Wednesday, December 29, 2010

စိတ်ကူးယဉ်ကောင်းကင်



လွန်ခဲ့သော 14 နှစ် လောက်ဆီက သူ အတွေးထဲ ဝင်လာခဲ့သည် ထင်၏။

အဲဒီအချိန်မှာ ဒါကို တွေးဖို့ သိပ်စောခဲ့သလား၊ ဒါမှမဟုတ် ပုံမှန်ပဲလေလား ကိုယ် မသိပါ။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ ပုံမှန်ဖြစ်စေ ဒါကို ဆုံးဖြတ်နိုင်မည့် ပညာရှင်တို့အတွက်သာ ဒီအချက်က အရေးကြီးချင်ကြီးမည်။ စိတ်ကူးထဲက ဒီအကြောင်းတွေ ပြန်ရေးမည့် ကိုယ့်အတွက်တော့ ဘယ်အချိန်မှာ ကိုယ့်အတွေးထဲ ဝင်လာသလဲဆိုတာသာ
အဓိကကျတော့သည်။

ပြာလွင်သော အိပ်မက်တစ်ခုလို့သာ တင်စားချင်မိ၏။
ပန်းရောင်လွှမ်းသော ကိုယ်ပိုင်အခန်းထဲ ချဉ်းနင်းလာမည့် ကောင်းကင်မျက်နှာကျက်လေးတစ်ခုလိုပေါ့။ ကိုယ့်ကမ္ဘာထဲ နောက်ထပ်ဝင်လာမည့် အသွေးအရောင်ကလေး။ အသစ်အဆန်း အပြောင်းအလဲကိုသာ အလိုရှိတတ်လို့ ကိုယ်ဟာ အပြာရောင်ကောင်းကင်ကလေးအဖြစ် စိတ်ကူးတွေးထင်လိုချင်ခဲ့မိသည်လား မသိ။

နူးညံ့ပျော့အိကာ မွေးညင်းနုများဖုံးနေမည့် လက်တဖက်ကို ဖွဖွ ပွတ်သတ်ကြည့်မိလျှင် အနည်းငယ် ကြမ်းရှသော အထိအတွေ့ကြောင့် ထိတ်လန့်လေမည်လား။ သူ ဆတ်ခနဲ လှုပ်သွားမည်ဆိုလျှင်တော့ ကိုယ်ပါ ရောယောင်လန့်ကာ ခဏကြာမျှ မထိရက် မတို့ရက် မထိရဲ မကိုင်ရဲ ဖြစ်နေဦးမည်။ အလင်းရောင်ကို ကျင့်သားမရသေးသည့် မျက်လုံးများဖြင့် ကိုယ့်ကို လှမ်းကြည့်လေမည်လား။ ဒါဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကိုယ်အပိုင်ရလိုက်သလို ဖြစ်တော့မည်။ သေချာတာကတော့ သူ့အသံသဲ့သဲ့အားဖြင့် တညီးညီးတောက်လောင်ချင်သော ဘဝင်စိတ်များငြိမ်းသွားပေလိမ့်မည်။ ကိုယ့် လက်သန်းကလေးတစ်ချောင်းကို သူလက်ဖဝါးပြင်ထဲထည့်ကာ ဆုတ်ကိုင်စေချင်မိသည်။ ဘယ်လောက်များ နုအိနွေးထွေးလေမလဲ။

ကိုယ်နှင့်တူသည့် နှုတ်ခမ်းပါးလေးများရှိလိမ့်မည်။ မဟုတ်လျှင်တော့ ခပ်စူစူ ထူတွဲသည့် နှုတ်ခမ်းကလေးနှင့် ဖြစ်မှာပေါ့။ နှာတံပေါ်ပေါ်... ဒါတော့ သေချာသည်။ ပြီးတော့ ကိုယ်နှင့် မတူလျှင် နဖူးပြင်ကျယ်လိမ့်မည်။ ကိုယ်နဲ့ဘယ်နှစ်ရာခိုင်နှုန်းတောင် တူမှာလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းက မတူဘဲ ဖြစ်မှာလဲ၊ ဘယ်နှစ်ရာနှုန်းလောက် တူမှ ဒါမှမဟုတ် မတူဘဲနေမှ ပြီးပြည့်စုံတဲ့ ကောင်းကင်လေးဖြစ်မှာလဲဟု တစိမ့်စိမ့် တွေးမိပြန်သည်။

အင်းလေ ဒါတွေ သိပ်အရေးမကြီးပါဘူး။ ကိုယ်နဲ့ မတူလည်း ချစ်ရသူနဲ့ တူနေမှာပေါ့။ သူ့မှာ ဘာများ ရွေးစရာရှိလို့လဲ။ တစ်ခုပဲ၊ မျက်ခုံးထူထူတော့ မဖြစ်နိုင်ချေ။

ကိုယ် လုံးဝ မကြိုက်သည့် သကြားလုံး၊ ချော့ကလက်တွေကို သူ သိပ်များကြိုက်နေမလား။

အစဦးဆုံးနေ့ရက်တွေမှာ သူ လိုအပ်တာတွေ လုပ်ပေးနိုင်ဖို့ ကိုယ့်အတွက် အခက်အခဲတွေ အများကြီး ရှိလိမ့်ဦးမည်။ သို့သော်လည်း ဒါတွေ တွေးလို့ မစိုးရိမ်ချင်သေး။ ကိုယ့်ကို ဘာမှန်းမသိသည့် တစိမ်းသက်သက်ကနေ သိသိမှတ်မှတ်ကြည့်ကာ မှတ်သားပြီး၊ မှတ်မိလာတဲ့ အပြုံးကလေးတွေလည်း ကြည့်မြင်ရလိမ့်မည်။ တကယ့်ကိုပဲ ကိုယ့်လိုအင်ဆန္ဒတွေကို နှစ်သိမ့်စေလိမ့်မလားကွယ်။

ဒီလိုနဲ့ပဲ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာချိန်ကျလေမည်။

သူကလေးဟာ ပျော်မြူးစရာကိုသာ ရှာတတ်လေမည်လား၊ ကိုယ့် အနှစ်သက်ဆုံး စာအုပ်ထဲက Tai-chan (Taiji Yamanouchi) လို စူးစိုက်တည်ကြည်ကာ ရည်မှန်းချက် ကြီးလေမည်လား။

သူဘာလဲဆိုတာ စောစီးသေချာစွာ ရိပ်မိသိရှိနိုင်ဖို့၊ ပြီးတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ထိရောက်စွာ ဖေးမပေးနိုင်သူ ကိုယ် ဖြစ်လိုလှသည်။ ဘာပဲဖြစ်ဖြစ် ထိုအခိုက်အတန့်မှာတော့ နှစ်ပေါင်းများစွာ မသက်ဆိုင်သလိုဖြစ်နေခဲ့သည့် ပစ္စည်းပစ္စယများ၊ ကစားကွင်း နဲ့ ပန်းခြံ၊ ဆီးဆော၊ လျှော နဲ့ ဒန်းလို ပစ္စည်းများက သူနှင့်တွဲကာ ကိုယ့်ကို တရင်းတနှီး ပတ်သတ်လာလေဦးမည်။ အမှတ်တမဲ့ဖြတ်ကျော်လာနေကျ ထိုပစ္စည်းများအား အမှတ်ထင်ထင် ပြုံးရယ် ငေးကြည့်မိစေဦးမည်။

သူ့ကို သင်ကြားဖို့ ကြိုးစားရင်း၊ သူ့ဆီကလည်း မဆုံးနိုင်အောင် ပြန်လည်သင်ယူရပေဦးမည်။ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုယ်ဟာ တလွဲတချော် အမှားများလည်း လုပ်မိဦးမည်။ ချစ်ခြင်းဆိုတာကိုက သင်ကြားတတ်မြောက်ရတာ မဟုတ်လားလေ။ ချစ်ခင်နှစ်လိုစိတ်နဲ့ ယှဉ်တော့ တာဝန်ဆိုတာ သူမတူအောင် ချိုမြိန်မှာပါပဲဟု ထိုတခဏမှာ ဘယ်သူမှ အတည်ပြုပေးစရာမလိုအောင် ယုံကြည်မိပြန်၏။

ဒီလိုနဲ့ပဲ အချိန်ကာလတွေ ကုန်ဆုံး၊ သူဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရမည့် ချစ်မြတ်နိုးစရာ အဖြစ်ကနေ၊ အားကိုးတွယ်တာရမည့် ဂုဏ်ယူဝံ့ကြွားစရာ အဖြစ်သို့ ပြောင်းလဲသွားမည်။ သွားလေရာ ကိုယ်မပါနိုင်သော်လည်း ကိုယ့်မေတ္တာတရားများ ပါသည်ဟူသော ယုံကြည်စိတ်ဖြင့် သူ့အား ခိုင်မတ်စေလိုလှ၏။ သူ နာကျင်လေတိုင်း နှစ်သိမ့်မည့်၊ သူ လဲကျလေတိုင်း ထူမတ်မည့်၊ သူ ပြန်လာချိန်တိုင်း ကြိုဆိုမည့် နေရာတစ်ခုအဖြစ် လုံခြုံစေလိုလှ၏။

နောက်ဆုံးတော့ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာရုံသာမက၊ ကိုယ့်မျက်စေ့အောက်ကနေပါ ထွက်ခွာသွားပေလိမ့်မည်။

တကယ်တော့ ဒီဖြစ်စဉ်တွေကို လူပေါင်းများစွာ ကြုံဖူးခဲ့ကြပြီးပြီ။
သို့သော် ကိုယ့်ကျမှ ထူးဆန်းနေလေမည်လားဆိုတာ ထုံးစံအတိုင်း တွေးမိပြန်သည်။ ဘယ်သူတွေ ဘယ်လို သက်တောင့်သက်သာ ဖြတ်ကျော်လို့၊ ဘယ်သူတွေ ဘယ်လို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါသလဲ။ ဒါကိုက ဘဝထဲက ဖြစ်ရပ်မှန်အနုပညာတရပ် ဖြစ်ပေမည်။

အရိပ်ကြည့် ချစ်မြတ်နိုးခဲ့ရသည့် အရာတစ်ခုကို လက်လွှတ်ရမည့်အချိန်မှာ နှစ်သိမ့်ဖြေသာစရာ အကြောင်းတစ်ခု ရှိဖို့တော့ အနူးအညွတ် မျှော်လင့်ချင်မိသည်။

***
သူ့ကို တချိန်ချိန်မှာ တွေ့မြင်ထွေးပွေ့ရမည်ဟု စိတ်ကူးဖြင့် ကြိုရူးခဲ့ရုံမျှသာ...

***
pic from here

8 comments:

Ko Boyz said...

ကိုယ်မွေးလာမယ့် ကလေးကို ကြိုတွေးနေတာလား...
ရုံးမှာမို့ ဖတ်သာ ဖတ်လိုက်ရတယ်.
အဲလိုပဲ သဘောပေါက်သွားတယ်။

Vista said...

အသံဗြဲနဲ့ ညညဆို ထငိုမှာတွေ.. ၂ နာရီခြား ၁ခါ
ထပြီး နို့ တိုက်ရမှာတွေ.. ။ နေ့ ခင်းအိပ်လို့  ညမှာနိုးနေလို့  ချော့ရမှာတွေ ..
အလုပ်ကို ရေခဲသေတ္တာအသေးစားလေးယူလာပြီး နောက်နေ့ နေ့ လည်တိုက်ဖို့ အမေနို့ သိမ်းရမှာတွေ ... တွေ.. တွေ..
( သူငယ်ချင်းစလုံးမ ပြောပြတာထားတာတွေပါ ဟဲဟဲ )

မောင်လေး said...

လူတိုင်းတော့ စိတ်ကူးမိခဲ့ဖူးမယ်ထင်တယ်...။ကျွန်တော်
လည်းတွေးမိခဲ့တာပါပဲ...။၁၆နှစ်ကတော့ နဲနဲမစောဘူး
လားဗျ..:)(စတာနော်...)။

ဇွန်မိုးစက် said...

ရေးထားပုံလေး သဘောကျလိုက်တာ။

ကြီးမားတဲ့ မေတ္တာတရားတွေကပဲ ပြန်နှစ်သိမ့်ဖြေသာခွင့် ပေးမယ်ထင်ပါရဲ့။

ခုတောင် စာထဲမှာ မေတ္တာတရားတွေ ထင်ဟပ်နေတယ် ရီတာ။း)

မေဓာဝီ said...

အတွေးလေးက ချစ်စရာကောင်းတယ်။
မိခင်စိတ်ရှိတဲ့ မိန်းမတယောက်ရဲ့ အတွေးလို့ ဆိုရမယ်။
ကိုယ်တိုင်တော့ တခါမှ အဲဒီလို တွေးမကြည့်ဖူးဘူး။ မိခင်စိတ် မရှိလို့များလားပဲ။

တလက်စထဲ ပြောခဲ့ရအုံးမယ် ... မောင် ကိုကိုနဲ့ မရီတာ စီးရီးလဲ ဖတ်ရတာ သဘောကျတယ်။ တလောက အဟောင်းတွေ ပြန်လိုက်ဖတ်နေတာ။ အကုန်တော့ မပြီးသေးဘူး၊ ဆက်ဖတ်ရအုံးမယ်။

Rita said...

@ ကိုဘ ကတော့ အရိပ်ပြတာတောင် အကောင် မမြင်ဘူး။

@ vista :rofl:
လက်ယားလာပြီ။ ရိုက်ချင်လို့။

@ မောင်လေး
တကယ်တော့ မိန်းကလေးအများစုက ၄/၅ နှစ်တည်းက အရုပ်လေးတွေပွေ့၊ ခေါင်းအုံးလေးတွေပွေ့ပြီး အမေလုပ်တိုင်းဆော့လာကြတာပါ။

@ ဇွန်/ မမေ
မိခင်စိတ်ကတော့ မိန်းကလေးတိုင်း မွေးရာပါရှိကြတယ် ဆိုတာ လက်ခံမိတယ်။ အဲဒီစိတ်လည်း မျိုးချစ်စိတ်လို လိုအပ်မှ ထွက်လာတာမျိုး ထင်ပါရဲ့။

အတွေးနဲ့ စိတ်ကူးကတော့ တွေးမိတဲ့သူနဲ့ မတွေးမိတဲ့သူ၊ စိတ်ကူးယဉ်မိတဲ့သူနဲ့ မယဉ်မိတဲ့သူပဲ ကွာတယ် ထင်ပါရဲ့။

မမေဓာဝီ ဟောလီးဒေးမှာ ဖတ်စရာရသွားတာ ဝမ်းသာပါတယ်။ =D

N/A said...

Happy New Year..

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......