Monday, July 6, 2009

Linkage (3)

ဆွေမျိုးများ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နှင့် စိုသောလက်

ဖြစ်တတ်တဲ့ အကြောင်းအရာ တချို့ပါ။

မျက်စေ့ရှေ့မှာ မြင်တွေ့သိနေရတဲ့ အကြောင်းတွေကြောင့် ရေးမိတာ ဖြစ်ပေမယ့် တဦးတယောက်၊ တမိသားစု၊ တမျိုးတဆွေကို ရည်ညွှန်းချင်တာ မဟုတ်ပါဘူး။ ယေဘုယျ လူတွေထဲမှာ ဖြစ်တတ် တွေးတတ်တာတွေပါပဲ။ ကိုယ်သာ သူတို့နေရာမှာဆိုလည်း ဒီလိုပဲ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ အပြင်လူ အနေနဲ့ ကြည့်တော့ ပိုပြီး ကြည်ကြည်လင်လင် မြင်ရတာတွေ ရှိလာပါတယ်။

တချို့ ဆွေမျိုးစုတွေဟာ သွေးချင်းပဲ ဖြစ်ဖြစ်၊ နေရာဒေသပဲ ဖြစ်ဖြစ် သိပ်လည်း မဝေးကြပါဘဲ အပတ်အသတ် အဆက်အဆံမရှိ ဖြစ်နေတတ်ကြတယ်။ ဒီနေ့ခေတ်မှာ ဒါတွေ သိပ်တော့လည်း မဆန်းပါဘူး။ မြို့ပြကြီးလေ ပိုများလေ ဖြစ်မှာပါပဲ။ ဒါမျိုး ကိုယ်တွေထဲမှာလည်း ရှိတာပါပဲ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ကြည့်ရင် အကုန် ချစ်ကြည် စည်းလုံးလေသတည်း ဆိုတာချည်းတော့ မဖြစ်နိုင်ဘူးပေါ့လေ။ ရေစက်ရှိသရွေ့ပါပဲ။

ခုရေးမိရင်းမှာ စိတ်ထဲ ဝေဖန်ချင်တာ၊ ကဲ့ရဲ့ချင်တာ၊ ပြုပြင်ချင်တာ တစ်ခုမှ မရှိပါဘူး။
ဒါပေမဲ့ တချို့တွေမှာ ရှိတတ် ခံယူတတ်တဲ့ သဘောထားကိုတော့ ဆန်းစစ်လေ့လာကြည့်ချင်မိတယ်။

တယောက်က တယောက်ထက် ပိုပြီး မြင့်မားသွားတဲ့ အခြေအနေမျိုးမှာ ဆွေမျိုးတွေကြား ဖြစ်တတ်ကြတဲ့ ကိစ္စတွေ (၃) ပိုင်းမြင်မိတယ်။


"သစ်တပင်ထက်ကောင်းလို့ ငှက်တစ်သောင်းနားတယ်" ဆိုတာ ပထမတစ်မျိုးလို့ ထားပါတော့။
နောက်တမျိုးက မြင့်သွားတဲ့လူက မူမမှန်လို့ ကျန်တဲ့လူတွေနဲ့ ပြတ်တောက်ကုန်တာ။

အဲဒီနှစ်မျိုးလုံး ဘာမှ မထူးဆန်းပါဘူး။

တတိယတမျိုးက ကိုယ် ဆန်းစစ်ချင်တဲ့ တမျိုးပေါ့။ ဟိုဘက် ဒီဘက် ဘာမှ ပြဿနာမရှိဘဲ မမြင့်ဘဲ ကျန်ခဲ့တဲ့လူက "မာန" ကြောင့် ဆိုပြီး သက်သက်မဲ့ အဆက်အဆံ မလုပ်တော့တာမျိုး။
ဒါမျိုးကျ ဆန်းတယ် ထင်မိပါတယ်။ ပြီးတော့ ဒါမျိုးအဖြစ်တွေက ရှိလည်း ရှိတယ်၊ ရှားလည်း မရှားဘူး။ ဆွေမျိုးချင်း ပတ်သတ်ဆက်စပ်မှုမှာ မာနလို့ ပြောရင် ကိုယ့်ဘက်က သူ့ကို မမှီချင်ဘူး ဆိုတဲ့ သဘောလို့ ကိုယ်တော့ သဘောပေါက်မိတယ်။

ပြဿနာ တစုံတရာ မရှိဘဲ ဒါမျိုးတွေးပြီး ပြတ်တောက်တယ် ဆိုတာ တော်တော် နှမျောစရာ ကိစ္စလို့ပဲ ထင်မိတယ်။
မမြင့်တဲ့ သူကသာ မြင့်တဲ့သူကို မှီလို့ရမယ် လို့ တွေးတာဟာ တကယ်တော့ လမ်းချော်နေသလိုပဲ။ လူ့အသိုင်းအ၀ိုင်းမှာ သူမှ တတ်နိုင်တဲ့ ကိစ္စရှိသလို၊ ကိုယ်မှ တတ်နိုင်တဲ့ ကိစ္စလည်း ရှိတာပဲ။ တခြား မကြည့်ပါနဲ့။ ဖိနပ်ပြတ်၊ ထီးပျက်ရင်တောင် ဈေးထဲက ဖိနပ်ပြင်၊ ထီးပြင်တဲ့သူကို မှီခိုရသေးတယ် မဟုတ်လား။

ဒီနေရာမှာ ပိုက်ဆံပေးခိုင်းတာပဲ လို့ တွေးမယ်ဆို တွေးလို့ရပါသေးတယ်။ ဟုတ်ပါတယ်လေ။


သို့သော် သူတို့ မရှိ ကိုယ်ဘာသာ လုပ်တတ်တာ မှတ်လို့။ လုပ်တတ်ရင်ရော လုပ်ချင်လို့လား။ လုပ်ဖို့ ကျွမ်းကျင်မှုနဲ့ အချိန် လုံလောက်လို့လား။ ကိုယ် ပြောချင်တဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတာ အဲဒါပါ။

ဗမာအများစုရဲ့ အတွေးအခေါ်ဟာ မလွတ်လပ်ဘူး။ အထဲထဲမှာပဲ တ၀ဲဝဲလည်ပြီး နေတယ်။
မျက်စေ့တဆုံးကိုလည်း မကြည့်ဘူးလိုပဲ။ အဲဒါကြောင့် အထက်မှာ ပြောခဲ့တဲ့ အခြေအနေမျိုး ဖြစ်လာရင် ကိုယ်ကပဲ သူ့ကို မှီရတော့မယ်။ အဲလိုတော့ မမှီဘူးရယ်လို့ မာနဆိုပြီး ထွက်လာကြတော့တာပဲ။ တကယ်တမ်း တဖက်ဖက်က အကူအညီလိုပြီ ဆိုတော့မှ ပြန်ပတ်သတ်ဖို့
ကျတော့ တယောက်ကို တယောက် ရှိန်နေပြန်ရော။

ရလဒ်က ပြတ်တောက်ကုန်တာ။ ဘယ်သူ့ ဘယ်သူမှ အကျိုးမရှိ။ တကယ်တော့ ဘာအကျိုးမှ မျှော်ကိုးစရာ မလိုပါဘူး။ ဘယ်သူမှ အထီးတည်း နေမဖြစ်တဲ့ လောကမှာ ဘာပြဿနာမှ မရှိဘဲတော့ သွေးသားရင်းချာတွေ ပြတ်တောက်စရာ မလိုပါလေ။


ကိုယ့် အမျိုးထဲမှာ
ကိုယ် တော်တော် အားကျမိတဲ့ အဒေါ်ဝမ်းကွဲ တယောက်ရှိတယ်။ (သဘောမကျတဲ့ အမျိုးတွေလည်း ရှိတယ်။) သူက စီးပွားရှာလဲကောင်း၊ သူ့ဘက် ကိုယ့်ဘက်မျှ၊ အမျိုးတွေပေါ်ဆိုလည်း အာရုံမပြတ်ရှိတယ်။ စိတ်ရှိရင်တောင် သူလိုမျိုး လုပ်ဖို့က ခက်ပါတယ်။ ဒါပေမဲ့ သူလုပ်နိုင်တယ်။

သူနဲ့ကိုယ့်ကြားမှာ ကိုယ်ခုထိ မမေ့တဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ကိုယ်ကျောင်းပြီးလို့ အလုပ်ဝင်ကာစမှာပေါ့။ အင်ဂျင်နီယာတွေ အတွက် အမေရိကားက အလုပ် အခွင့်အရေး တစ်ခု သူသတင်းရတော့
နယ်ကနေ ရန်ကုန်ကို တကူးတက ဖုန်းဆက်ခဲ့တာပါ။ ခါတိုင်းလဲ ဖုန်းဆက်နေကျပါပဲ။ အဲဒီ တခေါက်ကတော့ ကိုယ့်အတွက် သက်သက်မဲ့ သူဆက်ခဲ့တာပေါ့။

နယ်ကလူ လှမ်းပြောမှ ကိုယ်လဲ သိတော့တယ်။ ဘာမှတော့ မဟုတ်ဘူး။ ကြီးကျယ်တဲ့ အကူအညီလဲ မဟုတ်ဘူး။ Mechanical တွေပဲ ခေါ်တာမို့ နောက်ဆက်တွဲ ရလဒ်လဲ ဘာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ သူ့အကြောင်းတွေးတိုင်း ဒါကို ကိုယ် အမြဲ သတိရတယ်။

ကိုယ်ပြောတဲ့ထဲမှာ ဆွေမျိုးသားချင်းတွေရဲ့ အပြန်အလှန် ဆက်စပ် ပတ်သတ်မှုပဲ ပါပါတယ်။ ကြီးမားတဲ့ အကူအညီ အမှီအခို ဘာမှ မပါပါဘူး။ ပြောချင်တာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကိစ္စပါပဲ။ ဒါပေမဲ့ မေတ္တာမပါရင်တော့ လုပ်လို့ မရဘူး။ အပေါ်ယံဆိုရင် သိပ်သိသာတယ်။

ဒီမှာ ဆွေမျိုးတွေ ရှိရက်နဲ့ ပြတ်တောက်နေကြတာ၊ ပတ်သတ် ဆက်ဆံ မရှိကြတာ တွေ့ရင် သူတို့တွေ ရေစက်တွေကို ဖြုန်းတီးပစ်နေကြသလိုပဲ တွေးမိတယ်။ အပြစ်လဲ မတင်ချင်ပါ။ ဒါပေမဲ့ သဘောထားတွေကိုတော့ စောကြောချင်မိတယ်။ ဘယ်အမျိုးမှ အားမကိုးရတာ ကောင်းပါတယ်။ တကယ်ကို အားကိုးစရာ မလိုဘူး ဆိုရင်ပေါ့။

အမျိုးတွေ ပြတ်တောက်နေလို့ အမျိုး မဟုတ်တဲ့ လူတွေကို အားကိုးနေရတယ် ဆိုရင်တော့လည်း ဘာထူးမှာလဲ။


*****
ပြီးတော့ ဟိုနေ့ကတင် တွေးမိတာတစ်ခု။
ကိုယ် အိမ်ကို ငွေလွှဲတဲ့ခါ ဖေဖေတို့ အဒေါ်တို့ အသိ agent ကနေ အမြဲလွှဲပါတယ်။ သူတို့ပေးတဲ့ဈေးဟာ သူများဈေးထက် အမြဲနည်းတယ်။ ဒါပေမဲ့ ကိုယ်က အဲဒီကပဲ အမြဲပို့ဖြစ်တယ်။


သူငယ်ချင်းက ပြောတယ်။ ဘာဖြစ်လို့ ပိုများတဲ့ဆီက မလွှဲတာလဲ တဲ့။ ကိုယ်က ဖေဖေတို့ မိတ်ဆွေ မို့လို့ပါ လို့ ပဲ ဖြေခဲ့ပါတယ်။ ပိုများတဲ့ဆီ ပြောင်းတာ လွယ်လွယ်လေးပါ။ ဒါပေမဲ့ စိုသောလက် မခြောက်စေနဲ့ ဆိုတဲ့ ကိုယ့်ခံယူချက်အရ လုပ်ခဲ့တာပါပဲ။ ပြီးတော့ ကိုယ့်ကိုမှ နည်းပေးတာ မဟုတ်ဘူးလေ။ အဲလို ဆိုရင်လဲ တမျိုးပေါ့။

ငွေ လေးငါးထောင်ဟာ သူ့ချည်းသက်သက်တော့ တန်ဖိုးရှိချင် ရှိမယ်။
မိတ်ဆွေဆိုတဲ့ ပတ်သတ်မှုနဲ့ ယှဉ်ရင်တော့ ဘာမှ တန်ဖိုးမရှိဘူး။
ဖေဖေတို့ရဲ့ မိတ်ဆွေအဖြစ်ကို ကိုယ်ဆက်ထိန်းချင်လို့ အဲဒီမှာပဲ ကိုယ်ပို့တယ်။
အဲဒီ agent က ကိုယ် ဒီလာတော့ လေယာဉ်လက်မှတ် ကိစ္စ အစအဆုံး ကူညီခဲ့ပါတယ်။
အလုပ်ရတော့လည်း အပြန် Ticket refund ထုတ်ဖို့ ကိစ္စ ကူညီ ပြန်ပါတယ်။

ကိုယ်က အဲဒါကြောင့် အဲဒီကပဲ မပြတ်ငွေလွှဲတယ်လို့ ထင်ရင်တော့ မဟုတ်ပါဘူး။
သူတို့ လုပ်မပေးလဲ ကိုယ့်ဘာသာ လုပ်နိုင်တာပဲ။
သူတို့ ကူညီခဲ့တာကလည်း သူတို့ဆိုင်ကနေ ကိုယ် ငွေမပြတ်လွှဲလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့မှ မဟုတ်တာ။ ကိုယ်မလွှဲလဲ သူများတွေ လွှဲနေမှာပဲ။
ကူညီတယ် ဆိုတာ...ဖေဖေက သူတို့မိတ်ဆွေမို့ ကိုယ့်ကိစ္စကို သူတို့ ၀င်လုပ်ပေးခဲ့ကြတာပဲ။

ကိုယ်ကလဲ သူတို့က ကူညီခဲ့တယ်လေ ဆိုတဲ့ နှောင်ကြိုးနဲ့ မဟုတ်ပါ။
လေယာဉ်လက်မှတ် ကိစ္စဆိုတာ ဘယ်မှာ လုပ်လုပ် လုပ်လို့ရပါတယ်။
မိတ်ဆွေတွေရဲ့ ပတ်သတ်မှုကို ထိန်းသိမ်းချင်တဲ့ စိတ်နဲ့ပါပဲ။
ကိုယ့်အနေနဲ့ ပိုရတဲ့ ဆိုင်ကနေ ပြောင်းလွှဲလဲ သူတို့ ဘာဖြစ်မလဲ။ ဘာမှ မဖြစ်ဘူး။
ဒါပေမဲ့ မိတ်ဆွေတွေ ဆိုတဲ့ ပတ်သတ်မှုမှာတော့ ပြတ်တောက်မှု တစ်ခု ဖြစ်သွားမှာပဲ။

တဦးနဲ့ တဦး အပြန်အလှန် မှီခို ဆက်စပ် ကျေးဇူးပြု နေကြတာကို အညမည သဘောလို့ ဆိုနိုင်တယ် မဟုတ်လား။ (မှားရင် ပြင်ပေးပါ။)

ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ ဘုရားစင်ရှေ့ ခြေထောက်ကျိန်းအောင်သာ ထိုင်ချင်တာ။ ဘုရားဟောတွေ တွေးကြည့်ဖို့တော့ အဲဒီ တော်တော်များများဟာ စိတ်မ၀င်စားကြဘူး။
ဘုရားသဘောကျ နေဖို့ဆို ဝေးရော။ (ကိုယ်လဲ ပါပါတယ်။)

မှတ်ချက်။ ။ စိုသောလက် မခြောက်စေနဲ့ ဆိုတာကို အများအားဖြင့် အလှူအတန်းပြုတဲ့ ကိစ္စနဲ့
ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ကြပေမယ့် - လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို
ခိုင်ကျည်စွာ ထိန်းသိမ်းထားတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ ကြားဖူးတဲ့ အတွက် ဒီနေရာမှာ သုံးထားပါတယ်။

*****
ဟိုတပတ်ကပဲ ထီးကိုင်း ကောက်သွားလို့ ထီးပြင်တဲ့ လူတွေ အကြောင်း စဉ်းစားမိပြီး ရေးချင်နေတဲ့ ဒီအကြောင်းအရာကို ရေးလိုက်ပါတယ်။

6 comments:

sonata-cantata said...

ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ ဘုရားစင်ရှေ့ ခြေထောက်ကျိန်းအောင်သာ ထိုင်ချင်တာ။ ဘုရားဟောတွေ တွေးကြည့်ဖို့တော့ တော်တော်များများ စိတ်မ၀င်စားကြဘူး။
ဘုရားသဘောကျနေဖို့ဆို ဝေးရော။
(မသီတာလဲ ပါပါတယ်။)

sin dan lar said...

တို့လည်းပဲ..။

rita said...

လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို
ခိုင်ကျည်စွာ ထိန်းသိမ်းထားဖို့,, (စိုသောလက် မခြောက်စေနဲ့) ,,,
my dad used to say it ,,,those words make me to miss him
:)

Rita said...

အော် နာမည်က Rita ပဲလား။ တူနေလို့။ ကိုယ့် Rita ကတော့ blog ရေးဖို့ ပေးထားတဲ့ pen name သက်သက်ပါ။

သက်ဝေ said...

ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ ဘုရားစင်ရှေ့ ခြေထောက်ကျိန်းအောင်သာ ထိုင်ချင်တာ။ ဘုရားဟောတွေ တွေးကြည့်ဖို့တော့ တော်တော်များများ စိတ်မ၀င်စားကြဘူး။
ဘုရားသဘောကျနေဖို့ဆို ဝေးရော။

ရီတာပြောတာ ထိလွန်းတယ်။

ချက်ချင်းပဲ အရှင်ကုမာရ ရဲ့ ဗုဒ္ဓ အလိုတော်ကျ ကျင့်သုံးနေထိုင်နည်း ဆိုတဲ့ စာအုပ်ကို ပြေးရှာမိတယ်..။ နဲနဲချင်းစီလောက်တော့ ဖတ်လဲဖတ်၊ လိုက်လဲ လိုက်နာနိုင်ကောင်းရဲ့ လို့ အောက်မေ့ရတာပဲ...။ သတိပေးတာ ကျေးဇူးတင်လိုက်တာ ညီမငယ်ရေ...။

ဇွန်မိုးစက် said...

ရီတာ့လိုပဲ တို့လည်းခင်မင်မှုနဲ့ ဆိုင်တစ်ဆိုင်ကပဲ အမြဲလွှဲတယ်။ ပေးတာလည်း တစ်ခြားဆိုင်တွေနဲ့ယှဉ်လိုက်ရင် ၃၊၄ကျပ် အမြဲကွာနေတယ်။ ဒါပေမဲ့ ပြောင်းမလွှဲဖြစ်ခဲ့ဘူး။

အချင်းချင်း အပြန်အလှန်ကျေးဇူးပြုတာ အညမညပစ္စယော ဟုတ်ပါတယ် ရီတာ။