Monday, September 14, 2009

မောင်သစ်ဆင်း ရဲ့ ကျိန်စာ

comment တစ်ခု ရေးမိရာက ပို့စ် ဖြစ်အောင် ရေးဦးမှပဲလို့ စိတ်ကူးရခဲ့ပါတယ်။

***

မောင်သစ်ဆင်း ၀တ္ထုတိုတွေ ဖတ်ဖြစ်တာ အလယ်တန်းလောက်ကပါ။

ဟန်သစ်မဂ္ဂဇင်းမှာ ဆရာ့ ၀တ္ထုတိုတွေ တော်တော်များများ ပါခဲ့ပါတယ်။

နောက် မဟေသီ...


ဆရာ့ဝတ္ထုတွေက တင်ပြပုံ၊ အကြောင်းအရာ၊ စကားလုံး အားလုံး ညီညွတ်ကောင်းမွန်တဲ့ ၀တ္ထုတွေပါ။
ဝတ္ထုတို လို့ စဉ်းစားမိရင် (အမျိုးသား စာရေးဆရာတွေထဲက) ကိုယ့်ခေါင်းထဲ ဦးဆုံး ပေါ်လာတဲ့ စာရေးဆရာ ၃ ယောက်ရှိပါတယ်။ အဲဒါ...

ရင်မောင် (ဦးတိုင်းအုပ်)

ဖေမြင့် နဲ့

မောင်သစ်ဆင်း
တို့ပါပဲ။


သူတို့ရေးတဲ့ ၀တ္ထုတိုတွေ ဖတ်ရတဲ့အခါ ထိစေချင်တဲ့ ပစ်မှတ်ကို ထိအောင်ပစ်နိုင်တဲ့ အခင်းအကျင်းနဲ့ အရေးအဖွဲ့မျိုး ဖန်တီးနိုင်တာကို မှတ်မှတ်ထင်ထင်ကို သတိပြုမိစေပါတယ်။
(သူများတွေတော့ မသိဘူး။ ကိုယ်စာဖတ်တဲ့အခါ အမျိုးသမီး စာရေးသူတွေနဲ့ အမျိုးသား စာရေးသူတွေဆီက လိုချင်မျှော်လင့်တဲ့ ပုံစံက မတူပါဘူး။

အမျိုးသားစာရေးဆရာတွေရဲ့စာကို ဖတ်ဖြစ်တဲ့အခါ သူတို့ဆီက ဖွဲ့နွဲ့လွန်းပြီး ရေးထားတာမျိုးကို မလိုချင်မိ မမျှော်လင့်မိဘူး။ အဲဒါကြောင့် ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့စာတွေကို မစွဲလမ်းခဲ့တာ ဖြစ်မယ်။ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာတွေ စွဲလမ်းခဲ့ပေမယ့် သူ့ လုံးချင်းဝတ္ထုတွေကို မစွဲလမ်းခဲ့တာ ဖြစ်မယ် ထင်ပါတယ်။)


***
ဆရာမောင်သစ်ဆင်းရဲ့ ၀တ္ထုတိုတွေထဲမှာ ပထမဆုံး ဖတ်ဖူးခဲ့တာ "ကျိန်စာ" ဆိုတဲ့ ၀တ္ထုပါ။
ငှက်ဖျားရောဂါ သုတေသန ဆရာဝန် တစ်ယောက်ရဲ့ ဘ၀ကို သူ့ လူမှုဘ၀၊ မိသားစု ဘ၀နဲ့ ရောယှက်ပြီး တင်ပြထားပါတယ်။

ဆေးမကုဘဲ သုတေသနကို ဇောက်ချ လုပ်နေတဲ့ ဆရာဝန် ...
ငှားနေတဲ့အိမ်က ကန်ထရိုက်တိုက် ပြင်ဆောက်တော့မှာမို့ အိမ်ရှင်က ဖယ်ခိုင်းထားတဲ့ အကြောင်းကို ပြောပြဖို့ ဆရာဝန် အိမ်အပြန်ကို စောင့်နေတဲ့ ဇနီးသည်...
သုတေသနမှာ အဆင့်တခု အောင်မြင်ခဲ့လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောင်ပွဲခံပြီး ရီဝေေ၀ ပြန်လာတဲ့ ဆရာဝန်...

အဲဒီ အခင်းအကျင်းနဲ့ ၀တ္ထုကို စဖွင့်ထားပါတယ်။
ကိုယ်ငယ်ငယ်က ၀တ္ထုဖတ်ရင်း ရုပ်ရှင်ရိုက်ပြီး ကြည့်ချင်စိတ် ပေါက်လာစေတဲ့ ဒိုင်ယာလော့ဂ်တွေ...

"ဘယ်လိုလဲ ဒေါက်တာ.. ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့မရဘူးလား"


"မုံရွာပြန်ကြမယ်။ မေမေတို့နဲ့တွဲပြီး ပွဲရုံဖွင့်မယ်"

"ဟေ့ ငါ ဆရာဝန်ကွ"

"ဆရာဝန် ဘာဖြစ်သလဲ။ ရှင် ဆရာဝန်ဆိုရင် တဖက်က ဆေးခန်း ဟန်မပျက်ဖွင့်ပေါ့" လို့ ဇနီးသည်က ပြောတော့...


"ငါ ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူးကွ။ သုတေသန လုပ်တဲ့ ဆရာဝန်။

ဒီမှာ ငါတို့ ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။


ဆေးကုသော ဆရာဝန်သည် ကောင်း၏
ပညာပေးသော ဆရာဝန်က ပို၍ ကောင်း၏
သုတေသနလုပ်သော ဆရာဝန်က အကောင်းဆုံး ဖြစ်၏
တဲ့"

"အော် ဟုတ်လား.. အဲဒီလို ဆရာဝန် အမျိုးမျိုး ရှိမှန်း ကျွန်မ မသိခဲ့လို့ပါရှင်။ အစကသာ သိခဲ့ရင် ကျွန်မဘ၀ ခုလို..."


ထိတဲ့စာသားတွေ။
ပြန်ရေးပြရတာတောင် ဖျက်လို ဖျက်ဆီး လုပ်မိရာ ကျမှာ တကယ်ပဲ စိုးရိမ်မိပါတယ်။
တစ်ခုကျန်သွားသေးတယ်။
ဆရာဝန် အိမ်ပြန်ရောက်ရောက်ချင်း သမီးငယ် ဖျားနေတယ်လို့ ဇနီးက ပြောတော့ နားကြပ်လိုက်ရှာတဲ့ အခန်း။
"ဟိုတလောကတော့ အောက်ဆုံး အံဆွဲထဲမှာ တွေ့မိတယ် ထင်တာပဲ"

ချက်ကော့ဗ်ပြောတာတောင် သတိရမိသေးတယ်။
သူသာ ဒီဝတ္ထုကို ဖတ်မိရင် ဆေးမကုတဲ့ ဆရာဝန်အကြောင်းရေးရင် နားကြပ်လိုက်ရှာတဲ့ အခန်းမျိုး ပါရမယ် လို့ ပြောချင်စိတ် ပေါက်သွားမှာပဲ။

"ဒီမှာမောင် ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်မ ပါရမီဖြည့်နိုင်ပါတယ်။ ခုဟာက သားသမီးတွေ ရှိနေသေးတယ်။ ကျွန်မတို့ ဘာကိုပဲ လုပ်လုပ် သူတို့အတွက် ဦးစားပေး စဉ်းစားရလိမ့်မယ်။ ခု မောင် လူသားကောင်းကျိုး ဆိုတာကို ပစ်ပြီး မိသားစု ကောင်းကျိုးအတွက်ပဲ ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်။


ဘာဖြစ်လို့ ငရဲကြီးခံချင်ရသလဲ သိလား မောင်

ကျွန်မက မိခင်တယောက် ဖြစ်နေလို့ပေါ့"

***
နောက်တော့ သူတို့ သုတေသန အောင်မြင်မှု တစ်ခုအတွက်
WHO က ပို့လိုက်တဲ့ ဂုဏ်ပြုလက်မှတ်ရှေ့မှာ သူတီးတိုး ရေရွတ်တဲ့ စကား...

"တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့"


နောက်တခန်းက ဗွီဒီယိုကြည့်ပြီး ပြန်လာတဲ့ သားငယ်နဲ့ စကားပြောခန်း...

"ကောင်လေး ၃ ယောက်နဲ့ နာဇီတွေ ချတဲ့ကား ဖေဖေရ"


"နာဇီတွေ သေသွားရောလား"

"ဟင့်အင်း ကောင်လေး ၂ ယောက် သေသွားတယ်။ သူတို့ထဲ တစ်ယောက်က သစ္စာဖောက်လိုက်လို့လေ။ သူက သစ္စာဖောက်တာပေါ့။ သူ့မှာ မိန်းမနဲ့ ကလေးရသွားတာကိုး။ နောက်ဆုံးခန်းမှာ ကောင်လေး ၂ ယောက် ပိတ်မိနေတဲ့ အခန်းထဲကို လည်ပင်းထိအောင် ရေဖြည့်ပြီး အပြင်က သစ္စာဖောက်က လက်နက်ချဖို့ အော်ပြောတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်း နှစ်ယောက်က တစ်ယောက် နားထင်ကို တစ်ယောက် သေနတ်နဲ့ တေ့ပြီး တစ် နှစ် သုံး ဆို... အဲဒီ သေနတ်သံကို ကြားတဲ့ အချိန် သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ..."

နောက်တခန်းက ကဗျာစာမူခထုတ်ပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့ သားကြီးနဲ့ စကားပြောတွေ...

"ဖေဖေက သားကို ကဗျာဆရာကို မဖြစ်စေချင်တာ"

"ဒါဖြင့် ဖေဖေက သားကို ဘာဖြစ်စေချင်တာလဲ"

"ဖေဖေက သားကို သာမန်လူပဲ ဖြစ်စေချင်တယ်။ စီးပွားရှာ.. အိမ်ထောင်ပြု.. စီးပွားပိုပိုရှာ.. အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘ၀မျိုးက side effect နည်းတယ်။"

"မစိမ်းပင်ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေရဲ့

အတ္တမဲ့ မာနဖြင့်
ဘ၀ကို ထုဆစ်
ခေတ်ကို ထမ်းပိုး
ရိုးသား၏ ရဲရင့်စွာ

တဲ့။ သားက အတ္တကို အနာဂတ် ပို့ထားချင်တာ။"

"သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ"

"သားထင်လို့ပါ။ ဖေဖေလဲ ဒီလို ထင်ခဲ့တာပဲ"
"ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"
"ဘာပြောတယ်။ ပြန်ပြောလိုက်စမ်း။"
"ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

နောက်ဆုံးတော့ အဲဒီ ဆရာဝန် WHO က ပို့ထားတဲ့ မှန်ဘောင်သွင်း စာရွက်ကို လက်သီးနဲ့ ထိုးခွဲပစ်လိုက်တယ်။

ဘာမှတော့ မဆိုင်ဘူးထင်ပါတယ်။

ကြည်အေး နောက်ဆုံးရေးတဲ့ "အိမ်ဖြူလင်းသစ်" ထဲမှာ ကိုညိုထွန်းပြောတဲ့ "အိမ်ထောင်ပြု သားသမီးတွေ ပွားစီးပြီးမှတော့ Gauguin လို တဟီတီ သွားပြီး ပန်းချီဆွဲချင်လို့ မရဘူး" ဆိုတာ ဖတ်ရတော့လည်း ခုပြောတဲ့ "ကျိန်စာ" ၀တ္ထုကို သတိရနေမိသေးတယ်။

***
ဖြစ်နိုင်ရင် အရင်းအတိုင်း ရိုက်တင်ပေးပြီး မဖတ်ရသေးတဲ့ သူတွေ ဖတ်စေချင်ပါတယ်။
အိမ်မှာတော့ မောင်သစ်ဆင်းရဲ့ ၀တ္ထုတို စာအုပ်ရှိပါတယ်။ ဒါပေမဲ့ မယူလာမိဘူး။
မှတ်မိသမျှ တင်ပေးတော့ မူရင်းလို အရသာ ရှိမယ် မထင်ဘူး။

ဒီဝတ္ထုကို ဖတ်မိရင် စာရေးဆရာကို ဆရာဝန် လို့ ထင်သွားနိုင်လောက်ပေမယ့် ဆရာ မောင်သစ်ဆင်း က ဆရာဝန်တော့ မဟုတ်ပါဘူး။ မန္တလေး တိုင်းရင်းဆေး သင်တန်းဆင်း တစ်ယောက်လို့ ထင်မိပါတယ်။
၁၀ တန်းအောင်ပြီး နောက်တော့ ကိုယ်က
မဂ္ဂဇင်းတွေလဲ သိပ်မဖတ်ဖြစ်တော့ဘူး။ ဆရာလဲ စာသိပ်မရေးတော့ဘူး ထင်တာပါပဲ။ သင့်ဘ၀မှာ အယ်ဒီတာ လုပ်ပြီး ဆောင်းပါးတွေတော့ ရေးနေခဲ့တယ်။ "ထူးဖေသစ်" ဆိုတာ ဆရာ့ ကလောင်ခွဲလို့ မှတ်ထားမိသလိုလို.. သိပ်တော့ မသေချာပါ။
(မမချို သိရင် ပြင်ပေးပါ။)

ကိုယ် ဘလော့တွေ လိုက်ဖတ်ကာစ 2009 အစလောက်က မောင်သစ်ဆင်း နာမည်နဲ့ ဘလော့တစ်ခုတွေ့တော့ ဘာမှ မကြည့်ဘဲ ၀မ်းသာအားရ cbox မှာ သွားမေးမိတယ်။ ပြီးတော့ မဟုတ်ဘူး။ ဆရာ မြန်မာပြည်ထဲမှာပဲလား။ အပြင်မှာလားတောင် မသိပါဘူး။ ဘလော့တစ်ခုလုပ်ပြီး စာတွေရေးရင် ကောင်းမှာလို့ တွေးမိတယ်။

ဆရာ့ရဲ့ "တရား"၊ "လေးသည်တော်"၊"လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ" တို့လည်း ကိုယ် မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ စာတွေပါပဲ။
အဲဒီ သုံးပုဒ်လဲ ဟန်သစ်မှာပဲ။

မဟေသီမှာ ဟိန်းလတ်က အင်တာဗျူးတော့.. "ကိုယ်ဖတ်ချင်တဲ့ ပုံစံမျိုး ရေးကြည့်မိတာပါပဲ။ ရေးပြီးတော့ ကိုယ်လို ဖတ်ချင်တဲ့သူ ရှိရင် ဖတ်ရအောင် မဂ္ဂဇင်းကို ပို့တာပါ။ အဲ.. အယ်ဒီတာက ရွေးခဲ့ရင်ပေါ့လေ။" လို့ ဖြေခဲ့တာတောင် သတိရနေမိသေးတယ်။

ဝတ္ထုတိုတွေ ဘယ်လောက်ကြိုက်လဲ ကိုယ်ကတော့ ဘယ်တော့မှ ၀တ္ထုတို ရေးလို့ရမယ့် လက် ဖြစ်မယ် မဟုတ်ဘူး။

လွမ်းလိုက်တာ အဲဒီလို ၀တ္ထုတိုတွေ။

***

11 comments:

Anonymous said...

ဖေဖေသားတို့လို ငယ်ခဲ့ဖူးသလား ဆိုတဲ့ စာသား ကို အရမ်းကြိုက်ခဲ့တယ်။ လူကြီးမိဘတွေနဲ့ အခြေအတင် ပြောရရင် အဲလို ပြောကြည့်ချင်ခဲ့ဘူးတယ်၊ အမလဲ ၀တ္ထုတိုတွေကို ပိုကြိုက်တယ်။ ဒါပေမယ့် ငြိမ်းကျော် ရေးတဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့မျိုးကိုတော့ ငယ်တုန်းက အတုခိုးရေးဖူးတယ်။ တကယ်ကျ အဲလောက်ဖွဲ့နွဲ့ပြီး အသေးစိတ်ကိုတော့ ရေးရတာ စိတ်မရှည်ချင်ပြန်ဘူး။
နောက်တော့လဲ ဖတ်တဲ့လူတယောက်ဘ၀မှာပဲ ပျော်မွေ့နေတော့တယ်။

အမခင်မင်းဇော်

Steve Evergreen said...

ရီတာ့ကိုအထင်ကြီးမိတာ ဒီလို စာတွေဖတ်ခဲ့တာရယ် ဒီလို ပြန်ပြီးရေးနိုင်တာတွေလဲ ပါတယ်။

PhotoVigor said...

hi reading your post, love it.

Phyo Maw said...

မိန်းမ မယူဘူး။
လုပ်ချင်တာပဲ လုပ်ချင်တယ်။
ငယ်တုန်းပြောတယ် မထင်ပါနဲ့ (:

kay said...

ရီတာရေ..ဒီတခါတော့..သေချာ ဆင်းပြီး နှုတ်ဆက်သွားတယ်။ ရီတာက..စာတွေ အများကြီး ဖတ်ခဲ့တာပဲ။ အခန်းဆက်လည်း ထပ်ဆက်ပါအုံး။း)
ခင်မင်စွာဖြင့်-

puluque said...

ရီတာရေ.. မဟေသီဆိုလို ဟိုတုန်းက မဟေသီ မဂ္ဂဇင်းတွေ ပြန်ဖတ်ချင်လာ သလိုလိုပဲ ခုလို မိုးအုံအုံမှာ စာအုပ်လေးနဲ့ နှပ်နေရရင် ဘယ်လောက်ကောင်းမလဲ ခုတော့ ကျုပ်မှာ ဆိုဒ်ထဲမှာဗျ...

မောင်သစ်ဆင်းရဲ့ စာတွေ ဖတ်ခဲ့ဘူးမယ်ထင်ပါတယ် သေသေချာချာတော့ မမှတ်မိဘူးဗျ

Moe Cho Thinn said...

အမ ဖေးဖရိတ် စာရေးဆရာတွေထဲက တယောက်ပေါ့။ ထူးဖေသစ်က ဆရာရဲ့ သင့်ဘ၀ ကာဗာစတိုရီတွေကို ရေးတဲ့ ကလောင်ခွဲ နံမည် တခုပါ။ ညီမ ထင်တာ မှန်ပါတယ်။ နောက်ပြီး ဆရာ့သားလေးရဲ့ နံမည်လဲ ဖြစ်တယ်။
ဆရာဦးတင်မောင်သန်း၊ ဆရာမောင်သစ်ဆင်းတို့နဲ့ အတူတူ လုပ်ခဲ့ရတဲ့ အချိန်တွေက ဘ၀မှာ ပညာလဲ တိုး၊ ပြန်တွေးရင် ကျေလဲ ကျေနပ်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ကျိန်စာကို အမတို့အားလုံး ကြိုက်ကြတယ်။ ခုခေတ် ပညာတတ်အများစုကို ကိုယ်စားပြုနေသလို ထင်မိတယ်။

Bino said...

Thanks for information of မောင်သစ်ဆင်း ကျိန်စာ articles.
If a time permitted, I'll read it.

BINO

Doughnut IO said...

သုတေသနသမားတွေ အခု မဆင်းရဲတော့ပါဘူး။ အင်တာ ပရက်နာတွေ ဖြစ်လို့။

Thu said...

Thanks for comprehensive review, Do you have "A story of two molars" by Saya Mg Thit Sin that mentioned the interview of Myanmar primate _hunters in "Your Life" magazine.
Or, Please indicate available site on web.

Rita said...

@ Thu

ခုပြောတဲ့ article မရှိပါဘူးရှင်။