Sunday, November 15, 2009

အချိန်မရွေး

ခုလေးတင်ပဲ အရင်အိမ်မှာ အတူတူနေခဲ့ကြတဲ့ ညီမလေး တစ်ယောက်ရဲ့ အမေ ဆုံးတဲ့ သတင်းကို သူ့ဆီကပဲ ကြားလိုက်ရတယ်။

မနှစ်က ဒီလို အချိန် အိမ်မပြောင်းခင်မှာ သူ့ ဖေဖေရော၊ မေမေရော သူ့ဆီ လာလည်ကြတော့ တွေ့ခဲ့ရသေးတာ။ ၂ ပတ်လောက် ကြာတယ်ထင်တယ်။ အဲဒီ ညီမလေးကလည်း ငယ်ပါတယ်။ သူ့မေမေကလည်း ငယ်တယ်။ နုနုပျိုပျို ကျန်းကျန်းမာမာ သွက်သွက်လက်လက်နဲ့ပဲ တွေ့ခဲ့ရတာ မျက်စေ့ထဲ ပြန်မြင်မိသေးတယ်။

ခု ဒီလို ကြားရတော့ မယုံနိုင်အောင်ပဲ။

ပြန်ခါနီး နှုတ်ဆက်တော့ "အန်တီ ဝလာတယ်နော်၊ စင်ကာပူနဲ့ တည့်တယ် ထင်တယ်"... ပြောမိတော့... ရယ်ရယ်မောမောနဲ့ပဲ "ဟုတ်တယ်၊ ပြန်ခါနီး ပေါင်တောင် မချိန်ရဲတော့ဘူး" လို့ ပြန်ပြောခဲ့တယ်။ ရောက်ခါစကတော့ "မြန်မာပြည်မှာ ဒီလောက် လမ်းမလျှောက်ရပါဘူး။ စင်ကာပူရောက်မှ လျှောက်လိုက်ရတဲ့ လမ်း" လို့ ဆိုတယ်။

အဲဒါတွေ ပြန်သတိရပြီး မထင်မှတ်စရာလို့ တွေးနေမိတယ်။

ဖေဖေ့တုန်းကလည်း ဒီလိုပဲ။
လာခါနီး လိုက်ပို့တာ... အလုပ်တော်တော်နဲ့ မရ စိတ်ဓါတ်တွေကျနေတော့ ဖုန်းဆက်ပြီး တချိန်လုံး အားပေးနေခဲ့တာ၊ နောက်တော့ နေမကောင်းလို့ ဆေးရုံတက်ရတယ် ကြားပြီး၊ အချိန် ဘယ်လောက်မှ မကြာလိုက်ဘူး။

ကိုယ်နဲ့ ကျန်းကျန်းမာမာ တွေ့ခွင့်ရခဲ့တဲ့ နောက်ဆုံး အချိန်နဲ့၊ သူတို့ရဲ့ တကယ့် နောက်ဆုံးအချိန်...
ကြားထဲမှာ ဘယ်လောက်မှ မကြာလိုက်ဘူး။

ဒါတွေဟာ ဘယ်အချိန်မှာ မဆို ရောက်လာနိုင်တယ် လို့ သညာသိနဲ့ သိနေပေမယ့်လည်း တကယ်တမ်း ကြုံလိုက်ရတဲ့ အခါမှာ အတ္တစိတ်နဲ့ ငြင်းဆန်ချင်မိတယ်။

နောက်ဆုံး တွေ့လိုက်ရချိန်မှာ ဘာလက္ခဏာမှ မပြပါဘူး။
ဘယ်လိုမှ မထင်မှတ်ရပါဘူး။
မယုံနိုင်ပါဘူး နဲ့ပဲ။

ပြီးတော့လည်း ဘာမှ မတတ်နိုင်ပါဘူး။

***

7 comments:

ကိုလူထွေး said...

စိတ်မကောင်းပါဘူး...
တရားနဲ့ဖြေပါလို့ ပြောရင်လည်း ကာယကံရှင်ကို မစာနာရာရောက်လိမ့်မယ်...
တနေ့တော့ ဒီလမ်း... ကိုယ်တို့အားလုံးလည်း နောက်ဆုံးဒီလမ်းပဲ သွားရမှာမဟုတ်လား...

ကိုလူထွေး said...

မိဘကျေးဇူးဆပ်ချင်တယ်ဆို သူတို့အတွက်ရည်စူးပြီး အလှူအတန်းလုပ်ပေး...

ကောင်းရာမွန်ရာဘုံဘဝကို အရောက်လှမ်းနိုင်ဖို့ ကိုယ့်ကုသိုလ်တွေကို မျှဝေပေးပေါ့...

Rita said...

ကျေးဇူးပါ ကိုလူထွေး

JuneOne said...

အတတ်နိုင်ဆုံး အဲလိုသတင်းတွေမကြားချင်ဘူး။
ဟို ကိုရီးယား ကားထဲကပြောသလို သားသမီးဆိုတာ အဖေ၊အမေ တွေကို သူတို့နဲ့ တစ်သက်လုံး အသက်ရှင်မယ်ထင်တာ။တစ်ကယ်ဖြစ်တော့ မယုံနိုင်ကြဘူးတဲ့။

Bino said...

Nothing last for ever.

တီချမ်း said...

နောက်ဆုံးတကြောင်းက ဘာဖြစ်လို့ အားပျော့သွားတာလဲ
ကိုယ်ကတော့တခါတုံးက
သေခါနီး ကို တော်တော်နီးနီးလေးရောက်ဖူးသွားတော့
အင်း
ဘယ်လိုပြောမလဲ
အသင့်ဖြစ်နေပြီလို့တော့ မပြောချင်ပါဘူး
ဒါပေမယ့်
သေတတ်မယ်ထင်တယ်လေ

သီဟသစ် said...

အင်း ဖတ်ရတာ စိတ်မကောင်းဘူး

ကိုယ်တွေလဲ ကိုယ့်ကိုယ်ကို ဘယ်အချိန်ကြည့်ကြည့် အသက်ငယ်တယ်ပဲ ထင်နေတာ..

အချိန်မရွေးက ဘယ်ချိန်ရောက်လာမလဲမသိ..

ခင်မင်စွာဖြင့်
သီဟသစ်