Tuesday, September 29, 2009

My Very First Visit to Yangon !


(ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတဲ့ အညာသူ)

မူကြိုကျောင်းသူ ဘ၀ပဲ ရှိသေးတယ်။
အတန်းကျောင်း မတက်ရသေးဘူး။
အဘိုးအဘွားတွေနဲ့ အတူတူ၊ ဘွားဘွားရဲ့ မွေးစားသမီးပါတယ်.. ကိုယ့်ကို ထိန်းဖို့။
မေမေတောင် မပါဘူး။
အသက် ၄ နှစ်လောက်မှာ မိဘတွေ မပါဘဲ ပထမဆုံး ခရီးထွက်ဖူးတာ။

တည်းတဲ့အိမ်မှာ မြို့ကရောက်နေတဲ့ အသိတစ်ယောက်က လာတွေ့ပြီးတော့ ပြောတယ်။
သူ ပြန်တော့မှာ တဲ့။ မေမေ့ဆီကို စာရေးပေးလိုက်ဦးမလား တဲ့။
ဘွားဘွားကလည်း ရေးလိုက်လေ လို့ပြောတယ်။

ကိုယ်ကလည်း မငြင်းဘူးပဲ။ အင်း ရေးမယ် ဆိုပြီး စာရွက်နဲ့ ဘော့ပင်ယူပြီး ရေးတော့တာ။
ဘာမှလည်း တတ်တာ မဟုတ်ဘူး။
"၀လုံး" လောက်ကလွဲပြီး ဘာမှ မရေးတတ်သေးတဲ့ အချိန်။
အဲဒါကို "၀လုံး" ပဲတတ်လို့ "၀လုံး" ပဲ ရေးလိုက်တယ် မထင်နဲ့။
လူကြီးတွေ စာရေးသလို
တွန့်တွန့်တွန့်တွန့် တွေနဲ့ ကကြီးတွေ ဗျိုင်းပျံသလို ရေးထည့်ပေးလိုက်သေးတယ်။

:D

အမယ် ကိုယ့်ဟာကိုယ်တော့ အဲဒီတုန်းက အဟုတ်ပဲ မှတ်နေတာ။ ငါကွ ဆိုပြီး...

အဲဒါကို အဲဒီ အသိအန်တီကလည်း တကယ်ယူသွားပြီးတော့ မေမေ့ဆီ တကယ်ပေးလိုက်တယ်။ ကိုယ်လည်း ခရီးသွားရာက ပြန်ရောက်ရော မေမေက ကိုယ်ရေးထားတဲ့
တွန့်တွန့်တွန့်တွန့် စာတွေကို ပြပြီး...

"ကဲ သမီးရေးထားတာ မေမေ့ကို ဖတ်ပြစမ်းပါဦး" လို့ ပြောတော့ ဟီးဟီးဟားဟားနဲ့ ရူးချင်ယောင်ဆောင်နေတာ မှတ်မိတယ်။

"အလျှံညီးညီး တောက်မည့်မီးကား" ဆိုသလိုပဲ။
(အရွှီး မီး)

***
ဒါနဲ့ ကြီးလာတော့ စာမေးပွဲတွေမှာ ဘာမေးမေး ဖြေလိုက်ဖို့ ဘယ်တော့မှ ၀န်မလေးဘူး။
မသိတာ မေးလဲ ရမ်းသမ်းပြီး ရေးထည့်လိုက်တာပဲ။

ငါကွ !

:D
***

Sunday, September 27, 2009

When I was 4...

(ကိုကိုနဲ့ မူကြိုမှာ)

ကိုကိုဆိုတာ အစ်ကိုတစ်ဝမ်းကွဲကို ပြောတာ။
သူက ကိုယ့်ထက် အသက်တစ်နှစ်ကြီးတယ်။
သူ မူကြိုတက်တော့ ကိုယ်လဲ သူနဲ့တူတူ လိုက်တက်တာပေါ့။
ဒါ ကျောင်းကပွဲမှာ ဖြစ်လိမ့်မယ်။
ရက်စွဲအရ ကိုယ် ၄ နှစ် မပြည့်သေးဘူး။
(ကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)

အဲဒီ အချိန်အခါက လူတွေ သိပ် မကြပ်တည်းတဲ့ ကာလလို့ ပြောရမယ်။
ကိုယ်တို့ရဲ့ မြို့သေးသေးလေးက မူကြိုကျောင်းကလေးမှာတောင် ပွဲတွေဘာတွေ လုပ်လို့။
ပြီးတော့ နေ့တိုင်းလိုလို နေ့ခင်းအိပ်ပြီး၊ နိုးတဲ့အချိန်မှာ အစားအသောက်တွေ ကောင်းကောင်းကျွေးတာ မှတ်မိတယ်။

ကျောင်းနဲ့ အိမ်က နီးနီးလေး။
ကိုကို့ရဲ့ တဖက်က တ၀မ်းကွဲ အစ်မ (ကိုယ်နဲ့ဆို ဟိုဘက်ဒီဘက် အမျိုးပေါ့) လည်း ရှိတယ်။
သူတို့ကတော့ ရွယ်တူပေါ့။

ပန်းချီတွေ ဘာတွေလည်း ဆွဲရတယ် ဆရာ။
ကိုယ်က ပန်းပင်နဲ့ ပန်းအိုးတွေပဲ ဆွဲနေခဲ့တာတော့ မှတ်မိတယ်။ တတ်မှ မတတ်တာ။
crayon နဲ့ ပုံဆွဲစက္ကူ ထူထူဝါ၀ါတွေနဲ့ အကျပဲ။
ကစားစရာတွေလဲ တော်တော်ရှိတယ်။
ခုတော့ အခြေအနေ ဘယ်လိုလဲ မသိတော့ပါဘူး။

အဲဒီအချိန်က အကြောင်းတွေ သိပ်မမှတ်မိတော့ဘူး။
တချို့ဟာတွေလည်း တော်တော် မှတ်မိတယ်။ အများအားဖြင့်တော့ blur ဖြစ်နေတယ်။
ဖေဖေတို့ မေမေတို့ ပြန်ပြောတာတော့ မူကြိုစတက်တဲ့နေ့က သူတို့ ပြန်တဲ့အချိန် အော်ငိုတယ် ဆိုတာပဲ။

အဲဒီ အရွယ်လောက်ပဲနေမှာ...
ဆွမ်းတော်ပွဲ အကျတွေ
အိမ်မှာ လာလာယူတဲ့ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ရှိတယ်။
တစ်နေ့ မေမေက အိမ်ရှေ့ထွက်ပေးရင်း ဘယ်တော့ မီးဖွားမှာလဲ ဘာလဲတွေမေးနေတာ ကိုယ်ကြားတယ်။
မေမေအိမ်ထဲဝင်လာတော့ ကိုယ်မေးမိတယ်။

"အဲဒါ မေမေ့ သူငယ်ချင်းလား" လို့...

မေမေက...
"အော် ဒီကောင်မလေး ဘယ်က မေမေ့သူငယ်ချင်းရမှာလဲ" တဲ့။

ဟားဟားဟား

ဘာလို့များ အဲလို တွေးမိသွားတာပါလိမ့်နော်။
ကိုယ်တကယ်ပဲ မေမေ့သူငယ်ချင်းမို့ မေးနေတာလို့ ထင်ခဲ့တာ။
ငယ်ငယ်တည်းက ကိုယ်ပိုင်အတွေးခေါ်နဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင် သုံးသပ်ချက်နဲ့... (တလွဲတွေပြောပါတယ်)။

***

Friday, September 25, 2009

ဂျူး နှင့် ကိုင်ပေါက်ခြင်း



ကြားဖြတ် post တစ်ခုပါပဲ
တင်ဖို့ အစီအစဉ် မရှိပါဘဲ စိတ်ကူးပေါက်လို့ တင်မိတာ

*
သူငယ်ချင်းတစ်ယောက်က ဒီ တပတ်အတွင်းမှာ "http://www.scribd.com" က တိုက်ရိုက် ဖတ်လို့ ရတဲ့ စာအုပ်စာရင်းရှည်ကြီး တစ်ခု ပို့ပေးတယ် .. ဘယ်လောက် သဘောတွေ့သွားလဲ ဆိုတာ ပြောပြစရာတောင် လိုမယ် မထင်.. (နိုင်ဝင်းရေ ကျေးဇူး စကြ၀ဠာ.. Sweep 1st prize ပေါက်သလိုပါပဲကွာ)

*
အဲဒီထဲက ဂျူးရဲ့ "မြရဲ့ လ" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို ပြန်ဖတ်ဖြစ်တယ်
အဲဒီ ၀တ္ထုကို ပထမဆုံး ဖတ်ဖူးတာ ၁၀ တန်းဖြေကာနီးမှာ.. Guide မမ က သူ ပန်းဆိုးတန်းက ၀ယ်လာတာ ဆိုပြီး ထုတ်ပြလို့ ကောက်ဖတ်ပစ်လိုက်တာ တစ်ထိုင်တည်း...

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ ၀တ္ထုတိုတွေ တော်တော်များများကို ကြီးမှ ပြန်နားလည်လာတာ များပေမယ့် "မြရဲ့ လ" ကိုတော့ ဖတ်ဖတ်ချင်းပဲ နားလည်ပြီး ခံစားလို့ရသွားတယ်..

ဒါကလဲ ကိုယ်က အညာသူကိုး.. အဲဒါကလဲ အကြောင်းတစ်ချက်ပေါ့
ထားပါလေ...ပြောချင်တာက ဇာတ်လမ်း မဟုတ်ဘူး... ဇာတ်လမ်းထဲမှာ ပါတဲ့ ယောက်ျားတွေရဲ့ Characteristic ကို..

*
မြ ရဲ့ လ (ဂျူး)

["...သူခိုး ဓားပြ မရှိဘူးလို့ ကြွားချင်တာလား မြရဲ့ .. မြတို့ မြို့မှာ မရှိပေမယ့် မြတို့ဆီက လူဆိုးလူကောက်တွေကို တခြားမြို့မှာ ရှိတဲ့ ထောင်ကို ပို့ပေးနေတာကိုး..."

"မဟုတ်ဘူးလေ အဲဒီလို ဆိုလိုချင်တာမဟုတ်ဘူး... မြတို့မြို့မှာ ထောင်ဟာ အရေးမကြီးဘူး.. အဲဒါကို ပြောမလို့"


လူဦးရေ လေး ငါးထောင်လောက်သာ ရှိသည့် မြို့ကလေးမှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန် ရုပ်ရှင်ကားတွေထဲကလို ဒုစရိုက်မြို့ကလေးသာ ဖြစ်တော့မှာပေါ့။ သို့သော် ကျွန်တော် ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲ ဆိုတာကို ကျွန်တော် သိဖို့ မကြိုးစားခဲ့ပါ။

*
ကျွန်တော်နှင့် မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းကနဲ အလျှော့ပေးပြီး ထထွက်သွားရသည်ချည်းပင် ဖြစ်ပါသည်..........ဟု ကိုယ့်ကိုကိုယ် လုံခြုံစွာ ဆင်ခြေပေးမိ၏။
ညဥ့်နက်မှ အိမ်သို့ ပြန်ဝင်လေ့ရှိပြီး အိမ်သို့ ရောက်သည့် အခါတိုင်း ကျွန်တော့် ဒေါသတွေက ပြေပြီးပြီ။ မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့ အဆင်သင့် စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။
သည့်အတွက် ကျွန်တော်သည် သဘောထားကြီးမြတ်သော ယောက်ျားအဖြစ် ကျေနပ်
ဂုဏ်ယူလေ့လည်း ရှိပါသည်။
သို့သော် ယခု အချိန်ကျမှ ကျွန်တော် မှန်းဆပုံဖော် တွေးမိပြန်သည်မှာ... ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်မှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ ၊ နာကြည်းမှုများ ၊ ၀မ်းနည်းမှုများ ကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူသလဲ။

.... မျက်နှာချင်းဆိုင် ရန်တွေ့ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာ သွန်ချ၍ ပြီးဆုံးစေခဲ့သလဲ။

ဒါတွေကို ကျွန်တော်မသိပါ။

...ကျွန်တော် မရှိသည့် အချိန်ကာလ အတွင်း မြ၏ ဒေါသတို့ကို ဘယ်အရာဖြင့် လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲ ဟု မြကို ကျွန်တော်မမေးမိ။


ပထမပိုင်း ကာလများဆီကတော့ မိန်းမတစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်း ကိရိယာ အစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည် ဟု စိတ်ချထားခဲ့၏။ မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ကြွေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့သော် နောက်ပိုင်းမှာ ထိုသို့မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။

မြသည် ကျွန်တော့်အပေါ်သက်ရောက်နေသော သူမ၏ ဒေါသအတွက် ဘယ်အရာဖြင့် အစားထိုး ပေးခဲ့သလဲ ။ ဘယ်အရာအပေါ် လမ်းလွှဲပေးခဲ့သလဲ ကျွန်တော် မသိနိုင်တော့သည့် အရာသာ ဖြစ်ပါသည်။

...
ကျွန်တော်သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
...
ကျွန်တော် မြကို နားလည်ခဲ့သည် ဟုများ တစ်ခါတုန်းက ကိုယ့်ကိုကိုယ် ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန်မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ ]

မြ ရဲ့ လ (ဂျူး)


*
အကြောင်းအရာတခုကို အသဲအသန် ပုံစံနဲ့ စလာပြီး..တဖက်က အလေးအနက် တုံ့ပြန်တော့မှ...သဘောထားပဲ ကြီးသလိုလို...နားငြီးပဲ မခံနိုင်တော့သလိုလို...အဖက်ပဲ မလုပ်ချင်သလိုလိုနဲ့..ပြီးပြီးရော စကား ဖြတ်ပစ်တတ်တာလဲ ကိုယ့်အတွက်တော့ stupid work ပဲ

*
အဲဒါ သဘောထားကြီးတာ မဟုတ်ဘူး။ အနိုင်နဲ့ ပိုင်းတာလို့ ခေါ်တယ်။

*
ကိုယ့်ဘာသာ တဖက်သတ်ကြီး ပြောချင်ရာပြော.. အပြောခံရတဲ့ တဖက်လူက ဘာမှန်းမှ မသိရ.. သေချာရှင်းပါဆိုတော့လည်း ရူးချင်ယောင်ဆောင်ပြီး ဟိုစကားလွှဲ ဒီစကားလွှဲ ...
သေချာလဲ သိခွင့်မရ.. ရှင်းဖို့လဲ အခွင့်အရေးမပေး...

ဒီလိုနဲ့ပဲ စတဲ့သူက ပြီးလွယ် ပျောက်လွယ် ၊ စိတ်သဘောထား ကြီးမြတ်သူလိုလို ဘာလိုလို...
အလကား နေရင်းထိုင်ရင်း ပြဿနာ အရှာခံရလို့ အကြောင်းရင်းကို သိအောင် ဇွတ်မေးတော့ မေးတဲ့သူကပဲ ရစ်တာ..ကြပ်တာ.. လျှာရှည်တာ.. မိန်းမပီသတာ.. စကားများတာ ဖြစ်ရပြန်ရော..

ကျန်သေးတယ်။
နည်းနည်းလေး အပြောခံရတာကိုတောင် ခံနိုင်ရည်မရှိဘဲ ကယောင်ကတမ်း ဖြစ်နေတာ..တဲ့
(တခါမှ မကြားဖူးဘူး..အဲဒီလို မှတ်ချက်မျိုး.. ထူးထွေသည့် အံ့ရာ)

*
အဲဒီလို ယောက်ျားမျိုးတွေများ ကိုယ်
တော့ ဂျူးရဲ့ အပေါ်က စာလုံးတွေ အပြန်ပြန် အလှန်လှန်သာ ဖတ်ခိုင်းချင်တော့တာပဲ...

ဖြစ်နိုင်ရင် ပြာချပြီးသာ တိုက်လိုက်ချင်တယ်...

***
January တုန်းက တင်ပြီးသား post အဟောင်းကြီးပါ။
ခု ဘာမှ မဖြစ်ပါဘူး။ တကယ်ပါ။
မဖတ်ရသေးတဲ့သူတွေ ဖတ်ရအောင်...
ဂျူး ရဲ့ စကားလုံးလေးတွေကိုလေ။

ဒီလို presentation မျိုး သူ ဘယ်လိုများ စဉ်းစားမိခဲ့ပါလိမ့်နော်...
ဝတ္ထုတိုရော၊ ၀တ္ထုရှည်ရော ပြောင်ပြောင်မြောက်မြောက် ရေးနိုင်တဲ့သူတွေ ကိုယ်တော့ တကယ်ပဲ အံ့သြချီးကျူးမိပါတယ်။

***


Monday, September 21, 2009

You jump, I jump!



ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...

ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်
မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...

ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။

***
ဂျူး ရဲ့ "ရေကူးသင်ခြင်း" (နာမည် မသေချာပါ) ကို သတိရမိ။
သူ့ချစ်သူနဲ့ သူ လှေတူတူစီးရင်း "ခုနေ လှေမှောက်ရင် နင် ဘာလုပ်မလဲ ဟင်" လို့ မေးတော့ ချစ်သူက သူရေမကူးတတ်မှန်း သိရက်နဲ့ သူ့ကို အရင် ဆယ်မှာပေါ့ လို့ မပြောဘဲ "ကမ်းခြေကိုရောက်အောင် ရေကူးပြေးမှာပေါ့" လို့ ဖြေလိုက်လို့ အဲဒီလူကို ဖြတ်လိုက်ပြီးတဲ့နောက် ရေကူးချန်ပီယံ ဖြစ်တဲ့ထိ ရေကူးသင်ခဲ့တဲ့ မိန်းကလေး တစ်ယောက်အကြောင်း။

ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်တဲ့ မိန်းမတစ်ယောက်ဟာ ရေကူးတတ်ဖို့လိုသတဲ့။

ဖတ်ကာစကတော့ တိုက်ရိုက် အဓိပ္ပါယ်ကိုပဲ ယူလို့ ပြုံးမိတယ်။
ဒါပေမဲ့ မြှုပ်ထားတဲ့ အဓိပ္ပါယ်တွေ အဲဒီ ၀တ္ထုမှာ ရှိနေသေးတယ်။

ဘ၀မှာ မုန်တိုင်းကျလို့၊ လှေမှောက်လို့ စသဖြင့် ရေထဲမျောနေတဲ့အခါ...
ရာသီဥတု သာယာစဉ်ကလို ဘေးမှာ ဖေးမတွဲ
ကူမယ့်သူ အမြဲ ရှိနေပါမယ်လို့ ဘယ်သူမှ မသေချာနိုင်ဘူး မဟုတ်လား။

ကိုယ်တိုင် ရှင်သန်ဖို့ ကိုယ်တိုင်ပဲ တတ်နိုင်တယ်။


***
မင်းခိုက်စိုးစံ ရဲ့ "ကမ်းခြေ" ဆိုလား၊ ဒါမှမဟုတ် "မွေးနေ့" ဆိုလား (အဲဒီ နာမည်တွေလဲ မသေချာပါ) ကို သတိရမိ။
အလွန် အင်မတန် ကြင်နာတတ် လူကြီးလူကောင်းဆန်တတ်တဲ့ ချစ်သူနဲ့ စက်လှေအပျော်စီးရင်း စက်လှေပျက်သလား၊ မုန်တိုင်းမိသလား မသိ၊ ပင်လယ်ထဲ မျောနေတော့မှ...

အတူ စီးလာခဲ့တဲ့ အလုပ်သမားတွေကို အသက်ကယ်လှေပေါ် ခေါ်တင်ဖို့...
နောက်ဆုံး ချစ်သူ မိန်းကလေးကိုတောင် ပါလာတဲ့ရေ ခွဲတိုက်ဖို့...
ခက်ခဲတဲ့ အခြေအနေကို ယောက်ျားပီပီသသ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့...

ခဲ ယဉ်း နေ တာ။

တချို့လူတွေရဲ့ တကယ့် စိတ်ရင်း နဲ့ အရည်အချင်းဟာ သေလုမျောပါး အခက်အခဲနဲ့ ကြုံတော့မှ အရင်းအတိုင်း ပေါ်လာတယ်။

***
တချို့က တစ်ယောက်လက်ကို တစ်ယောက်တွဲလို့၊ တစ်ယောက်ကို တစ်ယောက်ကို ပွေ့ဖက်လို့ အနီးကပ်လာတဲ့ သေခြင်းတရားကို စောင့်ဆိုင်းနေတဲ့ အချိန်...
တချို့တွေကတော့ အသက်ရှင်ခွင့် ရဖို့အရေး သွေးရူးသွေးတန်း လောဘတကြီး ပြေးလွှားအော်ဟစ် နေကြတယ်။

တချို့က ရှင်ရင်လဲ အတူတူ ရှင်ဖို့၊ သေရင်လဲ အတူတူသေဖို့ နှစ်ဦးသဘောတူနေတဲ့ အချိန်မှာ...
တချို့ကတော့ ရှင်သန်ခွင့် အတွက် တခြားသူကို မရှက်မကြောက် ခုတုံးလုပ်တယ်။
(အဲဒီအတွက် သူ အသက်ရှင်နေသရွေ့ သူ့ လိပ်ပြာသူ ပြန်ရှက်နေရတော့မှာပဲလို့ အလယ်တန်းကျောင်းသူ ဘ၀လောက်က ဆိုရင်တော့ တွေးကောင်းတွေးမိနိုင်တယ်။ ခုတော့လည်း အဲလို မတွေးမိပြန်ဘူး။ လိပ်ပြာ ပါမလာတဲ့သူတွေ လောကမှာ အများကြီးပဲ။)

***
အသက်ရှင်ကျန်ရစ်ရမယ့် အခွင့်အရေးက အကန့်အသတ်နဲ့သာ ရှိနေချိန်မှာ ကိုယ့်အတွက် ဘေးဖယ်ထားပြီး သူများအတွက် ပေးနိုင်လောက်အောင် ဘယ်အရာမျိုးက တွန်းအားပေးနိုင်တာတဲ့လဲ။

***
အသက် ၁၅ နှစ်လောက်က ချောင်းသာမှာ ရေနစ်ဖူးတာ သတိရမိတယ်။
ရေထဲပြုတ်ကျပြီ၊ နစ်နေပြီ၊ သေတော့မယ်လို့ ကိုယ်သိတဲ့ အချိန်... ကြောက်ရွံ့တုန်လှုပ်နေတဲ့ကြားက ငါတတ်နိုင်တာ ဘာမှ မရှိတော့ဘူးဆိုတဲ့ စိတ်ဝင်လာပြီး ဘုရားကို အာရုံပြုခဲ့နိုင်တယ်။

ခုနေ ဒါမျိုး ဖြစ်ရင် အဲဒီလို အာရုံဟာ
အဲဒီအချိန်တုန်းကလို ချက်ချင်း ပေါ်လာနိုင်ပါ့မလား ကိုယ့်ဟာကိုယ် မသေချာတော့ဘူး။

နောက်ထပ် နေလာတဲ့ ၁၅ နှစ် အတွင်းမှာ ပထမ ၁၅ နှစ်ကထက် အများကြီး ထူထဲ နေခဲ့ပြီ။
လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေနဲ့...

***

ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...

ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်
မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...

ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။

***

(Rose ရဲ့ မျက်လုံးအကြည့်လေးကို တကယ်ပဲ သဘောကျမိတယ်။ လောကကို ခုမှ တအံ့တသြ စူးစမ်းလေ့လာနေတဲ့ အကြည့်)

You jump, I jump!


You jump, I jump!

You jump, I jump!

အညတရ ပန်းချီဆရာကလေးတစ်ယောက်...

သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။

အသက် ၁၀၁ နှစ်ထိ...
နောက်ထပ် နှစ်ပေါင်း ၈၄ နှစ် တောင်မှ ဆက်ပြီး အသက်ရှင်နိုင်ခဲ့တာဟာ
ဒီဘ၀ကို
(သေခြင်းဆီ ဆွဲခေါ်မယ့် ခရီးစဉ်တစ်ခုရဲ့ လက်မှတ်ဟာ ချစ်ရသူမိန်းကလေးနဲ့ တွေ့ခဲ့ရတာကြောင့် သူ့ဘ၀မှာ အဖိုးအတန်ဆုံးဖြစ်ခဲ့တယ် လို့ ဆိုခဲ့တဲ့) သူ့ချစ်သူက ပေးခဲ့တာလို့ သူ မှတ်ထင်ယူဆခဲ့လို့ များလား။

***

ဒီနေ့ Titanic ကြည့်မိလို့ ရေးဖြစ်သွားတဲ့ post... အဲဒီကား ခုမှ ကြည့်ဖြစ်တာ။
နောက်တပတ်ကျ Schindler's List ကြည့်မယ်။

***
စာကြွင်း။ ။ ကိုယ် ခုထိ ရေမကူးတတ်သေးဘူး။

***

My Photo as a Child



တို့တော့ ငယ်ငယ်လေးတည်းက ချစ်စရာကောင်းပါ့။

(သူများလို မိုက်ကြည့် မကြည့်တတ်ပါဘူး။)


***

မပန်းနွယ်ရဲ့ post လေးတစ်ခု ဖတ်ရတုန်းက သဘောကျလွန်းလို့ ရယ်လိုက်ရတာ။
မိဘတွေက ကလေးတွေရဲ့ ဓါတ်ပုံတင်တာနဲ့ ပတ်သတ်လို့ ရေးထားတဲ့ post လေးပါပဲ။
သူပြောတာလေးတွေ စဉ်းစားသင့်တဲ့ အချက်တွေပါ။

***

မေစီ။ ။မဟုတ်သေးဘူး..မဟုတ်သေးဘူး။ ဘေဘီပြောတာ မှန်တယ်။ ငါလဲ စဉ်းစားတယ်။ တစ်နေ့.. ငါ ဟီလာရီကလင်တန်လို... သမ္မတအဖြစ် ၀င်အရွေးခံဖို့ ကြိုးစားနေတဲ့အချိန်၊ ငါ့ပြိုင်ဘက် ပါတီက ဒီပုံတွေနဲ့ တီဗွီမှာ ဟာသလုပ်ရင် ငါ မဲရပါ့မလားလို့။ ငါ့အဖေကလည်း အင်တာနက်မှာ ငါ အီတာလီယံခေါက်ဆွဲ စားနေတဲ့ ပုံတွေ တင်ထားတယ်လေ။ ငါမှ သေချာမ စားတတ်သေးတာ၊ ပေပွနေတာပေါ့ဟယ်။ သမ္မတလောင်းတစ်ယောက်ဟာ အဲဒီလို ပေပွနေအောင် စားဖို့ မသင့်ဘူး မဟုတ်လား။

(မပန်းနွယ် ဘလော့မှ)


***
တွေးသင့်တဲ့ အတွေးကလေး။

အဲလေ
ဒါပေမဲ့ ကိုယ့်မှာ ဒီတသက် သမ္မတဖြစ်ဖို့ လမ်းက မရှိလောက်တော့ပါဘူး။
လွန်ရော ကျွံရော ဖြစ်လှမှ သမ္မတကတော်လောက်ပဲဆိုတော့ သိပ်အရေးမကြီးဘူး ထင်တာပါပဲ။

:D

***

Saturday, September 19, 2009

Blogging, Identity & beyond 1st Anniversary!

နန်းညီ post ကို ဖတ်ရတော့မှ ကိုယ်လဲ ပထမဆုံးရေးတဲ့ post ကို ပြန်ကြည့်မိတယ်။ ဒီတော့မှ ဘလော့ရေးတာ တစ်နှစ်ပြည့်ပြီးသွားမှန်း သိတော့တယ်။ သူက ရက်မှားပြီး မှတ်မိနေတာ။ ကိုယ်ကတော့ ဘယ်နေ့မှန်းကို မသိတာ။

ဘယ် Anniversary မှ ခေါင်းထဲ မရှိတော့ ကိုယ့်ဟာကိုယ်လဲ တစ်နှစ်ပြည့်လို့ ပြည့်မှန်း မသိ။

(အဲဒါကြောင့် April တုန်းက Birthday Wish တင်ဖို့ရှိတော့ တပတ် ဆယ်ရက်လောက် အလိုတည်းက ကြိုရေးပြီး schedule ချထားတာ... မမေ့အောင်... မဟုတ်ရင် အနားနီးမှဆို ဘယ်လိုမှ သတိရမှာ မဟုတ်ဘူး။ ပြီးမှ တပတ်လုံးလုံး ကြိုရေးခဲ့ရပါတယ် ဆိုတော့ ပြီးသွားရောပေါ့။

မှတ်ချက်။ ။ တင်ပြီးသား ကျေးဇူးဆိုတာ Non-returnable item!)

***
ရေးချင်တာတွေ ရေးလာခဲ့တာ တစ်နှစ်ကျော်လို့ ကျော်မှန်းတောင် မသိလိုက်ဘူး။ တကယ်တော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိအောင် လုပ်ယူပြီး နေချင်စိတ် မရှိတဲ့ ကိုယ်လို လူမျိုးအတွက် ဒီရောက်ကတည်းက အတူနေသူတွေနဲ့ ပတ်သတ်လို့ စိတ်အနှောင့်အယှက် မရှိသလောက်နည်းခဲ့တာ အင်မတန် ကံကောင်းတယ် ဆိုရမှာပါပဲ။

အိမ်မှာလည်း အိမ်မှာမို့၊ အလုပ်မှာလည်း အလုပ်မှာမို့ ... အားလုံး ရာနှုန်းပြည့် စင်းလုံးချောတယ်လို့ မဟုတ်ပေမယ့် မျှော်လင့်ထားတာထက်တော့ အများကြီး ချောမွေ့တယ် ပြောရမယ်။

ဆိုတော့ အပြင်မှာ စိတ်တိုင်းမကျစရာ ရှားပါးနေတဲ့ ကိုယ့်အတွက် (ရွာသားစကားများ ငှားသုံးရရင်) ဘလော့ဆိုသည်မှာ စာရေးချင်လို့ရေးတဲ့ နေရာဆိုလည်းဟုတ်၊ အကုသိုလ်နည်းသေးလို့ အပိုထပ်ဆောင်းတဲ့ နေရာတစ်ခုဆိုလဲ ဟုတ်နေပါတယ်။

***
(ဟို စကားလုံးကတော့ အိုဗာတင်း ဖျော်နေတာ ၀င်စမ်းကြည့်လိုက်ဦးမယ်။
အပြောနဲ့ အလုပ် ညီရဲ့လားလို့။

ဒီစကားလုံးကတော့ အထာကို မကျတာ။
ပြောစရာကို မဟုတ်တာ ၀င်ပြောပေးလိုက်ဦးမှ။

ကိုယ့်စိတ်နဲ့တွေ့တဲ့ ဒီအစ်ကိုဘလော့ဂါကတော့ ဟို ဘလော့ဂါကို ၀င်ပြောနေပြီ။ သူပြောတာ ဟုတ်တယ်။ ကိုယ်လဲ ၀င်ထောက်ခံလိုက်ဦးမှ။

ဒီအကြောင်းအရာကတော့ UNESCO အဖွဲ့ကြီးတောင် ကိုယ်နဲ့ သဘောထားချင်း သိပ်မတိုက်ဆိုင်လှဘူး။ ကိုယ်လက်ခံလာအောင် ရှင်းပြနိုင်မလား blogger ကို ၀င်ရစ်ပေးလိုက်ဦးမယ်။ အဲလေ ၀င်မေးလိုက်ဦးမယ်။)

ဒါပေမဲ့ အချိန်မရှိတာကတကြောင်းကြောင့် blog တွေ သိပ်မသွားဖြစ်သလို သိပ်လည်း မသိတာမို့ စိတ်နဲ့ မတွေ့တဲ့ ဖြစ်ရပ်တွေ ဆိုတာလည်း အတော်နည်းပါတယ်။

***
အရင်ကတော့ ဘလော့တစ်ခုတည်းပဲ ဖတ်ဖြစ်တယ်။
2008 ကုန်ခါနီးနဲ့ 2009 အစပိုင်းလောက်မှာမှ ဘလော့တွေကို လည်ဖြစ်တယ်။
2009 မှာ အိမ်ပြောင်းပြီးမှ ပုံမှန်ဖတ်တဲ့ ဘလော့တွေ ရှိလာတယ်။

ကိုယ်စိတ်ဝင်စားပြီဆို ဘယ်နှစ်နှစ်စာ ရေးထားထား အကုန် ကုန်အောင်ဖတ်ခဲ့ပါတယ်။
ဥပမာ ... ကိုပေါမမ KOMမမချို
တချို့ post တွေ run thro' လိုက်တာတော့ ရှိတာပေါ့။

***
မနေ့ကပဲ zizawa မှာ Wisdom of Life ဆိုတဲ့ post ဖတ်ခဲ့ရတော့ အဲဒီထဲက Identity အကြောင်း ကိုယ့်စိတ်ထဲရောက်လာတယ်။

ဥပမာပေးရရင် - ဗမာပြည်က စာတော်တဲ့ ကလေး၂ ယောက်ရှိတယ် ဆိုပါစို့။ ဝင်ခွင့်စာမေးပွဲ အမှတ်ကလဲ သိပ်မကွာဘူး။ အင်္ဂလိပ်လိုကလဲ ကောင်းကောင်း ပြောနိုင်တယ်။ ဒါပေမဲ့ တယောက်က ဇော်ဂျီရဲ့ ကဗျာတွေ စာတွေ ကောင်းကောင်းသိတယ်။ နတ်တွေအကြောင်း တီးမိခေါက်မိတယ်။ တယောက်က အဆိုတော် Rianna တို့ Black Eyed Peas တို့အကြောင်း နောကျေတယ်။ အမေရိကန်သမ္မတ အစဉ်အဆက်ကိုလဲ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်ထဲက တယောက်ကိုပဲရွေးရမယ်ဆိုရင် ပထမတယောက်ကို ကျောင်းက ရွေးဖို့များတယ်။ သူ့မှာ ကိုယ်ပိုင်ဟန် ရှိတယ်လေ။

(Zizawa Post မှ။ အဲဒီ post လေး မဖတ်ရသေးရင် သွားဖတ်စေချင်ပါတယ်။)


***
ကိုယ်ရေးတဲ့ post တွေကို မြန်မာပြည်မှာ နောက်ဆုံးလုပ်လာတဲ့ ရုံးက senior အစ်မတွေကို ပို့ပေးနေတော့ တနေ့ ကိုယ့် director က လှမ်းပြောတယ်။ ဘလော့မှာ မြန်မာပြည်အကြောင်း အထူးသဖြင့် မင်းရဲ့ အညာအကြောင်း ရေးစမ်းပါတဲ့။

zizawa ရဲ့ အထက်က
စာပိုဒ်ကို ဖတ်မိတော့ ကိုယ့် director ပြောတာ သတိရမိတယ်။
အမှန်တိုင်းပြောရရင် ကိုယ့်မှာ အဲဒီလို အရည်အချင်းမျိုး အတော်နည်းပါးတယ် ဆိုရမယ်။

ရောက်လေရာ နေရာမှာပဲ adapt လုပ်နိုင်တာလိုလို၊ ဘာမှ အစွဲအလမ်း မရှိတာလိုလိုနဲ့ အညာသူ ဆိုတဲ့ identity လဲ မရှိ၊ အညာနဲ့ ပတ်သတ်တဲ့ မှတ်မှတ်သားသား ဆိုလို့ ကြိုက်တဲ့ အစားအစာတွေပဲ ရှိတယ်။ ဒါတောင် recipe တွေ မသိဘူး။

ဒါကလဲ ကိုယ့်မှာ အသက် ၁၀ နှစ်လောက်ထိပဲ အဲဒီမှာ ကြီးခဲ့ရတာကိုး။
နောက်ပိုင်း တောက်လျှောက်က ဖေဖေပြောင်းရတဲ့ အောက်အရပ်မှာပဲ နေခဲ့ရတယ်။
အသက် ၁၅/ ၁၆ လောက်မှာ ရန်ကုန် စရောက်တယ်။ ရန်ကုန်ကပဲ နိုင်ငံခြားထွက်တယ်။

အညာကို ပြန်ခဲ့ရချိန်တွေကလည်း နွေရာသီ ဆိုတော့ ပူလွန်းလို့ အိမ်ထဲပဲ နေမိတာ များပါတယ်။ ပြီးတော့ အလွန်ဆုံး ၃ ပတ်ပဲ။ ဘုန်းကြီးကျောင်းတွေ နာမည်တောင် စဉ်းစားလို့ မရတော့ဘူး။ အလွယ်ခေါ်တဲ့ နာမည်တွေတော့ သိတာပေါ့လေ။ အညာမှာလဲ ခက်တာ တစ်ခုက အဲဒါ။ ဘယ်သူမှ ပါဠိနာမည် ရှည်ရှည်ဝေးဝေး မခေါ်ဘဲ တောင်ကျောင်း မြောက်ကျောင်း ဆိုတာနဲ့ ပြီးတာပဲ။

ထန်းသီးမုန့်အကြောင်း ပြောမယ်ဆိုရင်တောင် ထန်းသီးမုန့်ဆိုတာ ထန်းပင်က ထန်းသီးနဲ့ လုပ်တဲ့ မုန့်ပေါ့ လို့ ပြောရုံကလွဲပြီး...
(ကျွတ်စ် ... ဒီတခါပြန်ရင်တော့ ထန်းသီးမုန့် recipe လေးတော့ မေးဖြစ်အောင် မေးလာဦးမယ်။
စိတ်ချ လုပ်မစားပါဘူး။ Identity လေး ပြဖို့ လိုလာရင် ထည့်ပြောဖို့ပါ။)


ဘုန်းကြီးကျောင်းတွေ မုန့်တွေ မပြောပါနဲ့။ မတွေ့တာကြာတဲ့ အမျိုး ဆိုရင်တောင် ကိုယ်တော့ မမှတ်မိတော့ပါဘူး။ အမျိုးစပ်ပြမှပဲ သိတော့တယ်။
(အမ် .. ဟိုတခါ "စိုသောလက်..." ကို ရေးတာ ကိုယ် မဟုတ်သလိုပဲ။)

နန်းညီရဲ့ ဘလော့ တစ်နှစ်ပြည့် post ဖတ်ပြီး၊ အဲဒီနေ့မှာပဲ Identity အကြောင်း စဉ်းစားမိစေတဲ့ zizawa post ကို ဖတ်မိပါတယ်။ နောက်တော့ ကိုယ့် ဘလော့မှာရော identity ရှိပါရဲ့လား စဉ်းစားမိပါတယ်။

အညာသူ ဆိုတာ
မြန်မာပြည်က မိန်းကလေး ဆိုတာ
အင်ဂျင်နီယာ ဆိုတာ

ဘာမှလဲ မတွေ့ရပါလား။

ဇော်ဂျီလည်း သိပါတယ်။
မင်းသုဝဏ်လည်း သိပါတယ်။
ဦးဖေမောင်တင်လည်း သိပါတယ်။
ဒေါက်တာ သန်းထွန်းလည်း သိပါတယ်။
ရွှေတိုင်ညွန့်လဲ သိပါတယ်။
မြို့မငြိမ်းလည်း သိပါတယ်။
နန်းတော်ရှေ့လည်း သိတာပါပဲ။

စိန်ခြူးကြာညောင် နဲ့ လှိုင်ထိပ်ခေါင်တင်၊ မိုးဒေ၀ါ နဲ့ ဒေါ်စောမြအေးကြည်၊ မလှရွှေတို့ကိုလည်း သိပါတယ်။

ပေါ်ဦးသက်၊ ခင်မောင်ရင်၊ ဦးလွန်းကြွယ်၊ နေမျိုးဆေးနဲ့ ကိုထိန်လင်းကိုလည်း သိပါတယ်။

အော် ကိုကြီးကျော် @ ဦးမင်းကျော် ဆိုတာလည်း ကိုယ်တို့ နယ်ကပဲလေ။
ကိုယ်တို့မြို့ရဲ့ နာမည်တောင် သူပေးခဲ့တာ ဆိုလား။

ဒါဖြင့် ပြောပြစမ်းပါဆိုရင်တော့ အကုန် ၀ါးတားတားချည်းပဲ။
ဘယ်မလဲ ကိုယ့်ရဲ့ Identity ???

လောဘ၊ ဒေါသ၊ မောဟ တွေတော့ အတော်တွေ့ရသားပဲ။
အဲဒါ ကိုယ့် identity လား။

***
မြန်မာပြည်ဆိုလို့... ဖျတ်ခနဲ အာရုံထဲ ရောက်လာတာလေး တစ်ခု...
ဒီကိုလာခါနီး EC လုပ်တော့ သူများတွေ ၉ တန်းအောင်နဲ့ ထွက်မယ် ဘာညာ လုပ်ကြပါတယ်။
ကိုယ်ကတော့ စိတ်ပါလက်ပါကို လျော်ပါတယ်။ အင်မတန်မှ စိတ်ပါလက်ပါ...

မလျော်တဲ့ သူတွေကလည်း ငွေရေးကြေးရေးကြောင့် မဟုတ်ပါဘူး။
EC လုပ်တာ နိုင်ငံခြားထွက်ရတဲ့ ကုန်ကျစရိတ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းမှ မှ မရှိတာကို။
ကရိကထများလို့ ဖြစ်ပါလိမ့်မယ်။

ကိုယ်လဲ မြန်မာပြည်က ဌာနဆိုင်ရာတွေ သွားလာပတ်သတ်ရမှာ အတော် စိတ်ကုန်တာပါပဲ။
ဒါပေမဲ့ ဘာလို့ စိတ်ပါလက်ပါကို လျော်ခဲ့တာလဲ ဆိုတော့
"အဲဒီ အကြွေးနဲ့ နောင်ဘ၀ မြန်မာပြည်မှာပဲ ပြန်ပြီး အင်ဂျင်နီယာ ဖြစ်နေမှာ စိုးလို့"

ခုဒီမှာလဲ သူငယ်ချင်းကပြောတယ်။ သူ လမ်းကြောင်းတစ်ခု တွေ့ထားတယ်တဲ့။ သံရုံးမှာ အခွန်ဆောင်ရင်... "&*@*^%^$$# ဆိုရင် *#@ % လောက်နဲ့ ရမယ်" တဲ့။ ပထမတော့ စိတ်ဝင်စားမိပါတယ်။ နောက်တော့ နေပါစေတော့လို့။ အထက်ပါစကားကိုပဲ သူ့ကို ပြန်ပြောမိတယ်။
သူတောင် သဘောကျသွားတယ်။ :)

***
ဒါနဲ့ ကိုယ့် Identity က ဘာပါလိမ့် ???

***
ဒီ post ကို ရေးဖြစ်စေတဲ့ နန်းညီ နဲ့ Zizawa ကို ကျေးဇူးတင်ပါတယ်။

***
(စာကြွင်း။ ။ နောင်ဘ၀ မြန်မာပြည်မှာ လူပြန်မဖြစ်ချင်ဘူး ပြောတာ မဟုတ်ပါဘူး။ ဖြစ်ချင်တယ်လို့ ပြောတာလည်း မဟုတ်ပါဘူး။ အကြွေးရှိလို့ ဆပ်ရတာမျိုး မဖြစ်ချင်တာပါ။)

***
ဒီမှာ ကိုယ် ပထမဆုံး တင်ခဲ့တဲ့ post ကလေးပေါ့။
Title က It's Me!
အစကတော့ နာမည်ရင်းနဲ့ ရေးတာဆိုတော့ ဒီ post ရဲ့ Title က နာမည်ရင်းပေါ့။
It's Me က နောက်မှ ပြန်ပြောင်းလိုက်တာ။




DoB:
6th April 1980

Zodiac:
Aries

Occupation:
Project Engineer

Location: Singapore











Information ပေးထားတာကိုက ၀ါးတားတားနဲ့ ဘာမှန်းမသိဘူး။
အမှန်က ဆရာလုပ်သလို လိုက်လုပ်ထားတာပါ။ ဆရာလဲ အစမှာ အဲလိုပဲ လုပ်တယ်။

အလုပ်မရခင် AMK မှာနေတုန်းက ရိုက်ထားတဲ့ပုံ။
အဲလို ဘာဖြစ်လို့ ပြုံးနိုင်ခဲ့တာလဲ စဉ်းစားလို့ မရဘူး။
တကယ်တော့ အဲဒါ ဘ၀မှာ စိတ်အဆင်းရဲခဲ့ရဆုံး အချိန်တွေ။
ကိုယ် တော်တော် ဟန်ဆောင်ကောင်းပါလား ထင်မိတယ်။

***
ဘယ်မှာလဲ Identity ???
:)

***

Monday, September 14, 2009

မောင်သစ်ဆင်း ရဲ့ ကျိန်စာ

comment တစ်ခု ရေးမိရာက ပို့စ် ဖြစ်အောင် ရေးဦးမှပဲလို့ စိတ်ကူးရခဲ့ပါတယ်။

***

မောင်သစ်ဆင်း ၀တ္ထုတိုတွေ ဖတ်ဖြစ်တာ အလယ်တန်းလောက်ကပါ။

ဟန်သစ်မဂ္ဂဇင်းမှာ ဆရာ့ ၀တ္ထုတိုတွေ တော်တော်များများ ပါခဲ့ပါတယ်။

နောက် မဟေသီ...


ဆရာ့ဝတ္ထုတွေက တင်ပြပုံ၊ အကြောင်းအရာ၊ စကားလုံး အားလုံး ညီညွတ်ကောင်းမွန်တဲ့ ၀တ္ထုတွေပါ။
ဝတ္ထုတို လို့ စဉ်းစားမိရင် (အမျိုးသား စာရေးဆရာတွေထဲက) ကိုယ့်ခေါင်းထဲ ဦးဆုံး ပေါ်လာတဲ့ စာရေးဆရာ ၃ ယောက်ရှိပါတယ်။ အဲဒါ...

ရင်မောင် (ဦးတိုင်းအုပ်)

ဖေမြင့် နဲ့

မောင်သစ်ဆင်း
တို့ပါပဲ။


သူတို့ရေးတဲ့ ၀တ္ထုတိုတွေ ဖတ်ရတဲ့အခါ ထိစေချင်တဲ့ ပစ်မှတ်ကို ထိအောင်ပစ်နိုင်တဲ့ အခင်းအကျင်းနဲ့ အရေးအဖွဲ့မျိုး ဖန်တီးနိုင်တာကို မှတ်မှတ်ထင်ထင်ကို သတိပြုမိစေပါတယ်။
(သူများတွေတော့ မသိဘူး။ ကိုယ်စာဖတ်တဲ့အခါ အမျိုးသမီး စာရေးသူတွေနဲ့ အမျိုးသား စာရေးသူတွေဆီက လိုချင်မျှော်လင့်တဲ့ ပုံစံက မတူပါဘူး။

အမျိုးသားစာရေးဆရာတွေရဲ့စာကို ဖတ်ဖြစ်တဲ့အခါ သူတို့ဆီက ဖွဲ့နွဲ့လွန်းပြီး ရေးထားတာမျိုးကို မလိုချင်မိ မမျှော်လင့်မိဘူး။ အဲဒါကြောင့် ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့စာတွေကို မစွဲလမ်းခဲ့တာ ဖြစ်မယ်။ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာတွေ စွဲလမ်းခဲ့ပေမယ့် သူ့ လုံးချင်းဝတ္ထုတွေကို မစွဲလမ်းခဲ့တာ ဖြစ်မယ် ထင်ပါတယ်။)


***
ဆရာမောင်သစ်ဆင်းရဲ့ ၀တ္ထုတိုတွေထဲမှာ ပထမဆုံး ဖတ်ဖူးခဲ့တာ "ကျိန်စာ" ဆိုတဲ့ ၀တ္ထုပါ။
ငှက်ဖျားရောဂါ သုတေသန ဆရာဝန် တစ်ယောက်ရဲ့ ဘ၀ကို သူ့ လူမှုဘ၀၊ မိသားစု ဘ၀နဲ့ ရောယှက်ပြီး တင်ပြထားပါတယ်။

ဆေးမကုဘဲ သုတေသနကို ဇောက်ချ လုပ်နေတဲ့ ဆရာဝန် ...
ငှားနေတဲ့အိမ်က ကန်ထရိုက်တိုက် ပြင်ဆောက်တော့မှာမို့ အိမ်ရှင်က ဖယ်ခိုင်းထားတဲ့ အကြောင်းကို ပြောပြဖို့ ဆရာဝန် အိမ်အပြန်ကို စောင့်နေတဲ့ ဇနီးသည်...
သုတေသနမှာ အဆင့်တခု အောင်မြင်ခဲ့လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောင်ပွဲခံပြီး ရီဝေေ၀ ပြန်လာတဲ့ ဆရာဝန်...

အဲဒီ အခင်းအကျင်းနဲ့ ၀တ္ထုကို စဖွင့်ထားပါတယ်။
ကိုယ်ငယ်ငယ်က ၀တ္ထုဖတ်ရင်း ရုပ်ရှင်ရိုက်ပြီး ကြည့်ချင်စိတ် ပေါက်လာစေတဲ့ ဒိုင်ယာလော့ဂ်တွေ...

"ဘယ်လိုလဲ ဒေါက်တာ.. ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့မရဘူးလား"


"မုံရွာပြန်ကြမယ်။ မေမေတို့နဲ့တွဲပြီး ပွဲရုံဖွင့်မယ်"

"ဟေ့ ငါ ဆရာဝန်ကွ"

"ဆရာဝန် ဘာဖြစ်သလဲ။ ရှင် ဆရာဝန်ဆိုရင် တဖက်က ဆေးခန်း ဟန်မပျက်ဖွင့်ပေါ့" လို့ ဇနီးသည်က ပြောတော့...


"ငါ ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူးကွ။ သုတေသန လုပ်တဲ့ ဆရာဝန်။

ဒီမှာ ငါတို့ ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။


ဆေးကုသော ဆရာဝန်သည် ကောင်း၏
ပညာပေးသော ဆရာဝန်က ပို၍ ကောင်း၏
သုတေသနလုပ်သော ဆရာဝန်က အကောင်းဆုံး ဖြစ်၏
တဲ့"

"အော် ဟုတ်လား.. အဲဒီလို ဆရာဝန် အမျိုးမျိုး ရှိမှန်း ကျွန်မ မသိခဲ့လို့ပါရှင်။ အစကသာ သိခဲ့ရင် ကျွန်မဘ၀ ခုလို..."


ထိတဲ့စာသားတွေ။
ပြန်ရေးပြရတာတောင် ဖျက်လို ဖျက်ဆီး လုပ်မိရာ ကျမှာ တကယ်ပဲ စိုးရိမ်မိပါတယ်။
တစ်ခုကျန်သွားသေးတယ်။
ဆရာဝန် အိမ်ပြန်ရောက်ရောက်ချင်း သမီးငယ် ဖျားနေတယ်လို့ ဇနီးက ပြောတော့ နားကြပ်လိုက်ရှာတဲ့ အခန်း။
"ဟိုတလောကတော့ အောက်ဆုံး အံဆွဲထဲမှာ တွေ့မိတယ် ထင်တာပဲ"

ချက်ကော့ဗ်ပြောတာတောင် သတိရမိသေးတယ်။
သူသာ ဒီဝတ္ထုကို ဖတ်မိရင် ဆေးမကုတဲ့ ဆရာဝန်အကြောင်းရေးရင် နားကြပ်လိုက်ရှာတဲ့ အခန်းမျိုး ပါရမယ် လို့ ပြောချင်စိတ် ပေါက်သွားမှာပဲ။

"ဒီမှာမောင် ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်မ ပါရမီဖြည့်နိုင်ပါတယ်။ ခုဟာက သားသမီးတွေ ရှိနေသေးတယ်။ ကျွန်မတို့ ဘာကိုပဲ လုပ်လုပ် သူတို့အတွက် ဦးစားပေး စဉ်းစားရလိမ့်မယ်။ ခု မောင် လူသားကောင်းကျိုး ဆိုတာကို ပစ်ပြီး မိသားစု ကောင်းကျိုးအတွက်ပဲ ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်။


ဘာဖြစ်လို့ ငရဲကြီးခံချင်ရသလဲ သိလား မောင်

ကျွန်မက မိခင်တယောက် ဖြစ်နေလို့ပေါ့"

***
နောက်တော့ သူတို့ သုတေသန အောင်မြင်မှု တစ်ခုအတွက်
WHO က ပို့လိုက်တဲ့ ဂုဏ်ပြုလက်မှတ်ရှေ့မှာ သူတီးတိုး ရေရွတ်တဲ့ စကား...

"တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့"


နောက်တခန်းက ဗွီဒီယိုကြည့်ပြီး ပြန်လာတဲ့ သားငယ်နဲ့ စကားပြောခန်း...

"ကောင်လေး ၃ ယောက်နဲ့ နာဇီတွေ ချတဲ့ကား ဖေဖေရ"


"နာဇီတွေ သေသွားရောလား"

"ဟင့်အင်း ကောင်လေး ၂ ယောက် သေသွားတယ်။ သူတို့ထဲ တစ်ယောက်က သစ္စာဖောက်လိုက်လို့လေ။ သူက သစ္စာဖောက်တာပေါ့။ သူ့မှာ မိန်းမနဲ့ ကလေးရသွားတာကိုး။ နောက်ဆုံးခန်းမှာ ကောင်လေး ၂ ယောက် ပိတ်မိနေတဲ့ အခန်းထဲကို လည်ပင်းထိအောင် ရေဖြည့်ပြီး အပြင်က သစ္စာဖောက်က လက်နက်ချဖို့ အော်ပြောတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်း နှစ်ယောက်က တစ်ယောက် နားထင်ကို တစ်ယောက် သေနတ်နဲ့ တေ့ပြီး တစ် နှစ် သုံး ဆို... အဲဒီ သေနတ်သံကို ကြားတဲ့ အချိန် သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ..."

နောက်တခန်းက ကဗျာစာမူခထုတ်ပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့ သားကြီးနဲ့ စကားပြောတွေ...

"ဖေဖေက သားကို ကဗျာဆရာကို မဖြစ်စေချင်တာ"

"ဒါဖြင့် ဖေဖေက သားကို ဘာဖြစ်စေချင်တာလဲ"

"ဖေဖေက သားကို သာမန်လူပဲ ဖြစ်စေချင်တယ်။ စီးပွားရှာ.. အိမ်ထောင်ပြု.. စီးပွားပိုပိုရှာ.. အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘ၀မျိုးက side effect နည်းတယ်။"

"မစိမ်းပင်ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေရဲ့

အတ္တမဲ့ မာနဖြင့်
ဘ၀ကို ထုဆစ်
ခေတ်ကို ထမ်းပိုး
ရိုးသား၏ ရဲရင့်စွာ

တဲ့။ သားက အတ္တကို အနာဂတ် ပို့ထားချင်တာ။"

"သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ"

"သားထင်လို့ပါ။ ဖေဖေလဲ ဒီလို ထင်ခဲ့တာပဲ"
"ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"
"ဘာပြောတယ်။ ပြန်ပြောလိုက်စမ်း။"
"ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

နောက်ဆုံးတော့ အဲဒီ ဆရာဝန် WHO က ပို့ထားတဲ့ မှန်ဘောင်သွင်း စာရွက်ကို လက်သီးနဲ့ ထိုးခွဲပစ်လိုက်တယ်။

ဘာမှတော့ မဆိုင်ဘူးထင်ပါတယ်။

ကြည်အေး နောက်ဆုံးရေးတဲ့ "အိမ်ဖြူလင်းသစ်" ထဲမှာ ကိုညိုထွန်းပြောတဲ့ "အိမ်ထောင်ပြု သားသမီးတွေ ပွားစီးပြီးမှတော့ Gauguin လို တဟီတီ သွားပြီး ပန်းချီဆွဲချင်လို့ မရဘူး" ဆိုတာ ဖတ်ရတော့လည်း ခုပြောတဲ့ "ကျိန်စာ" ၀တ္ထုကို သတိရနေမိသေးတယ်။

***
ဖြစ်နိုင်ရင် အရင်းအတိုင်း ရိုက်တင်ပေးပြီး မဖတ်ရသေးတဲ့ သူတွေ ဖတ်စေချင်ပါတယ်။
အိမ်မှာတော့ မောင်သစ်ဆင်းရဲ့ ၀တ္ထုတို စာအုပ်ရှိပါတယ်။ ဒါပေမဲ့ မယူလာမိဘူး။
မှတ်မိသမျှ တင်ပေးတော့ မူရင်းလို အရသာ ရှိမယ် မထင်ဘူး။

ဒီဝတ္ထုကို ဖတ်မိရင် စာရေးဆရာကို ဆရာဝန် လို့ ထင်သွားနိုင်လောက်ပေမယ့် ဆရာ မောင်သစ်ဆင်း က ဆရာဝန်တော့ မဟုတ်ပါဘူး။ မန္တလေး တိုင်းရင်းဆေး သင်တန်းဆင်း တစ်ယောက်လို့ ထင်မိပါတယ်။
၁၀ တန်းအောင်ပြီး နောက်တော့ ကိုယ်က
မဂ္ဂဇင်းတွေလဲ သိပ်မဖတ်ဖြစ်တော့ဘူး။ ဆရာလဲ စာသိပ်မရေးတော့ဘူး ထင်တာပါပဲ။ သင့်ဘ၀မှာ အယ်ဒီတာ လုပ်ပြီး ဆောင်းပါးတွေတော့ ရေးနေခဲ့တယ်။ "ထူးဖေသစ်" ဆိုတာ ဆရာ့ ကလောင်ခွဲလို့ မှတ်ထားမိသလိုလို.. သိပ်တော့ မသေချာပါ။
(မမချို သိရင် ပြင်ပေးပါ။)

ကိုယ် ဘလော့တွေ လိုက်ဖတ်ကာစ 2009 အစလောက်က မောင်သစ်ဆင်း နာမည်နဲ့ ဘလော့တစ်ခုတွေ့တော့ ဘာမှ မကြည့်ဘဲ ၀မ်းသာအားရ cbox မှာ သွားမေးမိတယ်။ ပြီးတော့ မဟုတ်ဘူး။ ဆရာ မြန်မာပြည်ထဲမှာပဲလား။ အပြင်မှာလားတောင် မသိပါဘူး။ ဘလော့တစ်ခုလုပ်ပြီး စာတွေရေးရင် ကောင်းမှာလို့ တွေးမိတယ်။

ဆရာ့ရဲ့ "တရား"၊ "လေးသည်တော်"၊"လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ" တို့လည်း ကိုယ် မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ စာတွေပါပဲ။
အဲဒီ သုံးပုဒ်လဲ ဟန်သစ်မှာပဲ။

မဟေသီမှာ ဟိန်းလတ်က အင်တာဗျူးတော့.. "ကိုယ်ဖတ်ချင်တဲ့ ပုံစံမျိုး ရေးကြည့်မိတာပါပဲ။ ရေးပြီးတော့ ကိုယ်လို ဖတ်ချင်တဲ့သူ ရှိရင် ဖတ်ရအောင် မဂ္ဂဇင်းကို ပို့တာပါ။ အဲ.. အယ်ဒီတာက ရွေးခဲ့ရင်ပေါ့လေ။" လို့ ဖြေခဲ့တာတောင် သတိရနေမိသေးတယ်။

ဝတ္ထုတိုတွေ ဘယ်လောက်ကြိုက်လဲ ကိုယ်ကတော့ ဘယ်တော့မှ ၀တ္ထုတို ရေးလို့ရမယ့် လက် ဖြစ်မယ် မဟုတ်ဘူး။

လွမ်းလိုက်တာ အဲဒီလို ၀တ္ထုတိုတွေ။

***

Tuesday, September 8, 2009

Words, can make me smile big !


ခဏလေး စောင့်ဦး
တစ်ရက်နှစ်ရက်ပဲ

ဒီအတိုင်း ပြောင်းလို့ မရပါဘူးလို့ ငါရေးထားတဲ့ဟာကို လုပ်ချင်တာကိုး
လာငိုမပြနဲ့

မိန်းမဆို မသနားတတ်ဘူး။ တူနဲ့ နှစ်ချက်လောက်သာ ထုချင်တော့တယ်။ ဒါပဲ။

***

Nyan
: ha ha
angry?
me: မ ဂဒီးပါဘူး
Nyan: relax, if you angry, your life will be shortened
and your face will be uglier
11:14 PM me: ယောက်ျားတွေဟာ အဲလို စကားကြီး စကားကျယ်တွေ ပြောရင်ပြော ဒါမှမဟုတ် လိုက်ကြောင်နေကြတော့တာပဲ
Nyan: correct
girl always think like that
because they are girls
11:15 PM they don't understand the uncertainty of life and want to be granted
but in real life, nothing is granted
11:16 PM me: တော်ပြီ ငါအိပ်တော့မယ်
Nyan: sweet dream

me: ဒီနေ့ philips headset ၀ယ်လာတယ်

Nyan: oh
really

me: $56.90

Nyan: how is it?

me: philips ဆိုတော့ ကောင်းတာပဲ

Nyan: clear sound?

me: အင်း

Nyan: yeah

me: great

Nyan: i want this

me: ပထမတော့ ဈေးနဲတာ ရှာနေတာ

11:17 PM Nyan: where did you buy?

me: ၃၀ လောက်တွေ

Nyan: yes, your decision is correct
...
....
....
girls like to hear that
hee hee
but it's nonsense

me: နောက် philips တွေ့တော့

Nyan: :D

me: lada

Nyan
: ok ok
11:18 PM i really appreciate what you decide
quality can't buy
cheap thing is cheap quality
me: နင့်ကို ငါက appreciate လုပ်စေချင်လို့ ပြောနေတာ မဟုတ်ဘူး
Nyan: yes
just kidding
don't angry
me: ဈေးများလို့ ပြေရာပြေကြောင်းပြောနေတာ
Nyan: nope
me: နှမျောလို့
Nyan: it's ok to buy quality item
11:19 PM i won't choose cheaper with lower quality
me: ၅ သောင်းလောက်လို့ စဉ်းစားမိရင် ဒီည အိပ်ပျော်ပါ့မလား မသိဘူး
ကဲကဲ ဒါပဲ အိပ်တော့မယ်
နောက်မှ
11:20 PM Nyan: have a sweet dream!
me: ယောက်ျားတွေ ဘယ်လိုကြောင်တတ်တယ် ဆိုတာ ငါပြောပြတော့မယ်
Nyan: take it easy
guy are guys
you won't understand them
you can understand only one guy
me: အေးပါ ဟုတ်မှာပါ
11:21 PM အမ်
ဘယ် one guy လဲ
Nyan: that will be your husband and you'll understand him when you grew old
me: ဟားဟားဟား
Nyan: That's what i seen from my parents
me: ဟားဟားဟား really?
Nyan: but until now, they can't understand each other 100%
11:22 PM just getting alone with 90% understanding
me: အကုန်နားလည်ရင် ချစ်လို့ရတော့မယ် မထင်ဘူး
Nyan: nope
me: နားမလည်တာလေး ကျန်နေတာ ကောင်းတာပေါ့
Nyan: they'll be really one from two
11:23 PM no excitement
love need some excitement
me: good words
***
ဆားချက်တယ် လို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။
ဒါပေမဲ့ ဒီတိုင်းထားလိုက်ရင် မေ့မေ့ပျောက်ပျောက်နဲ့မို့ ဘလော့ပေါ်ကို အမှတ်တရ တင်မိတာ။
cbox က chatting တွေ တင်တာလဲ အဲဒါကြောင့်ပါပဲ။

***
ပထမ တစ်ခုက email ပါ။
သူ့နာမည်တော့ မထည့်တော့ပါဘူး။
သူ့ကိုဆို ချစ်တဲ့လူတွေက တော်တော်ချစ်ကြခင်ကြပြီး၊
မုန်းတဲ့လူတွေကလည်း တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း ဆိုလောက်အောင်ပဲ။
ဘယ်သူတွေ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ဘ၀ရဲ့
နည်းနည်းကလေးသာ ရှိတဲ့ ချစ်ခင်ရတဲ့ သူတွေထဲမှာ သူကတော့ တစ်ယောက်အပါအ၀င်ပါပဲ။

ဟိုတနေ့က အွန်လိုင်းမှာ ဟိုဟာလျှောက်လုပ်၊ ဒီဟာလျှောက်လုပ် လုပ်ရင်း err တွေ ဖြစ်လာတော့ သူ့ကိုလည်း အွန်လိုင်းမှာ မတွေ့တာနဲ့ (အိပ်ခါလဲ နီးပြီဆိုတော့) email ပို့ထားလိုက်တာ။

(ကိုယ့် အကျင့်တစ်ခုက အွန်လိုင်းမှာ err တစ်ခု ဖြစ်ပြီတဲ့ ဆိုရင် အကူအညီတောင်းရမယ့် သူတွေဆီကို ဘ၀ပျက်မလို စာရေးပြီး ပို့တတ်တယ်)

မနက်ကျတော့ အဲဒီစာ ရောက်နေတယ်...။

***
နောက်တစ်ခုက.. တမေဂျာတည်း၊ တတန်းတည်း၊ တကျောင်းတည်း သူငယ်ချင်း ဉာဏ်ထွန်းနဲ့ chatting လုပ်ထားတာ။

Philips Headset ၀ယ်တဲ့နေ့ကပေါ့။
သူနဲ့က မတည့်အတူနေလိုပဲ။
တခုခုဆို သူမပါရင် မပြီးဘူး။
(ရုံးမှာ လစာတိုးတာကစ၊ ဖုန်းနံပါတ်ပြောင်းလို့
ATM မှာ register လုပ်တာ အလယ်၊ ရီးစားနဲ့ စိတ်ကောက်ကြတာ အဆုံး) လှမ်း ပြောလိုက်ရမှ စိတ်ထဲ နေလို့ ရတယ်။
အဲဒီနေ့က Funan မှာ Philips ကိုပဲ
ဘာမှ သိပ်စဉ်းစား မနေဘဲ ၀ယ်လာတာ။
ဒါပေမဲ့ သူနဲ့ online မှာ တွေ့တော့ ဈေးကြီးတဲ့ အကြောင်းလေးကိုတော့ ပြောလိုက်ချင်သေးတာနဲ့။

လာမယ့် အပတ် IT Show ကိုလည်း အတူ သွားဖို့ date ထားကြသေးတယ်။
လူလယ်ကောင်မှာ ငြင်းရင်း ခုန်ရင်း ထသတ်မိကြဦးမလား မသိဘူး။

***
စစချင်းတော့ နှုတ်ခမ်းစူမိစေတဲ့ စကားလုံးတွေပေါ့လေ။
နောက်တော့ တဖြည်းဖြည်းချင်း ရယ်ချင်လာမိတယ်။
စဉ်းစားမိတိုင်း အသံထွက်ပြီးတော့တောင် ရယ်နေမိတဲ့ စကားလုံးတွေပါပဲ။

သူတို့ကို ပိုပြီးတော့လည်း ချစ်လာပါတယ်။

***

Sunday, September 6, 2009

တခါတရံမှာ



တိတ်ဆိတ်ခြောက်သွေ့

အလွမ်းငွေ့နှင့်

တမ်းတနေ့ရက်

ဆက်လျက်ဖြစ်တည်

ငြီးငွေ့သည်ရှင်။

***
(1998)

Thursday, September 3, 2009

Nice Day !


(ဒီနေ့မနက် စာတိုက်မှာ သွားရွေးလာတဲ့ "လေရူးသုန်သုန်" စာအုပ်)

ကျေးဇူး အများကြီး တင်ပါတယ်။

:)





(ဒီနေ့ညနေ Funan က အပြန်)


ဒီနေ့ ခြေတိုတဲ့နေ့။ နေကလည်း ပူလိုက်တာ ဆိုတာ။

Funan အပေါ်ဆုံးထပ်ကနေ Philips Headset ၀ယ်လာပြီး ကျန်တာတွေက အောက်ဆုံးထပ်ကနေ ၀ယ်လာတာ။


Sembawang DVD ဆိုင်ကနေ (ဘာမှ မ၀ယ်ဘဲ) အထွက် အပေါက်မှားထွက်မိလို့...

(ဟယ် ငါ ဒီလှေကားမျိုး မဆင်းဖူးပါဘူး ထင်နေတာ။ မော့ကြည့်လိုက်တော့မှ နောက်ပေါက်ဖြစ်နေတာကိုး)
အဲဒါနဲ့ အထဲပြန်ဝင်ပြီး နောက်တပတ် ပတ်လိုက်တာ ကျန်တဲ့ ၄ မျိုး ပါလာတာပဲ။

ဒါတောင် laptop တင်တဲ့ စားပွဲနဲ့ scanner မ၀ယ်ရသေးဘူး။
တစ်ယောက်ထဲ မသယ်နိုင်လို့။

ဒီ weekends တော့ ၀ယ်ဖြစ်အောင် ၀ယ်မယ် စိတ်ကူးတာပဲ။
scanner ၀ယ်ဖို့ ဆရာသမားတစ်ယောက်ကို ပင့်ရဦးမယ်။
(ငါ့နှယ်နော်.. အင်ဂျင်နီယာ မဟုတ်သလိုပဲ..

အေးလေ.. ဟုတ်မှ မဟုတ်တာ)


ရုပ်ရှင်လေး ဘာလေးတော့ ကြည့်ဦးမှလို့ စိတ်ကူးမိတာ ရွာသားတို့၊ ပုလုတို့၊ သပသ တို့ post တွေ ဖတ်မိလိုက်တိုင်းပါပဲ။ ဒါနဲ့ အခွေဆိုင် ပတ်တာ၊ သူတို့ ရေးဖူးတဲ့ ကားတွေ စဉ်းစားတော့ တစ်ခုမှ မမှတ်မိဘူး။ အိမ်ရောက်မှ ပေါ်လာတယ်။ လီဆာ ဆိုလား ဘာလား။


ဘာကားကြည့်ရမှန်းလဲ မသိဘူး။

သူတို့နဲ့ တွေ့ရင်ကောင်းမှာလို့တောင် တ မိသေးတယ် :)
ဘာကြည့်ရင် ကောင်းမလဲ မေးချင်လို့။ (တွေ့တော့ သိမှာကျနေတာပဲ)

Notting Hill
လဲ မတွေ့။ Pretty Woman လဲ မတွေ့။
Shawshank Redemption
လဲ မတွေ့။ Schindler's List လဲ မတွေ့။
The Driver
လဲ မတွေ့။ (ရှိရင်ရှိမှာပါ။ ကိုယ် မမြင်တာ ဖြစ်မယ်)

(တွေ့လို့ ၀ယ်လာပြီး ကြည့်လဲ အဲဒါတွေ နားလည်ချင်မှ နားလည်မှာပါ။
တခန်းတောင် မပြီးခင် အိပ်ငိုက်လာနိုင်တယ်။
Shawshank Redemption
ကတော့ ဂျူး ရဲ့ ရုပ်ရှင် ခံစားမှု ဆောင်းပါးကို အထပ်ထပ် ဖတ်ခဲ့ဖူးတော့ မှတ်မိနေတယ်။ Schindler's List ကတော့ လွယ်အောင် ပြန်ရေးထားတဲ့ စာအုပ် ဖတ်ဖူးတယ်။
ပါလက်စတိုင်း အကြောင်း ဖတ်ပြီးကတည်းက ဖတ်ချင် ကြည့်ချင်နေခဲ့တာ။)

နောက်တော့ Addy တခါပြောဖူးတဲ့
Note Book နဲ့ Baldwin Library ကနေ စာအုပ် ငှားဖတ်ခဲ့ ဖူးတဲ့ Jurassic Park ပဲ ၀ယ်လာပါတယ်။ တကယ်က Harry Potter တို့၊ Spider Man တို့ လောက်ပဲ ကြည့်ဖို့ စိတ်ဝင်စားတာ။ :D

Hary Potter
ကို Goblet of Fire တွေ့တယ်။ ကြည့်ပြီးသားလဲ မကြည့်ရသေးလား မသေချာတာနဲ့ မ၀ယ်ခဲ့တော့ဘူး။ ဒင်းကလည်း စာဖတ်ပြီး ကြည့်မှ နားလည်တာ။ သူ့ကိုလည်း ရှေ့သုံးအုပ်နဲ့ နောက်ဆုံး ဇာတ်သိမ်းတစ်အုပ်က လွဲလို့ မဖတ်ရသေးဘူး။


J K Rolling အကြောင်း သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးဖူးတာ အမှတ်ရမိသေးတယ်။


သူကပြောတယ်။
"ဒီမိန်းမနော်.. မိန်းမဖြစ်ပြီး တော်တော်ကို ရေးတတ်တယ်" တဲ့။

ကိုယ်ပြောလိုက်ပါတယ်။

"မိန်းမဖြစ်နေလို့ ဉာဏ်နီဉာဏ်နက်တွေ
အဲဒီလို ထုတ်ပြီး ရေးနိုင်တာပေါ့" လို့။

Jurassic Park ကတော့ ကိုယ့်အကြိုက်နဲ့ နဲနဲ ကိုက်မယ် ထင်ပါတယ်။

***
ဘလော့ဂါ ဖြစ်ရတာ ကျေနပ်မိပါတယ်။

သံရုံးမှာ မမသီတာ နဲ့ တွေ့တုန်းက တစ်ခါ၊
ဖေဖေ့ကိစ္စ ဖြစ်တုန်းက ဘလော့မှာ လာအားပေးကြတုန်းက တစ်ခါ၊
ပြီးတော့ ကိုယ်လိုချင်တဲ့ သီချင်းတွေ ရှာပို့ကြတဲ့ အကြိမ်ကြိမ်တွေမှာ၊
ခု...
ကိုယ် လိုချင်နေတဲ့ "လေရူးသုန်သုန်" စာအုပ်ရတော့ တစ်ခါ...

အဲဒီအခါတွေမှာကတော့ အထူးသဖြင့် ဂုဏ်ယူကျေနပ်မိပါတယ်။
သိပ်ကျေးဇူးတင်တာပါပဲ။

***