Thursday, December 16, 2010

Sweet December! 16th December!


(၁)

အချိန်တချို့ကို လက်ချိုးရေမိတယ်။
'98 မှာ အသက် 18 နှစ်။ 2010 မှာ 30။
12 နှစ်ကြာတဲ့ အချိန်တွေ... ကျန်နေခဲ့ပြီဆိုတော့လည်း ဖျတ်ခနဲပဲ။

ကျောင်းတုန်းကတော့ တတွဲတွဲနေခဲ့တာ မဟုတ်ပါဘူး။ ဒီမှာလည်း တတွဲတွဲ မနေဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ အနီးဆုံးရှိပါတယ်။ တခုခုဆို ကောင်းတာကြုံကြုံ ဆိုးတာကြုံကြုံ သတိတရတွေးမိ တိုင်ပင်မိ နားညည်းအောင်အနှောင့်အယှက်ပေးမိတတ်တယ်။

ကျောင်းတုန်းကတော့ သူက ဆရာကြီးပေါ့။ စာအမြဲ ရှင်းပြတတ်တယ်။ စာရှင်းလည်း ကောင်းပါတယ်။ (ကောင်းပင်ကောင်းသော်ငြား ဘာမှ မမှတ်မိတော့ဘူး)

ဒီရောက်ပြီး ရည်းစားနဲ့အခြေအတင်ဖြစ်တဲ့ ကိစ္စတခု ပြန်ပြောပြမိတဲ့တခါတုန်းက "နင်က မိန်းကလေးပဲ၊ အလျှော့ပေးလိုက်ပါ" လို့ နောက်သလိုလိုနဲ့ အတည်ပြောဖူးတယ်။ အဲဒီတုန်းက အူကြောင်ကြောင်ဖြစ်ပြီး "အချစ်၏နောက်ဆက်တွဲ..." ထဲက စကားတခွန်းကို ပြေးပြီး သတိရမိသေးတယ်။ အဲလိုကြီးပြောလိမ့်မယ် မထင်ထားတော့ အူတူတူ ဖြစ်သွားရာက"ငါသာ နင့်ညီမဆို နင် ဒီလို ပြောမလား" ဘာလားနဲ့ ထအော်မိတယ်။ "ငါ့ညီမသာဆို နင့်ကို ငါကိုယ်တိုင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့လိုက်ဦးမယ်" တဲ့။

"အဲဒီလိုလူတစ်ယောက်နဲ့ ပတ်သတ်တယ်ဆိုရာမှာ တော်တော်ကို သည်းညည်းခံနိုင်မှဖြစ်မှာ .... ရဲ့" လို့ မှတ်လောက်သားလောက်တဲ့ လက်ချာပေးဖူးတယ်။

ဘုရား ဘုရား။ နောက် ဘယ်တော့မှ ယောက်ျားလေးသူငယ်ချင်းတယောက်ကို ဒီအကြောင်းတွေ မပြောတော့ဘူး တွေးမိတယ်။ (ဒါပေမဲ့ မနေနိုင်ပါဘူး)

အဲဒါတွေ ပြောခဲ့ဆိုခဲ့တုန်းက အမှတ်တမဲ့ပါပဲ။ နောက်ပိုင်း ပြန်သတိရနေတတ်တယ်။ သတိရတိုင်းလည်း ရီချင်တယ်။

မနှစ်ကတော့ သူ့မွေးနေ့အပြီးမှာ အတော်ကို စိတ်အခန့်မသင့်စရာတခု ဖြစ်ခဲ့တယ်။ သူပြောတဲ့စကားကို အတော်မကျေမနပ်ဖြစ်ပြီး "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိတယ်။ "ဘယ်တော့မှ ဒင်းကို ဂရုမစိုက်တော့ဘူး" တွေးမိတယ်။ ဒါပေမဲ့ ၃/၄ ရက်ရှိတော့ တော်တော် စိတ်ပြေလာပြီ။ christmas ရောက်တော့ နေ့လည်ဘက်မှာ သူများပို့ပေးတဲ့ fwd msg လေး ဖုန်းနဲ့ လှမ်းပို့မိတယ်။

အဲဒီချိန် သူ အလုပ်သစ် ပြောင်းကာစ။ အလုပ်ထဲမှာ ညလုံးပေါက် မအိပ်ရသေး၊ စားတောင် မစားရသေးဘဲ ခုမှ အိမ်ပြန်နေတယ် လို့ reply ပြန်လာတော့ ဖုန်းခေါ်ပြီး "ဘာလို့ မစားတာလဲဟဲ့။ ကေအက်ဖ်စီ မက်ဒေါ်နယ် မှာစားကြပါလား" ပြောမိတယ်။ "သင်္ဘောပေါ်ကို ဘယ် ကေအက်ဖ်စီ မက်ဒေါ်နယ်က လာပို့မှာလဲဟ" လို့ ပြန်ပြောတယ်။ (တချို့သင်္ဘောတွေ ကျွေးပေမယ့် တချို့သင်္ဘောတွေ မကျွေးဘူး။ အဲဒီနေ့ကလည်း ချော့ကလက်တွေ ဘာတွေတော့ ကျွေးထားတယ် ဆိုလား ပြောပါတယ်)။

ကြည့်စမ်း။ နိုင်ငံခြားရောက်နေပြီး၊ ဒေါ်လာတွေလည်း စားနေပြီး၊ သူများထက်လည်း လခတွေများသေး၊ အိမ်တိုင်ရာရောက် မှာစားလို့ရတဲ့ service တွေ ရှိတဲ့နိုင်ငံမှာ...
သူတော်ကောင်းကို ပစ်မှားတာများ... တယ် ကြောက်စရာကောင်း...

တော်တော့်ကို ဝမ်းသာသွားမိတယ်။ တကယ်ပြောတာ။ ငါ့ကို ပြောထားတဲ့ ဒင်း ခုတော့ ထိပြီဆိုပြီး ပျော်လိုက်တာ။ အဲဒါကိုလည်း စိတ်ထဲ မထားဘူး။ ထုတ်ပြောလိုက်သေးတယ်။ "နင် ငါ့ကို တခုခု ပြောပြီးရင် အဲလိုထိတာ ၂ ခါ ရှိပြီ" လို့။


ပထမတခါလည်း အဲလိုပဲ။ ကိုယ့်ကို ပြောချင်တာတွေပြောပြီး သိပ်မကြာဘူး။ သင်္ဘောပေါ်မှာ ညဉ့်နက်တဲ့ထိ အလုပ်ရှုပ်၊ အလုပ်ပြီးတဲ့အချိန် ကမ်းပြန်မယ့်လှေ မမီလိုက်၊ နောက်တခေါက်ကို တနာရီကြာအောင် ပြန်စောင့်ရမယ် လို့ msg ပို့တော့ ဘုရားရှိခိုးနေရက်က ဝမ်းသာအားရနဲ့ "အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ၊ နင် မစောင့်နိုင်ရင် ရေကူးလာပေါ့" လို့ ပြန်လိုက်တယ်။ "ငါ ခုထိ ထမင်းမစားရသေးဘူး" ပြောတော့ ဖုန်းကောက်ဆက်ပြီး "ဝမ်းသာလိုက်တာ နင် ငါ့ကို ပြောလို့ ဖြစ်တာ" နဲ့ ဝါးကူထိုးလိုက်မိတယ်။

မကျေမနပ်ဖြစ်တုန်းမှာ "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိပေမယ့် စိတ်ပြေသွားတော့လည်း "ဒီလို သူငယ်ချင်းမျိုးကို ဘာဖြစ်လို့များ ဒေါသတကြီး စိတ်ဆိုးမိပါလိမ့်" လို့ တွေးမိတယ်။ "နောက်ဆို သူ ဘာပြောပြော စိတ်မဆိုးဘဲ နေမယ်" လို့ တွေးမိတယ်။ ဒါပေမဲ့ အဲလိုတွေးတာ ဘယ်တော့မှ နောက်ဆုံးအကြိမ်ဖြစ်မှာ မဟုတ်မှန်းလည်း သိပါတယ်။

***
Bishan အိမ်မှာနေတုန်းက အလုပ်နဲ့ အိမ်လည်းဝေး၊ ဘလော့လည်း ဒီလောက် မရေးဖြစ်သေး၊ အိမ်မှာလည်း အိမ်ရှင်ထားခဲ့တဲ့ crt desktop တလုံးရှိတာမို့ ကိုယ်ပိုင် laptop ဝယ်ဖို့ဆိုတာ မစဉ်းစားခဲ့ဘူး။ AJ ကို ပြောင်းမယ့်အချိန်ကျတော့ ဘလော့ရေးတာလည်း နည်းနည်းအရှိန်ရ၊ အိမ်မှာကလည်း အရင်အိမ်လို ကွန်ပျူတာ မရှိတာမို့ ဝယ်ချင်လာတယ်။ အဟောင်းလဲ မဝယ်ချင်၊ လက်ထဲမှာလည်း ကွန်ပျူတာတလုံး ပက်ခနဲ ဝယ်ရလောက်အောင် ပိုက်ဆံမရှိ။ အဲဒီတော့ သူ ဝယ်ပေးမယ် ပြောပြီး၊ ချက်ချင်း မှာပေးတယ်။



အိမ်မပြောင်းခင်လေးတင် laptop တလုံး လက်ထဲရောက်လာပြီး၊ ဘလော့ကို အရှိန်မပျက် ရေးနိုင်သွားတယ် (ဒင်းကြောင့် ဒင်းကြောင့်)

နောက်မှ သူ့ကို ပိုက်ဆံ ဖြည်းဖြည်း ပြန်ပေးတယ်။ တကယ်တော့ laptop ကို မကြိုက်ပါဘူး။ အိမ်ပိုင် မရှိလို့၊ ရှိရင် desktop ပဲ ဝယ်ခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် တချိန်မှာ အသစ်လိုချင်လို့ ဝယ်မိရင်တောင် ဒီစက်ကိုတော့ ပြန်မရောင်းဘဲထားမယ်လို့ တွေးမိတယ်။



အဲဒီအချိန်က ကိုယ့်မှာ ကွန်ပျူတာ အသစ်တလုံးဝယ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိတာကို ပြန်တွေးလိုက်တိုင်း ကျေနပ်မိတယ်။ ပိုက်ဆံသာရှိရင် သူငယ်ချင်းက ကွန်ပျူတာဝယ်ပေးတယ်ဆိုတဲ့အဖြစ်ဟာ ကိုယ့်အတွက် ရှိလာမှာမဟုတ်ဘူး။ ဒီတော့ ခုလို ကြွားလို့ရမှာ မဟုတ်ဘူး။

အခြေအနေကို စိတ်ကြိုက်ပြန်ရွေးခွင့် ရမယ်ဆိုရင်တောင် လက်ထဲမှာ လိုချင်တာ ဝယ်ဖို့ ပိုက်ဆံရှိတာနဲ့ မရှိတာမှာ အဲဒီအခိုက်အတန့်အတွက် မရှိတာကိုပဲ သေသေချာချာ မလွဲမသွေ ရွေးပါမယ်။

အဲဒီစက် ဝယ်ဖြစ်တာလည်း ဒီလိုချိန်မှာပေါ့။ ဒီဇင်ဘာလကြီး။ သူ မြန်မာပြည် မပြန်ခင်လေးမှာ မှာပေးသွားတာ။ နောက် တပတ်ဆယ်ရက်ရှိတော့ ရောက်လာတယ်။ အဲဒီတုန်းက သူ့မွေးနေ့ဆုတောင်းကို ဘလော့မှာ ဖားပြီး တင်ပေးလိုက်သေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်။

ဒုတိယအကြိမ်တုန်းကတော့ သူ တင်းသွားသေးတယ်။ ဥ နဲ့ ဉ ခွဲမသိဘူး ပြောမိလို့။ အဲဒီ ပို့စ်ကို အီးမေးလ်နဲ့ ပို့ပေးတော့မှ ဖတ်ပြီး "ငါ မြန်မာစာ အရမ်းတော်တာ" ဘာညာနဲ့ လာလုပ်သွားသေးတယ်။ "နင် ကျောင်းတုန်းက ငါ့ စာအုပ်ထဲမှာ နင့်နာမည်ကို ဉ နဲ့ မပေါင်းဘဲ ဥ နဲ့ ပေါင်းထားတယ်" လို့ ပြန်ငြင်းရသေးတယ်။

ပထမအကြိမ်တုန်းက schedule နဲ့ အချိန်ကိုက်ပြီး တင်ခဲ့တာ။ ဒီနှစ်တော့ ကြိုရေးဖို့ အချိန်မရလို့၊ ရုံးမှာ မအားတဲ့ကြားက မဖြစ်မနေရေးရတယ်။

"မင်္ဂလာ မွေးနေ့ပါ သူငယ်ချင်း"
"နင် တဖြည်းဖြည်း အိုလာပြီနော်"


*********************************************
(၂)

"ရေစက်ဆိုတာ အံ့သြစရာကောင်းသလား" မေးရင် "ကောင်းတာပေါ့" လို့ပဲ မဆိုင်းမတွ ပြန်ဖြေမိမယ်။

"မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို သူရေးတဲ့ စာကလေးဖတ်ပြီး နှစ်လိုခင်မင်နိုင်သလား" မေးရင် "ဒါပေါ့" လို့ပဲ ပြန်ဖြေမိမယ်။

သူ ငယ်ငယ်က ရှုပ်ခဲ့တဲ့အကြောင်းလေး ရေးထားတာ ဖတ်ပြီး ကိုယ့်စိတ်ထဲ သဘောတကျနဲ့ နှစ်လိုမိတယ်ဆိုတာ ပြန်တွေးရင် ကိုယ့်ဘာသာတောင် အံ့သြမိသေးတယ်။

(ကိုယ့်အတွေ့အကြုံအရတော့ ရီးစားများတဲ့လူတွေဟာ အတော်နှစ်လိုစရာကောင်းတယ်။ ချွင်းချက်တော့ ရှိမှာပါ။ အုံ့ပုန်းရှုပ်တဲ့ မလည်ရှုပ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းများတဲ့လူတွေကို ပြောတာပါ။ ကိုယ့်အထုပ်လည်း ကိုယ်ဖြေရဲတယ်၊ အဲဒီအတွက် ဘယ်သူ ဘာထင်ထင် (ဘာအတင်းချချ) စိတ်ထဲမထည့်ဘူးဆိုတဲ့ လူတွေက (ကိုယ့်အတွက်) ပိုလို့ နှစ်လိုစရာကောင်းတယ်)


အော့ဖ်လိုင်း နဲ့ အွန်လိုင်းက ကိုယ် ချစ်ခင်နှစ်လိုတဲ့ လူနှစ်ယောက် မွေးနေ့တူနေတာလည်း ကျေနပ်စရာပါ။ (တခါတည်း ပေါင်းရေးလိုက်လို့ ရတာပေါ့)

"မင်္ဂလာ မွေးနေ့ပါ မမ"
"တချိန်ချိန်မှာတော့ မမနဲ့ လူချင်းတွေ့မှာပဲ လို့ စိတ်ထဲ ထင်နေတယ်"

***

12 comments:

chit said...

ဟက်ပီးဘတ်ဒေး ဥာဏ်ထွန်း...
( ရီတာရေ သစ်ကတော့ဥာဏ်ထွန်းလို့ထင်မိတယ် မှားရင်ဆောရီး သယ်ချင်း)

Rita said...

ဒါဆိုရင်တော့ ညီမလေးရဲ့ အဖြေ မှန်ပါတယ်ကွယ် =)

juli said...

မှားပါတယ်ကွယ် အုံထွန်းမဟုတ်ပါဘူး ဉာဏ်ထွန်းပါ

Phyo Maw said...

အဲ laptop မြင်မိတော့ ဟဲဟဲ ဒီလင့်ထဲက ဒီပုံလေး မှတ်မိသေးလား ပြချင်မိတယ်။ မမရီတာတောင် ကော်မန့်လာရေးခဲ့သေးတယ်လေ။
http://phyomaw.blogspot.com/2009/09/sick-of-it.html

မားသားဘုတ် ၃ ခါ လဲ ခဲ့ရလို့ တို့လည်း မမေ့နိုင်ပါဘူး။

မွေးနေ့ရှင်တွေအတွက် ရေးတဲ့ပို့ဆိုတော့ ဆိုင်ရာများ ပျော်ရွှင်စွာဖြင့် အသက် ၁ နှစ်ကြီးနိုင်ကြပါစေ XD

ရီးစား များရုံတင် များတဲ့ သူတွေ ခင်ဖို့ကောင်းပါတယ်။ အပြည့်အဝ ထောက်ခံပါတယ်။ XD

ဇွန်မိုးစက် said...

ပျော်ရွှင်မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေလို့ မွေးနေ့ရှင်နှစ်ယောက်လုံးအတွက် ဆုတောင်းပေးသွားတယ်။

ကိုယ်လည်း ရီတာ့လိုပဲ...တစ်ချိန်ချိန်ကျရင် မမနဲ့ ဆုံခွင့်ရလိမ့်မယ်လို့ ထင်နေတယ်။

ဇွန်မိုးစက် said...

မြန်မာပြည်က ဇွန့်သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပဲ။ နေ့လည်က မေ့နေတာ။ စောစောကမှ သူ့ကိုဖုန်းဆက်ပြီး wish လုပ်ရတယ်။ :D

kyawhinselwin said...

အဲလိုသူငယ်ချင်းတွေအများကြီးရှိရင်သိပ်ကောင်းမှာပဲလို့...
အားလုံးပဲ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့...

khin oo may said...

ကျေးဇူး ရီတာ.
ဘက်ဒေးဝစ်ရှ် ကြီးက လက်လက်ထနေတာဘဲနော် မိုက်တယ။်
တို့ကလဲ ညဏ်ထွန်းနဲ့တို့နဲ့လို့ဘဲထင်နေမိတာဘဲ ဝမ်းသာစရာပေါ့။တို့ကတော့ တန်တယ်ဆရာ. လွိုင်နွိုင်းမှာ ရီတာ မုန့်တွေလာဝယ်တုံးက တို့ က ဆိုင်ထဲမှာ ရှိတယ် အမှန်က. ထိုင်ကြည့်ပြီး သဘောကျနေတာ. မနိုင်မနင်းနဲ့ ဆွဲပြီးပြန်သွားတာ. တီရှပ်နဲ့ ၈ျင်းပန်နဲ့ဝတ်လိုက်ရင်လှသွားတာဘဲဆိုတဲ့တစ်ယောက်ကို..

Nyan Tun said...

Aww, I didn't check your blog for long time, so I didn't know that you have a post for my birthday. Today, K told me that and I looked for the post. Thanks a lot my friend.

Nyan Tun said...

Aww, I didn't know that you have posted birthday wishes for me. I haven't check your blog for long time, today K told me about a post regarding me. And I looked for it, and found out it's my birthday post. Thanks a lot friend.

hninhnin said...

What a lovely friend Nyan Tun.He even didn't know his Bday post.Not too late ..almost after 2 month....:D


Gyidaw

Rita said...

ဒါတောင် သူများပြောလို့။

အဲဒါလေ။ ဘလော့ရေးတာ ဘယ်လောက်တောင် အောင်မြင်လဲဆို ဘယ်သူငယ်ချင်းမှ လာမဖတ်ဘူး။ ဘာဖြစ်နေလဲဆိုတာလဲ မသိကြဘူး။ ဖတ်စေချင်လို့ မေးလ်နဲ့လှမ်းပို့တောင် ဘလော့က ပို့စ်မှန်းသိရင် ဖတ်ချင်မှ ဖတ်ကြတာတဲ့။ ဒီနှစ်တော့ အိမ်ပြောင်းတာနဲ့ အာရုံတွေ ရှုပ်ပြီး၊ လှမ်းမပို့လိုက်ရဘူး။ ပို့ထားမိတယ်ပဲ ထင်နေတာ။

အိမ်မှာအတူနေတဲ့လူတွေဆို ဘလော့ရေးမှန်း သိတောင် မသိကြဘူး။ သိလည်း သူတို့စက်မှာ ဖတ်စရာဗမာဖောင့် မရှိဘူး။

=D