Wednesday, January 20, 2010

ရေချိုးဆိပ်

ရေချိုးဆိပ် (တေးရေး - မြို့မငြိမ်း)

ကမ်းဆိပ်ရိပ်သာ သီတာ ရေလျဉ် ယဉ်

ဧရာ ခွေဝန်း သောင်ထွန်းတဲ့ တစ်ဖက်ကျွန်းဆွယ် တဘက်ကျွန်းတွင်
ညနေချမ်းဆီ နေရီရီ

ရောင်ခြည်ဆွတ်ဖျန်း ကမ္ဘာတဝှမ်း အလှဆန်းကြယ်


ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

နုမျစ် ပျိုရွယ် ဖူးသစ်စ လုံမယ်
ကိုယ်လက် သန့်ရှင်း ရေချိုးဆင်းရာဝယ်

ပျော်ပျော်မြူးမြူး ရေ (ကို) ကူးလို့ အထူး ကျန်းမာတယ်

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်

ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်


ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်


စစ်သားကောင်းတို့ အမေ မိခင်
တော်ချင်သူရယ်
ဟောဟိုလူ ရင်အုပ်ကားကား ကြွက်သား အဖုအဖု အဖုဖု
ထုထုပြီး ခရာချင်စရာငယ်
ထွားကျိုင်းတဲ့ မြန်မာလူငယ်


တော်စမ်းဟယ် ကောင်မရယ်
ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့

မျက်စောင်း ကလေးကချီ ရှုတော့ဖြင့် မတည်ရှာတယ်


အနားက အဘွားအို အဝတ်လျှော်နေရင်းက

ဆပ်ပြာကို ဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်

***
အရင်ဦးဆုံး ကသစ်ပန်း post မှာ ဝင်းဦး version ကို share ပေးတဲ့ မောင်အောင်ဖြိုး ကို ကျေးဇူးတင်ပါတယ်။ ဒီလို သီချင်းမျိုးကို ကိုယ့်ထက် ၁ဝ နှစ်လောက်ငယ်တဲ့သူတစ်ယောက် စိတ်ဝင်စားလိမ့်မယ် မထင်ထားတာမို့ အံ့လည်းသြမိပါတယ်။

***
သီချင်းကို နားထောင်ရင်းနဲ့ အင်မတန် နှစ်သက်လွန်းလို့ ပီတိဖြစ်ပြီး ပြုံးလို့တောင်မှ နေမိတယ်။

ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

ရေချိုးနေတဲ့ လူတွေပေါ် ညနေ နေခြည် ထိုးကျလာတဲ့ မြင်ကွင်းလေး။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရူပက အလင်္ကာပါလိမ့်။

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်

အလွန် အံ့သြစရာကောင်းတဲ့ အရေးအဖွဲ့ပါပဲ။

မြစ်ရေပြင်ရဲ့ ရနံ့ရယ်၊ ညနေခင်းလေပြည် နဲ့ ဝင်ခါနီး နေရောင်ဖျိုးဖျရယ်...

အနီးနားက လှော်သွားတဲ့ ငှက်သံလေးရယ်၊

ကမ်းပေါ်တနေရာက လူရွယ်လေးကို ကြည့်ရင်း
ရေချိုးရင်းကနေ အချင်းချင်းသာရှိလို့ ခပ်ကျိတ်ကျိတ် ခပ်ကဲကဲ စနောက်ရယ်မောနေတဲ့ အရွယ်ကောင်း မိန်းမပျိုလေးတစ်သိုက်ရယ်။

အဲဒီထဲကမှ အစအနောက်ခံရလို့ မချိုမချဉ် အပြုံးနဲ့ မျက်စောင်းချီနေမယ့် တစ်ယောက်သော မိန်းမငယ်လေးရယ်။ (စစ်သားကောင်းတို့ မိခင် တော်ချင်သူ ဆိုတာ သူပဲ ဖြစ်ရမယ်)။

မိန်းကလေးတွေ လှုပ်လှုပ်ရွရွ ဖြစ်နေတာကို ကြည့်မရလို့ပဲလား၊
သူ့ဘာသာပဲ အဝတ်လျှော်တာ စိတ်တိုင်းမကျ ဖြစ်နေတာလား မသိနိုင်တဲ့ ငယ်ရာက ကြီးလာတဲ့ အဘွားအို တယောက်ရယ်...

သူတို့ဆီမှာ တဖျတ်ဖျတ်ခတ်နေတဲ့ နှလုံးသားလိပ်ပြာက ကိုယ့်ရင်ထဲထိ ကူးစက်လို့ ဝင်လာပါတယ်။
ဘယ်လောက်တောင် အေးချမ်းလွတ်လပ် ရှိလိုက်မယ့် ဘဝတွေပါလိမ့်။

တယောက်ယောက်က ရေဘောင်ဘင် ကူးလိုက်လို့ လွင့်စင်လာမယ့် ရေသံနဲ့ ရေစက်ကလေးတွေကိုတောင် အတွေးနဲ့ ခံစားမိပါတယ်။

သီချင်းက သရုပ်ဖော်ထားတဲ့ မြင်ကွင်းကို ပီပီပြင်ပြင် မြင်လာရင်း ရာဇဝင်များရဲ့ သတို့သမီး ကို MTV ရိုက်မယ့် ဆရာ ဒီသီချင်းကိုရော မရိုက်ချင်ဘူးလားလို့ မေးချင်လာမိတယ်။

***
သိပ်မကြာသေးခင်ကမှ ရွှေအမြုတေ မှာ ဖတ်လိုက်ရတဲ့ သုမောင် ရဲ့ ကဗျာ ဆိုတာ ဆဲတာပဲ (ဆောင်းပါးရဲ့ ခေါင်းစဉ် မဟုတ်ပါ) ဆိုတဲ့ ဆောင်းပါးထဲက အကြောင်းအရာ တစ်ခုနဲ့ ဆက်စပ်လို့ တွေးမိပါတယ်။ အဲဒီထဲမှာ သူက စကားလုံး နောက်ကွယ်မှာ စေတနာပါရင် ကြမ်းတမ်းတဲ့ စကားကတောင် နားဝင်ချို ပီတိဖြစ်စရာပါလို့ သူ့ကြီးတော် တစ်ယောက်နဲ့ ဥပမာပေးပြီး ပြောသွားတာ ထူးခြားလို့ စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိပါသေးတယ်။

မဖတ်ရသေးတဲ့သူများအတွက် နည်းနည်း အမြည်းထည့်ပေးချင်ပါတယ်။
အဲဒီ ကြီးတော်ကြီးဟာ စိတ်စေတနာ ကောင်းပေမယ့် အပြောဆိုးပါတယ် ဆိုတယ်။
သူတို့တွေကို မုန့်ခေါ်ကျွေးတာတောင်မှ "ဟဲ့ ဟိုအကောင်လေး လာခဲ့ မြိုလှည့်" ဆိုတာမျိုး။
သူ့ယောင်းမ (သုမောင်တို့ အမေ) ကိုလည်း ဒီလိုပဲ ပြောတတ်တယ် ဆိုတယ်။

တနေ့ ကြီးတော်ကြီး အတော်မကျန်းမာ ဖြစ်ပြီး သတိတော်တော်နဲ့ မရဖြစ်နေပါရော။
အဲဒီမှာ ယောင်းမ ဖြစ်သူက မနားမနေ ပြုစုရင်း အနားမှာ ထိုင်စောင့်နေတုန်း သူ သတိပြန်လည် လာပါတယ်။ သတိရရချင်း ဘေးမှာ တွေ့တဲ့ ယောင်းမကို

"ဟဲ့ ..... မ ညည်းအတော် ပင်ပန်းနေပြီ။ နားတော့။"

လို့ ပြောတော့ သုမောင်တို့ အမေမှာ သူ့ယောက်ျားဖြစ်သူကို လှမ်းခေါ်ရင်း "မမ ပြန်ဆဲနေပြီ။ ပြန်ဆဲနေပြီ။ သတိပြန်ရပြီ။" လို့ ဝမ်းသာအားရပြောရင်း မျက်ရည်တွေ လည်လာတယ် ဆိုတာပါ။

(..... ပြထားတဲ့ စကားလုံး ဘာလဲ လာမမေးကြပါနဲ့။ ကိုယ်လဲ မသိဘူး။ သူ့ဆောင်းပါးထဲမှာ အဲဒီတိုင်းပဲ ရေးထားတယ်)

***
ပြီးတော့ ဆရာငြိမ်းဟာ "ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့" ဆိုတဲ့ စကားလုံးကို အနုပညာမြောက်ပြီး နှစ်သက်နားဆင်စရာဖြစ်အောင် ရေးတတ်နိုင်ခဲ့တာ ဘယ်လို မှော်အစွမ်းနဲ့များပါလိမ့်လို့ တွေးမိရပါတယ်။

မြို့မငြိမ်းဟာ gifted တစ်ယောက်ပါပဲလို့ လှိုက်လှိုက်လှဲလှဲ ခံစားမိစေတဲ့ သီချင်းပါပဲ။

***
ဝင်းဦး နဲ့ မာမာအေး version နှစ်မျိုးမှာ ကိုယ်ကတော့ မာမာအေး ဆိုတာကို ပိုနှစ်သက်မိပါတယ်။
သူ အသံနဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်သွားနိုင်တာကြောင့်မို့လို့ကို ကျိတ်ပုန်းစား နေကြတဲ့ မိန်းကလေး တစ်သိုက်ရဲ့ သရုပ်က ပိုပေါ်လွင်လာတာပါပဲ။

ကိုယ်ကတော့ သီချင်းတစ်ပုဒ်မှာ အဆိုပညာတင်မကဘဲ mood ပါ အဓိက ကျတယ်လို့ ယူဆတာမို့ မာမာအေးဟာလဲ ပါရမီရှင်ပါပဲလို့ ခံစားမိပါတယ်။ (တကယ်တော့ အဲလို ရေးပြီး ချီးကျူးရမှာတောင် စိတ်ထဲမှာ မဝံ့ဘူး ဖြစ်မိတယ်။)

သရုပ်ပေါ်အောင် ရေးသူကိုရော၊ ရုပ်လုံးကြွအောင် ဆိုပေးသူကိုပါ နားထောင်နေရင်းက
တကယ်ပဲ ကျေးဇူး အထပ်ထပ် တင်နေမိတော့တယ်။

ကျိတ်ပုန်းစား ဆိုတဲ့ စကားလုံးကို ကျိတ်ပုန်းစလား ကျိတ်ပုန်းစားလား သေချာအောင် အတည်ပြုရပါသေးတယ်။ နောက်တော့ အားလုံး သဘောညီတဲ့ ကျိတ်ပုန်းစားကို အတည်ပြုလိုက်ပါတယ်။ တိတ်တိတ် ကျီစယ်စနောက် တာပါ။

ဖောင်စွန်းတိုင်ပင် ဆိုတာ အဝတ်လျှော်နေတဲ့ အဘွားက ထဆဲတော့ သူငယ်မတွေ မလုံမလဲ ဖြစ်ပြီး ကမန်းကတန်း ရေဆင်းကူးရာမှာ သူတို့ရေချိုးနေတဲ့ အနီးနားက ဖောင်ထိရောက်အောင် ရေတွေစင်ကုန်တာကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။

အဲဒီ အဓိပ္ပါယ်တွေကို သေချာချင်လို့ လှမ်းပြီး အတည်ပြုချက်ယူရပါသေးတယ်။
ဆရာ ညီလင်းဆက် နဲ့ ဆရာ သက်ပိုင်သူ ကို ကျေးဇူးပါ။ :)

***
Download လုပ်ရန်

ဝင်းဦး
မာမာအေး

***
Update : 21st Jan '10 (9:45 AM) ခုပဲ အမှားပြင်ဆင်ချက်စာ ထပ်ရောက်လာလို့ မှားနေတဲ့ စကားလုံးတွေကို ဆရာ ပြင်ပေးတဲ့ အမှန် စကားလုံးတွေရဲ့ ဘေးမှာ strike through ထည့်ပြီး ပြင်ပေးလိုက်ရပါတယ်။


ဆရာ့ကို ကျေးဇူးအထူး တင်ရပါတယ်။

***
Update : 25th Jan '10 (8:25 PM)
ရီတာ မင်းအဓိပ္ပာယ်ယူတာတွေ လွဲနေတယ်
တိုက်တိုက်ဆိုင်ဆိုင် ဦးမင်းဒင်နဲ့ အဲဒီသီချင်းအကြောင်း တလောကပဲ ပြောမိကြသေးတယ် ကျိတ်ပုန်းစား ဆိုတာ အတင်းပြောကြတာလို့ ဆိုတယ် ပြီးတော့ အဘွားအိုက မိန်းမပျိုတွေကို မဆဲပါဘူး ဆပ်ပြာကို ဆဲတာပါ။ ဆဲတာလည်း အကြောင်းရှိပါတယ် ဖောင်စွန်းတိုင် ရေတွေစင်တာလည်း မိန်းမပျိုတွေ ရေထဲဆင်းကူးလို့ မဟုတ်ပါဘူး ဦးမင်းဒင်ကို သွားမေးကြပါကုန်။
(သူ သီချင်းထဲမှာ ပါတဲ့ အဓိပ္ပာယ်တွေ ဖွင့်ရေးမယ်လို့ ပြောဖူးထားကြောင်းပါ ဖွလိုက်ပါတယ်။)

(ကိုသင်ကာ)

***
သီချင်းရာဇဝင်ကို သေချာသိပြီးသွားရင် လွဲနေတာ တချို့ကို ပြန်ပြင်ပေးပါမယ်။

***

11 comments:

khin oo may said...

Steve လာမဖတ်မိဘို့လိုတယ်။

Bino said...

Thanks for sharing.

I like that song so much.
Khin Wan also (သရုပ်ပေါ်အောင် ရေးသူကိုရော၊ ရုပ်လုံးကြွအောင် ဆိုပေးသူ)

BINO

နွေးနေခြည် said...

ကျေးဇူးမမရီတာ.. အဲလိုသီချင်းမျိုးတွေ အရမ်းကြိုက်တယ်။ ကိုယ်တိုင်နားထောင်တုန်းက အဓိပ္ပါယ်ရဲ့ သုံးပုံ၁ပုံလောက်ပဲသိတယ်။

ဇွန်မိုးစက် said...

ကျေးဇူး ရီတာ... အိမ်ပြန်ရောက်မှ သေချာနားထောင်ကြည့်လိုက်အုံးမယ်

Ko Paw said...

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလက ဒီသီချင်းနဲ့ ပတ်သက်ပြီး မဟေသီ မဂ္ဂဇင်းထဲမှာ ဇန်မြင့်နဲ့ ဆူဒိုနင်နဲ့ အကြီးအကျယ် ငြင်းခုံကြတာ မှတ်မိသေးတယ်။

ဆူဒိုနင်က မပိုင်ဘဲနဲ့ ခြင်ရိုက်တာလေ။ သီချင်းထဲမှာ “ဆပ်ပြာကို ဆဲတာ” ဆိုတဲ့ စာသားပါတယ်။ အဲဒီ သီချင်းအကြောင်း ဇန်မြင့်ရေးတာကို ဆူဒိုနင်က “ဟားဟားဟားဟား.... ဆပ်ပြာကို ဆယ်တာပါ ဇန်မြင့်ရယ်၊ ဆဲတာ မဟုတ်ပါဘူး” ဆိုပြီး (မဂ္ဂဇင်းစာမျက်နှာပေါ်ကနေ)မသိဘဲ သွားဝေဖန်မိလို့ ဇန်မြင့်က သီချင်းရာဇဝင်နဲ့တကွ၊ အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ ပြန်ရေးတားကို ဖတ်လိုက်ရတာ ကောင်းမှကောင်း။ ဒေါ်ရီတာတို့လို့ နောက်လူလေးတွေ မီလိုက်မယ် မထင်ပါဘူးကွယ်။း-)

မေနိုင်း said...

ရီတာရေ... စာတွေလာဖတ်ပါတယ်။ သီချင်းလေးကိုလည်း ဖတ်သွားတယ်။ နားတော့ မထောင်ရသေးဘူး။ တကယ်ကောင်းတဲ့ စာသားတွေပဲ။ နောက်မှ နားထောင်ကြည့်မယ်။
မေးစရာလေးရှိလို့ ရီတာစာရေးတဲ့ အထဲမှာ "ဉ" နဲ့ သုံးထားတယ်နော်။ ပုံမှန်တွေ့နေရတာက "ဥ" နဲ့ပဲ တွေ့နေကြဖြစ်နေလို့။ ရီတာလည်း အကြောင်းမဲ့ သက်သက်ရေးတာတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့ အခုလို ရေးလဲဆိုတာလေးကို သိချင်လို့ မျှဝေပေးစေချင်ပါတယ်။

ခင်မင်တဲ့

Rita said...

ဆောရီး ချက်ချင်း ပြန်ရေးမလို့ပါ။ မအားတာနဲ့။

ဉ နဲ့ ဥ ကတော့ ညကလေး=ဉ နဲ့ အက္ခရာအု=ဥ ကို ကွဲပြားစေချင်လို့ သုံးတာပါ။

ဥပမာ - ဉာဏ် ဆိုရင် မဖြစ်မနေ ဉ ကို သုံးမှ မှန်ပါတယ်။ ဒါပေမဲ့ အသတ်တင်တဲ့နေရာတွေ စဉ့်အိုး ဆိုတာမျိုးမှာကျတော့ "စဉ့်" လို့ မရေးဘဲ "စဥ့်" လို့ ရေးရင် လုံလောက်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ အက္ခရာအုကို အသတ်တင်တဲ့ ရေးထုံး မရှိတော့ မှားစရာ မရှိလို့ပါ။

ဒါပေမဲ့ ကိုယ် ဘလော့မှာ ရေးရင်တော့ "စဉ့်အိုး" ပဲ ရေးပါတယ်။ အပြင်မှာ ရေးရင်တော့ "စဥ့်အိုး" လို့ ရေးပါတယ်။

ဘာဖြစ်လို့ဆိုတော့ ဉ နဲ့ ဥရဲ့ တန်ဖိုးဟာ မတူတော့ search လုပ်ရာမှာ ကွာခြားသွားနိုင်လို့ပါ။

အဲဒါ ကိုယ့်ဘာသာ သိတာတော့ မဟုတ်ပါဘူး။

ညီလင်းဆက်ကြောင့် သိတာပါ။ သူစရေးတော့ ကိုယ်လိုက်မရေးသေးပါဘူး။ ဒါပေမဲ့ ဒီလိုပဲ သူ့ post တစ်ခုမှာ တယောက်က မေးတာကို သူပြန်ဖြေတော့မှ search လုပ်ရာမှာ ကွဲပြားနိုင်တာကို သတိပြုမိတာပါ။ အဲဒီနောက်ပိုင်း ကိုယ်လည်း ကွဲပြားအောင် ရေးပါတယ်။

သူရှင်းပြထားတာကတော့ ပိုနားလည်လွယ်ပါတယ်။ ပြည့်ပြည့်စုံစုံလဲ ရှိပါတယ်။

ဒါပေမဲ့ ကိုယ်ကတော့ ကိုယ့် field မဟုတ်တော့ အဲဒီအကြောင်းအရာတွေကို keyword လေးလောက်ပဲ ခေါင်းထဲထည့်ထားပါတယ်။ ခုလို ပြန်ရှင်းပြရမယ် ဆိုတော့ လူပြိန်းနည်းလောက်ပဲ ရှင်းနိုင်တော့တယ်။ သူ့စကားကို ပြန်ညွှန်းဖို့ကလည်း သူက အဲဒီအကြောင်းကို post တင်ပြီး ရေးထားတာ မဟုတ်ဘူး။ comment မှာ တယောက်ကမေးတာကို comment မှာပဲ ရေးပြီး ရှင်းထားတာ။

ဖြစ်ချင်တော့ zawgyi font အပြောင်းအလဲမှာ သူ့ comment ဟောင်းတွေ အကုန်ကြွသွားတယ်။ ဒီ့ထက်ပို စိတ်ဝင်စားရင်တော့ သူ့ကို တိုက်ရိုက်မေးကြည့်ပါ။

ကိုယ်တွေ့နဲ့ ယှဉ်ပြီး ဥပမာ ပြောရရင် ဘာသာစကားမှာ စနစ်တကျ ရေးထုံးတစ်ခု မရှိတာဟာ (အပြင်မှာ မသိသာပေမယ့်) အွန်လိုင်းမှာ ရှာရဖွေရတဲ့အခါ အတော် စိတ်ကသိကအောက်ဖြစ်စရာနဲ့ ကြုံရပါတယ်။

ကိုယ့်အနေနဲ့ကတော့ ပညာရပ်ဆိုင်ရာကို ဒီဘာသာစကားနဲ့ ပတ်သတ်လို့ လေ့လာနေသူ၊ သုတေသနပြုနေသူ မဟုတ်တော့ ဒါဟာ ရေးကြီးခွင်ကျယ် မဟုတ်ဘူးလို့တော့ ပြောလို့ရတာပေါ့။

ကိုယ့်စိတ်ကသိကအောက်က ဥပမာဆိုရင် you tube မှာ ဗမာ သီချင်း ရှာချင်ပြီ ဆိုရင် ဝိုင်ဝိုင်း လို့ (ဝလုံး အပြည့်) ရိုက်မိလိုက်တာနဲ့ ၀ိုင်ဝိုင်း လို့ (၀လုံး ထိပ်ပြတ်)နဲ့ ရိုက်ထားတဲ့ သီချင်းကို ရှာမရတော့တာမျိုး ကြုံဖူးတယ်။ ဒါက ကိုယ်က မြန်မာစာကို ဒီလို entertainment အတွက်ပဲ သုံးတဲ့သူမို့ ဒီလောက်ပဲ ရှိတာ။

အကယ်၍ တက္ကသိုလ်ကြီး တခုခုက ဗမာဘာသာစကားကို သုံးလို့ ဗမာအကြောင်း တခုခု research လုပ်နေသူဆိုရင် ပိုဆိုးမယ်။ (ဒါ ကိုယ်ဉာဏ်မီတွေးမိသလောက်ကို ရှင်းပြတာပါ)

တကယ်က သုတေသန ပြုရလောက်အောင် online မှာ ဗမာနဲ့ ပတ်သတ်တဲ့ အားကိုးအားထားပြုရလောက်စရာ site ရှိ မရှိ ကိုယ်မသေချာပါဘူး။ မရှိဘူး ထင်မိတာပဲ။

ဒါကြောင့်မို့ Myanmar Wiki ကို ကြိုးပမ်းနေကြတဲ့ လူတွေကို၊ Unicode ကို ကြိုးပမ်းကြတဲ့ လူတွေကို (ကိုယ့်အနေနဲ့ အဲဒါတွေသုံးလို့ professional အလုပ် လုပ်စရာ မလိုတဲ့တိုင်အောင်) ကျေးဇူးတင်မိပါတယ်။

ဒါကို emphasize လုပ်နေသူ မဟုတ်တော့ ပညာရပ်ကို ရှင်းမပြနိုင်ဘဲ ဆက်စပ်ရာကိုသာ ပြောလိုက်နိုင်တယ်။ ရှည်ပြီး ရှုပ်သွားလားတော့ မသိဘူး။

ဒါပေမဲ့ ကိုယ့်စာလုံးပေါင်းတွေဟာ အမှား မကင်းပါဘူး။ မသိလို့မှားတာထက် သိရဲ့သားနဲ့ အလွယ်ရေးပစ်လိုက်တာမျိုးတွေတောင် ပါတတ်ပါတယ်။ ဥပမာ ရီမော တို့၊ ရီးစား တို့ ပေါ့။

Rita said...

Zawgyi font အပြောင်းအလဲမှာ သူ့ comment ဟောင်းတွေ အကုန်ကြွသွားတယ်။

ဆိုတာ မှားရေးမိတာ။

တကယ်က comment system အပြောင်းအလဲမှာ ဖြစ်သွားတာ။

မေနိုင်း said...

ရီတာရေ... အခုလို အသေးစိတ်လေး သေချာရှင်းပြပေးသွားလို့ ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

mm thinker said...

ရီတာ
မင်းအဓိပ္ပာယ်ယူတာတွေ လွဲနေတယ်
တိုက်တိုက်ဆိုင်ဆိုင် ဦးမင်းဒင်နဲ့ အဲဒီသီချင်းအကြောင်း တလောကပဲ ပြောမိကြသေးတယ်
ကျိတ်ပုန်းစား ဆိုတာ အတင်းပြောကြတာလို့ ဆိုတယ်
ပြီးတော့ အဘွားအိုက မိန်းမပျိုတွေကို မဆဲပါဘူး
ဆပ်ပြာကို ဆဲတာပါ။ ဆဲတာလည်း အကြောင်းရှိပါတယ်
ဖောင်စွန်းတိုင် ရေတွေစင်တာလည်း မိန်းမပျိုတွေ ရေထဲဆင်းကူးလို့ မဟုတ်ပါဘူး
ဦးမင်းဒင်ကို သွားမေးကြပါကုန်
(သူ သီချင်းထဲမှာ ပါတဲ့ အဓိပ္ပာယ်တွေ ဖွင့်ရေးမယ်လို့ ပြောဖူးထားကြောင်းပါ ဖွလိုက်ပါတယ်။)

Rita said...

အင်း အဓိပ္ပါယ်သိတဲ့သူ ပြောမယ်ဆိုရင်တော့ သိချင်ပါတယ်။ ဒီသီချင်းကျတော့ တကယ်တမ်း နီးနီးစပ်စပ် နားထောင်ခဲ့ရတာတောင် မရှိဘူး။ နောက်ပိုင်း မလွှင့်တော့တာလား။ မကြုံကြိုက်တာပဲလားတော့ မပြောတတ်။

တကယ်သိတဲ့သူတွေ မြို့မငြိမ်းသီချင်းတွေကို ရာဇဝင်နဲ့တကွ ရေးကြရင် သိပ်ကောင်းမှာပဲ။ စာအုပ်ထွက်တယ်လို့တော့ ကြားတယ်။ ရှာကြည့်ဦးမယ်။

ကျေးဇူး ကိုသင်ကာ :)

PS အဘွားက မိန်းကလေးတွေကို ဆဲတယ် လို့တော့ မထင်မိပါဘူး။ ဒါပေမဲ့ ဒီမိန်းကလေးတွေ ကဲနေလို့ ဟန့်တဲ့နေနဲ့ ဆပ်ပြာကို ဆဲလိုက်တာ လို့ တွေးနေမိတာ။ အဲဒီခေတ်က သမဆိုင်က ထုတ်တဲ့ ခေတ်လား ဘာလားတော့ မသိပါဘူး။ အဲဒါကြောင့် ပစ္စည်းညံ့လို့ ဆဲလိုက်တာ များလား ???

ကိုသင်ကာ ပြောကာမှ အတွေးတောင်ခေါင်သွားပြီ။
:D

ဖောင်စွန်းတိုင်ပင် ဆိုတာတောင် တော်တော်နားထောင်ယူရတယ်။ ရေထဲနဲ့ ဆက်စပ်ပြီး ကိုယ်က ဖောင်စွန်းဒိုင်ဗင်တွေ ဘာတွေတောင် ကြားနေမိတာ အစက :)