Wednesday, December 23, 2009

ဖြူး နဲ့ ဆရာ


(ဖြူး အမျိုးသားကျောင်းဆောင်
)
အမျိုးသားကျောင်းရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးက ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း အစ်ကို) ပေါ့။

ဖြူးကို ရောက်ကာစ ညှိယူခဲ့ရတဲ့ အချိန်တွေကို သတိရမိစေတယ်။

ဒီကျောင်းဆောင်ရဲ့ လက်ဝဲဘက်အခြမ်းက ကိုယ်တက်ခဲ့ရတဲ့ စတုတ္ထတန်း အေ။ လက်ယာဘက်ခြမ်းက ဘီ။ စုစုပေါင်း နှစ်ခန်းနဲ့။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက်ပဲ ရှိတယ်။ ဆရာမက ကိုယ်နေရတဲ့ အေခန်း အတန်းပိုင်၊ မြန်မာစာ၊ ပထဝီ၊ သမိုင်း သင်တယ်။ ဆရာကတော့ ဘီခန်းပေါ့၊ သင်္ချာနဲ့ အင်္ဂလိပ်စာ သင်တယ်။ ဖြူးအကြောင်းနဲ့ ကျောင်းအကြောင်းကို ပြောမယ်ဆိုရင် ဆရာ့ကို ချန်ခဲ့လို့ မဖြစ်ဘူး။

နောင်တက်ရမယ့် အတန်းတွေအတွက် အခြေခံနဲ့ အတွေးအခေါ်တချို့ကို ဆရာက လွှမ်းမိုးတယ်။ အဲဒီတုန်းက ဆရာ့အသက် ၂၈ နှစ်ကို တော်တော် အသက်ကြီးပြီ ထင်ခဲ့တာ။ ခုတော့လည်း ၂၈ နှစ် ဆိုတာ ငယ်ငယ်လေးပါလား ထင်မိပြန်တယ်။ (အော် ဒုက္ခ)

ဆရာက ၁ဝ တန်းအောင်တော့ ကျောင်းကနေ ဂုဏ်ထူး ၅ ဘာသာ ပါတယ်။
ဒါပေမဲ့ သူတို့ခေတ်က regional ခေတ်။
ဒါတွေက ဆရာပြောလို့ မဟုတ်ဘဲ နောက် တော်တော်ကိုကြာမှ ကိုယ့်ဘာသာ ပြန်သိခဲ့ရတဲ့ အကြောင်းတွေ။

တချို့ တချို့သော လူတွေရဲ့ ဘဝလမ်းကြောင်းတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်လိုက်နိုင်တဲ့
ဒေသကောလိပ်ခေတ်ပေါ့။ တချို့ပါလေ။ တကယ်ပြောကြကြေး ဆိုရင်တော့လည်း ကိုယ့်ကိုယ်ကိုယ်သာ အဓိကရပါပဲ။

စတုတ္ထတန်းကလေးတွေကို ဆရာ တခါ ပြောတယ်။

"ဘဝမှာ စာကြိုးစားဖို့ အဓိကပဲနော်။ တက္ကသိုလ်ရောက်ရင်လည်း သတိထားရမယ်။ သူများ အဓိပတိလမ်း လျှောက်တယ်ဆို လျှောက်လိုက်ချင်တာပဲ။ သူများ သစ်ပုတ်ပင်အောက် ထိုင်တယ်ဆို ထိုင်လိုက်ချင်တာပဲ။ တကယ်တော့ အဲဒါတွေက အလကားပဲ။ နားလည်လား။ စာပဲ အဓိက"

(အဲဒီအချိန်လောက်ကတော့ စာတော်ရင် ပြီးတဲ့ ခေတ် ကိုး)

ဘုရားစူး။ ကိုယ်တို့ လုံးဝ နားမလည်ခဲ့ဘူး။ အဲဒါ ဆရာ
ဘာကိုဆိုလိုချင်တာမှန်း။
ဘယ်သိမှာလဲ။ အသက်က ၁ဝ နှစ်။ ကာတွန်းလောက် ဖတ်ချင်တဲ့ အချိန်။
မိဘတွေပြောပြလည်း ဒါတွေ စိတ်ထဲ ရောက်ခဲ့မှာ မဟုတ်ဘူး။
ကိုယ်မိဘတွေကတော့ အဓိပတိလမ်းနဲ့ သစ်ပုတ်ပင်ရှိတဲ့ နေရာက မဟုတ်တော့ မပြောဘူးပေါ့။ (မေမေက မကွေးနဲ့ မန္တလေး တက္ကသိုလ်ပဲ တက်ခဲ့တယ်)

ပြောသည့်တိုင်အောင် ဆရာ့ဆိုလိုရင်းကို ဘယ် ၁ဝ နှစ်ကလေးမှ နားလည်မယ် မထင်ဘူး။ ဒါပေမဲ့ ဒါတွေကစ ဆရာ ပြောခဲ့တယ်။

ရီစရာကောင်းတာ တစ်ခုက သစ်ပုတ်ပင်ကိုတောင် ကိုယ်က သင်္ဘောပင်လို့ နားကြားလွဲလာသေးတယ်။ :D
ဒါပေမဲ့ ကိုယ်က absorption ကောင်းတယ် ပြောရမလား။ နောက်တခုက စိတ်ထဲမှာ ဆရာ့ကို သိပ် အလေးအနက်ထားတယ်။ ဆရာပြောတာတွေကိုဆို သိပ် စိတ်ဝင်စားတယ်။

ဆရာက စာအကြောင်းကနေ အမှတ်တမဲ့ ညှပ်ပြောလိုက်တာပေမယ့် ကိုယ်ကတော့ မှတ်မှတ်ထင်ထင်ပဲ။ မေမေ့ကို ဆရာပြောတဲ့ စကားလုံးတွေ ပြန်မေးကြည့်တော့ မေမေက "ဟယ် သစ်ပုတ်ပင် ပြောတာ နေမှာပါ။ ဘယ်နှယ့် သင်္ဘောပင်ဖြစ်ရမှာလဲ" တဲ့။ (ထင်တော့ ထင်သားပဲ။ သင်္ဘောပင်အောက် ဘယ်လိုလုပ် ဝင်ထိုင်မှာလဲလို့။)

ပြီးတော့ မေမေက ပြုံးပြီးတော့ "ဒါ လူကြီးတွေက လူငယ်တွေကို ပြောနေကျ စကားပါ" လို့ ပြန်ပြောတယ်။ အဲလို အရှင်းကောင်းတော့ ကိုယ်လည်း နားကို မလည်တော့ဘူး။ ဘာဖြစ်လို့များ လူကြီးတွေက အဲဒီလမ်းတွေနဲ့ အဲဒီအပင်အောက် မသွားစေချင်တာလဲ မသိဘူးပဲ တွေးခဲ့တယ်။ အဲလိုတွေ လျှောက်သွားပြီး စာမကျက်မှာစိုးလို့ နေမှာပေါ့လေ လို့။

သိပ်မကြာပါဘူး။ ၆ တန်းလောက်ရောက်တော့ ဆရာ့စကားက ဘာ ဆိုတာ နားလည်သွားတယ်။

အသက် ၁ဝ နှစ် အရွယ်ကတော့ ဆရာကို လေးစားဖို့ နဲ့ ကြောက်ဖို့ကလွဲလို့ သိပ်မသိပါဘူး။ နောက် အသက်ကြီးလာတော့ စာဖတ်ဖြစ်လာ၊ လူတွေကိုလည်း စိတ်ဝင်တစားနဲ့ စူးစမ်းတတ်လာတဲ့ နောက် ဆရာ့အကြောင်းတွေ စဉ်းစားမိပါတယ်။ ဆရာ ငယ်ငယ်က အတော် ရည်မှန်းချက် ကြီးခဲ့ပါလိမ့်မယ်။ သူ့တပည့်တွေကို မြင်းကောင်းခွာလိပ် မဖြစ်စေချင်တဲ့ စိတ်စေတနာက ပြောခဲ့ဖူးတဲ့ စကားတွေတိုင်းမှာ ပါခဲ့တယ်။

အဲဒီတုန်းက မနက်ပိုင်း အချိန်ဆို အတန်းပိုင်တွေက ကိုယ့်အတန်းကိုယ်သင်။
ညနေကျမှ အတန်းလဲ သင်တယ်။ ဆရာက ကိုယ်တို့ အတန်းပိုင် မဟုတ်တော့ ညနေပိုင်းကို သင်ရတာပေါ့။ ၄ တန်းနှစ် တလျှောက်လုံး ညနေ ၃ နာရီခွဲ ဒေါင် ဆိုတာနဲ့ ကျောင်းဆင်းရတယ် ဆိုတာ အတော့်ကို ရှားရှားပါးပါးပဲ။ ကိုယ်တို့တွေ ဆရာ့ကို စိတ်ထဲမှာ သိပ် အလေးအနက်ရှိကြတာ ဘယ်သူမှ ငြင်းမရနိုင်ဘူး။

December ကျောင်းရက်ရှည် ပိတ်တော့ ဆရာက အချိန်ပိုတွေ ခေါ်သင်တယ်။ စာမေးပွဲလည်း နီးနေပြီကိုး။ ဆရာက စာပဲ စိတ်ထဲရှိတဲ့သူ၊ ပြီးတော့ ယောက်ျားလည်း ယောက်ျားဆိုတော့ အတန်း သန့်ရှင်းရေးတို့ ဘာတို့ ဘာမှ မလုပ်ခိုင်းဘူး။ ကိုယ်တွေကလည်း ဘယ်သူမှ ထ မလုပ်ဘူးလေ။ တပတ် ဆယ်ရက်လောက် စာသင်လိုက်ကြတာမှာ အတန်းအောက် အမှိုက်တွေကို ပွစာတက်လို့ပဲ။ ကျောင်းပြန်ဖွင့်တော့ ဆရာမ ခမျာ ရင်ထုလို့ နေတယ်။ "အမလေး နင်တို့ ဒီရက်တွေ ဘယ်လိုများ နေကြတာလဲ။ အတန်းထဲ မြွေဝင်အောင်းတော့ မှာပဲ" နဲ့။ :D

စာ အသင်အပြ ကောင်းသလောက်၊ ထက်မြက်တဲ့၊ လမ်းပြနိုင်တဲ့ ဆရာ။
ကျောင်းဆရာ အလုပ်ကို ဆရာ ဝါသနာ မပါပါဘူးလို့ ပြောခဲ့ဖူးတယ်။
ဒါပေမဲ့ အဲဒီအလုပ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် လုပ်သွားနိုင်ခဲ့တယ်။

ဘယ်လိုပဲ စာက အဓိက မဟုတ်တဲ့ ခေတ်ကို ရောက်ရောက်၊ ဆရာ့ စေတနာကိုတော့ ပြန်တွေးမိရင် ခံစားလို့ ရနေတုန်းပဲ။ ဆရာ ပြောသွားတဲ့ စကားတစ်ခွန်းဟာ ဆရာ့ ဘဝ တစိတ်တပိုင်းကိုလည်း ထင်ဟပ်နေလိမ့်မယ် လို့လည်း ထင်မိတယ်။

ခုစာရေးရင်း ဆရာတောင် အသက် ၅ဝ နားနီးပြီလို့ တွေးမိတော့ လန့်ဖျတ်သွားမိတယ်။
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ အသက် ၃ဝ အရွယ် ဆရာ့ကိုတော့ ကိုယ်ပြန်တွေ့ရမယ် မဟုတ်တော့ဘူး။ ဒီလိုပဲ ဆရာလည်း ခေါင်းမာတဲ့၊ ဉာဏ်ကောင်းပေမယ့် (လို့ ဆရာ ထင်ပေမယ့်) စာမကြိုးစားချင်တဲ့ ၁ဝ နှစ်ရွယ် ကလေးမလေးကို ပြန် မတွေ့နိုင်တော့ဘူး။

အနှစ် (၂ဝ) ... ဖျတ်ခနဲ လိုပဲ။

***
တကယ်တော့ ကျောင်းအကြောင်းနဲ့ အလယ်တန်းကျောင်းသူ ဘဝအကြောင်း ရေးဖို့ပါ။
ရေးရင်းနဲ့ ဆရာ့ အကြောင်း ဖြစ်သွားတယ်။

ဟိုတခါ တင်တဲ့ ဖြူး အကြောင်း post ကို ဖတ်ပြီး email ပို့ ဆက်သွယ်ခဲ့တဲ့၊ ဖြူး ဓါတ်ပုံတွေကို ပို့ပေးခဲ့တဲ့ ဒေါက်တာ အောင်သန်းလင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

နောက် ကျန်တဲ့ ဓါတ်ပုံအချို့နဲ့ ဆက်ပြီး တင်ဖြစ်ပါဦးမယ်။

***

9 comments:

Phyo Maw said...

အနှစ် ၂၀ ဖျက်ကနဲလား...
ဖြစ်နိုင်ရင် ပြန်သွားချင်တဲ့ အချိန်တွေ
ပြန်ပြုချင်တဲ့အရာတွေရှိသား
ခက်တာက အဲအချိန်ပြန်သွားနိုင်ရင်
ဒီစိတ်နဲ့ဖြစ်ပါ့မလားလည်း ခဏခဏ တွေးမိသေး။
ဆရာ ဆရာမတွေ အကြောင်းပြန်တွေးရင်
တချို့တွေကို ရီပြမိမယ်
တချို့တွေကို ထိုင်ကန်တော့မိမယ်
တချို့တွေကို မေ့ချင်မေ့ပစ်မိမယ် ^_^
ဘာမှမသိပါကွယ်။

အန်တီချမ်း said...

မနေနိုင်လို့အရင်ပြောပါအုံးမယ်
ဟဲ့ဟဲ့ဟဲ့
ကွန်မန့် အမှတ်နှစ်က ဘယ်နှာကြီးတုံးဟ အရီးတားရဲ့ ကြည့်လုပ်ပါအုံး

ကဲခုမှမန့်မယ်

အော်...........................(တရားရသံနှင့်ဖတ်ရန်)
ဒေါ်ရီတာတောင် ဘာလိုလိုနဲ့ ၃၀နီးနေပြီပဲ
သတိရတာတောင်ဆရာပဲနော်
ဆရာမကိုထည့်မပြောသွားဘူး
နောက်ပိုစ့်တွေမှာလာမှာပေါ့လို့ မငြင်းနဲ့
ပရိုင်ရောရတီ နိမ့်နေတာကိုပြောနေတာ
အဟေးဟေး

Rita said...

comment အမှတ် ၂ က စပမ်ဟေ့။ အဲဒါမျိုးတွေ ခဏခဏဝင်တယ်။ word verification ပြန်ထည့်မှ ရမယ်။

ဆရာမ အကြောင်းက တင်ဖို့ သိပ်မရှိဘူး။ ဘာဖြစ်လို့ ဆိုတော့ ဘာမှ ထူးထူးခြားခြား ပြောစရာ မရှိလို့ပါ။ လူဖြစ်နည်းနည်းစောတာရယ်၊ နယ်မှာ ကြီးခဲ့ရတာရယ် တကယ်တော့ ကံကောင်းပါတယ်။

ဆရာ/ ဆရာမတွေနဲ့ ပတ်သတ်လို့ ပြန်စဉ်းစားမိရင် (မူ/ လယ်/ ထက်) မှာ အားလုံးလိုလို ကျေနပ်စရာတွေပါပဲ။ ဒါပေမဲ့ ထူးထူးခြားခြား ပြောစရာဆိုလို့ ဆရာ တစ်ယောက်ပဲ ရှိတယ်။ ဆရာတပည့်တွေ တော်တော်များများ ဒီတိုင်းပဲ ပြောကြလိမ့်မယ်။

ဒါတောင် ကိုယ်ပြောတာတွေ ဘာမှ မဟုတ်သေးဘူး။ တချက် နှစ်ချက်ပဲ ရှိသေးတာ။

သိင်္ဂါကျော် said...

ကိုယ့်ဆရာ အကြောင်းလေး အမှတ်တရ တင်လိုက်တာ ကောင်းပါတယ်..

ကိုလူထွေး said...

၂၈ နှစ်ပေမယ့် တွေးတတ်ခေါ်တတ်သူမို့ ချီးကျူးစရာပဲ...

Mgbothu said...

ကျောင်းပုံလေးအတွက်ကျေးဇူးပါအမရေ...99 အောင်ခဲ့တာဆိုတော့ ၁၁ နှစ်ရှိတော့မယ် ..အမိကျောင်းတော်နဲ့ခွဲခဲ့ရတာ...အမှတ်ရစရာတွေအများကြီးကျန်ခဲ့တယ် ...

ရှင်ထွေးလေး said...

အေးမြတ်ကိုရေ... ငါ့နင့် link ကို သုံးမယ်နော်... နင်အရမ်းတော်တယ်... ငယ်တုန်းကအကြောင်းတွေကို မှတ်မိတယ်..

zaw Htet said...

ဖြူး ဘလော့လေးတွေ ထပ်တင်ပါဦး အမရေ...ကျေးဇူးပါ

ko myo said...

၅ တန်းတုန်းက စာသင်ခဲ့တဲ့အဆောင်လေးပါ အဲဒီအချိန်တုန်းက အောက်ထပ်ကို အုတ်မကာသေးဘူး ကျေးဇူးပါခင်ဗျာ