Saturday, January 16, 2010

Poem & Me !

ကိုယ့်ဘဝမှာ ချော်သွားတဲ့ အရာတွေ ရှိပါတယ်။
ဥပမာ - သမိုင်းမှာ ဒတ်ခ်ျ လို့ တောက်လျောက်သင်လာခဲ့တာကို ဘာလို့ သေချာသိအောင် မစဉ်းစားခဲ့ဖူးတာမျိုး။ (ဒါက အသေးဆုံး အမှုကို ပြောလိုက်တာ)

ကိုယ် ကိုယ်တိုင်က ကျော်ပစ်ခဲ့တာလည်း ရှိတယ်။
အဲဒီထဲမှာ အထင်ရှားဆုံးက ကဗျာ တွေပါပဲ။

ကိုယ်က ကဗျာနဲ့ ပတ်သတ်ရင် အင်မတန် ပါရမီနည်းတယ် ဆိုရမယ်။
ဒါထက်ပိုပြီး တလျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အနုပညာကို စိတ်ဝင်စားတယ် ထင်လာခဲ့ပေမဲ့ ခုတလော ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အနုပညာက စာပေ တစ်ခုတည်း အဓိကလို ဖြစ်ပြီး၊ အဲဒီ စာပေထဲမှာမှ ကိုယ် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေက သိပ်အများကြီး မဟုတ်ဘဲ အမျိုးအစားက တစ်ခုတည်းလိုလို ဖြစ်နေတတ်လို့ပါ။
အဲဒီ အကြောင်းတော့ နောက်မှပဲ ရေးပါတော့မယ်။

***
ကဗျာကို ကိုယ်တိုင် ရေးနေတာရယ်၊ သူများကဗျာတချို့ တင်ဖူးတာရယ်ကြောင့် ကိုယ် ကဗျာဖတ်ဖို့ သိပ်စိတ်မဝင်စားဘူး ပြောရင် တမျိုးတော့ ဖြစ်နေမယ်ထင်တယ်။
ဒါပေမဲ့ အဲဒါ တကယ်ပါပဲ။

ငယ်ငယ်တည်းက မဂ္ဂဇင်း တစ်အုပ်ရရင် အထဲက ဆောင်းပါး၊ ဝတ္ထု၊ ကာတွန်းတွေ အငမ်းမရ ဖတ်သလောက် ကဗျာ ဆိုရင် နောက်မှ ပြန်ဖတ်မယ်ဆိုပြီး၊ ချန်ထားတတ်ခဲ့တယ်။
နောက်ကျတော့လည်း ပြန်မဖတ်မိတော့ဘူး။

ဒီလိုနဲ့ အမြဲဖတ်တဲ့ ဟန်သစ် ထဲက ကဗျာတွေတောင် ကျော်ပစ်ခဲ့ပါတယ်။

ကြည်အေး
ရဲ့ နွမ်းလျအိမ်ပြန် မှာပါတဲ့ ကဗျာတို နှစ်ပုဒ်၊ သုံးပုဒ်ကိုတော့ သေချာ ခံစားဖတ်ခဲ့ပြီး၊ နောက်ဆုံးထုတ်တဲ့ မှန်၏မှောင်ရိပ် နဲ့ အိမ်ဖြူလင်းသစ် မှာ ပါတဲ့ ကဗျာရှည်ကြီးတွေကျ ကျော်ဖတ်ပစ်ခဲ့တယ်။ အဲဒီ ဝတ္ထုကို ကျောင်း နောက်ဆုံးနှစ် မတိုင်ခင်နှစ်ကစလို့ Singapore မလာခင်ထိ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်ခဲ့ပေမယ့် အဲဒီထဲက ကဗျာတွေကိုတော့ တစ်ခုမှ သေသေချာချာ မဖတ်ဖြစ်ခဲ့ဘူး။

***
မောင်စိန်ဝင်း (ပုတီးကုန်း)

ဒါဖြင့် ကဗျာ နဲ့ ပတ်သတ်လို့ ကိုယ့်ကို ဘယ်သူလွှမ်းမိုးလဲ ဆိုရင် အဦးဆုံးကတော့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ပါပဲ။ သောကခြေရာ ရတနာ ကဗျာတွေပေါ့။ ၄/ ၅ တန်းလောက်တည်းက ဖတ်ခဲ့တာပါ။
၆ တန်းလောက်မှာ အလွတ်ရနေတာ တော်တော်များနေပါပြီ။

"
တစ်ညတည်းမှာ နှစ်ခါ မအိပ်
သိပ်သတိရ ည ည တွေမျိုး

တရေးနိုးရင်

မိုးလင်းထိ ထိုင်မိတတ်သူပါ"
တို့ ဘာတို့။
(စကားလုံး နည်းနည်းတော့ လွဲနိုင်ပါတယ်။)

ပြောရရင် ဆရာမောင်စိန်ဝင်း ကာရန်ချိတ်တာ အင်မတန် ပိရိပြီး အဓိပ္ပါယ်မှာ အပိုအလို မရှိဝင်သွားတယ် လို့ ထင်ပါတယ်။

"ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင်ကျေနပ်ပါရဲ့"
ဆိုတာမျိုး...

နောက် ဘယ်ကဗျာထဲမှာလည်း မသိ "တပေါင်းနေ ချောင်းရေကို ငုံ့အသောက်" ဆိုတာမျိုး...

ကိုယ်ရေးတဲ့ ကဗျာတွေကို ဆရာမောင်စိန်ဝင်းက လွှမ်းမိုးတယ်လို့ ခုချိန်ထိ ထင်မိပါတယ်။ သူ့အိုင်ဒီယာကိုတော့ မမီဘူးပေါ့။

လုံးချင်းတွေကိုတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ ဘဝမှာ ပထမဦးဆုံး စဖတ်မိတဲ့ လုံးချင်းဟာလည်း ဆရာ့ လုံးချင်းပါပဲ။ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတာ။
အဲဒီတစ်ခုကတော့ နောက် ပြန်ဖတ်ဖြစ်တိုင်းလည်း ကြိုက်မိတဲ့ ဝတ္ထုပါ။
အချိန်က 88 / 89 လောက်မှာ။

အတော်ကို ဖတ်ယူခဲ့ရပါတယ်။ ကာတွန်းလောက် ဖတ်ချင်တဲ့ အချိန်မှာ ဘာမှန်း မသိတဲ့ စကားလုံးတွေ အများကြီးနဲ့
နှစ်အုပ်တွဲ ဝတ္ထုစာအုပ်ကို တချို့နေရာတွေ ကျော်ပြီး ဖတ်သွားခဲ့တာ။ ဘယ်စာအုပ်ကို ဖတ်ဖတ် အဆီးအတားမရှိ ဖတ်ခဲ့ရတာကတော့ ကံကောင်းတာပါပဲ။

အဲဒီနောက်လည်း ဘယ်ဝတ္ထုမှ ဆက် မဖတ်ဖြစ်ခဲ့ဖူး။
စတုတ္ထတန်းမှာ ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှား ကို ပထမအစမ်း အပြီးလောက်မှာ ခဏရယ်လို့ ယူဖတ်မိတာ တစွဲတလမ်းနဲ့ မပြီးမချင်း ဖတ်မိတော့တယ်။ အဲဒီ စာအုပ် အိမ်ကို ရောက်တာ ကြာလှနေမှ စဖတ်ဖြစ်တာ။

92/ 93, ၆ တန်းလောက်ရောက်တော့မှ လုံးချင်း ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ဖြစ်တယ်။
ဒါပေမဲ့ ကာတွန်းနဲ့ ပုံပြင်တွေကိုလည်း ဖတ်တုန်းပဲ။

***
မြမြင်းမိုရ်

92/ 3 ပတ်ဝန်းကျင်က မြားနတ်မောင် မဂ္ဂဇင်းမှာ ပါတတ်တဲ့ ဆရာ မြမြင်းမိုရ် ရဲ့ ကဗျာ နှစ်ပုဒ်ကို သတိရမိပါတယ်။ ဝမ်းနည်းစရာကောင်းတာက တပိုင်းတစပဲ အလွတ်ရပြီးတော့ ကူးမထားလိုက်မိတာပါပဲ။

တပုဒ်က "အချစ်ဟောင်း" ၊ နောက်တစ်ပုဒ်က "ငါဟာ လရောင်ဖြစ်တယ်"
ကိုယ်က ကဗျာဆိုရင် ကြိုးစားအားထုတ်ပြီး ဖတ်ရမှာ ပျင်းတဲ့သူ ဖြစ်တော့ ခဏလောက် လျှမ်းဖတ်လိုက်တဲ့ အချိန်မှာ ရင်ထဲ တန်းရောက်လောက်တဲ့ စာသားမျိုး မပါရင် ဆက်မဖတ်ဖြစ်တော့ပါဘူး။

အချစ်ဟောင်း ကဗျာကို စဖတ်လိုက်ချိန်မှာပဲ

"ဘဝ လမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းနိုင်ခဲ့သူ"
ဆိုတဲ့ စသားက ထုတ်ချင်းဖောက်ပြီးတော့တောင် ဝင်သွားခဲ့တယ် ထင်ရတယ်။
အဲဒါကလွဲလို့ ဘာမှ ကောင်းကောင်း မမှတ်မိတော့တာတော့ ဝမ်းနည်းစရာပဲ။

နောက် ငါဟာ လရောင်ဖြစ်တယ်...

"စကြဝဠာရဲ့ အလံတော်ကို ဝှေ့ယမ်းသယ်ဆောင်လာတဲ့
နဂါးငွေ့ပင်လယ်မှာ ကြယ်စင် ကျောက်စရစ်တွေနဲ့ ဆော့ကစားနိုင်တယ်
အိမ်ပြန်နောက်ကျတဲ့ အလုပ်သမလေးရဲ့ တိုးတိုးဖော်လည်း ဖြစ်တယ်
ငါဟာ လရောင်ဖြစ်တယ်"
(အစီအစဉ် နှင့် စကားလုံး အတိအကျ မဟုတ်ပါ)

နောက်ပိုင်း ကိုယ်ရေးတဲ့ ကဗျာတွေမှာ အကြောင်းအရာလေး တစ်ခုကို အဲဒီလို ရှုထောင့် အမျိုးမျိုး ကနေကြည့်ပြီး တင်စားတာ တချို့ ပါလာတယ်။

***
ညီလင်းဆက်

"
မုတ်သုန်ကို ဖြုတ်ခနဲ ခေါ်လာတဲ့မိုး

အိပ်တန်းက ငှက်ကလေးတွေကို လန့်ပျံစေတဲ့မိုး

လယ်သင်းရိုး အကွဲအအက်တွေကို ဆွဲဆက်ပေးတဲ့မိုး

ကောင်မလေးရဲ့မျက်ရည်စက်တွေကို ကွယ်ဝှက်ပေးတတ်တဲ့မိုး
"

(ဖက်ဆွတ်မိုး)


အဲဒါကတော့ ကိုယ် အကြိုက်ဆုံး ကဗျာပါ။
နွေပူပူမှာ ရွာချတဲ့ မိုးစက်တွေကြောင့် ထွက်လာတဲ့ မြေသင်းနံ့ကို ရှူရှိုက်မိစေတဲ့ ကဗျာ။
အပူငွေ့တွေ ပျံထွက်သွားချိန် လှစ်ခနဲ အေးစက်စေတဲ့ ကဗျာ။


*
"
ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့အခါ

ညီမလေးရယ် လေတိုးသံလေးတွေကို နားဆင်ပါ

မျက်စိကို မှိတ်ပြီး နာကျင်စွာ ပြုံးရယ်ပါ
"

(ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့ အခါ)


အဲဒီကဗျာကို ပထမဆုံး တကြိမ်က လွဲလို့၊ အခါခါ ဖတ်တိုင်းမှာ အဲဒီ ၃ ကြောင်းကိုပဲ ဖတ်ခဲ့တယ်။
ဖတ်မိတိုင်းလည်း အနီးဆုံးက တယောက်ယောက် အဝေးဆုံးကို ရောက်သွားသလို နာကျင်မိပါတယ်။

*
"ငါချစ်သော နေရောင်တွေ ကွယ်ပျောက်သွား
ငါချစ်သော ကြယ်ရောင်တွေ တဖျတ်ဖျတ် လက်လက်လာ

ငါကိုယ်တိုင်က ရောက်ချင်ရာ ရောက်နေပြီး

လှိုင်းတွေက ငါ့ခရီးလမ်းကို ဖျောက်ဖျက်ပေးကြ"

(ဂျစ်ပစီ)


ချစ်တဲ့ အရာတချို့ ဝေးသွားပေမယ့်၊ သို့မဟုတ် ချန်ထားခဲ့ရပေမယ့်

တပြိုင်တည်းမှာပဲ ချစ်တဲ့ အရာတချို့ နီးလာခဲ့၊ သို့မဟုတ် အစားပြန်ရခဲ့...
ဒီလိုပဲ
ဘဝမှာ အလျော်အစား ပေးခဲ့ရတဲ့ ကာလတွေ...

(ကိုယ့်ဘဝမှာတော့ ဘာကိုမဆို အလျော်အစားနဲ့သာ ရခဲ့ဖူးပါတယ်။)


*
မိုးစက်တွေကို
ဆက်ဆက် မျှော်လင့်မိကာမှ
နှုတ်ဆက် ထွက်ခွာ

ကမ္ဘာမြေရဲ့ ရင်ဘတ်မှာ
အရာထင်ရုံ

(ချစ်သူ)


ဒီကဗျာက ရတဲ့ inspiration နဲ့ ဒီကဗျာကို မှီးပြီး အဲဒီအတိုင်း ခေါင်းစဉ်တပ်လို့ ကဗျာတစ်ပုဒ် ရေးဖူးတယ်။ အဲဒါ ၇ နှစ်လောက် ကဗျာ မရေးဘဲ ထားရာက Singapore ရောက်ပြီး ပထမဆုံးအကြိမ် ပြန်ရေးဖြစ်တဲ့ ကဗျာလည်း ဖြစ်ပါတယ်။

*

သူ့ကဗျာတွေ ဖတ်ရတိုင်းမှာ အဲဒီ ကဗျာရဲ့ နောက်ခံသမိုင်းကြောင်းကို အရှည်ကြီး လိုက်တွေးချင်မိတတ်တယ်။

ကိုယ်ပြောတာကို သေချာချင်ရင်... တစ်ထောင့်တစ်ည နဲ့
အိပ်ပျော်နေခဲ့သော ချစ်သူ သို့ ကို ခံစားကြည့်လိုက်ပါ။

သူ ဘာပဲရေးရေး နှစ်ခြိုက်မိပါတယ်။

ရှည်နေမှာစိုးလို့ ဒီလောက်နဲ့ပဲ ဖြတ်ချခဲ့ပါမယ်။

(ကိုယ့်အဓိပ္ပါယ်ဖွင့် ခံစားချက်တွေ သူ့ဆိုလိုရင်းနဲ့တော့ လွဲနေနိုင်ပါတယ်။ အထူးသဖြင့် ဂျစ်ပစီ မှာ...)

***
ရွှေယုန် နဲ့ သူရဿဝါ တို့ ကဗျာတွေကိုလည်း ညွှန်းချင်မိပါတယ်။

***

3 comments:

တောင်ရေး မြောက်ရေး စာစုများ said...

ကျွန်တော်လဲ ကဗျာကို မခံစား တတ်လောက် အောင် ညံ့ခဲ့ တာဗျ။ မရီတာ ပြောလိုက်မှ ပိုသိလာတယ်။

ဇွန်မိုးစက် said...

ကိုယ်လည်း ကဗျာကို ငယ်ငယ်က သိပ်မခံစားတတ်ခဲ့ပေမယ့် ဆရာမောင်စိန်ဝင်းနဲ့ ဆရာငြိမ်းကျော်တို့ရဲ့ ကဗျာလေးတွေတော့ ကြိုက်တယ်။
ဥပမာ - အချစ်ဆိုတာ...၊ ခပ်စိမ်းစိမ်းနေပါ့မယ်လို ကဗျာမျိုး၊ ခုထိအလွတ်ရပြီး စွဲနေတယ်။ “ဒဏ္ဍာရီ” ကတော့ ရုပ်ရှင်ရုံမှာသွားကြည့်ကတည်းက တစ်ခါတည်းနဲ့ အလွတ်ရပြီး စွဲသွားတဲ့ကဗျာ။ (ကိုယ်ရှစ်တန်းလောက်က ဖြစ်မယ်ထင်တယ်)

ချစ်သူ့နှုတ်ခမ်း လွမ်းလို့နမ်းသော်
နမ်းရာမထင် လွမ်းရာထင်သည်
ရင်မှာတွယ်ရစ်ငြိပြီ ဒဏ္ဍာရီ။

ခုတော့ ကဗျာတစ်ပုဒ်ဖတ်ရင် အရင်ကထက် အများကြီးပိုပြီး သေချာဖတ်တတ် ခံစားတတ်လာပြီလို့ ကိုယ့်ကိုယ်ကိုယူဆပါတယ်း)

little brook said...

မှတ်မှတ်ရရကဗျာစာသားက "ချစ်တတ်တဲ့ နှလုံးသားရယ်၊ ကုန်ထုတ်တဲ့ လက်တစ်စုံရယ်ရှိရင် ကိုယ်တို့လက်ထပ်ကြပါစို့ .." တဲ့

နောက် တဂိုးကဗျာလေး ..ဘာသာပြန် သိပ်မမှတ်မိတော့ဘူး သူက စကားပွင့်လေးဖြစ်ပီး သူ့အမေကို ပုန်းနေတာ အမေက တကြော်ကြော်အော်မှ သနားပီး ပြန်ကိုယ်ထင်ပြတဲ့အကြောင်း ..

ကြိုက်မိတာတွေကတော့ အများကြီး ... ကိုယ်နဲ့ ဝေးနေတာတွေလည်း အများကြီး ...