Sunday, April 26, 2009

ကလေးငယ်များအတွက် အမှန်တကယ် လိုအပ်သော အရေးကြီး အချက် (၅) ချက်



၁) ပျော်ရွှင် ချမ်းမြေ့မှု ပေးရမည်။
၂) ချစ်ခင် ကြင်နာစိတ် ပွားတတ်အောင် လေ့ကျင့် ပေးရမည်။

၃) ရိုးသား ဖြောင့်မတ်မှုကို တန်ဖိုး ထားတတ်အောင် လေ့ကျင့် ပေးရမည်။

၎) နှလုံးရည်သတ္တိ (ဗျတ္တိ) ပြည့်ဝအောင် လေ့ကျင့်ပေးရမည်။
၅) မိမိကိုယ်တိုင် ကောင်းအောင် ပြုစုစောင့်ရှောက်ခြင်းဖြင့် ပတ်ဝန်းကျင်ကိုပါ ကောင်းအောင် ပြုပြင် သွားနိုင်ဖို့ လေ့ကျင့်ပေးရမည်။


ကြည်မင်း (ကျော်စောမင်း)

(လူချွန် လူကောင်းလေးတွေ ဖြစ်အောင်၊
သင့်ဘဝ အောင်မြင်ရေး မဂ္ဂဇင်း၊ ၁၉၉၅- ဇန်န၀ါရီလ)

***
စာအုပ်မှာ ရေးထားတဲ့ ရက်စွဲ အရ 2000 ခုနှစ် ဒီဇင်ဘာလ မှာ ကူးရေးခဲ့တဲ့ စာပိုဒ်ပါ။

ကျွန်မ ကလေး စိတ်ပညာကို စိတ်ဝင်စားတယ်။
ကလေးတွေ (မျိုးဆက်တွေ) ရဲ့ အနာဂတ် အတွက် လူကြီး မိဘ အသိုင်းအဝိုင်း (ပတ်ဝန်းကျင်) ရဲ့ အရေးပါမှု နဲ့ ကလေးတွေရဲ့ အမူအကျင့် အတွေးအခေါ်အပေါ်မှာ
(အကောင်း ဖြစ်စေ၊ အဆိုး ဖြစ်စေ) လွှမ်းမိုးနိုင်စွမ်းရှိမှုကို ယုံကြည်တယ်။

အဲဒါကြောင့်ပဲ ဂျူး ရဲ့ "ချစ်ခြင်း၏ အနုပညာ" ကို (ကြိုက်နှစ်သက်တယ် ဆိုတာထက်) ယုံကြည်စွဲလမ်းခဲ့၊
တက်ဆူးကိုး ကူရိုယာနာဂီ ရဲ့ "ပြတင်းပေါက်က မိန်းကလေးငယ်" ထဲက "တိုမို" ကျောင်းကို တည်ထောင်သူ "မစ္စတာ ဆိုဆာကူး ကိုဘာယာရှီ" ကို အံ့သြ အားကျ မိ
ခဲ့တယ် ထင်ပါတယ်။
ဆရာကျော်စောမင်း ကိုတော့ ဟန်သစ် မဂ္ဂဇင်းရဲ့ ဖတ်ကြည့် ကဏ္ဍ မှာ စသိခဲ့ရတာပါ။ သူ့ ဆောင်းပါးတွေဟာ ကျွန်မကို နဂို ရှိရင်းစွဲထက် ပိုပြီး ကြည့်တတ် မြင်တတ် စေခဲ့ပါတယ်။


တက်ဆူးကိုးရဲ့ စာအုပ်ကို ကျွန်မ လေး၊ ငါးတန်းလောက်မှာ ဖေဖေ့ စာအုပ်တွေထဲက ဖတ်ခဲ့ရပါတယ်။
စဖတ်စမှာ ခပ်ရိုးရိုး ရေးထားတဲ့ စာအုပ်ကို ကလေးလိုပဲ နားလည် ဖတ်ရှု ခဲ့တာပါပဲ။
(မြသိန်း ရဲ့ ဘာသာပြန် ဖြစ်ပါတယ်။ နောက်ပိုင်း ရဲမြလွင် ဘာသာပြန် ထွက်ပါတယ်။ ကျွန်မကတော့ မြသိန်းရဲ့ ဘာသာပြန်က ပိုပြီး ပြေပြစ် ဆွဲဆောင်နိုင်တယ် ထင်ပါတယ်)


ချစ်ခြင်း၏ အနုပညာ ကိုတော့ ၇ တန်း တက်တဲ့နှစ်၊ 1993 မြားနတ်မောင် မဂ္ဂဇင်း အထူးထုတ် မှာ ဖတ်ခဲ့ရပါတယ်။ ပေးထားတဲ့ message ကို အဲဒီ အချိန်မှာ
လုံးဝ (လုံးဝ) မရပါဘူး ဒါကလဲ သဘာဝ ကျပါတယ်။ ကျွန်မ အသက် ၁၃ နှစ်ပဲ ရှိသေးတာကိုး။ ဒါပေမယ့် အဲဒီ ဝတ္ထုထဲက အကြောင်းအရာဟာ ကျွန်မ ခေါင်းထဲမှာ ကျန်နေရစ်ခဲ့တယ်။

အဲဒီ မဂ္ဂဇင်းမှာ နှစ်လည်အထူးထုတ်မို့ ပါတဲ့ ဝတ္ထုတိုတိုင်းမှာ စာရေးဆရာတွေရဲ့ မှတ်ချက်လေးတွေ ကိုယ်စီ ပါတာတောင် မှတ်မိနေပါတယ်။

ဂျူး ရေးခဲ့တာက "အချစ်ဆိုတာ စိတ်ခံစားမှု သက်သက် လို့ ကျွန်မတို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဆိုတာ သင်ကြား နားလည် တတ်မြောက်ရမယ့် အတတ်ပညာတစ်ခုပါ" တဲ့။ (စကားလုံး အတိအကျ မဟုတ်ပါ)။
တက်ဆူးကိုး စာအုပ်ကို အပြန်ပြန်ဖတ်ရင်း၊ တခါပြီး တခါ ကျွန်မ ရလိုက်တဲ့၊ မြင်လိုက်တဲ့အရာတွေ ပြောင်းပြောင်း သွားတာကို သတိထားမိရင်း၊ ကလေး စိတ်ပညာကို အာရုံ ၀င်စားလာရင်း၊
၉ တန်းလောက် အရောက်မှာတော့ ပြင်ပ အကြောင်းအရာ တစ်ခု (မိသားစုတွေရဲ့ အပြန်အလှန် ဆက်နွယ် ပတ်သတ်မှု) နဲ့ ဆက်စပ်မိပြီး ဂျူးရဲ့ ဆိုလိုရင်းကို ကျွန်မ ဖျတ်ခနဲ ရသွားခဲ့တာပါ။


အဲဒီ ဝတ္ထုရဲ့ လွှမ်းမိုးမှုနဲ့ 2000 ခုနှစ်မှာ အဖြူရောင်များ အကြောင်း ကို
ကျွန်မ ရေးဖြစ်ပါတယ်။

ကျွန်မ ကောက်ချက် တစ်ခုလည်း ချခဲ့မိပါတယ်။
(ယောအတွင်းဝန်ကို မြင်းထိန်းငတာက ပေးတဲ့ မှတ်ချက်မျိုး ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။)
"ဂျူး ဟာ တာဝန် ဆိုတာကို သိလွန်းလို့ အိမ်ထောင် မပြုခဲ့တာ ဖြစ်နိုင်တယ်" လို့။
(ဘာပဲဖြစ်ဖြစ် သူဟာ တာဝန်ကျေတဲ့ စာရေးဆရာ ဆိုတာတော့ မလွဲဧကန် သေချာပါတယ်။)

ဒါကြောင့် generation မယူချင်ဘူး ပြောသူ တချို့ကိုလည်း ကျွန်မအနေနဲ့ "အတ္တကြီးရန်ကော" လို့ လွယ်လွယ် ကောက်ချက် မချမိပါဘူး။ ကိုယ့်မျိုးဆက်သစ်ကို ပြုစု ပျိုးထောင်တယ် ဆိုတဲ့တာဝန် ကို တကယ်သိရင်၊ တကယ်ကျေပွန်ဖို့ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ မဟုတ်ဘဲလဲ ခံစားသိရှိလို့ ရနိုင်ပါတယ်။

ဒါကြောင့်မို့ တာဝန်ကို ဘာမှန်းမသိဘဲ စွတ်ယူပြီး မကျေပွန်တဲ့ လူတွေထက်စာရင်၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ် မယူဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုတဲ့ လူတွေကို ပို သဘောကျပါတယ်။
ဥပမာ။ "မိုးကုတ် စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း" ထဲက Dr. ထား လို လူမျိုးပေါ့။

စကားစပ်ပြီး ပြောရရင် "Dr ခင်မောင်ဝင်း" ရဲ့ "အမေ
နဲ့ ကျွန်တော်" ဖတ်နေချိန်မှာလည်း "ချစ်ခြင်း၏ အနုပညာ" ကို ခံစားနေရပါတယ်။ ဒေါက်တာ့ အမေဟာ ချစ်ခြင်းအတတ်ပညာနဲ့ ပြည့်စုံတဲ့သူလို့ ခံစားရစေပါတယ်။
အချစ် ဆိုတဲ့ အတတ်ပညာ အကြောင်းကို
အဖြူရောင်များ အကြောင်း မှာ
ကျွန်မ ဒီလို ထည့်ရေးခဲ့ပါတယ်။
"သက်ရှိပင် ဖြစ်စေ ၊ သက်မဲ့ပင် ဖြစ်စေ...မိမိ ချစ်ခင်မြတ်နိုးသော အရာကလေးတစ်ခုကို တိုးတက်မြင့်မားလာအောင် .. သူ့ရဲ့ လိုအပ်ချက် မှန်သမျှကို လိုလေသေးမရှိ ဖြည့်စွမ်းပေးရန် တတ်သိနားလည်ပြီး မြေတောင်မြှောက်ပေးနိုင်ခြင်းမှာ အချစ်၏ အတတ်ပညာပင် ဖြစ်သည်။
"
***The interests of childhood and youth are the interests of mankind. (Janes)

9 comments:

Nge Naing said...

မင်္ဂလာပါ၊ စာလာဖတ်ပြီး မှတ်သားသွားပါတယ်။ မြန်မာလူမျိုး အတော်များများက ကလေးတွေကိုဆိုရင် ငယ်တဲ့အချိန်မှာ ချစ်မယ် နည်းနည်းကြီးလာတာနဲ့ ဆိုးလို့ဆိုပြီး ရိုက်သင့်မှန်းမသင့်မှန်းမသိ ရိုက်ပြီး ကလေးကို အနာတရ ဖြစ်အောင်လုပ်တော့ တချို့ ကလေးတွေဆို ကြီးတဲ့အထိ စိတ်မှာ ဒါဏ်ရာရသွားပြီး ဆိုးမိုက်သူတွေ ဖြစ်သွားကြတာ အများကြီး ရှိပါတယ်။ အဲလို မဖြစ်ရအောင် မိဘဖြစ်လာမယ့်သူတိုင်း ကလေးအကြောင်းကို လေ့လာသင့်ပါတယ်။ Child developement ကို အကျဉ်းချုပ်လေး လုပ်ထားတာကို ပြန်လည်မျှဝေထားပေးတာ ကောင်းပါတယ်။ ကျွန်မလည်း ဂျူး ရေးတဲ့စာတွေကို သုတရော ရသာပါ နှစ်ခုလုံးပါလို့ သိပ်ကြိုက်တယ်။

sonata-cantata said...

"လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ"
ဆိုရိုးစကားလိုပဲ
သားတို့ကို အချိန်ပြည့်နည်းပါး သွန်သင်နေမိတယ်။
တခါတခါတော့လည်း တွေဝေမိတယ်။ ငါလိုချင်တဲ့ ပုံစံကိုချည်း ထုတ်ဖော်မိနေရအောင် ငါကလည်း ဘယ်လောက်ပြည့်ဝလို့လည်း ဆိုတဲ့ အတွေးမျိုးဝင်လာတဲ့ အခါမှာပေါ့။ လက်ငင်းတင် ရုပ်ရှင်ကြည့်ရင်ငိုတတ်တဲ့ အမွေ သားကြီးရနေပြီ။

Steve Evergreen said...

ကလေး ပြီးတော့ နောက်တခါ လူပျိုပေါက်တွေအတွက် လိုအပ်ချက်လေးတွေပါ ရေးပါလား။ကျေးဇူး

တန်ခူး said...

မှတ်သားသွားပါတယ်ညီမရေ… သားတယောက်မွေးပြီးမှပဲ ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ပညာပါသလဲ သိတော့တယ်… ပြီးတော့ ငါအတော်ညံ့တာပဲလို့  သက်ပြင်းချမိတယ်… ညီမရဲ့ ဒီပို့ စ်လေးကို ဖတ်ပြီး အမတို့  ဆရာကြီးတယောက်ကို သွားသတိရမိတယ်… လူပျိုကြီးဘ၀နဲ့  အရိုးထုတ်သွားသူပေါ့… သူ့ အတွေးတွေ ဒီလိုများဖြစ်နေမလားလို့  တွေးမိသွားတယ်…

Rita said...

ဟုတ်ပါတယ် မမ။
ကျွန်မလည်း generation ကိစ္စတွေကို စိတ်ဝင်တစား ရှိပေမယ့် မယူရင် ပိုကောင်းမယ့်သူမျိုးလို့ ကိုယ့်ဟာကိုယ် define လုပ်မိတတ်တယ်။ နောက် ဘယ်လိုလာမယ် ဆိုတာတော့ မပြောတတ်ဘူးပေါ့။

Rita said...

အဲဒါကြောင့်လည်း ကလေးမယူတဲ့ စုံတွဲတွေကို ကျွန်မတော့ လွယ်လွယ် မဝေဖန်မိဘူး။ ကိုယ့်အလှည့်ကျလဲ မယူဘူး တွေးထားမိတော့လေ...
တာဝန်လည်း ယူနိုင် ကျေလည်း ကျေပွန်နိုင်ရင်တော့ အတိုင်းထက် အလွန်ပါ။ ကိုယ့်ဟာကိုယ်တော့ စိတ်ဝင်စားလို့ လေ့လာလေ မမီနိုင်တာ သိလေဖြစ်လာပါတယ်။ ဒါပေမယ့် ဒီကိစ္စက တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။

မမတန်ခူးတို့ မမသီတာတို့ ကိုပေါတို့ blog တွေ ဖတ်ပြီး မမတို့က ကျေပွန်တဲ့လူတွေလို့ ခံစားရပါတယ်။ မမ blog က သားသား ဆိုတဲ့ label ကို ကျွန်မ အကုန်ဖတ်ပြီးပါပြီ။ သိပ်သဘောကျတယ်။

strike said...

ဟုတ်ပါပြီရပါပြီ...လူကြီးများအကြောင်းရေးပါတော့ဗျို့

Rita said...

29 Dec 09, 16:32
shwezinu: စာတွေလာဖတ်သွားပါတယ်

29 Dec 09, 17:09
shwezinu: တော့တိုး-ချန် ကိုဒို့လည်းကြိုက်တယ်

29 Dec 09, 17:21
Rita: တော့တိုး-ချန် ကြိုက်တဲ့သူ တွေ့ရင် သိပ်ပျော်တာပဲ။ ကျေးဇူးတင်ပါတယ်။

29 Dec 09, 23:22
tin min htet: တော့တိုကျန် ကြိုက်ရင် ငယ်ငယ်က တော်တော်ဆော့ပုံ ရတယ်။ တခါက ဖိုရမ်မှာ တော့တိုကျန် အကြောင်းပြောဖြစ်ကြတော့ ကြိုက်တဲ့သူ၊ အသေးစိတ် မှတ်မိနေသူ တော်တော်များများတွေ့ရတယ်။

29 Dec 09, 23:25
tin min htet: အရင်က မြသိန်း ဘာသာပြန်တာလည်း ရှိတယ်။ အခုတော့ ရဲမြလွင် ပဲ ရှိတော့တယ်။ ပြန်တောင် ရိုက်နေသေးတာ၊ အခန်း ၁၁ ထိပဲ ပြီးသေးတယ်။ ၆၃ ခန်းဆိုတော့ အများကြီးလိုသေးတယ်။ ရိုက်ပြီးရင်တော့ အီးဘွခ် ပို့လိုက်ပါ့မယ်။

30 Dec 09, 08:57
Rita: ကျွန်မ ဖတ်ခဲ့တာလဲ မြသိန်းပဲ အစ်ကို။ ရဲမြလွင် နောက်ပိုင်းထွက်တော့ နဲနဲပဲ ဖတ်ကြည့်မိတယ်။ ပို့ပေးမယ် ဆိုလို့ သိပ်ကျေးဇူးတင်တာပဲ။

31 Dec 09, 13:34
နန်းညီ: တော့တိုကျန် စာအုပ်ရရင် နန်းညီလည်း လိုချင်ပါတယ်

1 Jan 10, 14:04
ဇွန်မိုးစက်: Happy New Year, Rita! စကားမစပ် တို့လည်းတော့တိုးကျန် သိပ်ကြိုက်တယ်။ ခုနစ်တန်းတုန်းက စဖတ်ဖူးတာ မြသိန်းဘာသာပြန်၊ တို့ရဲ့ကျူရှင်ဆရာမပေးဖတ်တာ။ နောက်၁၀တန်းပြီးတော့ ဆိုင်မှာတွေ့လို့ဝယ်ဖြစ်တာ ရဲမြလွင်ဘာသာပြန်

1 Jan 10, 14:06
ဇွန်မိုးစက်: တစ်မျိုးစီကောင်းတယ်။ တို့အထင်မမှားရင် မြသိန်းက အင်္ဂလိပ်ကနေ ပြန်တာ၊ ရဲမြလွင်ကတော့ ဂျပန်ကနေ တိုက်ရိုက်ပြန်တာ။

(တော့တိုး-ချန် ကို သိပ်မသိကြဘူးပဲ ထင်မိတာ။ ခုလို လူတွေ အများကြီးတွေ့ရတော့ သိပ် ဝမ်းသာတာပဲ။)

Rita said...

11 Jan 10, 10:40
ဇွန်မိုးစက်: ရီတာ..အိုတိုးထာကဲရော ဖတ်ဖူးလား။ ရဲမြလွင်ဘာသာပြန်ပဲထင်တယ်။ စာအုပ်နာမည်က ခြေမစုံလက်မစုံ ကျွန်တော့ဘဝ .... မှတ်ဉာဏ်တွေ တုံးကုန်လို့ အတိအကျမမှတ်မိတော့ဘူး။ စိတ်ဓါတ်ခွန်အားပေးတဲ့စာအုပ်လို့ ပြောရင်ရတယ်။

11 Jan 10, 10:40
ဇွန်မိုးစက်: တို့သဘောကျတာသွားက ဒုက္ခိတကို ဒုက္ခိတလို့ မဆက်ဆံပဲ သာမန်လူအတိုင်း ဖြစ်ခွင့်၊ လုပ်ခွင့်ပေးခဲ့တဲ့ သူ့မိသားစု ပတ်ဝန်းကျင် ကျောင်း အသိုင်းအဝိုင်းပဲ။ တော်တော်အားရကျေနပ်စရာကောင်းတယ်။ ဖတ်လို့လည်း သိပ်ကောင်းတယ်။

11 Jan 10, 10:45
Rita: ဟုတ်လား အဲဒါတော့ မဖတ်ဖူးသေးဘူး။ ဂျပန်စာအုပ်တွေကတော့ တွေ့ရခဲတော့ ဖတ်ရခဲပါတယ်။ ဒါဖြင့် "အိုတိုးထာကဲ" လည်း တော့တိုး-ချန် ရဲ့ သူငယ်ချင်း တာကာဟာရှီလို မသန်စွမ်းပေမဲ့ ကံကောင်းတဲ့လူပေါ့။ ကိုယ်စိတ်ဝင်စားပါတယ်

11 Jan 10, 10:46
Rita: မြန်မာပြည်ပြန်ရင်တော့ ရှာဖတ်ဦးမယ်။ ညွှန်းပေးတာ ကျေးဇူးတင်လိုက်တာ။

11 Jan 10, 11:07
ဇွန်မိုးစက်: my pleasure :) မြန်မာပြည်ပြန်ဖြစ်အုံးမယ်ပေါ့

11 Jan 10, 11:11
ဇွန်မိုးစက်: ရန်ကုန်အိမ်မှာတော့ အဲ့စာအုပ်ရှိတယ်။ တို့မဖတ်ဖူးတဲ့ နောက်တစ်အုပ်က 'ရက်လေးဆယ်စစ်ပွဲ'။ သူလည်း တော့တိုးကျန်လိုပုံစံမျိုးပဲ။ ကလေးမလေးက မိဘနဲ့ ရက်၎ဝကြာအောင် စိတ်ကောက်တဲ့အကြောင်း

11 Jan 10, 11:17
ဇွန်မိုးစက်: ဂျပန်ဘာသာပြန်ပဲ။ ရီတာ ကြုံရင်ဖတ်ကြည့်ဖို့။

11 Jan 10, 11:34
Rita: okie ကိုယ် ရှာကြည့်ပါမယ်။