
အလင်းရောင်တွေ တဖိတ်ဖိတ်လက်
ထိန်းချုပ်ခက်တဲ့ ခံစားချက်နဲ့
ပျော်ရွှင်မှုတွေ ခုန်ပေါက်
နှလုံးသားတောင် မြောက်ကြွနေတယ်…
အဲဒီအချိန်မှာ
နေရောင်ခြည်က မြူးကြွ
စူးရှတဲ့ ရင်ခုန်သံနဲ့
ပန်းပွင့်တွေက ကခုန်
လိုချင်တာတွေ အကုန်ရနေတယ်…
အဲဒီအချိန်မှာ
လျှပ်စီး တတွဲ
ရင်ထဲ ပြက်သွား
လက်ကနဲထင်
မတင်မကျ
ခဏလေးပဲ…
အဲဒီအချိန်မှာ
နာရီတွေ ရပ်တန့်
မိနစ်တွေပျက်စီး
ကာလ အမြီးရှည်ရိုက်ချိုး
အချိန်တွေ ရှေ့မတိုးကြနဲ့…
အဲဒီအချိန်မှာ
လမ်းစမ်းလျှောက်တဲ့ ခံစားချက်နဲ့
အင်မတန်နက်တဲ့ ကမ်းပါးစွန်းမှာ
မိုက်မဲစွာ ရှေ့ဆက်
ဘာအတွက်မှလဲ မဟုတ်ဘဲနဲ့…
အဲဒီအချိန်မှာ
တငွေ့ငွေ့ ကျွမ်းလောင်
အပူရောင်တွေ ဆူပွက်
တမင်သက်သက် ကြွေကျ
တခြား ဘာကိုမှလဲ မရချင်တော့…
အဲဒီအချိန်မှာ
တစုံတရာက ပြုစား
ခြေလှမ်းမှားတဲ့ ရင်ခုန်သံ
ပန်းနုရောင်နဲ့ ခြယ်မှုန်း
အလှဆုံးပါကွယ်…
အဲဒီအချိန်မှာ
သတိတရားတွေ မေ့ပစ်
ထစ်ချုန်းမိုးသံ ကြားယောင်
အမှောင်တွေနဲ့ မွန်းကြပ်
နားထောင်ရန် ခက်လှချည့်
ပါးစပ်ဖွင့်ထားတဲ့ ပင်လယ်ထဲ
အသိမဲ့ ပြေးဝင်
ဘာကိုမှလဲ မမြင်မိတော့…
+
+
မိုးကြိုး တစ်ချက် ပစ်ခတ်
ဆက်သွယ်ချက်တွေ ဆွံ့အ
မပွင့်ခင်က ကြွေကျ
နိုးထလာတဲ့ အိပ်မက်
ကျည်ဆံတွေက ထုတ်ချင်းဖောက်
ရင်ဝကို အရောက်မှာလေ…
မင်းရဲ့ အသံတွေပျက်သုဉ်း
ကိုယ်လဲ
(ခဏတော့)
သေဆုံးသွားပါတယ်…
*****
(1998 လောက်က ရေးထားမိတယ် ထင်ပါတယ်... ဘယ်အချိန်ကို ညွှန်းပြီး ရေးထားမှန်း ကိုယ်တိုင် မမှတ်မိတော့တဲ့ ကဗျာ)