Sunday, December 27, 2009

ဗေဒင် ၊ ယတြာ နှင့်... (၁)

ဒီ post ကို 2009 Feb လောက်က တင်ဖြစ်ပါတယ်။ အဲဒီတုန်းက ဘလော့ကို ဘယ်သူမှ သိပ်မသိကြသေးဘူး။ သိပ်မသိရတဲ့ထဲ နာမည်ရင်းနဲ့ ရေးရာကနေ၊ blog address နဲ့ နာမည်ပြောင်းပြီး ရေးလိုက်တော့ ပိုဆိုးတာပေါ့။ ဒါကို ခု ပြန်တင်ချင်စိတ် ပေါက်လာလို့ ပြန်တင်လိုက်ပါတယ်။

ဘာက ပြန်တင်ချင်စိတ် ပေါက်လာစေတာလဲ ဆိုရင် "ဖြေကြည့်သူများ" မှာ နောက်ဆုံးနားက comment ပေးသွားသူ တယောက်ကြောင့်လို့ ပြောရင် ရမယ်ထင်တယ်။ ရေးသူက
Tavoygyi ပါ။

သူရေးသွားတဲ့ Why do you want to create the enemies? ဆိုတဲ့ စာကြောင်းက ကိုယ့်ကို ဒီ post ရေးခဲ့တာ ပြန်သတိရမိစေတယ်။ ဒီ post က စုစုပေါင်း နှစ်ပိုင်းပါပါတယ်။ တပိုင်းက ခုတင်တဲ့ ဗေဒင် အကြောင်း ဖြစ်ပြီးတော့၊ နောက်တပိုင်းက ယတြာ အကြောင်းပါ။ တကယ်တော့ ဗေဒင်နဲ့ ယတြာ အကြောင်း ဆိုပေမယ့် ကိုယ်က ဒါတွေနဲ့ ပတ်ပတ်သတ်သတ် နီးနီးစပ်စပ် နေခဲ့သူ မဟုတ်တော့ ဒါတွေအကြောင်း သဘောတရားကလွဲလို့ ဘာမှ မသိပါဘူး။

ကိုယ်ရေးတာက အဲဒါတွေအပေါ်မှာ ရှိတဲ့ ကိုယ့်အမြင်နဲ့၊ အဲဒါတွေကို လိုက်စားသူတွေအပေါ် အမြင်ကို ရေးထားတာပါပဲ။ ယတြာ အကြောင်း အပိုင်း (၂) ကို တင်တဲ့ အခါမှာ သူ့ comment ကနေ ဒါကို ဘာလို့ သတိရမိခဲ့တာလဲ ဆိုတာ နိဂုံးကို ဖတ်မိရင် သိပါလိမ့်မယ်။

ဒီ post က ဗေဒင်နဲ့ ယတြာကို ရူးသွပ်ကြသူများအား သိမ်းကျုံးပြီး စော်ကားထားတယ်လို့ တယောက်ယောက်က comment မှာ လာရေးခဲ့သည် ရှိသော် အရေးလုပ်လို့ တုန့်ပြန်မိမည် မဟုတ်ကြောင်း ကြိုတင် ကြေညာလိုပါတယ်။

***

ဗေဒင်

ယုံလားလို့ မေးတိုင်း "စိတ်မဝင်စားပါ" လို့ အမြဲ ဖြေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ရင် လူတိုင်းက ယုံ ၊ မယုံ ဆိုတာနဲ့ပဲ မေးခွန်းထုတ်တတ်ကြတယ်။
ကိုယ့်အထင်တော့ ဗေဒင်မေးလေ့ရှိတဲ့သူရော ၊ မေးလေ့ မရှိတဲ့သူရော ဘယ်သူမှ ရာနှုန်းပြည့် ယုံတယ် ၊ ရာနှုန်းပြည့် မယုံဘူးဆိုတာ မရှိနိုင်ပါ။

လူသာမာန်တစ်ယောက်ရဲ့ တခြားလူတစ်ယောက် အပေါ် မှန်းဆတွက်ချက်မှုဆိုတာ အခါခပ်သိမ်း မမှန်နိုင်စကောင်းတာ ဦးနှောက်နည်းနည်း ရှိရုံနဲ့ တွေးကြည့်လို့ ရနိုင်ပါတယ်။ ပညာစွမ်းပေါ် မူတည်လို့သာ မှန်နိုင်စွမ်း (probability) ဟာ ကွာသွားနိုင်တာပါပဲ။

အားလုံးမှန်တယ် ထားဦးတော့ .. ဒါမျိုး ဘယ်နှစ်ခါ ဆက်တိုက်မှန်နိုင်မလဲ။ ဒါကို လူတိုင်းတွေးနိုင်ပါတယ်။
တကယ်တော့ မှန်တယ် ဆိုလည်းပဲ သူဟောလို့ ဖြစ်တာမဟုတ်ပါ။ သူ မဟောလဲ ဖြစ်စရာရှိတာ ဖြစ်လာမှာပါပဲ။

ဒီတော့ ဗေဒင်ကို ဘာကြောင့်
တစွဲတလမ်း မေးကြသလဲ ဆိုရင် ကိုယ်တော့ စိတ်ဝင်စားမှုကြောင့် လို့ပဲ ကောက်ချက်ချမိတယ်။ ရှေ့ကို ဘာဖြစ်မလဲ ကြိုသိချင်တဲ့ စိတ်အခံကြောင့်ပါပဲ။ ဇာတ်လမ်းတစ်ခု ကြည့်သလို၊ ဝတ္ထု တစ်ပုဒ်ဖတ်သလို.. (TV ကလွှင့်တဲ့ series တွေ ရှေ့ဘာဖြစ်မလဲ သိချင်လွန်းလို့ အခွေဝယ်ပြီး ကြိုကြည့်တဲ့လူတွေ အများကြီး ရှိတယ်။ ပြီးတော့ TV က ပြတာ ဆက်မကြည့်တော့ဘူးလား ဆိုတော့လည်း ကြည့်တာပဲ တဲ့)

ကိုယ့်အတွက်တော့ အဲဒါ ထူးထွေသည့် အံ့ရာ ပဲ။ သိပြီးသားကို ဘယ်လို စိတ်ဝင်စားမှုမျိုးနဲ့ ငုတ်တုတ် ဆက်ထိုင်နေနိုင်တာလဲ စဉ်းစားရင် ...
အင်း နောက်ဆုံးတော့ ဗေဒင်ကို လက်မလွှတ်တဲ့ လူတွေဟာ ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ဖို့ ဝန်မလေးတတ်တဲ့ သူမျိုးတွေ ဖြစ်နိုင်ပါတယ်။

ကိုယ့်အတွက်ကတော့ ဗေဒင်ဆိုတာ သူဟောတာ မှန်ခဲ့ရင် (မှားရင် ဆိုတာ စကားထဲထည့်ပြောစရာ မလိုတော့ဘူး) ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ရသလို ဖြစ်မှာကလွဲလို့ ...
ကိုယ် စာအုပ်သာ အချိန်ပြည့်ဖတ်ချင်တာ ။ ရုပ်ရှင်ကြည့်ဖို့တော့ အင်မတန်ပျင်း။
ဒါကြောင့် ကိုယ့်ကို ဗေဒင်ကို ယုံသလား မေးခဲ့ရင် "စိတ်မဝင်စားဘူး" လို့ပဲ ဖြေခဲ့ပါတယ်။


ကိုယ်
တစ်ခါမှကို ဗေဒင် မမေးခဲ့ဖူးပါ။ ဖြစ်ချိန်တန်ရင် ဖြစ်လာမှာတွေအတွက် ဗေဒင်မေးတယ် ဆိုတာ ကိုယ့်အတွက်တော့ အသက်ရှင်ခြင်းရဲ့ အပိုအလုပ်တစ်ခုသာပဲ။

စိတ်ဝင်စားတဲ့သူတွေ ဆက်မေးလိမ့်မည်။ စိတ်မဝင်စားသူတွေ ဝေးဝေးနေလိမ့်မည်။

စိတ်ဝင်စားခြင်း မဝင်စားခြင်းကို ဖက်ပြိုင် ငြင်းခုံခြင်းသည်လည်း အပို အလုပ်တစ်ခုသာ ဖြစ်လိမ့်မည်။
မှားတာတွေလည်း ပါလိမ့်မည်။ မှန်တာတွေလည်း ပါလိမ့်မည်။

သေချာတာကတော့ ဘယ်ဟာက ဘယ်လောက်ထိ မှားပြီး ၊ ဘယ်ဟာက ဘယ်လောက်ထိ မှန်နိုင်သလဲ ဘယ်သူမှ မသိတာပင်။


ဒီ့ထက်သေချာတာကတော့ သူပြောတာမှန်လည်း သူပြောလို့ ဖြစ်လာတာမဟုတ်၊ မပြောလဲ ဖြစ်လာမှာ။

သူပြောတိုင်းလဲ ဖြစ်စရာ အကြောင်းရှိမနေရင် ဖြစ်ကိုမလာ။

ရိတ်သိမ်းရမည်က ကိုယ်စိုက်ပျိုးခဲ့သမျှရယ်သာ.. (စိုက်ခဲ့သမျှ နာဂစ်ထဲပါသွားလည်း ဘယ်သူ့မှ လက်ညှိုးမထိုးပါနှင့်။ နာဂစ်ကို စိုက်ပျိုးခဲ့သူသည်လည်း မိမိကိုယ်တိုင်သာ ဖြစ်ခဲ့သည်ကို သတိရပါလေ)


(to be continue)


***

ခုတလော ခေါင်းထဲရောက်နေတာလေးတွေ။
ခဏခဏ အဲဒီ မေးခွန်းမျိုး အမေးခံခဲ့ရဖူးတော့ ခဏခဏလည်း ပြောခဲ့ရဖူးပါတယ်။

တကယ်တော့ ကိုယ့်
အနေနဲ့သာဆိုရင် ယုံလား မယုံလား စဉ်းတောင်စဉ်းစားမိမှာ မဟုတ်။
စိတ်ကို မဝင်စားလို့။

(၁ဝ တန်းအောင်ကာစက သူများဝယ်ထားတဲ့ ဗေဒင်စာအုပ်တွေ ကိုယ့် ရာသီခွင်နဲ့ ကိုက်တာတွေ ယူဖတ်ဖူးတယ်။ ၃ခါ ၄ခါ ဖတ်တိုင်းတူနေတာကတော့ ရည်းစားဦးနဲ့ လွဲမယ် ဆိုတာချည်းပဲ။
စိတ်တောင် နည်းနည်းညစ်သွားသေးတယ်။

ဒါပေမဲ့ ဘာအရေးလဲ ဒုတိယရည်းစားက စထားရုံပေါ့ လို့ တွေးပြီး နောက်တော့ မဂ္ဂဇင်းထဲက ဟာတွေတောင် မဖတ်တော့ဘူး။ ခုချိန်ထိပဲ)

***

10 comments:

Vista said...

ကိုယ်နဲ့ တူတာပေါ့
ဗေဒင်ဆိုဘယ်တော့မှသွားမမေးဘူး..
လူကြီးတွေအတင်းခေါ်ရင်လိုက်သွားတယ် ထိုင်နေတယ် ရယ်နေတယ် ..ဒါပဲ
တစ်ခါ မားသားအတင်းခေါ်လို့ လိုက်သွားတယ် ကိုယ့်မြင်တာနဲ့ အကြားအမြင် ဆရာမကြီးက ဘာပြောပြောယုံမယ့်ကလေးမဟုတ်ဘူးတဲ့ ချက်ခြင်းပြောလိုက်တယ် အန်တီအဲဒါအရမ်းမှန်တာပဲလို့ 
မားသားကလှမ်းရိုက်တယ် ဟိဟိ
ဒါပေမယ့်တစ်ချို့ဗေဒင်တွေအရမ်းမှန်တယ်ဆိုတာတော့လက်ခံရမယ် ..
ုံ(ဥပမာ၊ ကိုယ့်အဖေကလေးလေးဘဝ
နယ်မှာနေတဲ့အရွယ်ကတည်းက
နိုင်ငံခြားမှာပဲနေမယ့်လူ
၊သေတာတောင်ပြည်ပမှာခေါင်းချမှာလို့ ဟောခဲ့ဖူးတယ်တဲ့..ဖေဖေကအဲဒီတုန်းကရယ်စရာလုပ်ခဲ့တာတဲ့)
အရမ်းလည်းမယုံသင့်ဘူးပေါ့လေ
ဆရာတော်ကြီးတစ်ပါးပြောသလိုပေါ့
ဗေဒင်ဆရာ့ပါးစပ်မှာ လမ်းမဆုံးစေနဲ့ တဲ့..
အရာရာ အစွန်းမရောက်တာအကောင်းဆုံးပဲ

ကြည်ဖြူပိုင် said...

၃ခါ ၄ခါ ဖတ်တိုင်းတူနေတာကတော့ ရည်းစားဦးနဲ့ လွဲမယ် ဆိုတာချည်းပဲ။
စိတ်တောင် နည်းနည်းညစ်သွားသေးတယ်။

ဒါပေမဲ့ ဘာအရေးလဲ ဒုတိယရည်းစားက စထားရုံပေါ့ လို့ တွေးပြီး<<<<<
ဟားဟား
အဲဒိအကြံမိုက်တယ်
:D

ရာဟု said...


အတတ်ဟော ချင်တာကတော့..

“ကိုထားဝယ်ကြီး” က “ထားဝယ်” သားမဖြစ်နိုင်ဘူး :D

အန္တာရယ်ကင်း ယတြာ အတွက်တော့

“ကိုတိမ်ညွန့်” (to be continue) ကို မျှော်နေမယ်...။ :-)

Bino said...

ဗေဒင်မေးတယ်, when I got a depression.
(very few)

Normally, ဗေဒင်ဆိုဘယ်တော့မှသွားမမေးဘူး..
(From 1985 to 27 Dec.2009)

I don't wanna to talk is good or not.

Good for somebody.
It'll get the benefit of something, a happy or funny or enjoy.

BINO

Phyo Maw said...

^_^ အိမ်ထောင် ဘယ်အသက်လောက်ကျ ကိန်းရှိမလဲ
ဒါမျိုးမေးရင် ကိုယ်ညံရာကျတယ်

စာမေးပွဲအောင်မလား
ကိုယ်မကျိုးစားရာကျတယ်

ချမ်းသာမလား
အရည်အချင်းမရှိရာကျတယ်

မမေးဘူးကွာ

sweetpeony said...

မယုံပါဘူး မမရီတာ...
ဘုရားကလဲ ယုံပါလို့ မပြောထားဘူး
ဗုဒ္ဓဘာသာစစ်စစ်က အဲဒါမျိုးတွေ မယုံရဘူးလို့ ဖတ်ဖူးတယ်.. အဲဒါတွေက ဘုရားလက်ထက်တုန်းက တိတ္ထိ (စာလုံးပေါင်းမသေချာ) တွေတဲ့...

Rita said...

အင်း တကယ်တော့ ကိုယ်က ယုံတာ မယုံတာကို ပြောတာ မဟုတ်ပါဘူး။ မှန်တာ မမှန်တာကို ပြောချင်တာလဲ မဟုတ်ဘူး။

ဘုရားလက်ထက်က ဆိုလို့... ဘုရားအလောင်းတော်ကိုပဲ ဘုရားစင်စစ် ဧကန်ဖြစ်မယ်လို့ ဟောတာ ဗေဒင်ဆရာပဲ။ နောက်တော့ ပဉ္စဝဂ္ဂီ ၅ ဦးထဲမှာ တစ်ပါး အပါအဝင် မဟုတ်လား။ ဒါပေမဲ့ ဘုရားဖြစ်လာတာကတော့ သူဟောလို့ မဟုတ်ဘူး။ သူ မဟောလဲ ဖြစ်မှာပဲ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဟာ တစ်ယောက်ယောက်ရဲ့ ပါးစပ်မှာ လမ်းဆုံးစရာ မရှိဘူးလေ။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ... အပိုအလုပ်တွေ၊ မလိုအပ်တဲ့ အလုပ်တွေလို့ သတ်မှတ်တယ် ဆိုလိုတာပါ။

Anonymous said...

Not believe, but some time I read it for knowledge. No one can create your future. Only you can create your future.

တီချမ်း said...

မလေးက ပြန်လာတော့
တရုတ်ဗေဒင်
ကြက်နှစ် စာအုပ်လေ
၂၀၁၀ အတွက် ဝယ်လာတယ်
ယုံလားဆိုတော့ မယုံပါဘူး
အပျင်းပြေ ပေါ့အေ
တချို့စာတွေက ရယ်ရတယ်လေ
အချိန်ပိုတော့ လုပ်တာပေါ့

userone said...

ဘုရားဖြစ်မှာက သူဟောလို့ မဟုတ်ဘူးဆိုတာကတော့ ကလေးတောင် သိလောက်ပါတယ်။ ရော့ ဖြစ်စေ..အင့် ဖြစ်ဟဲ့ ဟောပေးတိုင်းသာ ဖြစ်နေရင် ဘုရားတွေ ပွင့်သမှ..တောကို ထနေမှာပဲ။ ကလေးပိစိကွေးဘဝမှာ ဘုရားအလောင်းတော်ကိုပဲ ဘုရားစင်စစ် ဧကန်ဖြစ်မယ်လို့ ဟောသွားနိုင်တဲ့ စွမ်းရည်မျိုး ဟောဒီလောကီမှာ .. လောကီလူသားတွေထဲမှာ ဘယ်အတတ်ပညာရှင်က ကြိုသိနိုင်ခဲ့သလဲ။ အပိုအလုပ်တွေ၊ မလိုအပ်တဲ့ အလုပ်တွေလို့ သတ်မှတ်တယ် ဆိုတော့ကာ... သတ်မှတ်ပါဗျားး။ အော်.. ဗဟုသုတ မနှံ့စပ်လို့ ကြားဖူးနားဝလေး ပြောပါရစေ..နောင်ပွင့်မယ့် အရိမေတ္တယျလောင်းတော်ကလည်း ပုဏ္ဍားဘဝ..ခင်ဗျားပြောတဲ့ .. အပိုအလုပ်တွေ လုပ်တဲ့ ဗေဒင်မျိုးရိုးကနေ ဆင်းသက်မယ်လို့ ဆိုပဲ။ ဟုတ်လားတော့ မသိပေါင်..။ ရှာဖတ်ကြည့်ဦးမှ။