Monday, August 24, 2009

ဒေါ်ခင်မျိုးချစ် ရဲ့ စကားတစ်ခွန်း

ဒေါ်ခင်မျိုးချစ်က ပြောဖူးတယ်ဆိုတဲ့ စကားတခွန်းပါ။
တဆင့်ပြန်ရေးထားတာကို ဖတ်ခဲ့ရတာပါပဲ။
ဘယ်ထဲမှာ ဘယ်သူက ရေးထားတယ် ဆိုတာတော့ မမှတ်မိတော့ပါဘူး။


"လူတွေမှာ တုံးပိုင်ခွင့် ရှိပါတယ်ကွာ။ တုံးလို့ရပါတယ် တဲ့။

ဒါပေမဲ့လည်း တချို့တွေ တုံးတာတော့ ငါဖြင့် ဉာဏ်ကို မမီဘူး တဲ့။"


***

အဲဒါလေး ဖတ်ခဲ့ရတုန်းက တဟားဟားကို ရီခဲ့ရတာ။ သဘောကျလွန်းလို့။


ဒေါ်ခင်မျိုးချစ် ရေးတဲ့စာတွေ သိပ်များများ မဖတ်ဖူးပါဘူး။

"အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား"
ရယ်၊

"ကောလိပ်ကျောင်းသူ"
ရယ် ဒါလောက်ပါပဲ။


"Colourful Burma"
အိမ်မှာ ရှိပေမဲ့ ဟိုလှန် ဒီလှန်လုပ်ပြီး ပစ်ထားပါတယ်။ တခါမှ မဖတ်ပါဘူး။

(အင်္ဂလိပ်စာ မတော်တာလည်း မပြောနဲ့၊ ပျင်းတာကိုး။)


နောက် ဆရာသော်တာဆွေ ရေးတဲ့ "ကျွန်တော့ဘ၀ဇာတ်ကြောင်း" မှာ ပါတဲ့ အကြောင်းတချို့ရယ် ဒါလောက်ပဲ သိပါတယ်။ ပြီးတော့ "ပုဂံသူရဲကောင်းများ" ဟာ ဆရာမကြီး အင်္ဂလိပ်ဘာသာနဲ့ ရေးတာကို ဆရာသော်တာဆွေက ဘာသာပြန်ရေးခဲ့တာပါ။

အဲဒီ "ကျွန်တော့ ဘ၀ဇာတ်ကြောင်း" ထဲမှာပဲ ဆရာကြီး ရွှေဥဒေါင်း ရန်ကုန်လာလည်တော့ စာရေးဆရာ၊ စာရေးဆရာမများက ထမင်းဖိတ်ကျွေး ဧည့်ခံကြတဲ့ အကြောင်းမှာ ဆရာမကြီးရဲ့ အချက်အပြုတ်အကြောင်းကို ထည့်ရေးထားပါသေးတယ်။

အသဲအမြစ် အစိမ်းကြော်က အထာမကျတော့ ဦးခင်မောင်လတ်က ပြောပါတယ်တဲ့။
"တွေ့ပြီမို့လား မင်းတို့အစ်မရဲ့ အရည်အချင်းကို... ဒါတွေကြောင့် ငါ သူ့ကို မီးဖိုချောင် မ၀င်ခိုင်းတာ" လို့။
(သြော် သူတို့များကျတော့လည်း ချစ်လိုက်ကြတာနော်။)

စာတွေလည်း အများကြီး မဖတ်ဖူး၊ တခြားအကြောင်းအရာတွေလည်း သိပ်မသိလှပေမယ့်လို့ ဒေါ်ခင်မျိုးချစ်ဟာ တော်တော်ကို ထူးချွန်ထက်မြက်ပြီး၊ ဟာသဉာဏ်၊ ဇ၀နဉာဏ်လည်း အတော်ကို ရှိပုံ ရပါတယ်။

Dr မတင်ဝင်းလဲ တခါ ရေးဖူးသေးတယ်။
ဘာပွဲလဲတော့ မသိတော့ပါဘူး။ ကျောင်းပွဲ တခုခု ထင်တာပါပဲ။ ဆရာမကြီး လာတက်ပါတယ် တဲ့။
အသက်လဲ တော်တော်ကြီးတဲ့ အရွယ်၊ သူ ဒူးလဲနာနေပါတယ်တဲ့။
လှေကားအဆင်းမှာ ၀ိုင်းတွဲပြီး ဆင်းကြရတယ်ပေါ့။

အဲဒီမှာ ဆရာကြီး တစ်ယောက်က လှေကားပေါ်အတက် ဆုံတော့... ဆရာမကြီးကို အားပေးချင်တဲ့ အနေနဲ့ "ဟုတ်တယ် ... မခင်မြရေ (ဆရာမကြီး နာမည်ရင်း)။ အသက်တွေကြီးလာတော့ ဒူးတွေလည်း မကောင်းချင်တော့ဘူး" လို့ပြောပါတယ်တဲ့။

အဲဒီမှာ ချက်ချင်းပဲ "အဲဒါကြောင့် ငါ အဖိုးကြီးတွေနဲ့ မတွဲချင်တာ" လို့ ပြန်ပြောပါသတဲ့။
ဟိုဆရာလည်း တဟားဟားရယ်ပြီး၊ အပေါ်တက်သွားပါတယ် ဆိုတယ်။

***
အပေါ်မှာ ပြောသွားတဲ့ စကားလုံးလေးပဲ ကြည့်ပါဦးတော့။

အဲ...မေ့လို့
ဘယ်သူ့မှ စောင်းပြောတာ မဟုတ်ပါ။

**
ဆရာမကြီး နာမည်ရင်းကို ပြောပြတဲ့ ကိုပေါ ကို ကျေးဇူးတင်ပါတယ်။

13 comments:

ကြည်ဖြူပိုင် said...

good.
သူငယ်ချင်းရေ.. ၁လာယူတာ :)

JuneOne said...

တို့က၂။ဒေါ်ခင်မျိုးချစ်ရေးတာတွေ တော်တော်များများဖတ်ဖူးပေမယ့် မမှတ်မိတော့ဘူး။

Ko Paw said...

မခင်မြ ရေလို့ ပြောတာဖြစ်မယ်။ ဆရာမကြီး နာမည်ရင်းက မခင်မြ လို့ မှတ်သားရဖူးတယ်။

မောင်စွမ်းရည်ရေးတဲ့ ဒေါ်ခင်မျိုးချစ်အကြောင်းကို မိုးမခမှာ ရှာဖတ်ကြည့်ပါ။ ဗိုလ်ချုပ်နေ၀င်းတို့ ဆပ်ပလိုင်း တပ်ကို ဂျပန်လို “ဒေါရထောဘိုထိုင်း” လို့ ခေါ်တဲ့ နေရာ သိပ်ရယ်ရတယ်။

Ko Paw said...

Solly Hor!... It should be ဒေါရဘော ဘိုထိုင်း....း-)

http://moemaka.blogspot.com/2009/01/maung-swan-yi-remembering-khin-myo-chit.html

ဗိုလ်နေ၀င်းဟာ လူကြီးတဦးဖြစ်ပေမယ့် နိုင်ငံရေးကိစ္စတွေမှာတော့ သိပ်အားမကိုးရလို့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို သူနဲ့တန်တဲ့ စစ်ပစ္စည်းတွေ ထားရှိရာ ဆပ္ပလိုင်းရုံးမှာပဲ ခပ်လှမ်းလှမ်းပို့ပြီး အုပ်ချုပ်ခိုင်းထားသတဲ့။ ကိစ္စရှိတဲ့အခါ ရုံးကို လာရတယ်။

တနေ့တော့ ဗိုလ်နေ၀င်း ရုံးချုပ် လာတယ်။ သူတို့ ဆပ္ပလိုင်းရုံးက စာတွေ ရုံးချုပ်မှာ ရောက်နေလို့ ဒေါ်ခင်မျိုးချစ်က ကြုံတုန်း ပေးလိုက်ချင်တယ်။ ဒါကြောင့် “ဗိုလ်နေ၀င်းတို့ ‘ဒေါရဘော ဘိုထိုင်း’ ကစာတွေ ရောက်နေတယ်။ ကျမ ပေးလိုက်ချင်တယ် …” လို့ ဗိုလ်နေ၀င်းကို လှမ်းပြောသတဲ့။

ဗိုလ်နေ၀င်းကလည်း ဒေါ်ခင်မျိုးချစ်နဲ့ ရင်းနှီးနေတော့ နာမည်ရင်း “မခင်မြ”လို့ပဲ ခေါ်တယ်။ “ဟဲ့ မခင်မြ … ခုန ဘာပြောလိုက်တာလဲ။ ပြန်ပြောစမ်း …” လို့ ဆိုသတဲ့။

“ဒေါရဘော ဘိုထိုင်းအတွက် စာတွေ ၀င်နေတာ ရှိတယ် …” လို့ ပြန်ပြောလိုက်တော့၊ ဗိုလ်နေ၀င်းက “ဒေါရဘော ဘိုထိုင်း” ဆိုတာ အဓိပ္ပာယ် သိရဲ့လားလို့ ပြန်မေးသတဲ့။ “ဂျပန်လို ဆပ္ပလိုင်းရုံးလို့ ခေါ်တာမဟုတ်လား၊ သူများတွေ အဲသလို ခေါ်ကြတာကြားလို့ မှတ်ထားတာ” လို့ ပြန်ဖြေတယ်။

ဗိုလ်နေ၀င်းက ဒေါ်ခင်မျိုးချစ်ရဲ့ အနီးကို လာပြီး ခေါင်းပုတ်ရင်း “ဟဲ့ အဲဒါ ဂျပန်လို သူခိုးဌာန လို့ ခေါ်တာဟဲ့။ ဟုတ်ပါတယ်လေ၊ ငါတို့ဌာနကလည်း သူခိုးချည်းပါပဲ …” လို့ ရယ်ရယ်မောမော ပြောရင်း သူ့တို့ဌာနက စာတွေ ယူပြီး ပြန်သွားပါရောတဲ့။

ရွှန်းမီ said...

မရီတာပြောတာရော ကိုပေါပြောတာရော မှတ်သွားပါတယ် =)

ကိုလူထွေး said...

ကိုလူထွေးလိုလူတွေ အများကြီးရှိလို့ထင်တယ်...
ဆရာမကြီးက အားမလိုအားမရ ဖြစ်ခဲ့ရတာ...

Nge Naing said...

မှတ်သားသွားပါတယ်။

စန္ဒကူးမေ said...

ရီတာ ရေးတာလေးရော.. သူများ ကောမန့်တွေပါထပ် ဖြည့်ဖတ်ရင်းရီသွားပါတယ်..း) တုံးတဲ့သူတွေပြောတာကိုအကြိုက်ဆုံးပဲ..း)

yangonthar said...

ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ စကားလေး
မှတ်သား သွားပါတယ် အစ်မ ကျေးဇူးပါ
ဗဟုသုတပေးတဲ့ အတွက်
အေးမြသာယာပါစေ
ရန်ကုန်သား
:D

ရွှန်းမီ said...

http://ebooks.mmblogs.net/?p=137

ရွှန်းမီ said...

http://ebooks.mmblogs.net/?p=137

tututha said...

ဟာသဥာဏ်ရွှင်သလားတော့ မပြောနဲ့မရီတာရေ့ .. ဆရာသော်တာဆွေက လေးစားရတဲ့ ဆရာမကြီးကိုး နော်။ သူ သောင်းပြောင်းထွေလာမှာ လစဉ် “ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုပြီး ရေးတာ ကျမတို့ လတိုင်းစောင့်ဖတ်ခဲ့ရပါတယ်။ ပြီးတော့ တခွိခွိ ရယ်ရပါတယ်။ သူ့ကို သိပ်အားကျတာပဲ။ ဆရာမကြီးရဲ့ စာပိုဒ်ကလေးကို ဖြန့်ဝေ ပေးလို့ ကျေးဇူးပါ “တချို့တွေ တုံးတာတော့ ငါဖြင့် ဥာဏ်ကို မမီဘူး” တဲ့လား .. (တဟားဟား အော်ရယ်မိပါတယ်)

Steve Evergreen said...

ကိုပေါလဲစုံတယ်။ ရီတာလဲ စာဖတ်အားကောင်းတယ်။ ပုဂံသူရဲကောင်းကိုဖတ်ဘူးတယ်။ အထင်ကြီးစရာကောင်းအောင်ရေးထားတာ မှတ်မိတယ်။ ကျွန်တော့ဘဝဇာတ်ကြောင်းကတော့အသဲစွဲ။ အိမ်ကရှူမဝလစဉ်ယူပြီးသိမ်းထားတယ်။ သော်တာဆွေ ကအဲဒါရေးမယ်ဆိုတော့ ရှူမဝ ဦးကျော်က တရာပြည့် အောင်ရေးနိုင်ပါ့မလားမေးဘူးတယ်။ ဒါပေမဲ့ အခန်းတရာပြည့် တော့ ဦးကျော်ကသေးပြီးနေပြီတဲ့။

သော်တာဆွေကလူပျော်ကြီး။သိမှာပေါ့ ခုနှစ်မိုင်ရွာတန်းရှည်မှာနေခဲ့တယ်။ အိမ်က ဒရိုက်ဗာကလဲ ခုနှစ်မိုင်ရွာတန်းရှည်ကပဲ။ တရက် သူတို့တွေ အိမ်တအိမ်မှာ စုပြီးဖဲရိုက်နေတုန်း သူ့မိန်းမ "မေ"ရောက်လာပြီး ဖဲချပ်တွေကို စုတ်ဖြဲပါရောတဲ့။ ဘယ်ပြောကောင်းမလဲ သော်တာဆွေ ကထပြီး ဖနောင့်နဲ့ ပိတ်ကန်ပြစ်တာတဲ့။ သော်တာဆွေ အဲဒီအကြောင်းတော့သူ့စာထဲ ထည့် ရေးတာမတွေ့မိသလိုပဲ။ :)

ကျေးဇူး Rita