Sunday, December 12, 2010

ယောက်မ

ယောက်မ
(ရေး - မြို့မငြိမ်း၊ ဆို - လေဘာတီ မမြရင်၊ မာမာအေး၊ ဖြူသီ)



ခြေဆင်း
(မကောင်းမြစ်တာ ကောင်းရာညွှန်ပါတဲ့ မိခင်

နားဝင်ငြိမ့်ညောင်း သံချိုလောင်းရင်
သံပြားကျောက်စောင်း ကျိုပျော့ပျောင်းသတဲ့ရှင်
ကိုယ့်သမီး ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံစေချင်)

မျက်စေ့အောက်တွင် အမြဲမြင်ချင် အရိပ်တကြည့်ကြည့်နှင့် သမီးကိုပင်
မိခင်တိုင်းတွင် အရွယ်ကလေး ငယ်သေးတယ်ထင်
မောင့်အပေါ် ခင်မင်တွယ်တာ သနားမညှာ
မေတ္တာဧကန် သွေလှန်ဖေါက်ပြား ယောက်ျားတစ်ပါးမမြင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

အမေကတော့ သဘောတူပါတယ်ရှင်
ဒါပေမဲ့လည်း သူငယ်နှပ်စား ကလေးထင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်
တကယ်ပင် မပယ်ချင် ယုံပါရှင်
သီးချိန် ပွင့်ချိန် မောင်ကပြောတော့
မိဘ သဘောတူတာ
မတူတာနှင့်စာရင် ပေါင်းဖို့ရန် ထင်သလောက်မလွယ်ပေဘူးရှင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို
ကားနှင့်ခိုးဖို့ လိုမယ် ပျိုမထင်
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

ဂျာမဏီတွင် အရွယ်မနှောင်းစေချင်

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့

သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ပုဆိုး နှစ်ပတ်လောက်ရှိတဲ့အပြင်
ရုက္ခစိုးလည်း ငိုက်လျက်ပင်
သူ့တစ်ကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

download လုပ်ရန်။

***
မြို့မငြိမ်း သီချင်းတွေ နားထောင်မိရင် ပြုံးမနေဘဲကို မနေနိုင်ဘူး။
ဒီသီချင်း ငယ်ငယ်တည်းက ဟိုက ဒီက အိမ်က နားထောင်ဖူးပါတယ်။
ဒါပေမဲ့ စာသားတွေ သေချာ မသိခဲ့ဘူး။

"
အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်" ဆိုတာကလွဲရင် ဘာမှသေချာမသိဘူး။

ခုမှပဲ
post အဟောင်းတွေလာဖတ်မိတဲ့ တစ်ယောက် email ကနေ link ရော mp3 file ပါ ပို့ပေးတာမို့ တင်လိုက်ပါတယ်။

စာသားတွေ ပြန်မရိုက်ဖြစ်ပါဘူး။ သူပေးတဲ့ ဒီနေရာက ပဲ ယူပါတယ်။

စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

ဆိုတာလေးတွေ
သူဘယ်လိုများ တွေးပြီး ရေးနိုင်ပါလိမ့်နော်။

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်

ကိုဇက်တီတို့လိုပဲ။ သူလည်း လတ်တလောအဖြစ်အပျက်တွေ ဆွဲထည့်တတ်ပုံရတယ်။ ဒါပေမဲ့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်

ဒါမျိုးလေးတွေ ကြားမိရင် အဲဒါ မြို့မငြိမ်းလို့ ပြောစရာမလိုတဲ့ သင်္ကေတ တစ်ခုလိုပဲ။
"သူ (အမေ) ပြောတာလည်း ဟုတ်မှာပဲရှင်" ဆိုတာရဲ့ နောက်မှာ အမေပြောစကားကို ထောက်ခံသလိုလိုနဲ့ နောက်က ထည့်လိုက်တဲ့ "ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်" ငေါ့လုံးကလေးကို နားထောင်ရတော့ တကယ်လို့များ သီချင်းရေးစားဖို့ စိတ်ကူးမိပြီး၊ ဒီစာသားတွေ နားထောင်မိရင် ရှေ့ဆက်ဖို့ တွန့်သွားတော့မှာပဲလို့ တွေးမိပြန်တယ်။

"ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင် " ဆိုတာ... ချစ်သူကလည်း ပူဆာနေပြီ၊ သူကလည်း ပါနေပြီမှာ အမေက ငယ်သေးတယ်ဆိုလို့ စောင့်ပါဦးပြောနေတဲ့ မိန်းကလေးရဲ့ အတွင်းက မကျေနပ်စိတ်ကလေးများလား တွေးမိတယ်။

အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

***
သီချင်း နဲ့ စာသားအတွက် link ပို့ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်။


***

10 comments:

N/A said...

ဘာမှ မပြောရဲလို့ ပြုံးစိစိနဲ့ပြန်သွားပါသည်....

မိုးယံ said...

အံ့တယ် အံ့တယ်...

Jackel said...

မြို့မ ငြိမ်းက သီချင်းတွေကို သာမန်စိတ်ကူးသက်သက်နဲ့ ရေးတာမဟုတ်ဘူး။ contemporary issue တွေကို ကောင်းကောင်းကျက်မိပြီး ခေတ်ရဲ့ လိုအပ်ချက်၊ ခေတ်ရဲ့ အရိပ်အရောင်ကို လိုက်ပြီး ရေးသားခဲ့တာဖြစ်တယ်ဆိုတာ သူ့သီချင်းတွေထဲက ထူးခြားတဲ့ ကမ္ဘာ့ရေးရာ အကြောင်းအရာလေးတွေ၊ နိုင်ငံ့အရေးနဲ့ ဆိုင်တာလေးတွေက သက်သေခံနေတယ်။အနုပညာဆိုတာ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်မှု သက်သက်ပဲမဟုတ်ဘူးဆိုတာရှေးကဆို မြို့မငြိမ်း၊ အခုခေတ်မှာဆို ကာတွန်း ဟန်လေး၊ ဆရာအော်ပီကျယ် တို့က အကောင်းဆုံးပြနေတာပဲ။
စကားမစပ် အဲဒီသီချင်းက မေဆွိလဲပြန်ဆိုတယ်။ ကျုပ်သိသလောက်တော့ မေဆွိရဲ့ ဗားရှင်းက လူကြိုက်(လူသိ) အများဆုံးပဲထင်တယ်။ ကိုယ်တိုင်က အဲဒီဗားရှင်းနဲ့ပဲ အကျွမ်းဝင်ခဲ့ရလို့လားတော့မသိဘူး။

Vista said...

မိန်းကလေးက အသက်ဘယ်နှနှစ်မို့  အဲလိုဆိုတာလည်းမသိဘူးနော။
ဒါနဲ့ ဂွတိုလည်း ဒါ့ကြောင့်များ
ဂျာမနီရွေ့ သွားသလားတွေးလိုက်မိသေးတယ်။း)

Rita said...

LOL
ဒါပေမဲ့ သူရွှေ့သွားတဲ့အချိန်မှာ ဟစ်တလာ မရှိတော့လို့ သူ့ဘာသာပဲ ကိစ္စပြီးလိုက်တယ်။

@ Jackel နဲ့ ဆက်ပြောချင်သေးတယ်။ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ ကိုယ့်အထင် ဒီ့ထက် ဆက်ပြောဖို့လိုနေသေးတယ်။

Rita said...

(အနုပညာဆိုတာ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်မှု သက်သက်ပဲမဟုတ်ဘူးဆိုတာ)

ကိုယ့်အမြင်ပြောရရင် အဲဒါ ယူသော်ရ၏ ကိစ္စကြီး။

(contemporary issue တွေကို ကောင်းကောင်းကျက်မိရမယ်။ ခေတ်ရဲ့ လိုအပ်ချက်၊ ခေတ်ရဲ့ အရိပ်အရောင်ကို လိုက်ပြီး ရေးသားနိုင်ရမယ်) ဆိုတာလည်း OPTIONAL ကိစ္စလိုပဲ မြင်တယ်။

ဥပမာ - လူတစ်ယောက်။
လူတောထဲ ဝင်မယ့်လူတစ်ယောက်မှာ ခြေလက်အင်္ဂါစုံပြီး၊ ဝတ်စားဆင်ယင်မှု ဝတ်စုံပြည့် ဖြစ်နေရမယ် (လူမြင်ကောင်းနေရမယ်) ဆိုတဲ့ အဓိကလိုအပ်ချက်မှာ - အပေါ်အင်္ကျီက ဘာဘရန်း၊ အောက်ကဘာဘရန်း၊ ဖိနပ်က ဘာဘရန်း၊ အိတ်က ဘာဘရန်းဆိုတာမျိုးလို အဲဒါ OPTIONAL ကိစ္စပဲ။

နောက်တခု စိတ်ကူးဉာဏ်ကွန့်မြူးပြီး ပရိသတ်ရဲ့ ခံစားမှုကို ထိအောင်ပစ်နိုင်ဖို့ဆိုတာမှာ ဖန်တီးသူနဲ့ ခံစားသူရဲ့ ခံစားမှုနှစ်ခုကလွဲပြီး ကျန်တာ မလိုဘူး။ လိုတယ်ဆိုလည်း အဆာပလာ အဆင်တန်ဆာထက် မပိုဘူး။
***
ခုကိုယ်ပြောချင်တာက Jackel ပြောချင်တာနဲ့ လွဲရင်လဲ လွဲနေပါမယ်။
မြို့မငြိမ်း ဖြစ်စေ၊ တခြား ဘယ်သူဖြစ်စေ လတ်တလော လူမှုဘဝ၊ နိုင်ငံအရေးအခင်းစတာတွေ ထင်ဟပ်တယ်၊ ထင်ဟပ်အောင် ရေးနိုင်တယ်ဆိုတာ သူတို့ talent ပါရမီအရဖြစ်တာ။ အံ့ဝင်ခွင်ကျ ဖြစ်ချင်ဖြစ်မယ်။ ဖြစ်ချင်မှ ဖြစ်မယ်။ ဖြစ်ရင် အောင်မြင်တယ်။ မဖြစ်ရင် အနုပညာအရသာ ပျက်တယ်။ ဒါနဲ့ပဲ မြို့မငြိမ်း ဖြစ်စေ၊ တခြား ဘယ်သူဖြစ်စေက ဒီလို ထင်ဟပ်အောင် အနုပညာမြောက်အောင် ရေးနိုင်တာနဲ့ ဘယ်သူဖန်တီးတဲ့ အနုပညာမဆို ဒီလို ထင်ဟပ်နိုင်မှဖြစ်မယ်လို့ သတ်မှတ်ရင် အဲဒါ ကိုယ့်(တစ်ယောက်တည်း)အတွက်တော့ တလွဲပဲ။ (ဒီလိုပြောတာဟာ အနုပညာသမား ခံစားမှုကလွဲလို့ ဘာမှသိစရာမလိုဘူး ပြောချင်တာ မဟုတ်။)

နောက်တခုက စိတ်ကူးဉာဏ်ကွန့်မြူးမှု။
အနုပညာတစ်ရပ်က လူခန္ဓာကိုယ်ဆိုရင် ဖန်တီးသူနဲ့ ခံစားသူရဲ့ ခံစားမှုနှစ်ခုက ဦးခေါင်း ပဲ။ ကျန်တာက ခြေလက်အင်္ဂါမျှသာ။ ခြေမရှိ လက်မပါလည်း အသုံးကျလို့ရတယ်။ ခေါင်းမပါလို့တော့ မရဘူး။ ခု ဒီသီချင်းမှာပဲ ဟစ်တလာ ကိစ္စ ဖြုတ်ကြည့်လိုက်၊ ဘာမှအရသာက ထူးပြီး လျော့မသွားဘူးလို့ ကိုယ်တော့ မြင်တယ်။ ဒါက မြို့မငြိမ်းရဲ့ ပါရမီနဲ့ အံဝင်ခွင်ကျဖြစ်အောင် ထည့်သုံးလိုက်တဲ့ အဆာပလာကလေးမျှသာ။

ကိုယ့်အမြင်ကတော့ အနုပညာဟာ ခံစားစိတ်ကူးဉာဏ် ကွန့်မြူးမှုသက်သက်နဲ့တင် အနုပညာပီပီပြင်ပြင် ဖြစ်လို့ရတဲ့အရာပဲ။ (ထပ်ပြောပါမယ်။ အနုပညာဟာ ခံစားစိတ်ကူးဉာဏ် ကွန့်မြူးမှုသက်သက်နဲ့တင် အနုပညာပီပီပြင်ပြင် ဖြစ်လို့ရတဲ့အရာလို့ ပြောတာဟာ အနုပညာသမား ခံစားမှုကလွဲလို့ ဘာမှသိစရာမလိုဘူး ပြောချင်တာ မဟုတ်။)

(အနုပညာဆိုတာ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်မှု သက်သက်ပဲမဟုတ်ဘူးဆိုတာရှေးကဆို မြို့မငြိမ်း၊ အခုခေတ်မှာဆို ကာတွန်း ဟန်လေး၊ ဆရာအော်ပီကျယ် တို့က အကောင်းဆုံးပြနေတာပဲ။)

ကာတွန်းပညာကို ကိုယ် လေးစားပါတယ်။ ဆရာအော်ပီကျယ်ကို ပြောစရာမလိုတဲ့ ပါရမီရှင် ကာတွန်းဆရာလို့လည်း မြင်ပါတယ်။ ဒါပေမဲ့ ကာတွန်းရဲ့ ရသပိုင်း ဦးတည်ရာက တခြား စာပေ ဂီတ ရုပ်ရှင်လို အများကြီးမရှိဘူး။ လူမှုဘဝကို သရော်တယ်ဆိုတာ တစ်ခုပဲ ကာတွန်းမှာ ရှိတယ်လို့ (ကိုယ့်တယောက်တည်းအနေနဲ့) မြင်တယ်။ (တခြား ချစ်ရွှင်သနား တည်ကြားကြမ်းကြုတ်... ဘာညာကွိကွတွေ ကာတွန်းကနေ မျှော်လင့်လို့ သိပ်မဖြစ်နိုင်ဘူး) နောက် မြန်မာနိုင်ငံရဲ့ အနေအထားအရ ကာတွန်းတွေက ဒီလိုင်းအတွက်သက်သက်လို ဖြစ်နေတာလည်း ပါပါလိမ့်မယ်။ ဒါနဲ့ပဲ (ကာတွန်းဆရာတွေ ဒီလိုရေးတာနဲ့ပဲ) ကျန်တဲ့ နယ်ပယ်က အနုပညာတွေကို ဒီဘောင်အောက် ဆွဲသွင်းလို့တော့ မရဘူး။

နောက်ဆုံးအမြင်ကို ပြောရရင် အနုပညာနဲ့ ပတ်သတ်တဲ့ ဖန်တီးမှု၊ ခံစားမှုတွေမှာ အမှန်အမှားဆိုတာ မရှိဘူးလို့ ထင်တာပါပဲ။ အထင်အမြင်တွေပါပဲ။ ခံစားမှုဆိုတာ ကန့်သတ်လို့မှ မရတာ၊ ဘယ်သူတွေအတွက် ဘယ်လောက် ရသမြောက်မြောက် ကိုယ့်မှာ လုံးဝ ခံစားလို့မရတဲ့ စာအုပ်စာပေတွေ ရှိတယ်။

Jackel အမြင်မှာ ထပ်ဖြည့်ပြောချင်တာတွေရှိသေးရင်လည်း သိချင်မိပါသေး။

ဒါနဲ့ စကားမစပ် မေဆွိ ဗားရှင်းလေး ရရင်တော့ လိုချင်သားပဲ။

Jackel said...

My previous posting seemed to fail due to the length of the comments. So I will re-post again shortened and divided versions.

(အနုပညာဆိုတာ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်မှု သက်သက်ပဲမဟုတ်ဘူးဆိုတာ)
ကျုပ်ပြောတာ မပြည့်မစုံဖြစ်သွားတယ်။ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်မှုသက်သက်အားဖြင့် အနုပညာတခုကိုဖန်တီးနိုင်တယ်ဆိုတာ အငြင်းပွားဖွယ်ရာမရှိပါ။ ဒါပေမယ့် တကယ့် တန်ဖိုးရှိတဲ့ အနုပညာလက်ရာ တွေဟာ ဖန်တီးမှုစွမ်းအားကောင်းကောင်းနဲ့ တိကျတဲ့Theme တခုခုကို ကိုယ်စားပြုနေကြတယ်။
(contemporary issue တွေကို ကောင်းကောင်းကျက်မိရမယ်။ ခေတ်ရဲ့ လိုအပ်ချက်၊ ခေတ်ရဲ့ အရိပ်အရောင်ကို လိုက်ပြီး ရေးသားနိုင်ရမယ်)
ဆိုတာဟာ တကယ့်လက်ရာကောင်း အနုပညာတခုအဖြစ် အသိအမှတ်ပြုခံရဖို့ ဒါတွေလိုအပ်တယ်လို့ ပြောတာမဟုတ်ဘူး။ ဒါတွေပြည့်စုံတဲ့ အနုပညာဖန်တီးမှုတွေဟာ တန်ဖိုးရှိတဲ့ လက်ရာကောင်းတွေအဖြစ် အသိမှတ်ပြုခံရတယ် လို့ ပြောလိုတာဖြစ်ပါတယ်။
လက်ရာကောင်းတွေအဖြစ် ဘယ်စံနဲ့တိုင်းမလဲဆိုတော့ အနုပညာခံစားမှုရေချိန်နဲ့ စံနှုန်းတွေ တယောက်နဲ့တယောက် ကွာပါလိမ့်မယ်။
အနုပညာ ကို လူခန္ဓာကိုယ်နဲ့ ဥပမာပြုပြီး ရီတာပြောတာက ခံစားသူ ရှုထောင့်ကနေပြောတာထင်တယ်။ ကျုပ်ကလဲ ဖန်တီးသူ၊ ဖန်တီးမှုလက်ရာနဲ့၊ ခံစားသူတွေကို ယေဘုယျ အားဖြင့် ဥပမာပြုကြည့်မယ်။

အနုပညာ ဆိုတာ ဖန်တီးသူက ပေးချင်တဲ့ မက်ဆေ့၊ တင်ပြချင်တဲ့ Theme တခုခုကို ဂီတ၊ စာပေ၊ ရုပ်ရှင် and any form of media ကိုသုံးပြီး ခံစားသူတွေ ရင်ထဲထိုးဖောက်ဝင်သွားစေဖို့ သုံးတဲ့ Tool တခုသာဖြစ်တယ်။ အဲဒီ Media တွေကို ဖန်တီးတဲ့နေရာမှာ လိုတဲ့ပညာနဲ့ တင်ပြပုံဟာTechnique ဖြစ်တယ်။ Main body or (prime material) ဟာ ပေးချင်တဲ့Message၊တင်ပြချင်တဲ့ Theme ဖြစ်တယ်။

Jackel said...

တနည်းအားဖြင့်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစားအစာအတွက် ဟင်းလျာ တွေဟာ ပေးချင်တဲ့ မက်ဆေ့ ဆိုလျှင်၊ အနုပညာဆိုတာ ဟင်းချက်ရာမှာသုံးတဲ့ recipe ဖြစ်ပြီး၊ cook ဟာဖန်တီးသူဖြစ်ကာ၊ စားသုံးသူတွေဟာ အနုပညာခံစားသူတွေနဲ့ ဥမာထပ်လို့ ရနိုင်မယ်ထင်တယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ (ပေးချင်တဲ့ မက်ဆေ့၊ တင်ပြချင်တဲ့ theme) အာဟာရကို အနုပညာဖန်တီးမှုလက်ရာနဲ့ တူတဲ့ ဟင်းအနေနဲ့ ချက်ပြုတ်ပြီး စားသုံးသူ (အနုပညာခံစားသူတွေ) မြိန်ရှက်စွာစားသောက်ကြတယ်။ အဲဒီတော့ ဟင်းချက်သူတစ်ယောက်ဟာ recipe တွေကို သူစိတ်ကွန်မြူးနိုင်သလောက် အရသာရှိတဲ့ ဟင်းအမျိုးမျိုးချက်နိုင်ဖို့ ပဲလိုတယ်၊ ဆိုတာ အခြေခံအားဖြင့် မှန်ကန်တဲ့ အချက်ဖြစ်ပေမယ့်၊ တကယ့် အဆင့်အတန်းမြင့်တဲ့ Chef (အနုပညာဖန်တီးရှင်) တွေဟာ ဒီဟင်းလျာ (မက်ဆေ့၊ theme) တစ်မျိုးတည်းကိုပဲ၊ ရာသီအလိုက်၊ အခြေအနေနဲ့ အချိန်အခါအလိုက် မတူတဲ့ ဟင်းအမယ်များ (အနုပညာ လက်ရာများ) အဖြစ်ဖန်တီးကြတယ်။
အဲဒီတော့ ဘယ်လိုဟင်းမျိုး (အနုပညာလက်ရာ) ကို ကြိုက်တယ် ဆိုတာ စားသုံးသူ (ခံစားသူ) ရဲ့ စံ၊ ပေတံတွေအပေါ်လိုက်ပြီးကွာခြားသွားတာ ပါပဲ။ ကျုပ်အနေနဲ့တော့ ဘာမက်ဆေ့မှ ရေရေရာရာမပါ၊ ဘယ်လို Theme တခုခုကိုမှ ကိုယ်စားမပြုတဲ့ စိတ်ကူးယဉ်သက်သက် so-called အနုပညာလက်ရာများ (အထူးသဖြင့် ရာသီပေါ် အချစ်ဝတ္ထုများ) အတွက် အချိန်ကုန်မခံချင်ပါ။ ရီတာ့ ပို့စ်ထဲမှာပါတဲ့ သီချင်းမှာ ဟစ်တလာအကြောင်းမပါလဲ သီချင်းဟာ ကောင်းမြဲကောင်းနေရင် ကောင်းနေမယ်။ ဒါပေမယ့် တကယ်က အဲဒီခေတ်အခြေအနေမှာ မိန်းမငယ်များ အိမ်ထောင်ပြုစောကြတဲ့ အကြောင်းဟာ သူ့ရဲ့ main theme ဖြစ်တယ်။ (စကားမစပ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီသီချင်းရဲ့ ခေတ်မှာအိမ်ထောင်ကျတဲ့ ကျုပ်အဖွားဟာ အဲဒီတုံးက အသက်၁၅မပြည့်သေးဘူး)။ အခု ရီတာတို့က သီချင်းစာသားလေးတွေ စိတ်ဝင်စားစရာကောင်းလို့ ကြိုက်ကြတာဖြစ်နိုင်ပေမယ့်၊ အဲဒီခေတ်တုံးကတော့ လက်ရှိအခြေအနေကို ထင်ဟပ်လွန်းလို့ အဲဒီသီချင်းဟာ ပေါက်သွားတာလို့ ကျုပ်က ထင်တယ်။
ဒီလောက်ပါပဲ။

★Craton said...

ခုမှနားထောင်ဖူး..
စာသားကသိပ်ထိ..
ဆိုဟန်လေးလည်း ခေါင်းညိတ်မိ..

Rita said...

@ Jackel
thank u so much for ur nice comments.

(အဲဒီတော့ ဘယ်လိုဟင်းမျိုး (အနုပညာလက်ရာ) ကို ကြိုက်တယ် ဆိုတာ စားသုံးသူ (ခံစားသူ) ရဲ့ စံ၊ ပေတံတွေအပေါ်လိုက်ပြီးကွာခြားသွားတာ ပါပဲ။)

အဲဒါကိုတော့ တကယ် လက်ခံတယ်။
တစ်ယောက်တည်းတောင်မှ လက်ရှိအာရုံကျရာ လတ်တလော ဝင်စားရာပေါ်မှာ မူတည်ပြီး ခံစားမှု အနုအရင့်က ပြောင်းနေတယ် ထင်မိတယ်။ (ဟိုအရင်က အမှတ်တမဲ့ နားထောင်ခဲ့ ခံစားခဲ့တဲ့ သီချင်းတပုဒ်/ စာတပိုဒ်ကို အကြောင်းတိုက်ဆိုင်လာမှ အရူးအမူး ပြန်ဖြစ်နေတာမျိုးလို...)

အနှစ်ချုပ်လိုက်ရင်တော့ ဖန်တီးသူအမျိုးမျိုး၊ ခံစားသူ အမျိုးမျိုးမှာ ဘောင်တခု ချချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ဆိုင်တဲ့ ခံစားမှု/ ဖန်တီးမှုပိုင်းမှာသာ ချလို့ရမယ်။ တခုလုံးပေါ်မှာတော့ ဘယ်လိုဖြစ်ရမယ်လို့ သတ်မှတ်ရင် အဖတ်တင်ရုံပဲ ထင်မိပါတယ်။

ကွန်မန့်များအတွက် အထူး ကျေးဇူးတင်ပါသည်။