Saturday, July 11, 2009

အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်သော ဥပဒေ



ခေတ်သမိုင်း အတီတေ ရှေးမင်းအဆက်ဆက်က အတောင် ၃၀ ၀တ် မင်းယောက်ျားများသည် Subject နေရာက အစဉ်အမြဲ ရှိခဲ့သော်လည်း ခေတ်ကာလ ရွေ့လျားလာသည်နှင့်အမျှ ၃ တောင်ဝတ် မိန်းမသားများ၏ ဉာဏ်ပညာနှင့် စီရင်အပ်သော မာယာကျော့ကွင်းကို တုမယှဉ်နိုင်တော့ဘဲ အရှုံးပေးရဖန်များကာ Object နေရာသို့ ရောက်ရှိလာကြကုန်သည်။

ထို့ကြောင့် ယခင်က မိန်းမများအား ကာကွယ်သော ဥပဒေ အရပ်ရပ်ကိုသာ ထုတ်ပြန်ထားရှိခဲ့ရာမှ ယနေ့ခေတ် ယောက်ျားများ အတွက် ယောက်ျားသားများအား ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပေးပါရန်

- blogger ပုရိသများက Post များ တင်၍ တမျိုး၊
- စာရေးဆရာပုရိသများက ကဗျာ ၀တ္ထု ဆောင်းပါးများ ရေး၍ တသွယ်၊
- သာမန်ပြည်သူ ပုရိသများက လူစည်ကားရာ နေရာများ၊ speaker corner များတွင် ဆန္ဒပြပွဲများ၊ ကဗျာ ရွတ်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်၍ တဖုံ၊
နားပူနားဆာ
ပြုမှုများ တခဲနက် လုပ်ဆောင်လာကြပြီ ဖြစ်သဖြင့် များပြားလှစွာသော ယောက်ျားထုကြီး၏ အကျိုးကို ထောက်ထားစာနာခြင်း အလို့ငှာ...


ယနေ့ ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လ ၁၁ ရက်၊ စနေနေ့။

ကောဇာသက္ကရာဇ် ၁၃၇၁ ခု၊ ၀ါဆို လပြည့်ကျော် ၅ ရက်နေ့ နေ့စွဲဖြင့် ဥပဒေကြမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။


ယင်း ဥပဒေအရ ... ကိုယ့်ရှေ့က ဖြတ်လျှောက်သွားသော ယောက်ျားလေး တစ်ယောက်ကို ကာအိနြေ္ဒပျက်စေရန် စနောက်ခြင်း၊ ထိကပါး ရိကပါး ပြောခြင်း မပြုလုပ်ရ။
(ဥပမာ။ ။ မစန္ဒာ၏
ဂျီဟောသူ နှင့် အရိပ် ၀တ္ထုထဲကကဲ့သို့ "ဘဲဥခြမ်း ဖြူတူတူ ဆားရေနဲ့ကူ စက်မှုမောင် အမူတုံး ဘဲဥနဲ့ဖုံး" ဟူသော ပေါက်တတ်ကရ သံချပ်များ အော်၍ ဘယ်၊ ညာ တိုင်ပေးခြင်းဖြင့် အားနွဲ့သူယောက်ျားသားများအား ခြေလှမ်းမှားအောင် မပြုလုပ်ရ။)

မည်သည့် ရာသီဥတုတွင် ဖြစ်ပါစေ။ ညနေ ၅ နာရီကျော်၍ အလင်းရောင် ပျောက်သလောက်ရှိပါက အားနည်းချက်ရှိသူ ချစ်သူ ယောက်ျားလေးများအား ချိန်းဆို တွေ့ဆုံခြင်း မပြုရ။ ပြုခဲ့သော် ချိန်းဆို ခံရသော ယောက်ျားလေးဘက်မှ ချိန်းဆို စာသော်လည်းကောင်း၊ အခြား ခိုင်မာသော သက်သေ တစုံတရာသော်လည်းကောင်း
တင်ပြနိုင်လျှင် ထိုမိန်းကလေးအား အမှုဖွင့် စစ်ဆေးနိုင်သည်။
(မည်ကဲ့သို့သော အားနည်းချက် ဖြစ်သည်ကို အရေးဆိုသူ Mr. Villager နှင့် ဥပဒေပြုရေး ကော်မတီဝင် လူကြီးမင်းမများ ညှိနှိုင်းပြီး အသေးစိတ် သတ်မှတ်ချက်ကို နောင်တွင် ဖော်ပြမည်။
)

ယောက်ျားအခွင့်အရေးအတွက် တိုက်ပွဲဝင်သူ blogger များ၏ post တွင် မိန်းမ အင်အားသုံး၍ comment များဖြင့် ခြိမ်းခြောက်ခြင်း၊ ရန်ပြုမည့် သဘောသက်ရောက်သော စာများ ရေးသားခြင်း၊ ရိသဲ့သဲ့ လှောင်ပြောင်သရော်ခြင်းများ အပျော်သဘောဖြင့် ဖြစ်စေ မပြုလုပ်ရ။ စိတ်သဘောထား ကြီးမြင့်သော ဂုဏ်သရေရှိ မိန်းမ ပီသစွာ သည်းခံခွင့်လွှတ်ရမည်။
(ဤသို့ ပြုလုပ်သဖြင့် blog ပိုင်ရှင် အမျိုးသားလေးခမျာ စိတ်ဆိုးပြီး comment page ကို ပိတ်ပစ်သည်ရှိသော်... comment ပေးသော အမျိုးသမီးထုကြီး အနေဖြင့် တနေ့တည်း post ဆယ်ခုစီ ဆက်တိုက်တင်၍ အနှီ blogger ပုရိသအား မကျေနပ်မချင်း တောင်းပန်ရမည်။)


မည်သို့သော အကြောင်းပြချက်မျိုးနှင့်မျှ အားနွဲ့သူ ယောက်ျားသားများ အပေါ်

- မာယာတစ်သိန်း အပလိန်း အနန္တနှင့် မြူဆွယ်ဖျားယောင်းခြင်း၊
- ကျောရရုံကြံခြင်း၊
- မိမိ၏ မာယာကျော့ကွင်းမှ ရုန်းမထွက်နိုင်ရှာလေသူ အားနည်းချက်ရှိသည့် ချစ်သူ အမျိုးသားအပေါ်
မိမိအသက်ကိုပင် အသေခံ၍ မကောင်းကြံစည်ခြင်းများ မပြုလုပ်ရ။
ပြုခဲ့သော် ကြီးလေးသော အပြစ်ဒဏ်ကို နှစ်ရှည်လများ ကျခံရမည် ဟု တသက်နဲ့ တကိုယ် တခါမှ မကြားဖူးသည့် ဥပဒေကြမ်း ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း မဟာဣတ္ထိယနွယ်ဝင် အမျိုးသမီးထုကြီး သိစေရန် လေးနက်ပြင်းထန်စွာ အသိပေး ကြေညာလိုက်သည်။

အမိန့်အရ

ပုံ

&%^!~%#@$*

ဒု - ဥက္ကဌ (ကမ္ဘာ့အမျိုးသမီးရေးရာ အဖွဲ့အစည်း)
အတွင်းရေးမှူး (အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်ခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေး ကော်မတီ
အဖွဲ့ခွဲ - လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ဥပဒေပြုမှု ကော်မတီ)
အလုပ်အမှုဆောင် (ဖခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကြီး) <<< ပန်းရောင်ဝမ်းဆက်များ ၀တ်သည်။

*****
စာကြွင်း။ ။ Mr သပသ ၀တ္ထုရေး၍ တောင်းဆိုသော အချင်းချင်း ဖြစ်သည့်ကိစ္စအား ကျမ်းလေးမည် ဖြစ်သဖြင့် အချင်းချင်းသာ ညှိနှိုင်းကြရန် ဆိုင်းငံ့ထားလိုက်သည်။

ဖြည့်စွက်ချက်။ ။ အလယ်ခေတ်မှ စာရေးဆရာမ ဂျူး ရေးသားသည့် "ကြေမွသွားသော တိမ်တိုက်များ အကြောင်း" ၀တ္ထု ဇာတ်လမ်းမှ မြတ်စု အား ချစ်သူ ဖြစ်သူ ဖြူလေး မှ ပြန်လည် လက်မခံခဲ့သည့် ကိစ္စကို ယခု နှောင်းခေတ် ယောက်ျားသားများ အမြင်ရှင်းစေရန် အလို့ငှာ ဖြည့်စွက် ပြောကြားလိုသည်။

အနှီ မြတ်စု ဆိုသော အလယ်ခေတ်မှ ရှားပါး အားနွဲ့သူ ယောက်ျားသားသည် သူ မကျူးလွန်ခဲ့သည့် မြနှင်းဆီ အား သေကြောင်းကြံစည်သည့် ကိစ္စ အတွက်
အမှုမှ အမှန်အတိုင်း ကွင်းလုံးကျွတ် လွတ်ခဲ့ပြီ ဖြစ်သည်။ အကယ်၍များ ဖြူလေးက ပြန်လည် လက်ခံလိုက်လျှင်၊ သူ မပြုခဲ့သော အပြစ်အတွက်လည်း မခံရ၊ သူ ပြုခဲ့သော အပြစ်အတွက်လည်း မခံရဘဲ မြနှင်းဆီ နှင့် ရှုပ်ခဲ့ရခြင်းသည်သာလျှင် သူ့အတွက် အမြတ်ထွက်နေပေဦးမည်။

ထိုထိုသော အကြောင်းများကြောင့်သော်လည်းကောင်း၊ အလယ်ခေတ်မှ ဓလေ့ထုံးစံများ အရသော်လည်းကောင်း မြတ်စုသည် ဖွတ်မရ ဓားမဆုံး၊ လက်ထဲက ငှက်တစ်ကောင်ရော ခြုံထဲက ငှက်တစ်ကောင်ကိုရော လက်လွှတ်ခဲ့ရခြင်း ဖြစ်ပေသည်။ အလယ်ခေတ် မိန်းမများ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အနိုင်ကျင့် ခံရခြင်း မဟုတ် ဟု ယနေ့ခေတ် အားနွဲ့ရှာသူ ယောက်ျားသားများ သံသယ ရှင်းစေရန် အလို့ငှာ ရေးသားဖြေရှင်း လိုက်ရပေသည်။

15 comments:

သီဟသစ် said...

ဥပဒေကို Vote လုပ်လို့မရဘူးလား
မပြည့်စုံသေးဘူးထင်လို့။ ထပ်ဖြည့်ပေးပါရန်


နှလုံးသားအရွယ်မရောက်သေးသူ လူပျိုကြီးများကိုယ်စားပြောသွားသည်

ခင်မင်စွာဖြင့်
သီဟသစ်

JulyDream said...

အဟီး အဟက် အဟား... ဆိုပြီး ရီသွားပါတယ် ခင်ဗျ။

ဒါနဲ့ အားမနွှဲ့ရလေအောင် ဒီညက စပြီး အားဆေး သောက်တော့မယ်။ ဒိုက်ထိုးမယ်။ အလေးမမယ်။ ဘားတန်းဆွဲမယ်။

ငါဟဲ့ ယောကျာ်း... ဆိုပြီး... ပန်းရောင်ဝမ်းဆက် ၀တ်လိုက်အုံးမယ် ဟ.... (ရုပ်ကြမ်းကြီးနဲ့ နုနေပေမယ့် လှမှာတော့ မဟုတ်ပါဘူးလေ)

ကိုလူထွေး said...

ပူရိသတွေ ကြောက်အားကြီးလွန်းတဲ့အတွက် "အီလက်ထရောနစ် အက်" ဆိုလား ဘာဆိုလား ထုတ်ထားတယ်လေ...

အဲဒီမှာတော့ ဘယ်သူမှ vote မလုပ်ခဲ့ရပါဘူး... အော်တိုမစ်တစ် အတည်ဖြစ်သွားတာ...

းဝ)

:P said...

့သဘောတကျ ဖတ်သွားပါတယ်...။

ဖြည့်စွက်ချက်ကိုအကြိုက်ဆုံး....။
ဝတ္ထုဖတ်တုံးက ဖြူလေးကပြန်လက်ခံလိုက်မှာတောင်စိုးနေမိသေးတာ....။

Unknown said...

အောင်မလေးဗျာ... ဒုတိယမိ ကိုဓ ဥပဒေကျမ်းပြုစုမလို့လား မရီတာ..။

ပုလုကွေး said...

ပန်းရောင် ဝမ်းဆက်တော့ မဝတ်ပါရစေနဲ့ဗျာ..အင်္ကျီလောက်ဆို တော်သေး... ဥပဒေအား အတည်မပြုခင် ဖြည့်စွက်ချက်များ ထပ်တည့်၇န် လိုအပ်ပါကြောင်း....

သက်ပိုင်သူ said...

ဟီးဟီး
ထောက်ခံ၏...
နောက်တိုးဥပဒေ
အနှစ်မိန်းမသည်... မိမိပိုင် အိမ်ထောင်ယောကျာ်းဖြစ်လင့်ကစား ထိုလူ၏ဆန္ဒမပါပဲ အဓ္ဓမ ဖြားယောင်းသိမ်းသွင်းခြင်းပြုပါကလည်း မဒမှုမြောက်၏။

(စကားမစပ်၊ သူ၏ညမရေးခင် peninsula မှာ ကြေမွသွားသော တိမ်တိုက်များအကြောင်း ပြန်ဝယ်ဖတ်မိ၏)

ကျောပိုးအိတ် said...

မိုက်တယ်ဟေ့။ ခုမှဘဲသိတော့တယ်။ ယောကျာင်္းလေးတွေ အားနွဲ့ တာ ခုမှဘဲသိတော့တယ်။
အဟား

ပန်းရောင်ဝမ်းဆက်နဲ့ တော်တော် ကြည့်ကောင်းမယ်နော်။
း)

Phyo Maw said...

ဘာလုပ်လုပ်သတိထားပါတယ်
အသွားမတော်တစ်လှမ်း
အလှမ်းမတော်တစ်အိမ်ထောင်ဆိုသလို
ရန်ကုန်ဝိုင်တီယူကသူငယ်ချင်းတစ်ယောက် အဖြစ်လို
အနားယူဖို့ ဟော်တယ်လှမ်းမိတာ ကျောင်းကလူကြီးများ
ကျေးဇူးနဲ့ ချက်ချင်းယူလိုက်ရတာကို မြင်ယောင်မိလို့ပါ။

မေဇင် said...

ဟဟဟဟ ရီရတယ်... မိုက်တယ်နော် ဥပဒေတွေက... မမရေ... မိန်းကလေး တွေ အတွက်ရော....

သက်ဝေ said...

ညီမ ရီတာ...
နှစ်ထောင်းအားရ သဘောတကျ ရှိမိပါကြောင်း...

ရွှန်းမီ said...

ဗဟုသုတရပါတယ်..
ကျေးဇူးမရီတာ ..
ပီအမ်ရောပဲ.. :P

မင်းညို said...

အားကိုးပါရစေ.......နော်..။

Rita said...

11 Jul 09, 19:58
JulyDream: အားနွဲ့တဲ့ ယောကျာ်းဆိုလို့ မဆီမဆိုင် ဗလတောင့်တောင့်နဲ့ ၀ိုင်တီယူက ရွာသားလေးကို မြင်ယောင်မိနေတယ်။ အဟဲ...

တီချမ်း said...

အဟမ်း အဟမ်း ဒေါ်ရီတာ
ဆရာဇဝန ရဲ့ “ကျတော့်လင်” အရင်ဖတ်ပါ
ပြီးမှ ဒီစာမျိုးရေးပါ

ပုံ
အမျိုးသားများကာကွယ်စောင့်ရှောက်ရေးနှင့် နို့ချိုတိုက်ကျွေးရေး ကော်မတီ ဥက္ကဌ
မိမိချမ်း