Sunday, January 31, 2010

မင်း နဲ့ ကိုယ်


မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ
လေးလံ ထိုင်းမှိုင်းမှုတွေကို
ချေဖျက်ပေးသယောင်နဲ့
Caffeine ဓါတ် များများ
ရင်ခုန်မှုတွေသာပေးထားခဲ့တာ...

*
မင်းက ကိုယ့်ရဲ့ အိပ်မက်ချိုပါ
ပျော်ရွှင် ယစ်မူးစေခဲ့သလောက်
မနက်ခင်းကိုလဲ ရောက်ရော
ကိုယ်ကြောက်တဲ့ အလွမ်းတွေနဲ့ပဲချန်ထားရစ်ခဲ့တာ...

*
မင်းက ကိုယ့် နံနက်ခင်းရဲ့ အလင်းရောင်ပါ
မပိုင်ဆိုင်ရရင်တောင်...
အငွေ့အသက်နဲ့တင် ရှင်သန်ခွင့်ရချင်ရဲ့ ...

*
ကိုယ်က အနန္တ စကြဝဠာပါ
ရင်ခွင်ထဲမှာရှိတဲ့ အလင်းပွင့်တွေက
မင်းအတွက် ချစ်ခြင်းတွေကို
ကိုယ်စားပြုရင်း ဖန်ဆင်းခဲ့တာပေါ့...

*
ကိုယ်က မဟာသမုဒ္ဒရာပါ
မင်းအတွက် အချစ်တွေက
ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့
သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...

*
ပြီးတော့...
ကိုယ်ဟာ မင်းပါ...

***
(about Feb 1999)

Friday, January 29, 2010

Bill Gates

သူ့မှတ်ဉာဏ်ဟာ အဲဒီ မိန့်ခွန်းရှည်ကြီးကို မျက်စေ့ထဲ လုံးစေ့ပတ်စေ့ အသေးစိတ် ဓါတ်ပုံရိုက်ထားသလိုမျိုး မှတ်မိနိုင်တဲ့ မှတ်ဉာဏ် (photographic memory) မျိုး မဟုတ်ပါဘူး လို့ ပြောပါတယ်။

သူဟာ သူ့ကို စိန်ခေါ်တဲ့၊ သူ့ကို စိတ်မဝင်စားဘဲ မနေနိုင်လောက်အောင်ဖြစ်စေတဲ့ စာမျိုးတွေကို မှတ်သားတဲ့ နေရာမှာသာ သူ့မှတ်ဉာဏ်ဟာ ကောင်းလွန်းတာပါ လို့ ပြောဆိုခဲ့ပါတယ်။

"အပြောင်းအလဲ ဒါမှမဟုတ် စိန်ခေါ်မှု တစ်ခုခုကို လိုအပ်လာတဲ့ အခါမျိုးမှာ ကျွန်တော်ဟာ ဘယ်သန်ပေမယ့် ညာလက်ကိုသုံးပြီး စာရေးပါတယ်"

Bill Gates Speaks by Janet C. Lowe

***
Seattle မှာနေတုန်း Bill Gates ငယ်ငယ်က အဖြစ်အပျက်တစ်ခုလို့ ဆိုပါတယ်။

သင်းအုပ်ဆရာက သမ္မာကျမ်းစာပါ မှတ်ရခက်ခဲတဲ့ "တောင်ပေါ်ဟောကြားချက်" ဆိုတဲ့ အခန်းကို အထစ်အငေါ့မရှိ အလွတ်ပြန်ရွတ်နိုင်ရင် Space Needle မှာ ညစာကျွေးမယ် စိမ်ခေါ်တော့၊ လူကြီးတွေတောင် မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို သူလုပ်နိုင်ခဲ့တယ် ဆိုတယ်။

ဘယ်သူတွေ ဘာပြောပြော၊ သူဟာ opportunist ပါလို့ ဆိုရင်တောင် ကိုယ်ကတော့ စိတ်ဝင်စားတယ်။
ဒါလဲ ရေးမှတ်ထားခဲ့တာ တစ်ခုပါပဲ။

***

Thursday, January 28, 2010

Written Record (2)

၁၃) * လူတွေကို သူတို့ကို သူတို့ အရေးပါ အရာရောက်တဲ့သူတွေလို့ ထင်လာအောင် လုပ်ပေးပါ။

၁၄) အလုပ်ခွင်ထဲက ကိုယ့်ရဲ့ စွမ်းဆောင်အောင်မြင်မှုတွေကို မှတ်တမ်းရေးထားပါ။
လခတိုး၊ ရာထူးတိုးစရာ အခွင့်အလမ်းပေါ်လာရင် အဲဒီ မှတ်တမ်းလေးကို အသုံးချပါ။

၁၅) * အိပ်ရာမဝင်ခင် စိတ်ပျော်ရွှင် ချမ်းသာစရာ တစ်ခုခု ဖတ်တဲ့ အလေ့အကျင့် လုပ်ထားပါ။

၁၆) အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။
တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာအောင်ကြိုးစားပါ။

(ဒါနဲ့ ဆင်တူယိုးမှားတစ်ခု ဖတ်ခဲ့ဖူးတယ်။ "စိတ်ချမ်းသာမှုကို အရင်မရှာပါနဲ့။ အောင်မြင်အောင် အရင်လုပ်ပါ" ဆိုတာ.. အဲဒါကို ခေါင်းထဲ ပိုရောက်ခဲ့တယ်။ အပေါ်စာကြောင်းကတော့ ခုပြန်တွေ့မှ ပြန်သတိထားမိတော့တယ်။)

၁၇) လုပ်ငန်းရဲ့ အကွေ့အကောက်တွေ၊ ညစ်ပုံညစ်နည်းတွေအကြောင်း လေ့လာပြီး အချိန်မဖြုန်းပါနဲ့။ လုပ်ငန်းအကြောင်းကိုပဲ လေ့လာပြီး အချိန်ဖြုန်းပါ။

၁၈) လုပ်ငန်းနယ်ပယ်ထဲ ထိပ်ဆုံးရောက်နေသူတွေမှာ ပြဿနာအားလုံးအတွက် အဖြေရှိတယ်လို့ တွက်မထားပါနဲ့။ မရှိတတ်ပါဘူး။

၁၉) ကော်မတီဖွဲ့ပြီး ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ရင် အဲဒီ ဆုံးဖြတ်ချက်ချရတဲ့ ကော်မတီထဲ ကိုယ်ပါအောင် လုပ်ပါ။

၂ဝ) ကိုယ့်စိတ်နေစိတ်ထားကို ပြင်ရင် လုပ်ပုံကိုင်ပုံတွေလည်း ပြောင်းလာလိမ့်မယ်။

(အဲဒါ သိပ်မှန်တယ်။ အပီအပြင်ကို ဆော်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ တပြိုင်နက်... ရေးလက်စ အချစ်ဝတ္ထုတောင် ဆက်ရေးလို့ မရတော့ဘူး။ fighter post တွေချည်း ဆက်တိုက် ထွက်လာတော့တာပဲ။ Win - Win Thinking မှာတောင် ဖြည့်စွက်ချက် ထပ်ထည့်လိုက်ရသေးတယ်။

တောင်အာဖရိက နိုင်ငံရေးကိစ္စနဲ့ ဆက်စပ်ရေးထားတဲ့ အကြောင်းအရာတစ်ခုမှာ မိဘက ကောင်းမွန်စွာဆုံးမထားခြင်းရှိသော စကားလုံးတွေနဲ့ မဟုတ်ဘဲ ဝင်ပြောပြီး Win Win ချင်တဲ့သူတွေက ရှိသေးတယ်။
ဒုက္ခ ဒုက္ခ!)

၂၁) * အဆင်သင့် ပြင်ထားပါ။ တွေ့တွေ့ချင်း အထင်ကြီးအောင်လုပ်ဖို့ အခွင့်အရေး နောက်တစ်ကြိမ် ထပ်ရမှာ မဟုတ်ဘူး။

၂၂) တစ်နေ့ တစ်နေ့ကို အရေးအကြီးဆုံး လုပ်စရာတစ်ခုနဲ့ စလုပ်ပါ။ သိပ်အရေးမကြီးတဲ့ အလုပ်တွေကို နောက်ပြီးမှ လုပ်ပါ။

(ရုံးအလုပ်နဲ့ cbox တပြိုင်တည်း တွဲလုပ်နေမိတယ်။ ၂ လ လောက်ရှိပြီ။ ဒါပေမဲ့ သိပ်အရေးမကြီးပါဘူး။ အချိန်မတိုင်ခင် ပြီးအောင် လုပ်နိုင်တာတွေချည်းပဲ ;) တခါလားပဲ extension တောင်းရဖူးတယ်။

၂၃) လိုအပ်မယ်လို့ ထင်တာထက် ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းထား၊ ဆည်းပူးထားပါ။

၂၄) ထူးချွန်အောင် ကြိုးစားပါ။ ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်အောင် မကြိုးစားပါနဲ့။

***
ငယ်ငယ်က အတော်ကြွတက်ခဲ့တာပဲ။

***

Wednesday, January 27, 2010

Written Record (1)

၁) မင်းလုပ်ချင်တာတွေကို ဘာကြောင့်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတတ်တဲ့လူတွေ ရှိတယ်။ သူတို့ကို ဂရုမစိုက်ပါနဲ့။

(မှန်တယ်။ မလိုလို့ ပြောတာကို ထားလိုက်ဦး။ ကိုယ့်အကျိုးကို လိုလားပါတယ် ဆိုတဲ့ လူတွေဆီကတောင် စေတနာကောင်းနဲ့ အဲဒီစကားမျိုးကို ပြောတတ်ကြတယ်။ MMRD က MD ဦးမိုးကျော် ရဲ့ အမေကိုယ်တိုင်က
ဦးမိုးကျော် ရန်ကုန်လမ်းညွှန်ကို စလုပ်တော့မယ် ဆိုတော့ မင်းဟာက လိုမှ မလိုအပ်တာ။ ရန်ကုန်မှာနေတဲ့သူတိုင်း ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာ အကုန်သိတယ် လို့ ပြောတယ်တဲ့။)

၂) ရှေ့နေကောင်း၊ စာရင်းကိုင်ကောင်းတွေနဲ့ ပေါင်းပါ။

၃) ငါတို့ တတ်နိုင်သမျှ ကြိုးစားပြီးပြီလို့ ပြောတာ အကျိုးမရှိဘူး။
လုပ်သင့်တာကို လုပ်မှ အောင်မြင်မယ်။

၎) Tennis ကစားဖက် ရွေးသလိုပဲ။ စီးပွားရေး လုပ်ငန်းမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရွေးပါ။
ကိုယ် မတတ်တာ တတ်တဲ့ လူတစ်ယောက်ကို ခေါ်ပါ။

၅) ရှေ့နေတစ်ယောက်၊ စာရင်းကိုင်တစ်ယောက်ဆီက စီးပွားရေးလုပ်ငန်းအတွက် ဘယ်တော့မှ အကြံမတောင်းပါနဲ့။ သူတို့ဟာ ပြဿနာ ရှာတတ်တဲ့လူတွေဖြစ်တယ်။ အဖြေရှာတတ်တဲ့လူတွေ မဟုတ်ဘူး။

၆) * ဘဏ္ဍာရေးရှင်းတမ်းတစ်ခုကို ဖတ်တတ်အောင် လေ့လာဆည်းပူးထားပါ။

ရ) * ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေနဲ့ သဟဇာတ ဖြစ်တဲ့ အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ပါ။

၈) * Telephone ထူးတဲ့ အသံဟာ စိတ်လိုလက်ရ ခွန်အားရှိတဲ့အသံ ဖြစ်ပါစေ။

၉) မူလပုံစံ မပျက်ပါစေနဲ့။

၁ဝ) မြန်တာနဲ့ စွမ်းရည်မြင့်တယ်လို့ မထင်လိုက်နဲ့။

၁၁) ကိုယ့် စိတ်သဘောထားကို ကိုယ်ပြန်ပြီး ဆန်းစစ်ကြည့်။ မင်းအကြောင်းနဲ့ ပတ်သတ်လို့ လူတွေ ပထမဆုံး သတိထားမိမှာက မင်းရဲ့ စိတ်သဘောထားပဲ။

(အဲဒါတော့ လက်မခံဘူး။ သူသူကိုယ်ကိုယ် လူတစ်ယောက်ကို စတွေ့တာနဲ့ စိတ်သဘောထားကို နောက်ဆုံးမှ အကဲခတ်မိတာ။ လွန်စရာရှိရင် အဲဒီအချိန်မှာတင် လွန်သွားပြီးပြီ။)

၁၂) ထိုက်တန်ပြီလို့ ယူဆရင် ရာထူး၊ လစာ တိုးပေးဖို့ တောင်းဆိုပါ

***
ကျောင်းပြီးကာစလောက်က ကူးထားမိတဲ့ အာဘော်တွေ။
စာအုပ်နာမည် ရေးမှတ်မထားတော့ မသိတော့ဘူး။
ဘာသာပြန်တာ ခင်မောင်ညို (ဘောဂဗေဒ) ပါ။

သဘောတူတာ မတူတာ၊ ကိုယ့်အယူအဆနဲ့ ကိုက်တာ မကိုက်တာထက် စိတ်ဝင်စားလို့ ကူးထားခဲ့တာပါ။ ကျောင်းပြီးကာစဆိုတာလည်း တက်ကြွတဲ့ အချိန်ကိုး။

* ပြထားတာတွေကတော့ ကိုယ့်အတွက် စဉ်းစားစရာဖြစ်စေတဲ့ အချက်၊ ဒါမှမဟုတ် alert ဖြစ်သွားစေတဲ့ အချက်လို့ (အဲဒီအချိန်က) ယူဆခဲ့တာတွေပါ။ ကျန်နေပါသေးတယ်။

***
ဘာမှ တင်စရာ မရှိတာနဲ့ notebook တွေ ပြန်လှန်ပြီး တင်လိုက်တာ။

***

Monday, January 25, 2010

သစ္စာနီ - သံသရာ

သံသရာ

သူတို့... ဘာမှမတော်ကြပါဘူး။
သူတို့ မျက်နှာတွေက ခပ်ဆင်ဆင်

သူတို့ စကားလုံးတွေက ခပ်ဆင်ဆင်
သူတို့ ကောင်းကင်တွေက ခပ်ဆင်ဆင်

တစ်ယောက်ရဲ့ မျက်ရည်ကို
တစ်ယောက်က မီးလှုံကြ
တစ်ယောက်ရဲ့ အိပ်မက်ကို
တစ်ယောက်က ထွန်ယက်ကြ
တစ်ယောက်ရဲ့ ပင်လယ်မှာ
တစ်ယောက်က သောင်ထွန်းကြ
တစ်ယောက်ရဲ့ အသည်းနှလုံးကို
တစ်ယောက်က ဘာသာပြန်ကြ။

သူတို့... ဘာမှမတော်ကြပါဘူး
ကံက ကံမကောင်းဘူးတဲ့
လမ်းဟာ လမ်းပျောက်နေတယ်တဲ့

သူတို့... ဘာမှမတော်ကြပါဘူး။

***

မနေ့က post အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ တွေ့ခဲ့ရတဲ့ ကဗျာ။
ဖတ်တုန်းက စိတ်မဝင်စားဘဲ အမှတ်တမဲ့ ဖတ်ခဲ့မိတာ သေချာတယ်။
ပြန်ဖတ်မိတော့ ဖတ်ခဲ့ဖူးတယ်ဆိုတာတောင် သတိမရတော့ဘူး။

မနေ့ကတော့ အဲဒီဘလော့
က နောက်ဆုံး post ကို ဖတ်ပြီး၊ post အဟောင်းတစ်ခု ရှာရင်းနဲ့ အမှတ်မထင် ပြန်တွေ့တာ။ ဖတ်ဖတ်ချင်း တန်းခနဲ ပဲ မြင်သွားလိုက်တာ။ ထူးပဲထူးဆန်းသေးတော့...

ဘာကိုလဲ လို့ လာမမေးကြနဲ့။ လုံးဝ ဖြေမှာ မဟုတ်ဘူး။


အဲဒီအကြောင်းတွေ လုံးဝ မပြောရတော့ဘူး လို့ တစ်ချက်လွှတ်အမိန့် ထုတ်ထားခံရလို့။
:)

အဲဒီခေါင်းစဉ်အတိုင်းတပ်လို့ လွန်ခဲ့တဲ့လကမှ စိတ်ထဲကနေ ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ ရှိသေးတယ်။ ခေါင်းစဉ်က တမင်တူအောင် ပေးထားတာ မဟုတ်ဘဲ idea ကိုက တူနေတာ။
တင်ပါလားလို့ လာမပြောကြနဲ့။ လုံးဝ တင်မှာ မဟုတ်ဘူး။
အဲဒီအကြောင်းတွေ လုံးဝ မရေးရတော့ဘူး လို့ တစ်ချက်လွှတ်အမိန့် ထုတ်ထားခံရလို့။

:)

***
ကိုယ် ပထမဆုံး ဖတ်ဖူးတဲ့ လုံချင်း (မောင်စိန်ဝင်း - ပုတီးကုန်း ရဲ့ ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း) မှာ ကဗျာသမားတွေ စုဆုံကြတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာ အကြောင်း ပြောထားကြတဲ့ ဇာတ်ကွက်လေး ပါတယ်။ ဇာတ်ကွက်ဆိုပေမယ့် တကယ် စာရေးဆရာကိုယ်တိုင် ကြုံလာခဲ့တဲ့ ဇာတ်ကွက်အစစ် ဖြစ်မယ်ဆိုတာ သေချာပါတယ်။

လိုရင်းကတော့ အဲဒီ ကဗျာကို ရှုထောင့်အမျိုးမျိုးက ကြည့်လို့ ဘာကိုရေးထားတာပါလို့ သန်ရာသန်ရာ အဓိပ္ပါယ်ဖွင့်ကြတာကို ပြောထားတာပါ။ တချို့ကလည်း လောကဓံကို ဖွဲ့တာပါပေါ့။ တချို့ကလည်း ဒါ တရားသဘောနဲ့ ကြည့်ရင် ဘယ်လိုပါပေါ့။

အဲဒီမှာ ဆရာဇော်ဂျီက ပြုံးပြီး ပြန်ပြောတာက...
မြစ်ထဲ သင်္ဘောစီးရင်း ငါ မြင်တာကို ငါ ရေးလာတာပါ တဲ့။

***
ဒီမှာ မူရင်း post ပါ။

***

Wednesday, January 20, 2010

ရေချိုးဆိပ်

ရေချိုးဆိပ် (တေးရေး - မြို့မငြိမ်း)

ကမ်းဆိပ်ရိပ်သာ သီတာ ရေလျဉ် ယဉ်

ဧရာ ခွေဝန်း သောင်ထွန်းတဲ့ တစ်ဖက်ကျွန်းဆွယ် တဘက်ကျွန်းတွင်
ညနေချမ်းဆီ နေရီရီ

ရောင်ခြည်ဆွတ်ဖျန်း ကမ္ဘာတဝှမ်း အလှဆန်းကြယ်


ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

နုမျစ် ပျိုရွယ် ဖူးသစ်စ လုံမယ်
ကိုယ်လက် သန့်ရှင်း ရေချိုးဆင်းရာဝယ်

ပျော်ပျော်မြူးမြူး ရေ (ကို) ကူးလို့ အထူး ကျန်းမာတယ်

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်

ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်


ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်


စစ်သားကောင်းတို့ အမေ မိခင်
တော်ချင်သူရယ်
ဟောဟိုလူ ရင်အုပ်ကားကား ကြွက်သား အဖုအဖု အဖုဖု
ထုထုပြီး ခရာချင်စရာငယ်
ထွားကျိုင်းတဲ့ မြန်မာလူငယ်


တော်စမ်းဟယ် ကောင်မရယ်
ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့

မျက်စောင်း ကလေးကချီ ရှုတော့ဖြင့် မတည်ရှာတယ်


အနားက အဘွားအို အဝတ်လျှော်နေရင်းက

ဆပ်ပြာကို ဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်

***
အရင်ဦးဆုံး ကသစ်ပန်း post မှာ ဝင်းဦး version ကို share ပေးတဲ့ မောင်အောင်ဖြိုး ကို ကျေးဇူးတင်ပါတယ်။ ဒီလို သီချင်းမျိုးကို ကိုယ့်ထက် ၁ဝ နှစ်လောက်ငယ်တဲ့သူတစ်ယောက် စိတ်ဝင်စားလိမ့်မယ် မထင်ထားတာမို့ အံ့လည်းသြမိပါတယ်။

***
သီချင်းကို နားထောင်ရင်းနဲ့ အင်မတန် နှစ်သက်လွန်းလို့ ပီတိဖြစ်ပြီး ပြုံးလို့တောင်မှ နေမိတယ်။

ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

ရေချိုးနေတဲ့ လူတွေပေါ် ညနေ နေခြည် ထိုးကျလာတဲ့ မြင်ကွင်းလေး။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရူပက အလင်္ကာပါလိမ့်။

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်

အလွန် အံ့သြစရာကောင်းတဲ့ အရေးအဖွဲ့ပါပဲ။

မြစ်ရေပြင်ရဲ့ ရနံ့ရယ်၊ ညနေခင်းလေပြည် နဲ့ ဝင်ခါနီး နေရောင်ဖျိုးဖျရယ်...

အနီးနားက လှော်သွားတဲ့ ငှက်သံလေးရယ်၊

ကမ်းပေါ်တနေရာက လူရွယ်လေးကို ကြည့်ရင်း
ရေချိုးရင်းကနေ အချင်းချင်းသာရှိလို့ ခပ်ကျိတ်ကျိတ် ခပ်ကဲကဲ စနောက်ရယ်မောနေတဲ့ အရွယ်ကောင်း မိန်းမပျိုလေးတစ်သိုက်ရယ်။

အဲဒီထဲကမှ အစအနောက်ခံရလို့ မချိုမချဉ် အပြုံးနဲ့ မျက်စောင်းချီနေမယ့် တစ်ယောက်သော မိန်းမငယ်လေးရယ်။ (စစ်သားကောင်းတို့ မိခင် တော်ချင်သူ ဆိုတာ သူပဲ ဖြစ်ရမယ်)။

မိန်းကလေးတွေ လှုပ်လှုပ်ရွရွ ဖြစ်နေတာကို ကြည့်မရလို့ပဲလား၊
သူ့ဘာသာပဲ အဝတ်လျှော်တာ စိတ်တိုင်းမကျ ဖြစ်နေတာလား မသိနိုင်တဲ့ ငယ်ရာက ကြီးလာတဲ့ အဘွားအို တယောက်ရယ်...

သူတို့ဆီမှာ တဖျတ်ဖျတ်ခတ်နေတဲ့ နှလုံးသားလိပ်ပြာက ကိုယ့်ရင်ထဲထိ ကူးစက်လို့ ဝင်လာပါတယ်။
ဘယ်လောက်တောင် အေးချမ်းလွတ်လပ် ရှိလိုက်မယ့် ဘဝတွေပါလိမ့်။

တယောက်ယောက်က ရေဘောင်ဘင် ကူးလိုက်လို့ လွင့်စင်လာမယ့် ရေသံနဲ့ ရေစက်ကလေးတွေကိုတောင် အတွေးနဲ့ ခံစားမိပါတယ်။

သီချင်းက သရုပ်ဖော်ထားတဲ့ မြင်ကွင်းကို ပီပီပြင်ပြင် မြင်လာရင်း ရာဇဝင်များရဲ့ သတို့သမီး ကို MTV ရိုက်မယ့် ဆရာ ဒီသီချင်းကိုရော မရိုက်ချင်ဘူးလားလို့ မေးချင်လာမိတယ်။

***
သိပ်မကြာသေးခင်ကမှ ရွှေအမြုတေ မှာ ဖတ်လိုက်ရတဲ့ သုမောင် ရဲ့ ကဗျာ ဆိုတာ ဆဲတာပဲ (ဆောင်းပါးရဲ့ ခေါင်းစဉ် မဟုတ်ပါ) ဆိုတဲ့ ဆောင်းပါးထဲက အကြောင်းအရာ တစ်ခုနဲ့ ဆက်စပ်လို့ တွေးမိပါတယ်။ အဲဒီထဲမှာ သူက စကားလုံး နောက်ကွယ်မှာ စေတနာပါရင် ကြမ်းတမ်းတဲ့ စကားကတောင် နားဝင်ချို ပီတိဖြစ်စရာပါလို့ သူ့ကြီးတော် တစ်ယောက်နဲ့ ဥပမာပေးပြီး ပြောသွားတာ ထူးခြားလို့ စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိပါသေးတယ်။

မဖတ်ရသေးတဲ့သူများအတွက် နည်းနည်း အမြည်းထည့်ပေးချင်ပါတယ်။
အဲဒီ ကြီးတော်ကြီးဟာ စိတ်စေတနာ ကောင်းပေမယ့် အပြောဆိုးပါတယ် ဆိုတယ်။
သူတို့တွေကို မုန့်ခေါ်ကျွေးတာတောင်မှ "ဟဲ့ ဟိုအကောင်လေး လာခဲ့ မြိုလှည့်" ဆိုတာမျိုး။
သူ့ယောင်းမ (သုမောင်တို့ အမေ) ကိုလည်း ဒီလိုပဲ ပြောတတ်တယ် ဆိုတယ်။

တနေ့ ကြီးတော်ကြီး အတော်မကျန်းမာ ဖြစ်ပြီး သတိတော်တော်နဲ့ မရဖြစ်နေပါရော။
အဲဒီမှာ ယောင်းမ ဖြစ်သူက မနားမနေ ပြုစုရင်း အနားမှာ ထိုင်စောင့်နေတုန်း သူ သတိပြန်လည် လာပါတယ်။ သတိရရချင်း ဘေးမှာ တွေ့တဲ့ ယောင်းမကို

"ဟဲ့ ..... မ ညည်းအတော် ပင်ပန်းနေပြီ။ နားတော့။"

လို့ ပြောတော့ သုမောင်တို့ အမေမှာ သူ့ယောက်ျားဖြစ်သူကို လှမ်းခေါ်ရင်း "မမ ပြန်ဆဲနေပြီ။ ပြန်ဆဲနေပြီ။ သတိပြန်ရပြီ။" လို့ ဝမ်းသာအားရပြောရင်း မျက်ရည်တွေ လည်လာတယ် ဆိုတာပါ။

(..... ပြထားတဲ့ စကားလုံး ဘာလဲ လာမမေးကြပါနဲ့။ ကိုယ်လဲ မသိဘူး။ သူ့ဆောင်းပါးထဲမှာ အဲဒီတိုင်းပဲ ရေးထားတယ်)

***
ပြီးတော့ ဆရာငြိမ်းဟာ "ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့" ဆိုတဲ့ စကားလုံးကို အနုပညာမြောက်ပြီး နှစ်သက်နားဆင်စရာဖြစ်အောင် ရေးတတ်နိုင်ခဲ့တာ ဘယ်လို မှော်အစွမ်းနဲ့များပါလိမ့်လို့ တွေးမိရပါတယ်။

မြို့မငြိမ်းဟာ gifted တစ်ယောက်ပါပဲလို့ လှိုက်လှိုက်လှဲလှဲ ခံစားမိစေတဲ့ သီချင်းပါပဲ။

***
ဝင်းဦး နဲ့ မာမာအေး version နှစ်မျိုးမှာ ကိုယ်ကတော့ မာမာအေး ဆိုတာကို ပိုနှစ်သက်မိပါတယ်။
သူ အသံနဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်သွားနိုင်တာကြောင့်မို့လို့ကို ကျိတ်ပုန်းစား နေကြတဲ့ မိန်းကလေး တစ်သိုက်ရဲ့ သရုပ်က ပိုပေါ်လွင်လာတာပါပဲ။

ကိုယ်ကတော့ သီချင်းတစ်ပုဒ်မှာ အဆိုပညာတင်မကဘဲ mood ပါ အဓိက ကျတယ်လို့ ယူဆတာမို့ မာမာအေးဟာလဲ ပါရမီရှင်ပါပဲလို့ ခံစားမိပါတယ်။ (တကယ်တော့ အဲလို ရေးပြီး ချီးကျူးရမှာတောင် စိတ်ထဲမှာ မဝံ့ဘူး ဖြစ်မိတယ်။)

သရုပ်ပေါ်အောင် ရေးသူကိုရော၊ ရုပ်လုံးကြွအောင် ဆိုပေးသူကိုပါ နားထောင်နေရင်းက
တကယ်ပဲ ကျေးဇူး အထပ်ထပ် တင်နေမိတော့တယ်။

ကျိတ်ပုန်းစား ဆိုတဲ့ စကားလုံးကို ကျိတ်ပုန်းစလား ကျိတ်ပုန်းစားလား သေချာအောင် အတည်ပြုရပါသေးတယ်။ နောက်တော့ အားလုံး သဘောညီတဲ့ ကျိတ်ပုန်းစားကို အတည်ပြုလိုက်ပါတယ်။ တိတ်တိတ် ကျီစယ်စနောက် တာပါ။

ဖောင်စွန်းတိုင်ပင် ဆိုတာ အဝတ်လျှော်နေတဲ့ အဘွားက ထဆဲတော့ သူငယ်မတွေ မလုံမလဲ ဖြစ်ပြီး ကမန်းကတန်း ရေဆင်းကူးရာမှာ သူတို့ရေချိုးနေတဲ့ အနီးနားက ဖောင်ထိရောက်အောင် ရေတွေစင်ကုန်တာကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။

အဲဒီ အဓိပ္ပါယ်တွေကို သေချာချင်လို့ လှမ်းပြီး အတည်ပြုချက်ယူရပါသေးတယ်။
ဆရာ ညီလင်းဆက် နဲ့ ဆရာ သက်ပိုင်သူ ကို ကျေးဇူးပါ။ :)

***
Download လုပ်ရန်

ဝင်းဦး
မာမာအေး

***
Update : 21st Jan '10 (9:45 AM) ခုပဲ အမှားပြင်ဆင်ချက်စာ ထပ်ရောက်လာလို့ မှားနေတဲ့ စကားလုံးတွေကို ဆရာ ပြင်ပေးတဲ့ အမှန် စကားလုံးတွေရဲ့ ဘေးမှာ strike through ထည့်ပြီး ပြင်ပေးလိုက်ရပါတယ်။


ဆရာ့ကို ကျေးဇူးအထူး တင်ရပါတယ်။

***
Update : 25th Jan '10 (8:25 PM)
ရီတာ မင်းအဓိပ္ပာယ်ယူတာတွေ လွဲနေတယ်
တိုက်တိုက်ဆိုင်ဆိုင် ဦးမင်းဒင်နဲ့ အဲဒီသီချင်းအကြောင်း တလောကပဲ ပြောမိကြသေးတယ် ကျိတ်ပုန်းစား ဆိုတာ အတင်းပြောကြတာလို့ ဆိုတယ် ပြီးတော့ အဘွားအိုက မိန်းမပျိုတွေကို မဆဲပါဘူး ဆပ်ပြာကို ဆဲတာပါ။ ဆဲတာလည်း အကြောင်းရှိပါတယ် ဖောင်စွန်းတိုင် ရေတွေစင်တာလည်း မိန်းမပျိုတွေ ရေထဲဆင်းကူးလို့ မဟုတ်ပါဘူး ဦးမင်းဒင်ကို သွားမေးကြပါကုန်။
(သူ သီချင်းထဲမှာ ပါတဲ့ အဓိပ္ပာယ်တွေ ဖွင့်ရေးမယ်လို့ ပြောဖူးထားကြောင်းပါ ဖွလိုက်ပါတယ်။)

(ကိုသင်ကာ)

***
သီချင်းရာဇဝင်ကို သေချာသိပြီးသွားရင် လွဲနေတာ တချို့ကို ပြန်ပြင်ပေးပါမယ်။

***

Sunday, January 17, 2010

ဗုဒ္ဓဘာသာ မေးခွန်းများ

12 Jan 10, 21:17 ၁) akm: မရီတာရေ (ကံ)ဘယ်နှစ်မျိုးရှိပါသလဲ။ ကောင်တာလုပ်ရင်ကောင်းတာဖြစ်ပါသလား၊
မကောင်းတာလုပ်ရင်မကောင်တာဖြစ်ပါသလား၊
ကောင်းတာလဲမလုပ်ဘူးမကောင်းတာလဲမလုပ်ဘူးအဲ့ဒိလူကိုဘာအကြိုးပေမယ်ထင်ပါသလဲ။

12 Jan 10, 21:20
၂) akm: လူတစ်ရောက်ဟာဘယ်အချိန်မှာဗုဒ္ဓဘာသာစဖြစ်တာပါလဲ။

12 Jan 10, 21:23
၃) akm: ဘုရားအလောင်းဥဒေါင်းမင်းဟာ အဘယ်ကဲ့သိုသောကြောင့် နေကိုယ်ရှစ်ခိုးကန်တော့ရပါသလဲ။

12 Jan 10, 21:30
၎) akm: ၀တ်ကြွေးရှိရင်ဘယ်လိုမှလွှဲရှောင်လိုမရတောဘူးလား။

***

ဒါ ပိတ်ထားတဲ့ cbox မှာ လာရေးသွားတဲ့ akm ရဲ့ မေးခွန်းတွေပါ။
akm ဆိုတဲ့ nick ကို မမကွမ် ဆီမှာလဲ တွေ့ဖူးတယ်လို့ ထင်ပါတယ်။ တူ မတူ မသိပါ။

cbox ကို blog က ဖြုတ်လိုက်ပြီး၊ သွားမကြည့်ဖြစ်လို့ ခုမှ တင်လိုက်ပါတယ်။
ကိုယ်သိသလောက် ဖြေပါမယ်။ reader တွေထဲကလည်း သိရင် ဖြေချင်စိတ်ရှိရင် ဖြေပေးသွားပါ။

ကိုယ့်အနေနဲ့တော့ ဘာစာအုပ်ကို ကိုင်လို့မှ ဖြေတာ မဟုတ်ပါဘူး ဆိုတာ အရင် ပြောပါမယ်။
ကိုင်စရာ ဘာစာအုပ်မှ အနားမှာ မရှိပါ။
ရှိသည့်တိုင်အောင် စာအုပ်ကို ဖတ်ချင်စိတ် မရှိတာ တော်တော်ကြာနေပြီ ဖြစ်လို့ ဖတ်မှာ မဟုတ်ပါဘူး။ ဗေဒင် ယတြာ post ရဲ့ နောက်ပိုင်း အန်ကယ် Bino ပို့ပေးထားတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ ebook တချို့တောင် ခုထိ မဖတ်ဖြစ်သေးပါဘူး။

ဒီတော့ ခု ဖြေလိုက်တဲ့ အဖြေတွေက ကိုယ်လေ့လာဖူးသမျှ နဲ့ ကိုယ်လက်ခံထားတဲ့ အယူအဆတွေသာ ဖြစ်ပါမယ်။ တူ မတူ တိုက်ကြည့်ကြတာပေါ့။ မသိတဲ့ အပိုင်းတွေ ရှိရင် မသိဘူး လို့ ပြောပါမယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒီမေးခွန်းတွေဟာ မေးလောက်စရာတွေလို့ မထင်ပါဘူး။
တိတိကျကျ ပြောရရင် ဟိုတခါ ကို zt မေးသွားတဲ့ ဝဋ်ကြွေးကိစ္စမျိုးလို မေးသင့်မေးထိုက်တဲ့ စိတ်ဝင်စားစရာ မေးခွန်းမျိုးလို့ မထင်ပါဘူး။ တချို့ဟာတွေက မသိလည်းရတဲ့ ကိစ္စမျိုးတွေပါ။

***
၁) ကံ ဆိုတာ အလုပ်လို့ ဖွင့်တဲ့ အဓိပ္ပါယ်ကို ကိုယ်က ဘဝင်ကျစွာ လက်ခံပါတယ်။
ဘာမှ အသေးစိတ်နေစရာမလိုဘဲ နှစ်မျိုး ခွဲရင် ကောင်းတဲ့ကံနဲ့၊ မကောင်းတဲ့ကံ .. ဆိုတော့ (၂) မျိုးပေါ့။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး၊ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်တယ်လို့ လိုလိုလားလား လက်ခံပါတယ်။ ဘာလို့ လိုလိုလားလားလက်ခံရသလဲ ဆိုတော့ လွတ်လပ်တဲ့ အတွေးအခေါ်ဖြစ်လို့ပါ။ အဲဒီလို လက်ခံလိုက်ခြင်းအားဖြင့် စိတ်လွတ်လပ် ကျေနပ်မိလို့ပါ။

ဒါပေမဲ့ ခုကောင်းတာလုပ်နေရဲ့သားနဲ့ ဘာလို့ မကောင်းတာတွေ ဖြစ်နေရတာလဲ ဆိုတဲ့ ဗုဒ္ဓဘာသာဝင် မပီသတဲ့ မေးခွန်းမျိုးကို ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ထုတ်တတ်ကြပါတယ်။ တချို့တွေက ကံဆိုတာ မမြင်ရတဲ့ အကြောင်းတရားတခုခု၊ တန်ခိုးရှင်တယောက်ယောက်က ဖန်တီးတဲ့ အရာလို့ ထင်မြင်ယူဆ တတ်တာလည်း တွေ့ရပါတယ်။

ကိုယ်ခံယူတဲ့ အယူအဆကို ပြောပါမယ်။
ဗုဒ္ဓဘာသာမှာ သံသရာကို ထည့်မပြောလို့ မရပါဘူး။
ကျင်လည်ခဲ့ဖူးတဲ့ ဘဝတွေကို ထည့်မတွက်လို့ မရပါဘူး။
ဒီတော့ ခုကောင်းတာလုပ် ခုကောင်းတာဖြစ်ဆိုတဲ့ ခုရေတွင်းတူး ခုရေကြည်သောက် အယူအဆနဲ့ ချိန်ထိုး တွေးခေါ် တန်ဖိုးဖြတ်လို့ မရပါဘူး။ ခုကောင်းတာလုပ်ပေမယ့် အဲဒီ ကံအကောင်းက အကျိုးမပေးသေးဘဲ၊ အရင်ဘဝအဆက်ဆက်က မကောင်းတဲ့ကံက လာအကျိုးပေးရင် တရားနာပြီး ဘာဝနာတွေပွား ပီတိဖြစ်ပြီးလာပေမယ့် ကားတိုက်ခံရချင်လည်း ခံရမှာပဲ။

ဒီလိုပဲ မဟုတ်တာမမှန်တာတွေလုပ်ပြီး လောကီစည်းစိမ်အပြည့်နဲ့ စံစားနေရတဲ့လူတွေလည်း ရှာစရာမလိုဘဲတောင် တွေ့နိုင်ပါတယ်။ ဘုရားရှင် ပါရမီဖြည့်စဉ် ဘဝတွေမှာ ဒေဝဒတ်အလောင်းဟာ ဘုရားလောင်းထက် လောကီစည်းစိမ်အားဖြင့် သာလွန်တဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။

နောက်တခုက ကောင်းတာလည်း မလုပ်ဘူး။ မကောင်းတာလည်း မလုပ်ဘူး။ ဆိုတာ...
တခုပြန်မေးချင်ပါတယ်။ အဲဒီလူ ကိုမာ ဝင်နေတာလား???
အဲဒါဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ (ဖြစ်ကောင်းဖြစ်နိုင်တယ်လို့သာ ပြောနိုင်သေးတယ်နော်။ သူ့စိတ်(နာမ်)ဟာ သေမနေတော့ ကောင်းခြင်း ဆိုးခြင်းက အဲဒီ စိတ်မှာ ဖြစ်နေနိုင်သေးတာ။)

ကိုယ့်အယူအဆအရကတော့ အဲဒါ out of the question ပဲ။
ကောင်းတာလဲ မလုပ် မကောင်းတာလဲ မလုပ်ဆိုတာ လူ့ဘုံမှာတော့ မဖြစ်နိုင်ဘူး။
နာမ်ပဲရှိတဲ့ဘုံ၊ ရုပ်ပဲရှိတဲ့ဘုံတွေမှာတော့ ကိုယ်မသိဘူး။
သိတဲ့လူ ရှိရင် ဒီမှာ လာဖြေပေးပါလိမ့်မယ်။ အဲဒါကို စောင့်လိုက်ပါ။

(နောက်တခု ဖြစ်နိုင်ချေက မေးသူ အနေနဲ့ မေးခွန်းကို သေသေချာချာ ရှင်းအောင်ရေးမထားပေမယ့် မေးချင်တာက ကံ မဟုတ်ဘဲ အဲဒီကံ ရဲ့ အကျိုးပေးပုံ ဖြစ်နေနိုင်ပါသေးတယ်။

ပါဠိလိုတွေတော့ ကိုယ်စိတ်မပါလို့ ပြန်မရှာတော့ပါဘူး။
မှတ်မိသလောက် ဖြေပေးပါမယ်။
၁) ချက်ချင်း အကျိုးပေးတဲ့ကံ
၂) နောက်တဘဝမှာ ပေးတဲ့ကံ
၃) ဘဝပေါင်းများစွာ ခြားပြီးမှ ပေးတဲ့ကံ
၎) လုံးဝကို အလဟဿ ဖြစ်သွားတဲ့ကံ (အဟောသိကံ ခေါ်တာပေါ့) လို့ ရှိပါတယ်တဲ့။ (လိုရင်လည်း လိုနေလိမ့်ဦးမယ်။ မသေချာသေးဘူး။ သေချာအောင် လုပ်ဖို့လည်း ရှာရမှာပျင်းတာနဲ့။ အွန်လိုင်း လွယ်လွယ် သုံးနိုင်တဲ့ ဆီက ဆိုရင်တော့ ရှာကြည့်ပါ။ တွေ့မှာပါ)

ကိုယ့် အယူအဆအရတော့ အဲဒါဟာ စိတ်ဝင်စားစရာ တယ်ကောင်းတယ် မထင်ဘူး။
ဘယ်ကံက ဘယ်ဘဝမှာ ပြုခဲ့လို့ ဘယ်အကျိုးဟာ ဘယ်ကလာတယ်ဆိုတာ သိနိုင်တာလည်း မဟုတ်တဲ့ အတူတူတော့ ကိုယ်လုပ်စရာ ရှိတာကိုသာ လုပ်နေရုံပါပဲ။
ကိုယ့်တာဝန်ဟာ ကောင်းတာပြုဖို့လို့ ယုံကြည်ရင် ကောင်းတာပဲ အတတ်နိုင်ဆုံး ပြုနေရုံပဲပေါ့။

သို့သော် ရေးနေရင်းနဲ့ ဂျူလီ post ကို သတိရမိပြန်သေးတယ်။
အိမ်ထောင်ရေး ဖောက်ပြန်တဲ့ မိန်းမကို ကံငါးပါးထဲက တပါး မထိန်းနိုင်လို့ အပြစ်ဝိုင်းတင်ရမယ်။ ခွင့်လွှတ်စရာ မလိုဘူးလို့ ဆုံးဖြတ်ကြမယ် ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ။
အဲဒီမိန်းမဟာ ဘုရား မကြိုက်၊ လူ့အသိုင်းအဝိုင်းက မကြိုက်တာ လုပ်တာ မှန်တယ်။
သို့သော် သူ့အပြစ်နဲ့သူ သူ့ဘာသာခံရလေမယ့် လူတစ်ယောက်ကို အပြစ်သာတင်မယ် ဆိုတာကရော ဘုရားကြိုက်မယ့် ကိစ္စလားလို့ စောကြောချင်မိပါသေးတယ်။

ဘဝ အဆက်ဆက်ကို လက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘယ်ဘဝက ဝဋ်ကြွေးကို ဘယ်လိုပုံစံနဲ့ ဆပ်ရမယ်ဆိုတာ မသေချာဘဲ ဒီဘဝမှာ ကိုယ်ဒါမျိုး မလုပ်မိရုံနဲ့ မာန်တက်နေဖို့တော့ မကောင်းဘူး ထင်မိတယ်။ သံသရာဟာ ရှေ့မှာ အများကြီး ကျန်သေးတယ်။ သံသရာထိ မလိုက်နဲ့ဦး။ မသေမချင်းတောင်မှ ဘာဖြစ်ဦးမလဲ မကျိန်းသေသေးဘူး။)

***
၂) ဘယ်လို ဗုဒ္ဓဘာသာမျိုးကို ပြောတာပါလဲ။ မိရိုးဖလာ လား။ စစ်စစ်လား။ မိရိုးဖလာ ဆိုရင်တော့ ဗုဒ္ဓဘာသာ မိဘက မွေးလိုက်ပြီ ဆိုတာနဲ့ ဖြစ်မှာပဲပေါ့။ စစ်စစ် ဆိုရင်ကော... ဒီမှာတော့ ဘယ်အထိ စစ်တာကို ပြောမှာလဲ ဆိုတာ လိုလာပါပြီ။
ကိုယ့်ကို တိုင်းတာခိုင်းရင်တော့ အဲဒီကိစ္စအတွက် မဂ္ဂင် ၈ ပါးနဲ့ တိုင်းပါမယ်။ကိုယ်နားလည်ထားတာကတော့ မဂ္ဂင် ၈ ပါးဟာ လောကုတ္တရာအတွက်တင် မဟုတ်ဘဲ လောကီအတွက်ပါ ကိစ္စပြီးစေတယ် ဆိုတယ်။ ဒါတောင်မှ ယုံမှားသံသယ ကိစ္စကို တိုင်းတာလို့ ရမယ် မထင်သေးဘူး။ ဒါပေမဲ့ ဒါနဲ့တင် လုံလောက်ပါပြီ။ ကျွဲကူးရင် ရေပါလာမှာပါပဲ။

ယုံမှားသံသယ ဆိုတာဟာလဲ အနိမ့်ဆုံး သောတပန် (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းပြီးသူ) ဖြစ်မှ ပယ်ပြီးတယ် ဆိုပါတယ်။

(Update: ဒီအချက်တစ်ခုတည်းနဲ့တင် ကိုယ်သည် ယုံမှားသံသယ ကင်းပြီးသူ မဟုတ်တာ အထင်အရှား တွေ့နိုင်ပါတယ်)

ဒီမေးခွန်းဟာ ဖြေဖို့တန်လောက်အောင် တိတိကျကျ မေးထားတယ်လို့ ကိုယ် မထင်မိဘူး။

***
၃) ဒါကိုတော့ ကိုယ်ဖတ်ဖူးခဲ့သလား၊ မဖတ်ဖူးခဲ့သလား ဆိုတာတောင် မမှတ်မိတော့ပါဘူး။
ဥဒေါင်းမင်းဟာ နေကိုရှိခိုးတယ်လို့သာ ဖတ်ခဲ့ရတာ ဖြစ်နိုင်ပြီး အကြောင်းပြချက် ပါ မပါ မသေချာတော့ပါဘူး။ ခု ပြန်စဉ်းစားမိတော့ ဥဒေါင်းမင်း မို့လို့ ဖြစ်မှာပေါ့လို့ တွေးနေမိပါတယ်။ အလောင်းတော် ဘဝ ဖြစ်ပါတယ်။ ရင့်ကျက်တဲ့ အလောင်းတော် ဘဝလို့တောင် မထင်မိပါဘူး။

နောက်တခုက ဒါက မသိလည်း ဘာမှ မဖြစ်လောက်ဘူးလို့ ယူဆပါတယ်။
သိလည်း ဘာမှ ထူး မထင်ဘူး။ မြတ်စွာဘုရားသာ ရှိရင်လည်း သက်မဲ့တွေကို ရှိခိုးဖို့ တိုက်တွန်းလိမ့်မယ် ကိုယ်မထင်ပါဘူး။ ဒီတော့ ဒီမေးခွန်းကိုလည်း သိသူရှိရင် ဖြေပေးသွားနိုင်ပါတယ်။

Update:
“ဥဒေါင်းမင်း မို့လို့ ဖြစ်မှာပေါ့... ” ဆိုတဲ့ အဖြေက မဆိုးပါဘူး။ ဥဒေါင်းမင်းက နေကိုရှိခိုးတယ်ဆိုပေမယ့် ... မောရသုတ်ပရိတ်ကို ဆက်ဖတ်ရင် ... “နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ နမော ၀ိမုတ္တာနံ ... ” စသဖြင့် ဗုဒ္ဓ, ဗောဓိဉာဏ်, တွေကို ရှိခိုးထားတာ တွေ့နိုင်ပါတယ်။ ဒီဇာတ်ထဲက Symbolism တွေအနေနဲ့ “နေမင်း နဲ့ ဗုဒ္ဓ”, ကျော့ကွင်းမှ လွတ်ခြင်းနဲ့ ကိလေသာမှ လွတ်မြောက်ခြင်းတွေကို နိုင်းယှဉ် ကြည့်နိုင်ပါတယ်။

(ကိုဧရာ)


***
ဝဋ်ကြွေးရှိရင် ဘယ်လိုမှ ရှောင်လွဲလို့ မရတော့ဘူးလား။


အဲဒီ မေးခွန်းမျိုးကိုတော့ ကြိုဆိုပါတယ် I do appreciate ပါ။

အဂ္ဂသာဝကထဲမှာ ရှင်သာရိပုတ္တရာက ပညာအရာမှာ ဧတဒဂ် ဖြစ်ပြီး၊ ရှင်မဟာမောဂ္ဂလန်ဟာ တန်ခိုးအရာမှာ ဧတဒဂ် ဖြစ်ပါတယ် ဆိုတာတော့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး သိပြီးနိုင်ကောင်းပါတယ်။ ဧတဒဂ်ဘွဲ့ခံတယ် ဆိုတာ ဘုရားပြီးရင် အဲဒီသက်ဆိုင်ရာ ဧတဒဂ်နဲ့ ပတ်သတ်လို့ သူအသာလွန်ဆုံး ဆိုတယ်။ ဒါပေမဲ့ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်တိုင် ဘဝဟောင်းက ဝဋ်ကြွေးကို ခိုးသား ၅ဝဝ ဆီမှာ ဆပ်ခဲ့ရတယ် ဆိုတယ်။ ဘဝဟောင်းတုန်းက မိအိုဖအိုတွေကို တောထဲကို စွန့်ပစ်ဖို့ ခေါ်သွားပြီး၊ ခိုးသားတွေလာပြီဆိုပြီး လှည့်စားလို့ ရိုက်နှက်ခဲ့တဲ့ ဝဋ်ကြွေးလို့ ဆိုတယ်။ ဒါပါပဲ။

ဒါဖြင့် လူ ၁ဝဝဝ ကို သတ် လက်ညှိုးဖြတ်ခဲ့တဲ့ အင်္ဂုလိမာလကျတော့ရော လို့ အစွန်းထွက်လို့ မေးစရာ ရှိပါတယ်။ အဲဒါက ရိုးရိုးပါဏာတိပါတာကံသာ ဖြစ်လို့ သူရဟန္တာဖြစ်ပြီးတော့ အဟောသိကံ ဖြစ်သွားတာလို့ ယူဆရပါတယ်။ ဒါတောင် ကိုယ့်အယူကတော့ လုံးလုံးလျားလျား အဟောသိကံတယ် မထင်ပါဘူး။

ကိုယ်ဝန်ဆောင် အမျိုးသမီးကို သစ္စာဆိုလို့ မချမ်းသာစေမချင်း လူအများရဲ့ ကြည်ညိုမှုကို သူ မရခဲ့ဘူး။ ဆိုးသွမ်းသတ်ဖြတ်ခဲ့တဲ့သူ အဖြစ် လူအများ ငြိုငြင်တာကို ခံခဲ့ရသေးတာပါပဲ။

လူသတ်နေတဲ့ အချိန်မှာတော့ ဆိုဖွယ်ရာ မရှိပြီ။ ပြည့်ရှင်မင်းကတောင် ဝရမ်းထုတ်တယ် မဟုတ်လား။ ကိုယ့်အယူအဆကတော့ ဆုကြီးပန်ပင်ဖြစ်သော်ညားလဲ အကုသိုလ်အလုပ် လုပ်နေချိန်မှာ လူဆိုးလို့ သတ်မှတ်ပြီး၊ လူအများရဲ့ အသက်စည်းစိမ်အလို့ငှာ ဖမ်းမိန့်ပေးတဲ့ ဘုရင်မှာ အကုသိုလ် မကျနိုင်ဘူး။ (ဤကား စကားချပ်)

ထို့အတူပါပဲ။ အဇာတသတ်မှာလဲ ဖခင်ကိုသတ်တဲ့ကံကြောင့် သူဘာတွေပဲ လုပ်လုပ်၊ သာသနာကို ဘယ်လောက်တောင် ကြည်ညိုလဲ မဂ်ရ ဖိုလ်ရမယ့် လမ်းကြောင်းကို ဘယ်လိုမှ မရောက်တော့ပါဘူး။ တကယ်တော့ သူဟာ အဲဒီ ကံကိုသာ မကျူးလွန်ခဲ့ရင် အဲဒီ ဘဝမှာတင် ကျွတ်တမ်းဝင်နိုင်တဲ့သူ လို့ ဆိုပါတယ်။ ကံဟာ ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ ကိုယ်ပိုင်တဲ့ ဥစ္စာလို့ ထင်ရှားစေတဲ့ အချက်ဖြစ်ပါတယ်။

***
မေးခွန်းတွေ အတွက် ကျေးဇူးတင်ပါတယ်။

***

Saturday, January 16, 2010

Poem & Me !

ကိုယ့်ဘဝမှာ ချော်သွားတဲ့ အရာတွေ ရှိပါတယ်။
ဥပမာ - သမိုင်းမှာ ဒတ်ခ်ျ လို့ တောက်လျောက်သင်လာခဲ့တာကို ဘာလို့ သေချာသိအောင် မစဉ်းစားခဲ့ဖူးတာမျိုး။ (ဒါက အသေးဆုံး အမှုကို ပြောလိုက်တာ)

ကိုယ် ကိုယ်တိုင်က ကျော်ပစ်ခဲ့တာလည်း ရှိတယ်။
အဲဒီထဲမှာ အထင်ရှားဆုံးက ကဗျာ တွေပါပဲ။

ကိုယ်က ကဗျာနဲ့ ပတ်သတ်ရင် အင်မတန် ပါရမီနည်းတယ် ဆိုရမယ်။
ဒါထက်ပိုပြီး တလျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အနုပညာကို စိတ်ဝင်စားတယ် ထင်လာခဲ့ပေမဲ့ ခုတလော ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အနုပညာက စာပေ တစ်ခုတည်း အဓိကလို ဖြစ်ပြီး၊ အဲဒီ စာပေထဲမှာမှ ကိုယ် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေက သိပ်အများကြီး မဟုတ်ဘဲ အမျိုးအစားက တစ်ခုတည်းလိုလို ဖြစ်နေတတ်လို့ပါ။
အဲဒီ အကြောင်းတော့ နောက်မှပဲ ရေးပါတော့မယ်။

***
ကဗျာကို ကိုယ်တိုင် ရေးနေတာရယ်၊ သူများကဗျာတချို့ တင်ဖူးတာရယ်ကြောင့် ကိုယ် ကဗျာဖတ်ဖို့ သိပ်စိတ်မဝင်စားဘူး ပြောရင် တမျိုးတော့ ဖြစ်နေမယ်ထင်တယ်။
ဒါပေမဲ့ အဲဒါ တကယ်ပါပဲ။

ငယ်ငယ်တည်းက မဂ္ဂဇင်း တစ်အုပ်ရရင် အထဲက ဆောင်းပါး၊ ဝတ္ထု၊ ကာတွန်းတွေ အငမ်းမရ ဖတ်သလောက် ကဗျာ ဆိုရင် နောက်မှ ပြန်ဖတ်မယ်ဆိုပြီး၊ ချန်ထားတတ်ခဲ့တယ်။
နောက်ကျတော့လည်း ပြန်မဖတ်မိတော့ဘူး။

ဒီလိုနဲ့ အမြဲဖတ်တဲ့ ဟန်သစ် ထဲက ကဗျာတွေတောင် ကျော်ပစ်ခဲ့ပါတယ်။

ကြည်အေး
ရဲ့ နွမ်းလျအိမ်ပြန် မှာပါတဲ့ ကဗျာတို နှစ်ပုဒ်၊ သုံးပုဒ်ကိုတော့ သေချာ ခံစားဖတ်ခဲ့ပြီး၊ နောက်ဆုံးထုတ်တဲ့ မှန်၏မှောင်ရိပ် နဲ့ အိမ်ဖြူလင်းသစ် မှာ ပါတဲ့ ကဗျာရှည်ကြီးတွေကျ ကျော်ဖတ်ပစ်ခဲ့တယ်။ အဲဒီ ဝတ္ထုကို ကျောင်း နောက်ဆုံးနှစ် မတိုင်ခင်နှစ်ကစလို့ Singapore မလာခင်ထိ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်ခဲ့ပေမယ့် အဲဒီထဲက ကဗျာတွေကိုတော့ တစ်ခုမှ သေသေချာချာ မဖတ်ဖြစ်ခဲ့ဘူး။

***
မောင်စိန်ဝင်း (ပုတီးကုန်း)

ဒါဖြင့် ကဗျာ နဲ့ ပတ်သတ်လို့ ကိုယ့်ကို ဘယ်သူလွှမ်းမိုးလဲ ဆိုရင် အဦးဆုံးကတော့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ပါပဲ။ သောကခြေရာ ရတနာ ကဗျာတွေပေါ့။ ၄/ ၅ တန်းလောက်တည်းက ဖတ်ခဲ့တာပါ။
၆ တန်းလောက်မှာ အလွတ်ရနေတာ တော်တော်များနေပါပြီ။

"
တစ်ညတည်းမှာ နှစ်ခါ မအိပ်
သိပ်သတိရ ည ည တွေမျိုး

တရေးနိုးရင်

မိုးလင်းထိ ထိုင်မိတတ်သူပါ"
တို့ ဘာတို့။
(စကားလုံး နည်းနည်းတော့ လွဲနိုင်ပါတယ်။)

ပြောရရင် ဆရာမောင်စိန်ဝင်း ကာရန်ချိတ်တာ အင်မတန် ပိရိပြီး အဓိပ္ပါယ်မှာ အပိုအလို မရှိဝင်သွားတယ် လို့ ထင်ပါတယ်။

"ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင်ကျေနပ်ပါရဲ့"
ဆိုတာမျိုး...

နောက် ဘယ်ကဗျာထဲမှာလည်း မသိ "တပေါင်းနေ ချောင်းရေကို ငုံ့အသောက်" ဆိုတာမျိုး...

ကိုယ်ရေးတဲ့ ကဗျာတွေကို ဆရာမောင်စိန်ဝင်းက လွှမ်းမိုးတယ်လို့ ခုချိန်ထိ ထင်မိပါတယ်။ သူ့အိုင်ဒီယာကိုတော့ မမီဘူးပေါ့။

လုံးချင်းတွေကိုတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ ဘဝမှာ ပထမဦးဆုံး စဖတ်မိတဲ့ လုံးချင်းဟာလည်း ဆရာ့ လုံးချင်းပါပဲ။ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတာ။
အဲဒီတစ်ခုကတော့ နောက် ပြန်ဖတ်ဖြစ်တိုင်းလည်း ကြိုက်မိတဲ့ ဝတ္ထုပါ။
အချိန်က 88 / 89 လောက်မှာ။

အတော်ကို ဖတ်ယူခဲ့ရပါတယ်။ ကာတွန်းလောက် ဖတ်ချင်တဲ့ အချိန်မှာ ဘာမှန်း မသိတဲ့ စကားလုံးတွေ အများကြီးနဲ့
နှစ်အုပ်တွဲ ဝတ္ထုစာအုပ်ကို တချို့နေရာတွေ ကျော်ပြီး ဖတ်သွားခဲ့တာ။ ဘယ်စာအုပ်ကို ဖတ်ဖတ် အဆီးအတားမရှိ ဖတ်ခဲ့ရတာကတော့ ကံကောင်းတာပါပဲ။

အဲဒီနောက်လည်း ဘယ်ဝတ္ထုမှ ဆက် မဖတ်ဖြစ်ခဲ့ဖူး။
စတုတ္ထတန်းမှာ ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှား ကို ပထမအစမ်း အပြီးလောက်မှာ ခဏရယ်လို့ ယူဖတ်မိတာ တစွဲတလမ်းနဲ့ မပြီးမချင်း ဖတ်မိတော့တယ်။ အဲဒီ စာအုပ် အိမ်ကို ရောက်တာ ကြာလှနေမှ စဖတ်ဖြစ်တာ။

92/ 93, ၆ တန်းလောက်ရောက်တော့မှ လုံးချင်း ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ဖြစ်တယ်။
ဒါပေမဲ့ ကာတွန်းနဲ့ ပုံပြင်တွေကိုလည်း ဖတ်တုန်းပဲ။

***
မြမြင်းမိုရ်

92/ 3 ပတ်ဝန်းကျင်က မြားနတ်မောင် မဂ္ဂဇင်းမှာ ပါတတ်တဲ့ ဆရာ မြမြင်းမိုရ် ရဲ့ ကဗျာ နှစ်ပုဒ်ကို သတိရမိပါတယ်။ ဝမ်းနည်းစရာကောင်းတာက တပိုင်းတစပဲ အလွတ်ရပြီးတော့ ကူးမထားလိုက်မိတာပါပဲ။

တပုဒ်က "အချစ်ဟောင်း" ၊ နောက်တစ်ပုဒ်က "ငါဟာ လရောင်ဖြစ်တယ်"
ကိုယ်က ကဗျာဆိုရင် ကြိုးစားအားထုတ်ပြီး ဖတ်ရမှာ ပျင်းတဲ့သူ ဖြစ်တော့ ခဏလောက် လျှမ်းဖတ်လိုက်တဲ့ အချိန်မှာ ရင်ထဲ တန်းရောက်လောက်တဲ့ စာသားမျိုး မပါရင် ဆက်မဖတ်ဖြစ်တော့ပါဘူး။

အချစ်ဟောင်း ကဗျာကို စဖတ်လိုက်ချိန်မှာပဲ

"ဘဝ လမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းနိုင်ခဲ့သူ"
ဆိုတဲ့ စသားက ထုတ်ချင်းဖောက်ပြီးတော့တောင် ဝင်သွားခဲ့တယ် ထင်ရတယ်။
အဲဒါကလွဲလို့ ဘာမှ ကောင်းကောင်း မမှတ်မိတော့တာတော့ ဝမ်းနည်းစရာပဲ။

နောက် ငါဟာ လရောင်ဖြစ်တယ်...

"စကြဝဠာရဲ့ အလံတော်ကို ဝှေ့ယမ်းသယ်ဆောင်လာတဲ့
နဂါးငွေ့ပင်လယ်မှာ ကြယ်စင် ကျောက်စရစ်တွေနဲ့ ဆော့ကစားနိုင်တယ်
အိမ်ပြန်နောက်ကျတဲ့ အလုပ်သမလေးရဲ့ တိုးတိုးဖော်လည်း ဖြစ်တယ်
ငါဟာ လရောင်ဖြစ်တယ်"
(အစီအစဉ် နှင့် စကားလုံး အတိအကျ မဟုတ်ပါ)

နောက်ပိုင်း ကိုယ်ရေးတဲ့ ကဗျာတွေမှာ အကြောင်းအရာလေး တစ်ခုကို အဲဒီလို ရှုထောင့် အမျိုးမျိုး ကနေကြည့်ပြီး တင်စားတာ တချို့ ပါလာတယ်။

***
ညီလင်းဆက်

"
မုတ်သုန်ကို ဖြုတ်ခနဲ ခေါ်လာတဲ့မိုး

အိပ်တန်းက ငှက်ကလေးတွေကို လန့်ပျံစေတဲ့မိုး

လယ်သင်းရိုး အကွဲအအက်တွေကို ဆွဲဆက်ပေးတဲ့မိုး

ကောင်မလေးရဲ့မျက်ရည်စက်တွေကို ကွယ်ဝှက်ပေးတတ်တဲ့မိုး
"

(ဖက်ဆွတ်မိုး)


အဲဒါကတော့ ကိုယ် အကြိုက်ဆုံး ကဗျာပါ။
နွေပူပူမှာ ရွာချတဲ့ မိုးစက်တွေကြောင့် ထွက်လာတဲ့ မြေသင်းနံ့ကို ရှူရှိုက်မိစေတဲ့ ကဗျာ။
အပူငွေ့တွေ ပျံထွက်သွားချိန် လှစ်ခနဲ အေးစက်စေတဲ့ ကဗျာ။


*
"
ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့အခါ

ညီမလေးရယ် လေတိုးသံလေးတွေကို နားဆင်ပါ

မျက်စိကို မှိတ်ပြီး နာကျင်စွာ ပြုံးရယ်ပါ
"

(ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့ အခါ)


အဲဒီကဗျာကို ပထမဆုံး တကြိမ်က လွဲလို့၊ အခါခါ ဖတ်တိုင်းမှာ အဲဒီ ၃ ကြောင်းကိုပဲ ဖတ်ခဲ့တယ်။
ဖတ်မိတိုင်းလည်း အနီးဆုံးက တယောက်ယောက် အဝေးဆုံးကို ရောက်သွားသလို နာကျင်မိပါတယ်။

*
"ငါချစ်သော နေရောင်တွေ ကွယ်ပျောက်သွား
ငါချစ်သော ကြယ်ရောင်တွေ တဖျတ်ဖျတ် လက်လက်လာ

ငါကိုယ်တိုင်က ရောက်ချင်ရာ ရောက်နေပြီး

လှိုင်းတွေက ငါ့ခရီးလမ်းကို ဖျောက်ဖျက်ပေးကြ"

(ဂျစ်ပစီ)


ချစ်တဲ့ အရာတချို့ ဝေးသွားပေမယ့်၊ သို့မဟုတ် ချန်ထားခဲ့ရပေမယ့်

တပြိုင်တည်းမှာပဲ ချစ်တဲ့ အရာတချို့ နီးလာခဲ့၊ သို့မဟုတ် အစားပြန်ရခဲ့...
ဒီလိုပဲ
ဘဝမှာ အလျော်အစား ပေးခဲ့ရတဲ့ ကာလတွေ...

(ကိုယ့်ဘဝမှာတော့ ဘာကိုမဆို အလျော်အစားနဲ့သာ ရခဲ့ဖူးပါတယ်။)


*
မိုးစက်တွေကို
ဆက်ဆက် မျှော်လင့်မိကာမှ
နှုတ်ဆက် ထွက်ခွာ

ကမ္ဘာမြေရဲ့ ရင်ဘတ်မှာ
အရာထင်ရုံ

(ချစ်သူ)


ဒီကဗျာက ရတဲ့ inspiration နဲ့ ဒီကဗျာကို မှီးပြီး အဲဒီအတိုင်း ခေါင်းစဉ်တပ်လို့ ကဗျာတစ်ပုဒ် ရေးဖူးတယ်။ အဲဒါ ၇ နှစ်လောက် ကဗျာ မရေးဘဲ ထားရာက Singapore ရောက်ပြီး ပထမဆုံးအကြိမ် ပြန်ရေးဖြစ်တဲ့ ကဗျာလည်း ဖြစ်ပါတယ်။

*

သူ့ကဗျာတွေ ဖတ်ရတိုင်းမှာ အဲဒီ ကဗျာရဲ့ နောက်ခံသမိုင်းကြောင်းကို အရှည်ကြီး လိုက်တွေးချင်မိတတ်တယ်။

ကိုယ်ပြောတာကို သေချာချင်ရင်... တစ်ထောင့်တစ်ည နဲ့
အိပ်ပျော်နေခဲ့သော ချစ်သူ သို့ ကို ခံစားကြည့်လိုက်ပါ။

သူ ဘာပဲရေးရေး နှစ်ခြိုက်မိပါတယ်။

ရှည်နေမှာစိုးလို့ ဒီလောက်နဲ့ပဲ ဖြတ်ချခဲ့ပါမယ်။

(ကိုယ့်အဓိပ္ပါယ်ဖွင့် ခံစားချက်တွေ သူ့ဆိုလိုရင်းနဲ့တော့ လွဲနေနိုင်ပါတယ်။ အထူးသဖြင့် ဂျစ်ပစီ မှာ...)

***
ရွှေယုန် နဲ့ သူရဿဝါ တို့ ကဗျာတွေကိုလည်း ညွှန်းချင်မိပါတယ်။

***

အဖြစ်အပျက်၊ ကျမ်းဂန်၊ အနှစ်သာရ နှင့် ပါရမီတော်

(ရှင်နာဂသိန်တော့ မသိဘူးဗျ မိလိန္ဒမင်းကတော့ မြန်မာမဟုတ်၊ ကုလားမဟုတ် ဆိုတာတော့ သိပါတယ်။ သိကြား နတ်များက ဖန်ဆင်းပြခဲ့တယ်ဆိုတဲ့ ကိုရာဟုစကးကိုလဲ ဒီမှာ ပြန်မေးပါရစေ။ တခြားဘာသာဝင်များ ဖတ်ရင် ရယ်ကြဦးမယ် - Anonymous ID ဖြင့် ရေးသားသည်။)

ဒါဖြင့် တခြား ဘာသာဝင်များပါ လေးစားလောက်အောင် ဒီ comment page မှာ ပြောနိုင်ရင် ကျေးဇူးတင်မှာပါ။ ပြောနိုင်ရင် ပြောသွားပါ။ ကိုယ်လဲ မှားနိုင်ပါတယ်။ မှတ်ဉာဏ်အရ မှားနိုင်သလို၊ ကိုယ် ဖတ်တဲ့ ကျမ်းဂန် စာအုပ်ကလဲ မှားနိုင်ပါသေးတယ်။ (ကိုရာဟု စကားဆိုတာလည်း သူ့အာဘော်ကို ကိုယ်က ဖြည့်စွက်ပြောထားတာ။)

ကိုယ်ကတော့ ဗုဒ္ဓဝင်ဆိုရင် အဖြစ်အပျက် အဓိက မထားဘူး။ အနှစ်သာရကသာ အဓိကပဲ။ အဖြစ်အပျက်ဆိုတာ မှတ်တမ်းတင်သူက လိုတိုးပိုလျော့ လုပ်နိုင်တဲ့ အရာတွေပဲ။

ဇနက္က ဘဝမှာ မဏိမေခလာကယ်တာပဲ ဖြစ်ဖြစ်၊
သိဒ္ဓတ္ထဘဝမှာ သိကြားနတ်တွေက နိမိတ်ပြခဲ့တာပဲ ဖြစ်ဖြစ်၊
ဒုက္ကရစရိယာ ကျင့်နေစဉ်မှာ ပဉ္စသိင်္ခက သွယ်ဝိုက်လမ်းပြခဲ့ရတာပဲ ဖြစ်ဖြစ်
အနှစ်သာရကတော့ ပါရမီတော်တွေကြောင့်ချည်းပဲ လို့သာ မှတ်ယူပါတယ်။

***
(ပရိတ်ထဲမှာ ပါတဲ့အတိုင်းကျင့်ရင် မဂ်ဖိုလ်နိဗ္ဗာန်ထိ အကျိုးပေးတယ်။)
စာရေးသူတစ်ဦး ဆိုတဲ့ ID နဲ့ ရေးသွားတဲ့ comment ကို ပြန်ကောက်နှုတ်ချင်လို့ ကောက်နှုတ်လိုက်ပါတယ်။

ကိုယ့် post ရဲ့ ဆိုလိုရင်းကို အထောက်အပံ့ပေးတဲ့ အချက်တစ်ခု ဖြစ်နေလို့ ပြန်တင်ပါတယ်။
ရွတ်ရုံမျှထက် ကိုယ်လုပ်နိုင်မှ (ကိုယ်ကျင့်နိုင်မှ) ကိုယ်ရမယ် ဆိုတဲ့ အချက်ကို ပိုမိုပေါ်လွင်စေလို့ ဖြစ်ပါတယ်။ သို့သော် စာရေးသူတစ်ဦး ID နဲ့ ရေးသူကတော့ ကိုယ့် post ကို ထောက်ပံ့ ထောက်ခံချက် ပေးတဲ့ အနေနဲ့ ရေးခဲ့တာတော့ ဟုတ်ပုံမရပါဘူး။ သူ မရည်ရွယ်ဘဲ အဲဒီအချက်က post ရဲ့ ဆိုလိုရင်းကို ထောက်ခံလိုက်သလို ဖြစ်သွားတာ ဖြစ်ဖို့ များပါတယ်။

(ကိုယ့်အထင်အမြင် သက်သက်ပါ။ တကယ်ပဲ စေတနာနဲ့ ကိုယ့်ဆိုလိုရင်းကို နားလည်လို့ ထောက်ခံပြီး ရေးပေးခဲ့တာ ဆိုရင်တော့ ကျေးဇူးတင်ရင်း တောင်းပန်ပါတယ် :) )

***

Friday, January 15, 2010

ကသစ်ပန်း

ကသစ်ပန်း (တေးရေး - မြို့မငြိမ်း)

နတ်စည်ငယ်လေ ပုစွန့်လက်ရိုး အာလမ္ဗရာ
ကျော်ဟွမ်းသံဝါ ဆော်ရွမ်းညံစာစာ
တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ
အုံ့မှိုင်းညိုပြာ မိုးထက်ကယ် ဝဠာ ကိုးရပ်နယ်မှာ
တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ
အသူရိန်တွေဟာ ဘုံသာဝေယံ နန်းမြင့်
ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲ အပြုမှာ

အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရယ်
သေနင်ဗျူဟာ နတ်အသူရာမင်းငယ်လေး...
စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ
ဂုမ္ဘာန် ယက္ခ စတုမဟာရာဇာ မခံနိုင်ညားလို့
သိကြားထွက်တဲ့အခါ

တွက်ရင် သိန်းခြောက်သောင်း ရှစ်ထောင့်ယူဇနာ
ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ
နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ
ရဲ တံခွန်လွှား ၃၃ ပါး သိကြားနယ်ပါ
နေ လ နတ်သား လေးပါး စစ်အင်္ဂါ
ပင်လုံးကျွတ် သခွပ်ပွင့်ချိန်မှာ

နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ
သိကြားနဲ့ အသူရာ
သားမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ
ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ်
ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ

***
တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်နဲ့ သခွပ်ပင်ကလွဲရင် ကျန်တာ အားလုံး အတူတူလို့ ဆိုပါတယ်။ (ဘယ်စာအုပ်က အဲဒီလို ဆိုတာလဲလို့တော့ တဆိတ်ကျေးဇူးပြု၍ လာမမေးကြစေချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကိုင်စရာ ဘာစာအုပ်မှ မရှိသောကြောင့် ဖြစ်ပါသည်။
ရှိလည်း စာအုပ်ထဲမှာ အဲလို ရေးထားပေမဲ့ တကယ်က ဟုတ်ချင်မှ ဟုတ်မှာပါ။
သူ့ဘာသာ ဘယ်နေရာမှာ ဘာပင်ပဲရှိရှိ ကိုယ်တွေ လူ့ပြည်ကနေ ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။)

ဟိုတပတ်ကပဲ မမ KOM စီဘောက်မှာ သိကြား ဆိုတဲ့ nick နဲ့ လာတဲ့ တစ်ယောက်ကို မေးမိတယ်။ သိကြားတို့ နေရာ တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်လေး တစ်ခုပဲ လွဲတာ၊ ကျန်တာ အကုန် တူတူပဲဆို လို့။ (တကယ်သာဆို တာဝတိံသာ လွမ်းလောက်ပါ့မလား???) ဒီလိုဆိုရင် ဘာဖြစ်လို့များ အလကားနေရင်း စစ်တိုက်နေကြတာလဲ။ အသူရာပြည်မှာ ကသစ်ပင်ကို မျိုးယူပြီး စိုက်ပါစေလား လို့။

***
ဒီသီချင်းကို တင်ချင်နေတာ ကြာပါပြီ။
စာလုံးပေါင်းသတ်ပုံ နဲ့ အဓိပ္ပါယ်ကြောင့် မတင်ဖြစ်သေးတာ။
မနှစ်က July လောက်က မဗေဒါက ခက်ဆစ်အဖွင့်၊ စကားပြေတွေနဲ့ တကွ သူ့ဘလော့မှာ တင်ထားပါတယ်။ အဲဒီ အတွက် ကိုနတ်သျှင်မြေသားက ကူညီတယ် လို့ ဆိုပါတယ်။ နောက် မဗေဒါရဲ့ သူငယ်ချင်း (ဗမာမဟုတ်) က You Tube မှာ ဒီ သီချင်းဆိုပြီး တင်ထားတာကိုလည်း ကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ ကြည့်ခဲ့ရတာကတော့ TV မှာပါပဲ။
လှမြင့်ဝင်း
ဆိုတာကို ကြည့်ခဲ့ရတာပါ။
ဒီသီချင်းအကြောင်း မမ KOM ရဲ့ cbox မှာ ပြောဖြစ်ကြတော့၊ ပလုံ က သီချင်းရဲ့ မူလနာမည်က သခွပ်ပန်း လို့ ပြောပါတယ်။ ကိုယ့်စိတ်ထဲမှာလဲ အဲဒီသီချင်းကို သခွပ်ပန်း လို့ပဲ စွဲနေခဲ့ပါတယ်။
လှမြင့်ဝင်း
ဆိုတဲ့အခါမှာ သခွပ်ပန်း လို့ပဲ စာတန်းထိုးသွားတယ် ထင်မိပါတယ်။

ဒါနဲ့ စင်ကာပူရောက်လို့ အဲဒီ သီချင်းတွေ နားထောင်ချင်လာမိတော့ ကိုယ်တိုင်လဲ မရှာတတ်တာနဲ့ မကြာပီ ကို အကူညီတောင်းမိပါတယ်။ သူက သခွပ်ပန်း သီချင်းတော့ မရှိလို့ ကသစ်ပန်း ပဲ ပေးလိုက်မယ် ဆိုပြီး၊ ကိုအံ့ကြီး version ကို ပို့လိုက်ပါတယ်။ ကိုယ်ကလဲ ကိုယ်တောင်းတဲ့ သီချင်းမဟုတ်ဘူး ဆိုပြီး dowload လုပ်ထားပြီး တော်တော်နဲ့ နားမထောင်ကြည့်မိပါဘူး။

နောက်တော့ ကိုယ့် blog reader ကိုခိုင်ခန့်ကျော် က side bar မှာ တင်ထားတဲ့ လိုချင်တဲ့ သီချင်းတွေ ခေါင်းစဉ်ကြည့်ပြီး၊ ကသစ်ပန်း ကို ကိုအံ့ကြီး version ပဲ ထပ်ပို့ပြန်တယ်။ သူနဲ့ကတော့ gtalk မှာ တိုက်ရိုက်ပြောဖြစ်တာမို့ ကိုယ်လိုချင်တာ အဲဒီသီချင်း မဟုတ်ဘူး။ သခွပ်ပန်း ပါ လို့ပြောမိတယ်။ သူက နားထောင်ကြည့်ပါဦး ဆိုတာနဲ့ နားထောင်ကြည့်မိတော့မှ ကိုယ်လိုချင်တာနဲ့ တူတူပဲမှန်း သိတော့တယ်။

ဒီသီချင်းကို ပေါ်လစီကားတစ်ခုမှာ မာမာအေး ဆိုတာလည်း ငယ်ငယ်တည်းက ကြားခဲ့ဖူးပါတယ်။ နောက်ပိုင်းကျ အဲဒီကားလွှင့်တော့ အဲဒီအပိုင်းကြီး ဖြုတ်ခဲ့တာပေါ့လေ။

ငယ်ငယ်တုန်းက ကလေးဘဝ သတိရမိတယ်။ မခေါ်ရင် ငါ့အိုးပုတ် ပြန်ပေး လုပ်တတ်တာမျိုးကို။

***

မြို့မငြိမ်း ကိုတော့ ပါရမီရှင်ပဲလို့ ထင်မိပါတယ်။
သူ့သီချင်းတွေကို သူရေးမှန်း မသိဘဲတောင် နှစ်ခြိုက်နေမိတတ်ပါတယ်။

ထူးအိမ်သင် တခါ ပြောဖူးပါတယ်။ သူ လေးစားနှစ်သက်တဲ့ သီချင်းရေးဆရာတွေ အများကြီး ရှိပါတယ်တဲ့။
ဒါပေမဲ့ သူ အားကျတာတော့ မြို့မငြိမ်း တစ်ယောက်တည်း လို့ ဆိုတယ်။

***
Down Load လုပ်ရန်

ကိုအံ့ကြီး

သုမောင်

You Tube Link

http://www.youtube.com/watch?v=JUhE2-PMGs8 (ကိုအံ့ကြီး)
http://www.youtube.com/watch?v=h7m07Fj82O0 (မာမာအေး)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (ရန်အောင်)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (Ma Baydar's friend)

MP3

http://www.naytthit.com/music/03-Sagaing%20Mountain/Track_001.MP3 (ဝင်းဦး)

မဗေဒါ
၊ စကားပြေနဲ့ ခက်ဆစ်တွေ ပြန်ပေးတဲ့ ကိုနတ်သျှင်မြေသား၊ သီဆိုသူ မဗေဒါ သူငယ်ချင်းတို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။ အဓိပ္ပါယ်နဲ့ တကွ သိချင်သူများ link ကိုနှိပ်ပြီး မဗေဒါ blog မှာ သွားကြည့်နိုင်ပါတယ်။

***
ဒီလို သီချင်းဟောင်း သီချင်းကောင်းတွေကို ကျောင်းတွေမှာ ကဗျာသင်သလို သင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ ထုံးစံအတိုင်းပါပဲ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်စိတ် ရှိလို့ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ အနုပညာဆို သူများကိုလဲ ခံစားစေချင်လို့ပါ။

***
မြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ် သီချင်းနဲ့ ချစ်တာ ပဓာန လည်း ရရင် လိုချင်မိပါတယ်။

***

Thursday, January 14, 2010

ပြန်တင်ချင်တဲ့ comment တစ်ခု

(ငယ်ရွယ်တဲ့ ရဟန်းပျိုတွေ အနေနဲ့ ကာမဂုဏ် အာရုံတချို့ကို မကောင်းမှန်း သိပေမဲ့ မပယ်ဖျောက်နိုင်သေးတာမို့ မှားယွင်းနိုင်တယ်။ ဒါတွေကို ပြုရုံမျှနဲ့ သာသနာ ပျက်မသွားဘူး။ - စာရေးသူ တစ်ဦး ID ဖြင့် ရေးသည်။)

ဒါဟာ သူတို့ ပုထုဇဉ်မို့ပါ ဆိုပြီး လျော့တွေး ရမယ့် အရာလို့ ကိုယ်တော့ ခုထိ လက်မခံဘူး။
ဘာဖြစ်လို့ ဆိုတော့ လူပုထုဇဉ်မဟုတ်လို့ပဲ။ လူလိုနေချင်ရင် လူဝတ်နဲ့ပဲနေရုံရှိမယ်။
သင်္ကန်းဝတ်ပြီးထားရင်တော့ ရဟန်းလိုကျင့်မှရမယ်။ ဒီလို မကျင့်လို့ သာသနာ မပျက်ဘူး။ မကွယ်ဘူးပြောတယ်။ ဒါဖြင့် ဒီလို ကျင့်တဲ့သူတွေ များလာတာဟာ ထွန်းကားနေတာလား။


ပျက်ခြင်း ကွယ်ခြင်းထိ မရောက်ပေမယ့် ဒါဟာ မထွန်းကားခြင်း တနည်း မှေးမှိန်ခြင်းပဲ လို့ ကိုယ်ကတော့ ယူဆတယ်။ သာသနာကြီးရဲ့ အနှစ်သဘောကောင်းနေတာနဲ့ပဲ ကျန်တဲ့ လူတွေ သင်္ကန်းဝတ်တွေ ဘာလုပ်လုပ် ကောင်းမြဲ ကောင်းဆဲပဲ လို့ ယူဆရင်တော့ ကိုယ်နဲ့ တွေးတာခြင်း မတူတော့ဘူး။

တကယ်တော့ ဘယ်သူမှလည်း ဒါတွေချည်း ခေါင်းထဲထည့်ပြီး အကုသိုလ် ယူမနေဘူး။
လူဆိုတာ ငါငါငါနဲ့ ငါ့အတွက် ကောင်းအောင်ပဲ ဦးစားပေး စဉ်းစားနေကြတာမို့ ကိုယ့်အတွက် ကောင်းရာမွန်ရာ ပေးနိုင်မယ့် လေးစားလောက်သူတွေဆီကိုပဲ ချဉ်းကပ်ကြမှာ။
အဲဒီကိစ္စ ဘယ်သူ့ညွှန်ကြားချက်မှတောင် တကယ်တော့ မလိုအပ်ဘူး။
လူ ဆိုတာ ကိုယ့်အတွက် ကိုယ်တော့ လုပ်တတ်တာချည်းပဲ။
သို့သော် ဆိုခဲ့ပြီးသလို ပြောရေးရှိရင်တော့ ပြောအပ်လှ၏ ပဲ။


အနှစ်ကတော့ သင်္ကန်းဝတ်ရင် ရဟန်းဖြစ်ပြီ။
ပုထုဇဉ်မကလို့ ဘာဖြစ်ဖြစ် လူလိုနေချင်လို့ မရတော့ဘူး။
လူလို နေချင်ရင် လူပဲလုပ်နေဖို့ရှိတယ်။
သာသနာ့ဘောင်ဆိုတာ အသက်မွေးဝမ်းကျောင်းပြုရာအရပ် မဟုတ်ဘူး။
မကွယ်ရုံ မကွယ်တာနဲ့ ထွန်းကားတယ်ပြောတာနဲ့လည်း တကယ်တော့ တွေးကြည့်လေ မဆိုင်လေပဲ။

***
ပြန်တင်ချင်လာလို့ တင်လိုက်ပါတယ်။
ဒီကိစ္စ မပြီးသေးတာတော့ မဟုတ်ဘူး။
ဒါပေမဲ့ comment ထဲမှာ မထင်မရှားဖြစ်နေလို့၊ post ဖြစ်စေချင်လို့ ပြန်တင်တာပါ။

ဒီလိုမျိုး post ဖြစ်အောင် ပြန်တင်ခဲ့တဲ့ comment တွေ ရှိပါတယ်။

***

Monday, January 11, 2010

အမျှင်

ခုတလော အကြည်ဓါတ်တွေ လျော့ပါးစရာက တောက်လျောက်ဆိုသလို တွေ့ရပါတယ်။
ကိုယ် ကိုယ်တိုင်ကိုက စကတည်းက အကြည်ဓါတ် နည်းပါးတာလဲ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်နဲ့ ဘာမှ မပတ်သတ်တဲ့၊ တနည်း ကိုယ်စေတနာ မထားဖူးတဲ့ သာမန်လူတွေနဲ့ ပတ်သတ်လို့တော့ ဘာမှ စိတ်ထဲ သိပ်မရှိပေမဲ့ (ရှိတယ်ဆိုလည်း အဲဒါဟာ အေးအေးလူလူ စာဖတ်မလို့လုပ်တုန်း စက်ဘီးနဲ့ လာရောင်းတဲ့ ထီသည်က သီချင်းအကျယ်ကြီးဖွင့်တာ ကြုံရသလောက်ပါပဲ)...

ကိုယ်က စေတနာထားခဲ့ဖူးသူ ဖြစ်နေရင်တော့ စိတ်ထဲ သိပ်ရောက်မလာအောင် ဖယ်ထုတ်ဖို့ ကြိုးစားရပါတယ်။

***
အမျှင် ဇာတ်ကားကိုတော့ ကြည့်ပြီး ကတည်းက ရေးချင်ခဲ့မိပါတယ်။
November လထဲမှာ ကြည့်ဖြစ်ခဲ့ပါတယ်။ ကိုယ် သိပ် ရုပ်ရှင် ကြည့်ခဲပါတယ်။ အထူးသဖြင့် ဗမာကား။

လွန်ခဲ့တဲ့ ၄/ ၅ လလောက်က နေမျိုးဆေး နဲ့ မင်းထင်ကိုကိုကြီး တို့ရဲ့ ကဗျာ တင်တော့ ဖြူတုတ်လေး က မင်းထင်ကိုကိုကြီး ကားတွေ ကြည့်ဖို့ ညွှန်းသွားပါတယ်။ အဲဒီထိ မကြည့်ဖြစ်သေးပါဘူး။ နောက်တော်တော်ကြာမှ သူ့ blog မှာ စာသွားဖတ်ရင်း side bar မှာ တင်ထားတဲ့ ကားတွေထဲက အမျှင်ကို ကြည့်မိတယ်။

***
"စင်အောက်ကလူ" ကဗျာနဲ့ သတိပြုမိခဲ့တဲ့ မင်းထင်ကိုကိုကြီး ကို အမျှင် ဇာတ်ကားနဲ့ အသိအမှတ်ပြုကို ပြုခဲ့ရပါတယ်။

ဇာတ်ကျောရိုးက ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဇာတ်တစ်ခုလုံးကို ထိန်းသွားတာ presentation ပါပဲ။ အဲဒါ အဲဒီ ဇာတ်ကားရဲ့ အသက်လို ဖြစ်နေပါတယ်။ အဲဒီလို ဇာတ်ကျောရိုးက ဘာမှ မထူးဆန်းပေမယ့် presentation ကြောင့် ပြည့်စုံတဲ့ ဇာတ်ကားဆို လောလောဆယ် ခေါင်းထဲ ပေါ်လာသလောက်က
"သင်္ကြန်မိုး"၊ "ဒဏ္ဍာရီ"၊ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"

သင်္ကြန်မိုး အကြောင်းပြောမယ်ဆိုရင် ဂီတသမား စန္ဒရားဆရာလေး တစ်ယောက်နဲ့ သူဌေးသမီးတစ်ယောက်တို့ရဲ့ ဂုဏ်ရည်မတူတဲ့ ဇာတ်လမ်းပါပဲ။ ဒီထက် ပိုပြောစရာ မရှိ။
ဒါပေမဲ့ သူ့ presentation ကိုတော့ သိပ်သဘောကျမိပါတယ်။ မန္တလေးသူ မေသန်းနုက "ကျွန်တော် ကျွန်တော်" ပြောထားတဲ့နေရာမှာ ဆင်ဆာကြောင့် အသံပြန်သွင်းထားတဲ့ "နွယ် နွယ်" ဆိုတာကြီးက ကန့်လန့်ခံနေတာက လွဲလို့ပေါ့။

TV မှာ ပြတိုင်းတော့ မကြည့်ဖြစ်ပါဘူး။

"သင်္ကြန်မိုး" ကို ရိုက်တော့ producer က မန္တလေးသင်္ကြန်ကို အမှတ်တရ မှတ်တမ်းဖြစ်စေဖို့ အဓိက ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်က သိန်း ၂ဝ လောက်ကုန်ပြီး၊ ရုပ်ရှင်နဲ့ သီချင်းတွေကပဲ ပြန်ရတဲ့ အမြတ်ချည်း အဲဒီပမာဏ အတိုင်း ပြန်မြတ်ခဲ့တယ် ဆိုတယ်။ (ပါးစပ်သတင်း ဖြစ်ပါသည်။ အမြတ်ခွန်ကိစ္စ ပါလာပါက ကိုယ်မသိပါ)။ သင်္ကြန်မိုး ရဲ့ producer မန္တလေး ရီမြင့် ရုပ်ရှင်က ဦးဇော်မြင့် ဟာ RIT ဆင်း တစ်ယောက်လည်း ဖြစ်တယ် ဆိုပါတယ်။ (ဤကား စကားချပ်)

ဒါရိုက်တာ မောင်တင်ဦး ဟာ presentation ကောင်းတဲ့ ဒါရိုက်တာလို့ ယူဆမိပါတယ်။
ဒဏ္ဍာရီ မှာလည်း ဒီလိုပဲ။ ဇာတ်ကျောရိုးထက်
လိုက်ဖက်တဲ့ ဇာတ်ကောင် ရွေးချယ်မှုရယ်၊ presentation ရယ်နဲ့ ပဲ အသက်သွင်းသွားတယ်လို့ ခံစားမိပါတယ်။

အထူးခြားဆုံး ခံစားရတာတော့ ဦးသုခ ရဲ့
"ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ပါပဲ။
အဲဒီကားကို အညာမှာ ရိုက်တယ်လို့ တလျှောက်လုံး ထင်ခဲ့ပေမယ့် တောင်ငူဘက်မှာ ရိုက်ခဲ့တာလို့ အခိုင်အမာ ပြောတဲ့သူက ပြောပါတယ်။ သေချာတော့ မသိပါ။ ဒါပေမဲ့ အညာသူတစ်ယောက်ကိုတောင် အညာမှာ ရိုက်တယ်လို့ ထင်စေခဲ့တယ် ဆိုတော့ အမှတ်ပြည့်ကို ပေးရမှာပါပဲ။ ဘယ်နှစ်ခါ ကြည့်ကြည့် မရိုးတဲ့ကား ဖြစ်ပြီး၊ ဇာတ်ကောင်တွေ အားလုံးကို သဘောကျမိတယ်။ အထူးကတော့ လမ်းသရဲဘဝကနေ စုတေစိတ်ကျသွားတဲ့ ဇော်ဝမ်း ကိုပေါ့။

***
ဒါနဲ့ပဲ အမျှင် အကြောင်းက မရောက်တော့ဘူး။ (ဘလော့ရေးရင်းလည်း သိလာတယ်။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာမှန်း။ လိုရင်းကို မရောက်နိုင်လို့)

အမျှင် ကားမှာလည်း ဒီလိုပါပဲ။ နယ်မြို့ကလေးက စာအုပ်ဆိုင်ဖွင့်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းရတဲ့
အညတရ ကောင်လေးနဲ့ မြို့မျက်နှာဖုံး ရဲ့ သမီး ဆေးကျောင်းသူ မိန်းကလေးတို့ သံယောဇဉ်တွယ်သွားတဲ့ ဇာတ်လမ်းပါပဲ။ မိဘတွေ သဘောမတူလို့ ခွဲတာခံရရင်း မိန်းကလေးက accident နဲ့ ဆုံးသွားတယ်။ နောက်တဘဝမှာ ပြန်တွေ့ကြတယ်။ ဒါပေမဲ့ ပြန်ကွဲပြန်တယ်။ လူမင်း၊ မိုးဟေကို နဲ့ တင့်တင့်ထွန်းပါ။

ဒါကိုပဲ ဆွတ်ဆွတ်ပျံ့ပျံ့ဖြစ်အောင် ရိုက်ပြသွားနိုင်တာကတော့ ဒါရိုက်တာရဲ့ ပညာပါပဲ။
ဟာကွက်လေးတွေ တချို့ရှိတာကို သတိပြုမိရင်းကတောင် ပြီးပြည့်စုံတယ်လို့ ခံစားရတဲ့ ကားဖြစ်ပါတယ်။ ဗမာကားတွေမှာ တွေ့ရတဲ့ စိတ်ပျက်စရာ နောက်ခံတေး ဆူဆူတွေ မကြားရတာကိုက ဇာတ်ကားကို ပို အသက်​ဝင်စေတဲ့ အချက်ဖြစ်ပါတယ်။

သူတို့ ဆုံဆည်းတာ၊ သူတို့ တွယ်တာသွားကြတာ၊
သူတို့ ဆုံနေကျ ရထားလမ်းဘေးက လယ်ကွင်းပြင်နဲ့ တူတူလက်တွဲ လမ်းလျှောက်ကြတဲ့ ရထားလမ်းတလျှောက်ကို တကယ်ပဲ ဆွတ်ပျံ့လာအောင် ပြသွားနိုင်ပါတယ်။
(စင်ကာပူကို ရောက်မှ တောက်လျှောက် မရပ်မနား ကြည့်ဖြစ်တဲ့ ဇာတ်ကားပါပဲ။)

သူတို့ ပြောကြတဲ့ စကား၊ သူတို့ ချစ်ကြတဲ့ အချစ် နဲ့ သူတို့ ရွတ်ကြတဲ့ ကဗျာ... အရာရာကို တင်ပြပုံက ကောင်းပါတယ်။ အဲဒီနေရာထိ ဘာမှ ထူးခြားဆန်းပြားတဲ့ လှည့်ကွက်မပါဘဲ ဆွဲယူသွားနိုင်တယ်။

နောက် လူမင်း၊
လူမင်းကို မကြိုက်ပါဘူး။ သရုပ်ဆောင်တာရော၊ ဖတ်မိတဲ့ အင်တာဗျူးတချို့မှာရော impressive ဖြစ်မိတယ် ဆိုတာ မရှိသလောက်ပါပဲ။ "ကျန်စစ်မင်း" ကတော့ ညီလင်းဆက် ရေးတာ ဖတ်မိတာနဲ့တင် လုံးဝကို ကြည့်ချင်စိတ် မရှိလောက်အောင်ပါပဲ။ ကြည့်မိလည်း အဲလိုပဲ ဖြစ်မှာပဲ။

ဒီကားမှာတော့ သူ သရုပ်ဆောင်တာကို တော်တော် သဘောတွေ့မိပါတယ်။
နယ်မြို့ကလေးက ကိုယ်ထူးကိုယ်ချွန် ရိုးသားတဲ့၊ စာအုပ်တွေကို ချစ်တဲ့ သာမန် ယောက်ျားလေး တစ်ယောက်မျှသာ ဆိုတာကို အပိုအလိုမရှိဘဲ သရုပ်ဖော်နိုင်ပါတယ်။

Update: သာမန်မျှသာ ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို ဗမာသရုပ်ဆောင်တွေ လုပ်လေ့ရှိသလို သာမန်ကလေး ပေါ့ပေါ့ဆဆ လုပ်သွားတာ မဟုတ်ဘဲ၊ ထူးထူးခြားခြား လုပ်ပြသွားနိုင်တာကို သူတို့ ချစ်သူ နှစ်ယောက် ဆုံတဲ့ အခန်းတွေမှာ attention ပေးကြည့်မိရင် ခံစားလို့ ရပါလိမ့်မယ်။ အဲဒါဟာ လူမင်းရဲ့ အတွေ့အကြုံများလာတဲ့ သရုပ်ဆောင်သက်ကြောင့် ဖြစ်နိုင်သလို၊ ဒါရိုက်တာက ညွှန်ကြားနိုင်တာလည်း ပါမှာပါပဲ။

အဲဒီဇာတ်ကောင် စရိုက်ကို သူ့ချစ်သူ မိန်းကလေးရဲ့ (စကားပြောနေတာ၊ ကဗျာရွတ်နေတာစတဲ့) အမူအရာလေးတွေကို ကြည့်တဲ့ အကြည့်တွေမှာ အပေါ်လွင်ဆုံး ဖြစ်အောင် ထည့်သွားနိုင်ပါတယ်။
ဒီကားမှာ လူမင်း သရုပ်ဆောင်တာ ကောင်းပါတယ်။


မိုးဟေကို ကတော့ သာမန်မျှသာလို့ပဲ မြင်ပါတယ်။ ဇာတ်ကိုတော့ အထောက်အပံ့ဖြစ်အောင် သရုပ်ဆောင်နိုင်တယ် ပြောရမှာပါပဲ။ တည်ထားတဲ့ ဇာတ်ရုပ်ကိုက သူက သာမန်နဲ့ နည်းနည်းလေး ကွဲတော့ တချို့နေရာတွေမှာ နည်းနည်းတော့ သဘာဝနဲ့ လွတ်နေသလိုလိုပါပဲ။ ဒါပေမဲ့ မဆိုးပါဘူး။

တင့်တင့်ထွန်း အတွက်ကတော့ ဘာအကွက်မှ သိပ်မရှိပါဘူး။ တကယ်ဆို မပါတောင် ရတဲ့ အနေအထားပါပဲ။

ကိုယ် နှစ်ခြိုက်မိတဲ့ ဇာတ်ကွက်ကတော့ မိုး ဆုံးပြီ ဆိုပြီး၊ ဆေးရုံမှာ လူမင်း လာကြည့်တဲ့ အခန်း။
နောက်ခံအသံတွေ
လုံးဝ ...
တိတ် ဆိတ် လို့...

အသက်မရှိတော့တဲ့ ချစ်သူရှေ့မှာ၊ ယူကျုံးမရ ကျန်ရစ်ခဲ့တဲ့ လူတစ်ယောက်...
မချိတင်ကဲ အငိုကို လူမင်း သရုပ်ဆောင်သွားတာ တကယ် touch ဖြစ်တဲ့ အကွက်ပါပဲ။
မယုံနိုင်တာ၊ လက်မလွတ်ချင်တာ၊ ကြေကွဲခံစားရတာ အားလုံးပဲ ပါသွားပါတယ်။

ချစ်သူလက်မှာ ဆုတ်ထားတဲ့ ဆွဲကြိုးလေးကို ဖြေယူတာကို ပြတာလည်း လှပါတယ်။

***
(မောင်မျိုးမင်း ခေတ်ဦးက "တိမ်ပြိုမိုး" ကို သတိရမိစေပါတယ်။ မောင်မျိုးမင်းဆိုရင် "နှင်းဆီဝိုင်" ကိုပဲ လူပိုသိကြပေမယ့် ကိုယ်ကတော့ တိမ်ပြိုမိုး ကို ပို ကြိုက်ခဲ့တယ်။ အဲဒီတုန်းက အလယ်တန်းလောက်ပေါ့။

သုဘရာဇာရဲ့ သားဖြစ်ကြောင်း အမှန်တိုင်း အသိမခံခဲ့လို့ ကွဲသွားပြီးတဲ့နောက်၊ သူ တိုးတက်ထွန်းကားလာအောင် နောက်ကွယ်ကနေ ပံ့ပိုးခဲ့တာ သူတချိန်လုံး နာကျည်းခဲ့မိတဲ့ သူ့ချစ်သူ မမပဲလို့ ဆုံးပါးပြီး နောက်မှ သိလိုက်ရတဲ့ အခါ... ချစ်သူ အတွက် ဘာလုပ်ပေးနိုင်မလဲ လို့ စဉ်းစားတဲ့ အခန်း၊ သူ့လက်ထဲမှာ ငွေကြေးအပြည့်အစုံလည်း ရှိနေပြီ။

နောက်ခံအသံတွေ တိတ်လို့ ယူကျူံးမရ ဖြစ်နေတဲ့ အခန်းလယ်က လူတစ်ယောက်ကို ထက်အောက် ဘယ်ညာ ရှုထောင့်တွေကနေ ရိုက်ပြထားတာဟာ အင်မတန် မမေ့နိုင်စရာ ပြကွက်ပါပဲ။

နောက်တကဒ်ကို ချိန်းတော့... ရွေဘော်ထိုးသံ သဲ့သဲ့နဲ့ အတူ သူ့ချစ်သူရဲ့ နောက်ဆုံး ခရီးအတွက် "ခေါင်းတလား" တစ်ခု ကိုယ်တိုင် လုပ်နေတဲ့ လွင်မိုးကို သူ ရွေဘော်ထိုးနေတဲ့ ပျဉ်ချပ်ပေါ် တစ်စက်ချင်း ကျလာတဲ့ မျက်ရည်စက်တွေနဲ့ ရောပြီး
ပြတဲ့ အခန်းကို အမျှင် ဇာတ်ကား ကြည့်ရင်း သတိရနေမိပါတယ်။)

***
အဲဒီထဲက "အမျှင်" ဆိုတဲ့ ကဗျာရွတ်သံကို ခံစားပြီး...
"ဆက်ထုံး" ကဗျာကို ချက်ချင်းဆိုသလို ရေးဖြစ်တယ်။

***
"ညှို့မယ့် ညှို့တော့လည်း
ကိုယ့်ကိုယ်ကိုယ် ပြန်မသိတော့တဲ့ အထိ
ကိုယ်ကလွဲရင် ကိုယ်ပါပဲ ထင်ပြီး
...

...

အချိန်မရှိတော့ဘူး၊

နေရာမရှိတော့ဘူး၊
ဒီနေရာမှာ
အသက်ကို အပ်ခဲ့မယ်"

(အမျှင်)

***
ကြည့်စေချင်လို့ တင်ပြီးမှ အဲဒီ link ကို ပြန်သွားကြည့်တာ movie file မရှိတော့ဘူးလို့ ပြနေတယ်။

***
Update :
(ကြုံလို့ ပြောရရင် သတ္တမတန်း စတက်တော့ ရောဂါထလာတဲ့ စာရေးဆရာ ဖြစ်ချင်တယ် ဆိုတဲ့ ကိစ္စဟာ နှစ်ဝက်လောက်အရောက်မှာ ပျောက်သွားပြီး၊ နောက်ပိုင်းနှစ်ဝက်မှာတော့ ရုပ်ရှင်တချို့ ကြည့်မိပြီး ရုပ်ရှင် ဒါရိုက်တာ ဖြစ်ချင်ခဲ့သေးတယ်။ နောက်ပိုင်းတော့ ရုပ်ရှင်နဲ့ ဝေးသွားပြီး၊ စာအုပ်ကသာ အခရာ ပြန်ဖြစ်သွားတာပါပဲ။)

လတ်တလော

1) သိပ်သဘောကျနေမိတာ...
Mark ဆီမှာ တွေ့တဲ့ ဆောင်ပုဒ် "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ ပိုဆိုးလျှင် ဆိုးမည်။"

ကိုယ့်အာဘော်နှင့် ပြင်ရေးချင်မိသည်။ "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ အနည်းဆုံး နှစ်ဆပိုဆိုးမှာ သေချာသည်။"

2) ဖတ်ရင်း ဘဝင်ကျနေမိတာ...
တေဇာ ရဲ့ တောမီး

3) မှန်တယ်လို့ တွေးနေမိတာ...
လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက် ဆီက မမြတ်နိုး က ပြောသွားတဲ့... "မြန်မာပြည်ပြန်လည်း စက်ရုပ်ပဲ ဖြစ်မှာပဲ။ အလုပ်ကလည်း မသေမချင်း လုပ်နေမိမှာ။ အလုပ်လုပ်နေသရွေ့လည်း ဒီလိုပဲ နေ့စဉ်ဘဝ သံသရာလည်နေရမှာ။ နိုင်ငံခြားထွက်မိလို့ စက်ရုပ် ဖြစ်နေရတာ မဟုတ်ဘူး" ဆိုတာ...

ချစ်တဲ့သူ (တွေ) နဲ့တော့ ဝေးနေရတာပေါ့။ ဒါကလည်း ဘယ်သူကမှ တွန်းပို့ထားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာရွေးတဲ့ လမ်းပဲ။
ကိုယ့်ဘာသာ လျှောက်ပေတော့...


4) ဘာလဲဟ လို့ စဉ်းစားနေမိတာ...
နိုင်ငံရေးနှင့် လူမှုရေး သဘောသဘာဝချင်းမှာ မည်သို့မျှ မသက်ဆိုင်လေ။ (စိတ်ပါဝင်စားသူများက သူနှစ်သက်ရာ လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်လိမ့်မည်။ ဘာမှ စိတ်မဝင်စားလို့ ဘာမှ မလုပ်သူများ ရှိလည်း သူ့ဘာသာ မလုပ်ချင်လို့ မလုပ်တာ ဝေဖန်ရန်အကြောင်းမရှိ။)

ထို့ကြောင့် နိုင်ငံရေးကို ဝေဖန်မှတ်ချက်ပြုခြင်းအား မကျေလည်သောအခါ တိုက်ရိုက်ပြောဆိုခြင်း မပြုဘဲ လူမှုရေးလုပ်သူများနှင့် ပမာပြု၍ (သူတို့ဒီလို သူများအတွက် ဝင်လုပ်ပေးတာ ကိုယ်မလုပ်ဘဲ ဝေဖန်ရကောင်းလားဟူ၍) ပေးသော ဥပမာများလောက် လူကို အူတူတူဖြစ်စေတာ မရှိ။

လူမှုရေးသမားများအား ဝေဖန်ပြစ်တင်ရလောက်အောင် စိတ်ဝင်စားစရာ မရှိ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နိုင်ငံအုပ်ချုပ် မင်းလုပ်မည့်သူများ မဟုတ်သောကြောင့်တည်း။

အမှန်တော့ လူမှုရေးဆိုသည်မှာ လူတိုင်း အနည်းနဲ့ အများတော့ ပါဝင်ပတ်သတ်ဖူးမည်သာ။ သို့သော် ပြောလိုရင်း မဟုတ်၍ ဆက်မပြောလို။

မလုပ်ဖူးသဖြင့် ဝေဖန်ရန်မသင့် ဆိုပါက... ယခု လက်ရှိလူများအားလည်း ဝေဖန်မနေနှင့်။ ကိုယ်လုပ်ဖူးတာ မဟုတ်။ မတော်လို့ ကံအကျိုးပေးနည်းလို့ သူတို့နေရာများ ကိုယ် ရောက်ခဲ့ရင် သူတို့လို မဖြစ်ဘူးလို့ ဘယ်သူမှလည်း အာမခံနိုင်တာ မဟုတ်။ ထို့ကြောင့် မဝေဖန်ကြနှင့်။ <<< ထိုသို့ပြောလျှင် မည်သူ လက်ခံပါမည်နည်း။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းမကျသောကြောင့် ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ လုပ်သူများ၏ အရေးကိစ္စသက်သက် မဟုတ်သောကြောင့် ဖြစ်သည်။

ထို့အတူ ကိုယ်မကျေလည်သူများကိုသာလျှင် ဝေဖန်ရသော၊ ကိုယ်ကျေနပ်နှစ်သက်သူများကိုတော့ ကာကွယ်ပြောဆိုရသော အလုပ်ဟုလည်း မမြင်ချေ။ ကိုယ်ကျေနပ်သော်လည်း သူများအတွက် မေးခွန်းထုတ်စရာ ဖြစ်ချင်ဖြစ်နေမည်။ ထိုအခါ ကိုယ့်ဘာသာ ကျေနပ်နေလို့ သူများက ပြောဖို့ မသင့်တော်ဟု ယူဆပါက ဘာကြောင့်များ ဒီမိုဒီမို အော်နေပါသနည်း။

(မှတ်ချက် ။ နိုင်ငံရေးကိစ္စ အတွက် ပြောခြင်းဖြစ်သည်။ လူမှုရေးကိစ္စအတွက် ပြောခြင်းမဟုတ်။ နိုင်ငံရေးဟု ခေါင်းစဉ်တပ်၍ တိုက်ရိုက် ဝင်မဆွေးနွေးချင်သူများ လူမှုရေးနှင့် ဥပမာပြု၍ မှတ်ချက်ပေးရန် မလိုပါ။)

Friday, January 8, 2010

ဗလာ


Pic from Google

အထောက်အထားတွေ ဖျောက်ဖျက်
ပညတ်မပါတဲ့ တမန်တော်

အသိအမှတ်ပြုစရာက ကျန်ရစ်

ချန်ပစ်တယ်ဆိုရင်လဲ


မသေချာခြင်းနဲ့ ဖုံးကွယ်
ကြည်လင်ပြတ်သားခြင်းလဲမရှိ

ဝိုးတဝါး အသိနဲ့
ပဟေဠိပဲ ညှိရမလိုလို


သေချာပိုင်ခွင့်တွေ အဓမ္မ ကွပ်မျက်
သက်သေကို ထိတ်တုံးခတ်ခဲ့

ကဲ
အဲဒါ ဘာအတွက်လဲ


မျှော်လင့်ချက် အကျဉ်းချ

နောင်တချိန် ငြင်းပြမလို့ပေါ့။


(1997)

***
Sign ထိုးဖို့ မေ့ကျန်ခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြီး ရေးထားတဲ့ ကဗျာ။
ရေးခဲ့သမျှထဲမှာတော့ အဲဒါ အရသာ အရှိဆုံးပဲ။
အဲဒီတုန်းကတော့ ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ်... ဆရာ။

ဘာမှန်း မသိတဲ့ စကားလုံးတွေပေမယ့် အတွေးနောက်ကို အရေးက ထပ်ချပ်မကွာ လိုက်နိုင်ခဲ့သေးတယ်။ ခုတော့လည်း မရတော့ပါဘူး။ ကဗျာ တခါတခါ ရေးဖို့ သိပ်ခက်သွားပြီ။

Feb '09 မှာ တခါ တင်ဖူးတယ်။

***

Saturday, January 2, 2010

My Childhood Days !


Pic from Here

တဂ်ရေးရှိက ရေးအပ်လှ၏။
နန်းညီ က ကလေးဘဝ ဘာညာကွိကွများ မှာ တဂ်လို့ ရေးမှာပါ။

***
ငယ်ငယ်ကလို့ စဉ်းစားမိရင် "အလျှံညီးညီး တောက်မည့်မီးကား" ဆိုတာကို သွားသွား သတိရမိပါတယ်။ တော်တာ မတော်တာကို ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်ဟာ တခြားလူတွေလိုပါပဲ။ တော်တာတချို့ (လို့ ကိုယ့်ဘာသာ ထင်တာ) ရှိပြီး၊ လျော်တာတချို့လည်း ရှိပါတယ်။ ယေဘုယျပြောရရင်တော့ ယေဘုယျကျတဲ့ လူ (average person) ပါပဲ။ ဒါပေမဲ့ မြန်မာတွေရဲ့ တချို့အစွဲအလမ်းတွေကနေ ကင်းလွတ်တဲ့ (အနည်းဆုံးတော့ ကင်းလွတ်ချင်တဲ့) သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အလျှံညီးညီး တောက်မည့်မီးကား ဆိုတာ တကယ်တော့ ငယ်ငယ်ကတည်းက ဗီဇ တချို့က ပြလာခဲ့ပြီးသားလို့ ပြောချင်တာပါပဲ။

***
ကလေးဘဝမှာ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာ ကြီးပြင်းခဲ့ရတာ၊ ဘိုးဘွားအစုံအလင်နဲ့ အညာက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့ရတာကတော့ အင်မတန် ကျေနပ်စရာပါ လို့ အသက်ကြီးလာလေ၊ တွေးမိလာလေပါပဲ။ ကွာခြားမှုကို အညာမှာပဲ တောက်လျှောက်ကြီးပြင်းခဲ့ရရင် (သို့) မြို့ကြီး ပြကြီးမှာပဲ တောက်လျှောက် ကြီးပြင်းခဲ့ရရင် မသိနိုင်လောက်ဘူး လို့ ထင်မိပါတယ်။

အညာလို မြို့သေးသေးတစ်မြို့က သာမန်လူတစ်ယောက်မှာ၊ ရန်ကုန်လို မြို့ကြီးပြကြီးက သာမန်လူတစ်ယောက်ထက် identity ပိုပြီး ပြတ်ပြတ်သားသားရှိတယ် လို့ ပြောရင် နှစ်နေရာစလုံးမှာ နေထိုင်ကျင်လည်ဖူးတယ်ဆိုရင် လက်ခံကြပါလိမ့်မယ်။ အဲဒီလို နယ်နဲ့ မြို့ကြီးမှာ လူတွေရဲ့ identity ကွာခြားပုံ အကြောင်းကို ဟိန်းလတ် ရဲ့ မဟေသီ စာပေအင်တာဗျူးမှာ ဆရာဖေမြင့် ပြောသွားတာ သိပ်ကောင်းတာပဲ။ အဲဒီ အင်တာဗျူးတွေ စုထုတ်တဲ့ စာအုပ် ငှားဖတ်တုန်းက ကူးမထားလိုက်မိဘူး။

သူပြောသွားတာက ... နယ်က လူတစ်ယောက်ချင်းစီမှာ သူပါ ဆိုတဲ့ identity ကို ဘယ်လောက်တောင် ဆုပ်ကိုင် နိုင်သလဲ ဆိုရင်... ဥပမာ - တနေရာရာမှာ ပြဿနာ တခုခု ဖြစ်ပြီ ဆိုပါစို့။ ဘယ်သူနဲ့ ဘယ်သူ ဖြစ်နေတာ ဆိုတာကို သတင်းရတာနဲ့ ဘာပြဿနာ ဆိုတာကို မှန်းလို့ ရနေပြီ။ အဲဒီနေရာကို ဘယ်သူထပ်ရောက်လာရင် ဘာဝင်ဖြစ်မယ်။ ပြီးတော့ ဘာဆက်ဖြစ်မယ် ဆိုတာကို ကျန်တဲ့လူတွေက မှန်းလို့ ရနေပြီ ဆိုတာမျိုးပါ။ ကောင်းတာလည်း ရှိပါတယ်။ မကောင်းတာလည်း ရှိပါတယ်။

အင်း မဆိုင်တာတွေ ရှည်မိပြန်ပြီ။

***
ကလေးဘဝကတော့ ကိုယ့် မှတ်ဉာဏ်ထက် လူကြီးတွေ မှတ်ဉာဏ်ထဲက အကြောင်းအရာတွေက ပိုများပါတယ်။ ကလေးဘဝတည်းက ကိုယ်တွေ့ကြုံမှတ်သားမိတဲ့ အရာတွေကို အလျဉ်းသင့်ရင် ဆွဲထည့် တတ်တာကတော့ အတော်သိသာခဲ့တယ် ဆိုရမယ်။

ထင်မိထင်ရာ စွတ်ပြောတာတွေလည်း ရှိတယ်။ အိမ်မှာ ဆွမ်းတော်ပွဲကျတွေ လာယူတဲ့ အမျိုးသမီးနဲ့ မေမေကို စကားနည်းနည်းပြောနေကြတာ မြင်လို့ သူငယ်ချင်းလားလို့ ထင်နေတာမျိုး။

***
* ၁၁လ

၁၁ လမှာ စကားစပြောပြီ ဆိုတယ်။ ကိုယ့်ထက် အသက် ၁နှစ် ၁လကြီးတဲ့ အစ်ကိုဝမ်းကွဲက အဲဒီချိန်ထိ စကားမပြောသေးဘူး။ ကိုယ် စပြောတဲ့ စကားလုံးက "ပေးဘူး" တဲ့။ ပြီးတော့ ကြယ်တီး (ကြယ်သီး)၊ နောက် မေမေ။ တကယ်တော့ အားလုံး တပြိုင်တည်း လိုလို ပြောနေတာ ဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ မေမေ ကို စပြောကြတာပဲ။ ကိုယ်ဟာ ပေးဘူး ကိုပဲ စပြောတယ်လို့ လူကြီးတွေ အမှတ်မှားနေတာလို့ ခုထိ ထင်တုန်း။

နောက်ပိုင်း ကိစ္စတွေကတော့ ၃/၄ နှစ် ကနေ ကျောင်းတက်ကာစ အသက် ၅ နှစ်အထိ လောက်မှာပေါ့။

* တခုပြီးတော့ တခု


မေမေ့ဘက်က အဘိုးက ဂီတကို ဝါသနာပါတယ်။ ပတ္တလားတီးတတ်တယ်။ (အဲဒီအမွေကို ဘယ်သူမှ မရဘူး)။ အဲဒီ ပတ္တလားမှာ စီထားတဲ့ ဝါးပြားလေးတွေ ကြည့်ပြီး တန်းစီနေတာပဲ ဆိုတာကိုလည်း မပြောတတ်တော့ "မေမေ ဘဘရဲ့ ပတ္တလားက တခုပြီးတော့ တခု၊ တခုပြီးတော့ တခု နော်" လို့ ပြောခဲ့တယ် ဆိုတယ်။

* ကြက်သွန်


ပြီးတော့ နည်းနည်း အစားရွေးတယ်။ ဟင်းထဲမှာ ကြက်သွန်ပါတာ မကြိုက်ဘူး။ တနေ့ အသားဟင်းကြော်တာကို ကြက်သွန်နီ နိုင်းချင်းထည့်လိုက်တော့ အော် ငိုပြီး ချက်တဲ့ လူကြီးတွေကို ရန်တွေ့တယ်တဲ့။

"အဲဒီ ဟင်းထဲကို ကြက်သွန်တွေ ထည့်ရတယ်လို့ ဘယ်သူက ပြောတာတုန်း"
ဆိုပြီး။ လူကြီးတွေမှာ ရီစရာကြီး ဖြစ်နေကြတာပေါ့။ ကလေးက မကြိုက်ဘူး။ မစားချင်ဘူး။ ကြက်သွန်တွေ ဖယ်ပေးပါလို့ မပြောဘဲ ဒါမျိုးပြောတယ် ဆိုတော့...။ လူကဖြင့် ခုအရွယ်ထိ ဘာမှ တတ်တာ မဟုတ်ဘူး။

* သစ်ပင်ပေါ်မှာ သီချင်းဆိုမယ်


ပြီးတော့ ဖေဖေ့ဘက်က အဘွားက ရုပ်ရှင် ဝါသနာပါတယ်။ စစ်ကိုင်းမှာ ရုပ်/သံ ထပ်ဆင့်လွှင့် ဆောက်လို့ ကိုယ်တို့ဆီမှာ TV ကြည့်လို့ရပြီလည်း ဆိုရော တန်းဝယ်တော့တာပဲ။ အဲဒီအချိန်က မီးကလည်း မှန်၊ သတင်းစာကလည်း မှန်၊ လေယာဉ်ကွင်းကလည်း မှန်တယ် ထင်ပါ့။ လေယာဉ်ကွင်းကိစ္စတော့ သိပ်မသိပါဘူး။

အဲဒီမတိုင်ခင်မှာ မြဂနိုင် ဆိုတဲ့ကားကို ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ထားတော့... ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးတယောက်က သစ်ပင်ပေါ်မှာ သီချင်းဆိုတဲ့ အခန်းပါတယ်။ ခြေထောက်ကလေးကို စည်းချက်နဲ့ အညီ လှုပ်လို့ပေါ့။

တစ်ရက်တော့ မေမေ့ဘက်က အဘွားအိမ်မှာ လူကြီးတွေ အလုပ်ရှုပ်နေတဲ့နားမှာ ကိုယ်က အနှောင့်အယှက်ဖြစ်အောင် ဆော့တယ်။ တခါပြောမရ၊ နှစ်ခါပြောမရ ဖြစ်နေတော့ အဘွားလုပ်သူက "ဒီကလေးမလေးတော့ ပြောမရရင် တမာပင်ခွကြား သွားတင်လိုက်မှနဲ့ တူတယ်" လို့ ပြောတယ်။

အဲဒီမှာ ချက်ချင်းပဲ "ဟင် ဒါဆို ရုပ်ရှင်ထဲကလို အဲဒီ သစ်ပင်ပေါ်မှာ ခြေထောက်လေးလှုပ်ပြီး သီချင်းဆိုနေလိုက်မှာပေါ့" လို့ ပြန်ပြောခဲ့တယ်။

(ကိုယ်က ဖေဖေ့ဘက်က အဘွားကိုသာ ကြောက်တယ်။ အဲဒီ အဘွားက ထက်မြက်တယ်။ သြဇာလွှမ်းချင်တယ်။ စည်းစနစ် ချချင်တယ်။ မေမေ့ဘက်က အဘွားက ပုံပြောလိုက်၊ စာဖတ်ပြလိုက်၊ ချွဲလိုက် နွဲ့လိုက် ဆိုတော့ မကြောက်ဘူး။ အဲဒီ အဘွားကို ပိုရင်းနှီးပါတယ်။ နောက်ပိုင်း ကျောင်းနေတဲ့ အရွယ်ရောက်တော့ ဖေဖေ့ဘက်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။)

* လွတ်အောင်ရှောင်တဲ့ ယုန်ကလေး


ကိုယ်က ပုံပြင်ကြိုက်တယ်။ စာဖတ်ပြတာ နားထောင်ရတာ ကြိုက်တယ်။

ကလေးဘဝလို့ စဉ်းစားမိရင် ဆွေမျိုး အသိုင်းအဝိုင်းတင် မကဘဲ၊ ဗမာတွေရဲ့ နယ်ပယ်မှာတော့ အိမ်နီးချင်း မိတ်ဆွေတွေရဲ့ အခန်းကဏ္ဍပါပါလာမှာပါပဲ။ ကိုယ်ကတော့ လူတစ်ယောက်ရဲ့ ငယ်ဘဝဟာ ကြီးတဲ့ထိ (အသိစိတ်ထဲမှာ မမှတ်မိသည့်တိုင်အောင်) အရိပ်ထိုးတယ် လို့ ယုံကြည်သူ ဖြစ်တော့ အဲဒီ အခန်းကဏ္ဍတွေကို စိတ်ဝင်စားပါတယ်။ ဗမာမှုနယ်ပယ်ဟာ ကောင်းတဲ့ အချက်တွေ ရှိသလို၊ မကောင်းတဲ့ အချက်တွေလည်း ရှိတယ်လို့ မြင်မိတယ်။

ကလေးနှစ်ယောက်ကို မြင်လို့ တယောက်ယောက်ကို "သမီးတို့ နှစ်ယောက်မှာ/ သားတို့ နှစ်ယောက်မှာ ဘယ်သူက ပိုလှတာလဲ" လို့မေးတာမျိုး၊ "မေမေနဲ့ ဖေဖေကို ဘယ်သူ့ပိုချစ်လဲ" လို့ မေးတာမျိုး ...
ဘာမှ မဟုတ်ဘူး။ ချစ်လို့ မေးတာ။ မေးရိုးမေးစဉ်မေးတာ လို့ ယူဆလို့ ရပေမယ့် ဘာမှလည်း အဓိပ္ပါယ် မရှိဘူးလို့ ကိုယ်မြင်တယ်။ တကယ်တော့ မေးခွန်းဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်မှာ သူနဲ့ ငါနဲ့ ဘယ်သူက ပိုသာတာလဲ။ ဘယ်သူနဲ့ ယှဉ်ရင် ဘယ်သူက... ဆိုတာ သွင်းပေးလိုက်တယ် လို့ ကိုယ်မြင်တယ်။

ကိုယ်ဟာ နည်းနည်း အကဲဆတ်တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ လူကြီးအနေနဲ့ ကလေးကို နှုတ်ဆက်စကားဆိုရာမှာ သူ့ကို ကိုယ်က ချစ်ခင်သိမှတ်တာကို ပြဖို့ပဲ မကောင်းဘူးလား။ ဒီနည်းနဲ့ ကလေးရဲ့ စိတ်မှာ ကျေနပ်မှုနဲ့ ယုံကြည်မှု တစ်ခုခု ရသွားဖို့ မကောင်းဘူးလား။ ယှဉ်ဖို့ မလိုတာတွေကို ယှဉ်ကြည့်စေချင်တဲ့စိတ်မျိုး ဘာဖြစ်လို့ သွင်းပေးချင်ကြတာလဲ။ ဒါပေမဲ့ ဒီစကားမျိုး ပြောရင် ပြောတဲ့သူကို ရူးနေတယ်တောင် ထင်ကောင်း ထင်ကြဦးမယ်။

(တကယ်က အဲဒီမေးခွန်းမျိုး မေးတဲ့
လူကြီးတွေမှာ အဲဒီ စိတ်မျိုးသွင်းပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာ မရှိပါဘူး။ ဘာရည်ရွယ်ချက်နဲ့ ဒါမျိုးမေးတာလဲ ဆိုတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ မေးရိုးမေးစဉ်မို့ မေးလိုက်တာပါပဲ။ ဒါပါပဲ။)

ဒါမျိုးကို ကလေးဘဝမှာ ကိုယ် ဘယ်နှစ်ခါ ကြုံခဲ့လို့ ဘာတွေ ပြန်ပြောခဲ့တယ်ဆိုတာ မသိတော့ပါဘူး။ ကြုံသလိုပဲ ဖြေခဲ့မှာပေါ့။ ဒါပေမဲ့ စိတ်ထင် သူငယ်တန်း အရွယ်လောက်မှာတော့ မှတ်မှတ်ရရ ကြုံခဲ့တယ်။

အဲဒီနေ့က နှစ်ဘက်ဘိုးဘွားတွေ တစ်အိမ်မှာပဲ စုဆုံပြီး ရှိတဲ့နေ့။ တခြားဧည့်သည်တွေလဲ ရှိတယ်။
အဲဒီထဲက ဧည့်သည်အမျိုးသမီး တစ်ယောက်က စကားဝိုင်းကနေ ကိုယ် ဆော့နေတဲ့နေရာကို လှမ်းမေးတယ်။ ကိုယ့် အဖေဘက်က အဘွားနဲ့ အမေဘက်က အဘွား ဘယ်သူ့ကို ပိုပြီး ချစ်တာလဲ တဲ့။

ဖေဖေနဲ့ မေမေပဲ ဖြစ်ဖြစ်... အဘိုးနှစ်ယောက်ကိုပဲ ဖြစ်ဖြစ် ယှဉ်ပြီး မေးရင် ကိုယ့်အတွက် ဘာမှ ပြဿနာ မဟုတ်ဘူး။ အဘွားနှစ်ယောက်ကို ရှေ့တင် ယှဉ်မေးတာကတော့ တကယ့် ချောက်ပဲ။

ဆော့နေရာကနေ "ယုန်ကလေး နှာစေးနေလို့ မဖြေနိုင်သေးဘူး" လို့ ပြန်ပြောခဲ့တယ်။
လူကြီးတွေမှာ ပွဲကျ နေပေမယ့် ကိုယ်ကတော့ အဲဒီ ကျောင်းစတက်တဲ့ အရွယ်မှာ ခံစားတတ်ပြီ ပြောရမလား၊ အဲဒီ မေးခွန်းမျိုးကို မကြိုက်ဘူး။ လိုက်လည်း မရီဘူး။ မေးတဲ့သူကို ချောက်ချတယ်လို့ စိတ်က မသတ်မှတ်သေးတတ်သည့်တိုင်အောင် သဘောမကျခဲ့ဘူး လို့ ခုချိန်ထိ ဝိုးတဝါး မှတ်မိတယ်။

ခြင်္သေ့ကြီးရဲ့ ပါးစပ်နံသလား မေးတော့ နံတယ် ပြောလဲ အစားခံရမယ်။ မနံပါဘူး ပြောလည်း အစားခံရမယ် ဆိုတော့ နှာပဲစေးနေလိုက်တဲ့ ယုန်ကလေးပေါ့။

***
နောက်ပိုင်း ကိုယ် ကြီးလာတော့လည်း ကလေးတွေကို နေရခက်အောင်၊ သူတို့ အတွက် အဓိပ္ပါယ်မရှိတာတွေ အပိုစကားတွေလို့ ကိုယ့် ဉာဏ်နဲ့တွေးမိသမျှ ဘယ်တော့မှ မပြောဘူး။

တကယ်တော့ ကိုယ်က ကလေးတစ်ယောက်ကို ပြုစုဖို့ သိပ်တော့ စိတ်ရှည်တဲ့သူ မဟုတ်ပါဘူး။
ကိုယ်ဘာလုပ်ပေးချင်လဲ ဆိုတော့ သူတို့ မေးခွန်းတွေ မေးရင် သူတို့ စိတ်ကျေနပ်လောက်အောင် ဖြေပေးချင်တယ်။ ဖြေလည်း ပေးခဲ့တယ်။

တခါတလေ ချည်လို့ ချည်မှန်း မသိတဲ့... ကြိုးတွေ...
ကျလို့ ကျမှန်း မသိတဲ့ ချောက်တွေကို ပြပေးချင်တယ်။
အဆင့် (၁) ဆိုတဲ့ ကြိုးတွေ၊
၁ဝ တန်းမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်ရင် ဆေးတက္ကသိုလ် တက်ရတယ် ဆိုတဲ့ ချောက်တွေ...

တကယ်တော့ အသက် (၁၆) နှစ်ဆိုတာ ကိုယ် ဘာလုပ်ချင်လဲ မသိသည့်တိုင်အောင်၊ ဘာမလုပ်ချင်ဘူးလဲ ဆိုတာတော့ သိသင့်တယ် ထင်တာပဲ။ ကိုယ်ဘာလုပ်နေတာလဲ ဆိုတာ အနည်းဆုံးတော့ သိသင့်တဲ့ အရွယ်လို့ ထင်မိတယ်။ ဒါပေမဲ့ မြန်မာပြည်က (အထူးသဖြင့် နယ်က) ကလေးတွေဟာ လူဖြစ်နောက်ကျတယ် ထင်မိတယ်။

ဘာမှန်းညာမှန်း မသိဘဲသွားရင်တော့ နေရာတိုင်းဟာ ချောက် ဖြစ်နေနိုင်တယ်။
ကံကောင်းလွန်းပါမှ... အခြေအနေက ကိုယ့်ဘက်ပါတာ။
ဒါပေမဲ့ ဘာမှလည်း လုပ်မပေးနိုင်ဘူး။
အဲဒီ ချောက်ထဲ ဘာမှန်းညာမှန်း မသိဘဲ ဆင်းကြတာ ဒီတိုင်း ကြည့်နေရုံပါပဲ။

ကြည့်မနေလို့ "ဒီလိုဆိုရင် မသွားသင့်ဘူး" ပြောတယ် ထားပါတော့။
"ဒီမသွားနဲ့" ဆိုရင် "ဘယ်ကို သွားလို့ရတယ်" ဆိုတာ ညွှန်းပေးနိုင်ရမယ် မဟုတ်လား။
"ဘယ်ကို သွားပါ" ဆိုတာကိုမှ မပြောနိုင်တော့လည်း သွားချင်တဲ့ဆီသာ သွားကြပါတော့။
ကိုယ်လည်း ဘာမှန်းမသိတာတွေ လုပ်လာခဲ့တာပဲ။

အင်း ဒါလည်း မဆိုင်တာတွေပဲ။

***
ဆိုင်တာလေးနဲ့ ပြန်ပိတ်လိုက်ဦးမယ်။
အဲဒီ အလျှံတညီးညီး ဟာ ဘယ်ထိတောင် တောက်လာခဲ့လဲ ဆိုတော့...

၁ဝ တန်းလောက်မှာ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။

My Fri: မင်းက
"..." လုပ်ရမှာ။

Me: အင် "..."။ "..." ဆိုတာ ကြမ်းပိုးကို လိပ်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတတ်ရတာလေ။

My Fri: မင်း အဲလိုပဲ အမြဲတမ်း ပြောနေတာပဲဟာ...

Me: "မှားနေပြီ။ ကိုယ်က ကြမ်းပိုးဆိုရင် ကြမ်းပိုးဖြစ်အောင်ပဲ ပြောတတ်တာ။ သူများတွေက လိပ်လို့ ထင်နေကြတဲ့ ကြမ်းပိုးကိုလေ။

ဒီလိုပဲ လိပ် ဆိုရင်လည်း လိပ်ဖြစ်သွားအောင်ပဲ ပြောတတ်တာ။ သူများတွေက ကြမ်းပိုးလို့ ထင်နေကြတဲ့ လိပ်ကိုလေ။"


***
အင်း ဒီလိုဟာမျိုးမှ ဒါမျိုး မဖြစ်ရင် ဘယ်လိုဟာမျိုးက ဒါမျိုး ဖြစ်ပါ့မလဲ။
(Blogger ဖြစ်တာကို ပြောတာပါ။)

***

မပြောမရှိနဲ့။ အင်ဂျင်နီယာတစ်ယောက်ဟာ နှုတ်သီးကောင်းဖို့တော့ အတော်လိုတာ။
ကိုယ့်ဘက်က ခိုင်မာတဲ့ အချက်အလက်တွေတော့ ရှိရမယ်။

***

Friday, January 1, 2010

I Made the Right Choice !


Pic from
Here


I Made the Right Choice

`````````````````````````````````````

I left my home and my friends,

I left whom I loved,

To be successful in life,

People said I made the right choice.


I lost my friends,

I was alone in my town,

But success was waiting for me,

People said I made the right choice.


I met someone great,

I left her alone,

Because I had to make money,

People said I made the right choice.


I became guest in my family,

I missed everyone all the time,

But I made good money,

People said I made the right choice.


I couldn't be there when needed,

I missed every moment I wanted to be there,

But my bank balance was going high,

People said I made the right choice.


I couldn't celebrate their happiness,

I couldn't share their sorrows,

But my salary increased,

People said I made the right choice.


I couldn't even say good byes, to whom I loved,

I will never forgive myself for that.

But I get handsome salary every month,

People said I made the right choice.


I could never say I ll b there for you,

I never knew where I ll be going next,

But I kept on earning good money,

People said I made the right choice.


I was forgotten by my ... year old child,

I had to buy gifts to hug him,

But I could afford any gift he wanted,

People said I made the right choice.


I was only thought of when money was needed,

I became disturbance in my own house,

But could give them blank cheques,

People said I made the right choice.


Soon I will die,

And wont be remembered as part of something,

But there will be still money in my bank,

People will still say....'I made the right choice'
.

***
email ကနေ ရတဲ့ ကဗျာ။ မနှစ်က တင်ဖူးတယ်။
သိပ်တော့လည်း မတိုက်ဆိုင်လှပါဘူး။
ဒါပေမဲ့ ကြိုက်မိလို့ပါ။

***