Friday, November 27, 2009

God Father

ဝတ္ထုနဲ့ ရုပ်ရှင်ကြားမှာ ခံစားမှုတွေ လျော့သွားတယ် ဆိုပေမယ့်...
God Father ကိုတော့ အလုံးစုံ နားလည်ပြီး၊ Dr. Zhivago ကိုတော့ သိပ် မခံစားနိုင်ဘူး။

God Father အကြောင်း ပြောရရင်... ကြိုက်ပါတယ်။ ဝတ္ထုကတော့ ဆိုဖွယ်ရာ မရှိ...
ရုပ်ရှင်မှာလည်း သရုပ်ဆောင်တွေ ကောင်းကြပါတယ်။
Al Pacino ကိုလည်း ကြည့်လို့ကို မဝဘူး။ (ဤကား စကားချပ်)

ဒါပေမဲ့
Johnny Fontane အတွက် မိသားစု ရှေ့နေ Hagen က Studio Head နဲ့ သွားတွေ့တဲ့ အခန်းတို့၊ အဘိုးကြီး (Don Corleone) ရဲ့ လက်ရုံးတစ်ဆူ ဖြစ်တဲ့ Luca Brasi က Sollozzo အဖွဲ့ထဲကို အသွား လုပ်ကြံခံရတဲ့ အခန်းတို့ကိုဆို ဝတ္ထုဖတ်တုန်းက အတော် စိတ်လှုပ်ရှားခဲ့ရသလောက် ရုပ်ရှင်ကြည့်တော့ ဘာမှ မဟုတ်သလိုပဲ။

ဒါပေမဲ့ သားကြီး Sonny လုပ်ကြံခံရပြီး ဆုံးတော့ Hagen ရှေ့မှာ Don Corleone ငိုတဲ့ အခန်းနဲ့၊ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ သား အလောင်းကို သူ့အမေ မမြင်ရခင် သူ့ကျေးဇူး ရှိခဲ့ဖူးတဲ့ သုဘရာဇာဆီမှာ အတတ်နိုင်ဆုံး ပြင်ပေးဖို့ တောင်းဆိုတဲ့ အခန်းကတော့ ရင်ထဲကို သိပ် ထိတာပဲ။

dead body ကို ဖွင့်ပြပြီး ယူကျုံးမရတဲ့ အသံနဲ့ ပြောတယ်။
"ကြည့်စမ်းပါဦးကွာ ငါ့သားကို သူတို့ လုပ်ထားလိုက်ကြတာ" တဲ့။

ဒါပေမဲ့
ဒုစရိုက် ဂိုဏ်းခေါင်းဆောင်ကြီး လူသေအလောင်းတစ်လောင်းနဲ့ အတူ သူ့ဆီလာပြီး တင်နေတဲ့ ကျေးဇူးကြွေးကို ဆပ်ခိုင်းမယ် ဆိုတော့ ဒုစရိုက်မှုတစ်ခုနဲ့ အလောင်းဖျောက်ခိုင်းမယ် ထင်ပြီး၊ ကြံရာပါ ဖြစ်မှာ စိုးရိမ်နေတဲ့ သုဘရာဇာကြီး Bonasera ရဲ့ feeling ကိုတော့ ဝတ္ထုဖတ်တုန်းက ရခဲ့ပေမယ့် ရုပ်ရှင်ကြည့်နေချိန်မှာ မရတော့ဘူး။

ပြီးတော့ အခန်း အစီအစဉ်ကစ ကွာသွားတယ်။ ဝတ္ထုမှာတုန်းက God Father လူသေ အလောင်းတစ်လောင်းနဲ့ အတူ Bonasera ဆီ ရောက်လာတဲ့ အခါ သူ့လိုပဲ ဘာမှန်းမသိဘဲ တထိတ်ထိတ် ဖြစ်ခဲ့ရတယ်။ နောက်မှ Sonny သေရတဲ့ အကြောင်းရင်းက လာတယ်။

ရုပ်ရှင်မှာတော့ Sonny ပစ်သတ်ခံရတာကို ပြပြီးမှ Bonasera ဆီ အလောင်းပြင်ဖို့ လာတာကို ပြတယ်။ (လို့ ထင်တယ်။ ကိုယ့်ဘာသာလဲ မသေချာတော့ဘူး)

အဲဒီ ရုပ်ရှင်မှာ အဆာပလာတွေကို ထောင့်စေ့အောင် ထည့်နိုင်တာတော့ အချိန်ပေးပြီး ကြည့်ရကျိုးနပ်တဲ့ တစ်ချက်ပါပဲ။

ဥပမာ -
သမီးဖြစ်သူရဲ့ အမှုကိစ္စကို God Father ရှေ့မှာ ပြောရင်းနဲ့ ဝမ်းပန်းတနည်း ဖြစ်လာတဲ့ Bonasera ကို တစ်ခွက်လောက် ကမ်းပေးဖို့ သူ့လူတွေကို လက်ဟန်ပြတာမျိုး။

တချို့ ကဒ် တွေကတော့ ရုပ်ရှင်မို့လို့သာ ပြီးပြည့်စုံအောင် ခံစားနိုင်တာလို့ ပြောလို့ရပါတယ်။
Tattaglia ဘက်က လူတွေနဲ့ ဆွေးနွေးနေတုန်း သားကြီး Sonny က စကားဖြတ်ပြောတာကို မျက်နှာရိပ်၊ မျက်နှာကဲနဲ့ တားတဲ့ အခန်းမျိုး။

"ကျွန်တော့ဘက်က လိုအပ်ချက်တွေ ရှိခဲ့တယ်။ ဒါကြောင့် သူတို့တွေဟာ နားထောင်နေရမယ့် အချိန်မှာ ဝင်ပြောကြတယ်။"

ဟိုလူတွေ ပြန်သွားတဲ့အချိန် စကားဖြတ်ပြောတာနဲ့ ပတ်သတ်လို့ သားကြီးကို ဆူတဲ့ အခန်းမှာ Sonny ပို့ပေးသွားတဲ့ အခံမျက်နှာဟာ သိပ်ကောင်းတယ်။ အဲဒီကဒ်မှာ Marlon Brando ဘက်က မျက်နှာကို အပြည့် ပြမသွားပေမယ့် Sonny ခံပေးထားတဲ့ မျက်နှာကဲနဲ့ တင် ပြီးပြည့်စုံတယ်။

လူလားမြောက် အိမ်ထောင်ကျလို့ ကလေးအဖေတောင် ဖြစ်နေပြီးတဲ့ သားအပေါ်မှာ တည်နေဆဲ ဖခင်တစ်ယောက်ရဲ့ သြဇာအာဏာ အတိုင်းအဆကို အဲဒီမှာ သေချာပြနိုင်တယ်။ Sonny သရုပ်ဖော်သွားတဲ့ မျက်နှာဟာ အံ့သြစရာပဲ။ (
ဗမာသရုပ်ဆောင်တွေ...ဗမာသရုပ်ဆောင်တွေ... အင်း... မပြောတော့ပါဘူး။ လေကုန်တယ်။ လက်ညောင်းတယ်။)

ပြီးတော့ Marlon Brando ဟာ အဲဒီတုန်းက အသက် 48 နှစ်ပဲ ရှိသေးတယ်။
ဘယ်လောက်ကောင်းတဲ့ မိတ်ကပ်လဲလို့။ အဲဒါ IMDB မှာ make up ခြယ်နေတဲ့ ပုံတွေတွေ့လို့ အသက် ပြန်တွက်ကြည့်တော့မှ သိရတာ။ မဟုတ်ရင် တကယ် အသက် ၇ဝ လောက်လို့ ထင်နေမှာပဲ။

Michael လဲ Siciliy ကျွန်းမှာ ရောက်နေပြီး၊ Sonny ဆုံးပြီးသွားတဲ့ အချိန်မှာတော့ ရန်စ အားလုံးကို ရုပ်သိမ်းဖို့ သူ ဆုံးဖြတ်ပြီး powerful man တွေ အကုန်စုပြီး အစည်းအဝေး လုပ်တဲ့ အခန်းမှာတော့ အကြိုက်ဆုံးစကား တစ်ခွန်း ရှိပါတယ်။

"လက်တုံ့ပြန်တာနဲ့ မင်းရဲ့သားက မင်းဆီ ပြန်ရောက်လာနိုင်မှာလား။
ကျုပ်သားရော
ကျုပ်ဆီ ပြန်ရောက်လာနိုင်မှာ မို့လို့လား။

ဒါပေမဲ့
ကျုပ်မှာ တဖက်စွန်းရောက်တဲ့ အကြောင်းတစ်ခုတော့ ရှိတယ်။

ကျုပ်သားငယ်ဟာ Sollozzo ကိစ္စနဲ့ ဒီကနေ တခြားမှာ ရှောင်နေရတယ်။
သူ့ကို
ဒီ ပြန်ခေါ်ဖို့ လုပ်ရမယ်။ ပြစ်တင်စွဲချက်တွေ မှန်သမျှကို အကုန် မေ့ပစ်လိုက်မယ်။

ဒါပေမဲ့
ကျုပ်ဟာ အယူသည်းတဲ့သူ ဖြစ်တယ်နော်။
မတော်တဆမှုလေး တစ်ခုခု သူ ကြုံရတာနဲ့...
ရဲအရာရှိ တစ်ယောက်ယောက်ရဲ့ ပစ်ခတ်ခံရတာပဲ ဖြစ်ဖြစ်...
အကျဉ်းထောင်ထဲ ရောက်ပြီး သူ့ဘာသာ ဆွဲကြိုးချ သတ်သေသွားရင်ပဲ ဖြစ်ဖြစ်...
ဒါမှမဟုတ် သူ့အပေါ် မိုးကြိုးခခဲ့တယ် ဆိုရင်တောင်မှ...

ဒီအခန်းထဲမှာ ရှိနေတဲ့ လူတချို့ကို ကျုပ် အပြစ်တင်မိမှာ ဖြစ်တယ်။
ဒါ့အပြင် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။

***

အဲဒီလို အဆုံးစွန်ထိ စကားကို အကုန်ပြောလိုက်တာ သိပ်သဘောကျတယ်။
ဘာမှ မဆိုင်တဲ့ မိုးကြိုး သူ့သားအပေါ် ကျခဲ့မယ် ဆိုရင်တောင်မှ ဒီလူတွေကို ခွင့်မလွှတ်ဘူး ဆိုတယ်။ သူ့ character နဲ့ ကွက်တိပဲ။

Michael (Al Pacino) သရုပ်ဆောင်သွားတာလည်း အပိုအလိုမရှိ ကွက်တိပဲ။
တကယ်တော့ သူက Siciliy ကျွန်းမှာ
Apollonia မိုးကြိုးခနေတာ။
(So they are called men. <<< ဤကား စကားချပ်။)

Michael အမေရိကန် ပြန်ရောက်ပြီး၊ ရီးစားဟောင်း Kay နဲ့ ပြောကြတဲ့ အခန်းကိုလည်း ကြိုက်တယ်။

"ငါ့ အဖေလည်း တခြား powerful man တွေထက် ဘာမှ မကွာခြားပါဘူး ကေးရယ်။
ဆီနိတ်တာ တစ်ယောက်လို၊ သမ္မတ တစ်ယောက်လိုပါပဲ။"

"ဒါပေမဲ့ သူတို့ (ဆီနိတ်တာတို့၊ သမ္မတတို့) လူမသတ်ဘူး။"

အဲဒီမှာ "အဲဒါ ငါ့ မိသားစုပါ ကေးရယ်။ ငါ မဟုတ်ပါဘူး။" လို့ ဇာတ်လမ်းအစ မိသားစုအကြောင်းတွေ ကေးကို မိတ်ဆက်ပြောပြတဲ့ အခန်းလေးကို ဖျတ်ခနဲ ပြန် သတိရမိစေတယ်။

***
"ဖေဖေ့ လုပ်ငန်းတွေကို Sonny နဲ့ Fredo တို့ ဆက်ခံဖို့ မျှော်လင့်ခဲ့တယ်။ မင်း အတွက် မရည်ရွယ်ခဲ့ပါဘူး သားရယ်။ မင်းကို မြို့တော်ဝန် တစ်ယောက်အဖြစ်၊ သမ္မတ တစ်ယောက် အဖြစ်
ဖေဖေက မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့လည်း အချိန်တွေ မလောက်ခဲ့ဘူး။"

တစ်ခါတစ်ခါကျတော့လည်း မလွဲမရှောင်သာတဲ့ ကိစ္စတွေ လောကမှာ အများသားပဲ လို့ တွေးမိတယ်။

ဒါပေမဲ့ ဘယ်သူမှ တွန်းပို့တာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တဲ့ ကိစ္စတွေအတွက်တော့ အနစ်နာခံတယ်၊ စတေးတယ် ဆိုပြီး အသံကောင်း ဟစ်နေတာ ကြားရရင် အန်ချင်တယ်။
(ကိုယ့်သမိုင်း ကိုယ့်ဟာကိုယ် ဖော်ပြတာလောက် အကြည်
ညို ပျက်တာ မရှိဘူး။ <<< ဤကား စကားချပ်။)

***
Don
Corleone ဆုံးတော့ ဝတ္ထုထဲကအတိုင်း သူ့ အချစ်ဆုံးသား Micheal ရဲ့ ရင်ခွင်ထဲမှာ လို့ ရိုက်ပြရင် ကောင်းမှာပဲ လို့ နှမျောမိတယ်။ ဝတ္ထုထဲကအတိုင်း ခရမ်းချဉ်ပင်တွေတောင် စိုက်ပြထားပြီးမှ...

***
အကြိုက်တကာ့ အကြိုက်ဆုံးကတော့ ဇာတ်သိမ်းခါနီးမှာ ယောက္ဖတော် Carlo နဲ့ စကားပြောခန်းပဲ။

You think that could make fool a Corleone?
Don't do this to me, please.
Only don't tell me you're innocent.
Because it insults my intelligence. Makes me very angry.

"မင်းကို မင်း အပြစ်ကင်းတယ် လို့ မပြောနဲ့ Carlo
အဲဒါ ငါ့ စဉ်းစား ဆင်ခြင်နိုင်စွမ်းကို စော်ကားလိုက်တာပဲ။"


သိပ်မှန်တယ်။
တချို့တွေ လှည့်စားမယ် ကြံရင် တဖက်လူရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အလေးထားသောအားဖြင့်၊ လျော့မတွက်သောအားဖြင့်၊ နည်းနည်းလေး ပိုပြီး စဉ်းစဉ်းစားစား trick လုပ်သင့်တယ်။
ခုမှ အရွယ်ရောက်ကာစ ကလေးတစ်ယောက်ကို လှည့်စားသလို အကွက်မျိုးတွေ လျှာအရိုး မရှိတိုင်း မသုံးသင့်ဘူး။ (ဤကား စကားချပ်။)

***
တကယ့် အဆုံးသတ်ကတော့ ဝတ္ထုသာ ဖတ်မထားရင် ခံစားလို့ ရမှာ မဟုတ်ဘူး။
Micheal ဟာ သူ့အဖေရဲ့ လုပ်ငန်းတွေပေါ်မှာသာ မကဘဲ၊ သူ့အဖေ လျှောက်ခဲ့တဲ့ လမ်းကြောင်းတွေပေါ်မှာပါ ရောက်နေပြီ ဆိုတာကို သိနားလည်လိုက်ရတဲ့ ကေးရဲ့ မျက်နှာကလေး။

အဲဒါကိုတော့ စာ ဖတ်မထားရင် လုံးဝ ရလိုက်မယ် မထင်ဘူး။

***

11 comments:

Anonymous said...

"If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"

ဒီစာသားကို ဒေါ င်္အောင်ဆန်းစုကြည်ပြောတာလို့ ဖတ်ဖူးတယ်။ အရမ်းလဲသဘောကျတယ်။ ဘယ်မှာလဲတော့လဲ မသိတော့ဘူး။ ရီတာ့ စာထဲက (ဒါပေမဲ့ ဘယ်သူမှ တွန်းပို့တာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တဲ့ ကိစ္စတွေအတွက်တော့ အနစ်နာခံတယ်၊ စတေးတယ် ဆိုပြီး အသံကောင်း ဟစ်နေတာ ကြားရရင် အန်ချင်တယ်။
)ဒီအပိုဒ်လေးနဲ့ တော်တော်အပ်စပ်တယ်။ အဲဒါ ဂေါ့ဒ်ဖားသား ထဲကစာသားလား။ ရီတာ့ ဆီမှာ မမန့်ဖြစ်ပေမယ့် အသစ်တင်တိုင်းလာအားပေးနေပါတယ်။ မောင် ကိုကို နှင့် မရီတာများရေးပြီလားဆိုပြီးပေါ့း)

JeuJue

Bino said...

Your comment on God Father is reasonable.
I had watched this movies Part I,II,II many time.
But I can't detail describe it as you.
I like that movies so much.
Well come to discuss other movies.

BINO

နန်းညီ said...

We Own The Night ဆိုတဲ့ကားကိုလည်း ကြည့်ပါလား.. မိုက်တယ်.. အဲ့ကား ဘာသာပြန်ရတုန်းက အရမ်းကျေနပ်ခဲ့တာ..

littlebrook said...

ဂေါ့ဒ်ဖားသားလောက်တော့ မကောင်းပါဘူး နန်းညီရာ ... ဂေါ့ဒ်ဖားသားက တကယ့်ကို ဂန္တ၀င်
ဗမာမင်းသား မင်းသမီးတွေက သရုပ်ဆောင်တာထက် စကားတွေရွတ်ပြကြတာလေ ..အဲ့ဒါ ကျွန်တော်တို့ လူမျိုးဓလေ့နဲ့တူတယ်ဗျ...

Rita said...

JeuJue >>> မောင် ကိုကို နဲ့ မရီတာ ဆက်ရေးပါမယ်။ ပြောပြန်ပြီ =)

အဲဒီကားကို ကြည့်ရင်း အဲဒီ အခန်းလဲ ရောက်ရော ဘယ်မှာမှန်းမသိ ဖတ်ခဲ့ဖူးတဲ့ အဲဒီ စာသားကို သွားပြီး သတိရလိုက်တယ်။ အဲဒီမှာ အဲဒီအတွေးကို ချရေးလိုက်တာ။ အဲဒီစကားဟာ သိပ်ပြောသင့်တယ်။

ကိုယ်လုပ်ခဲ့တဲ့ အကြောင်းအရာတွေ ပြန်မပြောနဲ့လို့ ကိုယ် ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပြောပြပါမှ ကျန်တဲ့လူတွေ သိမှာပေါ့။

ဒါပေမဲ့ ပြောပုံပြောနည်းနဲ့ ပြောရတဲ့ ရည်ရွယ်ချက်က လိုသေးတယ် မဟုတ်လား။

ငါတို့ ဒါတွေ လုပ်ခဲ့ရတာဟေ့ နင်တို့က ဘာလုပ်ခဲ့ရလို့လဲ ဆိုတဲ့ အပေါက်မျိုးတော့ လာ ချိုးလို့ မသင့်တော်ဘူး မဟုတ်လား။

တကယ်တော့ စာရေးတာပဲဖြစ်ဖြစ် စကားပြောတာပဲဖြစ်ဖြစ် ခံစားချက်တခုခုတော့ ပါစမြဲ မဟုတ်လား။ ပြောလိုက်၊ ရေးလိုက်တဲ့လူတယောက်ရဲ့ အဲဒီခံစားချက်နဲ့ ရည်ရွယ်ချက်ကိုလဲ ဘေးလူတွေက ကူးစက်ခံစားလို့ ရတာပဲ မဟုတ်လား။

ငါ့စကား နွားရ တွေတော့ ကိုယ် တကယ်ပဲ အန်ချင်တာ။

Uncle Bino >>> II နဲ့ III ကို တွေ့ပေမယ့် မဝယ်ဖြစ်ခဲ့ဘူး အန်ကယ်။ ဇာတ်လမ်းကို မသိတာနဲ့။ ကြည့်ပြီးတဲ့ကားတချို့အကြောင်း ရေးပါဦးမယ်။

နန်းညီ & little brook >>> နန်းညီ ညွှန်းတယ်ဆိုတော့ တွေ့ရင် ကြည့်ဖြစ်အောင် ကြည့်ဦးမယ်။ ပြီးမှ ဘယ်ဟာ ပိုကောင်းလဲ ပြောမယ်။ =)

shwe said...

တစ်ခုတောင်းဆိုချင်ပါတယ်။ ကြည့်ကောင်း တဲ့ ဇာတ်လမ်းလေးတွေ နာမည် ဖော်ပြပေးစေချင်ပါတယ်။ ညီမက ဇာတ်လမ်းသာကြည့်ချင်တာ ဘယ်ကားကြည့်ရမှန်းမသိ လို့။ ကျေးဇူး

Rita said...

shwe >>> ကိုယ်လဲ ရုပ်ရှင် fan မဟုတ်တော့ သိပ်မညွှန်းတတ်ဘူး ညီမလေးရယ်။ ဒီ link လေးကိုတော့ သွားကြည့်လိုက်ပါဦး။ အဲဒီမှာ ko boyz က list လုပ်ထားတယ်။ သူညွှန်းတယ်ဆိုတော့ ကောင်းလို့ ဖြစ်မှာပါ။

http://heartstations.blogspot.com/2009/08/blog-post_19.html

သီဟသစ် said...

ရီတာရေ

အ တယ်ပြောရင် ခံရမှာပဲ။ GodFather ကိုနာမည်ပဲ ကြားဖူးပြီး စာအုပ်လည်း မဖတ်ဖူးဘူး ရုပ်ရှင်လည်း မကြည့်ဖူးဘူး

ခုတော့ ရုပ်ရှင်ရှာကြည့်နေပြီ..

Thanks..

khin oo may said...

ယောက်က်ျားလေးဖြစ်ပြီး တုံးလိုက်တာ၊ ဂေါ့ဖာသား တောင်မကြည့်ဖူဘူးတဲ့

အန်တီချမ်းပါ said...

မမရိတာ
စကားချပ်တွေများနေတယ်

ဒါပေမယ့် ရုပ်ရှင် ဆောင်းပါးကောင်းတပုဒ်ပါ
ဆွေးနွေးချက်တွေ ကြည့်သူအမြင်တွေထည့်ရေးတာလဲ ကြိုက်တယ်

အချစ်ကားတွေကော ကြိုက်တတ်လား
P.S i love you
the note book
pride and prejudice

ကတော့ ကိုယ့်ရဲ့ အော်တိုင်းမ်ဖေးဘရိတ်တွေပဲ
ဒီနေ့တောင် ပြန်ကြည့်သေးတယ်
ပရိုက်အန် ပရဲဂျဒစ် ကို
အရမ်းကြီုက်တာပဲ
စကားမစပ်
တနေ့က ရုံမှာ
မိုးရဲ့
နင်ဂျာ လူသတ်သမားသွားကြည့်တယ်
တော်တော်မကောင်းတာပဲ
လုံးဝညံ့တယ်
ပိုက်ဆံကုန်ရတာ မတန်ဘူး
၂၀၁၂ ကတော့ စိုးစိုးပါ

Spring said...

နောက်ဆုံးအခန်းမှာ..
မိုက်ကယ်အလုပ်ကိတ်စဆွေးနွေးနေတုန်း
ဟိုဘတ်ခန်းမှာ ရှိတဲ့ ကေးနဲ့ တံခါးလေးကအဖြေးဖြေးပိတ်သွားပြီး...
ခြားသွားတာကိုပြတာမလား
အကြိုက်ဆုံးရုပ်ရှင်တွေ စာအုပ်တွေထဲက တခုပါပဲ