက်တန်း၊ ခုနစ်တန်း လောက်ကစပြီး ရတုစပ်နည်း ပေါင်းစုံကို စိတ်ဝင်တစား လေ့လာခဲ့တယ်လေ။ စကားပြေ အနေနဲ့ကတော့ မင်းပူး ဦးသြဘာသရဲ့ ဝေဿန္တရာ ဇာတ်တော်ကြီးပေါ့။

to be continued

Monday, May 11, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၇)



ယခင် post မှ အဆက်

WN >>>
မိုးသည်းတဲ့ ညတစ်ညမှာ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ရေးထားတဲ့ "သူမ၏ မိုး" ၀တ္ထုမှာ မိန်းကလေးရဲ့ စိတ်အခြေအနေက အဓမ္မ ကျင့်သွားတဲ့ လူကို စွဲနေတယ်လို့ ဆိုလိုတာလား။ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှု ရှိနိုင်ပါသလား။

Juu >>> သူမ၏ မိုး ၀တ္ထုမှာ အဓိပ္ပါယ် နှစ်ခွ တွေးယူလို့ ရပါတယ်။

မိုးမရွာဘဲနဲ့ ရွာတယ်လို့ ထင်တာ၊ မိုးခြိမ်းသံကို ကြားယောင်မိတာ၊ မိုးရဲ့ စိုစွတ်တဲ့ ရွှံ့မြေအနံ့ကို ရတယ်လို့ ထင်မိတာ၊ အဲဒါတွေဟာ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) တွေပါ။
Hallucination ကို Psychosis ရောဂါသည်တွေမှာ တွေ့ရလေ့ ရှိတယ်။ Psychosis ရောဂါသည်တွေထဲမှာ အများ သိကြပြီး ဖြစ်တဲ့ စိတ်ကစဥ့်ကလျား ရောဂါသည် (Schizophrenia) တွေ ပါဝင်ပါတယ်။ Paraphrenia ဆိုတဲ့ ရောဂါသည်တွေမှာလဲ Hallucination ရတတ်တယ်။ စိတ်ကယောင်ချောက်ခြား ဖြစ်လောက်အောင် ကြောက်လန့်နေတဲ့ Neurosis ရောဂါသည် တစ်ဦးမှာလည်း Hallucination ကို တွေ့ရတတ်ပါတယ်။ နောက်ပြီး အရက်၊ သို့မဟုတ် မူးယစ်ဆေးဝါး တစ်ခုခု စွဲနေတဲ့ ဝေဒနာသည်တွေမှာ အဲဒီ အရာကို ဖြတ်လိုက်တဲ့အခါ Hallucination ရတတ်ပါတယ်။

ဒီ ၀တ္ထုမှာ ဇာတ်လိုက် အမျိုးသမီးက သူ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိုးသည်းတဲ့ ည အကြောင်းကို ပြန်မတွေးချင်လောက်အောင် ကြောက်ရွံ့ ထိတ်လန့်နေခဲ့မယ်။ နောက်တစ်ခါ ပြန်ဖြစ်ပျက်မှာကို စိုးရွံ့နေခဲ့မယ်။ အဲဒီ စိတ် အခြေအနေမျိုးမှာ
Hallucination ရနိုင်ပါတယ်။ နောက်တစ်မျိုး စဉ်းစားစရာ ရှိတာက ဒီလူ့အပေါ်မှာ သူ့ရဲ့ သိစိတ် (Conscious Mind) က မုန်းတီး စက်ဆုပ်နေခဲ့ပေမယ့် မသိစိတ် (Subconscioius Mind) က စွဲလမ်းသွားတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဆိုတာ အလွန် ဆန်းကြယ်တဲ့ အရာပဲ မဟုတ်လား။ ဒါကတော့ ကြိုက်သလို လှည့်ပတ် တွေးယူဖို့ပါပဲ။

လူတွေမှာ မသိစိတ်ဆိုတဲ့ ဖုံးကွယ်မှုရဲ့ နောက်မှာ အမြဲတန်း ရှိနေတာပဲ။ ဒီတော့ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှုမျိုး ရှိနေနိုင်ပါတယ်။ အရေအတွက်အားဖြင့် အလွန်နည်းပါးသည့် တိုင်အောင်ပေါ့လေ။ ဥပမာ မိန်းမ တစ်ရာမှာ တစ်ယောက်နှုန်းပဲ ဖြစ်ဖြစ်ပေါ့။ စောစောက ပြောတဲ့ Subconscinous Mind ထဲမှာပေါ့။ ဆေးဘက်ဆိုင်ရာ စိတ်ပညာ အလိုအရတော့ ဒီအဖြစ်မျိုးတွေ အများကြီးပါပဲ။

*****
http://www.scribd.com

အဲဒီ link မှာ ဂျူးရဲ့ ၀တ္ထု တို/ ရှည် တော်တော်များများ တွေ့နိုင်ပါတယ်။ Search Box ထဲမှာ Juu ၊ဒါမှမဟုတ် ဂျူး၊ ဒါမှမဟုတ် Jue/ Ju စသဖြင့် ရိုက်ထဲ့ရုံပါပဲ။

ဒီ post အတွက် သူမ၏ မိုး နဲ့ အမေ ၀တ္ထုကို ရှာတာတော့ မတွေ့မိဘူး။

to be continued

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၆)

(ဘာရယ် မဟုတ်ဘူး။ ပုံတစ်ခုခု ထည့်ချင်တာနဲ့)

ယခင် post မှ အဆက်

တောက်တဲ့ ဆိုတာမျိုးက တွယ်မိရင် မခွာတော့ဘူး မဟုတ်လား။ နောက်ဆုံးမှာတော့ သူ အပြင် ခဏ သွားနေတုန်း အဆောင်စောင့် အဖိုးကြီးနဲ့ သူ့ သူငယ်ချင်းက သတ်ပစ်လိုက်သလား၊ ခြောက်ထုတ်လိုက်သလား မသိ၊ သူပြန်လာတော့ တောက်တဲ့ကြီးကို မတွေ့တော့ဘူးလို့ ပြောပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းက တော်တော် လန့်ဖို့ကောင်းတယ်။

"ဒီအဖြစ်ဟာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားဟင်" တဲ့။

ကျွန်မတို့ အဲဒီလို ပြောဆို ဆွေးနွေး၊ သူ့ကို နှစ်သိမ့်ပြီး လတွေ ရက်တွေ ကြာလာတော့ ကျွန်မ သူ့ကို အကြံပေးမိတယ်။ နင် ဒီအကြောင်းကို ၀တ္ထုရေးပါလားလို့။ အဲဒီတော့ သူက လက်ရှောင်တယ်။ သူ မနိုင်ဘူးလို့ ထင်တယ် တဲ့။ ကျွန်မ ရေးချင်ရင် ရေးပါလား လို့ ခွင့်ပေးပါတယ်။ ကျွန်မလည်း ရေးဖို့ သဘောတူလိုက်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အမေနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး ပါရမှာ ဆိုတော့ ကျွန်မ လက်တွန့်နေခဲ့တာပေါ့။ နောက်ဆုံးတော့ ကျွန်မ အားတင်းလိုက်တယ်။ ကျောင်းသူလေးရဲ့ နေရာမှာ ကျွန်မ ၀င်နေကြည့်တယ်။ ခက်တာက တောက်တဲ့ ဆိုတာကို ကျွန်မ တစ်သက်မှာ တစ်ခါမှ နီးနီးကပ်ကပ် မမြင်ဖူးဘူး။ ဒီတော့ တောက်တဲ့ ဆိုတဲ့ နေရာမှာ အခြား သတ္တ၀ါ တစ်ခုကို အစားထိုးဖို့ စဉ်းစားပါတယ်။

ဒီမှာ ကျွန်မ စဉ်းစားမိတာက မကွေးက မြွေ အလွန်ပေါတဲ့ အရပ် ဆိုတာပါပဲ။ နောက်ပြီး မြွေဟာ တောက်တဲ့ထက် ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်။ သူက ၀တ္ထုကို ပိုပြီး serious ဖြစ်စေလိမ့်မယ်လို့လည်း တွက်ပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ မြွေနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေ၊ နိုင်ငံခြား ၀တ္ထုတွေကို လေ့လာ ဖတ်ကြည့်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်ကို ကျွန်မ ဖြည့်ပြီး ဖန်တီး ယူလိုက်ပါတယ်။ အဲဒီ ၀တ္ထုကို ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချလိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ခြောက်လ၊ ခုနစ်လလောက် ကြာသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ၀တ္ထု ပြီးသွားခဲ့တယ်။ အဲဒီ ၀တ္ထုရေးရင်း ဘယ်နှစ်ကြိမ် မျက်ရည်ကျမိသလဲ ဆိုတာ မမှတ်မိဘူး။

စာရေးရင်း မျက်ရည်ကျရတဲ့ ၀တ္ထုဆိုလို့ နှစ်ပုဒ်ပဲ ရှိပါတယ်။
တစ်ပုဒ်က အမေ၊ တစ်ပုဒ်က အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန် ၀တ္ထုပါပဲ။

to be continued

Sunday, May 10, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၅)


ယခင် post မှ အဆက်

WN >>> ဆရာမ ၀တ္တုတိုတွေကလည်း တစ်ပုဒ်ရေးရင် ရေးသလောက် လှုပ်လှုပ်ရှားရှား ဖြစ်တတ်ပါတယ်။ ဒါကလဲ ၀တ္ထုတိုကို ထိထိရောက်ရောက် ဖန်တီးတတ်တဲ့ ဆရာမရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ထင်ပါတယ်။ ဒီတော့ ၀တ္ထုတို တစ်ပုဒ်ရအောင် ကုန်ကြမ်း ဘယ်လို ရှာတယ် ဆိုတာက အစ ဘယ်လို ရေးရမယ် ဆိုတာ အထိ ဥပမာ တစ်ပုဒ်လောက်နဲ့ ပြောစေချင်ပါတယ်။

Juu >>>
ဒီနေရာမှာ ကျွန်မ ပြောချင်တာက ကုန်ကြမ်းရှာတယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျွန်မနဲ့ အံမ၀င်တဲ့ အကြောင်းပါပဲ။ ကျွန်မက ဆေးကုသတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ လူ ဆိုတော့ စာရေးတဲ့ အချိန်ဟာ ဆေးကုတဲ့ အချိန်နဲ့ စာရင် သိပ်ကို နည်းပါတယ်။ စာရေးဖို့ ကုန်ကြမ်းကိုလည်း ရှာစရာ မလိုဘူး။ ကျွန်မရဲ့ အာရုံထဲကို ၀င်လာတဲ့ အဖြစ်အပျက်ကလေး တစ်ခု၊ ခံစားမှု တစ်ခုကို အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ကျွန်မအတွက် ၀တ္ထုတို တစ်ပုဒ် ရလာပါတယ်။ ကျွန်မအတွက် အာရုံဝင်စားဖို့က တစ်လ ကြာချင် ကြာမယ်။ တစ်နှစ် ကြာချင် ကြာမယ်။ သူ့အလိုလို ပေါ်လာတာ မဟုတ်ဘဲ ရှာယူရတဲ့ ကုန်ကြမ်းမျိုးကို မူတည်ပြီး (အခု အချိန်ထိ) ၀တ္ထု မရေးတတ်သေးပါဘူး။ ဒီတော့ ကျွန်မ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ ၀တ္ထုတို တစ်ပုဒ် ဘယ်လို ရလာတယ် ဆိုတာမျိုးလေ။ ဘယ် ၀တ္ထု အကြောင်း ပြောကြမလဲ။

WN >>> ကျွန်တော် ပြောစေချင်တာကတော့ ပေဖူးလွှာမှာ ရေးခဲ့တဲ့ အမေ ၀တ္ထုပါ။

Juu >>> ကျွန်မ ရေးခဲ့သမျှ ၀တ္ထုတိုတွေထဲမှာ ၀တ္ထုတို ရေးနည်း အတတ်ပညာနဲ့ ပတ်သတ်ပြီး နှစ်သက် ကျေနပ်စရာ ဖြစ်ခဲ့သလောက် ကိုယ့်ဟာကိုယ် ပြန်ဖတ်ဖို့ ဘယ်တော့မှ စိတ်မရဲခဲ့တဲ့ ၀တ္ထုမျိုးရှိတယ် ဆိုရင် အဲဒါ "အမေ" ၀တ္ထုပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာ အမျိုးသမီး အများစုလိုပဲ ကျွန်မက အမေကို သိပ်ချစ်ပြီး၊ သိပ်အထင်ကြီးခဲ့တယ်။ ကျွန်မရဲ့ အမေက ထက်မြက်တယ်၊ ရဲရင့်တယ်၊ ဉာဏ်ကောင်းတယ်၊ ဟန်မဆောင်တတ်ဘူး၊ ရိုးသားပွင့်လင်းတယ်၊ ဘာပကာသနမှ မရှိတဲ့ ကျေးရွာနေ စရိုက် လက္ခဏာမျိုး ရှိတယ်။ အမေ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆုံးသွားတော့ အမေ့ အကြောင်းကို ၀တ္ထုရေးဖို့ တခါတခါ စိတ်ကူးရတယ်။ ဒါပေမယ့် ကျွန်မ အမြဲတမ်း နောက်ဆုတ်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်လက် ကိုယ်မယုံလို့ပဲ။ အမေ့ အကြောင်းကို သရုပ်ဖော်နိုင်လောက်အောင် ကျွန်မလက်က ထိုက်တန်ရဲ့လားလို့ အမြဲ သံသယ ရှိခဲ့ပါတယ်။ တချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရလာရင်တော့ ရေးဖြစ်မလား မသိဘူး။

ဒီနေရာမှာ အမေနဲ့ ပတ်သတ်နေတဲ့ အတွက် မဆီမဆိုင်ဘဲ ဖြတ်ပြောရဦးမယ်။ မနှစ်က ထုတ်တဲ့ မဂ္ဂဇင်းလား ဘာလား မမှတ်မိဘူး။ သိပ်မကြာသေးတဲ့ မဂ္ဂဇင်း အသစ်ထဲမှာစာရေးစရာ တစ်ယောက်က အမှတ်တရရဲ့ မကောင်းသတင်းတွေ ဆိုးကွက်တွေကို ကဗျာရှည် တစ်ပုဒ်နဲ့ ရှုပ်ချခဲ့ဖူးပါတယ်။ တစ်ပုဒ်လုံး အနေနဲ့ ဘာမှ မပြောချင်ပေမယ့် အမေနဲ့ ပတ်သတ်တာတော့ တိုက်ဆိုင်လို့ ပြောပြဦးမယ်။ အဲဒီ အထဲမှာ သူက အမှတ်တရ ၀တ္ထုမှာ အမေ ဆိုတဲ့ စကား လုံးဝ မပါတဲ့ အတွက် စာရေးသူကို ပြစ်တင် ရှုပ်ချ ကဲ့ရဲ့ ချင်တဲ့ သဘောမျိုး ရေးထားတယ်။ အမေ မွေးထုတ်ခဲ့လို့၊ အမေ ထောက်ပံ့ခဲ့လို့သာ တက္ကသိုလ်မှာ ပညာသင်နိုင်တာမို့ အမေ့ အကြောင်း လုံးဝ မပါတော့ အပြစ်ကြီး တစ်ခုလို့ သူ ဆိုချင်တယ်နဲ့ တူတယ်။
(စကားချပ်။ ။:D)


ဘာဆိုင်လဲ။
အမှတ်တရ မှာ ကျွန်မ ဖွဲ့ခဲ့တာက ချစ်သူ နှစ်ဦးရဲ့ အချစ်၊ သဘောတရား၊ အယူအဆ ဒါတွေပဲ မဟုတ်လား။ ဒီဝတ္ထုမှာ အမေအကြောင်းလဲ မလိုဘူး။ အဖေအကြောင်းလဲ မလိုဘူး။ ဗီလိန်လဲ မလိုဘူး။ သူတို့ချင်း ကွဲရတာဟာ မောင့်ဘက်က ချွတ်ယွင်းမှု၊ ပျက်ကွက်မှု တစ်ခုတည်းကြောင့်ပဲ။ ကြားလူဖျက်လို့ ပျက်ရတဲ့ ဇာတ်လမ်းမျိုးလဲ မဟုတ်ဘူးလေ။
ထားလိုက်ပါတော့ အဲဒီ အကြောင်း။

အခုန ပြောတဲ့ အမေ ၀တ္ထုမှာ ဇာတ်ကောင်ဆိုလို့ အမျိုးသမီးလေး တစ်ယောက်ပဲ ပါတယ်။ သူက မကွေးကောလိပ်မှာ ကျောင်းဆောင်နေတဲ့ ကျောင်းသူတစ်ယောက်လေ။ ဒီဇာတ်လမ်းရဲ့ မူရင်းကို ကျွန်မရဲ့ ညီမလေး ၀ိုင် ဆီက ရပါတယ်။ သူနဲ့ ကျွန်မက အိမ်မှာ အရင်းနှီးဆုံး၊ အပွင့်လင်းဆုံး သူငယ်ချင်းပေါင်း ပေါင်းတဲ့ ညီအစ်မပါ။ သူက ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့ တစ်နေ့တော့ ကျွန်မကို သူ့ အိပ်မက် အကြောင်း ပြောပြတယ်။ အမေ့ကို အိပ်မက်မက်တဲ့ အကြောင်းပေါ့။ အိပ်မက် မက်ပြီး နှစ်ရက် သုံးရက်အတွင်း သူ့အခန်း နံရံမှာ တောက်တဲ့ကြီးတစ်ကောင် ဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့တယ် လို့ပြောပါတယ်။ တစ်ခန်းတည်းနေ သူငယ်ချင်းရော သူရော ကြောက်လန့်ပြီး ခြောက်ထုတ်ဖို့ ကြိုးစားသတဲ့။ ဘယ်လို ခြောက်ထုတ်ထုတ် နေရာမရွေ့ဘဲ တွယ်ကပ်နေတာပဲတဲ့။

*****
တိုက်ဆိုင်မှုပါပဲ။ အမေနေ့မှာ အမေအကြောင်းပြောတဲ့ အပိုင်းကို တင်မိတယ်။ ကိုနေဒေးသစ် ပြောလို့ သတိထားမိတာပါ။ ကျွန်မဘာသာဆို အမေနေ့တွေ အဖေနေ့တွေ သူငယ်ချင်းနေ့တွေ ချစ်သူများနေ့တွေ သတိမထားမိတတ်ပါဘူး။ (ကျွန်မက gazetted holiday တွေပဲ သတိထားတာမို့။)
သတိရစေတဲ့ comment ပေးသွားတဲ့ ကိုနေဒေးသစ်ကို ကျေးဇူးတင်ပါတယ်။

အပေါ်က ပုံကို မြန်မာ အမေပုံ ထည့်ချင်ပေမယ့် ကျွန်မ လိုချင်တဲ့ ပုံစံမျိုး ရှာမရတာမို့ ကရုဏာတွေ ခံစားလို့ရတယ်လို့ ခံစားမိတဲ့ ပုံတစ်ပုံကို ထည့်ထားပါတယ်။ Google ကပဲ ရှာပါတယ်။

အဲဒီပုံက မေမေ (ငယ်ငယ်က) နဲ့တူတယ်။ (မေမေ့သမီးနဲ့လည်း တူတယ် :P)

to be continue

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၄)

(မန္တလေး ဆေးကျောင်းမှာ ဂျူး တို့ထက် Senior ကျတယ် ဆိုတဲ့ ဆရာ နိုင်ဇော်ရဲ့ ၀တ္ထုတို)

ယခင် post မှ အဆက်

လက်မထပ်ချင်ဘူး၊ လက်ထပ်ရင်လည်း သားသမီး မလိုချင်ဘူး ဆိုတဲ့ အချက်ကိုလည်း မြန်မာမှုနဲ့ မညီညွတ်ဘူး လို့ ဝေဖန်ကြပါတယ်။ ဒီလို ဇာတ်ကောင်မျိုးကိုမှ မြန်မာစရိုက် မဟုတ်ဘူးလို့ မပြောရင် ဘယ်လိုဟာမျိုးကို ပြောမလဲ ဆိုတဲ့ အဓိပ္ပါယ်မျိုး ရေးကြတာ ဖတ်ရပါတယ်။ (အဲဒီ ဇာတ်ကောင်က "မိုးကုပ်စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း" ၀တ္ထုတို ထဲက ဆရာဝန်မ ထား ပါ။)

ဒီခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်မထပ်ဘဲ အဝေးကပဲ ချစ်နေချင်တာ ဘာများ မှားယွင်းပါသလဲ။ ဦးနှောက် ရှိတဲ့ လူတိုင်း၊ တာဝန် သိတတ်တဲ့ လူတိုင်း၊ တခါတလေမှာ အိမ်ထောင်ရေးကို စိုးရိမ် ထိတ်လန့်ကြတာ သဘာဝပါပဲ။ အိမ်ထောင်မှု ကိစ္စတွေနဲ့ နစ်မွန်းပြီး စက်ရုပ် ဖြစ်နေကြတဲ့ အိမ်ထောင်သည်တွေလည်း နည်းမှ မနည်းဘဲ။ မိန်းမ တစ်ယောက်ဟာ လက်ထပ်ရမှာကို ကြောက်ခွင့် မရှိဘူးလား။ လက်ထပ်ပြီး သားသမီး မွေးမြူ ပြုစုဖို့ကို ပိုပြီး ကြောက်ခွင့် မရှိဘူးလား။ တွေးကြည့်မယ် ဆိုရင် သားသမီး တစ်ယောက် ကြီးပြင်းလာတဲ့ အထိ တာဝန်ယူဖို့ ဆိုတာ အင်မတန် စွန့်စားရတဲ့ ကိစ္စကြီးပါ။ ကျွန်မတို့ဟာ အချိန် မတိုင်ခင် အစစ အရာရာ အဆင်သင့် မဖြစ်သေးခင် အိမ်ထောင်ပြုမယ်၊ အတိုင်းအဆ မရှိ သားသမီးတွေ မွေးမယ်။ ဘာတွေ ဖြစ်လာနိုင်သလဲ။

သားသမီး ဆိုတာ မွေးပြီးရင် ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ ကိုယ်သေတဲ့ထိ တာဝန် ယူကြရတာပဲ။ ပြုစုဖို့ မနိုင်နင်းဘဲ သားဆိုး သမီးဆိုးကလေးတွေ မွေးလာမှာနဲ့ စာရင် သားသမီး အတွက် ပြင်ဆင်ပြီးမှ အေးအေးဆေးဆေး ကလေးယူတာက သိပ္ပံနည်း မကျဘူးလား။ သူတို့ အတွက် အချိန်ပေးပြီး ဂရုတစိုက် control လုပ်ပေးနိုင်မှ၊ ကိုယ်လိုချင်တဲ့ ပုံစံမျိုး လမ်းညွှန်နိုင်မှ တန်ဖိုးရှိတဲ့ ကလေးတွေ ဖြစ်လာမယ်။ နိုင်ငံက အားကိုးရတဲ့
ကလေးတွေ ဖြစ်လာမယ်။ ဒီလို မဟုတ်ဘဲ ဘုရားပေးတာပဲ ဆိုပြီး သားသမီးတွေ ရသမျှ ယူကြ၊ ကျွေးမွေး ပြုစုဖို့ မတတ်နိုင်တော့ ကလေးတွေ ကလေကချေ ဘ၀ကို ရောက်ကြ...။

ဒီအဖြစ်မျိုးနဲ့ ယှဉ်တော့ လူလတ်တန်းစားတွေ သားသမီး တားတဲ့ ကိစ္စဟာ အံ့သြ ထိတ်လန့်စရာ မရှိပါဘူး။ သားသမီး အများကြီး ယူတဲ့ မြန်မာမှုမျိုး ကိုလည်း ကျွန်မ သဘောမကျပါဘူး။ ကျွန်မ သဘောကျတဲ့ မြန်မာမှု စရိုက် တစ်ခုကတော့ ကျွန်မတို့ မြန်မာ လူမျိုးတွေရဲ့ ကိုယ့်မိဘကို သေသည်အထိ လုပ်ကျွေးပြုစု စောင့်ရှောက် သွားလေ့ရှိတဲ့ ရိုးရာ လူနေမှု စနစ်ပဲ။ အဲဒါကို ကျွန်မ သိပ်သဘောကျ ချီးကျူးပါတယ်။

အော် နောက်ပြီးတော့ စီးကရက် သောက်တာကို မြန်မာမှုနဲ့ မညီဘူးလို့ ထောက်ပြတာ ဖတ်ရပါတယ်။
ဆေးပေါ့လိပ်ကို ဆေးလိပ်ခံခွက် အကြီးကြီးနဲ့ ခံပြီး အားရပါးရ ရှိုက်ဖွာမှ မြန်မာမှုလား။ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေဟာ ဆေးလိပ် သိပ်သောက်ကြပါတယ်။ အသက် ၅၀ ကျော်တဲ့ မြန်မာ အမျိုးသမီးကြီး ၁၀၀ မှာ ၆၀ ရာခိုင်နှုန်းလောက်က ဆေးလိပ် ကြိုက်တတ်ကြတာ တွေ့ရတယ်။ အဲဒီ အထဲမှာ ၂၀ ရာခိုင်နှုန်းက ငယ်ရွယ်စဉ် ကတည်းက ဆေးလိပ်သောက်လာခဲ့တယ်။ ပြောင်းဖူးဖက်၊ သနပ်ဖက် ဆေးပေါ့လိပ် အကြီးကြီးတွေကို သောက်ပြမှ မြန်မာမှုလား။ အမှန်အတိုင်း ပြောရရင် ကျွန်မ စီးကရက် မကြိုက်ပါဘူး။ သောက်လဲ မသောက်ပါဘူး။ ကျန်းမာရေး ရှုထောင့်ကနေ အမြဲ ကြည့်မိလို့လား မသိဘူး။ လုံးဝကို ရှုံ့ချပါတယ်။ ဘာဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်တယ် ဆိုတာ အဆုပ်နဲ့ ပတ်သတ်တဲ့ ရောဂါ တမျိုးမျိုးကို အရစ်ကျ ငွေချေ စနစ်နဲ့ ၀ယ်ယူနေတယ် လို့ပဲ သဘောထားပါတယ်။

ထားပါတော့လေ။
ကျွန်မ ၀တ္ထုထဲက ဇာတ်ကောင်စရိုက် character ဟာ မြန်မာ မဆန်ဘူး ဆိုတာကို အဲဒီ အချက်တွေနဲ့ ရှာဖွေ ထောက်ပြခဲ့ကြပါတယ်။ ကျွန်မက ဖြေရှင်းရတဲ့ အလုပ်၊ ရန်တွေ့ရတဲ့ အလုပ်ကို သိပ်မုန်းပါတယ်။ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့ ကိစ္စမှာတောင် ရေငုံနှုတ်ပိတ် နေတတ်တဲ့ အလေ့အကျင့် ရှိပါတယ်။
အခု နှစ်ပိုင်းတွေ အတွင်း မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ဂျူး ဆန့်ကျင်ရေး ဆောင်းပါတွေ အများကြီး ဖတ်ရပေမယ့် ကျွန်မ ဒီတိုင်း နေခဲ့တာပဲ။ ဝေဖန်ရေး ဆရာတွေဟာ စာဖတ်ပရိသတ်ကို လမ်းမှား မလိုက်စေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို အကြောင်းပြပြီး ဝေဖန် ထောက်ပြခဲ့ကြတာ မဟုတ်လား။ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ကျွန်မ ပိတ်ပင် ဟန့်တားစရာ၊ ငြိုငြင်စရာ အကြောင်း မရှိပါဘူး။
(စကားချပ်။ ။ ဂုတ်ကနေ ဆွဲခေါ်ပြီး ပြချင်မိ ပြန်ပြီ။)

ပြာပြမယ် ဆိုရင် တသီတတန်းကြီး။ ကျွန်မ မပြောပါဘူး။ အခုဟာကလဲ ကိုဝင်းငြိမ်း မေးလို့သာကိုး။ ကျွန်မ အနေနဲ့ မပြောရလို့လဲ မကျေမနပ် မဖြစ်ဘူး။ ပြောလိုက်ရလို့လဲ ကျေနပ် မသွားပါဘူး။ ဘာလုပ်မှာလဲ။ ဝေဖန်ဖို့က ဝေဖန်ရေး ဆရာတွေ ရဲ့ တာဝန်၊ စာတွေ ဆက်ရေးဖို့က ကျွန်မတာဝန်ပဲ။

*****

မပြောရလို့လဲ မကျေမနပ် မဖြစ်ဘူး။ ပြောလိုက်ရလို့လဲ ကျေနပ် မသွားပါဘူး။
အဲဒီ စကားလုံး ဘယ်လောက်ထိ မှန်နိုင်တယ် မှားနိုင်တယ် ဆိုတာထက် အဲဒီ စကားမျိုးကို ဝေဖန် ဆန့်ကျင်သူတွေ အပေါ် ကိုယ့်ဘက်က ဂုဏ်သိက္ခာ ရှိရှိ ပြန်ပြောလိုက်နိုင်တဲ့ အနေအထားကို ရအောင် ယူတတ်တဲ့၊ ဦးနှောက်ရှိတဲ့ ဂျူးကို ကျွန်မ များစွာ appreciate လုပ်ပါတယ်။

ဝေဖန်ရေးတိုင်းဟာ တိုက်ခိုက်ရေး မဟုတ်ပါဘူး။
ဒါပေမယ့် သူ့ခေတ် သူ့အခါမှာ ဂျူး ကြုံခဲ့ရတာတွေကတော့ အဆင့်မြင့်တဲ့ ဝေဖန်ရေး၊ သူရေးတဲ့ စာနဲ့ ထိုက်တန်တဲ့ ဝေဖန်ရေး မဟုတ်ပါဘူး။ ဥခွံထဲက ဝေဖန်ရေးမျိုး၊ အသားလွတ် ကဲ့ရဲ့ ရှုံ့ချ ထိုးနှက်တာမျိုးတွေ သာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် အောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်ပါစေ။ ကိုယ့် အဆင့်အတန်းကို သူတို့နဲ့ ညှိပြီး တုန့်ပြန်တယ် ဆိုရင်တော့ ဦးနှောက်မရှိရာသာ ကျပါလိမ့်မယ်။

[အဲဒီ ခေတ်အခါတုန်းက ဝေဖန်ရေးတွေကို ယောက်ျားရင့်မကြီးတွေ တန်မဲ့ နှုတ်သီးကောင်းကောင်းနဲ့ ကလေးကလား ပြန်ရန်တွေ့တတ်တဲ့ ဂုဏ်သရေရှိ (ဆိုတဲ့) စာရေးဆရာတွေရဲ့ တုန့်ပြန်စာတွေကို အလယ်တန်း၊ အထက်တန်း ကျောင်းသူ ဘ၀မှာ တအံ့တသြ ဖတ်ခဲ့ဖူးပါတယ်]

[ဒီခေတ်မှာတော့ မိန်းမရင့်မကြီးတွေ ဘလော့ဂ်ပေါ်မှာ လုပ်ပါတယ်။ ယောက်ျားတွေတုန်းကမှ ပြောပြီး ပြီးသွားသေး။ မိန်းမတွေကျ မပြီးဘူး။ သူက ပြောလည်း ပြောသေး။ ပြီးရင် မျက်ရည်လေး တစမ်းစမ်းနဲ့။ သူ့နှလုံးသားက ပါးပါးလေးမို့ပါတဲ့။ အနားကလူတွေကတော့ ပြာပြာသလဲ ၀ိုင်းချော့ပေါ့။ ဘေးက ပွဲကြည့် ကျွန်မကတော့ ရယ်ချင်ပက်ကျိ ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို ကောင်းကောင်းကို နားလည်သွားတော့တာပဲ။]

အဲဒါလေး ထည့်ဖို့ မေ့ကျန်ခဲ့တာ။ ခုမှ အပိုင်း (၈) ရေးရင်း သတိရလို့ ကောက်ဖြည့်လိုက်တယ်။ (12.5.2009 10:00 PM)

ဒီ post ကို တင်ဖို့ စဉ်းစားတုန်းကတော့ ဒီ အကြောင်းအရာတွေ မပါ ပါဘူး။
ရေးရင်းနဲ့ ဆက်စပ် သတိရမိတာတွေပါ။

ဘယ်လိုပဲ ပွဲဆူဆူ အချိန်တန်ရင်တော့ ပြီးစီး တိတ်ဆိတ်သွားမှာပါပဲ။ အချိန်တန်လို့ ပြီးသွားတယ် ဆိုတာနဲ့ပဲ အဝေဖန်ခံရသူက အမှန်၊ တိတ်ဆိတ်သွားတဲ့ ဝေဖန်သူက အမှား လို့ တထစ်ချ ပြောမရ နိုင်ပါဘူး။ အဖြစ် အပျက်၊ တုန့်ပြန်ပုံ ကို ကြည့်ဖို့တော့ လိုပါလိမ့်မယ်။ အရာရာ ပြီးသွားတဲ့နောက် ကိုယ့်လုပ်ရပ် (စကားလုံး) သမိုင်းကြောင်း ကတော့ ကျန်နေခဲ့မှာပါပဲ။

အောက်တန်းကျတဲ့ ထိုးနှက်မှုကို အောက်တန်းကျကျ ပြန်ရန်တွေ့မလား၊ ပညာရှိဆန်ဆန် ပြန်တုန့်ပြန်မလား ဆိုတာကတော့ ကိုယ့်မှာရှိတဲ့ ဦးနှောက် အဆင့်အတန်းရဲ့ ရွေးချယ်မှုပါပဲ။

ခံစားချက် ဆိုတာ ကတော့ လူတိုင်းမှာ ရှိပါတယ်။ ဂျူး ဟာလဲ ပုထုဇဉ်ပဲ။ သူ့ထိရင် သူနာမှာပဲ။ ဒါပေမယ့်လို့ ခံစားချက်ကို ထိန်းချုပ်နိုင်တယ် ဆိုတာဟာ ဦးနှောက်ရဲ့ စိတ်ရဲ့ အရည်အသွေးပါ။ ဒါကို သူ ပြသနိုင်ခဲ့တယ်။ ဒါကြောင့်လဲ သူ့ စာဖတ်ပရိသတ် ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။
(မှတ်ချက်။ ။ သူ့ ကိုယ်ရေးကိုယ်တာတွေတော့ ကျွန်မ မသိပါ။ သိရန်လည်း လိုတယ် မထင်ပါ။)

to be continued

Saturday, May 9, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၃)

(ဆရာ မောင်စိန်ရဲ့ တစ်ကွက် ကာတွန်းနဲ့ ပေဖူးလွှာ)

ယခင် post မှ အဆက်

WN >>>
ဇာတ်ကောင်စရိုက် ဆိုတာနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်။ ဂျူး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ မြန်မာ မဆန်ဘူး။ မြန်မာစရိုက် မရှိဘူး လို့ ဝေဖန်ကြတယ်။ ဘာဖြစ်လို့ပါလဲ။ ဆရာမ ရှင်းပြနိုင်မလား။

Juu >>>
ပထမဆုံး မြန်မာဆန်တယ် ဆိုတာကို ခွဲခြမ်း စိတ်ဖြာကြည့်ရင် မြန်မာဆန်တယ် ဆိုတာ မြန်မာလူမျိုးများရဲ့ ဟိုရှေးယခင် ကတည်းက ကျင့်သုံးလာခဲ့တဲ့ စရိုက် လက္ခဏာကို ပြောတာမဟုတ်လား။ မြန်မာလူမျိုးတွေဟာ ရိုးသားတယ်။ သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ဘူး။ တစ်ယောက်ကို တစ်ယောက် အခက်အခဲတွေ့ရင် ကူညီ ဖြေရှင်း ပေးလေ့ရှိတယ်။ ပရိယာယ် မကြွယ်ဝဘူး။ ဟန်မဆောင်တတ်ကြဘူး။ ဒါ မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ character တွေပါ။ အဲဒီ character တွေကနေ သွေဖည်ပြီး ကျွန်မ ၀တ္ထု မရေးခဲ့မိသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက မြန်မာလူမျိုး ပီပီ မြန်မာတွေရဲ့ ကောင်းကွက်တွေကို ချစ်မြတ်နိုးတတ်လို့ပါ။

မျက်နှာမလိုက်ဘဲ ပြောရစတမ်း ဆိုရင် ဘယ်နေရာမှာမဆို နည်းနည်း ညံ့တတ်တာ၊ တီထွင်ကြံဆမှု နည်းတာ၊ အရာရာမှာ နောက်ကျစွာ တွေးခေါ် မျှော်မြင်တတ်ကြတာ၊ ခေတ်နောက်ပြန်ဆွဲချင်ကြတာ၊ လှေနံဓားထစ် မှတ်ချင်ကြတာ အဲဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်ရာ မဟုတ်တဲ့ character တွေပါ။


အတွေ့အကြုံ တစ်ခုကို လှေနံဓားထစ် မှတ်လို့ မရတာတွေ ရှိနေပါတယ်။ ခေတ်ပေါ် နည်းပညာ တစ်ခုဟာ ကိုယ့်အတွက် အသုံးတည့်မယ်၊ သင့်တော်မယ် ဆိုရင် အသုံးပြုရမှာပဲ။ ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီ အတွင်း အရောက် သွားနိုင်တဲ့ ခေတ်ကို ရောက်နေကာမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယာဉ်ကလေးနဲ့ သွားချင်တဲ့လူများ ရှိပါသလား။ ဘယ်သူမှ မရှိဘူး။


မြန်မာ အမျိုးသမီးတွေ အနေနဲ့ သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ အတိုင်းအတာထိ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေတတ်ကြတဲ့ စရိုက်မျိုးကိုတော့ ကျွန်မ ၀တ္ထုတွေထဲမှာ တွေ့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတာတော့ ရှင်းပါတယ်။ အဲဒီ အယူအဆမျိုးကို ကျွန်မ ကိုယ်တိုင် မနှစ်သက်လို့ပါပဲ။

မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့ ကိုယ့်မှာ ပိုများတာက မီးဖိုချောင် ဝေယျာဝစ္စ၊ သားသမီး မွေးထုတ် ပြုစုရတဲ့ ဒုက္ခ ဒါတွေ အမျိုးမျိုးနဲ့ တာဝန်ပိနေတဲ့ မိန်းမတစ်ယောက်ဟာ သူ့ခင်ပွန်းကို ဘုရားတစ်ဆူလို ကိုးကွယ် နေရဦးမှာလား။ ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။


ဟိုခေတ်က မြန်မာမိန်းမတွေဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ငွေမရှာရဘူး။ သူတို့မှာ အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန်ပဲ ရှိတယ်။ အခု မိန်းမတွေကတော့ အရင်လို သဘောမထားနိုင်တော့ဘူးပေါ့။ လူနေမှု စနစ်ရဲ့ တိုးတက်ပြောင်းလဲမှု အတိုင်း အလိုက်သင့် မျောပါရတော့တာကိုး။

*****
ဂျူး ဟာ ကျွန်မ နှစ်ခြိုက်လေးစားရတဲ့ စာရေးသူ တစ်ယောက်ပါ။ ဒါပေမယ့် သူဘာရေးရေး ကြိုက်တာမျိုးတော့ မဟုတ်ပါဘူး။ သူဘာပြောပြော သဘောတူတယ်လဲ မဟုတ်ပါဘူး။

အထက်ပါ အင်တာဗျူးမှာလဲ ကျွန်မ နှစ်ခြိုက် သဘောကျတာတွေ အများကြီးပါ။ "
ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။" ဆိုတဲ့ စာသားလေးကိုတောင် ကျွန်မ post တစ်ခုမှာ ထည့်ရေးဖူးသေးတယ်။ ဟင်းချက်တဲ့ post ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာ သူ နည်းနည်းတော့ အပြော လောကြီးသွားတယ် ထင်မိတယ်။
ဥပမာ။ ။
မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့... ဆိုတာမှာ နည်းနည်းတော့ ဟ သွားသလို ခံစားရပါတယ်။ (သူ ဘာကို ဆိုလိုချင်တာလဲ ဆိုတာတော့ ကျွန်မ နားလည် ခံစားမိပါတယ်။)

ဒါပေမယ့်
ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ် တာနဲ့ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်... လို့ ယှဉ်ပြောလိုက်တာမှာတော့ သူ လောကြီးသွားတယ် လို့သာ မြင်မိပါတယ်။

အိမ်ထောင်တစ်ခုမှာ ယောက်ျားက မိန်းမထက် ပိုပြီး ငွေရှာ နိုင်ဖို့ လိုတယ်ဆိုတာတော့ တခုထက်မကတဲ့ မြောက်မြားလှစွာသော အကြောင်းပြချက်တွေနဲ့ ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်နဲ့သူ ငွေရှာနိုင်တာချင်း တူတူမို့ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မဟုတ်ဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားစေတာကတော့ မရည်ရွယ်ဘဲ လောကြီးပြီး ပြောမိတယ်လို့သာ မြင်ပါတယ်။

တကယ်တော့ မိန်းမတစ်ယောက်က မိမိ ခင်ပွန်း ယောက်ျားကို (ရှေးယခင်ကလို) အချိန်ရ၍ ဖြစ်စေ၊ (ယခုခေတ်လို) အချိန်မရဘဲ ဖြစ်စေ ကြင်နာယုယတယ် ပြုစုစောင့်ရှောက်တယ် ဆိုတာဟာ သူက ပိုက်ဆံတွေ ရှာပေးနိုင်လို့ ၊ သို့တည်းမဟုတ် ကိုယ့်မှာ (ဘာတာဝန်မှ မရှိလို့) အားပြီး အချိန်တွေပိုနေလို့ မဟုတ်ပါဘူး။ မိန်းမတွေရဲ့ မွေးရာပါ ချစ်ခင် ကြင်နာ ယုယချင်တဲ့ မိခင်စိတ်ကြောင့်ပါ။

ဒါကို ဂျူး လည်း ကောင်းကောင်း သတိပြုမိတာ သေချာပါတယ်။
ဒါကြောင့်လည်း "မိန်းမ တစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်" ထဲမှာ ဒီလို ရေးခဲ့တာပေါ့။

"မိန်းမတွေရဲ့ မိခင်စိတ်ဟာ သားသမီးပေါ်မှာပဲ ရှိတယ်လို့ မောင့်ကို ဘယ်သူ သင်ပေးလိုက်သလဲ။ ဇနီးတစ်ယောက်က ခင်ပွန်း အပေါ်မှာ မိခင်စိတ်နဲ့ စောင့်ရှောက် ယုယတတ်တာကို မောင်ဖတ်တဲ့ စာအုပ်တွေထဲမှာ ရေးမထားဘူးလား။
...
ချစ်သူကို ဖိနပ်တိုက်ပေးတဲ့ အခါ၊ မုတ်ဆိတ်ရိတ်ပေးတဲ့ အခါ၊ ခြေအိတ်လျှော်ပေးတဲ့ အခါ ကျွန်ခံစိတ်နဲ့ လုပ်ပေးတာလို့ မောင်ထင်နေသလား။ ကျွန်တစ်ယောက်က သခင်တစ်ယောက်ကို ပြုစုသလို ပြုစုနေတာ မဟုတ်ဘူး။ မိခင်တစ်ယောက်က သားကို ပြုစု ယုယသလို ပြုစု ပေးနေတာ။ အဲဒါတွေဟာ ကျိုးနွံနာခံမှုတွေ မဟုတ်ဘူး၊ တာဝန် ၀တ္တရားတွေ မဟုတ်ဘူး၊ အဲဒါ အချစ်တွေ"

to be continued

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၂)

(လိပ်ခေါင်း ပျောက်ဆေး ကြော်ငြာ မဟုတ်ဘူးနော်။ ပေဖူးလွှာ မဂ္ဂဇင်းလေ။ မဖတ်ချင်ဘူးလား။ တခါတလေ ငယ်ငယ်က စာအုပ်ဟောင်းတွေ ပြန်ဖတ်ရတာ feel ပဲ။ ငယ်ဘ၀ကို လွမ်းတယ်။ မြန်မာပြည်ကို လွမ်းတယ်။ အညာကို လွမ်းတယ်။ !_!)

ယခင် post မှ အဆက်

အခုခေတ် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်တောင် ရဲရင့်ထက်မြက်ကြတယ်လို့ ကျွန်မ ပြောရင် ကိုဝင်းငြိမ်း စိတ်မရှိပါနဲ့။ ရုပ်ရှင် တစ်ခု၊ ၀တ္ထု တစ်ပုဒ်ကြောင့် လမ်းမှားကို လိုက်သွားရလောက်အောင် တုံးတဲ့ မိန်းမမျိုး သိပ်မရှိတော့ပါဘူး။

တစ်ခု သတိရလို့ ပြောချင်ပါသေးတယ်။ ဟိုတလောက ဧပြီလထုတ် မဂ္ဂဇင်း တစ်ခုမှာ ထင်ပါရဲ့။ ဝေဖန်ရေး ဆရာ တစ်ဦးရဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ၀တ္ထုနာမည်၊ စာရေးဆရာ နာမည် တပ်ပြီး မရေးပေမယ့် ကျွန်မရဲ့ အမှတ်တရ နဲ့ ပတ်သတ်ပြီး ရေးသားခဲ့တယ်။ သူ့ရဲ့ နိဂုံးချုပ်ကတော့ ရှင်းပါတယ်။ အမှတ်တရ ကို မြန်မာ အမျိုးသမီးကောင်းလေးတွေ မဖတ်သင့်ဘူးတဲ့။ ဒီဝတ္ထုကို ဖတ်တဲ့ မိန်းကလေး အမျိုးအစားဟာ အကျင့်စာရိတ္တ ပျက်ပြားပြီး ဟီရိသြတ္တပတရား ကင်းမဲ့တဲ့ မိန်းကလေးမျိုးသာ ဖြစ်တယ်တဲ့။ (သူ့သမီးကတော့ အဲဒီ အထဲမှာ မပါဘူးလို့ ပြောသွားပါတယ်။ အမှတ်တရ ကို သိပ်ကြိုက်တယ် ဆိုတဲ့ မိန်းကလေးတွေဟာ မကြာခဏ ကိုယ်ဝန် ဖျက်ချရတဲ့ မိန်းကလေး အတန်းအစားမျိုးတွေ လို့ ပြောသွားပါတယ်။ )

ဒီနေရာမှာ ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်နေတဲ့ အတွက် ကိုယ်ဝန် ဖျက်ချတဲ့ Case တွေနဲ့ ပတ်သတ်ပြီး တခြား လူတွေထက် အမြင် ကြည်လင်စွာ ပြောပြနိုင်လိမ့်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မရဲ့ ဆေးခန်းကို ကိုယ်ဝန် ဖျက်ချင်တဲ့ မိန်းကလေးတွေ လွဲမှားစွာ မကြာခဏ ရောက်လာတတ်ပါတယ်။ ကိုယ့်ရင်သွေးလေးကို သတ်ပစ်ရတဲ့ အထိ ရာဇ၀တ်မှု ကျူးလွန်ဖို့ မကြောက်ရွံ့ မတုန်လှုပ်ရလောက်အောင် သူတို့ကို ဘယ်အချက်တွေက တွန်းအားပေးခဲ့ပါသလဲ။ ဒါကို လေ့လာ ဆန်းစစ်ဖို့ လိုပါတယ်။

ဒီလို အမျိုးသမီးတွေကို နှစ်သိမ့် ဖျောင်းဖျရတာ၊ ပညာပေးရတာတွေကို ကျွန်မဖြင့် စိတ်တောင် ညစ်နေပါပြီ။ အဲဒီ အမျိုးသမီးတွေဟာ အများအားဖြင့် အိမ်ထောင်သည်တွေပါ။ (မအံ့သြပါနဲ့)။ ကိုယ့်ရည်းစားနဲ့ ကျူးလွန်မိတဲ့ မိန်းကလေး အရေအတွက် နည်းလွန်းပါတယ်။ တချို့ မိန်းကလေးတွေကတော့ မရှောင်သာ မတိမ်းသာ ငွေအတွက် ရလာတဲ့ ကိုယ်ဝန်တွေပါ။ ကိုယ်ဝန် ဖျက်ချင်တဲ့ မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်က အတန်းပညာ မတတ်တဲ့ ဆင်းရဲသူ မိန်းကလေးတွေပါ။ အမှတ်တရ ကို မဆိုထားနဲ့။ ၀တ္ထုဆိုတာတောင် သူတို့ သိတာ မဟုတ်ဘူး။ ဖတ်ချိန်လဲ မရပါဘူး။ အများစုက သေစာ ရှင်စာလောက်ပဲ တတ်ကြတာ။

နောက်ပြီး ကျွန်မရဲ့ အမှတ်တရ စာဖတ်ပရိသတ် အမျိုးသမီးတွေဟာ စုစုထွေးရဲ့ ကိုယ်ကျိုးစွန့်တဲ့ အချစ်၊ အနစ်နာခံနိုင်တဲ့ အချစ်၊ ချစ်သူအပေါ် မြူတမှုန် လောက်တောင် အပြစ် မမြင်နိုင်လောက်အောင် ချစ်တဲ့ အချစ် အပေါ်မှာ ခံစားတတ်ကြတဲ့ အမျိုးသမီးတွေပါ။ တစ်ခုခုကို ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲတဲ့၊ ကိုယ့်တာဝန်ကိုယ် ရဲရဲ မယူတတ်တဲ့ မောင့်ကို အပြစ်မြင်စိတ်နဲ့ စုစုထွေး အပေါ်မှာ ကရုဏာသက်ပြီး ကိုယ်ချင်းစာကြတဲ့ အမျိုးသမီးတွေပါ။ ဝေဖန်ရေးဆရာများ သမုတ်ထားသလို ချစ်သူနဲ့ လက်မထပ်ဘဲ အတူနေခြင်းဆိုတဲ့ ဇာတ်ကွက်မျိုးကို မမြင် မြင်အောင် ရှာကြည့်နေကြတာ မဟုတ်ပါဘူး။

အခု စာဖတ်ပရိသတ်ဟာ ခပ်ညံ့ညံ့ မဟုတ်ကြဘူး။
စာဖတ်ပရိသတ်ကို ညာလို့ ရမယ် မထင်နဲ့။ သူတို့ အတွေးအခေါ်တွေ ပြတ်သားလာတာ၊ ရဲရင့်လာတာ၊ အကြောင်းအရာ တစ်ခု အပေါ်မှာ နက်ရှိုင်းစွာ ချဉ်းကပ် လေ့လာတတ်လာတာ ... ဒါတွေဟာ ၀တ္ထုတွေကြောင့်ချည်းလဲ မဟုတ်ဘူး။ ရုပ်ရှင် ဂီတ
တွေကြောင့်ချည်းလဲ မဟုတ်ဘူး။ သူတို့ဟာ New Generation ဖြစ်နေလို့ပဲ။

ဒီတော့ မိန်းကလေးတွေ အတုယူ မှားလောက်တာတွေ၊ မမှားလောက်တာတွေနဲ့ ညာမနေပါနဲ့တော့။ ဖုံးကွယ်ထားလို့ မရတဲ့ ကိစ္စတွေကို ဖုံးကွယ် မထားချင်ပါနဲ့တော့။ အရှိကို အရှိအတိုင်းပဲပေါ့။ လူဆိုတာ လွတ်လပ်ခွင့်ကို မြတ်နိုးတာပဲ။ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို မနှောင့်ယှက်ဘူး ဆိုရင် လွတ်လွတ်လပ်လပ် တွေးခေါ်ပါစေလား။ လွတ်လပ်စွာ တွေးခေါ်ပြီး ရဲရင့်စွာ ယုံကြည်တတ်တဲ့ ဇာတ်ကောင်စရိုက်မျိုးကို ဖန်တီးမိတဲ့အတွက် ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။

*****
ဂျူးရဲ့ စကားလုံးတွေ နောက်မှာ ခါးသီးမှုတွေ ရှိနေမှာကတော့ သေချာသပေါ့ရှင်။ လူဆိုတာ ကိုယ့် ဖန်တီး လုပ်ဆောင်ချက်ကို ထိပါးလာရင် ဘယ်သူမဆို နာတတ်တာတွေချည်းပါပဲ။ ဒါပေမယ့် ဒါတွေကို ထိန်းချုပ်စောင့်စည်း နိုင်ပြီး၊ ကိုယ့် အဆင့်အတန်းက ဘာဆိုတာကို ပြသတတ်ဖို့ လိုတယ် လို့ ကျွန်မ ခံစားမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ celebrity ဖြစ်နေပြီလေ။

celebrity မှန်သမျှ ဒါမျိုး ပွဲဆူလေ့ ရှိပြီး၊ နောက်တော့ ပြောတဲ့လူတွေ တိတ်သွားတာပဲ လို့တော့ ပြောလို့ မရပါဘူး။ ဖြစ် ပျက်ပုံ၊ တုန့်ပြန်ပုံတွေက ကွာခြားပါသေးတယ်။ နောက်ပိုင်းကျရင်တော့ ပြီးသွားမှာချည်းပါပဲ။ ဘယ်သူမှ 24 hr ထိုင်မပြော နိုင်ပါဘူး။ ပြောတဲ့လူတွေ တိတ်သွားလို့ celebrity က အောင်မြင်ပြီး ကျန်ခဲ့တာပဲ လို့ ယူဆရင်တော့ ဘာမှ ပြောစရာမရှိပါ။

အထိမခံ ရွှေပန်းကန် (ရွှေရည်စိမ်) နှုတ်သီးကောင်း လျှာပါး ကတ်ကတ်လန် နေတာတွေကို ဒီ interview ဂုတ်ဆွဲပြီး ပြချင်တယ်။

ဝန်ခံချက်။ ။ ဂုတ်ဆွဲပြီး ပြချင်တယ် ဆိုတဲ့ အသုံးအနှုန်းကို ယခု အကြောင်းအရာနှင့် ကိုက်ညီ၍ နှစ်သက်မိသဖြင့် ဖတ်ခဲ့ဖူးသည့် blog တစ်ခုမှ ယူသုံးပါသည်။

Update (23rd Aug 2009): ဂျူးဟာ ဒီနေရာမှာ သူ့ရဲ့ အဆင့်အတန်းကို ပါးပါးနပ်နပ် ပြသသွားနိုင်ခဲ့လို့ သူ့ ပရိသတ်ဖြစ်ရတာ အင်မတန်မှ ဂုဏ်ယူမိပါတယ်။

(မှတ်ချက်။ ။တ၀က်တပျက်နဲ့ လာဖတ်တဲ့သူတွေ ကိုယ့်ဆိုလိုရင်းကို မမိမှာ စိုးလို့... update ကို ဖြည့်စွက်လိုက်ရပါကြောင်း...)


to be continued

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၁)



ကျွန်မ ရန်ကုန် ပြန်တုန်းက သယ်လာတဲ့ စာအုပ်ထဲမှာ ဂျူးနဲ့ ဦးဝင်းငြိမ်း အင်တာဗျူး ပါတဲ့ ပေဖူးလွှာ မဂ္ဂဇင်း အဟောင်း တစ်အုပ်လဲ ပါပါတယ်။

စာအုပ်က အဖုံး မရှိရှာတော့ဘူး။ ဒါနဲ့ ခုနှစ် နဲ့လ ကို မသိနိုင်တော့ဘူးပေါ့။ အဲဒီထဲမှာ ပါတဲ့ ကာတွန်း တစ်ခုက ကာတွန်းဆရာရဲ့ လက်မှတ် အောက်မှာတော့ 89 လို့ပါပါတယ်။ ဒါဆို 1989 ခုနှစ်လို့ မှတ်ယူ ကြတာပေါ့။
ကြည့်စမ်း !
လွန်ခဲ့တဲ့ အနှစ် ၂၀ !
ကျွန်မ ၉ နှစ် သမီးပဲ ရှိဦးမယ်။ (အဲဒီ အချိန်က ဖတ်ဖြစ်ခဲ့တယ် လို့တော့ ယောင်လို့မှ မထင်ကြပါနဲ့။ အလယ်တန်း လောက် ရောက်မှ ဖတ်မိတာ ဖြစ်ပါတယ်။ စာအုပ်က အိမ်က စာအုပ်ပါ။)

အင်တာဗျူးက အစ အဆုံး မဟုတ်ပါဘူး။ အလယ် တစ်ပိုင်းတည်းပါ။ အရှေ့တပိုင်း နဲ့ အနောက်တပိုင်း ကျွန်မလည်း မဖတ်ဖူးပါဘူး။ တ၀က်တပျက် ဖြစ်လို့လည်း မညည်းကြပါနဲ့။ အင်တာဗျူးပဲ ဥစ္စာ။ ဇာတ်လမ်းမှ မဟုတ်ဘဲ။

ဘယ်လိုပဲ တ၀က်တပျက် ဖြစ်ဖြစ် အင်တာဗျူးဟာ တော်တော် ရှည်လျားပြီး ခု တင်ပြမယ့် တပိုင်းဟာ တပိုင်းဆို ဆိုသလောက် ပြည့်ပြည့်စုံစုံ မေးမြန်း ဖြေကြား ခဲ့ကြတာမို့ "ဂျူး" ဟာ ဘာ ဆိုတာကို ထင်းကနဲ မြင်သာ ပါလိမ့်မယ်။ Interviewer ဦးဝင်းငြိမ်းရဲ့ ကြိုးပမ်း အားထုတ်နိုင်မှု ကိုလည်း များစွာ ကျေးဇူး တင်မိပါတယ်။

*****

ပေဖူးလွှာ interview series တွေ စာအုပ် ပြန်ထုတ်တယ်လို့ ခပ်ဝါးဝါး ကြားရသလိုလို ရှိပြီး တွေ့လည်း မတွေ့ခဲ့မိပါဘူး။ ထွက်ဖြစ်ရင်လည်း ထွက်ဖြစ်ပါလိမ့်မယ်။ ကျွန်မနဲ့ မကြုံကြိုက်လို့ ဖြစ်ကောင်း ဖြစ်မှာပါ။

ဒီ post ကို တင်ဖို့ စဉ်းစားတဲ့ အချိန်မှာ ကျွန်မ ခေါင်းထဲမှာ အင်တာဗျူးကောင်း တစ်ခုကို Share လုပ်ချင်တာ ကလွဲလို့copy right တွေ copy left တွေ ဘာမှ မရှိပါဘူး။ ဒါကို တင်လိုက်လို့ တစုံတဦးရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာ စေနိုင်စရာ အကြောင်းလဲ မရှိဘူးလို့ ထင်မိပါတယ်။ (ရှိတယ် ဆိုရင် ပြန်ဖြုတ်ပါမယ်။)

ကဲ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဂျူး ကို ပြန်ငဲ့ ကြည့်ကြစို့လား။

*****
WN >>>
ဝမ်းနည်းပါတယ်။ Sorry ဆိုရုံလောက် ပဲလား။ ဒီလို ဇာတ်ကောင် စရိုက်မျိုး ဖန်တီး ခဲ့တဲ့ အတွက် စာရေးသူမှာ တာဝန်ရှိတယ် လို့ရော မယူဆဘူးလား။

Juu >>> မဟုတ်သေးဘူးလေ ကိုဝင်းငြိမ်းရဲ့။ ကျွန်မ ပြောချင်တဲ့ ၀မ်းနည်း စကားက ဒီလို ဇာတ်ကော
င်စရိုက်မျိုး ဖန်တီး ခဲ့မိတဲ့ အတွက် မဟုတ်ပါဘူး။ ဝေဖန်ခံရတဲ့ အတွက် ၀မ်းနည်းစကား ပြောတာပါ။ ကိုယ့် အပေါ်မှာ လူတစ်ယောက် နားမလည် နိုင်တာကို ခံစား ရတဲ့ အခါ ၀မ်းနည်းရသလောက် ပါပဲ။ ကိုဝင်းငြိမ်းက မေးမှတော့ မပြောတော့ဘူးလို့ ထားတဲ့ ကိစ္စတွေကို ပြောလိုက်ပါမယ်။

ကျွန်မရဲ့ ဇာတ်ကောင် စရိုက်တွေက ဘာတွေလဲ။ မြန်မာ အမျိုးသမီးကလေးများ အတုယူ မှားရလောက်တယ် ဆိုတာ ဘယ် အချက်တွေလဲ။ ဝေဖန်တဲ့ လူတွေ တချက်ချင်း ထောက်ပြပြီး ဝေဖန်သလို ကျွန်မ တစ်ချက်ချင်း ပြောပါမယ်။

ပထမဆုံး ပြောချင်တာက ဘီယာ သောက်တဲ့ ကိစ္စ ပါပဲ။ ဘီယာ ဆိုတာ အရက် လို့တောင် မခေါ်နိုင်လောက်အောင် ပျော့တဲ့ ယမကာ တစ်ခုပါ။ မြန်မာ အမျိုးသမီးလေးတွေ ဘီယာကို မသောက်ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အများစုက ဘီယာနဲ့ မနီးစပ်လို့ပါပဲ။ ဘီယာနဲ့ နီးစပ်တဲ့ အမျိုးသမီးတွေ ကလည်း ဘီယာရဲ့ အရသာ ခါးလို့ မကြိုက်တတ်ကြပါဘူး။ အနည်းငယ်သော အမျိုးသမီးများသာ ကြုံကြိုက်လို့ သောက်ဖူးကြတာ တွေ့ရပါတယ်။ ဘီယာကို စွဲစွဲလမ်းလမ်း သောက်ရအောင် အရသာ နှစ်သက်တဲ့ အမျိုးသမီး တစ်ယောက်မှ မရှိဘူးလို့ ကျွန်မ ပြောရင် လွန်မယ် မထင်ပါဘူး။ ကျွန်မ ကိုယ်တိုင်လဲ ဘီယာ အရသာကို မကြိုက်ပါဘူး။ ကိုယ့် အနားမှာ လွယ်ကူလို့ သောက်ကြည့်တဲ့ သဘောမျိုးထက် မပိုပါဘူး။

ကြိုက်တဲ့ အမျိုးသမီး ရှိရင် သောက်လိမ့်မယ်။ မကြိုက်ရင် ရှောင်လိမ့်မယ်။ ကျွန်မရဲ့ တစ်ပုဒ်တည်းသော ၀တ္ထုထဲက တစ်ကြောင်းတည်းသော စာကြောင်းကြောင့် မိန်းကလေးတွေ ဘီယာ ကြိုက်လာစရာ အကြောင်းမရှိပါဘူး။

နောက်တစ်ခုက ဆင်ဆာမဲ့ ဗွီဒီယို ကြည့်တဲ့ ကိစ္စ
ဒီအချက်ကိုတော့ ပြောစရာ နည်းနည်း ရှိပါတယ်။ ကိုယ်ပိုင် တီဗွီနဲ့ ဗွီဒီယို မ၀ယ်နိုင်တဲ့ အနုပညာ ၀ါသနာပါသူ တစ်ယောက် အနေနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့် ပြဿနာကတော့ ဗွီဒီယို ကြည့်ရတဲ့ အခက်အခဲပါပဲ။ ဗွီဒီယို ပြတဲ့ ရုံတစ်ခုမှာ တစ်လလုံး ပြလို့ ကျွန်မတို့ ကြည့်ဖို့ သင့်တော်တဲ့၊ အဆင်ပြေတဲ့ ဇာတ်ကား တစ်ကားတောင် ပါမလာတာမျိုး ရှိပါတယ်။ ကျွန်မတို့ အနုပညာသမားဟာ ရုပ်ရှင်တစ်ကားကို ကြည့်ပြီ ဆိုရင် ဒီဇာတ်ကားရဲ့ အနုပညာ စွမ်းအား၊ ဖန်တီးမှု စွမ်းအား၊ သရုပ်ဆောင်ရဲ့ စရိုက် ပီပြင်မှု၊ ဒါတွေကို အဓိက ရှာဖွေ စောင့်ကြည့်ရမှာ မဟုတ်ဘူးလား။

ကျွန်မ အနေနဲ့ကတော့ ကြည့်ဖို့ သင့်တဲ့ ရုပ်ရှင်ကား တစ်ခုကို ဆင်ဆာမဲ့ပါလို့ ဆိုပြီး ရှောင်မနေပါဘူး။ သူငယ်ချင်း တစ်ယောက် အိမ်မှာ ဖြစ်ဖြစ်၊ ကျွန်မ အိမ်မှာ ဖြစ်ဖြစ် ငှားပြီး ကြည့်ပစ်လိုက်တာပဲ။
ဥပမာ။ ။ Nine and Half Week လို ကားမျိုး၊ Lady Chatterley လို ကားမျိုးပေါ့။

ဗွီဒီယို ပေါ်လာတာ လူငယ်တွေ ပျက်စီးရာ လမ်းကြောင်းလို့ ပြောရင် သိပ်ကို မှန်ပါတယ်။ ဒါပေမယ့် ဗွီဒီယို ရဲ့ ကောင်းကွက်တစ်ခု (အသုံးချ တတ်မယ် ဆိုရင်) ရှိပါတယ်။ ရုံတင်ကား အဖြစ် မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးပြီး အခု အချိန်မှာ လုံးဝ ပြန်မလာတော့တဲ့ ကားမျိုးကို လူငယ်တွေဟာ ဗွီဒီယိုကနေ ကြည့်ခွင့်ရတယ်။
ဥပမာ။ ။ ဒေါက်တာ ဇီဗားဂိုး လို ကားမျိုး။

ထားပါတော့လေ။
ကျွန်မ ပြောချင်တာက ဆင်ဆာမဲ့ ဗွီဒီယိုကို မတော်တဆ ကြည့်လိုက်မိတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ဘ၀မှာ အဲဒီ အတွက်ကြောင့် ဘာတွေများ ထူးခြား ပြောင်းလဲ သွားနိုင်ပါသလဲ။ တချို့လူတွေ လိင်ဖောက်ပြန်တယ် ဆိုတာ မွေးရာပါ ဗီဇပါ။ ဖောက်ပြန်ချင်တဲ့ မိန်းမ တစ်ယောက်ဟာ ဘာ ဗွီဒီယို၊ ဘာ ရုပ်ရှင်မှ မလိုအပ်ပါဘူး။ ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက မိန်းမတွေ ကိုယ့်ကိုကိုယ် မထိန်းတတ်လို့ ဖြစ်စေ၊ မွေးရာပါ ဗီဇဆိုးကြောင့် ဖြစ်စေ၊ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ ဖြစ်စေ၊ ဒါမှမဟုတ် အလွန်ကံဆိုးတဲ့ အခိုက်အတန့် တစ်ခုကြောင့် ဖြစ်စေ ကလေးဖျက်ချ ရတာတို့၊ လင်ကောင်မပေါ်ဘဲ မွေးခဲ့ရတာတို့ အများကြီး ရှိပါတယ်။

ကျွန်မရဲ့ တစ်ပုဒ်တည်းသော ၀တ္ထုတိုထဲမှာ ဇာတ်ကောင်တစ်ယောက်က ရုပ်ရှင်သွားကြည့်ရင်း ဆင်ဆာမဲ့ အခန်း ကြည့်မိသွားတယ် ဆိုတဲ့ အဖြစ်အပျက်ဟာ ဆန်းသလား။ အပြင်မှာ မိန်းကလေး တော်တော်များများ ကံအကြောင်း မလှစွာ ကြုံဖူးတဲ့ အဖြစ်မျိုး မဟုတ်ဘူးလား။ ဒီစာကြောင်းလေး တစ်ကြောင်းက မြန်မာ မိန်းကလေးတွေရဲ့ ကာယိနြေ္ဒ ထိန်းချုပ်မှုပေါ်မှာ ဘယ်လိုမှ အကျိုး သက်ရောက်မှု မရှိနိုင်ပါဘူး။

တာဝန်နဲ့ ပတ်သတ်လို့ ပြောရရင် ဒီလို ဇာတ်ကောင် စရိုက်မျိုးကို ဖန်တီးခဲ့မိတဲ့ အတွက် ဒီဖန်တီးမှုရဲ့ အဆိုး အကောင်း အကျိုး အပြစ်ဟာ စာရေးသူမှာ တာဝန်ရှိတာပေါ့။ အဲဒီ တာဝန်ကိုလည်း စာရေးသူက ယူနိုင်ရမှာပေါ့။ စာရေးသူ တစ်ယောက်ဟာ သူ့ဝတ္ထုထဲက စာကြောင်း တစ်ကြောင်းချင်း၊ စာလုံး တစ်လုံးချင်း အတွက် တာဝန် ရှိနေတာပဲ။ စာရေးသူ တစ်ယောက် အနေနဲ့ ကိုယ့် ပတ်ဝန်းကျင်မှာ ကိုယ်မြင်နေရတာတွေ၊ တွေ့နေရတာတွေကို အမှန်အတိုင်း ရေးလိုက်တဲ့ အတွက် အပြစ် ရှိတယ် ဆိုရင်၊ နောက်ပြီး ဒီ စာကြောင်းလေး တစ်ကြောင်းကြောင့် မြန်မာ အမျိုးသမီးထုကြီး တစ်ခုလုံး ထူးထူးခြားခြား ပြောင်းလဲသွားတယ် ဆိုတာ သေချာရင် အဲဒီ အပြစ်ကို ကျွန်မ ရဲရဲ ခံလိုက်စမ်းပါမယ်။

*****
အပေါ်က ဓါတ်ပုံကတော့ မဂ္ဂဇင်းထဲက ပုံကို HP နဲ့ ပြန်ရိုက်ထားတာပါ။
ဘယ်ဘက်ခြမ်းက သရုပ်ဖော် ပန်းချီကတော့ မြင့်မောင်ကျော် ရဲ့ လက်ရာ ဖြစ်ပါတယ်။

to be continued

Sunday, May 3, 2009

ဟန်သစ် မဂ္ဂဇင်း နဲ့ "စောဟိန်း" ရဲ့ အခန်းဆက် ၀တ္ထုရှည်

ခုတလော အလယ်တန်း ကျောင်းသူ ဘ၀ကို သတိတရ ရှိနေပြန်ပါတယ်။

အလယ်တန်း ကျောင်းသူ ဘ၀ကို ပြန်စဉ်းစားရင် အလယ်တန်း တလျှောက်လုံး နေခဲ့ဖူးတဲ့
"ဖြူး" က မဖြစ်မနေ ပါလာရပါမယ်။ပြီးတော့ ပဲခူးလမ်း ရယ်၊
ထ-၁ ကျောင်း ရယ်၊
မိတ်ဆွေများ စာကြည့်သင်း
ရယ်၊
ဈေးမြောက်ဘက်က
"မြဧရာ" စာအုပ်ဆိုင်ရယ်၊
ဖြူးချောင်း
ရယ်၊
ဝဲဒေါင့်
ဆိုတဲ့ ရှမ်းရွာလေးရယ်၊
အဲဒီရွာ အဝေးပြေး ကားလမ်းမကြီး နံဘေးက
နာမည်ကြီး "အဓိပတိ" နဲ့"နံပါတ် ၀မ်း" စားသောက်ဆိုင်တွေရယ်၊အဲဒီဆိုင်တွေ ရှေ့က "အကြော်ဆိုင်" ရယ်...
(ဘ၀မှာ စားဖူးသမျှ အကြော်တွေထဲ အကောင်းဆုံးပဲ)


***
အလယ်တန်းမှာ စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ့တဲ့ မဂ္ဂဇင်း ၀တ္ထုရှည် တစ်ပုဒ်ကိုလည်း သတိရနေမိပါတယ်။ ဟန်သစ် မဂ္ဂဇင်းက စောဟိန်း ရဲ့ (အမည်မပါတဲ့)
ဝတ္ထုရှည် ပါ။ 1993 လောက်က စပြီး ပါခဲ့တာလို့ ထင်ပါတယ်။ ဆရာ စောဟိန်းကို အဲဒီ ၀တ္ထု တစ်ပုဒ်ပဲ ကျွန်မ ဖတ်ဖူးပြီး၊ အဲဒီ အရင် အဲဒီ နောက် လုံးဝ မတွေ့ဖူး၊ မဖတ်ဖူးခဲ့ပါဘူး။

ဝတ္ထုက နိုင်ငံခြား (အမျိုးသမီး စာရေးဆရာမ တစ်ယောက်ရဲ့) ၀တ္ထု တစ်ပုဒ်ကို မြန်မာမှု ပြုထားခဲ့တာပါ။ နာမည် လုံးဝ ပေးမထားပါဘူး။ ၀တ္ထု တစ်ပုဒ်လုံး ဆုံးမှ စာဖတ်သူတွေကို နာမည်ပေးစေမယ် လို့ အစမှာ ဖော်ပြခဲ့ပါတယ်။

ဆရာ စောဟိန်းရဲ့ အရေးအသားနဲ့ ဇာတ်ကောင်စရိုက်တွေက ၀တ္ထု အဖွင့်မှာ ကတည်းက ကျွန်မကို ဆွဲခေါ် သွားခဲ့ပါတယ်။

> ဆေးရုံပေါ်က သူနာပြု တွေကို တယောက်ပြီး တယောက် စိတ်တိုင်းမကျလို့ ၁၂ယောက်မြောက်ထိ လူလဲပစ်ခဲ့တဲ့ ဒေါသ ခပ်ကြီးကြီး သူဌေး ဦးကျော်ဇော၊
> ဦးကျော်ဇောရဲ့ ၁၃ယောက်မြောက် သူနာပြု ၊ ချောမော လှပပြီး ထက်မြက်တဲ့ မိုးစံပယ်၊
> ၀တ္ထု တစ်ပုဒ်လုံးမှာ ဦးကျော်ဇောရဲ့ စကားလုံး တွေနဲ့ပဲ သိခွင့်ရတဲ့ ဦးကျော်ဇောရဲ့ ဒုတိယ ဇနီး သိမ့်၊
> သိမ့်နဲ့ ရခဲ့တဲ့ ၊ ထက်မြက် ထူးချွန်သလောက် ခေါင်းမာတဲ့ ဦးကျော်ဇောရဲ့ အချစ်ဆုံးသားငယ် သစ္စာ၊
> ဦးကျော်ဇောရဲ့ သားကြီး နှစ်ယောက် အောင်နိုင်နဲ့ အောင်ကျော်ဇော
> ပြီးတော့ ဦးကျော်ဇော ရဲ့ ဂေဟာ နှင်းပွင့်မြိုင်

ဦးကျော်ဇောနဲ့ မိုးစံပယ် စတွေ့ကြတဲ့ အခန်း၊ ဦးကျော်ဇောရဲ့ အတိတ်ကို တစတစ သိခွင့်ရတဲ့ မိုးစံပယ်၊
ဦးကျော်ဇောရဲ့ ဆန္ဒအရ အိမ်ပြေးကလေး သစ္စာကို မိုးစံပယ်က လိုက်ရှာပြီး သူတို့ စတွေ့ကြတဲ့ အခန်း၊ သစ္စာနဲ့ မိုးစံပယ်တို့ရဲ့ အချစ်ဇာတ်လမ်း...
ပြီးတော့ "စိတ်အထုံး" ဆိုတဲ့ ကဗျာ တစ်ပုဒ်...
(ပန်းချီလည်းဆွဲ၊ အိမ်ပုံစံကိုလည်း ဒီဇိုင်းထုတ်၊ Fashion Design မှာပါ အောင်မြင်တဲ့ ပိုက်ဆံ လုံးဝ မရှာချင်တဲ့ သစ္စာ ဆိုတဲ့ ဂျစ်ကန်ကန် ကောင်လေးဟာ ကျွန်မကို လပေါင်းများစွာ စွဲလမ်းစေ ခဲ့တာပေါ့။)

၇ တန်း၊ ၈ တန်း နှစ်လောက်က ကျွန်မကို တစိမ့်စိမ့် ဆွဲဆောင် ခဲ့တဲ့၊ လပေါင်းများစွာ ဖမ်းစားခဲ့တဲ့ ၀တ္ထု တစ်ပုဒ်ပါပဲ။

အဲဒီ ၀တ္ထုဟာ ဘယ်နှခုနှစ်၊ ဘယ်လက စပါပြီး၊ ဘယ်လမှာ ဆုံးသလဲ ဆိုတာ တိတိကျကျ မမှတ်မိတော့ပါဘူး။ 93, 94 လောက်မှာ စပြီး၊ 94, 95 လောက်မှာ ဇာတ်သိမ်းပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ်ကောင်စရိုက် စ၊ လယ်၊ ဆုံး ပြေပြစ်ညီညွတ်စွာ ကောင်းမွန်တဲ့ ၀တ္ထုတစ်ပုဒ်ပါ။

ဝတ္ထု ပြီးသွားတဲ့ အချိန်မှာတော့ အစမှာ ပြောခဲ့သလို နာမည်ပေးတဲ့ ကိစ္စ မဖြစ်ခဲ့ဘူး ထင်ပါတယ်။
(၉ တန်း ရောက်တဲ့ထိ ဟန်သစ်ကို ဖတ်နေမိခဲ့တော့ သိသလောက် အဲဒီ ၀တ္ထုဟာ နာမည် မရှိခဲ့ပါဘူး။ ကြားထဲမှာ တလတလေ ကျော်ကောင်း ကျော်သွားတဲ့ထဲမှာ ပါသွားရင်တော့ မပြောတတ်ပါ။)

ဖြစ်နိုင်မယ် ဆိုရင် ကျွန်မ စွဲလမ်း ခဲ့ဖူးတဲ့ အဲဒီ ၀တ္ထုကို ခုနေ တစ်ကြိမ်လောက် ပြန်ဖတ်ချင်မိ ပါသေးရဲ့။
ရှားရှားပါးပါး ဖတ်ဖူးသူ၊ မှတ်မိ စွဲလမ်းနေသူ တစ်ယောက်ယောက်များ ရှိခဲ့ရင် စကားစပ်လို့ ပြောချင်မိ ပါသေးရဲ့။ ကျွန်မ မမှတ်မိနိုင်တော့တဲ့ ဇာတ်အိမ် အပိုင်းတွေ ၊ ဒိုင်ယာလော့ဂ် တွေ ပြောပြနိုင်မလား မေးချင်မိ ပါသေးရဲ့။ ဖြစ်နိုင်မယ် ဆိုရင် စာအုပ်တစ်အုပ် ဖြစ်အောင် အသွင်ပြောင်းပြီး မဖတ်ဖူးသေးသူတွေကို မြည်းစမ်းစေချင်မိ ပါသေးရဲ့။


*****
ဟန်သစ် မဂ္ဂဇင်းဟာ ကျွန်မကို ဖတ်နေကျ စာပေပုံစံ ကနေ ကွဲထွက်တဲ့ ၊ ထူးခြားတဲ့ စာပေသစ်ကို မိတ်ဆက် ပေးခဲ့တဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။ အဲဒီထဲက ကဏ္ဍ တော်တော် များများကို (စာဖတ်သူတွေရဲ့ ပေးစာ ကဏ္ဍ ကစလို့) နှစ်ခြိုက် စွဲလမ်းခဲ့ပါတယ်။

ဟန်သစ် ကနေ ဖြစ်လာတဲ့ ကလောင်သစ်တွေ ထဲမှာဆို လူတိုင်း နီးပါး သိကြမယ့်
"နေနော်" ရှိပါတယ်။(ဟန်သစ်မှာ ၀တ္ထုတိုတွေ ရေးခဲ့တဲ့ နေနော်ဟာ နောက်ပိုင်း လုံးချင်းတွေ စိပ်စိပ် ထွက်လာတဲ့ နေနော်နဲ့ ဘာမှ မဆိုင်ဘူး ထင်ရလောက်အောင် ဖန်တီးအား ကောင်းခဲ့သူလို့ ကျွန်မ ခံစားရပါတယ်။)

ပြီးတော့
"နီကိုရဲ"...
"မြေး အဘိုး အော်ပရေးရှင်း"
က စလို့ ဟန်သစ်မှာ ကျွန်မ သတိထား မိခဲ့တဲ့ နီကိုရဲ ဟာ ဟန်သစ်မှာပဲ "ချစ်ခြင်း ၏ နဂ္ဂတစ်များ" အခန်းဆက်နဲ့ တခဲနက် အောင်မြင်ခဲ့သူပါ။ (ရုပ်ရှင်မှာတော့ "ကြည်ပြာရောင် နဂ္ဂတစ်များ" ပေါ့။)

တာရာမင်းဝေ ရဲ့ နာမည်ကျော် ပြိုင်မြင်းတို့ရဲ့ ခွာသံ (စာပေရေးရာ ဆောင်းပါး) ဆိုတာလည်း (ကျွန်မ အမှတ် မမှားဘူး ဆိုရင်) ဟန်သစ်မှာ ပါခဲ့တာပါပဲ။

ဟန်သစ် တခေတ်ကိုလည်း လွမ်းမိပါသေးရဲ့။
အဲဒီတုန်းက ဟန်သစ် အယ်ဒီတာချုပ် ကတော့ (ဦး) တင်ကိုအောင် ဖြစ်ပါတယ်။
(တိရိစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးလို့ မှတ်သား ဖူးပါတယ်။ မသေချာပါ။)

မူရင်း စာရေးသူ ကိုရော၊ မြန်မာမှု ပြုပေးသူ ဆရာ စောဟိန်း ကိုရော၊ ဟန်သစ် မဂ္ဂဇင်းကိုပါ ဒီနေရာကနေ ကျေးဇူးတင် မှတ်တမ်း တင်ပါတယ်။

စာအုပ် စာတမ်း မြောက်မြားစွာနဲ့ ထိတွေ့ခွင့် ပေးတဲ့ ဖေဖေ့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စွာ ဂါရ၀ ပြုပါတယ်။

Saturday, May 2, 2009

Loi Nine လွိုင်နိုင်းကို ရောက်ခဲ့တယ်



(ဆိုင်ရဲ့ ထူးခြားတဲ့ အတွင်းပိုင်း အပြင်အဆင်)

(တို့ဟူးကြော်)

(ကျွန်မအကြိုက်ဆုံး ထမင်းချဉ်- ၀က်သားနဲ့)

(ရှမ်းခေါက်ဆွဲ)

ကျွန်မက တိုင်းရင်းသား အစားအစာ တွေထဲမှာ ရှမ်းစာတွေကို အကြိုက်ဆုံးပါပဲ။
Loi Nine ကို ဒေစီပိုင် တို့ Zephyr တို့ ကြော်ငြာနေကတည်းက စားချင်နေတာ... မနေ့ကတော့ အရောက်သွားဖြစ်ခဲ့ပါတယ်။

ငတ်နေတုန်းလဲဖြစ်... အကြိုက်ဆုံး အစားအစာတွေလည်း ဖြစ်တော့ ကောင်းလိုက်တာ အလွန်ပါပဲ။ ဘာစားစား ကောင်းနေတော့တာ။ နောက်လဲ မကြာခဏ သွားစားဖြစ်မှာ သေချာတယ်။ (ဆိုင်ခန်းတော့ ချဲ့ဖို့လိုပြီ)။

ထမင်းချဉ်ကို ၀က်သားနဲ့ စားခဲ့တယ်။ :))
ကောင်းမှကောင်း Yammmmyyyyy!!!
Steve ကပြောတယ်။ သူ ၀က်သား မကျက်တကျက်နဲ့ Sandwich စားလိုက်တာ ပိုပြီးများတောင် အားပြည့်လာတယ် ဆိုပဲ။
(Steve နဲ့ Strike စကားတော့ ချင့်ယုံကြပါလေ။ သူတို့ နှစ်ယောက်က တမြေတည်းနေ တရေတည်းသောက် တလေတည်းထွက်)

ပုံမှာ မြင်ရတဲ့ အတိုင်း ရှားပါး ရုပ်ရှင် ဓါတ်ပုံတွေနဲ့ အတွင်းပိုင်းကို ပြင်ဆင်ထားပါတယ်။

> ညီလင်းဆက် ဘလော့မှာ ဖတ်ဖူးတဲ့ မြန်မာ မင်းသမီး "၀င်းမင်းသန်း" ပါတယ် ဆိုတဲ့ "Purple Plain"
> ကိုရန်အောင် You Tube ကနေ သူ့ဘလော့ပေါ် တင်ဖူးတဲ့ "Burmese Harp"
> "Beyond Rangoon" စတဲ့ ရုပ်ရှင်ကားတွေ

> ၀င်းဦး၊ ၀ါဝါ၀င်းရွှေ၊ ခင်ယုမေ၊ မေ၀င်းမောင် တို့ပုံတွေ တွေ့ခဲ့ရပါတယ်။

Peninsula Plaza ရဲ့ Ground Floor မှာ ရှိပါတယ်။