Friday, December 3, 2010
ထိခိုက်လာသော စကားလုံးများ
"... တစ်ယောက်ကို တစ်ယောက် အကဲခတ်ရင်း ကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့် မျက်လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲ ရှိကြလေသည်။ သည်တဒင်္ဂသည်ပင် မအိမ်ကံ၏ ဘဝတွင် အရိပ်များစွာ ထိုးခဲ့ပါ၏။ ဘဝ ဘဝက ပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခဏအတွင်း၌ပင် ဝင်းကနဲ ပြက်လိုက်သော လျှပ်စီးကဲ့သို့ ရှိလေပြီ။... ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြ၏။"
(ခင်ခင်ထူး ရဲ့ မအိမ်ကံ)
Bishan မှာနေတုန်း blog တောင် စမရေးခင်မှာ ရွှေအမြုတေ ဖတ်ဖြစ်တုန်းကပေါ့။
အစကတည်းက မီပေမယ့် အခန်းဆက်ကို မျှော်တလင့်လင့် မလုပ်ချင်တာနဲ့ စ မဖတ်ဖြစ်ဘူး။ ဒါပေမဲ့ တစ်လပြီး တစ်လ ဝယ်မိရင်းနဲ့ လနည်းနည်းကျော်ပြီးမှ အမြည်းဖတ်မိတယ်။ နောက်ထပ် ၃ ပိုင်းလောက်ထိ ဖတ်ပြီး စာအုပ်လည်း ဆက်မဝယ်ဖြစ်တော့ပါဘူး။
အထက်က စာပိုဒ်က မအိမ်ကံ နဲ့ ကျောင်းဆရာလေး ကိုပြေသိမ်း စတွေ့တဲ့ အခန်းကို ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ 2001 လောက်က စလို့ ခံစားချက်နဲ့ ယှဉ်ပြီး၊ စာရော ကဗျာရော မရေးဖြစ်တော့တာဆိုတော့ ၇ နှစ်လောက်တောင် အဆက်ပြတ်နေပြီ ပြောလို့ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ပြန်ရေးဖို့ စိတ်မဝင်စားတော့ဘူးလို့ ထင်နေမိတယ်။
အဲဒီအခန်းလေးကို ဖတ်ရတော့ စိတ်ထဲကို ထိထိခိုက်ခိုက်ရောက်သွားပြီး စာပြန်ရေးချင်စိတ်နဲ့ ရင်တောင်ခုန်လာသလို။
"ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသလို" ဆိုတာကို မကြာခဏ သတိရမိတယ်။
နောက် အခန်းဆက်ရေးဖြစ်တော့ အဲဒီစာသားလေး ဖတ်ရတုန်းက emotion ကို ပြန်သတိရပြီး အခန်းတခန်း ထည့်ရေးမိတယ်။ ဇာတ်ကောင်နှစ်ယောက် စတွေ့တဲ့ အခန်းမှာ။
***
တခါတခါ ဘာမှဟုတ်တဲ့ အကွက်လေးတွေက မိမိရရ ထိခိုက်လာတာ ရှိတယ်။ အဲဒီအခါ အချိန်တွေ အကြာကြီး မေ့မသွားဘဲ ပြန်ပြန်သတိရပြီး၊ စိတ်ထဲစွဲနေတော့တယ်။
"ဘာဖြစ်မှန်းတစ်ကယ်ကိုယ်မသိခဲ့ပါဘူး. ကြာလာတော့စိတ်ထိခိုက်လာတယ်။ ဘာဖြစ်တာလဲ။ ဘာသဘောလဲ .တစ်ကယ်နားမလည်နိုင်ပါဘူး. မှတ်မှတ်ရရ..ကျောင်းစာသင်ခန်း theater ထဲက စားပွဲခုံတစ်ခုမှ မှောက်ပြီး တော်တော်ကြာအောင်ငြိမ်သက်ဝမ်းနည်းဘူးခဲ့တယ်။ နားမလည်နိုင်လွန်းလို့။"
အဲဒီ အကွက်ကလေးကိုလည်း ဖတ်ပြီးကတည်းက ခဏခဏ သတိရမိအောင် စွဲနေတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဘာမှ မတတ်သာဘဲ လက်လျော့လိုက်ရတဲ့ အားမလိုအားမရ ခံစားမှုကို အဲဒီ တကွက်တည်းကနေ ဖောက်ထွင်းပြီး မြင်ယောင်လိုက်မိလို့။
***
နောက် ခုလောလောဆယ် Boku No Imoto ဆိုတဲ့ ဂျပန်ကားတစ်ကားကြည့်မိတော့ (ကား သိပ်မကောင်း) ပြကွက်ကလေးတချို့က လာထိတယ်။
အစ်ကိုဖြစ်သူ surgeon ကို ညီမကလေးက "ငယ်ငယ်တုန်းကပေါ့..." "ဟိုးတုန်းကပေါ့..." "အဲဒီတုန်းကဆိုရင်လေ..." ဆိုပြီး အကြောင်းအရာတခုခုကို ပြန်ပြန်ပြောတဲ့ အခန်းတချို့ပါတယ်။
အဝေးမှာရောက်နေတုန်း (ကိုယ်တိုင်လည်း အဝေးမှာ၊ ကိုယ်နဲ့ သိကျွမ်းပတ်သတ်ခဲ့သူတွေလည်း သိကျွမ်းခဲ့ကြတဲ့ နေရာဌာနတွေနဲ့ အဝေးမှာ) ဆိုတော့ ဟိုးတုန်းကလို့ အစချီပြီး လွမ်းလို့ကောင်း၊ ပြောလို့ကောင်းနေချိန်မှာ ကြည့်မိတော့ အဲဒီလိုပုံစံမျိုးနဲ့ စာပြန်ရေးချင်လိုက်တာလို့ ဖြစ်မိတယ်။
***
တခါတခါ စွဲမိတာတွေက ဘယ်ကဆိုတာ မှတ်မိပြီး သိနေရင်တော့ ကောင်းပါရဲ့။
တခါတခါကျ စိတ်ထဲမှာ စွဲနေတာတွေကို ကိုယ့်ဟာလို အထင်ရောက်ပြီး ထည့်သုံးမိတာ ရှိသေးတယ်။
ခုပဲ ဝိုင်ဝိုင်းသီချင်း နားထောင်ရင်းနဲ့ ဖျတ်ခနဲ ကြားမိတယ်။
***
အဲလိုပဲ ပြီးခဲ့တဲ့ အပိုင်းဟောင်းတွေထဲမှာ ဝင်းဝင်းလတ် "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" ထဲက စကားတလုံး ပါသွားဖူးသေးတယ်။
"လတ်တလောရထားသော ဘဝပေး အသိဖြင့် ကိုယ့် နားထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့၏။" ဆိုတာ...
အကုန်လုံး မတူပေမယ့် အဲဒီသဘောမျိုးပါပဲ။
***
emotion တွေ ထိခိုက် ကူးစက်ပြီး စာရေးဖြစ်ရတာမှာ အရသာတမျိုးရှိတယ်။
***
photo from here
Labels:
Feeling,
Sharing,
This and That
Subscribe to:
Post Comments (Atom)
7 comments:
နားမရှင်းတစ်ဝက် မလည် တစ်ဝက်နဲ့ ဖတ်သွားတယ်ဗျာ..
ဆိုလိုတာ နားလည်တယ် ..း)
“မောင်, ကိုကို နှင့် မရီတာ (၁၅) ကို အဲဒီ့ခံစားချက်တွေနဲ့ယှဉ်ပြီး ဆက်ရေးဖြစ်ခဲ့သလား ရီတာ?
ဟုတ်တာပေါ့ ဇွန် =)
ဟုတ်တယ်....တချို့စကားလုံးတွေ၊တချို့အကြောင်းအရာ
တွေကို အတိအကျမဟုတ်တောင် ရင်ထဲမှာ စွဲသွားမိတယ်။
ကျွန်တော်ကမေ့တတ်တော့ တခါတလေ စာရေးသူ၊ဝတ္ထု
အမည်တွေ မှတ်မိတော့ဘူး...၊တချို့ဆို ဇာတ်လမ်းကို
တောင်ကောင်းကောင်းမှတ်မိတော့ဘူး။အဲ ဒါပေမယ့်
စာရေးသူပြောသွားတဲ့ အကြောင်းအရာရဲ့ သဘော၊စကား
လုံးတွေရဲ့ အဓိပ္ပာယ်ကိုတော့ မမေ့တော့ဘူးဗျ...။
အကြောင်းတိုက်ဆိုင်လာတိုင်း သတိတရရှိမိတယ်...။
မရီတာကတော့ စကားလုံးအတိအကျကို မှတ်မိတာပဲနော်။
ဒါနဲ့ ဒုတိယမြောက် စကားစုတွေကို ရေးတဲ့ စာရေးဆရာ
မကြီး အမည်ကို ဘာလို့ မထည့်တာလဲဗျ....:D။
သူက အဲလို ပုန်းလျှိုးကွယ်လျှိုးအထာလေးတွေကို ကြိုက်တတ်လို့ =)
လင့်ခ်ချိတ်ပေးထားပါတယ်။ အဲဒီစာပိုဒ်မှာ။
ဒုတိယမြောက် စကားစုတွေကို ရေးတဲ့ စာရေးဆရာ
မကြီး = KOM
Post a Comment