Saturday, January 2, 2010

My Childhood Days !


Pic from Here

တဂ်ရေးရှိက ရေးအပ်လှ၏။
နန်းညီ က ကလေးဘဝ ဘာညာကွိကွများ မှာ တဂ်လို့ ရေးမှာပါ။

***
ငယ်ငယ်ကလို့ စဉ်းစားမိရင် "အလျှံညီးညီး တောက်မည့်မီးကား" ဆိုတာကို သွားသွား သတိရမိပါတယ်။ တော်တာ မတော်တာကို ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်ဟာ တခြားလူတွေလိုပါပဲ။ တော်တာတချို့ (လို့ ကိုယ့်ဘာသာ ထင်တာ) ရှိပြီး၊ လျော်တာတချို့လည်း ရှိပါတယ်။ ယေဘုယျပြောရရင်တော့ ယေဘုယျကျတဲ့ လူ (average person) ပါပဲ။ ဒါပေမဲ့ မြန်မာတွေရဲ့ တချို့အစွဲအလမ်းတွေကနေ ကင်းလွတ်တဲ့ (အနည်းဆုံးတော့ ကင်းလွတ်ချင်တဲ့) သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အလျှံညီးညီး တောက်မည့်မီးကား ဆိုတာ တကယ်တော့ ငယ်ငယ်ကတည်းက ဗီဇ တချို့က ပြလာခဲ့ပြီးသားလို့ ပြောချင်တာပါပဲ။

***
ကလေးဘဝမှာ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာ ကြီးပြင်းခဲ့ရတာ၊ ဘိုးဘွားအစုံအလင်နဲ့ အညာက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့ရတာကတော့ အင်မတန် ကျေနပ်စရာပါ လို့ အသက်ကြီးလာလေ၊ တွေးမိလာလေပါပဲ။ ကွာခြားမှုကို အညာမှာပဲ တောက်လျှောက်ကြီးပြင်းခဲ့ရရင် (သို့) မြို့ကြီး ပြကြီးမှာပဲ တောက်လျှောက် ကြီးပြင်းခဲ့ရရင် မသိနိုင်လောက်ဘူး လို့ ထင်မိပါတယ်။

အညာလို မြို့သေးသေးတစ်မြို့က သာမန်လူတစ်ယောက်မှာ၊ ရန်ကုန်လို မြို့ကြီးပြကြီးက သာမန်လူတစ်ယောက်ထက် identity ပိုပြီး ပြတ်ပြတ်သားသားရှိတယ် လို့ ပြောရင် နှစ်နေရာစလုံးမှာ နေထိုင်ကျင်လည်ဖူးတယ်ဆိုရင် လက်ခံကြပါလိမ့်မယ်။ အဲဒီလို နယ်နဲ့ မြို့ကြီးမှာ လူတွေရဲ့ identity ကွာခြားပုံ အကြောင်းကို ဟိန်းလတ် ရဲ့ မဟေသီ စာပေအင်တာဗျူးမှာ ဆရာဖေမြင့် ပြောသွားတာ သိပ်ကောင်းတာပဲ။ အဲဒီ အင်တာဗျူးတွေ စုထုတ်တဲ့ စာအုပ် ငှားဖတ်တုန်းက ကူးမထားလိုက်မိဘူး။

သူပြောသွားတာက ... နယ်က လူတစ်ယောက်ချင်းစီမှာ သူပါ ဆိုတဲ့ identity ကို ဘယ်လောက်တောင် ဆုပ်ကိုင် နိုင်သလဲ ဆိုရင်... ဥပမာ - တနေရာရာမှာ ပြဿနာ တခုခု ဖြစ်ပြီ ဆိုပါစို့။ ဘယ်သူနဲ့ ဘယ်သူ ဖြစ်နေတာ ဆိုတာကို သတင်းရတာနဲ့ ဘာပြဿနာ ဆိုတာကို မှန်းလို့ ရနေပြီ။ အဲဒီနေရာကို ဘယ်သူထပ်ရောက်လာရင် ဘာဝင်ဖြစ်မယ်။ ပြီးတော့ ဘာဆက်ဖြစ်မယ် ဆိုတာကို ကျန်တဲ့လူတွေက မှန်းလို့ ရနေပြီ ဆိုတာမျိုးပါ။ ကောင်းတာလည်း ရှိပါတယ်။ မကောင်းတာလည်း ရှိပါတယ်။

အင်း မဆိုင်တာတွေ ရှည်မိပြန်ပြီ။

***
ကလေးဘဝကတော့ ကိုယ့် မှတ်ဉာဏ်ထက် လူကြီးတွေ မှတ်ဉာဏ်ထဲက အကြောင်းအရာတွေက ပိုများပါတယ်။ ကလေးဘဝတည်းက ကိုယ်တွေ့ကြုံမှတ်သားမိတဲ့ အရာတွေကို အလျဉ်းသင့်ရင် ဆွဲထည့် တတ်တာကတော့ အတော်သိသာခဲ့တယ် ဆိုရမယ်။

ထင်မိထင်ရာ စွတ်ပြောတာတွေလည်း ရှိတယ်။ အိမ်မှာ ဆွမ်းတော်ပွဲကျတွေ လာယူတဲ့ အမျိုးသမီးနဲ့ မေမေကို စကားနည်းနည်းပြောနေကြတာ မြင်လို့ သူငယ်ချင်းလားလို့ ထင်နေတာမျိုး။

***
* ၁၁လ

၁၁ လမှာ စကားစပြောပြီ ဆိုတယ်။ ကိုယ့်ထက် အသက် ၁နှစ် ၁လကြီးတဲ့ အစ်ကိုဝမ်းကွဲက အဲဒီချိန်ထိ စကားမပြောသေးဘူး။ ကိုယ် စပြောတဲ့ စကားလုံးက "ပေးဘူး" တဲ့။ ပြီးတော့ ကြယ်တီး (ကြယ်သီး)၊ နောက် မေမေ။ တကယ်တော့ အားလုံး တပြိုင်တည်း လိုလို ပြောနေတာ ဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ မေမေ ကို စပြောကြတာပဲ။ ကိုယ်ဟာ ပေးဘူး ကိုပဲ စပြောတယ်လို့ လူကြီးတွေ အမှတ်မှားနေတာလို့ ခုထိ ထင်တုန်း။

နောက်ပိုင်း ကိစ္စတွေကတော့ ၃/၄ နှစ် ကနေ ကျောင်းတက်ကာစ အသက် ၅ နှစ်အထိ လောက်မှာပေါ့။

* တခုပြီးတော့ တခု


မေမေ့ဘက်က အဘိုးက ဂီတကို ဝါသနာပါတယ်။ ပတ္တလားတီးတတ်တယ်။ (အဲဒီအမွေကို ဘယ်သူမှ မရဘူး)။ အဲဒီ ပတ္တလားမှာ စီထားတဲ့ ဝါးပြားလေးတွေ ကြည့်ပြီး တန်းစီနေတာပဲ ဆိုတာကိုလည်း မပြောတတ်တော့ "မေမေ ဘဘရဲ့ ပတ္တလားက တခုပြီးတော့ တခု၊ တခုပြီးတော့ တခု နော်" လို့ ပြောခဲ့တယ် ဆိုတယ်။

* ကြက်သွန်


ပြီးတော့ နည်းနည်း အစားရွေးတယ်။ ဟင်းထဲမှာ ကြက်သွန်ပါတာ မကြိုက်ဘူး။ တနေ့ အသားဟင်းကြော်တာကို ကြက်သွန်နီ နိုင်းချင်းထည့်လိုက်တော့ အော် ငိုပြီး ချက်တဲ့ လူကြီးတွေကို ရန်တွေ့တယ်တဲ့။

"အဲဒီ ဟင်းထဲကို ကြက်သွန်တွေ ထည့်ရတယ်လို့ ဘယ်သူက ပြောတာတုန်း"
ဆိုပြီး။ လူကြီးတွေမှာ ရီစရာကြီး ဖြစ်နေကြတာပေါ့။ ကလေးက မကြိုက်ဘူး။ မစားချင်ဘူး။ ကြက်သွန်တွေ ဖယ်ပေးပါလို့ မပြောဘဲ ဒါမျိုးပြောတယ် ဆိုတော့...။ လူကဖြင့် ခုအရွယ်ထိ ဘာမှ တတ်တာ မဟုတ်ဘူး။

* သစ်ပင်ပေါ်မှာ သီချင်းဆိုမယ်


ပြီးတော့ ဖေဖေ့ဘက်က အဘွားက ရုပ်ရှင် ဝါသနာပါတယ်။ စစ်ကိုင်းမှာ ရုပ်/သံ ထပ်ဆင့်လွှင့် ဆောက်လို့ ကိုယ်တို့ဆီမှာ TV ကြည့်လို့ရပြီလည်း ဆိုရော တန်းဝယ်တော့တာပဲ။ အဲဒီအချိန်က မီးကလည်း မှန်၊ သတင်းစာကလည်း မှန်၊ လေယာဉ်ကွင်းကလည်း မှန်တယ် ထင်ပါ့။ လေယာဉ်ကွင်းကိစ္စတော့ သိပ်မသိပါဘူး။

အဲဒီမတိုင်ခင်မှာ မြဂနိုင် ဆိုတဲ့ကားကို ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ထားတော့... ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးတယောက်က သစ်ပင်ပေါ်မှာ သီချင်းဆိုတဲ့ အခန်းပါတယ်။ ခြေထောက်ကလေးကို စည်းချက်နဲ့ အညီ လှုပ်လို့ပေါ့။

တစ်ရက်တော့ မေမေ့ဘက်က အဘွားအိမ်မှာ လူကြီးတွေ အလုပ်ရှုပ်နေတဲ့နားမှာ ကိုယ်က အနှောင့်အယှက်ဖြစ်အောင် ဆော့တယ်။ တခါပြောမရ၊ နှစ်ခါပြောမရ ဖြစ်နေတော့ အဘွားလုပ်သူက "ဒီကလေးမလေးတော့ ပြောမရရင် တမာပင်ခွကြား သွားတင်လိုက်မှနဲ့ တူတယ်" လို့ ပြောတယ်။

အဲဒီမှာ ချက်ချင်းပဲ "ဟင် ဒါဆို ရုပ်ရှင်ထဲကလို အဲဒီ သစ်ပင်ပေါ်မှာ ခြေထောက်လေးလှုပ်ပြီး သီချင်းဆိုနေလိုက်မှာပေါ့" လို့ ပြန်ပြောခဲ့တယ်။

(ကိုယ်က ဖေဖေ့ဘက်က အဘွားကိုသာ ကြောက်တယ်။ အဲဒီ အဘွားက ထက်မြက်တယ်။ သြဇာလွှမ်းချင်တယ်။ စည်းစနစ် ချချင်တယ်။ မေမေ့ဘက်က အဘွားက ပုံပြောလိုက်၊ စာဖတ်ပြလိုက်၊ ချွဲလိုက် နွဲ့လိုက် ဆိုတော့ မကြောက်ဘူး။ အဲဒီ အဘွားကို ပိုရင်းနှီးပါတယ်။ နောက်ပိုင်း ကျောင်းနေတဲ့ အရွယ်ရောက်တော့ ဖေဖေ့ဘက်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။)

* လွတ်အောင်ရှောင်တဲ့ ယုန်ကလေး


ကိုယ်က ပုံပြင်ကြိုက်တယ်။ စာဖတ်ပြတာ နားထောင်ရတာ ကြိုက်တယ်။

ကလေးဘဝလို့ စဉ်းစားမိရင် ဆွေမျိုး အသိုင်းအဝိုင်းတင် မကဘဲ၊ ဗမာတွေရဲ့ နယ်ပယ်မှာတော့ အိမ်နီးချင်း မိတ်ဆွေတွေရဲ့ အခန်းကဏ္ဍပါပါလာမှာပါပဲ။ ကိုယ်ကတော့ လူတစ်ယောက်ရဲ့ ငယ်ဘဝဟာ ကြီးတဲ့ထိ (အသိစိတ်ထဲမှာ မမှတ်မိသည့်တိုင်အောင်) အရိပ်ထိုးတယ် လို့ ယုံကြည်သူ ဖြစ်တော့ အဲဒီ အခန်းကဏ္ဍတွေကို စိတ်ဝင်စားပါတယ်။ ဗမာမှုနယ်ပယ်ဟာ ကောင်းတဲ့ အချက်တွေ ရှိသလို၊ မကောင်းတဲ့ အချက်တွေလည်း ရှိတယ်လို့ မြင်မိတယ်။

ကလေးနှစ်ယောက်ကို မြင်လို့ တယောက်ယောက်ကို "သမီးတို့ နှစ်ယောက်မှာ/ သားတို့ နှစ်ယောက်မှာ ဘယ်သူက ပိုလှတာလဲ" လို့မေးတာမျိုး၊ "မေမေနဲ့ ဖေဖေကို ဘယ်သူ့ပိုချစ်လဲ" လို့ မေးတာမျိုး ...
ဘာမှ မဟုတ်ဘူး။ ချစ်လို့ မေးတာ။ မေးရိုးမေးစဉ်မေးတာ လို့ ယူဆလို့ ရပေမယ့် ဘာမှလည်း အဓိပ္ပါယ် မရှိဘူးလို့ ကိုယ်မြင်တယ်။ တကယ်တော့ မေးခွန်းဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်မှာ သူနဲ့ ငါနဲ့ ဘယ်သူက ပိုသာတာလဲ။ ဘယ်သူနဲ့ ယှဉ်ရင် ဘယ်သူက... ဆိုတာ သွင်းပေးလိုက်တယ် လို့ ကိုယ်မြင်တယ်။

ကိုယ်ဟာ နည်းနည်း အကဲဆတ်တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ လူကြီးအနေနဲ့ ကလေးကို နှုတ်ဆက်စကားဆိုရာမှာ သူ့ကို ကိုယ်က ချစ်ခင်သိမှတ်တာကို ပြဖို့ပဲ မကောင်းဘူးလား။ ဒီနည်းနဲ့ ကလေးရဲ့ စိတ်မှာ ကျေနပ်မှုနဲ့ ယုံကြည်မှု တစ်ခုခု ရသွားဖို့ မကောင်းဘူးလား။ ယှဉ်ဖို့ မလိုတာတွေကို ယှဉ်ကြည့်စေချင်တဲ့စိတ်မျိုး ဘာဖြစ်လို့ သွင်းပေးချင်ကြတာလဲ။ ဒါပေမဲ့ ဒီစကားမျိုး ပြောရင် ပြောတဲ့သူကို ရူးနေတယ်တောင် ထင်ကောင်း ထင်ကြဦးမယ်။

(တကယ်က အဲဒီမေးခွန်းမျိုး မေးတဲ့
လူကြီးတွေမှာ အဲဒီ စိတ်မျိုးသွင်းပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာ မရှိပါဘူး။ ဘာရည်ရွယ်ချက်နဲ့ ဒါမျိုးမေးတာလဲ ဆိုတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ မေးရိုးမေးစဉ်မို့ မေးလိုက်တာပါပဲ။ ဒါပါပဲ။)

ဒါမျိုးကို ကလေးဘဝမှာ ကိုယ် ဘယ်နှစ်ခါ ကြုံခဲ့လို့ ဘာတွေ ပြန်ပြောခဲ့တယ်ဆိုတာ မသိတော့ပါဘူး။ ကြုံသလိုပဲ ဖြေခဲ့မှာပေါ့။ ဒါပေမဲ့ စိတ်ထင် သူငယ်တန်း အရွယ်လောက်မှာတော့ မှတ်မှတ်ရရ ကြုံခဲ့တယ်။

အဲဒီနေ့က နှစ်ဘက်ဘိုးဘွားတွေ တစ်အိမ်မှာပဲ စုဆုံပြီး ရှိတဲ့နေ့။ တခြားဧည့်သည်တွေလဲ ရှိတယ်။
အဲဒီထဲက ဧည့်သည်အမျိုးသမီး တစ်ယောက်က စကားဝိုင်းကနေ ကိုယ် ဆော့နေတဲ့နေရာကို လှမ်းမေးတယ်။ ကိုယ့် အဖေဘက်က အဘွားနဲ့ အမေဘက်က အဘွား ဘယ်သူ့ကို ပိုပြီး ချစ်တာလဲ တဲ့။

ဖေဖေနဲ့ မေမေပဲ ဖြစ်ဖြစ်... အဘိုးနှစ်ယောက်ကိုပဲ ဖြစ်ဖြစ် ယှဉ်ပြီး မေးရင် ကိုယ့်အတွက် ဘာမှ ပြဿနာ မဟုတ်ဘူး။ အဘွားနှစ်ယောက်ကို ရှေ့တင် ယှဉ်မေးတာကတော့ တကယ့် ချောက်ပဲ။

ဆော့နေရာကနေ "ယုန်ကလေး နှာစေးနေလို့ မဖြေနိုင်သေးဘူး" လို့ ပြန်ပြောခဲ့တယ်။
လူကြီးတွေမှာ ပွဲကျ နေပေမယ့် ကိုယ်ကတော့ အဲဒီ ကျောင်းစတက်တဲ့ အရွယ်မှာ ခံစားတတ်ပြီ ပြောရမလား၊ အဲဒီ မေးခွန်းမျိုးကို မကြိုက်ဘူး။ လိုက်လည်း မရီဘူး။ မေးတဲ့သူကို ချောက်ချတယ်လို့ စိတ်က မသတ်မှတ်သေးတတ်သည့်တိုင်အောင် သဘောမကျခဲ့ဘူး လို့ ခုချိန်ထိ ဝိုးတဝါး မှတ်မိတယ်။

ခြင်္သေ့ကြီးရဲ့ ပါးစပ်နံသလား မေးတော့ နံတယ် ပြောလဲ အစားခံရမယ်။ မနံပါဘူး ပြောလည်း အစားခံရမယ် ဆိုတော့ နှာပဲစေးနေလိုက်တဲ့ ယုန်ကလေးပေါ့။

***
နောက်ပိုင်း ကိုယ် ကြီးလာတော့လည်း ကလေးတွေကို နေရခက်အောင်၊ သူတို့ အတွက် အဓိပ္ပါယ်မရှိတာတွေ အပိုစကားတွေလို့ ကိုယ့် ဉာဏ်နဲ့တွေးမိသမျှ ဘယ်တော့မှ မပြောဘူး။

တကယ်တော့ ကိုယ်က ကလေးတစ်ယောက်ကို ပြုစုဖို့ သိပ်တော့ စိတ်ရှည်တဲ့သူ မဟုတ်ပါဘူး။
ကိုယ်ဘာလုပ်ပေးချင်လဲ ဆိုတော့ သူတို့ မေးခွန်းတွေ မေးရင် သူတို့ စိတ်ကျေနပ်လောက်အောင် ဖြေပေးချင်တယ်။ ဖြေလည်း ပေးခဲ့တယ်။

တခါတလေ ချည်လို့ ချည်မှန်း မသိတဲ့... ကြိုးတွေ...
ကျလို့ ကျမှန်း မသိတဲ့ ချောက်တွေကို ပြပေးချင်တယ်။
အဆင့် (၁) ဆိုတဲ့ ကြိုးတွေ၊
၁ဝ တန်းမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်ရင် ဆေးတက္ကသိုလ် တက်ရတယ် ဆိုတဲ့ ချောက်တွေ...

တကယ်တော့ အသက် (၁၆) နှစ်ဆိုတာ ကိုယ် ဘာလုပ်ချင်လဲ မသိသည့်တိုင်အောင်၊ ဘာမလုပ်ချင်ဘူးလဲ ဆိုတာတော့ သိသင့်တယ် ထင်တာပဲ။ ကိုယ်ဘာလုပ်နေတာလဲ ဆိုတာ အနည်းဆုံးတော့ သိသင့်တဲ့ အရွယ်လို့ ထင်မိတယ်။ ဒါပေမဲ့ မြန်မာပြည်က (အထူးသဖြင့် နယ်က) ကလေးတွေဟာ လူဖြစ်နောက်ကျတယ် ထင်မိတယ်။

ဘာမှန်းညာမှန်း မသိဘဲသွားရင်တော့ နေရာတိုင်းဟာ ချောက် ဖြစ်နေနိုင်တယ်။
ကံကောင်းလွန်းပါမှ... အခြေအနေက ကိုယ့်ဘက်ပါတာ။
ဒါပေမဲ့ ဘာမှလည်း လုပ်မပေးနိုင်ဘူး။
အဲဒီ ချောက်ထဲ ဘာမှန်းညာမှန်း မသိဘဲ ဆင်းကြတာ ဒီတိုင်း ကြည့်နေရုံပါပဲ။

ကြည့်မနေလို့ "ဒီလိုဆိုရင် မသွားသင့်ဘူး" ပြောတယ် ထားပါတော့။
"ဒီမသွားနဲ့" ဆိုရင် "ဘယ်ကို သွားလို့ရတယ်" ဆိုတာ ညွှန်းပေးနိုင်ရမယ် မဟုတ်လား။
"ဘယ်ကို သွားပါ" ဆိုတာကိုမှ မပြောနိုင်တော့လည်း သွားချင်တဲ့ဆီသာ သွားကြပါတော့။
ကိုယ်လည်း ဘာမှန်းမသိတာတွေ လုပ်လာခဲ့တာပဲ။

အင်း ဒါလည်း မဆိုင်တာတွေပဲ။

***
ဆိုင်တာလေးနဲ့ ပြန်ပိတ်လိုက်ဦးမယ်။
အဲဒီ အလျှံတညီးညီး ဟာ ဘယ်ထိတောင် တောက်လာခဲ့လဲ ဆိုတော့...

၁ဝ တန်းလောက်မှာ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။

My Fri: မင်းက
"..." လုပ်ရမှာ။

Me: အင် "..."။ "..." ဆိုတာ ကြမ်းပိုးကို လိပ်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတတ်ရတာလေ။

My Fri: မင်း အဲလိုပဲ အမြဲတမ်း ပြောနေတာပဲဟာ...

Me: "မှားနေပြီ။ ကိုယ်က ကြမ်းပိုးဆိုရင် ကြမ်းပိုးဖြစ်အောင်ပဲ ပြောတတ်တာ။ သူများတွေက လိပ်လို့ ထင်နေကြတဲ့ ကြမ်းပိုးကိုလေ။

ဒီလိုပဲ လိပ် ဆိုရင်လည်း လိပ်ဖြစ်သွားအောင်ပဲ ပြောတတ်တာ။ သူများတွေက ကြမ်းပိုးလို့ ထင်နေကြတဲ့ လိပ်ကိုလေ။"


***
အင်း ဒီလိုဟာမျိုးမှ ဒါမျိုး မဖြစ်ရင် ဘယ်လိုဟာမျိုးက ဒါမျိုး ဖြစ်ပါ့မလဲ။
(Blogger ဖြစ်တာကို ပြောတာပါ။)

***

မပြောမရှိနဲ့။ အင်ဂျင်နီယာတစ်ယောက်ဟာ နှုတ်သီးကောင်းဖို့တော့ အတော်လိုတာ။
ကိုယ့်ဘက်က ခိုင်မာတဲ့ အချက်အလက်တွေတော့ ရှိရမယ်။

***

7 comments:

littlebrook said...

ဟီးဟီး ..."အဲဒီ ဟင်းထဲကို ကြက်သွန်တွေ ထည့်ရတယ်လို့ ဘယ်သူက ပြောတာတုန်း" မေးတတ်ပလေ ... ယုန်ကလေး နှာစေးနေတာလည်း တွေးတတ်ပါ့ ..

ကျွန်တော့်အမ ငယ်ငယ်က ဇီးထုပ်ကို ဘယ်သူတီထွင်တာတုန်းတဲ့ မေးဖူးတယ် .. ပြန်သတိရသွားတယ်ဗျာ

Unknown said...

ကလေးဘ၀အကြောင်းလေးတွေ ဖတ်ဖြစ်ရင် တမျိုး ကြည်နူးစရာကောင်းတယ်။ အစ်မလိုပဲ ကျွန်တော်လည်း အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်လဲဆိုတဲ့ မေးခွန်းမျိုးကို မကြိုက်ဘူး..။ ငယ်ငယ်ကတည်းက သွေးခွဲတဲ့မေးခွန်းလို့ ထင်လို့.

Moe Tain Nyo said...

ကျွန်တော်ငယ်ငယ်ကလည်း ပုံပြင် အရမ်းကြိုက်တယ်။

Bino said...

တခါတလေ ချည်လို့ ချည်မှန်း မသိတဲ့... ကြိုးတွေ...
ကျလို့ ကျမှန်း မသိတဲ့ ချောက်တွေကို ပြပေးချင်တယ်။
အဆင့် (၁) ဆိုတဲ့ ကြိုးတွေ၊
၁ဝ တန်းမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်ရင် ဆေးတက္ကသိုလ် တက်ရတယ် ဆိုတဲ့ ချောက်တွေ...

ဘာမှန်းညာမှန်း မသိဘဲသွားရင်တော့ နေရာတိုင်းဟာ ချောက် ဖြစ်နေနိုင်တယ်။
ကံကောင်းလွန်းပါမှ... အခြေအနေက ကိုယ့်ဘက်ပါတာ။
ဒါပေမဲ့ ဘာမှလည်း လုပ်မပေးနိုင်ဘူး။
အဲဒီ ချောက်ထဲ ဘာမှန်းညာမှန်း မသိဘဲ ဆင်းကြတာ ဒီတိုင်း ကြည့်နေရုံပါပဲ။

According to human society in the vicinity and environment, the boys and girls became growth.

Without intentionally,
Some are become doctors.
Some are become engineers.
BINO

sweetpeony said...

ဟုတ်တယ်မမရီတာ... အဲလို ဘယ်သူ့ကိုပိုချစ်လဲ မေးတာမျိုးကို ငယ်ငယ်ထဲက မကြိုက်ဘူး.. အထူးသဖြင့် လူစုံချိန်မှာ မေးတာမျိုးကို လုံးဝ မကြိုက်ဘူး...။ ငယ်ငယ်က ငါသာဘယ်သူ့ကို ပိုချစ်တယ်လို့ပြောလိုက်ရင် ကျန်တဲ့ ၁ယောက်ကတော့ စိတ်မကောင်းဖြစ်မှာပဲလို့ တွေးနေမိတာနဲ့ ရီပဲရီနေတာ မှတ်မိတယ်...။

နန်းညီ said...

ဂွတီးဂွကျ စွာတီးစွာကျယ် ရီတာငယ်လေးပေါ့

Nge Naing said...

ကြက်သွန် မကြိုက်တာကတော့ သားနဲ့အတူတူပဲ သူကိုယ်ဝန်ရကတည်းက ကြက်သွန်ကို အနံ့ခံလို့မရတာ သူတနှစ်ကျော်တဲ့အထိ ကြက်သွန်ပါတာ ဘာမှ စားလို့မရဘူး။ အခုသားကြီးလာတော့ ကြက်သွန်ဖတ်တွေ အကြော်တွေ ဟင်းတွေထဲမှာ ပါရင် အမြဲဖယ်ပေးရတယ်။ မုန့်ဟင်းခါးကို သားကသိပ်ကြိုက်ပေမဲ့ မုန့်ဟင်းခါးထဲက ကြက်သွန်ဖတ်ကို အမြဲဖယ်ပေးရတယ်။ ငယ်ဘ၀လေးအကြောင်းကို ပြန်ပြောရင် အသက်ပြန်ငယ်သွားသလို ခံစားရလိမ့်မယ် ထင်တယ်။