Wednesday, August 26, 2009

ကိုယ် နှင့် ပန်းပွင့်ပင်လယ်

တစ်ယောက်ယောက်က ကိုယ့်ကို ချစ်တဲ့အခါ တလောကလုံး ပန်းတွေအကုန် ပွင့်သွားတယ်လို့ ခံစားရတာမျိုးကို ကြုံခဲ့ဖူးပါသလား။

အဲဒါ ကိုယ့်ရဲ့ ပြင်ပကမ္ဘာက ပန်းတွေပေါ့။

ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါ...

အဲဒီအခါမှာတော့ ရင်ထဲမှာ ပန်းတစ်ပွင့် ပွင့်လာလိမ့်မယ်။

***
တစ်ချိန်က ပန်းဖူးလေးကနေ ပန်းပွင့်လာတာကို စောင့်ကြည့်ခဲ့ဖူးတယ်။

***
နေကြာပန်း (စောင့်မျှော်ခြင်း)



ပန်းဖူးကလေးကနေ ပန်းပွင့်လေးတစ်ပွင့် ပွင့်လာဖို့ကို စောင့်မျှော်ရသလိုပဲ။
မောင့်ဆီက အချစ်ကို စောင့်မျှော်နေခဲ့ချိန်တုန်းကလဲ ရင်ခုန်ကြည်နူးစွာ စိတ်လှုပ်ရှားရသလောက်၊ စိုးရိမ်နွမ်းလျစွာ ပင်ပန်းခဲ့ရတယ်။

***
အဲဒီ အခိုက်အတန့်တွေမှာ...

သူ့လေချွန်သံ သဲ့သဲ့လေးကိုတောင်မှ သိမ်းဆည်းချင်မိတဲ့စိတ်...
သူ့အိပ်မက်တွေကိုကအစ ရုပ်ရှင်တစ်ကားလို ခံစားကြည့်ချင်မိတဲ့စိတ်...
သူ့ရယ်မောသံ ခပ်
ပါးပါးလေးကိုသော်မှ အမိအရ ဖမ်းဆုတ်ပုံဖော်ချင်တဲ့စိတ်...
ကိုယ့်မျက်ကွယ်ရာမှာ ပြုံးလိုက်မယ့် သူ့အပြုံးကလေးကိုတောင်မှ နှမျောတမ်းတမိတဲ့စိတ်...

အဲဒီစိတ်တွေနဲ့ မောရမှန်း၊ ပင်ပန်းရကောင်းမှန်းလည်း မသိခဲ့တဲ့ အချိန်ပေါ့။

***
အနီရောင်နှင်းဆီ (ချစ်ခြင်း)



"ကိုယ် မင်းကို ချစ်နေတယ်"

အဲဒီအခိုက်အတန့်မှာပဲ ကမ္ဘာလည်တာ ရပ်သွားတယ်။
သူ့ရှေ့မှာ ခြေစုံရပ်ရင်း၊ သူ့မျက်နှာကို အမှတ်မဲ့ ငေးမောရင်း၊ ကိုယ့်ကို ပြုံးကြည့်နေတဲ့ သူ့မျက်လုံးများအောက်မှာ အပြီးတိုင် ကျဆုံးရင်း...
တလောကလုံးမှာ သူနဲ့ကိုယ်သာ ရှိတော့တယ်လို့ ထင်မိတယ်။

***
ရောင်စုံကျူးလစ်ပ် (ပျော်ရွှင်လွတ်လပ်ခြင်း)



ချစ်ခဲ့တဲ့ အချိန်တွေကတော့ အထူးပြောစရာလိုမယ် မထင်ပါ။

***
ပန်းရောင်ဖျော့ဖျော့ နှင်းဆီ (နှစ်သိမ့်စွာ ရောင့်ရဲခြင်း (သို့) ဖျော့တော့သော အလွမ်း)



"ခုမှ ပြန်ရောက်တာလား။ ရေအရင် သွားသောက်လိုက်ပါဦး။"
"နောက်ကျမှ ခေါင်းမလျှော်နဲ့လေ။"
"မအိပ်ခင် နွားနို့သောက်ဦးနော်"
"လည်ချောင်းရော နာသေးလား"
"ဘယ်တော့ ပြန်လာမှာလဲ"
"အော် နွားနို့သောက်ရင် ပျားရည်ပါ ထည့်သောက်ဖို့ မမေ့နဲ့။"
"အေးလေ မချက်ချင်ရင် ချက်မစားနဲ့ပေါ့။ အပြင်မှာ ထွက်စား။"
"ဘာဖြစ်လဲ မီးပူမတိုက်ချင်ရင် ပင်မင်းလက်ကို အပ်လိုက်။ ပိုက်ဆံရှာတာ ဘာလုပ်ဖို့လဲ။"
"စိတ်ညစ်ရင် ပြန်လာခဲ့"

***
ခရမ်းရောင် နှင်းဆီ (ဝေးကွာခြင်း= ပြင်းပြင်းပျပျအလွမ်း)



မောင့်ဆီကို ကိုယ် ဘယ်တော့မှ ပြန်မလာတော့ဘူး။

ကိုယ့်ကို ချစ်ရင် ကိုယ်ရှိတဲ့ဆီကို လိုက်လာခဲ့။

***

ကိုယ်က တစ်ယောက်ယောက်ကို တသက်လုံးအတွက် တကယ်ချစ်မိသွားတဲ့အခါ...

အဲဒီအခါမှာတော့ ရင်ထဲမှာ ပန်းတစ်ပွင့် ပွင့်လာလိမ့်မယ်။
အဲဒါ ရင်တွင်းမှာ ပွင့်တဲ့ပန်းပေါ့။


မယုံမရှိကြနဲ့။
..... ဆိုတာ တကယ်ရှိတယ် ပြောတယ်။

***
ကိုရွာသား တဂ်လို့ ရေးပါတယ်။
ဒီလိုပုံစံနဲ့ ရေးခိုင်းတာ မဟုတ်ဘူးလို့ သိပေမယ့်... သူရေးစေချင်တဲ့ ပုံစံနဲ့ မရေးချင်လို့... ရေးချင်သလို ရေးပစ်လိုက်ပါတယ်။

ပန်းတွေဘေးက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလဲ တကယ် မထင်ကြပါနဲ့။
ခုမှ ချက်ချင်းလက်ငင်း ကောက်ပြီး ထင်ရာမြင်ရာ အ
ဓိပ္ပါယ်ဖွင့်ပစ်လိုက်တာပါ။

စာသားတွေအားလုံး လံကြုတ်တွေပါလို့ ပြောရင် ယုံကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီအသက်အရွယ်မှာ ဒါမျိုးတွေ ရေးဖို့ တော်တော် ခက်သွားပြီ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ လာတဂ်လို့ကတော့ ဘာပြောကောင်းမလဲ။

"သူသွားရင် ရနံ့ပေး
သူမွှေးရင် ပျော်ရွှင်လို့
သူမမြင် သူမကြည့်ပေမယ့်
သူသိရင် ကျေနပ်ပါရဲ့" တွေ ဘာတွေ ရေးလိုက်ချင်ပေမယ့်

အဲဒီကဗျာက ဆရာ မောင်စိန်ဝင်း ရေးပြီးသားကြီး ဖြစ်သွားပြီ။
(လူဖြစ်နောက်ကျတာ နာလိုက်တာ။ အိုင်ဒီယာတွေ သူများ ဦးကုန်လို့။)

:D

***

Monday, August 24, 2009

ဒေါ်ခင်မျိုးချစ် ရဲ့ စကားတစ်ခွန်း

ဒေါ်ခင်မျိုးချစ်က ပြောဖူးတယ်ဆိုတဲ့ စကားတခွန်းပါ။
တဆင့်ပြန်ရေးထားတာကို ဖတ်ခဲ့ရတာပါပဲ။
ဘယ်ထဲမှာ ဘယ်သူက ရေးထားတယ် ဆိုတာတော့ မမှတ်မိတော့ပါဘူး။


"လူတွေမှာ တုံးပိုင်ခွင့် ရှိပါတယ်ကွာ။ တုံးလို့ရပါတယ် တဲ့။

ဒါပေမဲ့လည်း တချို့တွေ တုံးတာတော့ ငါဖြင့် ဉာဏ်ကို မမီဘူး တဲ့။"


***

အဲဒါလေး ဖတ်ခဲ့ရတုန်းက တဟားဟားကို ရီခဲ့ရတာ။ သဘောကျလွန်းလို့။


ဒေါ်ခင်မျိုးချစ် ရေးတဲ့စာတွေ သိပ်များများ မဖတ်ဖူးပါဘူး။

"အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား"
ရယ်၊

"ကောလိပ်ကျောင်းသူ"
ရယ် ဒါလောက်ပါပဲ။


"Colourful Burma"
အိမ်မှာ ရှိပေမဲ့ ဟိုလှန် ဒီလှန်လုပ်ပြီး ပစ်ထားပါတယ်။ တခါမှ မဖတ်ပါဘူး။

(အင်္ဂလိပ်စာ မတော်တာလည်း မပြောနဲ့၊ ပျင်းတာကိုး။)


နောက် ဆရာသော်တာဆွေ ရေးတဲ့ "ကျွန်တော့ဘ၀ဇာတ်ကြောင်း" မှာ ပါတဲ့ အကြောင်းတချို့ရယ် ဒါလောက်ပဲ သိပါတယ်။ ပြီးတော့ "ပုဂံသူရဲကောင်းများ" ဟာ ဆရာမကြီး အင်္ဂလိပ်ဘာသာနဲ့ ရေးတာကို ဆရာသော်တာဆွေက ဘာသာပြန်ရေးခဲ့တာပါ။

အဲဒီ "ကျွန်တော့ ဘ၀ဇာတ်ကြောင်း" ထဲမှာပဲ ဆရာကြီး ရွှေဥဒေါင်း ရန်ကုန်လာလည်တော့ စာရေးဆရာ၊ စာရေးဆရာမများက ထမင်းဖိတ်ကျွေး ဧည့်ခံကြတဲ့ အကြောင်းမှာ ဆရာမကြီးရဲ့ အချက်အပြုတ်အကြောင်းကို ထည့်ရေးထားပါသေးတယ်။

အသဲအမြစ် အစိမ်းကြော်က အထာမကျတော့ ဦးခင်မောင်လတ်က ပြောပါတယ်တဲ့။
"တွေ့ပြီမို့လား မင်းတို့အစ်မရဲ့ အရည်အချင်းကို... ဒါတွေကြောင့် ငါ သူ့ကို မီးဖိုချောင် မ၀င်ခိုင်းတာ" လို့။
(သြော် သူတို့များကျတော့လည်း ချစ်လိုက်ကြတာနော်။)

စာတွေလည်း အများကြီး မဖတ်ဖူး၊ တခြားအကြောင်းအရာတွေလည်း သိပ်မသိလှပေမယ့်လို့ ဒေါ်ခင်မျိုးချစ်ဟာ တော်တော်ကို ထူးချွန်ထက်မြက်ပြီး၊ ဟာသဉာဏ်၊ ဇ၀နဉာဏ်လည်း အတော်ကို ရှိပုံ ရပါတယ်။

Dr မတင်ဝင်းလဲ တခါ ရေးဖူးသေးတယ်။
ဘာပွဲလဲတော့ မသိတော့ပါဘူး။ ကျောင်းပွဲ တခုခု ထင်တာပါပဲ။ ဆရာမကြီး လာတက်ပါတယ် တဲ့။
အသက်လဲ တော်တော်ကြီးတဲ့ အရွယ်၊ သူ ဒူးလဲနာနေပါတယ်တဲ့။
လှေကားအဆင်းမှာ ၀ိုင်းတွဲပြီး ဆင်းကြရတယ်ပေါ့။

အဲဒီမှာ ဆရာကြီး တစ်ယောက်က လှေကားပေါ်အတက် ဆုံတော့... ဆရာမကြီးကို အားပေးချင်တဲ့ အနေနဲ့ "ဟုတ်တယ် ... မခင်မြရေ (ဆရာမကြီး နာမည်ရင်း)။ အသက်တွေကြီးလာတော့ ဒူးတွေလည်း မကောင်းချင်တော့ဘူး" လို့ပြောပါတယ်တဲ့။

အဲဒီမှာ ချက်ချင်းပဲ "အဲဒါကြောင့် ငါ အဖိုးကြီးတွေနဲ့ မတွဲချင်တာ" လို့ ပြန်ပြောပါသတဲ့။
ဟိုဆရာလည်း တဟားဟားရယ်ပြီး၊ အပေါ်တက်သွားပါတယ် ဆိုတယ်။

***
အပေါ်မှာ ပြောသွားတဲ့ စကားလုံးလေးပဲ ကြည့်ပါဦးတော့။

အဲ...မေ့လို့
ဘယ်သူ့မှ စောင်းပြောတာ မဟုတ်ပါ။

**
ဆရာမကြီး နာမည်ရင်းကို ပြောပြတဲ့ ကိုပေါ ကို ကျေးဇူးတင်ပါတယ်။

Saturday, August 22, 2009

ချည်တိုင်



စပါးကြီးမြွေ တစ်ကောင်ရဲ့ရှေ့မှာ
လမ်းပျောက်ရသလိုပါပဲ

ဒီနေရာကိုပဲ
တ၀ဲဝဲလည်ပြီး ရောက်နေခဲ့တာပေါ့

***
အရာရာကို ဇာတ်သိမ်းပစ်လိုက်နိုင်ပြီလို့
သူရဲကောင်းဆန်စွာ ထင်နေမိပေမယ့်
လမ်းဆက်လျှောက်ရင်းကပဲ

သူ့ရှေ့မှောက်ကိုသာ ပြန် ပြန်ရောက်လာခဲ့

***
ချိုး

ဖျက်

ကွေ့

ရှောင်

လွတ်အောင်ရယ်လို့ ပြေးထွက်ခဲ့ပေမယ့်
လမ်းဆုံးမှာ တည့်တည့်ဝင်တိုး

သူ့ရဲ့နှောင်ကြိုး ပိုက်ကွန်ထဲ...

***
နောက်မှာချန်ရစ်
ကျောခိုင်းပစ်ခဲ့ပေမယ့်
ဝေးဝေးသွားဖို့ ခွန်အားမရှိသေးခင်
တင်းရင်း ရစ်နှောင်

ပြန်လည်ခေါ်ဆောင်ရာဆီ ပါသွား

('အချစ် ' ဆိုတာ)
ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလားကွယ်…

***
ရုန်းလို့လဲ မလွတ်နိုင်တော့ပါဘူး

ရုန်းလို့လဲ မထွက်ချင်တော့ပါဘူး

***

ဒီကြိုးမျှင်တွေကြားထဲ တိုးဝင်ရင်း

သူ့ရဲ့ ချည်နှောင်ခြင်းတွေမှာပဲ

ကျေနပ်စွာနဲ့ နှောင်ဖွဲ့ခံတော့...

***
2001 လောက်က နောက်ဆုံး ရေးဖြစ်ခဲ့တဲ့ ကဗျာ။
အဲဒီနောက်ပိုင်း ခုထိကို ကဗျာကို အဆင်ပြေပြေ ပြန်ရေးလို့ မရတော့ဘူး။
ကဗျာတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားမှု နည်းခဲ့တာလည်း ပါပါတယ်။
အဲလိုပြောရင် ယုံချင်မှ ယုံကြမယ် ထင်တယ်နော်။
အနုပညာမှာတော့ စာဖတ်ရတာကိုသာ အကြိုက်ဆုံးပဲ။

အဲဒီကဗျာက အစောကြီးတည်းက တင်ပြီးသားပါ။ ခုပြန်တင်လိုက်တာ။
ရေးတုန်းကလဲ သိပ်မကြိုက် ခုလဲသိပ်မကြိုက်တော့ဘူး။
ဘာမှန်းလဲ မသိဘူး အူကြောင်ကြောင်ကဗျာလို့ ခံစားနေရတယ်။

***

လက်ျာငြိမ်းချမ်း (၂)

(ကြည့်စမ်းပါဦး :)... တော်တော်ကို ချောနေပြီ)


(ဆီကုန်သွားပြီဗျာ)


(ဖိုးသူတော်လေး)


(ပါးဖောင်းဖောင်းက ပေါက်စီလေး ကျနေတာပဲ)


(အမယ် ရုပ်ကိုက... အထာနဲ့... ဟင်း)


(သိပ်ချောလာတာပဲ။ ကြီးလာရင်တော့ မလွယ်ဘူး။ မေမေ ဆန်တအိတ်နဲ့ ပုန်းနေရမယ်။)

***
သူငယ်ချင်း မသူ (အေးမြတ်သူ) ရဲ့ သားကလေး။

ဒီမှာ တခါရေးဖူးတဲ့ ကလေးလေးပေါ့။
ခု ၅ လ ရှိပြီ။

ပြီးခဲ့တဲ့တပတ်က ဓါတ်ပုံတွေရတော့ တော်တော် အံ့သြမိတယ်။ သိသိသာသာကို ချောလာလို့လေ။

ဒီတပတ်မှပဲ တင်ဖြစ်တော့တယ်။


သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျတာ နည်းပြီး (ဘာကျိန်စာမိနေကြလဲ မသိဘူး) ကလေးရတာဆို မရှိသလောက်ဖြစ်နေတော့... ဒါလေးက ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲမှာ ဦးဦးဖျားဖျားလေးပါပဲ။


ဒါကြောင့် ကိုယ့် တူသားကလေးလိုပဲ ထင်မိပါတယ်။

သားသား လက်ျာငြိမ်းချမ်း လေး ထူးချွန်လိမ္မာတဲ့ လူကလေး ဖြစ်ပါစေ။

***

Wednesday, August 19, 2009

ဗလာ



မြန်မာပြည်မှာနေတုန်းက ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည်နိုင်ခဲ့ဘူး။
မိဘကိုပဲ မှီခိုနေရတယ်။
ဒီရောက်မှသာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ် (လို့ ထင်ခဲ့မိတယ်)။
(ခုထိလည်း ထင်နေတုန်းပဲ)

တကယ်တော့ မြန်မာပြည်က မြေကြီးပေါ် ရပ်ခဲ့ရတုန်းက စိတ်ထဲမှာ အခိုင်မာဆုံးပဲ လို့ ခံစားခဲ့ရတယ်။
(အဲဒီလို ခံစားခဲ့ရတယ် ဆိုတာကိုလဲ ဒီရောက်မှ သိတာပါ)။
ဒါပေမဲ့ အဲဒီအချိန်တုန်းက လက်ထဲမှာ ကိုယ်ပိုင်တဲ့ ပိုက်ဆံများများ မရှိဘူး။
(အင်းလေ ခုလဲပဲ များများ မရှိပါဘူး)
ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ မှီခိုစရာ မလိုတော့ဘူး။

ဒါပေမဲ့ တစ်ခုတွေးဖို့ ရှိသေးတယ်။
မှီခိုတယ်ဆိုတာ ရုပ်ပိုင်းအတွက်သာ လိုတာ မဟုတ်ဘူး။
စိတ်ပိုင်း အတွက်လဲ လိုပါတယ်။

P.S
ခေါင်းစဉ် နဲ့က ဘာမှ မဆိုင်ဘူးလား မသိဘူး။
အမှန်က ဖားတစ်ပိုင်း ငါးတစ်ပိုင်း လို့ ပေးသင့်တာ။
fwd mail နဲ့ ကိုပေါ blog မှာ ညွှန်းထားတဲ့ စလုံး မပြောင်းခင် ဒါကို ဖတ်ပါ ဆိုတဲ့ စာကို ဖတ်ပြီး... စိတ်ထဲမှာ...
ဘာမှတော့ သိပ်မဆိုင်သလိုပဲ...

Tuesday, August 18, 2009

cbox ပေါ်မှ အတင်းများ (မမ ပြန်လာရင် ဖတ်ဖို့)

18 Aug 09, 03:19 PM

လူမုန်း: အမှန်က ဘုတ်ဆုံ ဖြစ်ရမှာ

သစ်သစ်
: သြော် ဟုတ်တယ် သစ်သစ်အလုပ်က ၃လပြည့်လို့ပေးတာလေ စလုံးမှာဆက်နေခွင့်လေးပေါ့
သစ်သစ်
: ကိုဘက အဲလို ရက်ရက်စက်စက်ပေးတတ်တဲ့ နှလုံးသားမရှိဘူးလေ
သစ်သစ်
: px
Boyz
: ဟိ.. သေချာပြီ.. ဒီ၉၀ကတော့ ဆံဖြူသွားကျိုးမှပဲ...။ respect
Boyz
: provision period ဆိုတာ ဘာလဲ မိလုံး...။ Probation period ပဲကြားဖူးတယ်။

သစ်သစ်
: အင်းလေ အဲဒါကြောင့်မေးနေတာ ပြီးတော့မခေါ်စဖူး ညီမငေးတဲ့

Boyz
: မိလုံးစစ်လား မသိဘူး။ ပစဝ ပြောဇမ်း မိလုံး
သစ်သစ်
: ပစ၀တဲ့ thinking

moemoe
: အမရေမန္တလေးထိုးမုန်.လုပ်နည်းလေးပြောပြပါလား

လူမုန်း
: ကဲပြောသကွာ “ပစဝ"
လူမုန်း
: မန္တလေးထိုးမုန့် လုပ်နည်းတဲ့ မန္တလေးသားများ မရှိကျဘူးလားဗျာ
လူမုန်း
: ကြ*

Boyz
: ကောက်ညှင်းကို နူးအောင်သကြားနှင့် အုန်းနို့ရောက်က ပေါင်းပါ။ ၄င်းနောက် မိုးပြဲဒယ်ထဲတွင် လှေလှော်ရာတွင် သုံးသည့် တက်နှင့် နာနာမွေရပါသည်

ရွာသားလေးဝိုင်တီယူ
: အိမ်ရှင် မှာတာလေးများ ယောင်ပြီးသယ်လာမလား လာချောင်းပါတယ်

လူမုန်း
: ထမနဲ ဖြစ်ကရောလား

myo
: ထမနဲမဖြစ်သေးဘူး အုန်းသီးအဖတ်တွေ ထည့်ရဦးမယ်
myo
: မလုလု ဘလော့မှာ သွားရှာနေလား မုန့်လုပ်နည်းစာအုပ်မှာ ကြည့်နေလားမသိဘူး

Boyz
: အုန်းသီးအဖတ်က နောက်မှ ထည့်ရမယ်။ နာနာထိုးရင် ထိုးမုန့်ဖြစ်တယ်
Boyz
: အောင်မာ..သူ့လိုမျိုး ချက်ခါနီးတိုင်း ဘလော့ လာလှန်နေတယ် ထင်လား မသိဘူး

myo
: ဘလော့မလှန်ပါဘူး ချက်မဲ့ဟာကိုတခါတည်း ရုံးမှာ ဖတ်ပြီး ပရင့်ထုတ်လာတာ ဟိဟိ

Boyz
: ကြံသကာ ထည့်ရင် မိုက်တယ်။ ယာဂုထမင်းလုပ်တာဆို ဘေးနားမှာ ထိုင်စောင့်တာ။ ဘုရားကို တင်ဖို့ ဖယ်ထားပြီ ဆို ကိုယ်နှိုက်တာပဲ ဦးဆုံး...။ အိုးကပ်လေးတွေ တော်တော်ကြိုက်တယ်။ အတူးတွေ ကြိုက်တယ်
Boyz: ဒါ့ကြောင့် ထိပ်ပြောင်တာနေမှာ

myo
: ဘာဆိုင်လို့လဲ
myo: အမ် မှားပြီ သူ့ဘာသာပြောတာကို

သစ်သစ်
: ထိပ်ပြောရင် ဆံပင်စိုက်လိုက်လေ ဒီလောက်ထိုင်းကိုသွားတာ လုပ်မလာဘူး ညံ့ပါ့
သစ်သစ်: ထိပ်ပြောင်*

myo
: ထိပ်ပြောင်တယ်ဆိုလို့ ခွေဖြူ့ကိုတောင်သတိရသွားတယ် မလာတာကြာပြီ အဆင်ပြေသွားပြီထင်တယ်
myo
: သွားအော်လိုက်ဦးမယ်

သစ်သစ်: ကိုယ့်စီဘောက်မှာ ကိုယ်ထည့်ထားတဲ့ ခေါင်းထုတဲ့ပုံကြည့်ပြီး ကိုယ်ပါနာလာသလိုပဲ မဖြစ်ချေဘူး ဖြုတ်ဦးမှာပါလေ

Boyz
: blog တစ်ခုလုံးပါ ဖြုတ်လိုက်ပါလား။ သက်သာတာပေါ့

သစ်သစ်: ရက်စက်လိုက်ထှာ

Boyz: စေတနာနဲ့ ပြောပေးတာပါကွယ်။ ဘလော့ ရှိနေရင် မရေး မနေရ တာဝန်ကြီးက ရှိနေတယ် မဟုတ်လားကွဲ့..။

လူမုန်း: I/P နားကြပ်လေးနဲ့ ပုံကော..ဟင်

သစ်သစ်: အင်း လာဖတ်တဲ့သူရှိနေတော့လည်း သူတို့လာလို့ မရှိရင် ကိုဘတို့လိုလူချစ်လူခင်များတဲ့သူကျတော့တစ်မျိုးပေါ့ ကိုယ်ကနာမည်မှမကြီးသေးတာဂိုးးးးးးးးး
သစ်သစ်: .....ဖြုတ်ပေးလိုက်ရပါတယ်ကွယ်

လူမုန်း: လွတ်စေ..အဲ့ဒါပြောတာ..ဟို သုံးလုံးတစ်တောင် လုပ်တိုင်းလိုက်မလုပ်နဲ့ လို့

သစ်သစ်
: သုံးလုံးတစ်တောင်thinking

လူမုန်း: ကဲ..စပြီ “ပစဝ” ပြော.ဘုတ်ဆုံ

သစ်သစ်
: အမ် ဘာလဲ သိဘူး တစ်ခါမှမပြောကြပဲနဲ့

လူမုန်း
: ညည်းသူငယ်ချင်းကြီးလေ..မထီလေးစားပုံနဲ့ မခန့်တဲ့ပုံနဲ့ လက်ပိုက်ပြီး ကြည့်နေတဲ့သူလေ

သစ်သစ်: EC queen လား

myo
: smile

လူမုန်း
: ဟိုက်.သိဘူး
လူမုန်း
: စားပွဲ လှဲပြစ်ခဲ့တဲ့ သစ်သစ် ကို Bravo ဘာညာရေးထား သူလေ ကွာ

သစ်သစ်
: engineer က လူပေါင်းများစွာ သေစေနိုင်တယ် ဆိုပြီး ဘာသာရပ်ပေါင်းများစွာကို နားလည်အောင် ကြိုးစားခဲ့တယ်။ (ထင်သလောက်နားမလည်ခဲ့ပါဘူး) ဟီးဟီး
ပုံ ec queen <---အဲလိုတော့ ကွန့်မန့်ပေးသွားတာပဲလေ။


လူမုန်း
: သူ့ကိုယ်သူ EC Queen တဲ့လား အဲ့ သုံးလုံးတစ်တောင်က..အံ့ဖွယ် smile

Boyz
: သုံးလုံးတစ်တောင်ဆိုတာ လက်ပိုက်ပြီးတော့ မိန့်မိန့်ကြီး ရပ်နေတဲ့ တစ်ယောက်ကို ပြောတာလား မိလုံး
Boyz
: နာတို့တောင် သူ့လက်ချက် မိသွားသေးတယ်လေ
Boyz
: လူတိုင်းကွင်းသွားတဲ့ ကွင်းနေမှာပါ
Boyz
: respect
လူမုန်း
: အေး..သူက Queen ဆိုဘဲ smile (သားရေကွင်း) <<<(အဲဒါ ကိုယ့်စကားလုံးပါ။ ယူသုံးရင် premium ကြေးပေးရပါမယ်)

myo
: ကော်ပီထားတယ် ဟိ

သစ်သစ်
: ဘုရားကယ်ပါ ရီတာ ကိုယ်ဘာများမှားပြန်ပြီလဲကွယ် ဒါဆိုသုံးလုံးတစ်တောင်ဆိုတာမင်းပေါ့

လူမုန်း
: အရပ်လေးများ Internation ဖြစ်ရင် “အင်းစိန်ဂိတ်” ရဲ့ Lady များဖြစ်ချင်ဦးမလားမသိ ( Bill Gate မဟုတ်ပါလေ) smile <<<(သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတောင် မှန်အောင် မပေါင်းနိုင်တော့ဘူး။)

Boyz
: သူလျိုဒလန်မြိုး...။
Boyz
: အတင်းတွေ အားရပါးရကို အုပ်နေကြပါလား။ မိလုံးထမင်းစားပြီးပြီလား (ဤကား ခေါင်းစဉ် အတင်းပြောင်းခြင်းမည်၏) respect

သစ်သစ်
: အင်းလေ ရီတာကချောပါတယ် ပြီးတော့ပိန်ပိန်လေးရယ် လှမှလှ

လူမုန်း
: ဘယ်က ရီတာ လဲ သိဘူး smile ( ဂလို ရှောင်ပါတယ် မယ်ဘ) respect

သစ်သစ်
: သြော် ဒီလိုလား သူတို့က ဒါဆိုလဲပြောတော့ပါဘူး အတင်း

myo
: ကော်ပီရန်တာဝန်ရှိလို့ ပီတာပါ မကြောက်ပါနဲ့ ငှဲငှဲ

လူမုန်း
: ပြောလို့ဖြစ်တော့ဘူး.. ဒါးလှန် တဲ့သူရှိနေတယ်

သစ်သစ်: ကိုယ့်ဘလော့မှာ ၂လအတွင်းလာဖတ်တဲ့သူ ၇၀၀၀ ကျော်တယ် ၅၀၀၀က ကိုယ်ဝင်တာထင်တယ် respect

လူမုန်း
: စားရသေးဘူးဝေ့.မယ်ဘ စောသေးတယ်..
sdl: ဘယ်လိုပဲဖစ်ဖစ် ဝင်တဲ့လူ များဖိုက အရေးကြီးပါတယ် သစ်သစ် smile

လူမုန်း
: ၆၆၉၀ အဖြေမှန်
sdl: thinking ဒါးလှန်တယ်

သစ်သစ်: HR ဆိုတော့ ၀တုတ်ကြီးဘယ်ခန့်မလဲနော် မျိုး အားငယ်လိုက်ထှာ

myo: ဟင် ဆိုင်လို့လား (တို့သိနေတယ်နော် လမ်းလွှဲမှန်း)
myo: ငှင်း ငှင်း ငှင်း

သစ်သစ်: သူများကုမ္ပဏီမှာ လှတပတလေးတွေပဲ ခန့်ချင်မှာပေါ့လေ မျိုး မျှော်မှန်းလစာ ဘယ်လောက်လဲဟင် ပြောလို့ရမလား

Boyz: 7350 ဆို တို့ hr လုပ်မယ်ကွယ်။ HR က ချောလို့လားဟင်

myo: အဲဒါကတော့ တို့မသိပါကွယ် စိတ်ဝင်စားရင် ကိုယ့်ရဲ့ မျှော်မှန်းလစာထည့်ပြီး ပို့ရပါမယ်
myo: 7350 ဆိုတာ NOKIA နံပါတ်လား
myo: HR ဆိုရင် ပိန်ပိန် ချောချောလေးလား thinking
သစ်သစ်: ချောရတယ်ဟုတ်ဘူးလား ပိန်ရတာတော့သေချာတယ် anger
သစ်သစ်: သစ်ကိုမနက်က သူဌေးက ဒီ၃လမှာပျော်ရဲ့လားတဲ့ လုပိနိုင်ရဲ့လားတဲ့ ဘာလိုအပ်လဲတဲ့ ချက်ချင်းကျတော့စဉ်းစားမရဘူး

myo: ချက်ရတာ ဘလော့ဖတ်ရတာ သိပ်အားမရဘူးလို့ ပြောလိုက်ပေါ့

Boyz
: မျှော်မှန်းလစာကို ပြောတာ မြိုး...။

သစ်သစ်: ဒီလ အိုတီလည်းရှိဘူး လစာပဲဝင်မယ် အသုံးအစွဲလျှော့ရမယ်ကွယ်
သစ်သစ်: နိုင်ငံရပ်ခြားမှာ စကားလေးပြောပြီး အလုပ်လုပ်ရလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားမိခဲ့ဘူး ဟိဟိ

Boyz: ဟင်ပြောတော့ အလိုအလျောက်ကြောင်နဲ့ အလုပ်လုပ်ရတာဆို။ ခုတော့စကားလေးပဲ ပြောရတဲ့ အလုပ်လား သစ်သစ်။ လည်တွားဘီ...။

သစ်သစ်: အင်းလေ အလိုအလျောက်ကြောင်လေးနဲ့ဆွဲလိုက် ချက်တက်လိုက်=စကားပြောခြင်း ဒါကိုဆိုလိုပါတယ် တစ်ယောက်ကိုမှလည်း မမြင်ဘူးသေးဖူး တော်သေးတယ် မြန်မာလူမျိုးတွေတော့သေချာတယ်

myo: ပြောပြီးလုပ်ရတာမှုတ်ဘူး သစ် ရိုက်ပြီး လုပ်ရတာ ပါးစပ်က တခါမှတောင် မဖွင့်ရဘူး စကားမပြောတတ်တော့မှာတောင် စိုးရတယ် လက်တွေကတော့ ညောင်းချိလို့

သစ်သစ်: သစ်သစ်ကတော့ ကွန်ကိုတစ်နေ့တစ်နေ့ ရီပြနေရတာ အားလုံးမမြင်တဲ့နေရာမို့လို့တော်သေးတယ်
သစ်သစ်: အရင်အလုပ်တုန်းကဆို လူတွေများတော့ တောင်ကြည့်မြောက်ကြည့် ဒီအလုပ်ကတော့ စုစုပေါင်း ကိုယ်ပါမှ ၅ယောက်ဆိုတော့ တော်တော်ကောင်းတယ်

Boyz: မိုက်လိုက်တာ .. လူငါးယောက်တည်းဆိုတော့ စည်းစည်းလုံးလုံးရှိမှာပေါ့နော်

myo
: ဒီလောက်ဆိုရင်တော့ ချက်ဟစ်စထရီ အောက်ကိုတော်တော်လေးးကျသွားပါပြီ ဒါပေမဲ့လည်း အဆုံးထိလိုက်ဖတ်ရင် တွေ့နိုင်သေးတယ်
myo: respect
လူမုန်း
: စကြောက်.. letn ပြောတာ ကိုယ်ပါကွယ်..

သစ်သစ်: လစာတွေပေးတဲ့ ငွေကိုင်တဲ့အဘွားကြီးက လုပ်သက် အနှစ်၃၀ တစ်ယောက် ဒီအလုပ်မှာပဲ ၃၀နော်

myo: သူတို့အစားပြောပေးတာများ

လူမုန်း: ပြောမရဘူး..အားအားရှိ ဒုတ်နဲ့ ရိုက်မယ်ဆိုတာကြီးဘဲ.(ဟော.ပြောမိပြန် B)
လူမုန်း: ဆက်ပြောကြပါ..ခဏ ခွာမယ်..( အကြွေစေ့တွေ) respect

သစ်သစ်: အရင်အလုပ်ကဆိုတွန်းတဲ့တိုက်တဲ့သူများတယ် ကိုယ်ဘာလုပ်လဲ လိုက်ကြည့်ချွန်ကြ သူ့မန်နေဂျာ ကိုယ့်မန်နေဂျာပြိုင် ရှုပ်နေတာပဲ

Boyz: အခုအလုပ်က အေးချမ်းတယ်ပေါ့.
Boyz: ဒါဆို ဒီလူတွေနဲ့ တည့်အောင်ပေါင်း ဒါဆို အလုပ်မှာ ပျော်လာလိမ့်မယ်။ ဒီလောက် လုပ်သက်ကြာတာဆိုတော့ ဒီနေရာက တစ်ခုခု ကောင်းနေလို့ ဖြစ်လိမ့်မယ်။ သူဌေး သဘောကောင်းတာလဲ ဖြစ်နိုင်တာပဲ
သစ်သစ်: အားလုံးထဲမှာ သစ်သစ်က အငယ်ဆုံး မုန့်ဆို၂ခုရတယ် အမြဲတမ်း respect
သစ်သစ်: သူဌေးကတစ်နေ့နေလို့ စကားတစ်ခွန်းမပြောဘူး သူ့အခန်းမှာပဲနေတယ် သတင်းစာဖတ်တယ် မျက်စိမှိတ်ပြီး မှေးနေတယ် လိုရင်ခေါ်တယ် ဒါပဲ

Boyz: ကောင်းတယ်နော်။ အေးချမ်းတာ။ ရုံးလဲ ၉-၅း၃၀ ဟုတ်လား
Boyz: အားကျလိုက်တာ။ ငါဘာလို့ ပုံဆွဲ မသင်ခဲ့ပါလိမ့်

သစ်သစ်: ၈ခွဲ ၅ခွဲ ၅ရက်

Boyz: အော်.. ၈၃၀-၅၃၀ ကိုး.. တို့က ၈၃၀-၆

myo: ပုံဆွဲသင်ချင်တာများ လွယ်ပါတယ် နန်းညီဆီမှာသင်လို့က် အွန်လိုင်းကနေ

သစ်သစ်: အားလုံးပဲပြန်တော့မယ်နော် ဘိုင်
Boyz: တာ့တာ သစ်သစ်

ကိုကိုဒီဘီ: တို့လဲ ၈ခွဲ၆ ... (ဇွတ်ဝင်ပြောသွားသည်)
ကိုကိုဒီဘီ: ဖက်အုံးကြီးရဲ့ အဲလေ တယ်လီဖုန်းကြီးရဲ့ အဲလေ မှားလို့ အရီးရဲ့ ခရီးလွန်နေသလား .. ငွှားငွှားငွှား

sdl: gun1

Boyz
: ပြောပါ.. ဖက်အုန်းဟုတ်ဘူး။ တစ်ခြမ်းပဲ့ တယ်လီဖုန်းလဲ မဟုတ်ဘူး။ ဘာတွေ လာပြောနေတာလဲ မသိဘူး ဒီကိုကိုဒီဘီ။ မာဖီးယားမှာတော့ လာမကူဘူး
Boyz: စိတ်နာတယ်။ (ကာကာလို အာခေါင်ခြစ်အော်သွားသည်)

*****
18 Aug 09, 05:51 PM (The End)

*****
ကြည့်စမ်း။ ၃ နာရီ က စပြောတာ။ ၆ နာရီ ထိုးကာနီးမှ ပြီးတယ်။
ဒါတောင် အစကို မမီလိုက်လို့။ ဘယ်ချိန်ကတည်းက စကားဝိုင်း စနေလဲ မသိဘူး။

Sunday, August 16, 2009

Potential, ကိုယ် နှင့် စာသင်ခြင်း

ဒီ post မှာ ကိုယ်ဟာ ဘာကို target ထားပြီး ရေးချင်မှန်း မသိပါဘူး။
တော်တော်ကို ထွေပြားတဲ့ ဦးတည်ချက်တွေနဲ့ ရေးဖြစ်ပါတယ်။
စထားတာ ၁ လတောင် ကျော်ပါပြီ။ ဒီနေ့မှ အပြီး ရေးဖြစ်ပါတယ်။

*****
ကိုယ် ၁၀ တန်းအောင်ပြီးကာစက guide သိပ်လုပ်ချင်ခဲ့တယ်။
ဘာဖြစ်လို့ဆိုတော့ လူကြီးဆန်ချင်လို့ပါ။

guide လုပ်ရင် လူကြီးဆန်သွားမယ်လို့ ဘာဖြစ်လို့ ထင်နေခဲ့တာလဲ မသိဘူး။
(ကိုယ့် guide တွေရဲ့ influence တွေကြောင့်လဲ ပါလိမ့်မယ်။ သူတို့က တော်သလောက် လူကြီးဆန်ကြတာကိုး။)
ဒါပေမဲ့လည်း အချိန်မပေးနိုင်တာနဲ့ မလုပ်ဖြစ်ခဲ့ဘူး။ အာရုံတွေများလွန်းတဲ့ ကိုယ့်မှာ အချိန်က ကိုယ်တယောက်တည်း အတွက်တောင်မှ အနိုင်နိုင် ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ကျောင်းပြီးသွားတော့ အလုပ်မရခင်မှာ... ဖေဖေတို့မိတ်ဆွေ အန်တီတစ်ယောက်ရဲ့ ကလေးနှစ်ယောက်ကို ခဏစာသင်ပေးဖြစ်တယ်။

တယောက်က ၆ တန်း၊ တယောက်က ၄ တန်း၊ နှစ်ယောက်ပေါင်းတော့ ၁၀ တန်း။

(တကယ်တော့ အဲဒီချိန်မှာတော့ စာသင်ချင်စိတ် လုံးဝ မရှိတော့ဘူး။
အကူအညီတောင်းတာနဲ့။ ပြီးတော့ ငြင်းမကောင်းတဲ့ လူတွေ ဖြစ်တော့...)

လူကြီးဆန်ဖို့ ထားလို့... သူငယ်ပြန်မသွားတာ ကံကောင်း...
ကလေးတွေ အဖေရာ အမေရော အင်ဂျင်နီယာ အလုပ်များများလူတွေ။
ကျောင်းပိတ်ရက် အရှည်ကြီးမှာ လူကြီးတွေ အလုပ်သွားရင် ကလေးနှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့တာ။ (တကယ်က အိမ်အကူ ထားပါတယ်။ အဲဒီ အခိုက်အတန့်မှာတော့ လူမရ ဖြစ်နေတဲ့ အချိန်ပေါ့။ သူတို့ဖေဖေလည်း ပျဉ်းမနား(ကြပ်ပြေး) ပြောင်းကာစအချိန် ထင်ပါရဲ့)

ကိုယ်ကလဲ အဒေါ်နဲ့ နှစ်ယောက်တည်း နေတာဆိုတော့ သူအလုပ်သွားရင် အိမ်မှာ တစ်ယောက်တည်း။ အလုပ်ကလည်း မရသေး၊ သင်တန်းတွေလည်း ခဏလျော့ပြီး အနားကောင်းကောင်းယူနေတဲ့ အချိန်။

တခြား အချိန်းအချက်တွေလဲ ဘာမှ မရှိဘူးဆိုရင်.. စာသင်ပြီးတာနဲ့ အိမ်မပြန်ဘဲ သူတို့နဲ့ ဆော့တယ်။ TV game ဆော့၊ video ကြည့်၊ ပြီးတော့ ရွှေသွေးလိုမျိုး စာစောင် တစ်ခုထုတ်တာ ဘာလဲ..(နာမည်မေ့သွားလို့) အဲဒီထဲမှာ ကစားနည်း မျိုးစုံနဲ့ ကစားစရာလေးတွေကပါ packing ထဲထည့်ပေးသေးတာ။ အဲဒါတွေရောဆော့..ကိုယ်ကတော့ ဆရာကြီးပေါ့လေ။

ဟယ်ရီပေါ်တာကြည့်ရင် ဘာသာပြန်ပြရသေးတာ။
"အိပ်က်စပက်တို ပက်ထရိုနမ်"တို့၊ "လူးမို့စ်" တို့ ဘာတို့ ကလေးတွေနဲ့ အပြိုင်ရွတ်လို့ (ပေါပနော်၊ ငါ့နှယ်)။

*****
ကလေးတွေက TTC ကပါ။
စာတော်တဲ့ ကလေးတွေစာရင်းမှာ မပါပါဘူး။
ဒါပေမဲ့ အကြမ်းဖျဉ်း ကြည့်ရသလောက်တော့ လုံးဝ မညံ့ပါဘူး။
အဖေအမေရဲ့ gene ကတော့ ဘယ်နည်းနဲ့ မဆို ပါတာပဲလေ။

ကိုယ်တွေကတော့ နယ်မှာပဲ တောက်လျှောက်ကြီးပြင်း စာသင်ခဲ့တဲ့သူဖြစ်ခဲ့တော့ ရန်ကုန်က နာမည်ကြီးကျောင်းတွေနဲ့ အဲဒီကျောင်းထွက်တွေဆို အထင်ကြီးတတ်တဲ့ စိတ်အခံက ရှိပါတယ်။
ဒါပေမဲ့ ရန်ကုန်မှာ ကျောင်းတက်ဖြစ်တော့ အဲဒီစိတ်ဟာ လုံးဝကို ပျောက်သွားပါရော။
ဒါဟာ individual နဲ့သာ ဆိုင်တဲ့ ကိစ္စလို့ သိနားလည်သွားလို့ပါ။
ပြီးတော့ ရန်ကုန်မှာ တသက်လုံးနေလာပြီး တုံးတုံးဖြစ်နေတဲ့ လူတွေ အများကြီး ကြုံလာရလို့ပါ။

(ဟုတ်ကဲ့...ကိုယ်လဲ တုံးပါတယ်။ ဒါပေမဲ့ ကိုယ်က နယ်မှာနေခဲ့ရတာမို့ ကိုယ်တုံးတာ အပြစ်မရှိပါ။)

ထားပါတော့။
ကိုယ်ဟာ ကျောင်းမှာ စာတော်တယ်ဆိုတဲ့ လူတိုင်းကို အထင်မကြီးပါဘူး။
ဒီလိုပဲ စာတော်တဲ့ စာရင်းမ၀င်ဘူး ဆိုတဲ့ လူတိုင်းကိုလဲ အထင်မသေးပါဘူး။
ခုလိုမျိုး အလယ်တန်းဆင့် ကလေးတွေနဲ့ ကြုံရတော့ ပညာရေးစနစ်ကို ပိုပြီး အယုံအကြည် မရှိချင်ပါဘူး။

ကလေးနှစ်ယောက်ဟာ စာသင်ရမှာကို စိတ်သိပ်မ၀င်စားပါဘူး။
အငယ်လေးက ပိုဆိုးပါတယ်။ သင်္ချာတော်တယ်။ bright ဖြစ်တယ်။ စာကျက်ရမှာ တွန့်လိမ်နေအောင် ပျင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။

သူ့ကို ကြည့်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ TTC ကို ကိုယ် လုံးဝ အထင်မကြီးပါဘူး။
ကလေးရဲ့ စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက လက်ရေးဟာ အတော်ကို အခြေအနေ ဆိုးဝါးပါတယ်။
ကိုယ်ကတော့ ကလေးဆိုတာ လူကြီးရဲ့ အရိပ်ပဲ လို့ ယုံကြည်တာကြောင့် ပြုပြင်ပုံသွင်းမှုဟာ အင်မတန် အရေးပါတယ်လို့ ယူဆပါတယ်။

အထက်တန်းအဆင့် ကျောင်းသားတစ်ယောက်ကို ကြည့်ပြီး သူ့ဆရာတွေကို အကဲဖြတ်လို့ ရ မရ ကျိန်းသေ မပြောနိုင်ပေမဲ့ မူလတန်း အလယ်တန်းအဆင့် ကျောင်းသားတစ်ယောက်ကို ကြည့်ပြီး၊ သူ့ဆရာတွေကို အကဲဖြတ်ဖို့ ၁၀၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။

ပြီးတော့ ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းက ဆရာတွေသင်တဲ့ ကျောင်းသားတယောက်ရဲ့ အခြေခံမပါမှုဟာ တော်တော် ရုပ်ပျက်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ရန်ကုန်လို နေရာမျိုးက အလုပ်များများ ပညာတတ် မိဘတွေရဲ့ အခြေအနေကိုလည်း မဖြစ်မနေတော့ ထည့်တွက်ရမှာပါပဲ။

(ကိုယ်ကတော့ သူတို့မေမေကို ချီးကျူးမိပါတယ်။ ဒါကလဲ အကြောင်းသိနေလို့ပါ။ ပြီးတော့ ထိုင်စားနေလို့ရလဲ အပြင်မှာ မဖြစ်မနေ အလုပ်လုပ်ချင်တဲ့ ထက်မြက်တဲ့ မိန်းမတွေကိုလည်း နားလည်မိပါတယ်။ တခုကို ဆုပ်ကိုင်လိုက်တော့ တခုကို လက်လွှတ်ရတာပါပဲ။ ဒါပေမဲ့ သူ့ကလေးတွေ ဘာဖြစ်နေတယ် ဆိုတာကိုတော့ သူ တတ်နိုင်သလောက် မျက်ခြေပြတ်မခံပါဘူး။ - ဤကား စကားချပ်)

တကယ်တော့ ကိုယ့်အလုပ်က စာသင်တယ် ဆိုတာထက် သူတို့ကို စာကျက်ခိုင်းရတာပါပဲ။
စိတ်ထဲမှာ အဲဒါ ဘာမှ အဓိပ္ပါယ် မရှိဘူးလို့ တွေးမိပါတယ်။
ဒီစာတွေ အလွတ်ကျက် စာမေးပွဲမှာ ပြန်ချရေး။ ပြီးတော့ မေ့သွား။
စာသင်တာ ဒီ့ထက် အဓိပ္ပါယ် ရှိဖို့ မကောင်းဘူးလား။

ကိုယ် အဲဒါမျိုး ခုနှစ်တန်းလောက်တည်းက တွေးနေခဲ့တယ်ဆိုရင် ပိုတယ် မထင်ပါနဲ့။
တကယ်ပါ။ ကိုယ် ပညာရေးကို စိတ်မ၀င်စားဘူး။ ပညာနဲ့ လုပ်မစားချင်ဘူး။
ပညာရှင်တွေကို လေးစားနှစ်လိုမိလည်းပဲ အထင်ကြီးလည်းပဲ သူတို့ ဘ၀ကို အားမကျဘူး။
ဒါကတော့ ကိုယ့် trend နဲ့ ကိုယ်၊ ကိုယ့် ပါရမီနဲ့ ကိုယ်မို့ ထားပါတော့။ ဆက်မပြောတော့ဘူး။

၎ တန်းကလေးကတော့ ဉာဏ်ကောင်းတယ်၊ bright ဖြစ်တယ် ဆိုပေမဲ့ ကလေးဆိုတော့ ပြောစရာ ထူးထူးခြားခြား မရှိပါဘူး။

၆ တန်းကလေးကတော့ စာကျက်ရင်းနဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။
သူက တကယ်တော့ အငယ်ကောင်လောက် sharp မဖြစ်ပါဘူး။
ပြောခဲ့ပြီးတဲ့ အတိုင်း ကျောင်းမှာလဲ စာမတော်ပါဘူး။ ဒါက ကိုယ့် အမြင်ပါ။
ဒါပေမဲ့ potential ဆိုတာကို ကိုယ့်ကို စဉ်းစားမိစေလောက်တဲ့ မေးခွန်းတွေ မေးခဲ့တယ်။

သိပ္ပံမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်း သူကျက်ရင်းနဲ့ မော်တော်ကားတွေ များလာတာလဲ အကြောင်းရင်း တစ်ခု ဖြစ်တယ် ဆိုတာ ပါလာတော့ "အစ်မ ဘာဆိုင်လို့လဲ" လို့ မေးတတ်ပါတယ်။ တကယ်တော့ အဲဒါ ကျောင်းမှာ ဆရာတွေက ရှင်းပြပြီး ဖြစ်သင့်ပါတယ်။

(ရှင်းပြတုန်းက သူနားမထောင်လို့လဲ ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အဲဒီမေးခွန်းမျိုးဟာ သူတို့နဲ့ ကိုယ် ရင်းနှီးနေလို့ ထွက်လာတာ ဆိုတာတော့ ကိုယ်ပြောနိုင်တယ်။ ရှင်းပြတုန်း နားထောင်တာ မထောင်တာကို ကိုယ်သိပ် အရေးလုပ်ပြီး မပြောချင်ပါဘူး)

ကိုယ် အဓိကပြောချင်တာက (ကိုယ့်အနေနဲ့ သိပ်မတော်လှပါဘူးလို့ သတ်မှတ်ထားတဲ့) ကလေးတစ်ယောက်မှာလဲ သူတို့သင်ရတဲ့ ကျောင်းစာတွေနဲ့ ပတ်သတ်လို့ မေးစရာ မေးခွန်းတွေ ရှိတယ် ဆိုတာပါပဲ။ အဲဒါဟာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။

ကိုယ် သူ့ကို ရှင်းပြပါတယ်။ ကား အိပ်ဇော ကထွက်တဲ့ မီးခိုးအကြောင်း၊ လောင်စာဆီက ဘာညာဘာညာပေါ့။ ချမ်းသာတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ကားတစ်ယောက်တစင်း စီးနိုင်ပေမယ့်၊ ကားစီးရေ လျှော့ချပြီး အတူတူမျှစီးဖို့ အစီအစဉ်မျိုးတွေ ဒါကြောင့် ထားရတယ် တို့ ဘာတို့... blah blah တွေ။

နောက်တစ်ခု...
သမိုင်း ကျက်နေရင်းနဲ့
"အစ်မ အရင်ခေတ်က ဒတ်ခ်ျ ဆိုတာ ခုခေတ်မှာ ဘာလူမျိုးလဲ" တဲ့။

ဘုရားစူး။
ကိုယ့်တသက် ဒတ်ခ်ျလို့ တောက်လျှောက်သင်လာခဲ့တာ အဲဒါ ခုခေတ်မှာ ဘာလူမျိုးလဲ မေးဖို့ မဆိုထားနဲ့ ယောင်လို့တောင် မတွေးမိဘူး။
(ဒါဟာ ဖတ်မိတဲ့ တချို့လူတွေအတွက် ရီစရာကြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ကိုယ်ကတော့ သိလည်း မသိခဲ့ဘူး။ တွေးလည်း မကြည့်မိဖူးဘူးဆိုတာ အမှန်တိုင်း ၀န်ခံရမှာပဲ။ ဒီလိုပါပဲ တခါတလေ ချော်သွားတာတွေ၊ ကျော်သွားတာတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ရှက်စရာကြီးလို့ ပြောလဲ စိတ်မဆိုးပါဘူး။)

ဒါပေမဲ့ ဘုရားမလို့ ...
အဲဒီ မေးခွန်း မတိုင်ခင် တစ်ပတ်လောက်မှာ စာပေဗိမာန်က
ဘာသာပြန်စာမူအတွက် ထုတ်တဲ့ Globalization စာအုပ်ကို နည်းနည်း ဖတ်ထားမိတယ်။ အဲဒီထဲမှာ ကမ္ဘာ့ ပထမဆုံး stock exchange စင်တာဆိုလား ဘာလား ကို ဒတ်ခ်ျတွေရဲ့ Amsterdam မှာ ဖွင့်တယ် ဆိုတာပါတော့... Amsterdam ဆိုတာ Netherlands ရဲ့ မြို့တော် ဆိုတာ သိပြီးသားမို့ အော် ဒတ်ခ်ျ ဆိုတာ နယ်သာလန်နိုင်ငံသားတွေကိုးလို့ သိလိုက်မိတယ်။

အဲဒီကလေးရဲ့ မေးခွန်းသာ တပတ်ထက်စောရင် သွားပြီ။

"ဟော်လန်တွေပေါ့" လို့ ကိုယ်ဖြေတော့ သူသိသွားပါတယ်။
ဘောလုံးပွဲ သရဲတွေမို့ ဟော်လန်ဆိုတာ နယ်သာလန်ပါလို့ ကိုယ် ထပ်ရှင်းစရာ မလိုတော့ပါဘူး။
မျက်လုံးထဲမှာ Nistelrooy
နဲ့ လိမ္မော်ရောင်တွေတောင် ပြေးမြင်နေလောက်ပါပြီ။ :)

သူတို့ကို သင်ခဲ့ရတာ သိပ်မကြာပါဘူး။ ၄ လလောက်ပဲ ရှိပါတယ်။
နောက် Asia World မှာ အလုပ်ဝင်ဖြစ်တော့ ဆက်မသင်ဖြစ်တော့ဘူး။
ကလေးတွေမှာ မေးစရာတွေ ရှိတယ် လို့တော့ ကိုယ့်ခေါင်းထဲမှာ တွေးမိလာပါတယ်။
ဘယ်လိုကလေးမျိုးပဲ ဖြစ်ဖြစ် မေးစရာ ရှိတယ်။
ကိုယ်တို့အတွက် ဘယ်လောက်တောင် ရီစရာကောင်းတဲ့ မေးခွန်းမျိုးတွေ သူတို့ မေးလဲပဲ ကိုယ်တို့ ဖြေရမယ်။

*****
တကယ်ပဲ ကိုယ်ဟာ ဘာကို ပြောချင်လို့ ဒီ post ကို ရေးမိတာပါလိမ့်။


ကိုယ့်ခေါင်းထဲမှာ ထူးအိမ်သင် ပြောခဲ့တယ် ဆိုတဲ့ စကားတစ်ခွန်း သတိရနေမိတယ်။

"ဗမာတွေဟာ မညံ့ဘူး။ ဒါပေမဲ့ တော်လည်း မတော်သေးဘူး" တဲ့။

Potential တွေ ဘာဖြစ်ကုန်ကြသလဲနော်။

Solution မရှိတဲ့ ပုစ္ဆာတွေလည်း မရေးချင်ပါဘူး။

*****

ကိုယ့်ငယ်ဘ၀ကို ပြန်ပြင်လို့ ရမယ်ဆိုရင် အလွတ်ကျက်ခဲ့ဖူးတဲ့ စာတွေ ဖျက်ပစ်မယ်။


*****

For the moment



















ခုတလော တွေးနေမိတာက

၁) အိပ်ရေးဝဖို့လိုတယ်။

၂) Sweep Lottery တွေ
ထိုးထားပြီး တိုက်ဖို့ သတိမရဘူး။ ရလဲ တော်တော်နဲ့ မတိုက်ကြည့်ဘူး။ တကယ်တော့ ကိုယ် ငပျင်းပဲ။ ဘီလျှံနာ ဖြစ်ဖို့တောင် ပျင်းနေသေးတယ်။

ထီတိုက်စရာ မလိုဘဲ ပေါက်ရင် ဖုန်းကို message ပို့ အကြောင်းကြားတဲ့ စနစ်လုပ်ထားရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အဓိပ္ပါယ်မရှိ အချိန်ဖြုန်းတာတွေ ရပ်ဖို့ကောင်းပြီ။


ကျန်းမာရေး

ဒီရောက်ကတည်းက တခါမှ မဖျားသေးဘူး။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကြည်အေးရဲ့ တမ်းတတတ်သည် (အဲဒီစာအုပ် မဖတ်ဖူးသေးဘူး) ဟိုတပတ်က စဖတ်တယ်။
၂ မျက်နှာကနေ မတက်တော့ဘူး။

ebook တွေ ဖတ်ရင် အဲလိုပဲ။


ရေးနေမိတာက

အသုံးစာရင်း


ရောက်နေဖြစ်တာက

ရုံးနဲ့ အိမ် ၊ အိမ်နဲ့ ရုံး ပြီးတော့ ဟိုနား ဒီနား shopping
& gathering

နားထောင်ဖြစ်နေတာက

Nothing gonna change my love for you (Glenn Medeiro)


ရွတ်နေမိတဲ့ကဗျာက

၁) This, too, will pass!

နောက်တစ်ပုဒ်က.. ရွတ်ဖြစ်နေတာတော့ မဟုတ်ဘူး။ စိတ်ထဲအမြဲရောက်နေတဲ့ ကဗျာ..

ပါပီလေး ပုတုတု
သူ့စကား ၀ုဝု၀ု
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။

ဖြစ်ချင်နေတာက
နောက်ထပ
ဘာမှ ဖြစ်ချင်စရာ မလိုတော့တဲ့သူ (ရှိတယ် ထင်တာပဲလေ)
(ဥပမာ Melinda Gates လိုမျိုး)

စားဖြစ်နေတာက

Terrible S'porean Food

သနားနေမိတာက

ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီး သနားစရာကောင်းတာကို ရှာမတွေ့ပါဘူး။


လွမ်းနေမိတာက

ထမင်းပွဲရှေ့ရောက် အချိန်တွေ။
အပြင်မှာ ကြိုက်တာ တူတူထွက်စားခဲ့တဲ့ အချိန်တွေ။

မေ့လျော့ပစ်နေမိတာက

တမင် မေ့ပစ်နေမိတာ မရှိပါဘူး။ အလိုလို နေရင်းမှ မေ့တတ်ရတဲ့ထဲ။
၁၀ တန်းအောင်တာ ၃ နှစ်လောက်ပဲ ရှိသေးတယ်ချည်း ထင်နေမိလို့။

ခါးသက်နေမိတာက
သားရွှေအိုးထမ်းလာတာပဲ မြင်ချင်နေမိတဲ့ ကိုယ့်ဆန္ဒတွေ

တမ်းတနေမိတာက
အားလပ်ချိန်


ကြိတ်ပြီးချီးကျူးနေမိတာက
Melinda Gates ပဲ


ကြိတ်ပြီးအထင်သေးနေမိတာက
ဗြောင်ပဲ အထင်သေးတယ်။

၁) ကိုယ့်ကိုယ်ကိုယ် အမြင့်က စပျစ်သီးလို့ထင်နေပြီး၊ တကယ်တော့ မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းနေတဲ့ ပေါချာချာ ချဉ်စုတ်စုတ်တွေ။

(ခက်ဆစ်။ ။ပေါချာချာ = ချာတူးလန်အောင် ပေါသည်။ မြေခွေးတွေ မုသာဝါဒကံ မမြောက်လောက်အောင် ပေါသည်)
(မှတ်ချက်။ ။ ကံကောင်းလို့ အပြင်မှာ ဒါမျိုး တခါမှ မကြုံဖူးဘူး။ အပြင်မှာ မကြုံဖူးဘူး ဆိုတော့ ဘယ်မှာ ကြုံဖူးလဲ တွေးသာကြည့်ကြပါတော့။)


၂) အသံကောင်း ဟစ်တတ်တဲ့ လူမျိုး။
ဥပမာ ကိုယ်လုပ်တတ်တာတစ်ခုကို သူများလဲ လုပ်တတ်နေတာပဲ။
ဒါကို ဒီတိုင်းရိုးရိုး မရေးဘဲ "ဗိုင်းတောင့်ခဲဖိ" မို့လို့ ဆိုတဲ့ စကားနဲ့ စရေးတာမျိုး။

ကိုယ့်အမျိုးအကြောင်း ကိုယ် ရေးတာ ရိုးရိုးမရေးဘဲ "သူများနဲ့ မတူဘူး" ဆိုတဲ့ စကားထည့်ရေးတာမျိုး။
လူတိုင်းမှာ ဖြစ်တတ်တဲ့ ဠင်းတလောက်တော့ ငှက်တိုင်းလှ ကိစ္စကို ဆောင်ပုဒ်သဖွယ် စကားလုပ်ပြောတာမျိုး။


(အဲဒီလို အပိုပြောတတ်တာတွေ တွေ့ရင် ကိုယ်နဲ့ မဆိုင်လဲပဲ ၀င်ပြီး fighter လုပ်ချင်တာ ဘယ်လို ဆုပန်ခဲ့မိလို့လဲ မသိ။ အပိုတွေ အပိုတွေ... မသိတာလဲ မဟုတ်။)


ဆန္ဒမရှိတဲ့နေရာ
မြန်မာပြည်


ဆန္ဒရှိနေတဲ့ကိစ္စ

မြန်မာပြည် ပြန်ရန်

မုန်းတီးနေမိတာက

အထက်ပါ ပေါချာချာ အချဉ်သီးများ

ချစ်နေတာက
စိတ်ဝင်စားရင် ဒီမှာသာ ကလစ်ခေါက် ကြည့်ပေတော့ရှင်!

စိတ်ပျက်နေမိတာက

ဘလော့နဲ့ အချိန်ကုန်ခြင်း


စွဲလမ်းနေမိတာက
ဘလော့နဲ့ အချိန်ကုန်ခြင်း


သဘောကျနေမိတာက
အင်တာဗျူးမှာ "BE တွေ..... " လို့ ပြောလို့ ခုံကို ဆွဲလှဲပစ်ခဲ့တဲ့ သစ်သစ် (Bravo ! ကွ)
အဲလိုကို ဖြစ်နေရမယ်။ fighter ဆိုတာ ဒါပဲ။


လိုအပ်နေတာက

အများသားပဲ


တောင်းနေမိတဲ့ဆု

အမျှပဲ ဝေဖြစ်နေတယ်
(အမျှ အမျှ အမျှ)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

စားဖို့ပျင်း အိပ်ဖို့ပျင်း ငါဟာ ပျင်းရမှာတောင် ပျင်း
(မောင်မောင်ဇော်လတ် သီချင်း)

ဝန်ခံချင်တာက

ဘ၀မှာ အမှန်တွေချည်း (ကိုယ်ကတော့ မှန်တယ် ထင်တာတွေချည်း) မကွယ်မ၀ှက် လုပ်ခဲ့သလောက်... ဘာဖြစ်လို့များ မလိုအပ်ဘဲ ၀န်ခံစရာတွေ ကြုံလာရမှန်း မသိဘူး။

လုံလောက်ခဲ့ပါပြီ။ နောက်ထပ် မလိုတော့ဘူး။

လောဘ ဒေါသ မောဟတွေလည်း... အတိုင်းသားမြင်နေရတယ် လို့ ယူဆမိလို့ ၀န်ခံစရာ မလိုဟု ထပ်မံ ယူဆပါသည်။

*****
မမြတ်နိုး တက်ဂ် လို့ ကျေးဇူးတင်စွာ ရေးပါသည်။ အပိုပြောတာ မဟုတ်ပါ။ တက်ဂ်ရင် သတိတရရှိတာကို သိရလို့ ကျေးဇူး တကယ်တင်မိတာပါ။

မနေ့တည်းက သူတက်ဂ်ချင်နေပြီ ဆိုတာ သိသားပဲ။ မသိချင်ယောင်ဆောင်နေတာ မရဘူး။ ရအောင် တက်ဂ်သွားတယ်။ ဘာပဲပြောပြော သိပ်မစဉ်းစားရဘဲ post တစ်ခု ရတာပေါ့။

*****

Saturday, August 15, 2009

ကန့်လန့်တိုက်ခြင်း

၁၀ ရက်နေ့က ဘုန်းကြီး ဆွမ်းကပ်တဲ့ နေ့တုန်းကပေါ့။ ပင့်တုန်းက ၃ ပါး။ ဒါပေမဲ့ ဆွမ်းကျွေးအိမ်တွေ များလို့ တစ်ပါးပဲ ကြွလာတယ်။

သူများတွေ ထမီလေးတွေနဲ့.. ကိုယ့်မှာ ယူမလာမိလို့.. စကဒ်ဝတ်ပြီး ဘုန်းကြီး ဆွမ်းကပ်ရတယ်။ ဖြစ်ပုံများ။

စကဒ်ဆိုလို့ စကဒ်လဲ သိပ်မကြိုက်တော့ ကောင်းကောင်းမရှိဘူး။ ထမီ ယူမလာမိဘူး ဆိုတာလဲ မြန်မာပြည်မှာတည်းက ထမီအစစ်လည်း သိပ်မ၀တ်ဖြစ်ပါဘူး။ ကိုယ့်မှာရှိတာ ချိတ်နဲ့ချုပ်ထားတဲ့ ထမီအတုတွေပဲ။ ရုံးတက်ရင် အဲဒါတွေနဲ့ပဲ တက်တယ်။ ထမီလဲ မကြိုက်ဘူး။ ခဏခဏ ပြင်ပြင်ဝတ်ရတာ အရမ်းမုန်းတယ်။ "ထမိုင်မခိန်" လေ :)...

ဒီရောက်မှ ဟုတ်သွားတော့တယ်။ ဒါပေမဲ့ ဒီလို ပွဲမျိုးဆို ၀တ်ဖို့ ထမီတစ်ထည်လောက်တော့ ရှိမှ ကောင်းမယ်လို့ တွေးမိတယ်။

အဲဒီနေ့ကတော့ ဧည့်သည်လာတဲ့ တယောက်ကလည်း စကဒ်နဲ့မို့ တော်သေး။ အဖော်ရှိသွားလို့..

စကဒ်သိပ်မရှိလို့ ပြီးခဲ့တဲ့လက နှစ်ထည်ဝယ်တယ်။ အဲဒီထဲက တစ်ထည်ပေါ့။ ကျန်တဲ့ တစ်ထည်က အနက်ရောင်။ အနက်ရောင်က ဓါတ်ပုံရိုက်ပြီးသား မရှိလို့ .. ရိုက်ရမှာလဲ ပျင်းတယ်။ အကောင်းစား မဟုတ်ပါဘူး။ This မှာ နေရာတိုင်းတွေ့ရတဲ့ ပုံစံဟောင်းပါပဲ။ ဒါပေမဲ့ ချည်ဆိုတော့ ၀တ်လိုက်ရင် သက်တောင့် သက်သာ ရှိတယ်။

ဒီတိုင်းကြည့်တော့ မလှဘူးလိုလိုပဲ။ ၀တ်လိုက်ရင် လှတယ်။
စိန်နားကပ်အရောင်နဲ့ ပါးပြောင်တယ် ဆိုလား... :)


















ဒီလဆန်းမှာပဲ မဒဲနစ်တို့ (၁၂) ထပ် ကနေ လှမ်းရိုက်ထားတာ။ ဖုန်းက camera ဆိုတော့ သိပ်မမိုက်ဘူး။ အပြင်မှာ တော်တော်မိုက်တယ်။ ကိုယ်တော့ မြင့်လေ ကြိုက်လေပဲ။


အပြန် CauseWay Point မှာ iora က discount ချနေတာတွေ့တော့ ဘာပြောကောင်းမလဲ... မိန်းမတွေများ အမဲဖျက်တာကျနေတာပဲ။ (ကိုယ်လား.. ဘယ်နေမလဲ။ ၀င်မွှေတာပေါ့ မြင်တဲ့အတိုင်း...) ဒီလိုပုံတွေချည်းပဲ ထပ်နေတယ်။ ကိုယ်က အဆင်တွေ အရောင်တွေ သိပ်မကြိုက်.. ဗြောင်တွေပဲ ကြိုက်တယ်။ ဒီလိုမှ မဟုတ်ရင် အစင်း အကွက်... ကိုယ့်မှာ ရှိတာတွေဆို ဒါမျိုးတွေချည်းပဲ ထပ်နေရော... အပြာရောင်ဆိုတာ ငပေါတွေ ၀တ်တဲ့ အရောင်တဲ့ Steve က ပြောတယ်။ သူကတော့ ဘာလဲ မသိ။ ပန်းရောင်တွေ ၀တ်တယ် ဆရာ.. :(



ထူးမခြားနား...



























ဒီပုံစံမျိုး သိပ်မ၀တ်ဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်မှာက ၀ယ်လိုက်ရင် အနက်နဲ့ အဖြူကလွဲလို့ အရောင်ရင့်ရင့်ဆိုလဲ မဲမဲတွေ၊ အရောင် ဖျော့ဖျော့ဆိုလဲ ဖြူဖျော့ဖျော့နဲ့။ ကိုယ့် ဗီရိုထဲမှာ မည်းတူးတူးတွေနဲ့ ဖြူလျော်လျော်တွေပဲ ရှိတယ်။ ဒါနဲ့ try ကြည့်မယ်လေ ဆိုပြီး ၀တ်ကြည့်တော့ ကြိုက်သွားတယ်။ ၀တ်လိုက်ရင် လှတယ်ချည်း ထင်နေတာ ဘ၀င်မြင့်တဲ့ ရောဂါလား။ ကိုယ့်ဘာသာ အမှန်အတိုင်း မမြင်နိုင်တဲ့ ရောဂါလား ဘာလဲတော့ မသိဘူး။ (သူများ မပြောခင် ကြိုပြောထားလိုက်တယ် အေးရော)


တကယ်တော့ ကိုယ့်အကြိုက်နဲ့ ယှဉ်ရင် အဲဒါ တော်တော် တုံးတဲ့ design ပဲ။ ဒါပေမဲ့ မရှိဖူးတာ ရှိသွားတာပေါ့။

အဲဒီမှာ ကလေးမ ငယ်ငယ်လေးက သူ့မေမေပေါ်ကနေ ဟိုဟာဆွဲ ဒီဟာဆွဲ နဲ့ လုပ်နေတော့ သူ့မေမေက "တူးဗစ် တူးဗစ်" နဲ့ အော်နေရတယ်။ ပထမတော့ နားမလည်ဘူး။ နောက်မှ အော် ကလေးကို e လို ပြောနေတာ။ "မင်းနဲ့ အရမ်းကြီးတယ်။ မင်း ၀တ်လို့ မရဘူး" ဆိုပြီး။ မိန်းကလေးတွေဟာ အလှအပနဲ့ ပတ်သတ်ရင် ငယ်ငယ်ထဲက ဇာတိပြတယ်။



Le'range မှာ discount ရှိတယ်လို့ ကျောင်းတက်ရင်း part time လုပ်နေတဲ့ ညီမလေးတစ်ယောက်က ပြောလို့ မနေ့က ရုံးဆင်းဆင်းချင်း မုန့်နည်းနည်းပဲ စားပြီးတော့ အခန်းဖော် နှစ်ယောက်နဲ့ အတူ အပြေးအလွှားသွားကြတာ။

တကယ်တော့ သောကြာညနေဆိုတာ တော်တော် ပင်ပန်းတဲ့ အချိန်။ ဒါပေမဲ့ မိန်းမများ ဒါမျိုးဆို မောတယ် ပန်းတယ် မထင်ဘူး။


အနီရောင် တစ်ထည်မှ မရှိဘူး ပြောရင် ယုံမှာလား။














ဒီလို တွန့်တွန့်တွေလဲ ဘယ်တော့မှ မ၀တ်ဘူး။ မလုပ်ဖူးတာတွေ လုပ်ကြည့်တာ။ တော်သေး ငလျင်စောစော လှုပ်သွားလို့။































ဒီ design ကတော့ စတွေ့တွေ့ချင်း တကယ့် rubbish ပဲ။ ဒါပေမဲ့ ၀တ်ကြည့်လိုက်တော့......................


မယုံဘူးလား။

မယုံရင် ကြည့်။ ခုပဲ ကိုယ့်ဘာသာ ပြန်ရိုက်ထားတယ်။ (ဖုန်းနဲ့)







































ဒါကမှ ကိုယ်ဝတ်နေကျပုံစံ။ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မပါဘူး။
























ကိုယ်ကြိုက်တဲ့ ပုံစံ။ ဘာမှ ရှုပ်ရှုပ်ယှက်ယှက် မပါတာတွေ။ (စင်ကာပူ အလန်လေးတွေ ကြားမှာတော့ ဒါ တိုက်ဂေါ ဒီဇိုင်းပဲ)
















လည်ပင်း ကျယ်ကျယ်တွေထက် လည်ပင်းပိတ်ပိတ်တွေ ပိုကြိုက်တယ်။ (ပိန်လို့)။ သိပ်တော့ မလွတ်လပ်ဘူး။ ဒါပေမဲ့ အဲဒီပုံစံတွေနဲ့ လိုက်တယ်လို့ ထင်တယ်။ (ကိုယ့်ဘာသာ ကိုယ်တော့ ဟုတ်နေတာချည်းပဲ)

ဒီဇိုင်းကတော့ နိုင်တီးဂွမ်တီးက ဒီဇိုင်းကြီးပါ။ ၀ယ်ထားတာ ၂ လကျော်လောက် ရှိပြီ။ တခါမှ အပြင်မှာ မ၀တ်ရသေးဘူး။



















ဒါကို ၀တ်တဲ့နေ့က အသိတယောက်နဲ့ တွေ့တော့ ၀လာတယ်လို့ အပြောခံရတယ်။


















ဘာမှ မဆိုင်ဘူး။ လှလို့တင်တာ။

*****


သူများတွေ အတည် ချက်ကြ ပြုတ်ကြတဲ့ အချိန်မှာ ပေါက်ကရ လုပ်ထားတဲ့ ဟင်းတွေ တင်လိုတင်...

သူများတွေ ဖိနပ်ကောင်းကောင်းအင်္ကျီကောင်းကောင်း တင်ကြတဲ့ အချိန်မှာ discount item တွေ တင်လိုတင်နဲ့ ကန့်လန့်တိုက်သလိုတော့ ဖြစ်နေလား မသိဘူး။

*****
တကယ်က ဘာမှ တင်စရာ မရှိလို့ စိတ်ကူးတည့်ရာတွေ လျှောက်တင်တာပါ။

*****