Sunday, November 29, 2009

ဆက်ထုံး



တိုးဖို့ ခက်ရင်
ဆုတ်ဖို့လည်း ခက်တာပဲ...

လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေ

ဒါနဲ့ပဲ ငြိမ်သက်
မေ့လောက်အောင် ရပ်နေခဲ့ရတာ

အစွန်းနှစ်ဘက်က အထုံးများ
ဖြေမရအောင် နစ်ဝင်ရစ်ပတ်

ဆန့်ကျင်ဘက်ကို ထပ်ရွေ့ကြရင်လည်း
ပို တင်းကြပ်လာတာပဲ တွေ့လိမ့်မယ်။

***
ရှေ့ဆက်စရာ မရှိရင်
နောက်ဆုတ်စရာလည်း မရှိတော့ဘူး

ဒီလိုနဲ့ ဝေး ဝေ ဝါး

ဘာတရားမှ လာမချပါနဲ့
ထပ်မှားစရာ ဆိုတာလည်း မရှိတော့ဘူး

ဘာဗျူဟာမှ လာမပြပါနဲ့
ဆက်သွားစရာ ဆိုတာလည်း မရှိတော့ဘူး

***
သံယောဇဉ်တဲ့
တချိန်မှာ ပြတ်မယ့်ကြိုး...
ကိုယ့်အတ္တ ကိုယ်ပျိုး
ဘယ်သူ့ အဆိုးမှလည်း မဟုတ်ခဲ့


ထုံးလွယ် ဖြေခက်
ခြေရာလက်ရာ ပျက်ရုံ

***
(2009 November)

***
pic from here

Friday, November 27, 2009

God Father

ဝတ္ထုနဲ့ ရုပ်ရှင်ကြားမှာ ခံစားမှုတွေ လျော့သွားတယ် ဆိုပေမယ့်...
God Father ကိုတော့ အလုံးစုံ နားလည်ပြီး၊ Dr. Zhivago ကိုတော့ သိပ် မခံစားနိုင်ဘူး။

God Father အကြောင်း ပြောရရင်... ကြိုက်ပါတယ်။ ဝတ္ထုကတော့ ဆိုဖွယ်ရာ မရှိ...
ရုပ်ရှင်မှာလည်း သရုပ်ဆောင်တွေ ကောင်းကြပါတယ်။
Al Pacino ကိုလည်း ကြည့်လို့ကို မဝဘူး။ (ဤကား စကားချပ်)

ဒါပေမဲ့
Johnny Fontane အတွက် မိသားစု ရှေ့နေ Hagen က Studio Head နဲ့ သွားတွေ့တဲ့ အခန်းတို့၊ အဘိုးကြီး (Don Corleone) ရဲ့ လက်ရုံးတစ်ဆူ ဖြစ်တဲ့ Luca Brasi က Sollozzo အဖွဲ့ထဲကို အသွား လုပ်ကြံခံရတဲ့ အခန်းတို့ကိုဆို ဝတ္ထုဖတ်တုန်းက အတော် စိတ်လှုပ်ရှားခဲ့ရသလောက် ရုပ်ရှင်ကြည့်တော့ ဘာမှ မဟုတ်သလိုပဲ။

ဒါပေမဲ့ သားကြီး Sonny လုပ်ကြံခံရပြီး ဆုံးတော့ Hagen ရှေ့မှာ Don Corleone ငိုတဲ့ အခန်းနဲ့၊ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ သား အလောင်းကို သူ့အမေ မမြင်ရခင် သူ့ကျေးဇူး ရှိခဲ့ဖူးတဲ့ သုဘရာဇာဆီမှာ အတတ်နိုင်ဆုံး ပြင်ပေးဖို့ တောင်းဆိုတဲ့ အခန်းကတော့ ရင်ထဲကို သိပ် ထိတာပဲ။

dead body ကို ဖွင့်ပြပြီး ယူကျုံးမရတဲ့ အသံနဲ့ ပြောတယ်။
"ကြည့်စမ်းပါဦးကွာ ငါ့သားကို သူတို့ လုပ်ထားလိုက်ကြတာ" တဲ့။

ဒါပေမဲ့
ဒုစရိုက် ဂိုဏ်းခေါင်းဆောင်ကြီး လူသေအလောင်းတစ်လောင်းနဲ့ အတူ သူ့ဆီလာပြီး တင်နေတဲ့ ကျေးဇူးကြွေးကို ဆပ်ခိုင်းမယ် ဆိုတော့ ဒုစရိုက်မှုတစ်ခုနဲ့ အလောင်းဖျောက်ခိုင်းမယ် ထင်ပြီး၊ ကြံရာပါ ဖြစ်မှာ စိုးရိမ်နေတဲ့ သုဘရာဇာကြီး Bonasera ရဲ့ feeling ကိုတော့ ဝတ္ထုဖတ်တုန်းက ရခဲ့ပေမယ့် ရုပ်ရှင်ကြည့်နေချိန်မှာ မရတော့ဘူး။

ပြီးတော့ အခန်း အစီအစဉ်ကစ ကွာသွားတယ်။ ဝတ္ထုမှာတုန်းက God Father လူသေ အလောင်းတစ်လောင်းနဲ့ အတူ Bonasera ဆီ ရောက်လာတဲ့ အခါ သူ့လိုပဲ ဘာမှန်းမသိဘဲ တထိတ်ထိတ် ဖြစ်ခဲ့ရတယ်။ နောက်မှ Sonny သေရတဲ့ အကြောင်းရင်းက လာတယ်။

ရုပ်ရှင်မှာတော့ Sonny ပစ်သတ်ခံရတာကို ပြပြီးမှ Bonasera ဆီ အလောင်းပြင်ဖို့ လာတာကို ပြတယ်။ (လို့ ထင်တယ်။ ကိုယ့်ဘာသာလဲ မသေချာတော့ဘူး)

အဲဒီ ရုပ်ရှင်မှာ အဆာပလာတွေကို ထောင့်စေ့အောင် ထည့်နိုင်တာတော့ အချိန်ပေးပြီး ကြည့်ရကျိုးနပ်တဲ့ တစ်ချက်ပါပဲ။

ဥပမာ -
သမီးဖြစ်သူရဲ့ အမှုကိစ္စကို God Father ရှေ့မှာ ပြောရင်းနဲ့ ဝမ်းပန်းတနည်း ဖြစ်လာတဲ့ Bonasera ကို တစ်ခွက်လောက် ကမ်းပေးဖို့ သူ့လူတွေကို လက်ဟန်ပြတာမျိုး။

တချို့ ကဒ် တွေကတော့ ရုပ်ရှင်မို့လို့သာ ပြီးပြည့်စုံအောင် ခံစားနိုင်တာလို့ ပြောလို့ရပါတယ်။
Tattaglia ဘက်က လူတွေနဲ့ ဆွေးနွေးနေတုန်း သားကြီး Sonny က စကားဖြတ်ပြောတာကို မျက်နှာရိပ်၊ မျက်နှာကဲနဲ့ တားတဲ့ အခန်းမျိုး။

"ကျွန်တော့ဘက်က လိုအပ်ချက်တွေ ရှိခဲ့တယ်။ ဒါကြောင့် သူတို့တွေဟာ နားထောင်နေရမယ့် အချိန်မှာ ဝင်ပြောကြတယ်။"

ဟိုလူတွေ ပြန်သွားတဲ့အချိန် စကားဖြတ်ပြောတာနဲ့ ပတ်သတ်လို့ သားကြီးကို ဆူတဲ့ အခန်းမှာ Sonny ပို့ပေးသွားတဲ့ အခံမျက်နှာဟာ သိပ်ကောင်းတယ်။ အဲဒီကဒ်မှာ Marlon Brando ဘက်က မျက်နှာကို အပြည့် ပြမသွားပေမယ့် Sonny ခံပေးထားတဲ့ မျက်နှာကဲနဲ့ တင် ပြီးပြည့်စုံတယ်။

လူလားမြောက် အိမ်ထောင်ကျလို့ ကလေးအဖေတောင် ဖြစ်နေပြီးတဲ့ သားအပေါ်မှာ တည်နေဆဲ ဖခင်တစ်ယောက်ရဲ့ သြဇာအာဏာ အတိုင်းအဆကို အဲဒီမှာ သေချာပြနိုင်တယ်။ Sonny သရုပ်ဖော်သွားတဲ့ မျက်နှာဟာ အံ့သြစရာပဲ။ (
ဗမာသရုပ်ဆောင်တွေ...ဗမာသရုပ်ဆောင်တွေ... အင်း... မပြောတော့ပါဘူး။ လေကုန်တယ်။ လက်ညောင်းတယ်။)

ပြီးတော့ Marlon Brando ဟာ အဲဒီတုန်းက အသက် 48 နှစ်ပဲ ရှိသေးတယ်။
ဘယ်လောက်ကောင်းတဲ့ မိတ်ကပ်လဲလို့။ အဲဒါ IMDB မှာ make up ခြယ်နေတဲ့ ပုံတွေတွေ့လို့ အသက် ပြန်တွက်ကြည့်တော့မှ သိရတာ။ မဟုတ်ရင် တကယ် အသက် ၇ဝ လောက်လို့ ထင်နေမှာပဲ။

Michael လဲ Siciliy ကျွန်းမှာ ရောက်နေပြီး၊ Sonny ဆုံးပြီးသွားတဲ့ အချိန်မှာတော့ ရန်စ အားလုံးကို ရုပ်သိမ်းဖို့ သူ ဆုံးဖြတ်ပြီး powerful man တွေ အကုန်စုပြီး အစည်းအဝေး လုပ်တဲ့ အခန်းမှာတော့ အကြိုက်ဆုံးစကား တစ်ခွန်း ရှိပါတယ်။

"လက်တုံ့ပြန်တာနဲ့ မင်းရဲ့သားက မင်းဆီ ပြန်ရောက်လာနိုင်မှာလား။
ကျုပ်သားရော
ကျုပ်ဆီ ပြန်ရောက်လာနိုင်မှာ မို့လို့လား။

ဒါပေမဲ့
ကျုပ်မှာ တဖက်စွန်းရောက်တဲ့ အကြောင်းတစ်ခုတော့ ရှိတယ်။

ကျုပ်သားငယ်ဟာ Sollozzo ကိစ္စနဲ့ ဒီကနေ တခြားမှာ ရှောင်နေရတယ်။
သူ့ကို
ဒီ ပြန်ခေါ်ဖို့ လုပ်ရမယ်။ ပြစ်တင်စွဲချက်တွေ မှန်သမျှကို အကုန် မေ့ပစ်လိုက်မယ်။

ဒါပေမဲ့
ကျုပ်ဟာ အယူသည်းတဲ့သူ ဖြစ်တယ်နော်။
မတော်တဆမှုလေး တစ်ခုခု သူ ကြုံရတာနဲ့...
ရဲအရာရှိ တစ်ယောက်ယောက်ရဲ့ ပစ်ခတ်ခံရတာပဲ ဖြစ်ဖြစ်...
အကျဉ်းထောင်ထဲ ရောက်ပြီး သူ့ဘာသာ ဆွဲကြိုးချ သတ်သေသွားရင်ပဲ ဖြစ်ဖြစ်...
ဒါမှမဟုတ် သူ့အပေါ် မိုးကြိုးခခဲ့တယ် ဆိုရင်တောင်မှ...

ဒီအခန်းထဲမှာ ရှိနေတဲ့ လူတချို့ကို ကျုပ် အပြစ်တင်မိမှာ ဖြစ်တယ်။
ဒါ့အပြင် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။

***

အဲဒီလို အဆုံးစွန်ထိ စကားကို အကုန်ပြောလိုက်တာ သိပ်သဘောကျတယ်။
ဘာမှ မဆိုင်တဲ့ မိုးကြိုး သူ့သားအပေါ် ကျခဲ့မယ် ဆိုရင်တောင်မှ ဒီလူတွေကို ခွင့်မလွှတ်ဘူး ဆိုတယ်။ သူ့ character နဲ့ ကွက်တိပဲ။

Michael (Al Pacino) သရုပ်ဆောင်သွားတာလည်း အပိုအလိုမရှိ ကွက်တိပဲ။
တကယ်တော့ သူက Siciliy ကျွန်းမှာ
Apollonia မိုးကြိုးခနေတာ။
(So they are called men. <<< ဤကား စကားချပ်။)

Michael အမေရိကန် ပြန်ရောက်ပြီး၊ ရီးစားဟောင်း Kay နဲ့ ပြောကြတဲ့ အခန်းကိုလည်း ကြိုက်တယ်။

"ငါ့ အဖေလည်း တခြား powerful man တွေထက် ဘာမှ မကွာခြားပါဘူး ကေးရယ်။
ဆီနိတ်တာ တစ်ယောက်လို၊ သမ္မတ တစ်ယောက်လိုပါပဲ။"

"ဒါပေမဲ့ သူတို့ (ဆီနိတ်တာတို့၊ သမ္မတတို့) လူမသတ်ဘူး။"

အဲဒီမှာ "အဲဒါ ငါ့ မိသားစုပါ ကေးရယ်။ ငါ မဟုတ်ပါဘူး။" လို့ ဇာတ်လမ်းအစ မိသားစုအကြောင်းတွေ ကေးကို မိတ်ဆက်ပြောပြတဲ့ အခန်းလေးကို ဖျတ်ခနဲ ပြန် သတိရမိစေတယ်။

***
"ဖေဖေ့ လုပ်ငန်းတွေကို Sonny နဲ့ Fredo တို့ ဆက်ခံဖို့ မျှော်လင့်ခဲ့တယ်။ မင်း အတွက် မရည်ရွယ်ခဲ့ပါဘူး သားရယ်။ မင်းကို မြို့တော်ဝန် တစ်ယောက်အဖြစ်၊ သမ္မတ တစ်ယောက် အဖြစ်
ဖေဖေက မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့လည်း အချိန်တွေ မလောက်ခဲ့ဘူး။"

တစ်ခါတစ်ခါကျတော့လည်း မလွဲမရှောင်သာတဲ့ ကိစ္စတွေ လောကမှာ အများသားပဲ လို့ တွေးမိတယ်။

ဒါပေမဲ့ ဘယ်သူမှ တွန်းပို့တာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တဲ့ ကိစ္စတွေအတွက်တော့ အနစ်နာခံတယ်၊ စတေးတယ် ဆိုပြီး အသံကောင်း ဟစ်နေတာ ကြားရရင် အန်ချင်တယ်။
(ကိုယ့်သမိုင်း ကိုယ့်ဟာကိုယ် ဖော်ပြတာလောက် အကြည်
ညို ပျက်တာ မရှိဘူး။ <<< ဤကား စကားချပ်။)

***
Don
Corleone ဆုံးတော့ ဝတ္ထုထဲကအတိုင်း သူ့ အချစ်ဆုံးသား Micheal ရဲ့ ရင်ခွင်ထဲမှာ လို့ ရိုက်ပြရင် ကောင်းမှာပဲ လို့ နှမျောမိတယ်။ ဝတ္ထုထဲကအတိုင်း ခရမ်းချဉ်ပင်တွေတောင် စိုက်ပြထားပြီးမှ...

***
အကြိုက်တကာ့ အကြိုက်ဆုံးကတော့ ဇာတ်သိမ်းခါနီးမှာ ယောက္ဖတော် Carlo နဲ့ စကားပြောခန်းပဲ။

You think that could make fool a Corleone?
Don't do this to me, please.
Only don't tell me you're innocent.
Because it insults my intelligence. Makes me very angry.

"မင်းကို မင်း အပြစ်ကင်းတယ် လို့ မပြောနဲ့ Carlo
အဲဒါ ငါ့ စဉ်းစား ဆင်ခြင်နိုင်စွမ်းကို စော်ကားလိုက်တာပဲ။"


သိပ်မှန်တယ်။
တချို့တွေ လှည့်စားမယ် ကြံရင် တဖက်လူရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အလေးထားသောအားဖြင့်၊ လျော့မတွက်သောအားဖြင့်၊ နည်းနည်းလေး ပိုပြီး စဉ်းစဉ်းစားစား trick လုပ်သင့်တယ်။
ခုမှ အရွယ်ရောက်ကာစ ကလေးတစ်ယောက်ကို လှည့်စားသလို အကွက်မျိုးတွေ လျှာအရိုး မရှိတိုင်း မသုံးသင့်ဘူး။ (ဤကား စကားချပ်။)

***
တကယ့် အဆုံးသတ်ကတော့ ဝတ္ထုသာ ဖတ်မထားရင် ခံစားလို့ ရမှာ မဟုတ်ဘူး။
Micheal ဟာ သူ့အဖေရဲ့ လုပ်ငန်းတွေပေါ်မှာသာ မကဘဲ၊ သူ့အဖေ လျှောက်ခဲ့တဲ့ လမ်းကြောင်းတွေပေါ်မှာပါ ရောက်နေပြီ ဆိုတာကို သိနားလည်လိုက်ရတဲ့ ကေးရဲ့ မျက်နှာကလေး။

အဲဒါကိုတော့ စာ ဖတ်မထားရင် လုံးဝ ရလိုက်မယ် မထင်ဘူး။

***

Sunday, November 22, 2009

Reading Vs Watching Movie



အခွေ (၃) ခွေတော့ ကြည့်ပြီးသွားပြီ။
God Father, Taxi Driver နဲ့ Dr. Zhivago

ဘယ်တော့မဆို စာဖတ်ရတာသာ အကောင်းဆုံးပဲလို့ ထင်တယ်။
ဒါပေမဲ့ စာတောင် ဖတ်မရတာ ၂ နှစ်လောက် ရှိပါပြီ။

စာဖတ်ပြီး ရုပ်ရှင်ကြည့်ရင် အတော် အကုသိုလ်များပါတယ်။
ကြိုက်တဲ့ ဝတ္ထုဆို ပိုဆိုးရော...
ဂျူး ရဲ့ ဝတ္ထုတွေ ဒါရိုက်တာ အောင်မြင့်မြတ် ပြန်ရိုက်တော့ ဘာတွေ ဖြစ်ကုန်လို့ ဘယ်လို ခံစားရမှန်းတောင် မသိတော့ဘူး။ ကာယကံရှင် စာရေးဆရာတော့ မသိပါ။ ကြည့်ရတဲ့လူကတော့ လျော်ကြေးသာ ပြန်တောင်းချင်တော့တယ်။
ကြည့်မိတဲ့ အချိန် နဲ့ ပိုက်ဆံ အတွက် မဟုတ်ဘူး။ ဝတ္ထုအတွက်...

နိုင်ငံခြားကားတွေ ကြည့်တဲ့အခါကျတော့ စာဖတ်ထားရတာ ပို အဆင်ပြေတယ်။
ဒါပေမဲ့ ဒီမှာလည်း အထက်က အတိုင်းပါပဲ။ စာဖတ်သလို ခံစားမှု အပြည့်အဝ မရဘဲ တခုခု လိုနေသလို ထင်မိတယ်။ ကိုယ့် အနေအထားကို ပြောတာပါ။ ရုပ်ရှင်ကြိုက်တဲ့ လူတွေအတွက်ကတော့ ဒီလို ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ကိုယ့်အတွက်ကျတော့ စာဖတ်တဲ့ အခါမှာ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်တွေနဲ့ ပတ်သတ်လို့ ခံစားမှုဟာ အကန့်အသတ်မရှိဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပုံဖော်လို့ စိတ်ကြိုက် ခံစားလို့ ရတယ်။ ရုပ်ရှင်ကျတော့ အကန့်အသတ် အတွင်းမှာ ဖြစ်သွားပြီ။ သူတို့ ပြသလောက်ပဲ။ အဲဒီအခါ ကိုယ်က စာဖတ်တုန်းက တရှည်တလျား ခံစားထားတဲ့ အဖြစ်အပျက် အကြောင်းအရာတစ်ခုက သူတို့ တင်ပြတဲ့ ဘောင်အတွင်းမှာ ပိတ်မိသွားသလိုပဲ ခံစားရတယ်။

ဒါပေမဲ့ စာ မဖတ်ထားဘဲ ကြည့်တဲ့ အခါကျတော့ ဘာဖြစ်ပြန်လဲ ဆိုတော့ တော်တော်များများ နားမလည်တော့ဘူး။ ဒါလဲ ကိုယ့်အတွက် ပြောတာပါ။ ရုပ်ရှင်ကြည့်ရမှာ ပျင်းတာရယ်၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုကြောင့်ရယ် ဖြစ်လိမ့်မယ်။ ရုပ်ရှင် ကြည့်ဖို့ ပျင်းတော့ စိတ်မဝင်စား၊ မဝင်စားတော့ နားမလည်၊ နားမလည်တော့ ပျင်း နဲ့ မုန့်လုံး စက္ကူကပ် ဖြစ်တော့တာပဲ။

စာဖတ်ထားပြီး ကွန့်မြူးနေတဲ့ အတွေးကို
ရုပ်ရှင်က ဘောင်ခတ်ပစ်တယ် လို့ ဘယ်လိုပဲ ပြောပြော...
နိုင်ငံတကာက ကားတွေ ကြည့်မယ်ဆိုရင်တော့ ဇာတ်ကျောရိုးတော့ အကြမ်းဖျဉ်း သိနေမှ ကိုယ့်အတွက် အဆင်ပြေတယ်။ စာဖတ်ပြီး ကြည့်ရင် ခံစားမှုက တဝက်လျော့တယ် ဆိုပေမဲ့ မဖတ်ဘဲကြည့်တော့ တစ်ခုလုံးလျော့တယ်။
... ဆိုတော့ တဝက်တော့ ပေးနေရမှာပဲ။

ကြုံလို့ပြောရရင်... သူ့ကျွန်မခံပြီ ကြည့်တဲ့ အတွေ့အကြုံလေး ပြောချင်ပါတယ်။
အဲဒီကား လူများပြီး ပွဲမစည်တဲ့ ကား။ ထားပါတော့လေ။
ကိုယ် ကိုယ်တိုင်က အဆိုးမြင်တတ်တာ ဖြစ်နိုင်ပါတယ်။
တကယ်တော့ မူရင်းဝတ္ထုကိုလဲ မကြိုက်လှပါဘူး။

အဲဒီထဲက ပါတော်မူခန်း မှာ မြတောင်ကျောင်းကို ရထားလုံး ဖြတ်အသွား ကျောင်းပေါ်က ကျောင်းသားလေးတွေ လှမ်းကြည့်ကြတာကို ရိုက်ပြထားတယ်။

အဲဒီထဲက ကျောင်းသားလေး တစ်ယောက်ကိုတော့ အထူးသဖြင့် ရိုက်ပြတယ်။
စာဖတ်မထားရင် အဲဒါ ဘယ်သူလဲ မသိဘူး ဆရာ။ ဒါတောင် မြန်မာကားနော်။
အထူး ရိုက်ပြထားတာ ဆိုတော့ ဒါ တစ်စုံတစ်ယောက်ပဲ ဆိုတာတော့ ရိပ်မိနိုင်တယ်။
ဝတ္ထု ဖတ်မထားဘဲ အတူကြည့်တဲ့ တစ်ယောက်က မေးတယ် "အဲဒီ ကလေးလေးက ဘာလဲ" တဲ့။
အဲဒါ "သခင် ကိုယ်တော်မှိုင်း" အလောင်းအလျာလေးကို ပြတာ။

ကြုံလို့ ဆက်ပြောချင်ပါသေးတယ်။
(
ကြုံလို့ ပြောချင်တာတွေ အတော် များလာတာဟာ အသက်ကြီးလာတဲ့ လက္ခဏာလားတော့ မသိဘူး။
မသိဘူး လို့ပဲ ထားလိုက်ပါတော့။)
အောင်ဝေး က ပြောဖူးတယ်။ ကဗျာကို ရုပ်ရှင်ရိုက်မယ် တဲ့။

အဲဒီမှာ ထူးအိမ်သင် ပြောတဲ့ စကားတစ်ခွန်းကို အတော် သဘောတူမိတယ်။

"ကဗျာကို ရုပ်ရှင်ရိုက်လို့ မရဘူး မပြောပါဘူး။ ရပါတယ်။
ဒါပေမဲ့ ဥပမာ တစ်ခုပြောရရင် ကဗျာဟာ ညနေခင်းတစ်ခုအကြောင်း ဖွဲ့ထားတယ် ဆိုပါစို့။ ကဗျာဖတ်နေချိန်မှာ အဲဒီ ညနေခင်းကို ကျွန်တော်လည်း ကျွန်တော်ကြိုက်သလို၊ ခင်ဗျားလည်း ခင်ဗျားကြိုက်သလို ခံစားလို့ ရတယ်။ ရန်ကုန်မြို့ရဲ့ ညနေခင်း ဖြစ်ချင်ဖြစ်မယ်။ ကျေးလက်တစ်နေရာက ညနေခင်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီ ညနေခင်းဟာ ခံစားသူပိုင်တဲ့ ညနေခင်းပဲ။


ဒါပေမဲ့ ဒါကို ရုပ်ရှင်ရိုက်ပြလိုက်ရင်တော့ ခင်ဗျား ညနေခင်းလဲ မဟုတ်တော့ဘူး။
ကျွန်တော့ ညနေခင်းလဲ မဟုတ်တော့ဘူး။ သူတို့ ပြတဲ့ ညနေခင်းကြီး ဖြစ်သွားပြီ။
သူတို့ ကန့်သတ်လိုက်တဲ့ ညနေခင်းပဲ။"

(စကားလုံး အတိအကျ မဟုတ်ပါ။)

Intro နဲ့တင် ရှည်သွားပြီ။ ခုလည်း ဝတ္ထုဖတ်ပြီး ကြည့်တဲ့ God Father နဲ့ ရုပ်ရှင်သာ တန်းကြည့်ဖြစ်တဲ့ Dr. Zhivago ကို ရေးချင်မိတာ။

နောက်တပိုင်းမှ ရေးတော့မယ်။

***
picture from here

Friday, November 20, 2009

ဖြူး

ဖြူး

ဒီလို မိုးတစွတ်စွတ် ရွာတဲ့ အချိန်ဆို ရန်ကုန်ကိုလည်း သတိမရ၊ ဇာတိမြို့ကိုလည်း သတိမရဘဲ အလယ်တန်းတလျှောက်လုံး နေဖူးခဲ့တဲ့ ဖြူး ကို ပို သတိရမိတယ်။


မွေးကတည်းက အသက် ၁ဝ နှစ်လောက်ထိ နေလာခဲ့တဲ့ ဇာတိကနေ ခွာပြီး၊
အောက်ပြည်အောက်ရွာက မြို့တစ်မြို့ကို ကာလ အတော်ကြာကြာ နေဖို့ ရောက်လာခဲ့တယ်။


အဲဒီ အချိန်ဟာ ဘဝမှာ အရေးပါတဲ့ အချိုး အကွေ့လို့ ပြောမယ် ဆိုလည်းရ၊
သူများတကာလဲ ကြုံနေကျ ဖြစ်ရိုးဖြစ်စဉ် အပြောင်းအလဲလေးပါပဲ လို့ သတ်မှတ်မယ် ဆိုလည်းရ...

တကယ်တော့ ကျောင်းစတက်တဲ့ အရွယ်ကတည်းက ဖေဖေ့ဘက်က အဘိုး အဘွားတွေနဲ့ (ဝေမျှတယ် ဆိုတာကို မသိဘဲ) တယောက်တည်း နေလာခဲ့တဲ့ ကိုယ့်အတွက် မိသားစုနဲ့ ပထမဆုံး ပြန်နေခွင့်ရတဲ့ အပြောင်းအလဲ ကာလပါပဲ။

ရာသီဥတု၊ အစားအသောက်၊ ပတ်ဝန်းကျင်၊ လူတွေ၊ စာသင်ခန်းတွေ...
အားလုံးဟာ အသစ်။


တလျှောက်လုံး ကြုံရတော့မယ့် အပြောင်းအလဲတွေရဲ့ အစ ဖြစ်ချင်ဖြစ်လိမ့်မယ်။

အစကတော့ စိတ်ညစ်တယ်။ ကျောင်းအသစ်မှာ အပေါင်းအသင်း အသစ်တွေ၊ စာသင်ပုံ အသစ်တွေ၊ ဓလေ့ထုံးစံ အသစ်တွေ၊ အဲဒီထက် အဓိက ကျတဲ့ အသစ်ကတော့ ရာသီဥတု အသစ်ပါပဲ။

ရာသီဥတု အနေအထား ဆိုတာကလည်း အဲဒီအချိန်က ကိုယ့်အတွက်တော့ စိတ်အခြေအနေကို အတော်လွှမ်းမိုးနိုင်တဲ့ factor တစ်ခုပေါ့။ ခြောက်ခြောက်သွေ့သွေ့နေရောင်ခြည်နဲ့ ကျင့်သားရလာခဲ့တဲ့ နေရာကနေ၊ မိုးရေတွေ၊ မိုးစက်တွေ စိုစိုစွတ်စွတ်နဲ့ အစကတော့ အတော် စိတ်ပျက်သားပဲ။

နေရာဟောင်းက ခွဲထွက်လာရတဲ့ feeling ရယ်၊ အသစ်တွေနဲ့ ကျင့်သားရအောင် ပြန်ကြိုးစားနေရတဲ့ အခိုက်အတန့်ရယ်... စတုတ္ထတန်း ကျောင်းသူတစ်ယောက် အတွက်တော့ မလွယ်ခဲ့ဘူး ဆိုရမယ်။ ပင်ကိုကတော့ သိပ် adept ဖြစ်လွယ်တဲ့သူလည်း မဟုတ်ခဲ့ဘူး။

ခုချိန်ထိ မိုးတွေရွာရင် အဲဒီချိန်က feeling ဟာ မသိမသာ ဝင်လာတုန်းလို့ ကိုယ့်ဘာသာ ထင်မိတယ်။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံတွင်းမှာတင် ဖြစ်ရက်နဲ့၊ ပြီးတော့ မိသားစုနဲ့ ဖြစ်ရက်နဲ့ ဒီ feeling မျိုး ဖြစ်သလား ဆိုရင် ဖြစ်တယ် လို့ပဲ ပြောရမယ်။ အသက် ၁ဝ နှစ်၊ ၁၁ နှစ် မှာ ကြုံရတဲ့ အပြောင်းအလဲ ဖြစ်တယ်။

ပြီးတော့ ကိုယ့်အတွေ့အကြုံအရ အညာနဲ့ အောက် ဟာ အတော် ကွာပါတယ်။
အဲလို ကြုံခဲ့ဖူးလို့ ဂျူးရဲ့ "မြ ရဲ့ လ" ကို ဖတ်တော့ ချက်ချင်း နားလည် ခံစားလို့ ရတာ။
နောက် ဂျူး ကိုယ်တိုင်လည်း အညာသူဖြစ်လို့ ဒီဝတ္ထု ကို ဒီလို presentation နဲ့ ရေးဖို့ ဖြစ်လာတာလို့ ပြောလို့ရတယ်။

နောက်တော့ ဝင်းဝင်းလတ် ရဲ့ နောက်ဆုံး ဝတ္ထုရှည်။
"အချစ်၊ အလုပ် နှင့် ဘဝ ကို တည်ဆောက်ခြင်း" လား မသိ။
(ခေါင်းစဉ် သေချာ မသိတော့ဘူး။ ဆရာမ ရုတ်တရက် ဆုံးသွားတာမို့ အဲဒီ ဝတ္ထု ပြီးလည်း ပြီးမသွားဘူး။)
တခန်းလောက် ဖတ်မိတော့ ဘဝ တလျှောက်လုံး အပြောင်းအလဲတွေနဲ့ ကြုံလာခဲ့ရတယ် ဆိုတဲ့ ဇာတ်ကောင် ဆရာဝန် အမျိုးသမီးလေးရဲ့ feeling ကို ရေးထားတာ အတော် ကောင်းတယ်။
ပါးပါးကလေးပါပဲ။ ဒါပေမဲ့ ဆရာမရဲ့ ထုံးစံအတိုင်း အတော်ထိတယ်။
စာရေးသူ
ရဲ့ ငယ်ဘဝ တစိတ်တပိုင်းလဲ ဖြစ်နိုင်တယ်။

အဲဒါ ဖတ်မိတော့လည်း ကိုယ့်ဟာကိုယ် ထင်မိသေးတယ်။ ငါနဲ့ တူပါလား ဆိုပြီး
(နာမည်ကြီး ဇာတ်ကောင်တွေ ကိုယ်နဲ့ တူတယ် ထင်နေတာ စိတ်ကြီးဝင်နေတာလားတော့ မသိ)...

ဒါပေမဲ့ နောက်ဆုံးတော့ ဖြူးမှာ ပျော်ခဲ့ပါတယ်။ 2nd native လို ဖြစ်ခဲ့တယ်။ ၅ နှစ်ကျော်တောင်လေ။
ဖြူးရဲ့ မိုးရာသီထက် ဖြူးရဲ့ ဆောင်းတွင်းနဲ့ နွေရာသီတွေကို ပိုပျော်တယ်။ အဲဒါတော့ သေချာတယ်။

ထ (၁) ကျောင်းရယ်၊ ကျောင်းရှေ့က အုတ်နီနီ ဆေးရုံဝင်းရယ်၊
အဲဒီကနေ ရှေ့ဆက်လျှောက်ရင် စစ်တပ်၊ လမ်းထိပ်ရောက်ရင် ညာဘက်ထိပ်မှာ ကျောင်းနေဖက် သူငယ်ချင်းရဲ့ စားသောက်ဆိုင်ရှိတယ်။ ကပ်ရပ်က စာတိုက်၊ အဲဒီမှာလည်း သူငယ်ချင်း၊ တဘက်ထိပ်က ရဲစခန်း၊ အဲဒီမှာလည်း သူငယ်ချင်း။ အဲဒီ သူငယ်ချင်း ခုတော့ ဆရာဝန် ဖြစ်သွားပြီ။
အပေအတေကောင်။ ဆရာဝန် ဖြစ်တာများ အံ့သြမဆုံးဘူး။

အေးလေ သူကလည်း ကိုယ့်ကို အဲလို တွေးချင်တွေးနေမှာ။
အပေအတေမ၊ ဘယ်လိုလုပ် ဘွဲ့ရသွားတာလဲ ဆိုပြီး။

မထင်ရတာတော့ မဟုတ်ပါဘူး။ သူ ဦးနှောက် အင်မတန် ကောင်းပါတယ်။
ဒါပေမဲ့ ထင်ရတဲ့၊ ကြိုးစားတဲ့၊ ဖြစ်ချင်ကြတဲ့သူတွေ ကျန်ခဲ့ကြတယ်။

ဆက်လာရင် ရုပ်ရှင်ရုံနဲ့ ကပ်လျက် အအေးဆိုင် တစ်ခုရှိတယ်။
သူငယ်ချင်း အဒေါ်ရဲ့ ဆိုင်။ နောက်တော့ ဈေး။ အဲဒီထဲမှာလည်း သူငယ်ချင်းတချို့ရှိတယ်။
ဆက်လာပြီး တံတားနဲ့ မနီးမဝေး ရောက်လို့ ညာဘက်ကို ကွေ့၊ ရထားလမ်းကို ကျော်လိုက်ရင်တော့ အမြဲ တတွဲတွဲ နေခဲ့တဲ့ သူငယ်ချင်း နေတဲ့ ရပ်ကွက်ထဲကို ရောက်မယ်။
(အဲဒီ သူငယ်ချင်း ခုတော့ မြို့က စာတိုက်မှာပဲ အလုပ်ဝင်နေတယ်။)

သူ့မိဘတွေက ကျောင်းက ဆရာနဲ့ ဆရာမတွေ။ ၉ တန်းမှာ ဆရာမ နဲ့ သင်လိုက်ရသေးတယ်။ ဆရာကြီးကတော့ ကိုယ်တို့ ၈ တန်းလောက်မှာ ပင်စင်ယူတော့ ကျောင်းမှာတော့ မဆုံရဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာ ကျူရှင်ကို ဆရာကြီးဆီမှာ ယူတယ်။ အဲဒီအိမ်ကိုလည်း လွမ်းတယ်။

မနေ့က Dr. Zhivago ကြည့်တော့ Lara နဲ့ ပြန်ငြိကြတဲ့ အခန်းမှာ Lara နေတဲ့ သစ်သားအိမ်ကလေးကို ကြည့်ပြီး၊ ကျူရှင်တက်ခဲ့တဲ့၊ ကိုယ့်အိမ်လို နေခဲ့ဖူးတဲ့ အဲဒီ အိမ် နဲ့ ရပ်ကွက်ကလေးကို သတိရမိတယ်။

ဆောင်းဝင်တာနဲ့ ရေနည်းသွားတဲ့ ဖြူးချောင်းရယ်၊ တံတားရယ်၊ ချောင်းဘေးက သာသနာ့ ဗိမာန်ရယ်၊ အဲဒီကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မြင်ရတဲ့ ပဲခူးရိုးမရယ်။ နေဝင်ချိန်ဆို အတော်လှတယ်။ ကိုယ်တို့ ၈ တန်းနှစ်မှာ အဲဒီချောင်းထဲ ကျောင်းက အငယ်တန်း ကလေးတစ်ယောက် ရေနစ်ဖူးတယ်။

အဝေးပြေးလမ်းမကြီး ဘေးက ဝဲဒေါင့် ဆိုတဲ့ ရှမ်းရွာကလေးက အကြော်ဆိုင်တွေရယ်။
ကျောင်းဆင်းချိန်၊ ကျူရှင် ဆင်းချိန်တွေရယ်။

ဖတ်ခဲ့တဲ့ စာအုပ်တွေရယ်၊
ကျယ်ကျယ်လွင့်လွင့် စက်ရုံဝန်း တစ်ခုရယ်၊
ညဘက်တွေမှာ ကြားရတဲ့ မီးရထားသံနဲ့ ဥသြသံရယ်။
တကယ်ပဲ ပိုင်ပိုင်နိုင်နိုင် ပျော်ခဲ့ဖူးပါတယ်။
၉ တန်း နှစ်တဝက် ရောက်တော့ အဲဒီကနေ ပြောင်းရပြန်တယ်။

ဒီတခါ မြန်မာပြည် ပြန်ရင် ကိုယ် အဲဒီကို တခေါက်လောက် ပြန်ချင်တယ်။
ဒါပေမဲ့ အရာရာ ပြောင်းကုန်မှာပဲနော်။
သူငယ်ချင်း တချို့လည်း အဲဒီမှာ မရှိတော့ဘူး။
နယ်ထုံးစံ တော်တော်များများတော့ ကျန်ပါသေးတယ်။

ပြန်သွားလို့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ...
ဖြူးချောင်းတံတားပေါ် စက်ဘီးစီးတဲ့ အခါ...
အကြော်ဆိုင်မှာ ထိုင်တဲ့ အခါ...
ကျောင်းကြီးကို ပြန်ကြည့်မိတဲ့ အခါ...
နေခဲ့ဖူးတဲ့ အိမ်ရှိရာကို ပြန်ကြည့်မိတဲ့ အခါ...

ပျော်တယ် ဆိုရင်တောင် အရင်နဲ့ မတူမှာ သေချာသလောက်ပါပဲလေ။

***

ဒီနေ့ညနေ ရုံး အပြန် စိုစိုစွတ်စွတ် မိုးရေတွေထဲ ဖြတ်လာပြီး၊ ရေဝပ်နေတဲ့ မြက်ခင်းစပ်တွေနဲ့ ကွန်ကရစ် လမ်းလေးတွေ ကြည့်ရင်း ကိုယ့် ငယ်ဘဝကို သတိရတယ်။


***

Sunday, November 15, 2009

The Mask



သတ္တိ ဆိုသည်မှာ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်း မဟုတ်။
ထို ကြောက်ရွံ့စိတ်ကို သိုဝှက်နိုင်မှုပင် ဖြစ်သည်။

(ကျွန်တော်သိသော မင်ဒဲလား - သက်ဝင်းမြင့်
ရနံ့သစ် မဂ္ဂဇင်း - Oct 1995

Mandela : The Man & The Mask by Richard Stengel
Reader's Digest - Aug 1995)

***
လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က...
ဇာတ်လမ်းကတော့ စီးလာတဲ့ လေယာဉ်ခရီးစဉ် တစ်ခုမှာ လေယာဉ် ပျက်ကျတော့မလို ရုန်းရင်းဆန်ခတ် ဖြစ်တော့ မင်ဒဲလားဟာ သတင်းစာဖတ်တောင် မပျက်ဘူး ဆိုတယ်။

လေယာဉ် အောက်ရောက်ပြီးမှ သူက ပြောတယ်။
"ကျွန်တော်ဖြင့် ခုနက ကြောက်သွားလိုက်တာ နေစရာတောင်မရှိဘူး" တဲ့။

***
ဒီလိုပဲ လူတစ်ယောက်ဟာ ပြင်းထန်တယ် လို့ ထင်ရရင် အဲဒါ ပျော့ညံ့တာတွေ အများကြီးကို ထိန်းချုပ် ကွယ်ဝှက်ထားနိုင်လို့ပါ ဆိုတာ သိစေချင်မိတယ်။

လူဆိုတာ ခံစားတဲ့ နေရာတွေမှာ အတူတူတွေပါပဲ။ တုန့်ပြန်မှုသာ ကွာသွားတာ။

တကယ်လို့ တစ်စုံတစ်ယောက်ကို ပြင်းထန်တဲ့သူ လို့ မင်း ထင်နေခဲ့ရင်တောင် အထက်က အဆိုအရ သူဟာ လူတစ်ယောက်ရဲ့ ပင်ကို ဗီဇ ပျော့ညံ့တာတွေကို အချိန်တော်တော်များများ၊ နေရာတော်တော်များများမှာ ထိန်းချုပ်နိုင်စွမ်း ရှိလို့သာပဲ။

ဒါပါပဲ။

***

အချိန်မရွေး

ခုလေးတင်ပဲ အရင်အိမ်မှာ အတူတူနေခဲ့ကြတဲ့ ညီမလေး တစ်ယောက်ရဲ့ အမေ ဆုံးတဲ့ သတင်းကို သူ့ဆီကပဲ ကြားလိုက်ရတယ်။

မနှစ်က ဒီလို အချိန် အိမ်မပြောင်းခင်မှာ သူ့ ဖေဖေရော၊ မေမေရော သူ့ဆီ လာလည်ကြတော့ တွေ့ခဲ့ရသေးတာ။ ၂ ပတ်လောက် ကြာတယ်ထင်တယ်။ အဲဒီ ညီမလေးကလည်း ငယ်ပါတယ်။ သူ့မေမေကလည်း ငယ်တယ်။ နုနုပျိုပျို ကျန်းကျန်းမာမာ သွက်သွက်လက်လက်နဲ့ပဲ တွေ့ခဲ့ရတာ မျက်စေ့ထဲ ပြန်မြင်မိသေးတယ်။

ခု ဒီလို ကြားရတော့ မယုံနိုင်အောင်ပဲ။

ပြန်ခါနီး နှုတ်ဆက်တော့ "အန်တီ ဝလာတယ်နော်၊ စင်ကာပူနဲ့ တည့်တယ် ထင်တယ်"... ပြောမိတော့... ရယ်ရယ်မောမောနဲ့ပဲ "ဟုတ်တယ်၊ ပြန်ခါနီး ပေါင်တောင် မချိန်ရဲတော့ဘူး" လို့ ပြန်ပြောခဲ့တယ်။ ရောက်ခါစကတော့ "မြန်မာပြည်မှာ ဒီလောက် လမ်းမလျှောက်ရပါဘူး။ စင်ကာပူရောက်မှ လျှောက်လိုက်ရတဲ့ လမ်း" လို့ ဆိုတယ်။

အဲဒါတွေ ပြန်သတိရပြီး မထင်မှတ်စရာလို့ တွေးနေမိတယ်။

ဖေဖေ့တုန်းကလည်း ဒီလိုပဲ။
လာခါနီး လိုက်ပို့တာ... အလုပ်တော်တော်နဲ့ မရ စိတ်ဓါတ်တွေကျနေတော့ ဖုန်းဆက်ပြီး တချိန်လုံး အားပေးနေခဲ့တာ၊ နောက်တော့ နေမကောင်းလို့ ဆေးရုံတက်ရတယ် ကြားပြီး၊ အချိန် ဘယ်လောက်မှ မကြာလိုက်ဘူး။

ကိုယ်နဲ့ ကျန်းကျန်းမာမာ တွေ့ခွင့်ရခဲ့တဲ့ နောက်ဆုံး အချိန်နဲ့၊ သူတို့ရဲ့ တကယ့် နောက်ဆုံးအချိန်...
ကြားထဲမှာ ဘယ်လောက်မှ မကြာလိုက်ဘူး။

ဒါတွေဟာ ဘယ်အချိန်မှာ မဆို ရောက်လာနိုင်တယ် လို့ သညာသိနဲ့ သိနေပေမယ့်လည်း တကယ်တမ်း ကြုံလိုက်ရတဲ့ အခါမှာ အတ္တစိတ်နဲ့ ငြင်းဆန်ချင်မိတယ်။

နောက်ဆုံး တွေ့လိုက်ရချိန်မှာ ဘာလက္ခဏာမှ မပြပါဘူး။
ဘယ်လိုမှ မထင်မှတ်ရပါဘူး။
မယုံနိုင်ပါဘူး နဲ့ပဲ။

ပြီးတော့လည်း ဘာမှ မတတ်နိုင်ပါဘူး။

***

Saturday, November 14, 2009

Murphy's Law




"Anything that can go wrong will go wrong."

(လွဲနိုင်တယ် ဆိုတဲ့ အရာမှန်သမျှဟာ လွဲနိုင်တယ်)

***

ဒေါက်တာ ခင်မောင်ဝင်း ရဲ့ ဆောင်းပါးတစ်ခုကနေ ဖတ်ခဲ့ရတယ်။
လူတွေဟာ ကိစ္စ တော်တော်များများကို "ငါ့ကျရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး" လို့ ထင်နေတတ်ကြတယ် တဲ့။

***

Wednesday, November 11, 2009

ခေတ်ကာလ သီချင်းများ

Hip Hop ပြောရမလား၊ Rap ပြောရမလား၊ ဘာပြောရမလဲ။
ခုခေတ် သီချင်းတွေထဲမှာ သဘောကျစရာလေးတွေ တခါတခါ ကြားရတတ်တယ်။

***
ကိုယ့် စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိတဲ့ သီချင်းက "အချစ်ဆုံး သူငယ်ချင်း" ဆိုတဲ့ သီချင်း။

"ရိုးသားတဲ့ သူငယ်ချင်း အချစ်ကို ငါ့စိတ်ကူးထဲ သာယာခဲ့၊

ဝိုးတဝါးနဲ့ နားမလည်နိုင်ဘူး ခံစားချက်တွေ ဘာသာမဲ့

ဆိုးရွားတဲ့ ရင်ခုန်သံနဲ့ မင်းကို တွေ့ရင် ပျာယာခတ်"

ဆိုတာ စကြားတော့ ကျောင်းမပြီးခင်၊ အိမ်ကို ပြန်တုန်းက။
စစချင်းတော့ အိမ်က မောင်တော်တွေနဲ့ သူတို့ သူငယ်ချင်းတွေ sound box နဲ့ ချနေကြတော့ အော်ထုတ်မိတယ်။ စာသားတွေလည်း နားမလည်ပါဘူး။

"ကဲ ကဲ တော်လောက်ပြီ ထင်တယ်နော် မင်းတို့..
ဘေးအိမ်တွေ အမြင်ကပ် မကပ် မသိဘူး။
တခါတလေမှ ပြန်လာတဲ့ လူကတော့ သည်းမခံနိုင်တော့ဘူး။" ဘာညာနဲ့ ဖိန့်ဖိန့်ပေါ့။

သူတို့တွေက ပြောတုန်း ရယ်ကျဲကျဲနဲ့ ငြိမ်သွားပြီး နောက်တော့လည်း ပြန်ဖွင့်ကြတာပဲ။
အစက နားမလည်ပေမဲ့ အာရုံစိုက်မိသွားတော့ သူတို့ သေချာ ရေးထားတဲ့ စာသားတွေ ပါလား လို့တော့ သိသွားတယ်။

"ဘယ်တုန်းကမှ မငိုဖူးခဲ့ဘဲ မင်းကြောင့်
ခုတော့ ငါငိုနေပြီ
မင်းနာမည် အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်တာ လျှာတိုနေပြီ"

အဟား
တော်တော် သဘောကျသွားတယ်။

နောက်ပိုင်း အဲဒီ သီချင်းဖွင့်ရင် ဘာမှ မပြောတော့ဘဲ တိတ်တိတ်လေး နားထောင်နေလိုက်တယ်။

ခံစားလို့ ရလား မေးရင် ဒီအမျိုးအစားတွေ ဘယ်လိုမှတော့ ခံစားလို့ မရတော့ပါဘူး။
Gap က တော်တော် ကွာသွားပြီ။
ဒါပေမဲ့ ကြိုက်တော့ ကြိုက်မိတယ်။
ကာရန်တွေ ချိတ်ပြီး ဆိုထားတာ အကွက်စေ့ပြီး အပိုအလို မရှိတာကို ချီးကျူးမိပါတယ်။

***
စိုင်းစိုင်းခမ်းလှိုင် တို့၊ အနဂ္ဃတို့၊ Examplez အဖွဲ့က သီချင်းတွေတော့ အာပလာလို့ပဲ ထင်တယ်။

"သေပြီဆရာ" နာမည်ကြီးတုန်းက သူငယ်ချင်းတွေနဲ့ ပြောမိပါတယ်။
အဲဒီလို သီချင်းမျိုးများ... ငါ တနေ့ တစ်ခွေစာလောက် ထိုင်ရေးပြနိုင်တယ် လို့။
ဘာမှန်းမှမသိ၊ စတုန်းက တမျိုး၊ အလယ်က တမျိုး၊ နောက်ပိုင်းက တမျိုး။
တယောက်တကြောင်း ဝင်ရေးရင်တောင် အဲလို ဖြစ်အောင် တော်တော် လုပ်ယူပြီး ရေးရမှာ။

ကြိုက်တာ မကြိုက်တာ၊ ခံစားလို့ ရတာ မရတာကို အသာထားပြီး၊
ပရိသတ်ဆိုတာ ဘာမှ မဖန်တီးတတ်ရင်တောင် သူတို့ ထိတွေ့လိုက်မိတဲ့ အနုပညာကို ဖန်တီးထားတဲ့ လူဟာ လေးလေးနက်နက် ဖန်တီးလိုက်သလား၊ ပေါ့တီးပေါ့ပျက် ဖန်တီးလိုက်သလား ဆိုတာတော့ သိမြင်ခံစားလို့ ရတယ်။ သို့သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့လေ။

Zone ဆိုတဲ့ သီချင်းလေးတွေလည်း သဘောကျစရာ ထင်မိတယ်။
ကိုယ်တခါ ရေးဖူးတဲ့ "
လှုပ်လှုပ် လှုပ်လှုပ် မင်းလာတော့ ဒုတ် ဒုတ် ဒုတ် ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်း လိုလိုဟာလည်း Zone ရေးတယ် ထင်တာပဲ။ အဲဒါလေးလည်း မဆိုးဘူး။ ကြုံရင် နားထောင်ကြည့်ပါ။

တကယ်တော့ ခုခေတ်ကဗျာတွေမှာ ပျောက်သွားတဲ့ ကာရန်တွေက သီချင်းတွေဆီ ရောက်သွားတာပါပဲ။

***
Song


ခုလည်း သူငယ်ချင်းက ပို့လိုက်ပြန်တယ်။
နားထောင်စေချင်လို့ ဆိုတာထက် နှိပ်ကွပ်ချင်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
နားထောင်ကြည့်ရင် သိပါလိမ့်မယ်။ Song ဆိုတာလေးကို click လိုက်ပါ။

အစမှာ Black Hole လို့ ကြားလိုက်မိသလိုလိုပဲ။
Black Hole အဖွဲ့လို့ထင်ပါတယ်။
သေချာတော့ မသိပါဘူး။ Title လည်း မသိဘူး။
ပို့တဲ့ သူငယ်ချင်းလဲ သိမယ် မထင်ဘူး။

နားထောင်ရင်း စာသားတွေ သဘောကျလာလို့ တင်လိုက်ပါတယ်။

သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျပြီးတဲ့သူ နည်းနည်းပဲ ရှိသေးတယ်။
ဒါပေမဲ့ ကျန်နေသေးတဲ့ လူလွတ် ယောက်ျားလေး တွေဟာ လူလွတ် မိန်းကလေးတွေများဆို သိပ်နှိပ်ကွပ်ချင်တာပဲ။ ပြီးရင် သူတို့က ပြောဦးမယ်။

"ငါတို့က ယောက်ျားလေး၊ ၁၈ နှစ်သမီးကို ကောက်ယူလဲ အချိန်မရွေး ရတယ်" ဆိုပြီး။
ဟင်း ဟင်း... လေနဲ့ ယူမပြကြပါနဲ့။
ကိုယ့်ဘာသာ စွမ်းတယ် ထင်ရင် လက်တွေ့ ပြလိုက်ကြစမ်းဘာာာာာာာာ...

စွံပြီးသားလူတွေက ပြောရတယ် မရှိဘူး။
မစွံသေးတဲ့ လူအချင်းချင်း တမူး ပိုရှူတာများ အသည်း နာ လွန်း လို့ ...
(ဒါတွေ မခံချင်လို့ ကောက်ယူပြလိုက်ရင်လည်း ကိုယ်ပဲ ဘဝ ဆုံးဦးမယ်။)

အဲဒီ သူငယ်ချင်းမှာဖြင့် လက်ဆွဲပြစရာ လူတောင် ရှိသေးတာ မဟုတ်ဘူး။
သူ့ကောင်မလေးက ဆဆဆဆဆွဆွဆွဲ ..........နေလို့ (အချိန်)။
ဒါနဲ့များ ကိုယ့်ကို ဒီသီချင်းမျိုး ပို့ပြီး ကလိ ချင်သေးတယ်။
(ချက်ချင်းလက်ငင်း လက်ဆွဲခေါ်ပြကြေး ဆိုရင် သူပဲ ရှုံးဦးမှာ သိသိကြီးနဲ့များ)

ဟင်းးးးးးးးးးးးးးး
သီချင်းထဲက အတိုင်းပဲ ပြောတော့မယ်။

မုန်းဒယ် မုန်းဒယ် ယောက်ျားတွေကို မုန်းဒယ်...

***

Tuesday, November 10, 2009

The past times worth remembering !

မလွမ်းတတ်တာ ကောင်းပါတယ်။

ဒါပေမဲ့...
လွမ်းဖို့ ထိုက်တန်တဲ့ အဖြစ်အပျက်တွေ
လွမ်းဖို့ ထိုက်တန်တဲ့ လူတွေ ရှိခဲ့ပြီး
လွမ်းခွင့်ရတဲ့သူတစ်ယောက် ဖြစ်ရတာဟာ ပိုပြီးတော့ ကောင်းတယ်။

:)

Monday, November 9, 2009

မှတ်စုထဲက စာသားအချို့

I'm happy to see that you are more like your usual self.
(မင်းကို အရင်ကနဲ့ ပိုတူလာတာ မြင်ရတဲ့ အတွက် ဝမ်းသာတယ်။)


This was a torture to me, like a single drop of water falling on my head.

(ငါ့ရဲ့ ခေါင်းပေါ်ကို တစ်စက်ချင်း ကျနေတဲ့ ရေစက်တွေလိုပဲ။ ငါ့အတွက်တော့ ကြီးမားတဲ့ (ညှင်းပန်းမှု) ဝဋ်ဆင်းရဲ တစ်ခုပဲ။)


My past is just a bad dream.

I realised that there was nobody else in the world like me.
(အတိတ်ဟာ အိပ်မက်ဆိုး တစ်ခုသာပဲ။ ကမ္ဘာပေါ်မှာ ငါ့လိုမျိုး တခြား ရှိမှာ မဟုတ်ဘူး ဆိုတာ နားလည်ခဲ့တယ်။)

I worked all through the night.
I want to be alone all the time.
My eyes become used to the dark.
(ညလုံးပေါက် အလုပ်လုပ်နေခဲ့ပြီး၊ တချိန်လုံး တယောက်တည်း ရှိနေချင်ခဲ့တယ်။ ငါ့မျက်လုံးတွေလည်း အမှောင်နဲ့ ကျင့်သားရနေခဲ့ပြီ။)

I have to confess I heard your voice in my dreams for the rest of my life.
(ငါ့ဘဝရဲ့ နောက်ပိုင်း အချိန်တွေမှာ အိပ်မက်တွေထဲထိ မင်းရဲ့ အသံကို ကြားယောင်နေခဲ့မိတယ် ဆိုတာ ဝန်ခံရပါမယ်။)

***
ဘာမှ တင်စရာ မရှိလို့ :)


ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက ကူးထားတဲ့ စာသားတချို့ ပြန်တင်မိတာ။

ဖတ်ခဲ့တဲ့ အချိန်မှာ
ဘာဖြစ်လို့မှန်း မသိ အဲဒီ ဇာတ်လမ်းထဲက စာသားတွေက အတော်ကို ထိ ခဲ့တာ။
ဖတ်ခဲ့တာတော့ retold series တွေထဲကပါ။

English ကောင်းရင်တော့ retold လုပ်တဲ့သူ တော်လို့ပါ။
ဘာသာပြန်ညံ့ရင်တော့ ကိုယ် ညံ့လို့ပေါ့။

အကြောင်းအရာရော၊ အထဲက ဇာတ်ကောင်တွေ နေရာမှာရော၊ စာသားတွေရော...
တော်တော်ကို မထင်မှတ်ဘဲ နစ်မျောပြီး ဖတ်ခဲ့မိတယ်။
(စိတ်ဝင်စားစရာကောင်းပေမယ့် တကယ်တော့ ကိုယ် ကြိုက်လေ့ရှိတဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘူး။)

ဆက်ရဦးမယ့် ဇာတ်လမ်းအတွက် inspiration မရဖြစ်နေလို့ ဒါကို သတိရလိုက်ပြီး ပြန်ရှာ ဖတ်မိတယ်။
ခုပြန်ဖတ်တော့လည်း ထိ နေတုန်းပဲ။

ဇာတ်လမ်းကို ပုံဖော်လိုက်နိုင်တဲ့ စာသားတွေတော့ မပါပါဘူး။
ဒါပေမဲ့ အဲဒါ ဘာစာအုပ် ဖြစ်မယ်လို့ ထင်လဲ... ???

***
(Hint: အဲဒီစာအုပ်ကို 19th century အစောပိုင်းမှာ ထုတ်ခဲ့တယ် ဆိုတယ်။
ရေးတဲ့သူက အမျိုးသမီး။ surname က နာမည်ကြီး ကမ္ဘာကျော် ကဗျာဆရာ တစ်ယောက်ရဲ့ နာမည်နဲ့ တူတူပဲ။
(တူမှာပေါ့...)
ရုပ်ရှင်လည်း ပြန်ရိုက်ထားတယ်။

***

Sunday, November 8, 2009

ချစ်သူ မသိသော အလွမ်းများ



လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေ လွင့်နေတယ်။
လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ…
တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

*
တစ်ပတ်ကြာမယ် လို့ မင်း ပြောခဲ့သလားဟင်…

*
တွေ့နေကျနေရာမှာ အကြာကြီး ထိုင်စောင့်နေမိတယ်…
လာမယ် ထင်လို့တော့ မဟုတ်ပါဘူး…
ကိုယ် လွမ်းနေလို့ပါ…

*
ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတက်သလို တငွေ့ငွေ့ တက်လာတယ်…
မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

*
ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…
ကိုယ် ဘာလုပ်ရမလဲ ဟင်…

*
အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေနေရမလား…
မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…
မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…
ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…

တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ် မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာ မှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…

*

ကိုယ်ရေးတဲ့ စာတွေကို၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…
ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်း နားလည်ပါ့မလား ထင်မိတယ်…

လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…
မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…

နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…

*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…
ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…

ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…
ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…
နေ့လည်စာ စားတယ်…
တွေ့နေကျနေရာကို ရောက်တော့ မင်း ရှိမနေဘူး…

*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…
မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခုကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…

*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…

*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင် မှာ ကြိုးတစ်စ ရှိတယ်…
အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…
ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…
သံယောဇဉ်တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

***
(My Suboo မှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )

မြန်မာပြည်မှာတုန်းက ရေးခဲ့တဲ့ post...
တပတ်ကြာအောင် နယ်ကို ခရီးထွက်သွားတုန်း ရေးခဲ့တာ။

Sept 2008, blog မှာ ဒု- အကြိမ် ပြန်တင်ဖြစ်တယ်။
ခု blog မှာပဲ တတိယ အကြိမ်။

လွမ်းလို့...
:(

***

Friday, November 6, 2009

Me & Manager

စီနီယာတော့ ခွင့်ပြန်သွားပြန်ပြီ။ ဒီတခါ တစ်လတောင်။ မြန်တာ။ တစ်နှစ်ဆိုတာ ဘာမှ မကြာလိုက်ဘူး။

မန်နေဂျာက စီနီယာကိုဆို အင်မတန် အားကိုးတော့ "မင်း" ဘယ်တော့ ပြန်လာမှာလဲ၊ ဘာလဲနဲ့ မနေ့က မေးနေတယ်။ စီနီယာက နောက်လ 6 ရက်နေ့လို့ ပြောတယ်။ "ဟာ ဒါဆို တစ်လတောင်လား" တဲ့။

အဲဒါ မပြီးသေးဘူး။ နောက်လ 6 ရက်နေ့က ဘာနေ့လဲ တဲ့။ စီနီယာက စနေနေ့လို့ ပြောတယ်။ အဲဒီတော့ "ဒါဆို စနေ ရုံးတက်မှာလား။ တနင်္လာမှ ရုံးတက်မှာလား" ထပ်မေးပြန်တယ်။
(ကိုယ့်ဆိုရင်တော့ မေးမှာ မဟုတ်ပါဘူး။ ပြန်မလာလည်း အေးတာပဲ လို့ မှတ်ချင်မှတ်နေမှာ။)

စီနီယာက စနေတက်မယ် တဲ့။ အဲဒါကို "ဒါဆို နေ့ဝက်တက်ပြီး နောက်ရက် holiday ပေါ့။ တယ်ကောင်းပါလား" တဲ့။ တော်တော် ဟားရတယ်။ တကယ်တော့ နောက်လ 6 ရက်က တနင်္ဂနွေနေ့ကြီး။

annual leave ယူတဲ့သူကို တားလို့ကလည်း မရ။ မသွားလည်း မသွားစေချင်တော့ လျှောက်ပြောနေတာ။ ကျန်ခဲ့မယ့်သူကလည်း အားမှ မကိုးရဘဲ။ တလွဲကလည်း လုပ်ဦးမယ်။ အထွန့်ကလည်း တက်ဦးမယ်။

ဒီနေ့ပဲ စပါပြီ။
roof structure ကိစ္စ။
roof က နှစ်ခုစာ။ location မတူလို့ grid line မတူတာက လွဲရင် ကျန်တာ အကုန်အတူတူ။

အဲဒါကို ပုံဆွဲပေးတဲ့ consultant ဆီက လူကလည်း အတော်ကို ရှည်ဝေးပါတယ်။
roof plan ပုံကို နှစ်ခု ဆွဲလိုက်တယ်။ တခုက upper most level, နောက်တခုက bracing ကို ပြချင်လို့ သပ်သပ် ပြန်ဆွဲပေးတဲ့ level...

grid line no. တွေကိုလည်း "/" လေးပဲ ခြားပြီး ထည့်ပေးလိုက်တယ်။ အဲဒီ အဓိပ္ပါယ်က အတိုင်းအတာနဲ့ သုံးထားတဲ့ member တွေ အတူတူ၊ နေရာပဲကွာတယ် ဆိုလိုတာ။

အဲဒါကို plan (2) ခု၊ grid line (2) နေရာစာ ကို စုစုပေါင်း roof (4) ခုပေါ့ လို့ မန်နေဂျာက မြင်နေတယ်။ မဟုတ်ဘူး နှစ်ခုတည်း ဆိုတာကို မရဘူး။ ဒါဆို ဘာဖြစ်လို့ plan ကို နှစ်ခု ဆွဲရတာလဲတဲ့။ just to show bracing ပြောတာကို သူ လက်မခံနိုင်ဘူး။ layer နှစ်ခုကို ပြထားပြီး၊ နှစ်ခုလုံးမှာ rafter ပါတာ ဆိုတော့... ဒါဆို rafter I-Beam က အပေါ်တချောင်း အောက်တချောင်း ဖြစ်နေမှာပေါ့ ပြောတယ်။

အာာာာာာ.... မဟုတ်ပါဘူးးးးး
ဘယ်လို ရှင်းပြရမယ် မသိတော့ဘူး။ ပုံကို လျှာရှည် ခွာရှည် ဆွဲလိုက်တဲ့ လူကိုပဲ ပြေးရိုက်ချင်တော့တယ်။ ဒီ plan နှစ်ခုဟာ တူတူပဲ။ တစ်ခုတည်းပဲ။ bracing ကို သပ်သပ်ပြချင်လို့ တစ်ပုံခွဲထုတ်ထားတာပါ ဆိုတာကို 15 မိနစ်လောက် ကြာအောင် ပြောယူရတယ်။ နောက်ဆုံးကျမှ သူ လက်ခံသလိုလို ရှိတယ်။

ဒါတောင် အိုကေ အိုကေ ငါ main con ကို ဖုန်းဆက်ပြီး သေချာအောင် မေးလိုက်မယ် တဲ့။

မသိတော့လည်း မသိလို့။ သိလို့ ပြောပြတော့လည်း လက်မခံချင်ဘူး။
ခေတ်ကာလ လူကြီးတွေဟာ အတော် ခက်တယ်။
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အတူတူချည်းပဲ။

နောက်ဆုံးကျ ကိုယ်ပြောတာက အမှန်ပဲ။
မှန်တယ် လို့ သူလာပြန်ပြောလို့ သိတယ် မထင်နဲ့။
ဘာမှ ထပ်မပြောတော့လို့ မှန်မှန်း သိတာ။
(အေးလေ သူ့မှာ ကိုယ့်ကို မှန်ကြောင်း သတင်းပြန်ပို့ရမယ့် တာဝန်မှ မရှိတာ)
မှားရင်တော့ သေချာပေါက် လာပြန်ပြောမှာ။

ဒီနေ့လည်း စီနီယာစားပွဲနဲ့ ကိုယ့်စားပွဲ ခြေ (၃) လှမ်းစာ လောက်ကို ပတ်ပြေးနေရတယ်။
သူ့ဆီဝင်လာတဲ့ email တွေ ပြေးကြည့်လိုက်၊ သူ့ ကိစ္စ ဝင်လုပ်လိုက်၊ သူ့ပုံတွေရှာလိုက်၊ ကိုယ့်အလုပ် ကိုယ်ပြေးလုပ်လိုက်။

ဒီ post ကို မနက် ၁၁ နာရီလောက်က ရေးတာ ညနေ ရုံးဆင်းခါနီးမှ ပြီးတာသာ ကြည့်တော့။
blog တောင် ကောင်းကောင်း မရေးနိုင်ပါဘူး။

ဘာဖြစ်လို့များ ပညာသင်ခဲ့မိပါလိမ့်။
(တတ်တာ မတတ်တာတော့ တစ်ကဏ္ဍပေါ့လေ။)

***

Wednesday, November 4, 2009

E for Engineer, F for Forget !

Archi နဲ့ Structure ပုံတွေမှာ ထည့်ရမယ့် member တွေ မစုံတော့ Manager ကပြောတယ်။ Main Con က QS တွေ လှမ်းမေးပါလားတဲ့။

မေးလဲ သူတို့က I don't know ပဲ ပြောတာ။ ပြီးရင် propose လေး လုပ်ပေးပါ။ ဒါပဲ ပြောမှာ လို့။ အဲဒီတော့ ကိုယ့်ဟာကိုယ် propose လုပ်ပြီး တွက်လိုက်တာ ကောင်းတယ်လို့။

I will ask them, but they will reply me, "I don't know. Can you, please, propose for it?".

Manager က Archi ပုံတွေ ကြည့်တော့လဲ ဒီလို Section မှာ ဒီလို ဆွဲထားပေမယ့်၊ ဟိုလို Section မှာ ဟိုလို ဆွဲထားသေးတာ ဆရာ။ ဟိုဟာနဲ့ ဒီဟာနဲ့ ယှဉ်ကြည့် တခြားစီ။

အင်း... မြန်မာပြည်မှာ နေတုန်း စင်ကာပူမှာ ဒါမျိုးတွေ ရှိတယ်လို့ တယောက်ယောက်က လာပြော ယုံမှာ မဟုတ်ဘူး။ (ဒါ ဘာဟုတ်သေးလဲ။ Main Con တခုက ပို့လိုက်တဲ့ dwg ကို ကြည့်ပြီး Senior တခါပြောဖူးတယ်။ အိမ်သာထဲက စက္ကူကျနေတာပဲ တဲ့။)

နောက်တော့ မန်နေဂျာက သူပဲ မေးလိုက်မယ် လို့ပြောတယ်။ သူမေးလဲ ကိုယ်ပြောတဲ့ အတိုင်းပဲ ပြန်ဖြေမှာပဲ။ ဘာမှ မထူးဘူး။

ပြီးတော့ သူက ဆက်ပြောတယ်။ QS က ဘယ်သိမလဲ တဲ့။ မင်းက အင်ဂျင်နီယာပဲဟာ၊ မင်း သိရမယ် တဲ့။

တိန် !
(လိုနေတာက tie beam တွေ လိုနေတာ။ Consultant ပုံတွေမှာလဲ မပါဘဲ ဆွဲထားတယ်။ အဲဒါ ကိုယ် လွန်သလား။ Consultant လွန်သလား။ ဟမ်)

ဒါပေမဲ့ တခါတလေလည်း အဲလိုမျိုးလေး သတိပေးတဲ့သူ ရှိဦးမှ။
ကိုယ့်ဘာသာ ဘာလဲ ဆိုတာ မေ့ မေ့နေလို့။

***
အတည်ပြောတာ။ မနောက်ဘူး။
ကိုယ်တော့ ဘူဇွာပဲ ဖြစ်ချင်တာ။

***
QS = Quantity Surveyor

***
Update :
တမင်တကာ ဘာမှန်းမသိအောင် ရေးထားတာ။
ရှင်းအောင် ရေးရင် ကိုယ်ညံ့တာတွေ လူသိကုန်မှာစိုးလို့။
:D

***

Sunday, November 1, 2009

မို့မို့ ရဲ့သီချင်း


ချစ်သူသို့


ချစ် သူလေးရယ်
ဝေး နေကြတယ်
နေ့ နဲ့ ညတွေ မဟောင်းနွမ်းဘူး
ရင်မှာ မပြောင်းလဲဘူး အချစ်ရယ်...

တွေး နေတော့ကွယ်
ကိုယ်နဲ့ မင်းနဲ့ နေချိန်များရယ်
တွေ့ဖို့ ရက်တွေ နီးနီးလေး
ရင်မှာ အမြဲ မှတ်ထားမိတယ်

Cho:

(အချိန်တွေ ပြောင်းနေ
နေရာဟောင်းတွေ
ကိုယ်လေ အမြဲရှိနေ ပါတယ်/ မှာပါ

အတူပျော်ရမယ့် နောက်ရက်တွေ
မျှော်လင့်ရင်းလေ

ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ပူပင်တတ်တဲ့ ဝေဒနာ
တကယ်ကို မထားနဲ့ စိတ်ချစွာ
ယုံကြည်ထားပါ)

စိတ် တွေသွားရာ
ကိုယ်လေ လိုက် နေမိတယ်
မင်းရဲ့ ပုခုံးပေါ် လဲလျောင်းရင်း
ကိုယ်တို့ မခွဲတော့ဘူး အချစ်ရယ်

နေ့ စဉ် အလွမ်းတွေ
ရင်ကို ကြမ်းတမ်း ဝင်ရောက်နေ
ဒီသီချင်းလေးနဲ့ အတူ ကိုယ့်အချစ်များ
တကယ်ကို
မင်းအတွက် အေးချမ်းစေ

Cho:

(ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ထာဝစဉ် အချစ်တို့ တည်နေရာ
ဘယ်ခါ မပြောင်းလဲ သိပ်ချစ်မှာ

ယုံကြည်ထားပါ


အချိန်တွေ ပြောင်းနေ
ပြန်ဆုံမယ် နေ့တွေ
ကိုယ်လေ အမြဲစောင့်နေမှာပါ

တကယ်ကို အေးချမ်းမယ့် အပြုံးတွေ မျှော်နေဆဲပါ)

***
မို့မို့ မဖြစ်ခင်က သီချင်းလေး။

ကျောင်းမပြီးခင်တည်းက မြဝတီမှာ တခါတလေ နားထောင်ခဲ့ဖူးတယ်။

သူ့ရဲ့ ပထမဆုံး single ခွေမှာ ပါခဲ့တာ။


သီချင်းနာမည် မမှတ်မိတော့ဘူး။

စနားထောင်ကတည်းက ရင်ထဲ ဝင်သွားတဲ့ အရေးအဖွဲ့နဲ့ သံစဉ်ပါပဲ။

ရေးတာကတော့ "
မျိုးကျော့မြိုင်" ပါ။

ရှာနေမိတာ ကြာပြီ။

net လည်း သိပ်မကျွမ်းတော့ ခုမှ တွေ့တယ်။
တွေ့တွေ့ချင်း ဝမ်းသာအားရနဲ့ ကောက်တင်လိုက်ပါတယ်။

သီချင်းနာမည် ရလိုရငြား မို့မို့ရဲ့ website ကို ရှာတာလဲ မတွေ့ဘူး။
အရင်ကတော့ ဝင်ကြည့်ဖူးတယ်။ ခုတော့ မရှိတော့တာလား၊ ကိုယ်ပဲ မတွေ့တာလား မသိတော့ပါဘူး။
title မသိတော့ you tube က MTV ရှာချင်တာလည်း ရှာလို့ မရတော့ဘူးပေါ့။
:(

သိတဲ့သူ ရှိရင်လည်း ပြောသွားကြပါဦး။

***
ဒီနေရာ မှာ download လုပ်ဖို့။
အပေါ်က title အသေးမှာ click လုပ်လဲ ရပါတယ်။

နားထောင်ဖြစ်အောင် ထောင်ကြည့်လိုက်ပါ။
နောင်တ မရစေရပါဘူး။
:)

***
သီချင်းနာမည် "ချစ်သူသို့" လို့ ပြောပြသွားတဲ့ co coe ကို သိပ်ကျေးဇူးတင်ပါတယ်။
Album title လည်းဖြစ်ပါတယ်။

***

အချစ်က အမှား



ကျန်နေသေးတဲ့ ဘဝခရီးတွေ ကိုယ် တစ်ယောက်တည်းတော့ မသွားတော့ပါ
မင်းလိုက်နိုင်မလားကွာ...


အကြိမ်ကြိမ် အနူးအညွတ် ပန်ကြားလာ

ကိုယ်မျှော်လင့်တဲ့ ဘဝတကွေ့မှာ

တို့ နှစ်ယောက်အတူ မခွဲမခွာ


မှားလား

အချစ်များ အကုန်လုံး မင်းအတွက်
ငါလည်း ရူးတော့မယ် အချစ်ရာ

အဆုံးအဖြတ်

အချစ် အမုန်း

နောက်ဆုံး ပြောဦး

တစ်စုံတစ်ခု မင်း ရွေးချယ်ပေးပါ...


ဒီဘဝက မှားနေလား


...

ကိုယ့်အမှားလားကွယ်

မှားနေလား

...